Chapter 5
Viewers 9k


👻Chapter 5: 

ဝိဥာဥ်လက်ထပ်ပွဲ (4)



“လီပင်း။ ကျွန်မကို ထွက်သွားသည်။


မိန်းကလေး၏ စူးစူးဝါးဝါးအော်ကယ်ပါ"


လီပင်းက မိန်းကလေး၏ ချစ်သူကောင်လေးဖြစ်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်စဥ် လီပင်းက ထရပ်လိုက်ပြီး ပြေး

သံကို အခန်းထဲကနေ ကြားနေရသည် " ကယ်ပါ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး။ သရဲတွေ။ သရဲတွေ..."


“မဟုတ်ဘူး။ မလာနဲ့ မလာနဲ့"


"လီပင်း။ ရှင် ကျွန်မကို ထားသွားလို့မရဘူး"


တဲအပြင်ဘက်တွင် လီပင်း၏ ခြေထောက်များက ဖြောင့်ဖြောင့်မရပ်နိုင်လောက်အောင် တုန်ယင်နေပြီး မျက်နှာကလည်း ဖြူဖျော့နေသည်။ လီပင်းက ခေါင်းတွင်တွင်ရမ်းလိုက်ပြီး မဝင်ရဲဖြစ်နေသည်။


တဲထဲတွင် ဝမ်ရွှယ် ရှိနေသည်။


သူ့ကောင်မလေး....


ဒါပေမယ့် အထဲမှာ သရဲရှိနေတယ်။ သရဲ....


သူ မသေချင်သေးပေ။


သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ 


စောစောက ညလယ်ခေါင်တွင် ဝမ်ရွှယ်က သန့်စင်ခန်းသွားချင်သည်ဟု ရုတ်တရက် ပြောလာသော်လည်း တစ်ယောက်တည်း မသွားရဲ၍ အဖော်လိုက်ခဲ့ပေးရန် တောင်းဆိုခဲ့သည်။


သူက ဤသို့ ဖြစ်လာမည်ဟု မထင်ထားခဲ့။


မဟုတ်ဘူး။ သူ မသေနိုင်သေးဘူး။ ကောင်မလေးက နောက်တစ်ယောက် ရှာလို့ရပေမယ့် အသက်က တစ်ခုတည်း ပါတာ။


လီပင်းက တဲ၏ ဝေးရာ အနောက်ဘက်ကို တစ်လှမ်းချင်း ဆုတ်မိသည်။


“မဟုတ်ဘူး။ မလာနဲ့။ မလာနဲ့..." ဝမ်ရွှယ်၏ အော်သံက တစ်စတစ်စ သနားစရာကောင်းလာသည်။ 


သူက အခု အမှန်ပင် မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။ လီပင်းက ခေါင်းလှည့်လိုက်ချိန် ကျင်းထျန်းယိကို ရိပ်ခနဲ တွေ့လိုက်၍ အသက်ရှင်လာသလို မျှော်လင့်ချက်ပြည့်လာရသည်။


သူက ခုန်ဝင်လိုက်ရင်း ကျင်းထျန်းယိ၏ အဝတ်စကို ဆွဲလာပြီး တောင်းပန်လာသည်


 " အစ်ကိုကျင်း။ ကျေးဇူးပြုပြီး ရှောင်ရွှယ်ကို ကယ်ပေးပါ။ ကျေးဇူးပြုပြီး"


ကျင်းထျန်းယိက အထဲဝင်ချင်သော်လည်း လီပင်းက ဆွဲထား၍ ချူဟွိုက်က အရင်ဆုံး ဝင်သွားလိုက်သည်။


တဲအိမ်က မီးရောင်မှိန်မှိန်နှင့် နေရာကျဥ်းသည်။ အထဲဝင်သွားချိန် သူက အမဲရောင်အဝတ်စကြီး လေပေါ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ချူဟွိုက်က အောက်ကို ကြည့်လိုက်ရာ အဝတ်စတွင် လူ့ခြေထောက် မပါချေ။ အဝတ်စ၏ မျက်နှာပြင်က အေးစက်ပြီး မှောင်မိုက်သည့် အလင်းရောင်ကို ထုတ်လွှင့်နေ၍ လူတိုင်းကို ဖိမ့်ဖိမ့်တုန်သွားစေနိုင်သည့် မျက်လုံးများနှင့် တူသည်။ 


ထိုအဝတ်ကြီးက ဝမ်ရွှယ်ကို လမ်းပိတ်ထား၍ သူမက မရွေ့ရဲဖြစ်နေသည်။ သူမက ညစ်ပတ်ပေရေနေသည့် နံရံကို မှီထားရင်း မျက်နှာကလည်း မျက်ရည်တို့ ပြည့်နေသည်။ ဝမ်ရွှယ်က ကြောက်ပြီး ဆီးမထိန်းနိုင်ဖြစ်သွား၍ တဲထဲတွင် မကောင်းသည့် အနံ့အသက်တို့လည်း ရှိနေသည်။ 


“လီပင်းရေ။ ကယ်ပါဦး"


သူမက အရိပ်တစ်ခု ဝင်လာသည်ကို တွေ့လိုက်၍ လီပင်းဟု ထင်သွားသည်။ ချက်ချင်းပင် သူမ၏ ဖြူဖျော့နေသော မျက်နှာထက် မျှော်လင့်ချက်လေး သန်းလာသည်။


"အား" ဝမ်ရွှယ်၏ ကိုယ်က ထူးဆန်းသည့် ပုံစံနှင့် ရုတ်တရက် မြေပြင်မှ ကြွတက်သွားကာ ခေါင်းမော့ကြည့်လိုက်စဥ် မမြင်ရသော လက်တစ်ဖက်က သူမလည်ပင်းကို ညစ်ထားလေသည်။ ဝမ်ရွှယ်၏ မျက်နှာက ခရမ်းပုပ်ရောင် သန်းသွားပြီး အောက်စီဂျင်ပြတ်လာရသည်။  


ထိုအချိန် ချူဟွိုက်က ကျင်းထျန်းယိ ပြောဖူးသည့်စကားကို အမှတ်ရသွားသည်။


ဖြစ်ရပ်ကို ရှာဖွေနေချိန်အတောအတွင်း သဲလွန်စပေါ်လာခြင်း သို့မဟုတ် လေ့လာသည့်လမ်းကြောင်း မှားနေ၍ မဟုတ်လျှင် သရဲများက ပါဝင်သူများကို လာပြီး တိုက်ခိုက်လိမ့်မည်မဟုတ်။ 


လက်ရှိတွင် သူတို့ထဲက တစ်ယောက်မှ တွေ့ထားသည့် သဲလွန်စနှင့်ပတ်သက်ပြီး ကျေနပ်သည်ဟု မခံစားရပေ။


ချူဟွိုက်က ထိုအကြောင်း စဥ်းစားမိသောအခါ သူ့မျက်လုံးများက ချက်ချင်း စုကျုံ့သွားပြီး တုန့်ဆိုင်းမနေပဲ ရှေ့ကို လျှောက်သွားလိုက်သည်။


တစ်လှမ်း....နှစ်လှမ်း....သုံးလှမ်း....။ ထို့နောက် သူက အဝတ်မည်းကြီးကို ဆွဲကိုင်လိုက်သည်။


ထိလိုက်သည်နှင့် သူ့လက်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး အအေးဓါတ်တို့ ဖြန့်ကျက်သွားလေသည်။


မကောင်းဘူး။


ချူဟွိုက်က အဝတ်စကို ဆွဲယမ်းပစ်မည် ပြုလိုက်စဥ် အဝတ်စက သူ့လက်ထဲ ပြိုကျလာသည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ အဝတ်စ၏ အလင်းရောင်က မှေးမှိန်သွားရင်း ထိုခဏ သာမန်အဝတ်စနှင့် ထူးမခြားနားသလို ဖြစ်သွားသည်။


ချူဟွိုက်က ဖြစ်သွားသည့်အရာကြောင့် သတိလက်လွတ်ဖြစ်သွားစဥ် ဝမ်ရွှယ်က မြေကြီးပေါ် မြွေတစ်ကောင်လို ပစ်လှဲကျသွားရင်း သူမ၏ မျက်လုံးများကလည်း မည်းမှောင်နေသည်။


နောက်မှ ဝင်လာသည့် ကျင်းထျန်းယိက ဖြစ်သွားသည့်အရာကို မြင်လိုက်ချိန် ချူဟွိုက်အပေါ် ထင်မြင်ချက်က ပြောင်းလဲသွားလေသည်။  


သူက တော်ပြီးတော့ တိကျပြတ်သားတယ်။ ဒါကြောင့် အခြေအနေက လုံးဝ ငြိမ်သွားတာ။


ကျင်းထျန်းယိနှင့် ချူဟွိုက်က ဝင်သွားပြီမှန်း သတိထားမိသွား၍ လီပင်းကလည်း လိုက်ဝင်ရန် ဆုံးဖြတ်လိုက်သည်။ သူက မြေပြင်ပေါ် လှဲနေသည့် ဝမ်ရွှယ်၏ သနားစရာအခြေအနေကို တွေ့သောအခါ ချက်ချင်းပြေးပြီး ထရန် ကူပေးလိုက်စဥ် သူမက သူ့လက်ကို ပုတ်ထုတ်လိုက်သည်။


လီပင်းက သူ့ကို မူးနောက်ပြီး လဲကျသွားအောင် လုပ်နိုင်သည့် ဝမ်ရွှယ်၏ ခွန်အားကြောင့် အံ့သြသွားရသည်။ ဝမ်ရွှယ်က လီပင်းကို ဒေါသမျက်လုံးများနှင့် အေးစက်စက်ကြည့်နေသည်။


လော့ဇီယန်က သူမကို ကူပေးရန် အမြန်ရောက်လာသော်လည်း ဝမ်ရွှယ့်ကိုယ်ပေါ်က အနံ့ကို သည်းမခံနိုင်ဖြစ်သွားရသည်။ လီပင်းက တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားချက်နှင့် ရပ်နေဆဲဖြစ်သည်။ သူ့ရှေ့က အမျိုးသမီးကို သူ မရင်းနှီးသလို ခံစားနေရသည်။


ဝမ်ရွှယ်ကို သူ့က ထိန်းချုပ်ရလွယ်ပြီး ကြောက်တတ်သည့် လူတစ်ယောက်ဟု အမြဲတမ်း ထင်မြင်မိလေသည်။ ပုံမှန်ဆို သူမက နူးညံ့ပြီး တိတ်တိတ်ဆိတ်ဆိတ် နေတတ်သည်။ 


“ရှောင်ရွှယ်....ကိုယ် တကယ်..." လီပင်းက စိတ်ရှုပ်ထွေးနေပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေသည် " ကိုယ် မင်းကို ချစ်တယ်။ မင်း ကိုယ့်ကို ယုံရမယ်နော်..."


ဝမ်ရွှယ်က လော့ဇီယန်လက်ကို တင်းတင်း ဆုပ်ကိုင်ထားပြီး တုပ်တုပ်မှ မလှုပ်ချေ။ တစ်ဖက်တွင်လည်း ကျောက်ရှင်းက ဘယ်အချိန်က ရောက်လာသည်မသိပဲ စပြီး လှောင်ပြောင်တော့သည် " နင် ဒီလို ကောင်လေးမျိုးကို နှစ်သစ်ကူးဆင်နွှဲဖို့ သိမ်းထားတာလား"


လီပင်းက ဒေါသထွက်လာပြီး သူမကို စူးစူးရှရှ မေးလာသည် " မင်းသာဆိုရင်ရော။ မင်း ကောင်လေးကိုယ်စား သေပေးဖို့ ဆန္ဒရှိရဲ့လား..အဲ့ဒါ ငါ့အမှားမှ မဟုတ်တာ။ ငါလည်း အသက်ရှင်ချင်တာပဲလေ"


ကျောက်ရှင်း၏ မျက်နှာသွင်ပြင်က မသာမယာဖြစ်သွားပြီး ချက်ချင်း အသံတိတ်သွားသည်။


လီပင်းက နှာမှုတ်လိုက်သည် " မင်းတို့ အကုန်လုံး တွေးနေကြတာကို ငါသိတယ်။ ဒါပေမယ့် ငါ့ကို အထင်သေးဖို့ မင်းတို့မှာ ဘာအခွင့်အရေး ရှိလို့လဲ"


သူ၏ တုန်ယင်နေသော လက်များနှင့် လူတိုင်းကို လက်ညှိုးထိုးလာသည် " မင်းတို့ဆိုရင်လည်း ငါ့အတိုင်း ဆုံးဖြတ်လိုက်ကြမှာပဲလေ"


ကျင်းထျန်းယိက ချူဟွိုက်၏ နားကို လက်နှင့်အုပ်ပေးလာသည် " သွားကြစို့"


ချူဟွိုက်ကလည်း ခွေးသွေးဆန်ဆန် ဒရမ်မာတစ်ခု ဖြစ်နေမှန်း သိလိုက်၍ နေလိုက်လျှင်လည်း ပျင်းစရာကောင်းနေသဖြင့် ကျင်းထျန်းယိနောက်လိုက်သွားသည်။


သူက လက်ထဲက အဝတ်စကို ညွှန်ပြလိုက်ရင်း မေးလာသည် " အစ်ကိုကျင်း။ ဘယ်လိုထင်မိလဲ"


ကျင်းထျန်းယိက အဝတ်စကို ယူလိုက်ပြီး ဝတ်ကြည့်လိုက်သည်။ ကျင်းထျန်းယိကိုယ်ပေါ် ရောက်သွားချိန် ထိုအဝတ်စ အရမ်းသေးနေပြီး လက်အရွယ်အစားသာ တူလေသည်။


“ကောင်းပြီ။ ဒါက ယင်းရှောင်ဖုန်းရဲ့ အဝတ် မဟုတ်ဘူး။ အမျိုးသားတစ်ယောက်ရဲ့ အဝတ်အစားဖြစ်ပြီးတော့ သူ့ရဲ့ အရပ်က ၁.၇၅မီတာ လောက်ရှိမယ်။ ပိန်ပြီးတော့ လက်တံရှည်တွေလည်း ရှိတဲ့သူဖြစ်မယ်" ကျင်းထျန်းယိက ချွတ်လိုက်ရင်း ပြောလာသည်။ 


“ချောင်ရုန်လား" ချူဟွိုက်၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေရင်း ဤသည်က သူစဥ်းစားမိသည့် ပထမဆုံးသူ ဖြစ်သည်။


ကျင်းထျန်းယိက တွေးတွေးဆဆပြောလာသည် " မသေချာဘူး။ ချောင်ရုန်က သရဲ ဖြစ်မလာနိုင်ဘူး"


ရုတ်တရက် သူ့စိတ်ထဲ တစ်ခုခု ဖြတ်ပြေးသွား၍ ချူဟွိုက်က မနေနိုင်ပဲ ဆိုလိုက်သည် " ချောင်သခင်မကြီးကို နှောင့်ယှက်နေတဲ့ အမျိုးသားသရဲများလား"


“ဖြစ်နိုင်လောက်တယ်"


“ကိုယ်ထင်တာ သရဲက အဝတ်စထဲမှာ ရှိလောက်တယ်" ကျင်းထျန်းယိက ဆိုလိုက်သည်။ 


အဝတ်စကို ယူဟန်ပြင်နေသည့် ချူဟွိုက်လက်များ တောင့်ခနဲဖြစ်သွားရသည်။


ကျင်းထျန်းယိက နှုတ်ခမ်းတင်းတင်းစေ့ပြီး ပြောလာသည် " ဘာလို့ဆို သူတို့က အခေါင်းထဲမှာ သော့ခတ်ခံထားရတဲ့အတွက် အဝတ်စက သူတို့ရဲ့ လက်ခံသူ ဖြစ်လာတယ်။ ဒါက ဖြစ်ရပ်ကို တည်ဆောက်ထားတဲ့ ဇာတ်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်"


“ဒါဆို ယင်းရှောင်ဖုန်းက သရဲတစ်ကောင် ဖြစ်လာခဲ့တာပေါ့" ချူဟွိုက်က ဤသည်က ဖြစ်နိုင်ကြောင်း တွေးမိချိန် ထိတ်လန့်သွားရသည်။


အမှန်တွင်ဖြင့် ယင်းရှောင်ဖုန်း၏ အဝတ်က ပျောက်နေပေသည်။


“ ကိုယ် မသိဘူး" ကျင်းထျန်းယိက ဆိုလိုက်သည်။


စင်စစ် သူတို့ ရှာမတွေ့သေးသည့် အရာတော်တော်များများ ရှိသေးလေသည်။


ဒါက ဒီလိုမျိုး ဆိုရင် ယင်းရှောင်ဖုန်းရဲ့ အဝတ်စက ဘယ်ရောက်သွားတာလဲ။


“ကိုယ် ဒီအဝတ်စကို သိမ်းထားလိုက်မယ်" ကျင်းထျန်းယိက ပြောလာချိန် ချူဟွိုက်တွင်လည်း ကန့်ကွက်စရာ မရှိချေ။


နောက်တစ်နေ့ မနက်စောစောတွင် ကျင်းထျန်းယိက လူစုလိုက်ပြီး မနေ့ညက ရှာတွေ့ခဲ့သည့် သတင်းအချက်အလက်အကြောင်း ပြောပြလိုက်စဥ် လူတိုင်းကလည်း ကျင်းထျန်းယိ၏ အကဲဖြတ်မှုက ကျိုးကြောင်းသင့်သည်ဟု တွေးမိကြသည်။


ကျောက်ရှင်းက ကျင်းထျန်းယိကို နွေးနွေးထွေးထွေး ကြည့်လိုက်သည်။


သူမက သူမ၏ ထင်မြင်ချက်ကို ပြလာသည် " အစ်ကိုထျန်းယိ။ ဒီနေရာမှာ သရဲရှိနေတဲ့အတွက် ကျွန်မတို့ ချောင်မိသားစုမှာ အကြာကြီးနေနိုင်မယ်လို့ မထင်ဘူး။ ထပ်ပြောရရင် ချောင်သခင်မကြီးကလည်း သူ့ပစ်မှတ်တွေထဲက တစ်ယောက်လေ"


ချူဟွိုက်က သူမကို စိုက်ကြည့်လိုက်သည်။


ယဥ်ယဥ်ကျေးကျေး ခိုင်းနှိုင်းရလျှင် ဤအမျိုးသမီး ပြောလိုက်သည့် အရာရာတိုင်းက အဓိပ္ပါယ်မရှိသည့် အရာများဖြစ်သည်။


သူက ခေါင်းလှည့်လိုက်ပြီး ကျင်းထျန်းယိကို အပြုံးလေးနှင့် ကြည့်လိုက်သည် " အစ်ကိုကြီးထျန်းယိ"


ချူဟွိုက်၏ အသံက နှစ်လိုဖွယ်ကောင်းပြီး ချိုသာနေသည်။ ကျင်းထျန်းယိက ပြုံးလိုက်ပြီး သူမ၏ ဆံနွယ်ရှည်များကို ညင်ညင်သာသာ သပ်တင်ပေးလိုက်သည်။


ဝမ်ရွှယ်က ခေါင်းငိုက်စိုက်နှင့် လူတိုင်းနှင့် ခပ်ဝေးဝေးတစ်နေရာတွင် ထိုင်နေသည်။ မနေ့ညက ဖြစ်ခဲ့သည့်အရာတို့မှ ရုန်းမထွက်နိုင်ဟန် သူမ၏ မျက်နှာအမူအရာက မည်းမှောင်နေသည်။ 


“မင်းက လွယ်လွယ်လေး ပြောလိုက်တာပဲ။ ငါတို့ ဒီမှာ မနေရင် ဘယ်မှာ သွားနေရမှာလဲ" လီပင်းက နှာမှုတ်လိုက်သည်။


ကျောက်ရှင်းက မနေ့ညက သူ့ကို လှောင်ရဲသည့်အတွက် သူမကို ဆန့်ကျင်သည့်သူ့ကို အပြစ်လာမတင်သင့်ပေ။


ကျောက်ရှင်း၏ မျက်နှာက အရုပ်ဆိုးသွားပြီး ချက်ချင်းပင် စူးရှသည့် အသံနှင့် ပြောလာသည် " ကျွန်မတို့....ကျွန်မတို့ ယင်းမိသားစုဆီ သွားလို့ရတာပဲ" 


သူမက သာမန်ကာလျှံကာ ပြောလိုက်သော်လည်း ကျောက်ရှင်းက နေရာကောင်းတစ်ခုဟု တွေးမိသွားသည်။ သူမက ချက်ချင်းပင် လီပင်းကို မာန်တက်နေသည့် အကြည့်နှင့် ကြည့်လာသည်


 " ဟုတ်တယ်။ ယင်းမိသားစုဆီ သွားကြမယ်"


“ပြောရရင် ယင်းရှောင်ဖုန့်က ချောင်သခင်မကြီး သတ်တာ ခံလိုက်ရတာ ဖြစ်နိုင်တယ်။ သူမသာ သရဲဖြစ်လာရင် ချောင်မိသားစုကို ရန်ပြုမယ့် ပထမဆုံးသူ ဖြစ်လာမယ်။ ပြီးတော့ အမျိုးသားသရဲရော ဆိုတော့ လက်ရှိမှာ ဒီချောင်အိမ်တော်မှာ သရဲနှစ်ယောက် ရှိနေပြီ"


ကျောက်ရှင်းက ပြောရင်းပြောရင်း စိတ်လှုပ်ရှားလာရသလို လီပင်း၏ မျက်နှာသည်လည်း တဖြေးဖြေး ကြည့်ရန် ခက်ခဲလာသည်။


သူက ကျောက်ရှင်း မှန်သည်ဟု ခံစားရသည်။


“ဒါကြောင့် ကျွန်မတို့ သေချာပေါက် ယင်းမိသားစုကို သွားရမယ်။ ယင်းရှောင်ဖုန်းက သူ့မိဘတွေကိုတော့ ရန်မမူလောက်ဘူးလေ။ ယင်းမိသားစုက ချောင်မိသားစုထက် သေချာပေါက် ဘေးကင်းတာပေါ့" ကျောက်ရှင်းက ပြောပြီးသည်နှင့် ဝင့်ဝင့်ကြွားကြွား ထိုင်ချလိုက်သည်။


သူမက စိတ်ပျက်စရာကောင်းသည့် သူတစ်ယောက် ဖြစ်သော်လည်း ချူဟွိုက်က သူမ အခုလေးတင် ပြောလိုက်သည့်အရာက အကျိုးအကြောင်းသင့်သလို ခံစားမိကာ သူတို့ကလည်း ယင်းရှောင်ဖုန်း၏ သေဆုံးမှုကို ဖော်ထုတ်ရန် ယင်းမိသားစုသို့ သွားဖို့ လိုသည်ပင်။


သူက နောက်ဆုံးတစ်ခေါက်က စဥ်းစားမိသည့် 'ယင်းချောင်'ဆိုသည့် စကားလုံးကို မှတ်မိနေသေးသည်။ ချူဟွိုက်၏ စိတ်ကို ထိုစာလုံးက အနှောင့်အယှက်ပေးနေသည်။ 


အဲ့ဒါက သဲလွန်စတွေထဲက တစ်ခုများ ဖြစ်နေမလား။ အဲ့လို ဖြစ်မယ့်ပုံပဲ...။


ပြောရရင် ယင်းမိသားစုကရော ကျောက်ရှင်းပြောသွားသလို လုံခြုံတဲ့နေရာလား....။


“မဲပေးကြမယ်" ကျင်းထျန်းယိက မျက်ခုံးတို့ အနည်းငယ် တွန့်ချိုးထားသည်။


“သွားမယ်ဆိုရင် လက်မြောက်လိုက်။ လူက ခြောက်ယောက်ဖြစ်နေတဲ့အတွက် ငါက ကြားနေလုပ်လိုက်မယ်"


လူတိုင်းက မကန့်ကွက်လာကြ။


ကျောက်ရှင်းက အရင်ဆုံး လက်မြောက်သည့်သူ ဖြစ်ပြီး လီပင်းက တွန့်ဆုတ်ဆုတ်နှင့် သူမနောက်က လိုက်မြောက်သည်။ လော့ဇီယန်က တစ်ခုခု မူမမှန်သလို ခံစားရပြီး ချူဟွိုက်ကလည်း ထိုအတိုင်း ခံစားမိ၍ လက်မမြောက်လိုက်ချေ။


လူတိုင်းက ဝမ်ရွှယ်ကို လှည့်ကြည့်လာကြသည်။


သူမက မှိုင်းတိုင်းတိုင်း ဖြစ်နေသေးသည်ကို တွေ့လိုက်၍ ကျောက်ရှင်းက သံမဏိဖြစ်မလာသည့် သံကို မုန်းတီး၍ သူမကို အော်ခေါ်လိုက်သည် " ဝမ်ရွှယ်။ သွားမှာလား မသွားဘူးလား"

[သံမဏိဖြစ်မလာတဲ့သံ=ထင်ထားတဲ့အတိုင်း ဖြစ်မလာတာ။ တိုးတက်မလာတဲ့အတွက် စိတ်မရှည်တာမျိုးကို ပြောတာပါ]


“အား" ဝမ်ရွှယ်က လန့်သွားသလို အော်လိုက်ရင်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ နူးနူးညံ့ညံ့ ပြောလာသည် " ငါ...သွားမယ်"


သူမက တွန့်ဆုတ်တွန့်ဆုတ်နှင့် လက်မြောက်ပြလာသည်။


ထိုရလဒ်ကြောင့် လူတိုင်းက ချောင်သခင်မကြီးဆီ သွားရောက်ကာ အခြေအနေကို ရှင်းပြလိုက်သည်။


“ကိစ္စမရှိပါဘူး။ ယင်းမိသားစုကို သတင်းပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ မင်းတို့မှာ အခက်အခဲရှိရင် ပြောသာပြောပါ။ ပြီးတော့ နှစ်ရက်နေပြီးလို့ ညသန်းခေါင်မတိုင်ခင် ငါ့သားရဲ့ ဝိဥာဥ်လက်ထပ်ပွဲအတွက် ပြန်လာပေးရမယ်"


သူတို့ဓလေ့အရ ရိုးရိုးလက်ထပ်ပွဲနှင့် ဝိဥာဥ်လက်ထပ်ပွဲကြား ကွာခြားချက်က ဒုတိယတစ်ခုက ညသန်းခေါင်တွင် ကျင်းပရသည်။


ချောင်သခင်မကြီးကို နှုတ်ဆက်လိုက်ပြီးနောက် လူတိုင်းက ယင်းမိသားစုသို့ ထွက်ခွာလိုက်ကြသည်။


လော့ဇီယန်က တံခါးသွားခေါက်လိုက်သည်။


တံခါးဖွင့်လာသည့်သူက မုတ်ဆိတ်မွှေးထူထူနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ဖြစ်သည်။ သူက တွန့်ကြေနေသော အင်္ကျီကို ဝတ်ထားပြီး ပိန်ခြောက်ခြောက်နှင့် လက်သည်းများက မည်းသည်း၍ ညစ်ပတ်နေကာ မျက်လုံးများကလည်း ညစ်ပတ်ပေရေနေသည်။ 


တောက်လောင်နေသည့် အကြည့်နှင့် ချူဟွိုက်ကို စိုက်ကြည့်နေပြီးမှ ပြောလာသည် " ငါက ယင်းရှောင်ဖုန်းရဲ့ အဖေပါ။ ချောင်သခင်မကြီးက လူလွှတ်ပြီး သတင်းပို့ထားပြီးပြီ။ အထဲ ဝင်လာကြ"


မူလက အဖေယင်းနှင့် အမေယင်းတို့က ချောင်မိသားစုမှ အစေခံများ ဖြစ်ဟန်ရှိကာ အသက်ကြီးသွား၍ အထုတ်ခံရခြင်း ဖြစ်သည်။ ရလဒ်အနေနှင့် သူတို့၏ တစ်ဦးတည်းသောသမီး ယင်းရှောင်ဖုန်းက မိဘများကိုယ်စား ချောင်မိသားစုသို့ အစေခံအဖြစ် အလုပ်သွားလုပ်ရခြင်း ဖြစ်သည်။


“ယင်းရှောင်ဖုန်းရဲ့ မိသားစုက အရမ်း ဆင်းရဲမယ်လို့ ထင်မထားဘူး" လော့ဇီယန်က လျှောက်လာပြီး တိုးတိုးပြောလာသည်။


ချူဟွိုက်က မျက်ခုံးကျုံ့မိသွားသည်။ လော့ဇီယန် ပြောသည်က မှန်လေသည်။


ယင်းမိသားစုအိမ်က အခန်းတစ်ခုနှင့်သ္တူပြီး ဘာအရောင်မှ မပါသည့် နံရံလေးဘက် ကာရံထားသည့် အိမ်ဖြစ်ကာ အခြေခံပရိဘောဂတစ်ချို့သာ ရှိလေသည်။ သူ့ရှေ့က စားပွဲခုံအစွန်းကလည်း ဆိုးဆိုးရွားရွား ခြစားခံထားရကာ သူတို့ သောက်နေသည့် လက်ဖက်ရည်ကလည်း အောက်သိုးသိုးနံ့ ရနေသည်။  


ချောင်မိသားစုက သူတို့ အစေခံတွေကို ဆိုးဆိုးဝါးဝါး ဆက်ဆံရင်တောင် ဒီအခြေအနေအထိ မလွန်လွန်းသင့်ပါဘူး။


နာရီဝက်ခန့်ကြာပြီးနောက် မိုးစရွာလာသည်။ ထိုအခိုက် ခေါင်မိုးမှ ယိုစီးလာသည့် မိုးစက်တစ်ပေါက်က ချူဟွိုက်ရှေ့က လက်ဖက်ရည်ခွက်ထဲ ကျလာသည်။ 


“သောက်အဖွားကြီး။ အစားအစာ အဆင်သင့်မဖြစ်သေးဘူးလား" အဖေယင်းက ချူဟွိုက်ကို စိုက်ကြည့်နေရင်း အမေယင်းကို ဆဲဆိုလိုက်သည်။


“ပြီးကာနီးပါပြီ" အမေယင်းက အနည်းငယ် လန့်သွား၍ထင် တုန်ယင်နေသည်။


ချူဟွိုက်က ရှက်သွားဟန် ထရပ်လိုက်ရင်း ကျင်းထျန်းယိ၏ အင်္ကျီစကို ဆွဲပြီး လက်ချောင်းလေးများနှင့် ပွတ်သတ်လာသည်


 " အစ်ကိုထျန်းယိ။ အပြင်ထွက်ကြရအောင်"


"ကောင်းပြီ"


အပြင်မထွက်မီ သူက အဖေယင်းထံမှ ဆီစိမ်စက္ကူထီးတစ်လက်ကို ငှားလိုက်သည်။ ကျင်းထျန်းယိက ချူဟွိုက်အတွက် ထီးဆောင်းပေးလာသည်။ ထီး၏ အနားစွန်းက သူ့ကို မှီထား၍ ကျင်းထျန်းယိ၏ ပုခုံးက ခဏတွင်း ရေစိုလာသည်။


ချူဟွိုက်က ယင်းမိသားစုအကြောင်း စုံစမ်းရန် အမျိုးသမီးတစ်ယောက်ကို တားလိုက်သော်လည်း ထိုအမျိုးသမီးက လျို့ဝှက်သည့်ပုံစံနှင့် လက်ယမ်းပြလာသည်


 " ငါ ဘာမှ မသိဘူး။ ငါ တကယ်မသိတာ။ ငါ့ကို လာမတားနဲ့။ အိမ်အမြန်ပြန်ပြီး ငါ့ကလေးအတွက် ထမင်းချက်ပေးရဦးမှာ"


ကျင်းထျန်းယိက စကားမဆိုပဲ ကျန်နေသည့် ငွေထည်များကို ထုတ်ပြီး ပေးလိုက်ရာ ထိုအမျိုးသမီးက ချက်ချင်း မျက်နှာပြုံးရွှင်သွားသည်။


“ငါတို့အကုန်လုံးကတော့ သူ့ကို သားရဲကြီးလို့ ခေါ်ကြတယ်။ သူက လောင်းကစားလုပ်တဲ့နေရာမှာ တော်တယ်လေ။ ပြီးတော့ အကြွေးတွေဝိုင်းနေတာ။ ရှောင်ဖုန်းက သမီးလိမ္မာလေးပါ။ အိမ်ပြန်လာတိုင်း ပိုက်ဆံတွေ ယူလာတတ်တယ်။ သူမက ရိုးတဲ့သူကိုး..." 


“အဲ့ဒီအဖိုးကြီးက ညလယ်ရောက်တိုင်း သူ့မိန်းမကို ရိုက်တယ်။ သူမငိုသံကို နေ့တိုင်း ကြားနေရတာ။ ဒါပေမယ့် ငါတို့လည်း ဘာမှမတတ်နိုင်တော့ သူ့ကွယ်ရာမှာပဲ ပြောနိုင်တော့တယ်"


“ရှောင်ဖုန်းမှာ ဒီလိုအဖေရှိတာ အရမ်း ခက်ခဲမှာပဲ။ ကံကောင်းလို့ သူမက ချောင်သခင်မကြီးဆီမှာ အလုပ်ရလို့ အိမ်သိပ်ပြန်မလာတော့ဘူး" ထိုအမျိုးသမီးက သက်ပြင်းချလိုက်သည်။


ထိုအမျိုးသမီး ပြောလိုက်သည့် စကားလုံးတိုင်းက ချူဟွိုက်၏ နားထင်ကြောများ တွန့်ချိုးလာစေသည်။


“သူ့အိမ်မှာ နေမယ်ဆိုရင် မင်းတို့ သတိထားရလိမ့်မယ်။ အထူးသဖြင့် မင်းရဲ့ဘေးမှာ အမျိုးသမီးတစ်ယောက် ရှိနေတယ်ဆိုတော့ ပိုပြီး သတိထားရမယ်..." ထိုအမျိုးသမီးက ကျင်းထျန်းယိဘက် လှည့်လိုက်သည် " သူမက မင်းရဲ့ ဇနီးလား"


ချူဟွိုက်က ရွှန်းလဲ့နေသော မျက်လုံးများနှင့် ကျင်းထျန်းယိကို နာနာခံခံ ကြည့်လိုက်သည်။


ကျင်းထျန်းယိက ဖွဖွပြုံးလိုက်ပြီး ချူဟွိုက်လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလာသည်


 " ဟုတ်ပါတယ်"


ထိုအမျိုးသမီးက တစ်ခုခု ခံစားမိသွားသလို သတိပေးလာသည် "မင်းရဲ့ ဇနီးက အရမ်းလှတာပဲ။ နတ်ဘုရားမနဲ့ တူတယ်။ ဒါကြောင့် မင်းက သူမကို တစ်ချိန်လုံး စောင့်ကြည့်နေရတော့မှာ။ အဲ့ဒီအဖိုးကြီး ဘာလုပ်လာမလဲ ဆိုတာ ဘယ်သူမှ မသိတော့" 


ထိုအမျိုးသမီးက စကားစပြောသည်နှင့် အဆုံးမရှိသလို မရပ်မနား ပြောလာသည်။ ချူဟွိုက်က သူမကို ဘယ်လို စကားစဖြတ်ရမလဲ မသိ၍ အကြပ်ရိုက်လာသည်။ သူမက ချူဟွိုက်ကို စိုက်ကြည့်နေရင်း ခပ်ဝေးဝေးကို စိုက်ကြည့်လိုက်ချိန် ထိုအမျိုးသမီးက ထင်မထားစွာ အသံတိတ်ကျသွားသည်။


“ကံဆိုးတာပဲ" ထိုအမျိုးသမီးက အသက်ရှူသံနှင့် ကျိန်ဆဲလိုက်ရင်း ခြေထောက် တရွတ်ဆွဲပြီး ပြေးသွားလေသည်။


👻