Chapter 195
Viewers 22k

Volume 9 : ပထဝီဝင်ဌာန


Chapter 195 (မြို့ပြစီမံကိန်း ၀၄)


လက်ရှိမြို့ပြသဲစားပွဲတစ်ခုလုံးက ကြည့်ကောင်းသော်လည်း အသေးစိတ်အချက်အလက်များမှာ မပြည့်စုံပါ။


ပထမအချက်က လမ်းဘေးပြဿနာဖြစ်ကာ အပြင်ထွက်ပြီး လမ်းမကြီးပေါ် တိုက်ရိုက်လျှောက်ရင် သေချာပေါက်အလုပ်မဖြစ်ဘူး။ ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ရှောင်နျန်နဲ့ ခယ်ရှောင်ပင်းက အခုပဲ လမ်းခင်းတဲ့ တာဝန်ယူထားတာ… မြို့ပြဧရိယာမှာရှိတဲ့ လမ်းအားလုံးကို ပြန်ပြင်သင့်ပြီး လမ်းတစ်ဖက်တစ်ချက်စီမှာ လူသွားလမ်းတွေခင်းထားလိုက်ပါ" 


ခယ်ရှောင်ပင်းသည် အဆောက်အဦးများကို ရှာဖွေပြီး မကြာမီတွင် အနီရောင် အုတ်ပုံစံငယ်တစ်ခုကို တွေ့ရှိခဲ့သည်။

"ဒါကို လူသွားလမ်းခင်းဖို့ သုံးသင့်တယ်… ဒါနဲ့ မြို့အများစုမှာ လမ်းမကြီးနဲ့ လူသွားလမ်းကြားမှာ အရိပ်ရအောင် သစ်ပင်တချို့စိုက်ကြပြီး လမ်းလယ်မှာ သီးခြားအစိမ်းရောင်ဧရိယာတွေနဲ့ သပ်သပ်ရပ်ရပ် အလှဆင်ထားတဲ့ အပင်စိမ်းတွေကို စိုက်ကြတယ်"


လင်းမန့်လော်: "ဟုတ်တယ်… ငါနင်တို့နဲ့အတူ ပူးပေါင်းလိုက်မယ်… နင်တို့က လူသွားလမ်းခင်းဖို့ တာဝန်ယူပြီး သစ်ပင်စိုက်ဖို့ ငါ့အတွက် နေရာချန်ထားလိုက်ပေါ့"


ကျန်းရှောင်နျန်က ထပ်ပေါင်းပြောသည်။

"လမ်းဆုံးမှာ လူကူးမျဉ်းကြားတွေ မဆွဲရသေးဘူး… ကျွန်တော်တို့ အဖြူရောင်လူကူးမျဉ်းကျားတွေ ဆွဲရမယ်"


သုံးယောက်သား ချက်ချင်းလှည့်ပြီး အလုပ်သွားလုပ်ကြသည်။ ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့သည် ယခုလေးတင် လမ်းခင်းထားတာဖြစ်သောကြောင့် သူတို့သည် မြို့၏လမ်းကြောင်းနှင့် အလွန်ရင်းနှီးကြပြီး လမ်း၏တစ်ဖက်တစ်ချက်စီတွင် လူသွားလမ်းခင်းသည့်အရှိန်သည် ယခင်ကထက် သိသိသာသာမြန်လာသည်။ လင်းမန့်လော်က သူတို့နောက်ကို လိုက်သွားပြီး နှစ်ယောက်သား လူသွားလမ်း မီတာအနည်းငယ် ခင်းလိုက်တိုင်း သူမက သစ်ပင်များ အမြန်စိုက်ပြီး တစ်မြို့လုံးက ကြည့်ရတာအသစ်ဖြစ်သွားသည်။


စိမ်းလန်းသော အပင်များ၏ အလှဆင်မှုဖြင့် သူတို့၏ မြို့သဲစားပွဲက အနည်းငယ် ပို၍လန်းဆန်းလာသည်။


လူသွားလမ်းများနှင့် မီးပွိုင့်များ စီစဉ်ပေးခြင်းသည် ယာဉ်ကြောတစ်ခုလုံးကို ပိုမိုစနစ်တကျဖြစ်စေသည်။


ကျိုဖုန်းသည် ရေအားလျှပ်စစ်လုပ်ငန်းကို တာဝန်ယူရန် အစပြုခဲ့သည်။ 

"မြို့ပြဓာတ်အားလိုင်းစီမံကိန်းက အရမ်းရှုပ်ထွေးပြီး ဗို့အားမြင့်လျှပ်စစ်ဓာတ်အား၊ ဓာတ်အားခွဲရုံတွေ စတာတွေကိုလည်း ဒီဇိုင်းထုတ်ဖို့ လိုတယ်… ငါတို့ အားလုံးကို မကိုင်တွယ်နိုင်ဘူး… အကြမ်းဖျင်းဆိုရင် လုံလောက်ပြီမလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… ရမှတ်က အသင့်အတင့်ဖြစ်ပြီး အိမ်တိုင်းက ဝိုင်ယာကြိုးတွေကို ဆွဲလို့မရဘူး… ဌာနတိုင်းဆီ ဝိုင်ယာကြိုးတွေနဲ့ အင်တာနက်ကြိုးတွေကို ဆွဲယူလိုက်မယ်… ဧရိယာတစ်ခုမှာ ဖုန်းလိုင်းအခြေစိုက်ဌာနတစ်ခု တည်ဆောက်လိုက်ရင် လုံလောက်ပြီ"


ကျိုဖုန်းက လှည့်ပြီး အလုပ်သွားလုပ်သည်။ သူတို့သည် macroscopic မြို့ပြသဲစားပွဲပေါ်တွင် အလုပ်လုပ်ကြပြီး အဆောက်အဦးအတွင်းပိုင်းကို စိတ်ပူစရာမလိုဘူး။ ထို့ကြောင့် ရပ်ကွက်တစ်ခုစီသို့ ဓာတ်အားလိုင်းဆွဲရန် လုံလောက်ပါသည်။ ရပ်ကွက်အတွင်း ရေပိုက်နှင့် လျှပ်စစ်မီးပြုပြင်မွမ်းမံရန် သူတို့မှာ အချိန်မရှိပေ။


လမ်းဘေးဈေးဆိုင်များ ပြဿနာကို ရှင်းယန်ဆီ လွှဲပေးခဲ့သည်။ သူသည် လူနေရပ်ကွက်အများအပြားရှိ လမ်းဘေးမျက်နှာစာ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဆိုင်များကိုကိုယ်စားပြုသည့် ဆိုင်းဘုတ်အများအပြားကို ချိတ်ဆွဲထားသည်။ ဒီနည်းဖြင့် တစ်မြို့လုံးကို ပိုအသက်ဝင်လာစေသည်။


ရှင်းယန်က မေးလိုက်သည်။

"လမ်းဘေးမှာရှိတဲ့ ဒီဆိုင်တွေကို နာမည်ပေးရမှာလား"


ယွဲ့ရှင်းဝမ်: "ဆောက်လို့ပြီးမှ လူနေရပ်ကွက်နဲ့ ဆိုင်တွေအားလုံးကို ငါတို့တွေ တစ်ပုံစံတည်းရေးသွားမယ်"


ဆိုင်းဘုတ်ပေါ်တွင် "ကွေ့လင်ဆန်ခေါက်ဆွဲ"၊ "လန်ကျိုးအမဲသားခေါက်ဆွဲ"၊ "တုတ်ထိုး"၊ "ဟော့ပေါ့"၊ "အသားကင်"များကို ရေးမည်…


စိမ်းလန်းစိုပြည်ရေးနဲ့ ပတ်သက်ပြီးတော့ အခုလောလောဆယ်မှာ ရေစိုဥယျာဉ်များ၊ လမ်းစိမ်းလန်းစိုပြည်ရေးနှင့် ရပ်ကွက်စိမ်းလန်းစိုပြည်ရေးတို့ကို မိန်းကလေး လေးဦး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြီးမြောက်ခဲ့သည်။ အဝေးမှကြည့်လျှင် တစ်မြို့လုံးက ပန်းပင်များနှင့် ပြည့်နေသည်။ စိမ်းလန်းစိုပြည်သောအဆင့်သည် "အမျိုးသားယဉ်ကျေးမှုမြို့" ၏ စံနှုန်းသို့ ရောက်ရှိနိုင်သည်။ အထူးသဖြင့် စီနီယာအစ်မန့်လော် တာဝန်ယူထားသည့် ရင်ပြင်များစွာရှိ ပန်းခင်းများဒီဇိုင်းက အလွန်လှပသည်။


အဝတ်အစားနှင့် အစားအသောက်နဲ့ ပတ်သက်ပြီးတော့ မြို့ထဲမှာ ဈေးဝယ်စင်တာများ၊ အစားအသောက်ဆိုင်များ အများကြီးရှိသည်။ လူနေရပ်ကွက်များအတွင်း မိနစ်အနည်းငယ်ကြာမျှ လမ်းလျှောက်ရသော ကုန်တိုက်ကြီးများနှင့် စူပါမားကတ်များအပြင် လမ်းဘေးရှိ သရေစာဆိုင်များပါရှိပြီး နေထိုင်သူများ၏ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်ပါသည်။


အိမ်ရာနှင့် လမ်းပန်းဆက်သွယ်ရေးအရ လူတိုင်းတည်ဆောက်ထားသော ရပ်ကွက်အရေအတွက်ကို တွက်ချက်ပါက တတိယအဆင့်မြို့၏ အတိုင်းအတာနှင့် လိုက်လျောညီထွေရှိသော လူဦးရေ 3 သန်းခန့် နေထိုင်ရန် မြို့အတွက် ပြဿနာမရှိပါ။ လမ်းပန်းဆက်သွယ်ရေးလည်း အဆင်ပြေသည်။ မြို့ပြဧရိယာအတွင်းရှိ လမ်းများသည် လမ်းကြောင်းအရပ်ရပ်သို့ ပြန့်ကျဲသွားကာ မြို့တွင်းအကွာအဝေးအထိ အရှိန်မြင့်လာပါသည်။ မြို့ပြင်ထွက်ချင်ရင် မီးရထားဘူတာရုံ၊ လေဆိပ်နှင့် အဝေးပြေးကား ဘူတာများကို ရွေးချယ်နိုင်သည်။


ယွဲ့ရှင်းဝမ်က ပြောက်လိုက်သည်။

"အဝတ်အစား၊ အစားအသောက်၊ အိမ်ရာနဲ့ သယ်ယူပို့ဆောင်ရေးက ပြီးလုနီးပါးပါပဲ… ဘာတွေကျန်သေးလဲဆိုတာ ပြန်စဉ်းစားကြည့်ရအောင်"


ချင်လုက သဲစားပွဲကို ငုံ့ကြည့်ကာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ 

"ပညာရေးနဲ့ ဆေးဝါးစောင့်ရှောက်မှုက လုံလောက်ပါတယ်… ငါ့အစ်မက ကျောင်းတွေ ဒါဇင်နဲ့ချီပြီး ဆောက်ထားတယ်… ဒေသခံအားလုံးက ကလေးတွေ အနီးနားမှာ ကျောင်းတက်နိုင်တယ်… အထက်တန်းကျောင်း အများစုက ဘော်ဒါဆောင်တွေရှိပြီး ငါတို့ရဲ့မွေးရပ်မြေက တစ်မြို့လုံးမှာ အထက်တန်းကျောင်း 20 ကျော်ရှိတယ်ဆိုတာ ငါမှတ်မိပြီး ဒီနေရာမှာ 25 ခုဆောက်ထားတာကြောင့် လုံလောက်သင့်တယ်"


ချင်မြောင်က ရုတ်တရက် ပြောလိုက်သည်။

"ငါတို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို လျစ်လျူရှုထားခဲ့တယ်"


ချင်လုက သူမကို ပြန်ကြည့်လိုက်ပြီး ရုတ်တရက် နဖူးကို ရိုက်လိုက်သည်။

"ဟုတ်သားပဲ… မူကြိုနဲ့ ဘိုးဘွားရိပ်သာအိမ်တွေကော"


လူတိုင်း: "..."


အခုလေးတင် သူတို့သည် မူလတန်းနှင့် အလယ်တန်းကျောင်းများဆောက်ဖို့ပဲ အာရုံစိုက်ခဲ့ပေမဲ့ မူကြိုကို မေ့သွားသည်။ ခုနစ်နှစ်အောက် ကလေးများက ဘယ်သွားရမှာလဲ။ သူတို့က အိမ်မှာ ကစားလို့မရသလို လွတ်လွတ်လပ်လပ် ပြေးလို့မရဘူးမလား။ အခြားနေရာများမှာ သားသမီးများရောက်နေကြပြီး တစ်ယောက်တည်း နေထိုင်ကြသော သက်ကြီးရွယ်အိုများလည်း ရှိသလို၊ မမျှော်လင့်ဘဲ သားသမီးများ သေဆုံးသွားကြပြီး စားဝတ်နေရေးပြဿနာကို ဖြေရှင်းရမည့် သက်ကြီးရွယ်အိုများလည်းရှိသည်။ ဘိုးဘွားရိပ်သာမရှိရင် တစ်မြို့လုံးက တစ်ယောက်တည်းသမား သက်ကြီးရွယ်အိုများက အခြားနေရာများကို လျှောက်သွားနေရမှာလား။


ရွှီယိရှန်းက အကူအညီမဲ့စွာဆိုသည်။

"သက်ကြီးရွယ်အိုတွေကို လေးစားဖို့နဲ့ ကလေးတွေကို ချစ်ဖို့ ငါမေ့သွားပြီး မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနဲ့ တက္ကသိုလ်မြို့တွေကိုပဲ အာရုံစိုက်ခဲ့တယ်"


ယွဲ့ရှင်းဝမ်က သူ့နားထင်များကို ပွတ်သပ်ရင်း ပြောသည်။

"မူကြိုနဲ့ ဘိုးဘွားရိပ်သာကို မြန်မြန်ဆောက်လိုက်ပါ… မူလတန်းကျောင်းတွေထက် မူကြိုအရေအတွက်က အများကြီးပဲရှိသင့်တယ်… ဘိုးဘွားရိပ်သာအတွက်တော့ ကြီးမားတဲ့ဧရိယာမှာ ဆောက်သင့်တယ်မလား"


ရွှီယိရှန်းက အစပြုကာ သူ့လက်ကိုမြှောက်လိုက်သည်။

"ငါ ဘိုးဘွားရိပ်သာကို တာဝန်ယူလိုက်မယ်… သက်ကြီးရွယ်အိုတွေ နေထိုင်ဖို့ ပတ်ဝန်းကျင်က လှပဖို့ လိုတယ်… ကျောထောက်နောက်ခံ တောင်ပါတဲ့ ဆင်ခြေဖုံးကို ရွေးပြီး ရှုခင်းက ပန်းမျိုးစုံနဲ့ အပင်တွေရှိတယ်… အိမ်က အရမ်းမြင့်နေစရာ မလိုဘူး… အထပ်ငါးထပ်နဲ့ ဓာတ်လှေကားပါပါတယ်" ယွဲ့ရှင်းဝမ်က မြို့သဲစားပွဲမြေပုံကို ထပ်မံကြည့်ပြီး ပြောလိုက်သည်။ "အခြားလိုအပ်တာတွေရှိသေးတယ်လို့ မင်းတို့ထင်ကြလား"


ခယ်ရှောင်ပင်း: "နည်းပညာမြင့်ဇုန်တွေမှာရှိတဲ့ နည်းပညာမြင့်စက်မှုဇုန်တွေ၊ ကောလိပ်ကျောင်းသားတွေအတွက် ဆန်းသစ်တီထွင်မှုဇုန်တွေ စသဖြင့်ပေါ့… မြို့တော်ရဲ့ မြောက်ဘက်ခြမ်းက နည်းပညာမြင့်ဇုန်မို့လို့ လူနေအဆောက်အဦးတွေ အရမ်းများနေတယ်… ရပ်ကွက်နှစ်ခုကို ဖြိုချပြီး ရုံးခန်းအဆောက်အဦးနှင့် ဆန်းသစ်တီထွင်မှုဇုန်တွေအဖြစ်သို့ ပြောင်းလဲလိုက်မယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… ရှောင်ခယ် လမ်းခင်းပြီးရင် ဒီအပိုင်းကို မင်းတာဝန်ယူလိုက်ပါ"


လန်ယာရုန်သည် သူမ၏မေးစေ့ကို တွေးဆဆဖြင့် ပွတ်သပ်လိုက်သည်။ ခဏအကြာတွင် သူမသည် ရုတ်တရက် ပြောလာသည်။

"တစ်မြို့လုံးမှာ ကားရောင်းဖို့ နေရာမရှိဘူးဆိုတာ သတိထားမိလား… 4S ဆိုင်တစ်ဆိုင်မှ မရှိဘူး"


ရွှီယိရှန်းက ပြဿနာကို လျင်မြန်စွာ သတိပြုမိသည်။

"ဟုတ်တယ်… မြို့အများစုမှာ 4S ဆိုင်တွေ စုစည်းရာ နေရာတွေ ရှိလိမ့်မယ်… များသောအားဖြင့် လမ်းကျယ်ပြီး အဆောက်အဦး နိမ့်တာတွေ ရှိတယ်"


ကျိုဖုန်းက ဒါကိုကြားတော့ ချက်ချင်းပဲ သံယောင်လိုက်ခဲ့သည်။

"ယာဉ်မောင်းသင်တန်းနဲ့ ယာဉ်မောင်းစာမေးပွဲ စင်တာတွေလည်း အနီးမှာ ရှိသင့်တယ်… ငါ ယာဉ်မောင်းလိုင်စင် စာမေးပွဲဖြေတုန်းက အနီးနားမှာ ကားဆိုင်တွေ အများကြီးရှိတယ်"


အခုလေးတင် စဉ်းစားနေခဲ့သော ကျန်းဖျင်စစ်ကလည်း ထပ်ပေါင်းပြောခဲ့သည်။

"အမျိုးမျိုးသော အမြန်ပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတွေရဲ့ ကုန်တင်သယ်ယူပို့ဆောင်ရေးကို ဗဟိုကစီမံခန့်ခွဲတဲ့ ထောက်ပံ့ပို့ဆောင်ရေးဖြန့်ဖြူးရေးစင်တာကို ယေဘုယျအားဖြင့် ဆင်ခြေဖုံးတွေမှာ တည်ဆောက်ထားပြီး 4S စတိုး အနီးမှာ တည်ဆောက်နိုင်တယ်"


သူက မြို့အနောက်ဘက်ရှိ လူနေရပ်ကွက်ကြီးတစ်ခုကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဒီလူနေအဆောက်အဦးအပိုင်းအစတွေကို ဖယ်ရှားပြီး ဧရိယာတစ်ခုလုံးကို 4S စတိုးဆိုင်တွေ၊ ယာဉ်မောင်းစာမေးပွဲစင်တာတွေ၊ မော်တော်ယာဉ် စီမံခန့်ခွဲရေးရုံးတွေ၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွေအဖြစ် လုပ်လို့ရတယ်… ဒီအဆောက်အဦးတွေက အရမ်းနိမ့်ပါးပြီး အမြင်အာရုံပုံစံက ပိုပေါင်းစည်းလာလိမ့်မယ်"


မော်တော်ယာဉ် စီမံခန့်ခွဲရေးရုံးသည် 4S စတိုးဆိုင်အနီးတွင် တည်ရှိပြီး ကားဝယ်ယူသည့် ဒေသခံသူများအတွက် ယာဉ်မှတ်ပုံတင်ရန်နှင့် လိုင်စင်နံပါတ်ပြား ပေးဆောင်ရန် အမှန်တကယ် အဆင်ပြေပါသည်။


ကျိုဖုန်းက အကြံပြုသည်။ 

"ချင်းယန်အနီးမှာ ယာဉ်မောင်းသင်တန်းကျောင်းအနည်းငယ် ဆောက်ချင်သလား… ငါ ယာဉ်မောင်းသင်တုန်းက ယာဉ်မောင်းသင်တန်းကျောင်းက တောင်ထိပ်မှာ ရှိပြီး ယာဉ်မောင်းလေ့ကျင့်ဖို့ နေ့တိုင်း တောင်ပေါ်တက်ရတာကို မှတ်မိတယ်"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… တောင်ထိပ်ရှိ မြေပြန့်က တောင်ပေါ်အတက်အဆင်း လမ်းများစွာကို ဖောက်လုပ်ရာမှာလည်း အသုံးပြုတယ်… ယာဉ်မောင်းလိုင်စင်အတွက် နိုင်ငံသားတွေ မောင်းနှင် လေ့လာနိုင်စေဖို့နဲ့ ယာဉ်မောင်းလိုင်စင်အတွက် စာမေးပွဲ ဖြေဆိုတာ အဆင်ပြေချောမွေ့စေဖို့ မြေပြန့်မှာ ယာဉ်မောင်းကျောင်းများစွာ ဆောက်လုပ်နိုင်တယ်"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောလိုက်သည်။

"ဒီလိုဆိုရင် မော်တော်ယာဉ်စီမံခန့်ခွဲရေးရုံး၊ ကားတွေရောင်းတဲ့ 4S စတိုးနဲ့ ယာဉ်မောင်းသင်တန်းကျောင်းတွေအားလုံးကို ဒီဧရိယာမှာ စုစည်းထားမှာဆိုတော့ တကယ်ကို အဆင်ပြေတယ်" သူက ခေတ္တရပ်လိုက်ပြီး ပြောသည်။ "ဒါ့အပြင် စီးပွားရေးကိစ္စတွေအတွက် ကုန်စည်ပြပွဲ၊ မော်တော်ကားပြပွဲတွေနဲ့ ရုပ်ပြပွဲတွေလိုမျိုး အကြီးစားပြပွဲတွေအတွက် မြို့တွင်းစည်းဝေးပွဲတွေနဲ့ ပြပွဲစင်တာတွေ နည်းပါးနေသေးတယ်လို့ ငါထင်တယ်"


ချင်လုက စိတ်လှုပ်ရှားစွာပြောခဲ့သည်။

"ဟုတ်တယ်… ငါတို့ မြို့အများစုမှာ စည်းဝေးပွဲနဲ့ ပြပွဲစင်တာတွေ မရှားဘူး… အလုပ်သမားနေ့နဲ့ အမျိုးသားနေ့မှာ မော်တော်ကားပြပွဲတစ်ခုကျင်းပပြီး Anime ပြပွဲမှာ ရုပ်ပြပွဲတစ်ခုကျင်းပမယ်ဆိုရင် အားလုံးရဲ့ဘဝက ပိုဆန်းကြယ်လာမှာ" 


ခယ်ရှောင်ပင်းက အဆိုပြုသည်။

"မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ တက္ကသိုလ်မြို့အနီးမှာ နေရာနည်းနည်း လစ်လပ်နေသေးလို့ ဆောက်ကြရအောင်"


ယွဲ့ရှင်းဝမ်က ဆက်လက်၍ပြောသည်။

"ဒေသခံတွေရဲ့ဘဝတွေ ကြွယ်ဝစေဖို့အတွက် မြို့ပြစာကြည့်တိုက်တွေ၊ အနုပညာပြခန်းတွေ၊ ပြတိုက်တွေ၊ အားကစားရုံတွေ၊ မဟာပြဇာတ်ရုံတွေ၊ သိပ္ပံနှင့်နည်းပညာပြတိုက်တွေနဲ့ အပန်းဖြေဥယျာဉ်တွေကိုလည်း ငါတို့ ပိုဆောက်ရမယ်"


ခယ်ရှောင်ပင်းက ကြီးစွာသော ခံစားချက်ဖြင့် နားထောင်နေသည်။ 

"မဟာပြဇာတ်ရုံကို ငါ တစ်ခါမှ မရောက်ဖူးဘူး"


လန်ယာရုန်: "ငါ ငယ်ငယ်က နှစ်သစ်ကူးဖျော်ဖြေပွဲအတွက် အဲဒီကိုသွားပြီး စင်မြင့်ဖျော်ဖြေပွဲတွေ၊ လူငယ်ရုပ်ရှင်ပွဲတော်တွေ မကြာခဏ လုပ်လေ့ရှိတယ်… ငါတို့မွေးရပ်မြေမှာရှိတဲ့ ပြဇာတ်ရုံကြီးကို အစိုးရက ရင်းနှီးမြုပ်နှံပြီး တည်ဆောက်ခဲ့တာ"


ကျန်းဖျင်စစ်: "သိပ္ပံနှင့်နည်းပညာပြတိုက်တွေက ယေဘုယျအားဖြင့် လူငယ်သိပ္ပံသင်ကြားမှုအတွက် အသုံးပြုကြပြီး မဟာပြဇာတ်ရုံအနီးမှာ တည်ဆောက်နိုင်တယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြလိုက်ပြီး အနီးကပ်လိုက်၍ ပြောသည်။

"အားကစားရုံ၊ သိပ္ပံနှင့်နည်းပညာပြတိုက်နဲ့ မဟာပြဇာတ်ရုံ… အဲဒီအဆောက်အဦးကြီးသုံးခုကို တြိဂံပုံစံနဲ့ ဧရိယာတစ်ခုတည်းမှာ တည်ဆောက်မျာဖြစ်တယ်… စာကြည့်တိုက်တွေ၊ ပြတိုက်တွေ၊ အနုပညာပြခန်းတို့လို မြို့ပြယဉ်ကျေးမှု အဆောက်အဦးတွေကို မြို့တော်ခန်းမအနီးမှာ ထားရှိပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ကလေးတွေကစားဖို့ ဆင်ခြေဖုံးတွေမှာ ကစားကွင်းတွေ ဆောက်သွားမယ်"


အဖွဲ့များက နားထောင်ပြီး လက်မထောင်ပြကြသည်။


လူတိုင်းက ဦးနှောက်သုံးပြီး အရာများစွာက ပို၍ထွက်ပေါ်လာသည်။


ဒုတိယအကျော့ အသွင်ပြောင်းပြီးနောက် ဒေသခံများ၏နေ့စဉ်ပြဿနာများဖြစ်သည့် အဝတ်အစား၊ အစားအသောက်၊ အိမ်ရာနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ဖြေရှင်းပေးရုံသာမက ဖျော်ဖြေရေးလုပ်ငန်းများ၊ အားကစား၊ ယဉ်ကျေးမှုစင်တာများ၊ မြို့တော်စည်းဝေးပွဲနှင့် ပြပွဲစင်တာများပါရှိလာသည်။


ဒီအဆောက်အဦးများ ပြီးသောအခါ စာမေးပွဲမပြီးခင် 2 နာရီပဲ ကျန်တော့သည်။


ယွဲ့ရှင်းဝမ်: "ဒါကို အစအဆုံးပြန်ကြည့်ရအောင်… သေသေချာချာစဉ်းစားကြည့်ပါ ဘာများကျန်သေးလဲ"


လူတိုင်းက စတုရန်းမီတာ 7,000 ရှိသော သဲစားပွဲကို လှည့်ပတ်ပြီး အစမှ အဆုံး သေချာစစ်ဆေးကြသည်။


ခယ်ရှောင်ပင်းက ရုတ်တရက် ပြောလိုက်သည်။ 

"ဘယ်အတုံးတွေကို အသုံးမပြုရသေးဘူးလဲဆိုတာ ငါသွားကြည့်လိုက်မယ်… ငါတို့ သဲလွန်စရှာလို့ရတယ်"


စာကြည့်တိုက်သည် သူတို့မစဉ်းစားနိုင်သော မြို့ပြစီမံကိန်း ဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ပါဝင်ရမည့် အဆောက်အဦး အတုံးများကို ပေးခဲ့ပြီး စာကြည့်တိုက်က စဉ်းစားထားပြီးသားဖြစ်သည်။ ထို့ကြောင့် မပြည့်စုံသေးသော မြို့ပြ အဆောက်အဦးများကို ရှာဖွေရန် အဆောက်အဦးအတုံးများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဤ 'ပြောင်းပြန်ဆန်းစစ်ခြင်း' သည် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်သည်။


ခယ်ရှောင်ပင်း၏ အကြံပြုချက်ကို ကြားသောအခါ အခြား ကျောင်းသားများသည်လည်း အတုံးများကို ရှာဖွေရန် ပူးပေါင်းခဲ့သည်။


ခဏအကြာတွင် ယွဲ့ရှင်းဝမ်သည် အနက်ရောင်အတုံးငယ်တစ်ခုကို ကောက်ယူလိုက်ပြီး မေးလိုက်သည်။

"ဒါက ဘာလဲ"


တစ်ချိန်တည်းမှာပင် ကျန်းဖျင်စစ်သည် ကားအသေးစား ပုံစံငယ်ကို ကောက်ယူပြီး ပြောလိုက်သည်။

"ဒီလိုကားမျိုးလည်း မသုံးပါဘူး… ဘတ်စ်ကားလည်း မဟုတ်၊ လူနာတင်ကားလည်း မဟုတ်ဘူး… ကြည့်လိုက်တော့… မီးသတ်ကားနဲ့တူနေသလား"


နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက် ရင်း ယွဲ့ရှင်းဝမ်၏စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ 

"မီးငြိမ်းသတ်ဖို့နဲ့ ရေမြောင်းတွေ မလုပ်ရသေးဘူးမလား"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… မီးလောင်မှု ဖြစ်ပွားတာနဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီရောက်ရှိရမှာဖြစ်ပြီး အများပြည်သူလုံခြုံရေးနဲ့ ယာဉ်ထိန်းရဲတွေအပြင် ဧရိယာတိုင်းမှာ မီးသတ်တပ်ဖွဲ့လည်း ရှိရမှာ… နောက်ပြီး မြို့ထဲမှာ လက်နက်ကိုင်ရဲနဲ့ စစ်တပ်တွေ တပ်စွဲထားရမယ်"


လက်နက်ကိုင်ရဲများနှင့် စစ်တပ်နယ်မြေများ တည်ရှိနေခြင်း သည် မြို့နေပြည်သူများအတွက် ကြီးမားသော လုံခြုံရေးကို ပေးစွမ်းနိုင်သည်။ မြို့တွင်း အဓိကရုဏ်းဖြစ်သောအခါတွင် များသောအားဖြင့် အလွန်တက်ကြွမှုမရှိသော အဆိုပါတပ်များသည် အခြေအနေကို ထိန်းချုပ်ရန် လျင်မြန်စွာ လုပ်ဆောင်နိုင်သည်။


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ဒီအနက်ရောင်က ရေဆိုးမြောင်းအဖုံးများလား… ငါတို့လမ်းခင်တာ မမှန်ဘူးလို့ ငါအမြဲခံစားရတယ်… ဒါက အရမ်းသပ်ရပ်လွန်းနေတယ်… ပုံမှန်မြို့တွင်း လမ်းတွေမှာ ရေဆိုးပိုက်တွေကိုဖြတ်တဲ့ ရေဆိုးမြောင်းအဖုံးတွေ၊ မိုးရွာတဲ့အခါ ရေနုတ်မြောင်းတွေအတွက်လည်း သီးသန့်ထားပေးတယ်"


ရေနုတ်မြောင်းများမရှိရင် နွေရာသီ မိုးသက်မုန်တိုင်း ကျ ရောက်ပြီး မိုးရွာပါက တစ်မြို့လုံး တစ်ခဏချင်း ရေမြုပ်လိမ့်မည်။ မီးသတ်တပ်ဖွဲ့မရှိရင် မီးလောင်ပါက နောက်ဆက်တွဲဆိုးကျိုးတွေကို မှန်းဆလို့မရဘူး။


ရေနှင့်မီးပြဿနာကို သူတို့ မဖြေရှင်းနိုင်သေးဘူး။


#TK