Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 55 (3 of Spades – ငွေကြေးအကျပ်အတည်း ၁၅၊ အတွင်းလူ)
ယွီဟန်ကျန်းနှင့် ရှောက်ချင်းကော်တို့ ယနေ့မြို့ထဲသို့သွားရသည်မှာ ရည်ရွယ်ချက် နှစ်ခုရှိသည်။ တစ်ခုမှာ ရှောက်ချင်းကော်က ဓာတ်အားပြတ်တောက်ပြီး အင်တာနက် ဖြတ်တောက်ခံရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ စတော့ရှယ်ယာများကို တတ်နိုင်သမျှ တိုတိုတုတ်တုတ် ဆောင်ရွက်ရန် လိုအပ်သည်။
ရှန်းရွှိန်တည်းခိုခန်း ပိုင်ရှင်က ရွှီကျန့်ယန် ထွက်သွားပြီဟု ဆိုခဲ့ပေမဲ့ ယွီဟန်ကျန်းက သေချာသိဖို့လိုသည်။ သူသည် အသံဖမ်းစက်ကို သူဌေးကိုယ်ပေါ်တွင်ထားခဲ့ပြီး ကျန်နှစ်ခုကို ရှန်းရွှိန်တည်းခိုခန်း၏ ဒုတိယထပ်နှင့် ရှောက်ချင်းကော် ယခင်က တည်းခိုသည့် ဟိုတယ်တွင် ထားရှိခဲ့သည်။
အခန်းထဲမှ ထွက်သွားပြီးနောက် လူနှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို တွေ့ရှိပြီး အသံဖမ်းစက်မှ လှုပ်ရှားမှုများကို ဂရုတစိုက် နားထောင်နေခဲ့သည်။
ရှန်းရွှိန်တည်းခိုခန်းမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံကို ကြားလိုက်ခြင်းမပြုမီ နာရီဝက်ခန့် ကုန်ဆုံးသွားသည်။
"သူဌေး… ကျွန်မတို့မှာ ပိုက်ဆံမရှိဘူး… အခန်းခကို နို့နဲ့ ခေါက်ဆွဲခြောက်နဲ့ ပေးချေလို့ရမလား"
သူဌေးက ပြုံးလိုက်သည်။
"ကောင်းပြီ… ငါ နို့လေးဘူးနဲ့ ခေါက်ဆွဲခြောက်လေးဘူးလိုချင်တယ်"
မိန်းကလေးက ဆိုသည်။
"ကျွန်မ ထပ်ပြီးညှိနှိုင်းလို့ရမလား… ကျွန်မတို့မှာ စားဖို့အများကြီးမကျန်တော့ဘူး… သုံးဘူးဆိုရင်ကော"
သူဌေး: "တစ်ရက်ကို ဈေးနှစ်ဆတက်နေတာ… မနေ့က နှစ်ဘူးဖြစ်ပြီး ဒီနေ့က လေးဘူးလေ… ငါမမှားဘူး"
မိန်းကလေးနှင့် သူမအဖော်က ဆွေးနွေးကြသည်။
"ငါတို့မှာ ပစ္စည်းတွေ အများကြီးမရှိဘူး… အပြင်ထွက်ပြီး အသက်ရှင်ကြရအောင်"
အခြားသူတစ်ဦးက ပြောခဲ့သည်။
"ကောင်းပြီ… တစ်ညလောက်တည်းခိုဖို့အတွက် နို့လေးဘူးနဲ့ ခေါက်ဆွဲခြောက်လေးဘူးကို လဲလှယ်ဖို့က အကြံကောင်းလို့မထင်ဘူး"
နောက်ဆုံးတော့ သူတို့နှစ်ယောက်က ဆုံးဖြတ်ချက် ချလိုက်သည်။
"ဒါဆို အခန်းပြန်အပ်မယ်… ဈေးတွေ ဆက်တက်နေရင် သူဌေးက မနက်ဖြန် ငါတို့ကို နို့ရှစ်ဘူးပေးခိုင်းလိမ့်မယ်"
သူဌေးက ပြုံးလိုက်သည်။
"အခန်းအပ်ဖို့ အလျင်မလိုပါနဲ့… မင်းတို့က မိန်းကလေးနှစ်ယောက်ပဲဆိုတာ ငါမြင်ရတယ်… လမ်းပေါ်မှာအိပ်တာက မလုံခြုံဘူးမလား… သုံးဘူးဆိုလည်း ရပါတယ်… မင်းတို့ တစ်ခါတည်း ရက်အနည်းငယ်အတွက် ပေးဆောင်လို့ရတယ်"
မိန်းကလေးနှစ်ယောက်သည် သူဌေး၏သဘောထားက ပျော့ပြောင်းလာမည်ဟု မထင်ထားဘဲ ချက်ချင်း သဘောတူလိုက်ကြသည်။
"ဒါဆို ကျွန်မတို့ နွားနို့ခြောက်ဘူးနဲ့ ခေါက်ဆွဲခြောက် ခြောက်ဘူးကို နှစ်ရက်စာကြိုတင်ပေးချေမယ်"
သိပ်မကြာခင်မှာပဲ အခန်းခအတွက် ပစ္စည်းများကြိုတင်ပြီး ပေးချေဖို့ သူဌေးကိုရှာရန် စိန်ခေါ်သူ ယောင်္ကျားလေးနှစ်ယောက် ရောက်လာသည်။ အရင်လိုပဲ သူဌေးက နို့လေးဘူးနှင့် ခေါက်ဆွဲခြောက် လေးဘူးကို အရင်ကမ်းလှမ်းသည်။ နှစ်ယောက်သားက မပျော်တော့ သူဌေးက သူတို့ကို ဦးစားပေးဈေးပေးသည်။
ရှန်းရွှိန်တည်းခိုခန်းတွင် စိန်ခေါ်သူနှစ်ဦးသာ အခန်းအပ်ခဲ့သည်။ အခြားသူများသည် တည်းခိုနေထိုင်ကြပြီး ပစ္စည်းများကို လဲလှယ်အသုံးပြုကြသည်။
ရှောက်ချင်းကော်၏ဟိုတယ်က အလွန်ကွဲပြားသည်။ စိန်ခေါ်သူအုပ်စုအများအပြားသည် တည်းခိုနေထိုင်ရန်အတွက် ပစ္စည်းများလဲလှယ်ဖို့ အရှေ့စားပွဲသို့သွားကြသည်။ သို့ပေမဲ့ ဟိုတယ်က ခွင့်မပြုဘဲ ဧည့်ကြိုက အေးစက်စွာ ပြောခဲ့သည်။
"ဒီဟိုတယ်အတွက် ပိုက်ဆံမတတ်နိုင်ရင် ဒီမှာ ဆက်မနေနဲ့… ငါတို့လည်း အသက်ရှင်ဖို့လိုတယ်"
စိန်ခေါ်သူ အများအပြားသည် ကူကယ်ရာမဲ့စွာ အခန်းအပ်ခဲ့ရသည်။
ယွီဟန်ကျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက မူမမှန်ဘူး"
ရှောက်ချင်းကော်က သေသေချာချာစဉ်းစားခဲ့သည်။
"သူတို့ရဲ့စိန်ခေါ်သူအုပ်စုက ပစ္စည်းအများအပြား ခိုးယူခံရတဲ့အတွက် သုံးရက်မြောက်နေ့မှာ တည်းခိုခန်းကနေ ထွက်လာခဲ့တယ်လို့ ယဲ့ချီပြောခဲ့တာကို မှတ်မိတယ်… ရှေ့နေရဲ့ဦးဆောင်မှုအောက်မှာ သူတို့က ဆောက်လုပ်ရေးဆိုက်ကို သွားရောက်ပြီး သူတို့ရဲ့ပစ္စည်းတွေကို အတူတကွ ဝေငှပြီး နေထိုင်ခဲ့ကြတယ်… ညဘက်မှာ ခေါက်ဆွဲပြုတ်ပြီး အကျဉ်းသားတွေကို စွဲဆောင်မိသွားတဲ့ ငတုံးတွေကြောင့်သာမဟုတ်ရင် သူတို့တွေ ဖြစ်စဉ်ကို အောင်သွားနိုင်တယ်မလား"
ယွီဟန်ကျန်းကတော့ မထင်ချေ။
"ဘယ်သူမှ မီးမမွှေးရင်တောင် ဖြစ်စဉ်ကို စုပေါင်းရှင်းလင်းဖို့ သူတို့အတွက် တော်တော်ခက်ခဲမယ်လို့ ငါခံစားရတယ်"
ရှောက်ချင်းကော်က အနည်းငယ် အံ့ဩသွားသည်။
"အဖွဲ့ခေါင်းဆောင်ယွီ… ငါတို့အတွက် စောင့်ရှောက်သူက တွင်းတွေ ထပ်တူးထားမယ်လို့ ဆိုလိုတာလား"
ယွီဟန်ကျန်းက ခေါင်းငြိမ့်ပြီး သေချာခွဲခြမ်းစိတ်ဖြာသည်။
"ပထမဆုံးအနေနဲ့ တည်းခိုခန်းကနေ ထွက်သွားရတဲ့ အကြောင်းရင်းက သူတို့ရဲ့ ပစ္စည်း 80% ခိုးယူခံရပြီး စားဖို့ မကျန်တော့တာကြောင့်ပဲ… အတူတူလှုပ်ရှားခြင်းနဲ့ သူတို့မှာ နို့၊ ပေါင်မုန့်နဲ့ ချောကလက်တွေ ရှိတယ်… လူအရေအတွက်ကလည်းများပြီး အတူတကွ ရှင်သန်ဖို့ အခွင့်အလမ်းရှိတယ်"
ရှောက်ချင်းကော်က အနည်းငယ် မျက်ခုံးပင့်သွားသည်။
"ဒါပေမဲ့ ဒီနေ့ ရှန်းရွှိန်တည်းခိုခန်းမှာရှိတဲ့ စိန်ခေါ်သူတွေရဲ့ ပစ္စည်းတွေ ခိုးယူခံရခြင်းမရှိဘူး"
ယွီဟန်ကျန်း: "ပရော်ဖက်ဆာရှောက်နဲ့ ငါ့ရဲ့လှုပ်ရှားမှုကြောင့် မနေ့ညက ပစ္စည်းတွေ ခိုးယူဖို့ ရောက်လာတဲ့ သစ္စာဖောက်ကို ငါတို့တွေ အဝေးကိုထွက်သွားဖို့ ဖိအားပေးခဲ့တယ်… လွတ်မြောက်ဖို့အတွက် သူက ယာယီအဖွဲ့ဝင်ကိုလည်း သတ်ခဲ့ပြီး ရှန်းရွှိန်တည်းခိုခန်းမှာရှိတဲ့ အခြားစိန်ခေါ်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူဖို့ အချိန်မရခဲ့ဘူး"
ယွီဟန်ကျန်းနှင့် ရှောက်လုံ၏ သတိထားမှုက မြင့်မားလွန်းသည်။ သူခိုးရှိနေတာကို သတိပြုမိပြီးနောက် မြွေကို တွင်းထဲက ဖိအားပေးထုတ်လိုက်သည်။ သူခိုးကို မောင်းထုတ်ခြင်းက 3 of Spades ၏ မူရင်းဖြစ်စဥ်ကို ပြောင်းလဲစေခဲ့သည်။ ပစ္စည်းများခိုးယူခြင်း ကိစ္စများမရှိသောကြောင့် အခန်းအပ်ရန်မလိုအပ်ဘဲ ခုနစ်ရက် နေထိုင်ရန် လုံလောက်သော ပစ္စည်းများ ကျန်ရှိနေပါသည်။
ထို့အပြင် ရှန်းရွှိန်တည်းခိုခန်းပိုင်ရှင်က အလွန်ကောင်းသည်။ စျေးနှုန်းနှစ်ဆတိုးလာသည်နှင့်အညီ တတိယနေ့အခန်းခက နို့လေးဘူးနှင့် ခေါက်ဆွဲခြောက်လေးဘူး လေးပုံးဖြစ်သင့်သည်။ သို့သော် သူသည် စိန်ခေါ်သူအများစု နေထိုင်နိုင်ရန် သုံးဘူးသာ ယူခဲ့သည်။
ရှောက်ချင်းကော်က ချက်ချင်းတုံ့ပြန်သည်။
"တည်းခိုခန်းပိုင်ရှင်မှာ ပြဿနာရှိနေတာလား"
ယွီဟန်ကျန်းက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်… ပထမတစ်ခုက တည်းခိုခန်းပိုင်ရှင်ဟာ အရမ်းလိမ္မာပါးနပ်ပြီး ငွေကြေးအကျပ်အတည်းဖြစ်ရင် ဒီနေရာမှာ တည်းခိုမဲ့ ဒေသခံအနည်းငယ်သာရှိကြောင်း သိထားတယ်… အခန်းလွတ်က ပိုက်ဆံမရှာနိုင်တာကြောင့် သူစိမ်းတွေကို ပစ္စည်းတွေရောင်းခိုင်းပြီး ငွေနည်းနည်းရှာတယ်"
သူက အနည်းငယ် ခေတ္တရပ်ပြီး ဆက်ပြောသည်။
"ဒုတိယဖြစ်နိုင်ခြေက စိန်ခေါ်သူတွေ နေနိုင်အောင် လျှော့ဈေးကို တမင်တကာ ပေးခဲ့ခြင်းဖြစ်တယ်"
ရှောက်ချင်းကော်က မျက်မှောင်ကြုတ်လိုက်သည်။
"မနေ့ညက ရွှီကျန့်ယန် ခိုးယူမှု မအောင်မြင်တဲ့အတွက် စိန်ခေါ်သူတွေက သူတို့ရဲ့ပစ္စည်းတွေကို သိမ်းထားဆဲဖြစ်တယ်… သူက ရွှီကျန့်ယန် ဆက်လက်ခိုးယူတာ လွယ်ကူချောမွေ့စေဖို့ အားလုံးကို တမင်သက်သက်နေခိုင်းခဲ့တာ… သူဌေးက သူခိုးနဲ့ ကြံရာပါတွေလား"
အသံဖမ်းစက်၏ သုံးနာရီကြာချိန်က ပြီးဆုံးသွားပါသည်။ ယွီဟန်ကျန်းက အသံဖမ်းစက်ကို ဖယ်လိုက်ပြီး အေးစက်စွာ ပြောခဲ့သည်။
"မဟုတ်ရင် ရွှီကျန့်ယန်က စိန်ခေါ်သူတွေရဲ့ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ပြီး ရှန်းရွှိန်တည်းခိုခန်းမှာ ဘယ်လိုလုပ် လွတ်လပ်စွာ ဝင်ထွက်နိုင်မှာလဲ"
ရွှီကျန့်ယန်၏အချက်အလက်ကို စစ်ဆေးရာတွင် ဧည့်သည်များကို နွေးထွေးစွာ နှုတ်ဆက်ပြီး ပြုံးပြနေသော တည်းခိုခန်းပိုင်ရှင်ကို တွေးရင်း ရှောက်ချင်းကော် အေးစက်သွားခဲ့သည်။
"Spades လျှို့ဝှက်ခန်းက အရမ်းရက်စက်လွန်းတယ်မဟုတ်ဘူးလား… ဒါက စိန်ခေါ်သူတွေကို ဝံပုလွေတွင်းထဲ တမင်တကာ ခေါ်နေတာမလား"
ယွီဟန်ကျန်း၏မျက်နှာက ရုပ်ဆိုးနေသည်။
"ဒီကိုရောက်လာတဲ့ စိန်ခေါ်သူတွေက ဈေးအသက်သာဆုံးနဲ့ တည်းခိုခန်းကို ရှာကြလိမ့်မယ်… အဲဒါက မှောင်ခိုဆိုင်ဆိုတာ သူတို့မသိဘူး… သူဌေးနဲ့ လွတ်လပ်သူက နိုင်ငံခြားသားတွေရဲ့ အချက်အလက်အားလုံးကို ရယူရာမှာ ကျွမ်းကျင်ပြီး နိုင်ငံခြားသားတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီးတြော အမြတ်ရစေဖို့ ငွေကြေးအကျပ်အတည်းကို အားကိုးပြီး အတူတကွ လုပ်ဆောင်ခဲ့တယ်"
တကယ်တော့ 3 of Spades လျှို့ဝှက်ခန်းမှာ စိန်ခေါ်သူများသည် ကြီးမားသော အခက်အခဲများနဲ့ ရင်ဆိုင်ရမယ်လို့ အစကတည်းက ဆုံးဖြတ်ခဲ့သည်။
ဈေးကြီးသော နေရာထိုင်ခင်းကို ရှာကြည့်ပြီး သူတို့ မတတ်နိုင်ခဲ့ဘူး။ စျေးအသက်သာဆုံးနေရာထိုင်ခင်းကိုရှာပြီး တွင်းတူးပြီးသား ချောက်ဖြစ်နေသည်။
အခန်းငှားသောအခါ သူဌေးက 'နိုင်ငံခြားသား'၏ အထောက်အထားကို အရင်ဆုံး ဆုံးဖြတ်မှာဖြစ်သည်။ ထို့နောက် စိန်ခေါ်သူများသည် စူပါမားကတ်မှ ပစ္စည်းများကို ပြန်သယ်လာသောအခါ အရှေ့စားပွဲတွင် ရပ်နေသော သူဌေးက သူတို့ ပြန်သယ်လာသည့် ပစ္စည်းမည်မျှရှိသည်ကို မြင်နိုင်လိမ့်မည်။
ရွှီကျန့်ယန်သည် ရှန်းရွှိန်တည်းခိုခန်းတွင် စိန်ခေါ်သူအဖြစ်သာ နေထိုင်ရန် လိုအပ်ပြီး သူ့အခန်းသို့ မပြန်မီ ကိုယ်ပျောက်ဝတ်ရုံနှင့် သော့ကို အသုံးပြုကာ စိန်ခေါ်သူများ၏ ပစ္စည်းများကို အချိန်မရွေး ခိုးယူနိုင်သည်။
ရှောက်ချင်းကော်က သံသယတချို့ကို ခံစားလိုက်ရသည်။
"အဖွဲ့ခေါင်းဆောင်ယွီရဲ့ အဆိုပြုချက်အရဆိုရင် ကိုယ်ပျောက်ဝတ်ရုံနဲ့ သော့တွေက 3 of Hearts ကို ပြီးပြည့်စုံစွာရှင်းလင်းခြင်းကနေရရှိတဲ့ ဆုတွေဖြစ်တယ်… ဒီရွှီကျန့်ယန်က လွတ်လပ်သူဖြစ်ပြီး သူ့မှာ ဘယ်လိုလုပ် ကတ်တွေအများကြီးရှိနေရတာလဲ"
ယွီဟန်ကျန်းသည် ခဏလောက် ခေါင်းငုံ့လိုက်ရင်း ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိသည်။
"သူက စိန်ခေါ်သူလို ဟန်ဆောင်ချင်ရင် နည်းလမ်းရှိတယ်… စိန်ခေါ်သူကိုသတ်ပြီး အစားထိုးလိုက်ရုံပဲ"
ယင်းက သူ့တွင် စိန်ခေါ်သူ၏ ကတ်များ အဘယ်ကြောင့် ရှိနေသည်ကို ရှင်းပြနိုင်သည်။
သူသည် မြို့ထဲရှိ ခေတ်ရေစီးကြောင်းများကို အနီးကပ် လိုက်လျှောက်ပြီး တစ်ဦးတည်းသော 'နိုင်ငံခြားသား' ကို တွေ့လိုက်ရသည့်အခိုက်တွင် သူကပ်ခဲ့သည်။ သူသည် အခြားလူတစ်ဦးကို သတ်ပစ်ကာ သူတို့၏ကတ်များကို ယူပြ သေဆုံးသူ၏ အထောက်အထားကို ယူဆောင်ခဲ့သည်။ ထို့နောက် သူသည် ပစ္စည်းများခိုးယူရန် စိန်ခေါ်သူများကြားတွင် ရောနှောပါဝင်ခဲ့သည်။
သူသည် ရွှီကျန့်ယန် မဟုတ်ဘဲ သူ အစားထိုးထားသည့် စိန်ခေါ်သူမှာ ရွှီကျန့်ယန်ဖြစ်သည်။
ရွှီကျန့်ယန် အစစ်က သူ့လက်ချက်ကြောင့် သေဆုံးသွားပြီး ရွှီကျန့်ယန်နှင့်တွဲထားသော အဖွဲ့ဝင်က သူ့ဓားအောက်မှာ သေဆုံးသွားခဲ့သည်။
ရှောက်ချင်းကော် အေးစက်သွားသည်။
"ကံကောင်းလို့ ဒီလျှို့ဝှက်ခန်းထဲမှာ ငါ ဘယ်အဖွဲ့ဝင်နဲ့မှ မတွဲခဲ့ဘူး… ကျပန်းတွဲဖက်ခြင်းမှာ သူက ငါ့ရဲ့အဖွဲ့ဝင်ကိုသတ်ပြီး အဲဒီသူအဖြစ်ဟန်ဆောင်ခဲ့မယ်ဆိုရင် ငါလည်း ဒီလှည့်ကွက်မှာ ကျသွားနိုင်တယ်"
သူတို့သည် 2 of Clubs ကို ရှင်းလိုက်သည်နှင့် C အဆင့် လျှို့ဝှက်ခန်းများက သူတို့နှင့် တွဲဖက်မည့် လူအမျိုးအစားကို မသိရသောကြောင့် အဖွဲ့တစ်ဖွဲ့ကို ကြိုတင်ဖွဲ့စည်းသင့်သည်ဟု အကြံပြုထားသည်။
ရှောက်ချင်းကော်နှင့် ယဲ့ချီတို့လို အဖွဲ့မဖွဲ့ခြင်းသောလူများအတွက် သူတို့မှာ အဖွဲ့ဝင်မရှိသောကြောင့် 3 of Spades အခန်းက သူတို့ကို ထောင်ချောက်မဆင်နိုင်တော့ပေ။ အဖွဲ့ဝင်က ရုတ်တရက် မပေါ်ထွက်လာတော့ချေ။ တစ်ချိန်တည်းမှာပင် ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် အစောပိုင်းတွင် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး အတူတကွ လှုပ်ရှားခဲ့ကြသည်။ သူတို့က Boss ကို အခွင့်အရေးမပေးခဲ့ဘူး။
ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီးနောက် ပုံမှန်အဖွဲ့ဝင်ကို မတွေ့သူများသာ ကျပန်းလူတစ်ဦးနှင့် တွဲဖက်နိုင်သည်။ သတိကင်းမဲ့သူများကို Boss ကသတ်ပြီး အစားထိုးခံရနိုင်ကာ သူ၏အဖွဲ့ဝင်က ဝံပုလွေတစ်ကောင်ကို မသိလိုက်ဘဲ လိုက်ပါသွားနိုင်သည်။
ရှောက်ချင်းကော်က ဤစိန်ခေါ်သူအုပ်စုအတွက် စာနာမှုတချို့ ခံစားခဲ့ရသည်။ ရွှီကျန့်ယန်ဟုခေါ်သောလူကို အစပိုင်းတွင် Boss ကသတ်ခဲ့ပြီး ထို့နောက်တွင် သူ၏အဖွဲ့ဝင်ကို ရွှီကျန့်ယန် ဟန်ဆောင်ထားသော Boss ကသတ်ခဲ့သည်။ နှစ်ယောက်စလုံးက ဘာကြောင့်မှန်းမသိဘဲ သေဆုံးသွားကြသည်။
ယွီဟန်ကျန်းက အဆိုပြုခဲ့သည်။
"3 of Hearts ကို ပြီးပြည့်စုံအောင်ရှင်းလင်းနိုင်ရင် သူတို့ရဲ့ခွန်းအားက မဆိုးဘူး… ဒါပေမဲ့ သူတို့က ယုံကြည်မှုလွန်ကဲပြီး ဂရုမစိုက်ကြဘူး… ထူးဆန်းတဲ့'အဖွဲ့ဝင်'နဲ့ တွေ့တဲ့အခါ သူတို့က လုံလောက်အောင်သတိမထားဘဲ Boss က အဲဒီအပေါက်ကို အခွင့်ကောင်းယူခဲ့တယ်"
ရှောက်ချင်းကော်က ခေါင်းကိုက်ပြီး သူ့နားထင်ကို ကိုင်လိုက်သည်။
"2 of Spades လျှို့ဝှက်ခန်းမှာ ဇွန်ဘီခေါင်းဆောင် လျှိုရှောင်ယွမ်ရှိပြီး 3 of Spades လျှို့ဝှက်ခန်းမှာ ပစ္စည်းခိုးဖို့ စိန်ခေါ်သူအဖြစ် ဟန်ဆောင်ထားတဲ့ Boss နဲ့ ကြံရာပါအဖြစ် ရှန်းရွှိန်တည်းခိုခန်းပိုင်ရှင်ရှိတယ်… အဖွဲ့ခေါင်းဆောင်ယွီရဲ့ ခွဲခြမ်းစိတ်ဖြာမှုကြောင့်သာ မဟုတ်ရင် ရှန်းရွှိန်တည်းခိုခန်းပိုင်ရှင်က ဒီလောက်မရိုးသားဘူးလို့ ဘယ်တော့မှ ထင်မိမှာမဟုတ်ဘူး"
"မနေ့ညက ရှန်းရွှိန်တည်းခိုခန်းမှာ တစ်ယောက်ယောက် သေဆုံးသွားပေမဲ့ သူဌေးက ဒီနေ့တော့ အရမ်းတည်ငြိမ်နေတယ်… ပြဿနာရှိရမယ်"
သူဌေးနှင့် လွတ်လပ်သူ ပူးပေါင်းပြီး ရှန်းရွှိန်တည်းခိုခန်းက 'နိုင်ငံခြားသားများ' အတွက် အထူးတွင်းတစ်ခု ဖြစ်လာခဲ့သည်။
လမ်း၏တစ်ဖက်ခြမ်းရှိဟိုတယ်တွင် စိန်ခေါ်သူနည်းပါးသောကြောင့် ပထမညတွင် 'ရွှီကျန့်ယန်' သည် စတင်ရန်နေရာအနည်းငယ်ကို ရွေးချယ်ခဲ့သည်။ နောက်တစ်နေ့ညတွင် သူသည် ရလဒ်နှစ်ခုထွက်မည့် ရှန်းရွှိန်တည်းခိုခန်းရှိ စိန်ခေါ်သူများကို ရည်ရွယ်ခဲ့သည်။
ပထမတစ်ခုကတော့ ယဲ့ချီ တွေ့ကြုံခဲ့ရတာပဲဖြစ်သည်။ စိန်ခေါ်သူများက လုံလုံလောက်လောက် သတိမမူကြဘဲ သူတို့၏ ပစ္စည်းအများစု ခိုးယူခံရသည်။ သူတို့ကို ဆောက်လုပ်ရေးဆိုက်သို့ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းခဲ့သည်။ ယဲ့ချီဆီမှ ထွက်သွားပြီး တစ်ယောက်တည်း လှုပ်ရှားခဲ့သည့် စီနီယာအဖွဲ့ဝင်မှလွဲ၍ အခြားစိန်ခေါ်သူများသည် သူတို့ကို ပျက်စီးစေသောအရာတစ်ခုနှင့် တွေ့မည့်နေရာ၌ စုရုံးခဲ့ကြသည်။
ဒုတိယအနေဖြင့် ယွီဟန်ကျန်းနှင့် ရှောက်လုံတို့လို လုံလောက်အောင် သတိရှိသော စိန်ခေါ်သူများက သူခိုးကို ဖမ်းဖို့ ကြိုးစားခဲ့သည်။ လျှို့ဝှက်ခန်း၏ Boss သည် ထွက်ပြေးဖို့ ပြင်းထန်သော နည်းလမ်းများကို အသုံးပြုပြီး အခြားစိန်ခေါ်သူများက ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။ သို့သော် သူဌေးက စိန်ခေါ်သူများကို ထွက်ခွာခြင်းမပြုရန် 'ဦးစားပေး' စျေးနှုန်းကို အသုံးပြုကာ 'ရွှီကျန့်ယန်' သည် လူတိုင်းထံမှ ပစ္စည်းများကို ဆက်လက်ခိုးယူနိုင်စေမည်ဖြစ်သည်။
မျှော်လင့်ထားသလိုဖြစ်ခဲ့ရင် ရွှီကျန့်ယန်က ဒီည ရှန်းရွှိန်တည်းခိုခန်းကို ပြန်လာလိမ့်မည်။ စိန်ခေါ်သူများ၏ ပစ္စည်းအများစု ခိုးယူခံရပြီးသည်နှင့် သူတို့သည် ဤနေရာမှ ထွက်ခွာပြီး ဆောက်လုပ်ရေးဆိုက်တွင် ထပ်မံစုရုံးသွားကြမည်။
ယွီဟန်ကျန်းသည် ဤအရာအားလုံးကို တွေးပြီး A of Spades နှင့် A of Clubs ၏ အပြင်အဆင်က အမှန်တကယ် တိကျသည်ဟု ခံစားမိသည်။
စိန်ခေါ်သူများ၏ လုပ်ဆောင်ချက်အများစုကို သူတို့က စီစဉ်ပေးထားသည်။
3 of Spades တွင် ချောမွေ့စွာ ရှင်သန်နိုင်သည့် စိန်ခေါ်သူ အမျိုးအစားသုံးမျိုး ရှိသည်။ သူတို့၏အဖွဲ့ဝင်များအား စွန့်ပစ်ပြီး ပစ္စည်းများကို ရက်စက်စွာ လက်ဝါးကြီးအုပ်ထားသူများ၊ အစကတည်းက တည်းခိုခန်းတွင် မနေထိုင်ဘဲ လမ်းများပေါ်တွင် တိုက်ရိုက်နေထိုင်သူများနှင့် လုံလောက်အောင် သတိရှိပြီး သူတို့၏ ပစ္စည်းများကို အစုလိုက် သိမ်းဆည်းရန်နှင့် အချိန်မရွေး နေရာများကို ရွှေ့ပြောင်းနိုင်သူများဖြစ်သည်။
တည်းခိုခန်းတွင် နေထိုင်သည့် အခြားရိုးသားသော စိန်ခေါ်သူများမှာ ဖယ်ရှားခံရလုနီးပါးဖြစ်သည်။
ယွီဟန်ကျန်းက မတ်တတ်ရပ်လိုက်သည်။
"ငါတို့ အမြန်ဆုံး ပြန်သွားရမယ်… ဟိုတယ်က ထွက်သွားတဲ့သူတွေဟာ ဆောက်လုပ်ရေးဆိုက်ကို အပြေးအလွှားသွားပြီး ပရော်ဖက်ဆာရှောက်ဘက်က အန္တရာယ်ဖြစ်မှာကို ငါစိုးရိမ်တယ်"
ရှောက်ချင်းကော်လည်း မတ်တတ်ထရပ်လိုက်သည်။
"သွားကြရအောင်"
***
မွန်းတည့်ပြီးပဲ ရှိသေးသည်။
ပူပြင်းသော နေရောင်အောက်မှာ လမ်းမများ အရည်ပျော်လုနီးနီးဖြစ်ကာ လမ်းပေါ်ရှိ သစ်ပင်များသည် နွမ်းချိကာ တွဲလောင်းကျနေခဲ့သည်။
မြို့တွင်းရှိ အဓိကလမ်းအများအပြားကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားဆဲဖြစ်သည်။ သူတို့ကို အမိန့်ပေးခိုင်းစေသည့် ယာဉ်ထိန်းရဲလည်း မရှိသလို ကားများက တွားသွားသကဲ့သို့ ရွေ့သွားသည်။ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် နောက်ဆက်တွဲ ယာဉ်တိုက်မှုများလည်း ဖြစ်ပွားခဲ့သည်။ ယာဉ်မောင်းတချို့ ဆင်းလာပြီး ငြင်းခုံကြတော့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို ပိုလို့တောင် ဖရိုဖရဲ ဖြစ်စေပါသည်။
ကားများမှ ထွက်လာသော အိတ်ဇောဓာတ်ငွေ့ အမြောက်အမြား ရှိနေသဖြင့် ပတ်ဝန်းကျင် အပူချိန်သည် ပို၍ပင် မြင့်တက်လာပုံပေါ်သည်။ လမ်းများပေါ်တွင် ဆူညံသံများ ပြည့်နေသည်။
ကားတစ်စီးမှာ လောင်စာဆီရှိနေသရွေ့ လေအေးပေးစက်ကို ဖွင့်ထားနိုင်ပါသည်။ သို့သော် ကားတစ်စီးသည် အမြဲတမ်း လောင်စာဆီကုန်သွားနိုင်ပြီး လောင်စာဆီဈေး တက်လာသောကြောင့် လူအများစုက မတတ်နိုင်ကြပေ။ လူအများအပြားသည် လေအေးပေးစက်ဖြင့် သူတို့၏ကားထဲတွင် ပုန်းအောင်းနေပြီး စိုးရိမ်စိတ်များ ပြည့်နှက်နေပါသည်။ လူတချို့သည် မစောင့်နိုင်ဘဲ သူတို့၏ယာဉ်များကို တိုက်ရိုက်စွန့်ပစ်ခဲ့သည်။
လမ်းဘေးမှာ လူတစ်ယောက်က လမ်းဘေးစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး လုယက်ခဲ့သည်။
တစ်စုံတစ်ယောက်သည် ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် ATM စက်ကို ရိုက်ခွဲခဲ့ရာ အတွင်း၌ ရွှေဒင်္ဂါးပြားတစ်ပြားမျှ မတွေ့ရှိရပေ။
ဘဏ်ကို လုယက်ပြီး ပိတ်ခိုင်းခဲ့သည်။
ဗဟိုရင်ပြင်ရှိ စူပါမားကတ်တွင် လူများက စိတ်ရှည်လက်ရှည် တန်းစီမနေတော့ပါ။ စူပါမားကတ်ထဲသို့ နေထိုင်သူ အများအပြား ဝင်ရောက်လာကာ စင်များကို တိုက်မိခြင်း၊ ရိုက်ချိုးခြင်း၊ လုယက်ခြင်းဖြင့် အားလုံးကို ယူသွားခဲ့သည်။ စူပါမားကတ်ကို ပိတ်ဖို့ ကြိုးစားစဉ် စူပါမားကတ် မန်နေဂျာ၏မျက်နှာက ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။ သို့သော် လူများလွန်းသဖြင့် တံခါးကို မပိတ်နိုင်ပေ။ တစ်စုံတစ်ယောက်က မတော်တဆ ပြုတ်ကျပြီး နောက်လူက မရပ်နိုင်တော့ပေ။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုသည် သူ့ကိုယ်သူ တက်နင်းခံရပြီးသေဆုံးသွားတော့မည်ကို တွေ့ရတော့ အံ့သြသွားသည်...
လူအုပ်ကြီးသည် 'ဒိုမီနိုအကျိုးသက်ရောက်မှု' ကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။ စူပါမားကက်တွင် အလွန်ပြင်းထန်သော လူအုပ်ကြီး ဖြစ်ပွားခဲ့သည့်အတွက် ယွီဟန်ကျန်း၏နားထဲတွင် အော်ဟစ်သံများကို အဆက်မပြတ် ကြားနေရသည်။
ရှောက်ချင်းကော်၏ နောက်ကျောက အေးစက်နေပြီး မကြည့်နိုင်တော့ပေ။
"ဒါက ကြောက်စရာကောင်းလိုက်တာ… လူဘယ်လောက်သေမလဲဆိုတာ ငါမသိဘူး…"
ဒီလို အစုလိုက်အပြုံလိုက် လူအုပ်ကြီး ဖြစ်ပွားပြီးတာနဲ့ သေဆုံး ဒါမှမဟုတ် ဒဏ်ရာရသူ အရေအတွက်ဟာ မရေမတွက်နိုင်အောင် များပြားလာပါလိမ့်မည်။
ယွီဟန်ကျန်း၏အမူအရာက ပိုဆိုးလာသည်။ သူတစ်ယောက်တည်း အခင်းဖြစ်ရာကိုသွားရင်တောင် ဘာမှမကူညီနိုင်ပေမဲ့ လူအများအပြား နင်းမိသေဆုံးနေတာကို မြင်လိုက်ရသောအခါ သူ၏ဒေါသကို ပြေပျောက်ဖို့ ခက်နေခဲ့သည်။
ရှောက်လုံ ပြောတာ မှန်တယ်... ဒီကမ္ဘာက ရူးသွပ်နေပြီ…
ယွီဟန်ကျန်းသည် လက်သီးများကို တင်းတင်းဆုပ်ထားပြီး ခေါင်းကို လှည့်ကာ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို ကြည့်ရန် ရပ်တန့်လိုက်သည်။ သူသည် တယ်လီပို့ခြင်းကတ်ကို တိုက်ရိုက်အသုံးပြုပြီး ရှောက်ချင်းကော်နှင့်အတူ အလွန်လျင်မြန်သော အရှိန်ဖြင့် ဆောက်လုပ်ရေးဆိုက်သို့ ပြန်လာခဲ့သည်။
တစ်ချိန်တည်းမှာပဲ ရှောက်လုံက သူ့ကို မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
"အဖွဲ့ခေါင်းဆောင်ယွီ… ဆောက်လုပ်ရေးဆိုက်ကို ရုတ်တရက်ရောက်လာတဲ့ စိန်ခေါ်သူတွေအများကြီးရှိတယ်"
ယွီဟန်ကျန်းက အလျင်အမြန် မေးလိုက်သည်။
"မင်းအဆင်ပြေလား… သူတို့က ပစ္စည်းတွေကို ခိုးသွားတာလား… မင်းကို နာကျင်အောင်လုပ်သေးလား"
ရှောက်လုံ: "..."
အဖွဲ့ခေါင်းဆောင်ယွီရဲ့စိတ်ထဲမှာ သူက သူ့ကိုယ်သူ မကာကွယ်နိုင်တဲ့လူလား…
အဖွဲ့ခေါင်းဆောင်ယွီ၏အမြင်တွင် ရှောက်လုံသည် နူးညံ့သိမ်မွေ့သော တက္ကသိုလ်ပရော်ဖက်ဆာဖြစ်နိုင်သည်။ သူသည် အများအားဖြင့် လူများနှင့် ရန်မဖြစ်ဖူးဘဲ သူ၏ကြံ့ခိုင်မှုမှာ အလွန်မြင့်မားခြင်းမရှိပေ။ သူသည် အရှိန်မြင့်ဖိနပ်ကို ဝတ်ထားစဉ် ယွီဟန်ကျန်းက အမှီလိုက်နိုင်ခဲ့သည်။
သို့တိုင် ဤနေရာက ကတ်ကမ္ဘာဖြစ်သည်ကို မမေ့ပါနှင့်။
ဤလောက၌ နူးညံ့သိမ်မွေ့သူတိုင်းသည် မိမိကိုယ်ကို သန်မာအောင်ပြုလုပ်ရမည်ဖြစ်ပြီး အားနည်းသူများက ဖယ်ရှားခံရမည်ကိုသာ စောင့်ဆိုင်းရလိမ့်မည်။
ရှောက်လုံသည် အခြားသူများ၏ အကာအကွယ်ကို အားကိုးရလျှင် သူက ရှောက်လုံ ဖြစ်လိမ့်မည်မဟုတ်ပေ။
သူ့ကို ellipse(…)ပြန်ပို့လိုက်တာ ယွီဟန်ကျန်းမြင်တော့ ရှောက်လုံမှာ အခက်အခဲကြုံလာလို့ စကားပြောရတာ အဆင်မပြေနေသည်ဟု ထင်ခဲ့သည်။ သူသည် ချက်ချင်းဆိုသလို အရှိန်ပြင်းပြင်းဖြင့် ရှောက်ချင်းကော်နှင့်အတူ ဆိုက်ကို ပြန်ပြေးသွားသည်။
သို့သော်လည်း သူတို့ရှေ့က မြင်ကွင်းသည် ယွီဟန်ကျန်းနှင့် ရှောက်ချင်းကော်တို့ နှစ်ယောက်လုံးကို တစ်ချိန်တည်းမှာ တုန်လှုပ်သွားစေခဲ့သည်။
တတိယထပ်ရှိ အနောက်မြောက်ထောင့်အခန်းတွင် ရှောက်လုံသည် ငြိမ်သက်နေပြီး သူ့မျက်နှာတွင် အပြုံးတစ်ခုပင် ရှိနေတာကို တွေ့လိုက်ရသည်။
သူ့လက်ချောင်းများကို မြှောက်ထားပြီး သူ့ရှေ့မှာ ငွေရောင်သတ္ထုကွင်းတွေ အများကြီး လွင့်နေသည်။ သူ့ဘေးတွင် လူနှစ်ယောက်က ခေါင်းမှခြေအဆုံး ကွင်းများဖြင့်ပိတ်နေ၏။ အမျိုးသမီးနှစ်ဦးသည် သူတို့၏ခြေထောက်များကို ကွင်းများဖြင့်ပိတ်မိကာ နံရံကိုမှီပြီး ဟန်ချက်ထိန်းနိုင်ခဲ့သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကွင်းများဖြင့် တိုက်ရိုက်တွဲလောင်းဆွဲထားပြီး သူတို့၏မျက်နှာများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး သက်ညှာမှုကို တောင်းရမ်းကြသည်။
ယွီဟန်ကျန်း: "…"
ပရော်ဖက်ဆာရှောက်က အရမ်းတော်တာပဲ…
သူက အစိုးရိမ်လွန်နေပုံရသည်။
ယွီဟန်ကျန်းနှင့် ရှောက်ချင်းကော်တို့ ပြန်လာတာကိုမြင်တော့ ရှောက်လုံက ပြုံးပြီး သူတို့ဆီ လျှောက်သွားသည်။
"ကျွန်တော်နဲ့ ယဲ့ချီပဲ အခန်းထဲမှာ ပစ္စည်းတွေ အများကြီးနဲ့ရှိနေတာကို ဒီလူတွေက မြင်လိုက်တယ်… သူတို့က ပစ္စည်းတွေယူဖို့ တိုက်ရိုက်ပြေးဝင်လာပြီး ကျွန်တော်ဖမ်းလိုက်တာ"
ယဲ့ချီသည် ရှောက်လုံကို ကိုးကွယ်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"ပရော်ဖက်ဆာရှောက်က တကယ်ကို အမြော်အမြင်ရှိတယ်… ခင်ဗျားတို့ထွက်သွားပြီး သူက အကွင်းတွေအများကြီးဆွဲခဲ့တယ်… သူက အခုလေးတင် အဲဒီလူတွေကို နှစ်ယောက်တွဲချည်လိုက်တဲ့အခါ လုပ်ဆောင်ချက်ကို ကျွန်တော်တောင် မမြင်လိုက်ဘူး… အဲဒါက မှော်ပညာလိုပဲ"
အချည်ခံထားရသော လူခြောက်ယောက်: "…"
ဆောက်လုပ်ရေးဆိုက်မှာ နူးညံ့သော ယောင်္ကျားတစ်ယောက်နှင့် သိမ်မွေ့သော ဆယ်ကျော်သက်တစ်ယောက်သာ ရှိသောကြောင့် သူတို့နှင့် ဆက်ဆံရတာ လွယ်မည်ဟု သူတို့ထင်ခဲ့သည်။
ရလဒ်ကတော့ သူတို့သည် အကွင်းထောင်ချောင်ထဲကို လျှောက်သွားပြီး 6V2 ဖြင့် ရှုံးနိမ့်ခဲ့သည်။ သူတို့အားလုံးက ပိတ်မိပြီး အကျဉ်းသားများ ဖြစ်သွားသည်။ ဒါက တကယ့်ကို ရှက်စရာကြီးပါ။
#TK