Volume 7 : ဥပဒေဌာန
Chapter 157 (ပြစ်မှုမရှိကြောင်းချေပချက် ၁၀)
ကျူးရှောင်ထင်က ရုတ်တရက် ဝမ်းပျက်သွားပြီး ပထမကတော့ ‘သူမ ဆေးမိသွားတယ်’ဆိုတာကို ယွဲ့ရှင်းဝမ် မတွေးခဲ့မိဘူး။ လူသတ်သမားက ဘေးမှာ ပုန်းနေပြီး အခွင့်အရေးကို စောင့်နေကာ ကျူးရှောင်ထင် ထွက်သွားတာကိုမြင်တော့ လျှိုကျားကျားကိုသတ်ဖို့ သွားခဲ့တယ်လို့ သူထင်ခဲ့သည်။
ယခုတော့ လူသတ်သမားသည် ကြိုတင်ပြင်ဆင်ထားသော အစီအစဥ်တစ်ခုရှိပုံရသည်။
ယွဲ့ရှင်းဝမ်က အနီးကပ်ဆက်မေးသည်။
"မင်းနဲ့ လျှိုကျားကျားတို့ ကမ်းခြေမှာ ဓာတ်ပုံရိုက်ဖို့ သွားတုန်းက စားပွဲပေါ်မှာ စားလို့မပြီးသေးတဲ့ အစားအစာတွေရှိနေသေးတယ် ဟုတ်တယ်မလား"
ကျူးရှောင်ထင်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပါတယ်… ကျွန်မ စားဖို့ အချိန်မရသေးတဲ့ တုတ်ထိုးတွေ အများကြီးရှိတယ်"
ယွဲ့ရှင်းဝမ်: "လူသတ်သမားက လျှိုကျားကျားကို မျက်စိကျနေတာကြာပြီ… သူမကိုသတ်ဖို့ ဥပဒေဌာနအဖွဲ့လိုက် အပြင်ထွက်တာကို အခွင့်ကောင်းယူပြီး ကမ်းခြေမှာ မင်းတို့ဓာတ်ပုံရိုက်နေတာကိုမြင်တော့ လူသတ်သမားက မင်းရဲ့အစာထဲကို တိတ်တဆိတ် ဆေးခတ်လိုက်တာ… မင်းကို အစာစားပြီး ဝမ်းလျှောအောင်လုပ်ပြီးနောက် ကမ်းခြေကနေ ထွက်သွားခိုင်းစေချင်ခဲ့တာ… လျှိုကျားကျားဘေးမှာ ဘယ်သူမှမရှိတော့တဲ့အခါ လူသတ်သမားက တဲထဲကို ခိုးဝင်ပြီး သူမကို တိုက်ရိုက် သတ်ပစ်နိုင်တယ်… သူမက ရေနစ်သေဆုံးတယ်ဆိုတဲ့ ထင်ယောင်ထင်မှားကို အတုလုပ်ဖို့ ရေထဲပစ်ချလိုက်တာ"
ကျူးရှောင်ထင်က နှုတ်ခမ်းကိုက်ကာ ပြောသည်။
"အဲဒီအချိန်တုန်းက ကျွန်မလည်း အံ့ဩသွားတယ်… ကျားကျားနဲ့ ကျွန်မက အတူတူစားပါလျက် သူမက ဘယ်လိုလုပ် အဆင်ပြေနေရတာလဲပေါ့… ကျွန်မက တစ်ညတည်း အိမ်သာကို ဒါဇင်ကျော်လောက် ပြေးခဲ့ရတယ်… ဒီတော့ တစ်ယောက်ယောက်က ကျွန်မကို တမင်တကာဆေးခတ်ခဲ့တာပေါ့"
ယွဲ့ရှင်းဝမ်: "ဒါတွေအားလုံးက ငါတို့ရဲ့ထင်ကြေးတွေပါပဲ… လက်ရှိမှာ လျှိုကျားကျားကို အဆိပ်သင့်စေခဲ့တဲ့ potassium cyanide ရဲ့ အရင်းအမြစ်နဲ့ အဆိပ်နဲ့ ထိတွေ့ခဲ့တဲ့ သံသယရှိသူတွေကို ငါတို့ ဘောင်ခတ်ထားတယ်… မင်းရဲ့နာမည်ကို ရှင်းချင်တယ်ဆိုရင် ငါတို့တွေ ပိုခိုင်မာတဲ့ သက်သေကိုရှာရမယ်"
ကျူးရှောက်ထင်၏မျက်လုံးများက အနည်းငယ်နီနေပြီး သူမက ဆို့နင်စွာ ပြောသည်။
"ကျေးဇူးတင်ပါတယ်… ရှင်တို့သာ ကျွန်မဆီမလာရင် ကျွန်မဘာလုပ်ရမှန်းမသိတော့ဘူး… ရဲစခန်းကို ခေါ်သွားခံရပြီးနောက် ကျွန်မရဲ့စိတ်က ရှုပ်ထွေးနေခဲ့တာ… အကြောင်းအရာတွေက အများကြီးပဲ… ရှင်တို့က ကျွန်မကိုမေးတယ်… ကျွန်မက မှတ်မိရုံလေးပဲ…"
လန်ယာရုန်က နူးညံ့စွာပြောသည်။
"ဒါက တရားခံရှေ့နေတွေ လုပ်သင့်တဲ့အရာပါ… နင် ငါတို့ကို ယုံကြည်ဖို့ပဲလိုတယ်"
ကျူးရှောင်ထင်က အားတက်သရော ခေါင်းငြိမ့်ပြီး ပြောသည်။
"အင်း… အခု ကျွန်မ ယုံကြည်နိုင်တဲ့လူက ရှင်တို့ပဲရှိတယ်"
လန်ယာရုန်က ပြောသည်။
"ကမ်းခြေအမှုရဲ့အမှန်တရားက မကြာခင် ပေါ်လာလိမ့်မယ်… ဘာလို့လဲဆိုတော့ လျှိုကျားကျားက အဆိပ်သင့်ပြီး သေဆုံးသွားပြီးတော့ နင်က ဘာသာပြန်ဌာနရှိ သာမန်တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲ… potassium cyanide လိုမျိုး အဆိပ်ကိုရရှိဖို့အတွက် ခက်ခဲပြီး အဆိပ်ရဲ့အရင်းအမြစ်ကနေ လူသတ်သမားကို ရှာလို့ရတယ်… လက်ရှိမှာ အခက်ခဲဆုံးအရာက အိပ်ဆောင်လူသတ်မှုကိစ္စပဲ… အဲဒီမှာ သက်သေတွေအရမ်းများပြီး နင့်အတွက် အရမ်းအဆင်မပြေဘူး"
ယွဲ့ရှင်းဝမ်သည် အမျိုးအစားခွဲထားသော စာရွက်စာတမ်းတစ်ခုကို ထုတ်ကာ သူသိထားသည့် သက်သေများကို စာရင်းပြုစုခဲ့သည်။ သူက ပြောလိုက်သည်။
"သေသေချာချာကြည့်ပါ… မင်း လူသတ်သမားဖြစ်ကြောင်း သက်သေပြဖို့ ဒါတွေက ရဲတွေမေးတဲ့ သက်ဆိုင်ရာ အထောက်အထားတွေလား…"
1. လူသတ်လက်နက်မှာ ကျူးရှောင်ထင်မီ ဝယ်ယူခဲ့သော သစ်သီးဓားဖြစ်ပြီး လူသတ်လက်နက်မှာ ကျူးရှောင်ထင်၏လက်ဗွေများကိုသာ တွေ့ရှိခဲ့သည်။
2. ရှဲ့ရှန်းချင်သည် သူမ မသေဆုံးမီ စက္ကန့် 30 ကြာ ကျူးရှောင်ထင်ကို ဖုန်းခေါ်ဆိုခဲ့သည်။ ‘ငါတို့ကြား အဆုံးသတ်သင့်ပြီ’ဟူသော WeChat မက်ဆေ့ခ်ျကို ပေးပို့ခဲ့သည်။
3. အခန်းဖော်မောင်ယွဲ့သည် ချွန်ထက်သောဓားတစ်ချောင်းကိုင်ဆောင်ထားသည့် ကျူးရှောင်ထင်ကိုတွေ့မြင်ခဲ့ပြီး ရှဲ့ရှန်းချင်က သွေးအိုင်ထဲတွင် လဲနေခဲ့သည်။ မောင်ယွဲ့က ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေ 5 ဦးထက်မနည်းက ဤမြင်ကွင်းကို မြင်ခဲ့သည်။
4. သေဆုံးသူ ရှဲ့ရှန်းချင်၏ လက်သည်းများတွင် အရေပြားအပိုင်းအစများကို မျိုးရိုးဗီဇအရ ဖော်ထုတ်ပြီး ကျူးရှောင်ထင်နှင့် ကိုက်ညီပါသည်။ ကျူးရှောင်ထင်ကို အခင်းဖြစ်ပွားသည့်နေ့တွင် ရဲများက ပြန်လည်ခေါ်ဆောင်လာသောအခါ သူမ၏လက်နောက်ဘက်တွင် အမာရွတ်များ ရှိနေပြီး ‘သေဆုံးသူက သူမကို ကုတ်ခြစ်ခဲ့သည်’ဟူသော ယူဆချက်နှင့် ကိုက်ညီသည်။
5. ကျူးရှောင်ထင်သည် သေဆုံးသူ၏ လက်ရှိချစ်သူ ကျိုးယိကျားကို တစ်ဖက်သတ်သဘောကျနေခဲ့သည်။ ကျူးရှောင်ထင်နှင့် သေဆုံးသူတို့သည် သူတို့၏ဘဝတွင် ပဋိပက္ခများစွာရှိခဲ့သည်။ သူတို့နှစ်ယောက်က အကြိမ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ကြပြီး ကျူးရှောင်ထင်က လူသတ်ရန်အတွက် ရည်ရွယ်ချက်ရှိခဲ့သည်။
6. ကျူးရှောင်ထင်သည် 703 အိပ်ဆောင်တွင်နေထိုင်ပြီး အိပ်ဆောင်သော့ကို သူမလက်ထဲတွင် ကိုင်ဆောင်ထားသောကြောင့် လူသတ်မှုကျူးလွန်ရန် အခန်းထဲသို့ဝင်ဖို့ တံခါးကို အလွယ်တကူဖွင့်နိုင်သည်။
7. ရှဲ့ရှန်းချင်နှင့် ကျူးရှောင်ထင်မှလွဲ၍ အခြားတတိယလူ၏ခြေရာများကို အခင်းဖြစ်ပွားရာနေရာတွင်မတွေ့ရပါ။ အိပ်ဆောင်ထဲတွင် အခန်းဖော်လေးဦး၏ လက်ဗွေရာများသာ ရှိခဲ့သည်။ ထိုအချိန်တွင် အခန်းဖော်မောင်ယွဲ့သည် မျက်မြင်သက်သေဖြစ်ပြီး အခန်းဖော်လီဟွေ့ကျွမ်းက အိပ်ဆောင်တွင် မရှိပေ။
ကျူးရှောင်ထင်သည် သက်သေများကို ကြည့်လိုက်တော့ သူမမျက်နှာက ဖြူဖျော့လာပြီး ခေါင်းငြိမ့်ကာ တိုးတိုးပြောသည်။
"ရဲတွေလည်း ကျွန်မကို ဒီမေးခွန်းတွေမေးတယ်… သက်သေတွေအများကြီးနဲ့ ကျွန်မနာမည်ကိုရှင်းဖို့ ကျွန်မမှာ မျှော်လင့်ချက်ရှိသေးလား"
ယွဲ့ရှင်းဝမ်နှင့် လန်ယာရုန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်သည်။
"မင်းကိုကူညီဖို့ ငါတို့ အစွမ်းကုန်ကြိုးစားမှာပါ"
ရဲများ၏အမြင်အရ ခိုင်လုံသောသက်သေများကြောင့် ကျူးရှောင်ထင်က လူသတ်သမားဖြစ်သည်။
ဒီသက်သေတွေအားလုံးကို ရှဲ့ရှန်းချင်က ကျူးရှောင်ထင်အား ဖုန်းဆက်ပြီး WeChat ပို့ထားတာတွင် ပြသခဲ့သည်။ ကျူးရှောင်ထင်သည် အိပ်ဆောင်ကို ပြန်လာခဲ့ပြီး သူတို့နှစ်ဦးကြား အငြင်းပွားမှုအောက်တွင် ကျူးရှောင်ထင်သည် စိတ်မြန်လက်မြန်ဖြင့် သတ်ပစ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းရန် နောက်ကျခဲ့ပြီး ပြန်လာသော အခန်းဖော်က ဖမ်းမိခြင်းခံခဲ့ရသည်။ အတွေ့အကြုံမရှိသော ရာဇဝတ်သားများသည် အခင်းဖြစ်ပွားရာနေရာ၌ သက်သေများစွာ ချန်ထားခဲ့ကြသည်မှာလည်း လက်တွေ့တွင် အလွန်အဖြစ်များပြီး အမှုအား ဖြေရှင်းရန် အလွန်လွယ်ကူပါသည်။
ယွဲ့ရှင်းဝမ်နှင့် အခြားသူများက ‘ဘုရားသခင်၏အမြင်အာရုံ’ရှိပြီး စာကြည့်တိုက်က သူတို့ကို ဒီစာမေးပွဲ၏ အကြောင်းအရာအား ပြောပြထားပြီး ကျူးရှောင်ထင်က လူသတ်သမားမဟုတ်ကြောင်းနဲ့ သူမအတွက် ခုခံချေပရမယ်ဆိုတာ သူတို့သိထားသည်။ သို့သော် ဤလောကရှိ ရဲများသည် ဘုရားသခင်၏အမြင်အာရုံမရှိပါ။ လက်ရှိ ရဲတပ်ဖွဲ့၏ သက်သေများအရ ကျူးရှောင်ထင်က တစ်ဦးတည်းသော လူသတ်သမားဖြစ်သည်။
သူမတွင် လူသတ်ရန် ရည်ရွယ်ချက်၊ သတ်ရန်အချိန်၊ ပြီးပြည့်စုံသော လုပ်ငန်းစဉ်၊ လူသတ်လက်နက်နှင့် သက်သေကွင်းဆက်များရှိပြီး နောက်ပြန်လှည့်ဖို့ ဘာမှမရှိပေ။
ကျူးရှောင်ထင်ကလည်း လက်ရှိအခြေအနေက သိပ်မကောင်းဘူးဆိုတာကိုသိပြီး ငိုယိုကာ ပြောသည်။
"သက်သေတွေက ကျွန်မအတွက်မကောင်းမှန်း သိပါတယ်… အဲဒီအချိန်တုန်းက ကျွန်မအရမ်းစိတ်ရှုပ်သွားတာ… တံခါးဖွင့်လိုက်တာနဲ့ ရှဲ့ရှန်းချက်က ကြမ်းပြင်ပေါ်မှာ လဲနေတာကို တွေ့လိုက်ရတယ်… ကျွန်မ သူမကို ကယ်တင်ဖို့ မသိစိတ်က ပြေးသွားတယ်… ကျွန်မ ပြေးသွားတဲ့အချိန် သူမက မသေသေးဘဲ သူမက ကျွန်မလက်ကိုကိုင်ပြီး တစ်ခုခုပြောချင်နေတယ်… အသက်ကယ်ကောက်ရိုးလေးတစ်မျှင်ကို ကိုင်လိုက်သလိုမျိုးလေ… ရှင်တို့နားလည်လား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။
"ငါနားလည်တယ်… အဲဒီတုန်းက သူမ မသေသေးဘူး… လူသတ်သမားက ဘယ်သူလဲဆိုတာ သူမသိပြီး သူမကို ကယ်တင်ခိုင်းစေချင်ပြီးတော့ မင်းကို လူသတ်သမားအစစ်ကို ပြောပြချင်ခဲ့တာ… ဒါပေမဲ့ သူမက သွေးတွေ အများကြီးထွက်ထားတာတော့ စကားမပြောနိုင်ခဲ့ဘူး… နောက်ဆုံးမိနစ်မှာ အသက်ရှင်လိုတဲ့ဆန္ဒက သူမကို ခွန်အားနည်းနည်းပေးခဲ့တာကြောင့် သူမရဲ့လက်သည်းတွေက မင်းရဲ့လက်အနောက်ကို ကုတ်ခြစ်ခဲ့တာ… အဲဒါကို မင်းက သူမကို တိုက်ခိုက်လို့ သူမက မင်းကို ကုတ်ခြစ်တယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်စေခဲ့တာ"
သို့ပေမဲ့ ရဲများက ဒီလိုရှင်းပြတာကို မယုံဘူး။
သေဆုံးသူ၏ဖုန်းပေါ်တွင် လူသတ်သမား၏ လက်ဗွေရာများ မကျန်ရစ်ခဲ့ပေ။ သေဆုံးသူက ကျူးရှောင်ထင်နဲ့ ဖုန်းခေါ်ဆိုမှုများ၊ WeChat မှတ်တမ်းများ ပါရှိပြီး ထို့အပြင် မျက်မြင်သက်သေများစွာရှိခဲ့သည်။ ဒါကို လူသတ်သမားက တမင်တကာ စီစဉ်ထားတာဆိုရင် လက်ခံယုံကြည်စေဖို့ ခက်ခဲပါသည်။
လန်ယာရုန်က နူးညံ့စွာပြောသည်။
"စိတ်မပူပါနဲ့… သေသေချာချာစဉ်းစားပါ… ကျိုးယိကျားနဲ့ ရှဲ့ရှန်းချင်တို့ကြားမှာ ရန်ဖြစ်တာမျိုးရှိဖူးလား… ဒါမှမဟုတ် ကျိုးယိကျားရဲ့အိပ်ဆောင်မှာရှိတဲ့ အခြားအခန်းဖော်သုံးယောက်ကို နင်သိလား… သူတို့ထဲကတစ်ယောက်ယောက်က ရှဲ့ရှန်းချင်အပေါ် တစ်ဖက်သတ်သဘောကျနေတာမျိုး ရှိဖူးလား"
ကျူးရှောင်ထင်သည် လန်ယာရုန်က ရုတ်တရက် ကျိုးယိကျားကို ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသည် ခဏလောက် အံ့အားသင့်သွားပြီး အာရုံပြန်ရောက်လာကာ ပြောလိုက်သည်။
"ကျိုးယိကျားနဲ့ ရှဲ့ရှန်းချင်တို့ရဲ့ဆက်ဆံရေးက ကောင်းလောက်တယ်… ရှဲ့ရှန်းချင်က အိပ်ယာမဝင်ခင် နေ့တိုင်း သူနဲ့ ဖုန်းပြောပြီး ချွဲနေတဲ့အမူအရာမျိုးလည်း လုပ်တယ်… တစ်ခါတစ်လေဆိုရင် စကားပြောတာ နှစ်နာရီလောက်ကြာတယ်… စကားမစပ် ကျိုးယိကျားက ရှဲ့ရှန်းချင်ကို ဂိမ်းဆော့ဖို့ ခေါ်လေ့ရှိတယ်"
ယွဲ့ရှင်းဝမ်က သော့ချက်ကို ချက်ချင်း ဆုပ်ကိုင်ပြီး မေးသည်။
"ဘာဂိမ်းလဲ"
ကျူးရှောင်ထင်: "သူတို့က လူ 5 ယောက်ပါတဲ့ မျှော်စင်တွန်းခြင်းဂိမ်းတစ်ခုဖြစ်တဲ့ မိုဘိုင်းလ်ဂိမ်းကို ကစားကြတာ… အတိအကျတော့ ကျွန်မ မသိဘူး… ကျိုးယိကျားရဲ့အိပ်ဆောင်က လူ 4 ယောက်နဲ့ ရှဲ့ရှန်းချင်တို့က ငါးယောက်အုပ်စုဖွဲ့ပြီး ကစားလေ့ရှိတယ်… တစ်ခါတစ်လေ မနက် သုံးနာရီ လေးနာရီအထိ ကစားလေ့ရှိတယ်… ရှဲ့ရှန်းချင်ရဲ့ပြောစကားအရ ကျိုးယိကျားရဲ့အိပ်ဆောင်က ယောင်္ကျားလေးတွေဟာ ဂိမ်းဆော့တာ အရမ်းတော်တယ်တဲ့"
ယွဲ့ရှင်းဝမ်က မေးလိုက်သည်။
"ရှဲ့ရှန်းချင် မတော်တဆမှုဖြစ်တဲ့နေ့မှာ ကျိုးယိကျားရဲ့အိပ်ဆောင်မှာ လူလေးယောက်က အတူတူ ဂိမ်းကစားခဲ့ကြပေမဲ့ သူမကို မခေါ်ခဲ့ဘူးလား"
ကျူးရှောင်ထင်က ခေါင်းခါလိုက်သည်။
"ကျွန်မ မသိဘူး… ရှဲ့ရှန်းချင်က ဂိမ်းဆော့တာ အတော်လေးညံ့လောက်တယ်… သူမရဲ့ဖုန်းမျက်နှာပြင်က မီးခိုးရောင်ပြောင်းသွားပြီး တစ်ဖက်ကသတ်တာကို ခံလိုက်ရတာ ကျွန်မ မြင်ဖူးတယ်… သူမက လဲလျောင်းပြီးအနိုင်ယူဖို့ အဲဒီယောင်္ကျားလေးတွေအနောက်ကနေပဲ အမြဲလိုက်နေတာ"
ယွဲ့ရှင်းဝမ်သည် ဤအဓိကအချက်ကို အမြန်မှတ်တမ်းတင်လိုက်ပြီး အဖွဲ့ထဲရှ် ခယ်ရှောင်ပင်းကို ခေါ်လိုက်သည်။
"@ခယ်ရှောင်ပင်း… ကျိုးယိကျားနဲ့ သူ့အခန်းဖော်တွေက ဘာဂိမ်းတွေကစားနေသလဲဆိုတာကို အသေးစိတ်စစ်ဆေးလိုက်… သူတို့ရဲ့ဂိမ်းအကောင့်တွေနဲ့ အကောင့်တုတွေပါ ရှာဖွေနိုင်ရင် အကောင်းဆုံးပဲ"
ခယ်ရှောင်ပင်းက ချက်ချင်းပြန်ပြောသည်။
"ကိစ္စမရှိဘူး… ငါက နာမည်ကြီးဂိမ်းတွေအားလုံးကို ဆော့တတ်တယ်… hack ဖို့အတွက် ဒီည ငါ သူတို့ကို သွားရှာလိုက်မယ်"
ယွဲ့ရှင်းဝမ်က ဖုန်းကို ဖယ်လိုက်ပြီး မေးသည်။
"ကျိုးယိကျားရဲ့ ပင်ကိုယ်စရိုက်ကို မင်းဘယ်လိုထင်လဲ"
ကျူးရှောင်ထင်: "သူက ကျွန်မတို့ကို ရေပုံးတွေ ကူသယ်ပေးလေ့ရှိတဲ့ အရမ်းပျော်တတ်ပြီး စကားပြောတတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ပါ… ကျွန်မတို့ဘာသာရပ်မှာ ကွန်ပျူတာသွားဝယ်တဲ့ မိန်းကလေးတွေ အများကြီးရှိပြီး သူက ပစ္စည်းတွေသယ်ဖို့လည်း ကူညီပေးတယ်… သူက အရမ်းစိတ်အားထက်သန်တဲ့ ဂျူနီယာမောင်လေးဖြစ်ပြီး အားလုံးက သူ့ကို အရမ်းသဘောကျကြတယ်"
ယွဲ့ရှင်းဝမ်: "သူက မင်းတို့မိန်းကလေးအိပ်ဆောင်ကို မကြာခဏလာလေ့ရှိလား"
ကျူးရှောင်ထင် ခဏလောက် ထိတ်လန့်သွားပြီး ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ပြောလာသည်။
"သူက ကျွန်မတို့ကို ရေသယ်ပေးဖို့ ကူညီတတ်တယ်… မိန်းကလေးတွေ အိပ်ဆောင်တွေမှာ ရေသန့်ဘူးနဲ့ ရေသန့်စက်ကို သုံးတယ်… ရေသန့်ဘူးတွေက အရမ်းလေးတယ်… ရင်းနှီးတဲ့ ယောင်္ကျားလေးတော်တော်များများက ကျွန်မတို့ကို ရေသယ်ပေးဖို့ ကူညီလေ့ရှိပြီး အိပ်ဆောင်က အန်တီကလည်း သူတို့ ရေသယ်တာကို မြင်တဲ့အခါ ဝင်ခွင့်ပေးလေ့ရှိတယ်"
လန်ယာရုန်က သူမကို သတိပေးသည်။
"ကျိုးယိကျားကို ကြည့်တဲ့အခါ သဘောကျနေတဲ့ခံစားချက်တွေကို မထည့်ပါနဲ့…အဲဒါက အပေါ်ယံသက်သက်လည်း ဖြစ်နိုင်တယ်… ရှောင်ထင်… နင်က မရည်ရွယ်ပေမဲ့ အခုအချိန်မှာ ရဲတွေက နင့်ကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ တရားစွဲခံရနိုင်ဖွယ်ရှိတယ်… နင်က ဥပဒေကို မလေ့လာထားဘူးဆိုရင် ဒါကိုတော့ နင်သိလောက်တယ်မလား… နင့်ရဲ့သံသယတွေကို မရှင်းနိုင်ရင် နင် သေဒဏ်ချမှတ်ခံရနိုင်တယ်"
ယွဲ့ရှင်းဝမ်ကလည်း ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်… သတိရှိပါ… ကျိုးယိကျားကလည်း လူသတ်သမား ဖြစ်နိုင်တယ်"
ကျူးရှောင်ထင်က အံ့အားသင့်သွားသည်။
"သူကလား… ရှဲ့ရှန်းချင်ကို သူက ဘယ်လိုလုပ်သတ်မှာလဲ… သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းကောင်းတာမဟုတ်ဘူးလား"
ယွဲ့ရှင်းဝမ်: "သူတို့ကြားက ဆက်ဆံရေးကောင်းသလားဆိုတာကို ကျိုးယိကျားကို မင်း ကိုယ်တိုင်ကိုယ်ကျ မေးဖူးလို့လား"
ကျူးရှောင်ထင်သည် ခဏမျှ နှုတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။
"ကျွန်–ကျွန်မဘာသာ ယူဆခဲ့တာပါ… ဘာလို့လဲဆိုတော့ ရှဲ့ရှန်းချင်က ကျိုးယိကျားအကြောင်းပြောတိုင်းက အရမ်းချိုမြိန်နေတဲ့အကြည့်ရှိပြီး သူတို့နှစ်ယောက်ကလည်း နေ့တိုင်း ဖုန်းပြောကြတယ်"
လန်ယာရုန်က မေးသည်။
"ကျိုးယိကျားကို နင်တစ်ဖက်သတ်သဘောကျနေမှန်း သူမ သိထားလား"
ကျူးရှောင်ထင်က မျက်နှာဖြူဖြူနဲ့ပြောသည်။
"ဟုတ်တယ်… ကျွန်မ ရေးထားတဲ့ဒိုင်ယာရီကို သူမ တစ်ခါမြင်ဖူးတယ်…"
လန်ယာရုန်: "ဒါဆို နင်က ကျိုးယိကျားကို တစ်ဖက်သတ်သဘောကျနေမှန်းသိလို့ နင့်ရှေ့မှာ သူတို့က အရမ်းချစ်ပါတယ်ဆိုတာကို တမင်ပြတာပဲ… အဲဒါက မိန်းကလေးတစ်ယောက်ရဲ့ ကြွားဝါချင်တဲ့စိတ်ကို ပြနေတာဖြစ်နိုင်တယ်… နင် မရနိုင်တဲ့ ယောင်္ကျားလေးကို သူမက ရလိုက်တော့ သူမတော်တယ်ဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ သက်သေပြနေတာပဲ… သူမက ကျိုးယိကျားနဲ့ ရန်ဖြစ်ရင်တောင် နင့်ကို အခွင့်အရေးပေးသလိုဖြစ်မှာစိုးလို့ နင့်ရှေ့မှာ ရန်ဖြစ်မှာမဟုတ်ဘူး… နားလည်သလား"
ကျူးရှောင်ထင်က ရုတ်တရက် သဘောပေါက်သွားသည်။
"ဒါက အဓိပ္ပါယ်ရှိတယ်… သူမက ကျွန်မရှေ့မှာ ကျိုးယိကျားကို အမြဲတမ်းဖုန်းခေါ်တာ မဆန်းတော့ဘူး"
ယွဲ့ရှင်းဝမ်က စာအုပ်ကိုထုတ်ပြီး မှတ်စုများမှတ်နေစဉ် မေးလိုက်သည်။
"သူ့ရဲ့အခန်းဖော်တွေနဲ့ မင်းရင်းနှီးလား"
ကျူးရှောင်ထင်က ခေါင်းငြိမ့်ပြီး ပြောသည်။
"ကျွန်မ သိတယ်… သူ့အတန်းဖော်တွေအားလုံးက ကျွန်မတို့ဘာသာရပ်က ဂျူနီယာမောင်လေးတွေပဲ… သူတို့ထဲကတစ်ယောက်က သူ့ချစ်သူနဲ့ အရမ်းတည်ငြိမ်တဲ့ ဆက်ဆံရေးရှိပြီး ကျန်နှစ်ယောက်ကတော့ လူလွတ်တွေပဲ"
ယွဲ့ရှင်းဝမ်က မေးသည်။
"လူလွတ်နှစ်ယောက်ဖြစ်တဲ့ သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေနဲ့ စရိုက်လက္ခဏာတွေကို မင်းနားလည်လား"
ကျူရှောင်ထင်: "ကျုံးကျန့်က သူတို့လက်ရှိအတန်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ပြီး အရမ်းရွှင်လန်းတဲ့ပင်ကိုယ်စရိုက်ရှိပြီးတော့ ကျိုးယိကျားနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိတယ်… သူက ကျွန်မတို့ဘာသာရပ်မှာ အရပ်အရှည်ဆုံးဖြစ်ပြီး 1.9 မီတာနီပါးရှိတယ်… ဂိမ်းကစားရတာ ကြိုက်တာအပြင် သူက အားကစားလုပ်ရတာနဲ့ ဘတ်စကက်ဘောကစားရတာကို ဝါသနာပါပြီး သူ့မျက်နှာမှာ ဝက်ခြံတွေ အရမ်းများပြီး ရုပ်ဆိုးလွန်းတာကြောင့် ဘယ်မိန်းကလေးမှ သူ့ကို မလိုက်ကြဘူး…"
ယွဲ့ရှင်းဝမ်သည် ရယ်ရမလား ငိုရမလား မသိတော့ဘဲ ဆက်မေးခဲ့သည်။
"နောက်တစ်ယောက်ကကော"
ကျူးရှောင်ထင်: "ကျိရှောင်ဟွေးက ပိုပြီးသီးသန့်ဆန်ပြီးတော့ အရမ်းနူးညံ့တဲ့အသွင်အပြင်ရှိပြီး အရပ်က 175 လောက်ရှိတယ်… သူက ကျွန်မတို့ဘာသာရပ်မှာ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ပေမဲ့ သူ့မိသားစု အခြေအနေက သိပ်မကောင်းဘူး… သူက အလုပ်လုပ်ရင်း စာလေ့လာပြီး ကျောင်းမှာ အလုပ်ရှာပေးဖို့ ကျွန်မလည်း သူ့ကို ကူညီပေးခဲ့တယ်… ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ပညာရေးမှူးရုံးမှာ အတူတူလုပ်ဖူးပြီး သူနဲ့လည်း ဆက်ဆံရေးကောင်းတယ်"
ယွဲ့ရှင်းဝမ်သည် ဤအမည်များကို ရေးမှတ်ခဲ့သည်။ အချိန်စေ့ခါနီးမှ သူနှင့် လန်ယာရုန်သည် ထကာ ရဲစခန်းမှ ထွက်လာခဲ့သည်။
ရဲစခန့်မှထွက်လာပြီးနောက် ယွဲ့ရှင်းဝမ်သည် လန်ယာရုန်နှင့် ဆွေးနွေးရန် အနီးနားတွင် မည်သူမျှမရှိသောနေရာကို ရှာတွေ့ခဲ့သည်။
"စီနီယာအစ်မ ဘယ်လိုထင်လဲ"
လန်ယာရုန်က လက်ပိုက်ကာ တွေးတောရင်း ပြောသည်။
"ကမ်းခြေအမှုကို ဖြေရှင်းဖို့ မခက်ဘူး… အဆိပ်ရဲ့အရင်းအမြစ်ကို ခြေရာခံရင်း လူသတ်သမားက ချန်ခိုင်မင်နဲ့ လင်ရွှယ်ဖေးတို့ စုံတွဲထဲကဆိုတာ ငါတို့ မကြာခင် ဘောင်ခတ်လို့ရလိမ့်မယ်… မိန်းကလေး လင်ရွှယ်ဖေးက သူမလက်ကိုလှုပ်ရှားခဲ့တယ်လို့တော့ ငါ ပိုပြီးထင်မိတယ်… အဲဒီအချိန်မှာ ကျူးရှောင်ထင်နဲ့ လျှိုကျားကျားက ကမ်းခြေမှာ ဓာတ်ပုံရိုက်နေကြတာ… သူမက တမင်တကာဖြတ်သွားခဲ့တယ်… ကျူးရှောင်ထင်က အဖွဲ့လိုက် ဓာတ်ပုံရိုက်ပေးဖို့ သူမကို အကူအညီတောင်းခဲ့တယ်… ဓာတ်ပုံရိုက်ပြီးနောက် သူမက ဥပဒေဌာနရဲ့ ကျောင်းသားအဖွဲ့ထဲမှာ အရောင်ဖျောက်ဖို့ အခွင့်အရေးရခဲ့တယ်… ကျူးရှောင်ထင်ရဲ့ထိုင်ခုံကိုရှာပြီး ကျူးရှောင်ထင်ရဲ့ အစားအစာ ဒါမှမဟုတ် ရေထဲကို ဝမ်းနုတ်ဆေးထည့်လိုက်တယ်"
ယွဲ့ရှင်းဝမ်က သဘောတူကြောင်း ခေါင်းငြိမ့်ပြသည်။
"အဲဒီတုန်းက ဥပဒေဌာနမှာ ကျောင်းသား 90 ကျော်ရှိပြီး ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာတာကို လူတိုင်းက သိပ်ဂရုမစိုက်ကြဘူး… လူသတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ချန်ခိုင်မင်က လျှိုကျားကျားကို လရောင်ဖြူအဖြစ်သတ်မှတ်ပြီး အထက်တန်းတုန်းက သူတစ်ဖက်သတ်သဘောကျခဲ့တဲ့ နတ်ဘုရားမကို သူ့နှလုံးသားက မစွန့်လွတ်နိုင်လို့ ဖြစ်နိုင်တယ်… ဆက်ဆံရေးအတွင်း သူက လျှိုကျားကျားအကြောင်း ပြောခဲ့ဖူးလောက်တယ်… လင်ရွှယ်ဖေးရဲ့အခြေအနေတွေက လျှိုကျားကျားလောက် မကောင်းမွန်တော့ သူမက မနာလိုဖြစ်ပြီး သူမချစ်သူရဲ့နှလုံးသားထဲက လရောင်ဖြူကို ရှင်းပစ်ချင်ခဲ့တာများလား"
လန်ယာရုန်: "ဒီရည်ရွယ်ချက်က အဓိပ္ပါယ်ရှိတယ်… ချန်ခိုင်မင်က ပြစ်မှုကျူးလွန်တယ်ဆိုရင် သူ မရယူနိုင်တဲ့အချစ်က နှစ်ပေါင်းများစွာကြာပြီးနောက် သူက သူမကို မရနိုင်တာကြောင့် ရိုးရှင်းစွာ သတ်ပစ်လိုက်တယ်… ဒီလိုရည်ရွယ်ချက်က ပြစ်မှုဆိုင်ရာစိတိပညာရဲ့ အယူအဆနဲ့လည်း ကိုက်ညီတယ်"
ယွဲ့ရှင်းဝမ်: "လူသတ်သမားက ဒီလူနှစ်ယောက်ထဲမှာ ဖြစ်နိုင်တယ်… ဓာတုဗေဒဌာနရဲ့ ဓာတ်ခွဲခန်း တာဝန်မှတ်တမ်းတွေကို ပြန်သွားပြီးစစ်ဆေးကြည့်တာ ဒါမှမဟုတ် ပစ္စည်းကိရိယာတွေယူဖို့ ဆရာက ဘယ်သူ့ကို တာဝန်ပေးထားသလဲဆိုတာသိရအောင် ဓာတုဗေဒဌာနရဲ့ အတန်းဖော်တွေကို မေးကြည့်လိုက်ရင် လူသတ်သမားအစစ်ကို ကျွန်တော်တို့ ဘောင်ခတ်လို့ရပြီ"
ကမ်းခြေအမှု "အဆိပ်ခတ်ခြင်း" ၏မွမ်းမံမှုပုံစံသည် ထူးထူးခြားခြားဖြစ်ပြီး ပဟေဠိများကိုဖြေရှင်းရန် အတော်ပင်လွယ်ကူပါသည်။
ယွဲ့ရှင်းဝမ်ကို ခေါင်းကိုက်စေသည့်အရာမှာ အိပ်ဆောင်အမှုဖြစ်သည်။
သက်သေမကျန်သည့်အတွက် တရားခံအစစ်ကို ရှာဖို့ခက်နေပါသေးသည်။
ယွဲ့ရှင်းဝမ်ကို ပိုလို့တောင် စိတ်ဓာတ်ကျစေခဲ့တာကတော့ ဒီအချိန်မှာ လေးထောင့်ဘောင်နှစ်ခုထဲမှာ စာကြည့်တိုက် သတိပေးချက်တစ်ခု ပေါ်လာသည်။
"ရဲတွေက ကျူးရှောင်ထင်ကို လူသတ်သမားဖြစ်ကြောင်း သက်သေပြဖို့အတွက် သက်သေအားလုံးကို စုဆောင်းပြီး တရားဝင်တရားစွဲဖို့ အစိုးရရှေ့နေရုံးဆီ လွှဲပြောင်းတော့မှာဖြစ်ပါတယ်"
လန်ယာရုန်သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ လေးထောင့်ဘောင်ပေါ်ရှိ သတိပေးချက်ကို ထပ်မံကြည့်လိုက်သည်။
"အရမ်းမြန်ပါလား… ရဲတွေက ကျူးရှောင်ထင်ကို လူသတ်သမားလို့ သတ်မှတ်လိုက်ပုံရတယ်"
ယွဲ့ရှင်းဝမ်က လေးနက်စွာ ပြောသည်။
"ကျွန်တော်တို့ မြန်မြန်လုပ်ရမယ်… စာကြည့်တိုက်က ဒီအမှုကိုဖြစ်စဉ်ကို အရှိန်မြင့်လိုက်ပြီ"
#TK