Chapter 171
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 171 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၀၈)


ခေါင်းပေါ်ကို ပတ်တီးဖြင့် အဝိုင်းပတ်ထားတာက သဲမုန်တိုင်းကို ပိတ်ဆို့နိုင်သော်လည်း ပတ်တီးဖြင့်ပတ်ပြီး လိမ္မော်သီးရောင်းသည့်ပုံက ထူးဆန်းလွန်းလှသည်။ လျှိုကျောက်ချင်းက ပြုံးကာ ပြောသည်။

"ရှင်းဝမ်ပြောတာ အဓိပ္ပါယ်ရှိတယ်… ဒါ့အပြင် ငါတို့က စီးပွားရေးလုပ်ဖို့သွားတာ… ငါတို့ခေါင်းကို ပတ်တီးနဲ့ပတ်ထားရင် ဈေးဝယ်သူတွေအားလုံးက ကြောက်လန့်ပြီး ထွက်ပြေးသွားလိမ့်မယ်"


သူက ခေတ္တရပ်ကာ ခေါင်းကုတ်လိုက်သည်။

"ဒါပေမဲ့ မနက်ခင်း အပြင်မှာ ငါတို့တွေ ဈေးသွားရောင်းလို့ ဆံပင်နဲ့ခန္ဓာကိုယ်မှာ အကာအကွယ် တစ်စုံတစ်ရာမရှိရင် ငါတို့ရဲ့အဝတ်အစားတွေ ပျက်စီးသွားလိမ့်မယ်"


ကျန်းဖျင်စစ်: "ရပါတယ်… ပိုက်ဆံရှာနိုင်သ၍ ဝတ်ဖို့အဝတ်အစားအသစ်တွေ ဝယ်လို့ရတယ်"


လျှိုကျောက်ချင်းက သူ့နဖူးကို ရိုက်လိုက်ပြီး ပြောသည်။

"ဟုတ်သားပဲ… ငါတို့တွေ ပိုက်ဆံရှာနိုင်သ၍ အစားအသောက်နဲ့ အဝတ်အစားတွေ ဝယ်လို့ရတယ်… ဘာပဲဖြစ်ဖြစ် ငါတို့ပြန်လာတဲ့အခါ ရေချိုးလို့ရတယ်… ငါ့တို့ဆံပင်တွေ ညစ်ပတ်နေရင် ခဏလောက် သည်းခံနေလိုက်ပါ"


ခယ်ရှောင်ပင်းက မေးခွန်းတစ်ခုကို မေးလာသည်။

"ငါတို့ရတဲ့ပိုက်ဆံတွေကို စာမေးပွဲခန်းထဲကနေ ထုတ်လို့မရဘူးလား… ဒါ့အပြင် ငါတို့က စာကြည့်တိုက်မှာ အမှတ်တွေပဲ သုံးလို့ရတာဆိုတော့ ငွေစက္ကူတွေက အသုံးမဝင်ဘူး… ငါတို့ ဥပဒေဌာနတုန်းက တစ်ယောက်စီရဲ့ဖုန်းတွေထဲကို ယွမ် 300 ပို့ခဲ့ပြီး ငါတို့အသုံးမပြုတဲ့ပိုက်ဆံတွေကို ထုတ်လို့မရခဲ့ဘူး… ဒါပေမဲ့ ဒီကမ္ဘာကြီးကတော့ မတူဘူး… ပိုက်ဆံကို ငါတို့ဆီ တိုက်ရိုက်မပို့ဘဲ အမှတ်တွေနဲ့ လဲလှယ်ရတယ်… ဒီတော့ ရလာတဲ့ပိုက်ဆံကို အမှတ်နဲ့ လဲလှယ်လို့ရတယ်မလား"


ရှောင်ခယ်သည် များသောအားဖြင့် ဂိမ်းများကို ကစားလေ့ရှိပြီး သူ၏တွေးခေါ်ပုံမှာ အမှန်တကယ် လိုက်လျောညီထွေ ရှိသည်။ ယွဲ့ရှင်းဝမ်က အဲဒါကို စဉ်းစားပြီး ပြောသည်။

"ငွေကြေးကို အမှတ်နဲ့ လဲလှယ်လို့ရမယ်ဆိုရင် ဒီစာမေးပွဲခန်းက မထွက်ခွာခင်မှာ ငါတို့သုံးစွဲခဲ့ရတဲ့ အမှတ်တွေကို ပြန်ရနိုင်လိမ့်မယ်" 


ကျန်းဖျင်စစ်: "ငွေကြေးနဲ့ အမှတ်တွေရဲ့ အချိုးက 20:1 ဖြစ်ပြီး အမှတ် 1,000 ကို ယွမ် 50 နဲ့သာ လဲလှယ်နိုင်တယ်… ငါတို့ရဲ့ လိမ္မော်သီးအားလုံးကို ယွမ် 1,000 နဲ့ ရောင်းချနိုင်တယ်… အမှတ်တွေကို ပြောင်းပြန်အချိုး 1:20 နဲ့ လဲလှယ်လိုက်ရင် အမှတ် 20,000 နဲ့ လဲလှယ်ဖို့ မဖြစ်နိုင်ဘူးမလား"


ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာသည်။

"အမှတ် 20,000 က အရမ်းမိုက်တာပဲ… ငါတို့ ဒီသင်တန်းကို ရှင်းပြီးရင် ငါတို့တွေ ငါးရာ၊ ခြောက်ရာ ရလိမ့်မယ်"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောလာသည်။

"စာကြည့်တိုက်က ငါတို့အပေါ် သိပ်ကောင်းမှာ မဟုတ်ဘူး… အဖွဲ့ထဲမှာ ဓာတုဗေဒဌာန ကျောင်းသားရှိနေသ၍ သူတို့က ရေသန့်စင်ပြီး ပိုက်ဆံရအောင် ရောင်းနိုင်တယ်… သင်တန်းမပြီးခင် ယွမ်ထောင်ချီရဖို့က မခက်ခဲဘူး… ယွမ်ထောင်ချီကို အမှတ်သောင်းချီနဲ့ ပြန်လဲလို့ရတယ်… ဒီသင်တန်းပြီးရင် အဖွဲ့အမှတ်တွေအားလုံးက ပုံမှန်ထက် များနေမှာမလား"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်သဘောတူသည်။

"ဒါက အဓိပ္ပာယ်ရှိတယ်… စာကြည့်တိုက်က အရမ်းကြင်နာမှာမဟုတ်ဘူး… ဒါကြောင့် ပြောင်းပြန်လဲလှယ်ခြင်းအချိုးက 1:20 မဖြစ်နိုင်ဘူး"


ကျန်းဖျင်စစ်က တိုးတိုးလေးပြောလိုက်သည်။ 

"မေးကြည့်လိုက်ပါ"


သူသည် သုတေသနအဖွဲ့ chat channel ကိုဖွင့်ပြီး “ပြောင်းပြန်လဲလှယ်ခြင်းအမှတ်များ” ကိုရိုက်ထည့်လိုက်သည်နှင့် လေးထောင့်ဘောင်ထဲတွင် မက်ဆေ့ချ်တစ်ခုပေါ်လာပြီး "ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရှိ သင်တန်းများအတွက် ငွေကြေးကနေ အမှတ်ကို လဲလှယ်ခြင်းအချိုးက—— 200:1 ဖြစ်ပါတယ်"


လူတိုင်း: "..."


လျှိုကျောက်ချင်းက မထိန်းနိုင်ဘဲ ဆဲလေသည်။

"Fuck… စာကြည့်တိုက်မှာ ရည်ရွယ်ချက်ကောင်းမရှိဘူးဆိုတာ ငါသိနေတယ်… အမှတ်ကနေ ငွေကြေးကို လဲလှယ်နှုန်းက 20:1 ဖြစ်ပြီး ငွေကြေးကနေ အမှတ်ကို လဲလှယ်နှုန်းက 200:1 ဖြစ်နေတယ်… ဒါက ဗြောင်ကျကျ ပိုက်ဆံယူတာမဟုတ်ဘူးလား"


လင်းမန့်လော်က ကူကယ်ရာမဲ့စွာ ပြောသည်။

"ဒါက စီးပွားရေးဌာနမဟုတ်ဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ မြေအောက်ခန်းဖြစ်နေတယ်… နေ့ချင်းညချင်း ချမ်းသာဖို့ဆိုတာ ငါတို့အတွက် မဖြစ်နိုင်ဘူး"


ယွဲ့ရှင်းဝမ်က သူ့နားထင်တွေကို ပွတ်သပ်ရင်း ဆိုသည်။

"ထားလိုက်ပါတော့… ဒီကမ္ဘာကြီးမှာ 14 ရက်အသက်ရှင်ဖို့ အရင်ဆုံး ပိုက်ဆံအလုံအလောက်ရှာကြရအောင်… နောက်ဆုံးမှာ ပိုက်ဆံကျန်ခဲ့ရင် ငါတို့တွေ တတ်နိုင်သလောက် အမှတ်တွေနဲ့ လဲလှယ်လို့ရတယ်"


ပြောင်းပြန်လဲလှယ်ခြင်း၏အချိုးသည် အလွန်သနားစရာကောင်းသောကြောင့် သူတို့၏အမှတ်များကို အလွယ်တကူသုံးစွဲ၍မရပါ။ သူတို့တွေ ပိုက်ဆံသုံးချင်ပါက အဆင်သင့်ပြုလုပ်ထားသော ဒီကမ္ဘာကနေ တိုက်ရိုက်ရယူရုံပါပဲ။


ကံကောင်းထောက်မစွာ ထိုအချိန်က ကျန်းဖျင်စစ်သည် အမြော်အမြင်ရှိခဲ့ပြီး လူတိုင်းလက်ထဲထည့်ထားသည့်အမှတ်များကို အသုံးမချခဲ့ဘဲ တစ်ဝက်သာ လဲလှယ်ခဲ့ပြီး ပထမနေ့အတွက် မျက်နှာဖုံးများနှင့် အစားအစာများကို ဝယ်ယူခဲ့သည်။


အားလုံးက ပစ္စည်းတွေ ထုပ်ပိုးပြီး မနက် 9 နာရီပဲ ရှိသေးသည်။


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"မနက် 9 နာရီမှာ လူငယ်တွေက အလုပ်သွားလောက်ပြီး သက်ကြီးရွယ်အိုတွေက သဲမုန်တိုင်းအတိုက်ခံပြီး အပြင်ထွက်ဖို့ စိတ်မဝင်စားလောက်ဘူး… လိမ္မော်သီးကို အရင်မယူသွားဘဲ ဘယ်ရပ်ကွက်တွေမှာ လူပိုများလဲ စုံစမ်းကြည့်ရအောင်… နေ့လယ်လောက်မှ ရောင်းဖို့ လိမ္မော်သီးကို ယူသွားမယ်"


စီးပွားရေးလုပ်သောအခါ သူတို့သည် စျေးကွက်သုတေသနလုပ်ရမည်။ သူတို့သည် လိမ္မော်သီးတွေ အများကြီးနဲ့ ထွက်သွားပါက ပထမအနေနဲ့ သယ်ရတာ အဆင်မပြေဘူး။ ဒုတိယအချက်ကတော့ မနက် 9 နာရီမှာ ဝယ်မဲ့လူနည်းပါသည်။ နေ့လယ်စာစားချိန်အတွင်း အလုပ်လုပ်ကိုင်သူများသည် နေ့လည်စာစားကြပြီး ကျောင်းသားများက အိမ်ပြန်ကြမည်ဖြစ်သည်။ ထိုအချိန်တွင် ဆိုင်ခန်းများ တည်ဆောက်တာက ပိုမိုထိရောက်မည်ဖြစ်သည်။


အားလုံးက ရှင်းဝမ်၏အကြံပြုချက်ကို သဘောတူပြီး ခေါင်းငြိမ့်ကြသည်။


ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။

"ချင်လုက အရင်ဆုံး နောက်မှနေခဲ့ပြီး လိမ္မော်သီးတွေကိုရွှေ့ဖို့ မင်းရဲ့စွမ်းရည်ကို အသုံးပြုလို့ရတယ်… အခြားသူတွေက မြို့ပြဧရိယာကို စုံစမ်းဖို့ ငါ့ရဲ့အဖွဲ့လိုက်အရှိန်မြင့်ခြင်းစွမ်းရည်ကို အားကိုးလို့ရတယ်… ပြီးရင် လိပ်စာကိုရွေးပြီး ချင်လုကို ကုန်ပစ္စည်းပို့ဖို့ အကြောင်းကြားလိုက်မယ်"


ရွှီယိရှန်းက သူ့လက်ကို မြှောက်လိုက်သည်။

"မင်းတို့စုံစမ်းမယ်ဆိုရင် ငါလည်း လိုက်မယ်… ငါ့ရဲ့ mitosis က အလုပ်တွေ ပိုမြန်ပြီး စကားမစပ် နေ့ခင်းဘက် အဖွဲ့လုပ်ရှားမှုမှာ အဆင်ပြေစေဖို့ ဘယ်မှာပုံးတွေရနိုင်မလဲဆိုတာကိုလည်း စစ်ဆေးကြည့်မယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီး… စီနီယာအစ်ကိုရွှီလည်း သွားတာပေါ့"


လူခြောက်ယောက်အုပ်စုသည် မြေအောက်အခြေစိုက်စခန်းမှ ထွက်သွားကြပြီး ယွဲ့ရှင်းဝမ်သည် အဘိဓာန်ကိုဖွင့်ကာ အဖွဲ့လိုက်အရှိန်မြင့်ခြင်းစွမ်းရည် “အလင်းကဲ့သို့လျင်မြန်ခြင်း” ကို အသက်သွင်းလိုက်သည်။ လူတိုင်း၏အရှိန်သည် ပူလီကိုနင်းသလိုမျိုး အရှိန်ငါးဆတိုးလာပြီး မကြာမီ မြို့ထဲသို့ ပြေးသွားလေသည်။


အနီးနားက လူနေရပ်ကွက်ကို လူတိုင်းတွေ့လိုက်သည်။ ရပ်ကွက်တွင် အဆောက်အဦး ဒါဇင်များစွာရှိသော်လည်း အဆောက်အဦးအားလုံးသည် တစ်ပုံစံတည်း 6 ထပ်မြင့်သည်။ ယွဲ့ရှင်းဝမ်သည် ဖုန်မှုန့်တွေနဲ့ ပြည့်နေသောကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။

"လေထုညစ်ညမ်းမှုကြောင့် လူနေအဆောက်အဦးတွေ အရမ်းမြင့်ရင် လေထုအရည်အသွေးက ပိုဆိုးလာမှာလား"


ကျိုဖုန်း: "အမှုန်အမွှားတွေက များသောအားဖြင့် အထပ် 10 လောက်မြင့်တဲ့ နေရာမှာ ပေါ်နေတတ်တယ်… ကောင်းကင်မှာ ဖုန်မှုန့်တွေ အရမ်းများနေတယ်… 10 ထပ်ကနေ အထပ် 20 ကြားဆိုရင် အသက်ရှူလို့မရတော့ဘူးလို့ ခန့်မှန်းရတယ်… လူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ 10 ထပ်ထက်မပိုရဘူး"


ကျန်းဖျင်စစ်: "အဆောက်အဦးတွေ ဖြန့်ဖြူးမှုအမြင်အရ ဒီရပ်ကွက်မှာ အိမ်ထောင်စု 500 လောက်ရှိနိုင်တယ်… ဒါပေမဲ့ အိမ်တိုင်းက နေ့လယ်ချိန်မှာ ဂိတ်တံခါးကနေ ဖြတ်သွားဖို့မလိုဘူး… ငါတို့လိမ္မော်သီးတွေက မရောင်းရလောက်ဘူး"


ကျိုဖုန်း: "နောက်ထပ် ရပ်ကွက်တချို့ကို ရွေးဖို့ရှာကြည့်တာပေါ့… အဲဒါတွေအားလုံးကို မရောင်းနိုင်ရင် အစုလိုက်ရောင်းမယ်"


ယွဲ့ရှင်းဝမ်: "ကောင်းပြီ… ဟိုဟိုဒီဒီ သွားကြည့်ရအောင်… အားလုံး ဘေးကင်းဖို့ ဂရုစိုက်ကြ"


လူတိုင်းသည် အဖွဲ့လိုက်လူခွဲသွားကြပြီး အနီးနားရှိ အဆောက်အဦးများစွာရှိသည့် ရပ်ကွက်ကြီးတချို့ကို တွေ့ရှိကာ တည်နေရာကို ဆုံးဖြတ်ခဲ့ကြသည်။ ယွဲ့ရှင်းဝမ်သည် လူတိုင်းကြား အကွာအဝေးကို တစ်ကီလိုမီတာထက် မပိုစေရဟု တောင်းဆိုခဲ့သည်။


အချိန်တွေတဖြည်းဖြည်းကုန်သွားသည်။ ခေါင်းစွပ်နှင့် အကာအကွယ်အဝတ်အစားများ မဝတ်ထားသောကြောင့် သူတို့၏အဝတ်အစားများသည် သဲနှင့် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး ဆံပင်များသည် အဝါရောင်သဲများနှင့် ပြည့်နေသည်။ သူတို့သည် ရွှံ့ထဲတွင် အကြိမ်ပေါင်းများစွာ လူးလိမ့်နေပုံရပြီး အလွန်အမင်း သနားစရာကောင်းနေသည်။


ကံကောင်းထောက်မစွာပဲ ဒီနေ့ အပြင်ထွက်တုန်းက မျက်နှာဖုံးတပ်ထားသည်။


မျက်နှာဖုံးသည် ဖုန်မှုန့်အများစုကို ပိတ်ဆို့ထားနိုင်သော်လည်း လေထဲတွင် ထူးဆန်းသော အနံ့အသက်များက လွင့်နေသေးသည်။


ယွဲ့ရှင်းဝမ်သည် ခါးသက်သက်မျက်နှာနဲ့ပြောသည်။

"အိုင်းယား… မင်းက လောဘသိပ်ကြီးလို့မရဘူးလေ… ဒီအတိုင်းလည်း ပိုက်ဆံရှာလို့ရတာပဲ… နေ့တိုင်း ဆိုင်ဖွင့်ဖို့ အပြင်ထွက်နေရရင် ငါတို့တွေ ရက်အနည်းငယ်တောင် တောင့်မခံနိုင်ဘဲ လည်ချောင်းနာနဲ့ အဆုတ်ရောင်ရောဂါတွေ ရလာမှာကို ငါစိုးရိမ်တယ်"


ကျန်းဖျင်စစ်က သူ့ကို “စကားသိပ်မပြောနဲ့”ဆိုသေ အမူအရာမျိုးပြလိုက်သည်။ သူစကားပြောတိုင်း သူ့လည်ချောင်းထဲကနေ မီးခိုးတွေထွက်နေသလို ခံစားရသည်။ ဤကမ္ဘာရှိ ပတ်ဝန်းကျင်စိုထိုင်းမှုသည် 20% ထက်နည်းသည်ဟု ခန့်မှန်းရပြီး လေသည် အလွန်ခြောက်သွေ့ကာ နှာခေါင်းယားယံသည်။


ကျန်းဖျင်စစ်က သုတေသနအဖွဲ့ chat channel ကိုဖွင့်ပြီး ပြောလိူက်သည်။

"အားလုံး မေးစရာတွေရှိရင် ဆက်သွယ်ဖို့ ဒီမှာပဲ စာရိုက်လိုက်ပါ… စကားပြောတဲ့အခါ ဖုန်မှုန့်တွေကို ရှူရှိုက်ရလွယ်ကူပြီး လည်ချောင်းလည်း အဆင်မပြေဘူး"


နောက်ဆုံးတွင် 11:00 ဝန်းကျင်၌ ယွဲ့ရှင်းဝမ်သည် သုတေသနအဖွဲ့ chat channel သို့ မက်ဆေ့ချ်တစ်စောင်ပေးပို့ခဲ့သည်။

"အားလုံး အဆင်သင့်ပြင်ထားကြ… ချင်လုက စပြီးကုန်ပစ္စည်းတွေကို ပို့ဆောင်မှာဖြစ်လို့ အရှိန်ကို အာရုံစိုက်ပါ"


ကျန်းဖျင်စစ်က လမ်းကြောင်းကို ပို့ခဲ့သည်။

"အပြင်ထွက်ပြီး ညာဘက်ကိုကွေ့ပြီးတော့ 1 ကီလိုမီတာ တည့်တည့်လမ်းလျှောက်… ဘယ်ဘက်ကိုကွေ့ပြီး 1 ကီလိုမီတာသွားပြီးတော့ ညာဘက်ကွေ့ပြီး မီတာ 800 သွားလိုက်"


ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှုသည် တစ်ကြိမ်လျှင် 2 စက္ကန့်သာ ကြာပြီး လိမ္မော်သီးတွေ အများကြီးဖြင့် လူတစ်ယောက်ဟာ သူတို့မျက်လုံးရှေ့မှာ တခဏချင်း ပေါ်လာတာကိုမြင်ပါက ဒီကမ္ဘာကလူများသည် အံ့ဩသွားလိမ့်မည်။


မိနစ်ဝက်အတွင်း ချင်လုသည် လိမ္မော်သီးခြောက်ခြင်းဖြင့် ကျန်းဖျင်စစ်မှသတ်မှတ်ထားသော သြဒီနိတ်တွင် ပေါ်လာသည်။ ရွှီယိရှန်းသည် ကျန်းဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့ ရေးဆွဲထားသော မြေပုံနှင့်အတူ အခြေစိုက်စခန်းသို့ ပြန်လာခဲ့ပြီး နေ့လယ်ပိုင်းတွင် ပုံးများကို စုဆောငရန် အသင့်ဖြစ်ခဲ့သည်။


ရပ်ကွက်ဘက်တွင် မည်သူမျှမရှိသော ထောင့်၌ လူခြောက်ယောက်စုပြီး အလုပ်များစလုပ်ကြသည်။ စကားပြောသောအခါ လည်ချောင်းက အဆင်မပြေဖြစ်ပြီး ယွဲ့ရှင်းဝမ်သည် သုတေသနအဖွဲ့ chat channel မှာ ရိုက်နှိပ်လိုက်သည်။ 

"လိမ္မော်သီးဘယ်နှစ်လုံးရှိလဲ"


ချင်လု: "ငါတို့ရေထားပြီ… ခြင်းတောင်းတစ်ခုစီတွင် လိမ္မော်သီး 180 ကိုရှိပြီး စုစုပေါင်း 1080 လုံး" 


ယွဲ့ရှင်းဝမ်: "ဒီမှာနေထိုင်သူတွေက လိမ္မော်သီးကို တစ်ခါမှ မမြင်ဖူးသလို ဒီအသီးရဲ့အရသာကို မသိတဲ့အတွက် သူတို့တွေကို အခွံနွှာပြီး မြည်းစမ်းကြည့်ခိုင်းလို့ရတယ်… လူတစ်ဦးစီက တစ်စိတ်၊ နှစ်စိတ်လောက်ပဲ မြည်းစမ်းကြည့်ခွင့်ရှိတာကြောင့် တစ်လုံးလုံးမပေးလိုက်နဲ့" 


လူတိုင်းက ခေါင်းငြိမ့်လိုက်သည်။


ကျိုဖုန်းက ရုတ်တရက် စာရိုက်ပြီး မေးလာသည်။

"ငါတို့ဘယ်လိုအော်ရမှာလဲ… သဲမုန်တိုင်းက အရမ်းပြင်းပြီး စကားနည်းနည်းပြောတာနဲ့ ငါ့လည်ချောင်းက ယားယံလာတယ်… ‘အသီးတစ်လုံး တစ်ယွမ်ရောင်းတယ်’လို့ အော်လိုက်ရင် မိနစ်အနည်းလောက် အော်လိုက်ပြီး အားလုံးရဲ့လည်ချောင်းတွေ နာကုန်မှာ ငါခန့်မှန်းရတယ်"


ခယ်ရှောင်ပင်းမှာ အကြံကောင်းတစ်ခုပေါက်လာပြီး ပြောလိုက်သည်။

"ကျွန်တော် ရှောင်ထူကို အော်ခိုင်းလို့ရတယ်… စက်ရုပ်က သဲမုန်တိုင်းကို မကြောက်ဘူး"


ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်လိုက်ပြီး စာရိုက်ကာ မေးသည်။

"ရှောင်ထူက သတ်မှတ်ထားတဲ့ အသံကို ဖွင့်ပေးနိုင်လား"


ခယ်ရှောင်ပင်းက ချက်ချင်းပြန်ဖြေသည်။

"ရတယ်… သူက အခု ဉာဏ်ကောင်းနေပြီ… ငါနဲ့ နေ့တိုင်း စကားပြောနိုင်ရုံတင်မကဘူး ငါပြောတာကို ထပ်ခါထပ်ခါ အသံဖမ်းစက်အနေနဲ့လည်း လုပ်ဆောင်နိုင်တယ်… ငါပြောထားတဲ့ စာပိုဒ်ကို ကြိုပြီးအသံသွင်းထားပြီးတော့ ကုန်တိုက်မှာ အဆက်မပြတ်ဖွင့်နေတဲ့ စပီကာတွေလိုပဲ… အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်"


သူတို့တွေ စူပါမားကတ်ကို ဖြတ်သွားတိုင်း ‘လွန်ခဲ့သောသုံးရက်’နှင့် ‘လျှော့ဈေး’စပီကာများကို တွေးရင်း ယွဲ့ရှင်းဝမ် ခေါင်းကိုက်သွားသည်။ လူတိုင်း၏ကိုယ်ပိုင်အသံထက် ရှောင်ထူကိုအော်ခိုင်းတာက ပိုကောင်းပါသည်။


ခယ်ရှောင်ပင်းက ဆက်ပြောသည်။

"ငါတို့ မိုဘိုင်းစစ်ပွဲနည်းလမ်းကို သုံးလို့ရတယ်… ပထမက ဒီရပ်ကွက်ရဲ့ ဂိတ်ပေါက်မှာ ရောင်းမယ်… ပြီးရင် နောက်ရပ်ကွက်ကို သွားမယ်… ဘာပဲဖြစ်ဖြစ် နေ့လယ်စာစားချိန်က တော်တော်ကြာတယ်… ငါတို့တွေ ဒီနေ့ ရေဘယ်လောက်ရောင်းရမလဲဆိုတာ စမ်းကြည့်ရုံကြမယ်"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းတွင် ခေါင်းငြိမ့်သည်။


‘စပီကာ’အနေနဲ့ ရှောင်ထူက လူတော်တော်များများကို ဆွဲဆောင်နိုင်ပေမဲ့ ယွဲ့ရှင်းဝမ်သည် ရှောင်ထူ၏တည်ရှိမှုက သိပ်ကို ထင်ရှားလွန်းတယ်လို့ ယူဆသည့်အတွက် သူက ပြောလိုက်သည်။

"မင်း ရှောင်ထူကို ဖွက်ထားလို့ရလား… ရှောင်ထူကို မြင်နေရင် လူတွေကို ရှင်းပြရခက်တယ်"


ခယ်ရှောင်ပင်း: "ရတယ်… ငါ ရှောင်ထူကို အသေးစားပုံစံလုပ်ပြီး အိတ်ကပ်ထဲမှာဖွက်ထားပြီးတော့ ငါတို့က အသေးစားစတီရီယို ယူလာတယ်လို့ ဟန်ဆောင်လိုက်မယ်… မဟုတ်ရင် တစ်မီတာထက် ပိုမြင့်တဲ့ စက်ရုပ်တစ်ရုပ်ကြောင့် အရှုပ်အထွေးတွေ ဖြစ်သွားလိမ့်မယ်"


ကျိုဖုန်းက ပြုံးကာပြောသည်။

"အရမ်းကောင်းတယ်… ငါတို့က ကိုယ်ပိုင်စပီကာနဲ့ အသီးရောင်းတဲ့ အဖွဲ့ပဲ"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ပြီး ပြောလိုက်သည်။

"ဒါဆို စာသားကို စဉ်းစားကြည့်ရအောင်… ငါတို့ရောင်းတာကို ကောင်းမွန်အောင် သူ့ကို ဘယ်လိုအော်ခိုင်းရမလဲ"


စာသားတွေအကြောင်းတွေးတာကတော့ သေချာပေါက် ယွဲ့ရှင်းဝမ်ပဲ ဖြစ်လိမ့်မည်။ သူသည် ခေါင်းငုံ့ပြီး စာပိုဒ်တစ်ပိုဒ်ကို တွေးကာ ရှောင်ထူကို သင်ပေးဖို့ ခယ်ရှောင်ပင်းကို တောင်းဆိုလိုက်သည်။


နေ့လယ် 12 နာရီတွင် ရပ်ကွက်ဂိတ်ပေါက်၌။


လူငယ်အများစုသည် အလုပ်မှ အနားယူပြီး နေ့လယ်စာစားရန် အိမ်ပြန်ကြပြီး ကျောင်းတက်ပြီးနောက် နေ့လယ်စာစားရန်ပြန်လာသည့် ကျောင်းလွယ်အိတ်ကလေးများနဲ့ ကျောင်းသားများလည်း ရှိသည်။


လူများသည် ရပ်ရွာဂိတ်ပေါက်သို့ လာပြီး ထွက်သွားကြပြီး အဝေးရှိ မလှမ်းမကမ်းမှာ တစ်ယောက်ယောက်က ပတ်တီးနဲ့ ရိုးရိုးတဲတစ်လုံး ဆောက်ထားတာကို လူတိုင်း မြင်လိုက်ရသည်။ တဲအတွင်းတွင် ထူးဆန်းသော လိမ္မော်ရောင်ဘောလုံးများထည့်ထားသည့် တောင်းများရှိပြီး လူခြောက်ယောက် မတ်တတ်ရပ်နေသည်။ ပေါင်းပင်များကဲ့သို့ ရှုပ်ပွနေသော ဆံပင်တွေနဲ့ မျက်နှာနှင့် ခန္ဓာကိုယ်ကို သဲများဖုံးလွှမ်းထားပြီး သူတို့သည် တွင်းထဲမှ ထွက်လာသကဲ့သို့ပင်…


အသံဖမ်းထားသော စက်အသံက အလွန်ကျယ်လောင်စွာ အော်နေသည်။

"အသီးရောင်းတယ်… အသီးရောင်းတယ်… လတ်လတ်ဆတ်ဆတ် အသီးတစ်လုံးအတွက် တစ်ယွမ်ပါပဲ… ဝယ်စားကြည့်လို့ အရှုံးမရှိသလို လှည့်စားခံရမှာလည်း မဟုတ်ပါဘူး… မသေချာရင် မြည်းကြည့်လို့ရပါတယ်"


"အသီးရောင်းတယ်… အသီးရောင်းတယ်… လတ်လတ်ဆတ်ဆတ် အသီးတစ်လုံးအတွက် တစ်ယွမ်ပါပဲ… ဝယ်စားကြည့်လို့ အရှုံးမရှိသလို လှည့်စားခံရမှာလည်း မဟုတ်ပါဘူး…"


ရှောင်ထူ၏ အဆက်မပြတ် ထပ်တလဲလဲ ပြတ်သားသော စက်သံသည် မှော်ဆန်ဆန်အသံတစ်ခုနှင့် တူသည်။


နေထိုင်သူများ: "????"


ဒီနေ့ စိတ်ကျန်းမာရေးဆေးရုံကနေ လူတချို့များ ထွက်ပြေးလာတာလား…


#TK