Volume 6 : အားကစားပြိုင်ပွဲများ
Chapter 110 (အားကစားပြိုင်ပွဲ ၀၁)
သောကြာနေ့တွင် ယွဲ့ရှင်းဝမ်သည် ရှားရှားပါးပါး ပျင်းစရာကောင်းသောည၌ အိပ်စက်ခဲ့သည်။
စာကြည့်တိုက်ကို ရောက်ကတည်းက အိမ်ဆောင်ဧရိယာမှာ မနက်တိုင်း 7:00 မှာ နှိုးစက်သံကြောင့် သူနိုးလာရပြီး ဌာနတစ်ခုပြီးတစ်ခုကို ဆက်တိုက် စာမေးပွဲတွေ ဖြေနေရတာကြောင့် ယွဲ့ရှင်းဝမ်၏စိတ်ပိုင်းဆိုင်ရာဖိအားက အထက်တန်းတတိယနှစ်၏ နောက်ဆုံးစာမေးပွဲထက် ပို၍ကြီးမားနေသည်။
တစ်ရက်တာ အနားယူဖို့ ခက်ခဲသည့်အတွက် အိပ်ရေးဝဝ အိပ်ဖို့ လိုပါသည်။
သူနိုးလာချိန်မှာ မနက် 10 နာရီထိုးနေလေပြီ။ ကျန်းဖျင်စစ်သည် ကုတင်ဘတွင် ထိုင်ကာ သူ့တက်ဘလက်ကွန်ပျူတာကို ကြည့်နေသည်။ ယွဲ့ရှင်းဝမ်က ကုတင်ပေါ်မှ လိမ့်ဆင်းကာ သမ်းဝေရင်း မေးသည်။
"ဖျင်စစ်၊ ဒီနေ့ အားလပ်ရက်မဟုတ်ဘူးလား? မင်းက အစောကြီး ထနေသေးတာလား?"
ကျန်းဖျင်စစ်: "ငါ့ရဲ့ သဘာဝနာရီကို ပြောင်းလဲရခက်တယ်… ငါက မနက်တိုင်း 7 နာရီဆို အိပ်ရာက နိုးတာကြောင့် အိပ်လို့မရတော့ဘူး…"
သူ၏အလုပ်နှင့် အနားယူခြင်းအလေ့အထသည် တင်းကျပ်ပြီး မိမိကိုယ်ကို စည်းကမ်းတကျဖြစ်စေကာ ဆယ်စုနှစ်များစွာ စောစောအိပ်ပြီး စောစောထဖို့ဆိုတာ ခက်ခဲလွန်းလှတာကြောင့် ယွဲ့ရှင်းဝမ်လည်း ကျန်းဖျင်စစ်၏ သဘာဝနာရီကို လေးစားမိသည်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်လူတွေက ဒါကို ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး။
ကျန်းဖျင်စစ်၏ တက်ဘလက်တွင် ဖွင့်ထားသည့် အကြောင်းကြားစာတစ်ခုကို တွေ့ရသောအခါ ယွဲ့ရှင်းဝမ်က သူ့အနားတွင် စူးစမ်းချင်စိတ်ဖြင့် ဝင်ထိုင်ကာ မေးလိုက်သည်။
"မင်းဘာကြည့်နေတာလဲ? ဒါက…"
ကျန်းဖျင်စစ်သည် ကြေညာချက်ကို ချဲ့လိုက်ပြီး အသံတိုးတိုးဖြင့် ဖတ်ပြသည်။
"ဒီအပတ်မှာ ကျောင်းသားသစ်တွေ ရောက်ရှိလာတာကို ကြိုဆိုဖို့အတွက် ပထမဆုံး စာကြည့်တိုက် အားကစားပြိုင်ပွဲကို ကျင်းပမှာဖြစ်ပြီး ကျောင်းသားအားလုံး ပါဝင်ဖို့ တက်ကြွစွာ စာရင်းသွင်းကြမယ်လို့ မျှော်လင့်ပါတယ်…"
ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။
"အားကစားပြိုင်ပွဲလား? ဆိုလိုတာက ဒီအပတ်မှာ အများသူငါစိတ်ကြိုက်သင်တန်းမရှိဘဲ ကျောင်းအားကစားပြိုင်ပွဲကို ပြောင်းလိုက်မှာလား?"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြပြီး သူ့ကို ကြည့်လိုက်သည်။
"ဒီစာကြည့်တိုက်က တက္ကသိုလ်တစ်ခုနဲ့ အရမ်းဆင်တူတယ်လို့ မင်းမထင်ဘူးလား? မသင်မနေရသင်တန်းတွေ၊ စိတ်ကြိုက်သင်တန်းတွေ၊ အများသူငါစိတ်ကြိုက်သင်တန်းတွေ၊ အခုလည်း အားကစားပြိုင်ပွဲတောင် ရှိလာပြီ…"
ယွဲ့ရှင်းဝမ်က သူ့နားထင်ကို ညင်သာစွာ ဖိလိုက်သည်။
"စာကြည့်တိုက်က တက္ကသိုလ်တစ်ခုရဲ့ပုံစံအတိုင်း တကယ်ကြိုးစားနေတာပဲ…"
ကျန်းဖျင်စစ်က သူ့ဆီ တက်ဘလက်ပေးလိုက်ပြီး ပြောသည်။
"ဒီကျောင်းအားကစားပြိုင်ပွဲက သုတေသနအဖွဲ့အလိုက် စာရင်းသွင်းခြင်းကို အခြေခံပြီး ပြိုင်ပွဲတွေအများကြီးရှိတယ်… အဲဒါကို စနေနေ့မနက်မှာ တရားဝင်စတင်မှာဖြစ်ပြီး မင်း အရင်ကြည့်ထားလိုက်… ဒီနေ့ သောကြာနေ့တစ်နေကုန် ငါတို့ အနားယူလို့ရတယ်… နေ့လယ်ပိုင်းမှာ ဘယ်ပြိုင်ပွဲတွေကို စာရင်းသွင်းမလဲဆိုတာ ဆွေးနွေးဖို့ အားလုံးကို ခေါ်လိုက်မယ်…"
ယွဲ့ရှင်းဝမ်က တက်ဘလက်ကိုယူကာ ဂရုတစိုက်ကြည့်လိုက်သည်——
ကျောင်းအားကစားပြိုင်ပွဲကို စနေနေ့နှင့် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို စနေနေ့ မနက် 8:00 နာရီနှင့် ပိတ်ပွဲအခမ်းအနားကို တနင်္လာနေ့ ည 8:00 နာရီတွင် ကျင်းပမည်ဖြစ်သည်။
ပြေးခုန်ပစ်အားကစားများ၊ ရေကူးခြင်း၊ ဒိုက်ဗင်ထိုးခြင်း၊ ကျွမ်းဘား၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘောလီဘောနှင့် အခြားသော နွေရာသီ အားကစားပြိုင်ပွဲများ အပါအဝင် အားကစားပြိုင်ပွဲများကို နှစ်ရက်တာကျင်းပမည်ဖြစ်သည်။ ဒါကိုမြင်တော့ ယွဲ့ရှင်းဝမ်က မနေနိုင်စွာ ညည်းညူသည်။
"ဒါက အိုလံပစ်အားကစားပြိုင်ပွဲနီးပါးလောက် ကောင်းနေတာပဲ! ပုံမှန်အားဖြင့် ငါတို့ကျောင်းက အားကစားပြိုင်ပွဲတွေ ကျင်းပတဲ့အခါ ပြိုင်ပွဲတွေ သိပ်မများပါဘူး…"
ကျန်းဖျင်စစ်: "ကျောင်းအားကစားပြိုင်ပွဲတွေက များသောအားဖြင့် ပြေးခုန်ပစ်ပြိုင်ပွဲတွေကိုပဲ ကျင်းပလေ့ရှိတယ်… စာကြည့်တိုက်ရဲ့ အားကစားပြိုင်ပွဲက ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ပြိုင်ပွဲတွေ များလွန်းတာကတော့ ပြောစရာတောင်မလိုဘူး… ပိုအရေးကြီးတဲ့အချက်က အားကစားပြိုင်ပွဲမှာ စွမ်းရည်အသုံးပြုတာကို ကန့်သတ်မထားတာပဲ…"
စွမ်းရည်များကို ကန့်သတ်မထားခြင်းက ကြောက်စရာကောင်းပါသည်။
ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အမျိုးမျိုးသော အရှိန်မြင့်စွမ်းရည်များဖြင့် ပြေးနိုင်ပြီး ပထဝီဝင်ဌာနက ကျောက်ထုလွှာလှုပ်ရှားမှုများကို အသုံးပြုပြီး ပန်းတိုင်ကိုရောက်ရန် စက္ကန့်အနည်းငယ်သာ ကြာလိမ့်မည်။ ဘောလုံးပြိုင်ပွဲတွင် သင်္ချာကျောင်းသားများသည် ဘောလုံးဆင်းသက်မည့်အမှတ်ကို တိကျစွာထိန်းချုပ်ရန် coordinate system ကို အသုံးပြုနိုင်သည်။
ဒါတွေအားလုံးဟာ အသေးအမွှားလေးတွေပဲဖြစ်သည်။
စွမ်းရည်များကို ကန့်သတ်ခြင်းမရှိသောကြောင့် အုပ်စုလိုက်ပြိုင်ပွဲများနှင့်ကြုံတွေ့ရသောအခါ ကျောင်းသားများသည် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရန် သတ်ဖြတ်ခြင်းစွမ်းရည်အမျိုးမျိုးကို အသုံးပြုလိမ့်မည်။ ဥပမာအားဖြင့် ကိုယ့်ဘေးနားရှိ ကျောင်းသားများက ကိုယ့်ကိုကျော်တက်နေတာတွေ့ရင် ထိုကျောင်းသားသည် ပြိုင်ဘက်ကို ဆာလဖျူရစ်အက်စစ်နဲ့ပတ်ဖို့ စိတ်လောနေမှာလား? ဒါမှမဟုတ် လျှပ်စစ်ကို အသုံးပြုမှာလား?
အပေါ်ယံမှာတော့ ဤကျောင်းအားကစားပြိုင်ပွဲသည် “စွမ်းရည်များကို အသုံးပြုနိုင်သည်” ဟူသော ကျောင်းအားကစားပြိုင်ပွဲဖြစ်သည်။ သို့သော် တကယ်တော့ အကန့်အသတ်ကို ကောင်းစွာမထိန်းချုပ်နိုင်ပါက ကျောင်းအားကစားပြိုင်ပွဲတစ်ခုလုံးက သဘာဝလွန်စွမ်းရည်များဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ဖြစ်လာလိမ့်မည်။
ဒါကို သဘောပေါက်သော ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ချက်ချင်း ပြောလိုက်သည်။
"တန်ပြန်အစီအစဉ်တွေကို ဆွေးနွေးဖို့အတွက် တက္ကသိုလ်မဟာမိတ်အဖွဲ့ဝင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံဖို့လိုပြီထင်တယ်… အားကစားပြိုင်ပွဲအတွင်းမှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး စွမ်းရည်တွေကို အလွဲသုံးစားမလုပ်ဖို့လိုတယ်…"
ကျန်းဖျင်စစ်က ထောက်ခံသည်။
"အတန်းဖော်ကို မတော်တဆသတ်မိရင် ပြိုင်ပွဲကနေ အထုတ်ခံရမယ်လို့ တက္ကသိုလ်မဟာမိတ်အဖွဲ့ကနေ စည်းကမ်းသတ်မှတ်လိုက်မယ်… ကျောင်းအားကစားပြိုင်ပွဲမှာ လူတွေကို မထိခိုက်စေဖို့အတွက် စွမ်းရည်တချို့ကို သတိရှိရှိအသုံးပြုဖို့ ကန့်သတ်လိုက်မလား?"
ယွဲ့ရှင်းဝမ်က အလေးအနက်ကြည့်ကာ ပြောသည်။
"အင်း… မဟုတ်ရင် ဓာတုဗေဒဌာနက ပြိုင်ဘက်ကို ဆာလဖျူရစ်အက်စစ်နဲ့ ပတ်မှာဖြစ်ပြီး ရူပဗေဒဌာနက ပြိုင်ပွဲကို မီးလောင်ကျွမ်းအောင် series circuit ကို အသုံးပြုလိမ့်မယ်… ဒါက ဘယ်လိုပြိုင်ပွဲမျိုးဖြစ်သွားမလဲ? ပြိုင်ပွဲမှာပါဝင်တဲ့ ကျောင်းသားတွေရဲ့ သေဆုံးမှုနဲ့ ဒဏ်ရာရတာတွေက ပြင်းထန်သွားလိမ့်မယ်…"
ယခုအချိန်အထိ စာကြည့်တိုက်ရှိ သင်တန်းအများစုသည် ကျပန်းလူရွေးချယ်သော စာမေးပွဲခန်းငယ်များ ဒါမှမဟုတ် သုတေသနအဖွဲ့လိုက် တိုက်ရိုက်ဝင်ရောက်ရသည့် သီးခြားစာမေးပွဲခန်းများဖြစ်ပြီး အများသူငါစိတ်ကြိုက်သင်တန်း “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”၌သာ စာမေးပွဲခန်းထဲတွင် လူအယောက် 100 ပေါ်လာခဲ့သည်။
ထိုစာမေးပွဲတစ်ခုတည်းမှာ မတော်တဆမှုတွေ အများကြီးဖြစ်ခဲ့သည်။ အဲဒီနောက် တည်ထောင်ခဲ့သော တက္ကသိုလ်မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်က စာကြည့်တိုက်၏ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဖြစ်ပြီး ကျောင်းသားတွေ အချင်းချင်း မသတ်ဖြတ်ကြဖို့ မျှော်လင့်ထားသည်။
ထိုကာလအတွင်း စာကြည့်တိုက်တွင် သဘာဝလွန် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ အဓိကအကြောင်းအရင်းမှာ ယခုအပတ်အတွက် အတန်းအားလုံးသည် လူ 12 ဦးခန့်ရှိသော စာမေးပွဲခန်းငယ်များဖြစ်ပြီး သုတေသနအဖွဲ့များအကြား ပြိုင်ဆိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်။
သို့သော် သည်ပိတ်ရက်များတွင် ကျောင်းအားကစားပြိုင်ပွဲသည် ကျောင်းမှကျောင်းသားများအားလုံးပါဝင်နိုင်သည့် "စာမေးပွဲခန်းကြီး" ဖြစ်သည်။
တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ၌ လူအယောက် 100 ပါဝင်ခြင်းထက် ပိုကြောက်စရာကောင်းတာက သည်ကျောင်းအားကစားပြိုင်ပွဲမှာ စာမေးပွဲဖြေဆိုသူ 30,000 နီးပါး ပါဝင်လိမ့်မည်။
စည်းမျဉ်းစည်းကမ်းမရှိပါက ဘယ်လိုမျိုးအရှုပ်အထွေး ဖြစ်လာမည်နည်း။ ဒါက ရိုးရိုးရှင်းရှင်း မှန်းဆလို့တောင်မရချေ။
ယွဲ့ရှင်းဝမ်သည် သူ၏အတန်းဖော်များကို လူသားများအဖြစ် မဆက်ဆံဘဲ ရိုးရိုးရှင်းရှင်း အနိုင်ယူလိုလျှင် သူသည် ရှင်းယန်နှင့်ပင် ပူးပေါင်းဆောင်ရွက်နိုင်သည်။ မိုးသည်းခြင်း + ပြင်းထန်သောအက်စစ်ကို အသုံးပြုပါက ပြိုင်ဘက်အားလုံးကို တိုက်ရိုက် အရည်ပျော်သွားစေမည်။ ထိုကဲ့သို့ ကြမ်းတမ်းသော ပြိုင်ဆိုင်မှု၊ အခြားသူများကို နာကျင်စေပြီး မိမိကိုယ်ကို နာကျင်စေခြင်းသည် “ကျောင်းကြီးတစ်ခုလုံး သဘာလွန်စွမ်းရည်တိုက်ပွဲ”အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောသည်။
"ဒီနေ့က သောကြာနေ့ပဲ၊ တိုးတက်မှုအမြန်ဆုံးအဖွဲ့တွေက အနားယူနေကြတာ… ဆွေးနွေးဖို့ နေ့လယ်ပိုင်းမှာ အစည်းအဝေးလုပ်ရအောင် သူတို့ကို ခေါ်လိုက်ပါလား?"
ယွဲ့ရှင်းဝမ်လည်း ဒါကိုတွေးမိပြီး ဖိုရမ်မှာ စီနီယာအစ်ကိုချင်းလန်ထံ private message ပို့ပြီး လူတွေခေါ်ဖို့ အကူအညီတောင်းလိုက်သည်။
နေ့လယ်စာစားပြီးနောက် အနုတ်ဒုတိယထပ်ရှိ သုတေသနအဖွဲ့စင်တာ၊ VIP-1 အစည်းအဝေးခန်းတွင် တက္ကသိုလ်မဟာမိတ်အဖွဲ့ဖွဲ့ထားသော တက္ကသိုလ်အသီးသီးမှ ကျောင်းသားကိုယ်စားလှယ်များ ထပ်မံစုရုံးခဲ့ကြသည်။ ယွဲ့ရှင်းဝမ်၏မျက်လုံးများက လူအုပ်ကြီးကို ကြည့်ကာ တိုက်ရိုက် ပြောလိုက်သည်။
"စီနီယာအစ်ကိုချင်းလန်ကို ဒီတစ်ခေါက် ကျောင်းအားကစားပြိုင်ပွဲအတွက် အစည်းအဝေးတက်ဖို့ လူတိုင်းကို ခေါ်ခိုင်းလိုက်တာပါ… ဒီအပတ်ပိတ်ရက်ရဲ့ ကျောင်းအားကစားပြိုင်ပွဲအကြောင်း အားလုံး တွေ့ပြီးကြပြီထင်ပါတယ်…"
အားလုံးက တစ်ပြိုင်နက်တည်း ပြောလာသည်။
"ငါမြင်ပြီးပြီ…"
"ဒီသတိပေးချက်ကို အိပ်ဆောင်က တက်ဘလက်ကွန်ပျူတာတွေက ပို့ထားတာကြောင့် အားလုံးက သတိပေးချက်ကိုရတယ်…"
"ငါ နေ့လယ်ကပဲ အဲဒါကိုတွေ့ခဲ့တယ်၊ ဒီအပတ်မှာ အားကစားပြိုင်ပွဲရှိတာလား?"
ကျိုဖုန်းက ယွဲ့ရှင်းဝမ်ကိုကြည့်ကာ ပြောသည်။
"အဲဒီမှာ စွမ်းရည်တွေကို ကန့်သတ်ထားခြင်းမရှိဘူး၊ ရှင်းဝမ်က အဲဒါကို စိုးရိမ်နေတာမလား?"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်… စီနီယာတို့ကော ဘယ်လိုထင်ကြလဲ?"
ချင်လန်: "ငါ့ရဲ့ရူပဗေဒဌာနက အလင်းလုံးစွမ်းရည်ကို အဆင့်အပြည့်ထိမြင့်တင်ထားပြီ… အဲဒါကို လက်လွတ်စပယ်အသုံးပြုပြီး တိုက်ရိုက်ထုတ်လွတ်လိုက်မယ်ဆိုရင် အကွာအဝေးအတွင်းက လူအားလုံးကို ချက်ချင်း မျက်စိကွယ်စေနိုင်တယ်… ဒီလိုပြိုင်ဆိုင်မှုမျိုးက တရားမျှတမှုမရှိဘူး…"
ချန်မုယွင်: "ကြောက်စရာအကောင်းဆုံးက ဓာတုဗေဒဌာနပဲ… ဓာတုဗေဒဌာနက ကျောင်းသားအများစုဟာ ပြင်းထန်တဲ့အက်စစ်ကို အဆင့်အပြည့်ထိမြင့်တင်ထားပြီး တချို့ကတော့ အဖြူရောင်ဖော့စဖရပ်လိုမျိုး မီးလောင်လွယ်တဲ့အရာတွေ လဲလှယ်ထားတယ်လို့ ငါကြားတယ်…"
မှတ်တမ်းများကို တာဝန်ခံသူ ခယ်ရှောင်ပင်းက ပြောသည်။
"ကွန်ပျူတာဌာနရဲ့ ဉာဏ်ရည်မြင့်စက်ရုပ်က အဆင့် 5 နဲ့ အထက်ကို ရောက်ရင် ပျံသန်းနိုင်တဲ့ အခြေအနေဖြစ်လာပြီး လေဆာနဲ့ ကောင်းကင်ကနေ တိုက်ခိုက်ပြီး ကျောင်းသားတွေကို သတ်ပစ်နိုင်တာကြောင့် အရမ်းအန္တရာယ်များတယ်…"
သဘာဝလွန်စွမ်းရည်များဖြင့် အားကစားပြိုင်ပွဲမြင်ကွင်းကို တွေးလိုက်သောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။
လူတိုင်း အချင်းချင်း ဆွေးနွေးနေကြပြီး သည်တစ်ခေါက် အစည်းအဝေးခန်းက အလွန်တက်ကြွနေပါသည်။
ခဏအကြာတွင် ချန်မုယွင်က တည်ငြိမ်စွာ ပြောလာသည်။
"‘ကျောင်းသားသဘောတူညီချက်’ကို ပထမဆုံးရေးဆွဲတုန်းက စာကြည့်တိုက်လိုမျိုး ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာ အတန်းဖော်တွေအချင်းချင်း သေစေနိုင်လောက်တဲ့ စွမ်းရည်တွေကို အသုံးမပြုသင့်ကြောင်း အလေးပေးဆိုခဲ့တယ်… ငါတို့အချင်းချင်းက ရန်သူတွေမဟုတ်တာကြောင့် အချင်းချင်း တိုက်ခိုက်စရာမလိုဘူး… ဒီကျောင်းအားကစားပြိုင်ပွဲကလည်း အလားတူပါပဲ… ဆာလဖျူရစ်အက်စစ်နဲ့ လျှပ်စစ်လိုမျိုး အရာတွေထုတ်တာ မဖြစ်ရဘူး… မဟုတ်ရင် မြင်ကွင်းက လုံးဝကို ထိန်းမနိုင်သိမ်းမရဖြစ်သွားလိမ့်မယ်…"
ယွဲ့ရှင်းဝမ်: "ပြိုင်ပွဲအတွင်း သတ်ဖြတ်ခြင်းစွမ်းရည်တွေ အသုံးပြုတာကို တားမြစ်ဖို့ ကျွန်တော်တို့ ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်နိုင်တယ်…"
ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ လျှိုရှောင်းရှောင်းက မေးသည်။
"သတ်ဖြတ်ခြင်းစွမ်းရည်က ဘယ်လိုမျိုးကိုပြောတာလဲ? သတ်မှတ်ထားတဲ့အတိုင်းအတာရှိလား?"
ကျန်းဖျင်စစ်: "ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်စေနိုင်တဲ့ စွမ်းရည်တွေကတော့ ဓာတုဗေဒဌာနက ပြင်းထန်းတဲ့အက်စစ်နဲ့ အယ်လ်ကာလီ၊ ရူပဗေဒဌာနက လျှပ်စစ်၊ ဆွဲငင်အားနဲ့ အလင်းလုံး၊ ဆေးပညာဌာနက ခွဲစိတ်ကိရိယာတွေဖြစ်တဲ့ ခွဲစိတ်ဓားနဲ့ chainsaw တွေ၊ သင်္ချာဌာနက ဂျီဩမေတြီကိရိယာတွေဖြစ်တဲ့ တြိဂံပေတံနဲ့ ပေတံအဖြောင့်၊ ကွန်ပျူတာဌာနက ဉာဏ်ရည်မြင့်စက်ရုပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ၊ ဇီဝသိပ္ပံဌာနက DNA helix၊ ဥပဒေဌာနက သေဒဏ်ပေးတာတွေလိုမျိုးပေါ့…"
လျှိုရှောင်းရှောင်းက သဘောပေါက်သွားသည်။
"ဒါဆို ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်ရဲ့ သင်ခန်းစာမှတ်စုတွေကို အသုံးပြုလို့ရသေးတာပေါ့… သင်ခန်းစာတွေက ပုဂ္ဂိုလ်ရေးလုံခြုံမှုကို မထိခိုက်စေဘူးမလား?"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"ဟုတ်တယ်၊ ထိန်းချုပ်ခြင်းနဲ့ အရှိန်မြင့်ခြင်းစွမ်းရည်တွေက အခြားသူတွေကို မထိခိုက်စေနိုင်တာကြောင့် ပြိုင်ပွဲမှာ အသုံးပြုနိုင်တယ်… သေစေနိုင်လောက်တဲ့စွမ်းရည်တွေကို ကန့်သတ်ချက်တချို့ လုပ်ရမယ်… မဟုတ်ရင် ‘မင်းငါ့ကို နာကျင်စေတယ်၊ ငါမင်းကို နာကျင်အောင်လုပ်မယ်’တဲ့ အခြေအနေဖြစ်လာရင် ဘယ်သူမှ အခြေအနေကောင်းမှာမဟုတ်ဘူး…"
ကျောင်းသားအားလုံးက သဘောတူကာ ခေါင်းငြိမ့်ကြသည်။
သဘာဝလွန်စွမ်းရည် အားကစားပြိုင်ပွဲတွင် ပြေးသောအခါ အရှိန်မြင့်ခြင်းစွမ်းရည်များနှင့် နေရာထိန်းချုပ်ခြင်းစွမ်းရည်များကို လူတိုင်းက လက်ခံနိုင်ကြသည်။ ဆာလဖျူရစ်အက်စစ်ဖြင့် ပတ်ပြီး ဗို့အားမြင့်လျှပ်စစ်ကို ထုတ်လွတ်ကာ လူတွေကို မီးလောင်ကျွမ်းစေတာက အလွန်တရားလွန်လွန်းပါသည်။
ယွိမင်ယွီက ရိုးရှင်းစွာ ပြောသည်။
"အားလုံး အမြန်ဆုံး ကြေညာချက်ထုတ်ကြရအောင်… ကျောင်းသားအများစုက လိုက်နာနိုင်မယ်လို့ ငါယုံကြည်တယ်… ဒါ့အပြင် စည်းမျဉ်းစည်းကမ်းတွေနဲ့ အားကစားပြိုင်ပွဲမှာပါဝင်တာက လူတိုင်းအတွက် ကောင်းပါတယ်… မလိုက်နာတဲ့လူတချို့ကိုတော့ နာမည်ပျက်စာရင်းထဲ တိုက်ရိုက်ထည့်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ငါတို့ဆီ လွဲပေးလိုက်ပါ…"
ဒါက လက်ရှိအချိန်မှာ သူတို့တွေးနိုင်သည့် အကောင်းဆုံးနည်းလမ်းပဲဖြစ်သည်။
ဘာမှမလုပ်ဘဲ အားကစားပြိုင်ပွဲ၏ မြင်ကွင်းက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် နောက်ဆက်တွဲဆိုးကျိုးတွေက မှန်းဆလို့ မရဘူး။
ယွဲ့ရှင်းဝမ်: "အားကစားပြိုင်ပွဲရဲ့ ဆုတွေက ရွှေ၊ ငွေ၊ ကြေးတံဆိပ်တွေပဲ… ရွှေတံဆိပ် 2 ခု ဒါမှမဟုတ် ငွေတံဆိပ် 4 ခု ဒါမှမဟုတ် ကြေးတံဆိပ် 12 နဲ့ credit 1 မှတ်ကို လဲလှယ်လို့ရတယ်… ဆုတွေက တကယ်တော့မများပါဘူး…"
ကျိုဖုန်းက ထောက်ခံသည်။
"အဖွဲ့တွေအများကြီး ပါဝင်မှာဆိုတော့ ပြိုင်ပွဲနှစ်ပွဲဆက်တိုင် အနိုင်ရဖို့က နည်းနည်းခက်ခဲတယ်… ငါ့ရဲ့အမြင်ကတော့ ဒီအားကစားပြိုင်ပွဲက ပျော်ရွှင်စရာ စိတ်အပန်းဖြေပြိုင်ပွဲဖြစ်ပြီး ကွင်းထဲမှာ ဆာလဖျူရစ်အက်စစ်နဲ့ပတ်ပြီး ငါတို့ဘဝအတွက် တိုက်ခိုက်စရာမလိုဘူးလို့ မှတ်ယူမိတယ်…"
ဓာတုဗေဒကျောင်းသားသည် မိန်းကလေးများကို ဆာလဖျူရစ်အက်ဆစ်ဖြင့် ပတ်ခြင်းက လူတိုင်းအပေါ် စိတ်ဒဏ်ရာများ ထားခဲ့ပြီး ထိုကဲ့သို့ အဖြစ်ဆိုးမျိုး ထပ်မံမဖြစ်ပွားစေလိုပါ။
ဆွေးနွေးပြီးနောက် ‘ပျော်စရာအားကစားပြိုင်ပွဲ’အဖြစ် သည်အပတ်အားကစားပြိုင်ပွဲကို ပြုလုပ်ရန် သူတို့သဘောတူခဲ့ကြသည်။
စာကြည့်တိုက်မှ ကျောင်းသားများသည် ဆက်တိုက်စာမေးပွဲများ ဖြေဆိုရခြင်းကြောင့် တော်တော် မောပန်းနွမ်းနယ်နေကြသည်။ သည်အပတ်မှာတော့ လူတိုင်းက အပန်းဖြေပြီး မတူညီသော သဘာဝလွန်စွမ်းရည် အားကစားပြိုင်ပွဲကို တွေ့ကြုံခံစားသင့်သည်။ အဆင့်ဘယ်လောက်ပဲရနေပါစေ အကောင်းဆုံးကြိုးစားပြီး ရမ်းကားစရာမလိုပေ။
ထိုနေ့နေ့လယ်ပိုင်းတွင် တက္ကသိုလ်မဟာမိတ်အဖွဲ့မှ ဖိုရမ်တွင် အားကစားပြိုင်ပွဲနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့သည်။
အားကစားပြိုင်ပွဲအတွင်း ကျောင်းသားများအား သတ်ဖြတ်ခြင်းစွမ်းရည်ကို အသုံးပြုရန် တားမြစ်ထားပါသည်။ အားလုံးက ဖော်ရွေပြီး သဟဇာတဖြစ်သည့် စာကြည့်တိုက်ပတ်ဝန်းကျင်ကို အတူတကွ ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါသည်။ credit 1 မှတ်လောက်နဲ့ လူတွေကို မသတ်ဘဲ တက္ကသိုလ်ကျောင်းသားများအနေဖြင့် ကိုယ့်ရဲ့စိတ်နှလုံးကို မဆုံးရှုံးစေဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါသည်။
တားမြစ်ထားသော စွမ်းရည်များကိုလည်း ကြေညာချက်တွင် အသေးစိတ်ဖော်ပြထားသည်။
သည်ကြေညာချက်ကို ကျောင်းသားအများစုက ထောက်ခံခဲ့ကြသည်။ ထို့အပြင် အားလုံးက အားကစားပြိုင်ပွဲ၏ မြင်ကွင်းမှာ အတန်းဖော်များ၏ သွေးတွေနဲ့ အလောင်းတွေကို မမြင်ကြပါ။ ရိုးရိုးရှင်းစွာ ပျော်ရွှင်စွာကစားကြတာက မကောင်းပေဘူးလား။
ကျောင်းသားတချို့က ပြောကြသည်။
"ဒီတစ်ခါတော့ အားကစားဌာနက တောက်ပမယ့်အချိန်ပဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲက လွှမ်းမိုးခံရတော့မယ်ထင်တယ်?"
"မသေချာဘူး၊ ပြေးခုန်ပစ်ပြိုင်ပွဲအတွက် အကောင်းဆုံးဘာသာရပ်က ပထဝီဝင်ဌာနလို့ ငါထင်တယ်၊ သူတို့က ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီး ပန်းတိုင်ကို ချက်ချင်း တယ်လီပို့နိုင်တယ်မလား?"
"တကယ်လို့ ပထဝီဝင်ဌာနက ကျောင်းသားတွေကို မင်းထိန်းချုပ်လိုက်ရင် သူတို့က လှုပ်ရှားလို့မရဘူး… ထိန်းချုပ်ခြင်းစွမ်းရည်က အကောင်းဆုံးဖြစ်လိမ့်မယ်!"
ဖိုရမ်တွင် အပြည့်အဝ ဆွေးနွေးရန် စတင်ခဲ့သည်။
C-183 သုတေသနအဖွဲ့အတွင်းက လူတိုင်းသည် သူတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြကြသည်။
လျှိုကျောက်ချင်း: "ငါတို့ 4x800 မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲအတွက် စာရင်းသွင်းကြမလား? ရှင်းဝမ်ရဲ့ အရှိန်မြင့်တင်ခြင်း၊ ဖျင်စစ်ရဲ့ parabola၊ ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ ရွှီယိရှန်းရဲ့ mitosis ရှိတယ်လေ…"
လန်ယာရုန်က မေးသည်။
"အဖွဲ့လိုက်ပြိုင်ပွဲအတွက် ငါတို့ ဘယ်နှစ်ခုအထိ စာရင်းသွင်းရမှာလဲ?
ခယ်ရှောင်ပင်း: "ဒီအားကစားပြိုင်ပွဲက အမျိုးသားနဲ့ အမျိုးသမီးအုပ်စုတွေ ခွဲထားမှာ မဟုတ်ဘူး… ပြိုင်ပွဲအားလုံးကို ကျား၊မ ရောထားတယ်… သုတေသနအဖွဲ့တစ်ဖွဲ့စီက အများဆုံး ပြိုင်ပွဲ 4 ခုအတွက် စာရင်းသွင်းနိုင်ပြီး ကျောင်းသားတစ်ယောက်စီက တစ်ယောက်ချင်း/နှစ်ယောက်တွဲ ပြိုင်ပွဲ 4 ခုမှာ စာရင်းသွင်းနိုင်တယ်…"
ရွှီယိရှန်းက သူ့ကိုယ်သူက အကြံပြုသည်။
"ငါ ဘတ်စကက်ဘော ကစားနိုင်တယ်… အဖွဲ့လိုက်ပြိုင်ပွဲအတွက် ငါတို့ ဘတ်စကက်ဘော ကစားကြမလား?"
လျှိုကျောက်ချင်း: "ဘတ်စကက်ဘောအတွက် လျှောက်ထားသူတွေ အများကြီးနိုင်ပြီး ပြိုင်ပွဲက ပြင်းထန်လိမ့်မယ်! ငါတို့ ဘောလုံး ဒါမှမဟုတ် ဘောလီဘောကို စဉ်းစားကြမလား?"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က အိပ်ဆောင်ထဲတွင် အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။
"ငါတို့ နှစ်ယောက်တွဲကြက်တောင်ရိုက်ပြိုင်ပွဲအတွက် စာရင်းသွင်းကြမလား?"
ကျန်းဖျင်စစ်က မေးလေသည်။
"မင်း ကြက်တောင်ရိုက်လို့လား?"
ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။
"ငါ ငယ်ငယ်လေးကတည်းက ကြက်တောင်ရိုက်ခဲ့တာပါ၊ ဒါ့အပြင် မင်းရဲ့ parabolic တွက်ချက်မှုတွေနဲ့ ငါတို့ပူးပေါင်းဆောင်ရွက်လိုက်ရင် အဆင့်တစ်ခုတော့ချိတ်မယ်ထင်တာပဲ…"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ၊ ကြိုးစားကြတာပေါ့…"
ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel ကို စာပို့ခဲ့သည်။
"အားလုံးပဲ ကိုယ်စာရင်းသွင်းချင်တဲ့ ပြိုင်ပွဲတွေကို တတ်နိုင်သမျှ မြန်မြန်စဉ်းစားပြီး အဖွဲ့လိုက်ပြိုင်ပွဲ 4 ခုကို အဆိုပြုပြီးရင် အကျဉ်းချုပ်ကို ရှောင်ခယ်ဆီ ပို့ထားလိုက်ပါ… ည 12 နာရီမတိုင် ငါတို့ဆုံးဖြတ်ရလိမ့်မယ်!"
စာကြည့်တိုက်၏ အားကစားပြိုင်ပွဲအတွက် ပြင်ဆင်ချိန်က အလွန်မြန်သည်။ ယွဲ့ရှင်းဝမ်သည် ဆုများစွာရရန် မမျှော်လင့်ဘဲ အားလုံး သည်ရက်သတ္တပတ်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ မျှော်လင့်ပါသည်။
#TK