Chapter 27
Viewers 1k

👻Chapter 27: 

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (5)



7:20


အိမ်ထဲတွင် လီရှင်းရန်က ကုတင်အောက်တွင် ပုန်းနေသည်။ သူမက ဘောလုံးလေး တစ်လုံးလို ကွေးနေပြီး ပါးစပ်အုပ်ရင်း အသံတိတ် ငိုနေလေသည်။


၆နာရီမှ ၇နာရီထိ သူမက တစ်နာရီလုံးလုံး လမ်းလျှောက်ခဲ့ရသည်။ သို့သော်လည်း သူမက သက်ရှိလူတစ်ယောက်နှင့်မှ မတွေ့ခဲ့ရချေ။ 


သူမက ဒေါက်မြင့်ဖိနပ် စီးထား၍ ခြေထောက်က အဆမတန် နာကျင်နေပြီ ဖြစ်သည်။


ထိုအချိန် သွေးနီလကြီးက ပေါ်လာ၍ သူမက ပုန်းရန် အိမ်တစ်အိမ် အမြန် ရှာလိုက်ရသည်။  သူမက တံခါးဖွင့်ဝင်လိုက်သည်နှင့် လူအရိုးတစ်ချောင်းက အပေါ်မှ ပြုတ်ကျလာသည်။


သူမက မော့ကြည့်လိုက်ရာ အိမ်၏ ထုတ်တန်းများမှ အရိုးနှစ်ချောင်း တွဲလောင်းကျနေသည်။


သူမက တံခါးတစ်ခုပြီးတစ်ခု ဖွင့်လိုက်သော်လည်း အိမ်တိုင်းတွင် လူရိုးများက ရှိနေသည်။


အိမ်တိုင်းမှာ ရှိနေတယ်...။


လီရှင်းရန်၏ မျက်လုံးများက မျက်ရည်တို့ အိုင်ဖွဲ့လာသည်။


ဘယ်လိုလုပ် သူမက ကံဆိုးပြီး ဒီလိုနေရာ ရောက်လာရတာလဲ။


ထိုအချိန်က သူမက ကမ်းလှမ်းချက် ရခဲ့၍ သူမချစ်သူနှင့်အတူ ပြည်ပသို့ ပညာသင်သွားနေခြင်း ဖြစ်သည်။


သူမအနာဂတ်က အလားအလာကောင်းကောင်း ရှိနေသည်။ 


ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြောင်းသွားရတာလဲ။


သူမ မသေချင်သေးဘူး။ သူမဘဝက စတင်ရုံပဲ ရှိသေးတာ...။


လီရှင်းရန်က တသိမ့်သိမ့် တုန်ယင်နေသည်။


ဖြစ်ရပ်ထဲ ရောက်လာတာ သူမတစ်ယောက်တည်း မဖြစ်နိုင်ဘူး။ သမန်းဝံပုလွေသာ သူမကို သတ်သွားရင် ပထမညနဲ့တင် သေသွားပြီး ကံဆိုးတဲ့သူ ဖြစ်သွားမှာပေါ့...။


ဒါပေမယ့် သူမက အမြဲတမ်း ကံကောင်းခဲ့တာ။


မဟုတ်ရင် အရင်တုန်းက ကျောင်းသားတွေ အများကြီးထဲမှ ချူဟွိုက်က ဘာလို့ သူမကို ထောက်ပံ့ပေးဖို့ ရွေးခဲ့မှာလဲ။


ချူဟွိုက်....။


ဒီနာမည်တောင် မကြားရတာ ကြာပြီပဲ။


လီရှင်းရန်က အသိစိတ်လွတ်နေစဥ် ခြေထောက်ဘေးနား ရောက်နေသည့် ဖုန်းက ရုတ်တရက် မြည်လာသည်။


ဖုန်းမြည်နေတယ်။


လီရှင်းရန်က အသံကြောင့် ထိတ်လန့်သွားသည်။


သူမက အသံပိတ်ဖို့ မေ့သွားခဲ့တာပဲ။


မဟုတ်ဘူး။ ဒီလို ဆက်မြည်နေလို့ မဖြစ်တော့ဘူး။


လီရှင်းရန်က ထိတ်ထိတ်လန့်လန့် ကြည့်လိုက်ပြီး အမြန် အသံတိုးလိုက်သည်။


ဒါ မတော်တဆတစ်ခုပဲ ဖြစ်တာမို့ သူမကို မတွေ့သွားလောက်ပါဘူး။


သူမက စိတ်ငြိမ်ငြိမ်ထားလိုက်သည့်အချိန် ဖုန်းမျက်နှာပြင်က မည်းကျသွားပြီ ဖြစ်သည်။


လီရှင်းရန် ပြန်အသိဝင်လာသည်။ တုန်ယင်နေသော လက်များနှင့် ဖုန်းဖွင့်လိုက်သော်လည်း သူမက miss callတစ်ခုမှ မတွေ့ချေ။


သူမ နှလုံးက လည်ချောင်းထိ လှိုက်တက်လာပြီ ဖြစ်သည်။ [ကြောက်လွန်းလို့ နှလုံးထွက်ကျတော့မလို ခံစားရတာကို ပြောတာပါ]


ထိုအချိန် ဖုန်းက ပြန်ပြီး တုန်ခါလာသည်။


လီရှင်းရန်က ခေါ်လာသည့် နံပတ်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးအစုံ ပြူးကျယ်သွားသည်။ ထိုအခိုက် သူမက အသက်ရှူရန်ပင် မေ့နေခဲ့သည်။


"ချူဟွိုက်"


နောက်ဆုံး သူမက တုန့်ဆိုင်းနေရာမှ ဖုန်းကိုင်လိုက်သည်။


ထိုနာမည်က သံသယမရှိစွာ သူမကို သတ္တိအချို့ ပေးခဲ့သည်။


ထိုနှစ်က သူမ၏ မိသားစုက ပမာဏများသည့် အကြွေးတစ်ခု တင်သွားခဲ့ပြီး ထိုအကြွေးရှင်က ရုတ်တရက် သူဆီ လာတွေ့ခဲ့သည်။ ထိုသူက 'ချူဟွိုက်' ဆိုသူ ဖြစ်ပြီး သူမကို ဆွဲခေါ်ကာ တက္ကသိုလ်တက်စေသည့် သူဖြစ်သည်။  


ဖုန်းက ချိတ်ဆက်မိသွားသည်။


"ရှင်းရန်။ မကြောက်ပါနဲ့။ ကိုယ်လည်း ဖြစ်ရပ်ထဲမှာ ရှိနေတာ ။ ခုနက မင်းကို မြင်လိုက်တယ်"


ချူဟွိုက်၏ နူးနူးညံ့ညံ့ လေသံလေးက ဖုန်းတစ်ဖက်မှ ထွက်လာသည်။ လီရှင်းရန်က ချက်ချင်း မျက်ရည် ဖြိုင်ဖြိုင်ကျလာသည်။


ထိုအခိုက် သူမက ချူဟွိုက်၏ အသံကို ကြားလိုက်ရချိန် အပြစ်ရှိသလို ခံစားရသည်။


ယခင်က သူမက ဘွဲ့ရပြီးလျှင် ပိုက်ဆံပြန်ဆပ်ပါမည်ဟု ကတိပေးထားခဲ့ပြီး ချူဟွိုက်ကလည်း သဘောတူခဲ့သည်။


သို့သော်လည်း ဘွဲ့မရခင် သူမက နောင်တရနေပြီ ဖြစ်သည်။


အဲ့ဒါက ၁၀မီလီယံကြီးတောင်...။


ထိုနောက်ပိုင်း သူမက စိတ်ကျန်းမာရေး ဆေးရုံသို့ သွားပြီး ချူဟွိုက်ဆီ သွားမလည်တော့ပေ။


သူမက ပြည်ပထွက်ရန်ပင် စီစဥ်ခဲ့ပြီး ဟိုတွင် လက်ထပ်ပြီးသည်နှင့် ပြန်မလာတော့ရန် ဆုံးဖြတ်ထားသည်။ 


သို့သော်လည်း သူမက သူ့အပေါ် ထိုကဲ့သို့ ဆက်ဆံခဲ့သည်ကို ချူဟွိုက်က အပြစ်မတင်ပဲ သူမကို ဂရုတောင်စိုက်ပေးနေသည်။


ဒီလူက သူမကို အမြဲတမ်း မီးနဲ့ရေကြားက ကယ်တင်ပေးခဲ့တယ်။ သူက အရင်တုန်းကလည်း လုပ်ခဲ့သလို အခုလည်း လုပ်ပေးခဲ့တယ်။


သူမက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။


"မငိုပါနဲ့။ မင်း အခု ဘယ်မှာလဲ"


လီရှင်းရန်က သူမတည်နေရာကို ပြောပြချင်သော်လည်း နေရာမပြောပြတတ်၍ စိုးရိမ်လာရသည်။


"ကိုယ့်ကို လာရှာပေးမလား"


လီရှင်းရန်က အမြန်ခေါင်းညိမ့်ပြီး 'အင်း' ဟု ဖြေလိုက်သည်။


" မင်းမော့ကြည့်လိုက်ရင် လက တစ်ခြမ်းပဲ လင်းနေတာ တွေ့ရမယ်။ အဲ့ဒါ လရဲ့ ပထမတစ်စိတ်ပဲ။ လင်းနေတဲ့အခြမ်းက အနောက်ဘက်ကျတယ်။ မင်း အနောက်ဘက်ကို သွားလို့ရတယ်"


စုန့်ချန်သာ ရှိနေလျှင် ချူဟွိုက်ပြောသွားသည့်အရာက သူမကို ပြောခဲ့သည့်အရာနှင့် တစ်ထပ်တည်း တူနေမှန်း သိသွားလိမ့်မည်။   


လီရှင်းရန်က ချူဟွိုက် ပြောသွားသည့်အရာကို စိတ်ထဲ အပြန်ပြန်အလှန်လှန် မှတ်ပြီး ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်။


" ကိုယ် မင်းကို စောင့်နေမယ်" ချူဟွိုက်အသံက နူးညံ့နေပြီး ထိုစကားကလည်း ကျင်းထျန်းယိကို ပြောခဲ့သည့် စကား ဖြစ်နေသည်။


ဖုန်းက လိုင်းကျသွားပြီ ဖြစ်သည်။


လီရှင်းရန်က သူမဖုန်းတွင် ဖုန်းခေါ်ဆိုမှုမှတ်တမ်း မရှိသည်ကို သတိမထားမိပဲ ဖုန်းကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း ကုတင်အောက်မှ တွားသွားပြီး ထွက်လာခဲ့သည်။


ချူဟွိုက်က ဒီလို ကြောက်စရာကောင်းတဲ့ နေရာကနေ သူမကို ခေါ်ထုတ်သွားနိုင်လောက်တယ်။


သူမက တစ်ယောက်တည်း မနေချင်တော့။


သူမက သူ့ကို သံသယမဝင်ဖူး၍ သူ့ကို ရှာတွေ့နိုင်လျှင်ဖြင့်...


…


7:30



လီရှင်းရန်က ဖုန်းမီးကို မသုံးရဲချေ။ သူမက ဒေါက်မြင့်ဖိနပ်ကို ချွတ်ပြီး ညမှောင်မှောင်ထဲ ခြေဗလာနှင့် လမ်းလျှောက်သွားလိုက်သည်။ 


ဘာမှ မမြင်ရချေ။ သူမက ချော်လဲပြီး အကြိမ်ကြိမ် လဲကျ၍ ဒူးခေါင်းပင် ကြည့်ရဆိုးနေသည်။


ခြေဖဝါးနှစ်ဖက်ကလည်း မြေပြင်က ကျောက်တုံးများကြောင့် ပြတ်ရှပြီး လမ်းတစ်လျှောက် သွေးစတို့ ကျန်နေရစ်သည်။


လီရှင်းရန်က ချူဟွိုက်အပေါ် ယုံကြည်၍ ထပ်မငိုတော့ချေ။


အခုဆို သူက အနောက်ဘက်မှာ စောင့်နေတော့မှာ။


လီရှင်းရန်က ခက်ခက်ခဲခဲ လျှောက်နေရသည်။ ရုတ်တရက် သူမရှေ့က အိမ်မှ အရိပ်တစ်ခု ထွက်လာသည်။


ထိုလူက သူမလက်ကောက်ဝတ်ကို ဆွဲကိုင်လာသည်။ 


လီရှင်းရန်၏ မျက်ဆံများ ဝိုင်းစက်သွားရသည်။ သူမက အော်ရန်ပြင်လိုက်စဥ် တစ်ဖက်လူ၏ ပုံပန်းသွင်ပြင်ကို အမှောင်ထဲမှ မြင်လိုက်ရသည်။


နူးညံ့ပြီး လှပသည့် မျက်နှာတစ်ခု ဖြစ်သည်။


တက္ကသိုလ်က အတန်းဖော်တစ်ယောက်ဖြစ်သည့် ကျန့်ယောင် ဖြစ်နေသည်။


ကျန့်ယောင်က စာအရမ်း ကြိုးစားသည့်သူ ဖြစ်ပြီး ဒီပလိုမာဖြေမည့် သူလည်း ဖြစ်သည်။


သူမနှင့် ကျန့်ယောင်က မရင်းနှီး၍ မိတ်ဆွေဟု ပြော၍မရချေ။


ကျန့်ယောင်က လက်တစ်ဖက်ကို နောက်ပစ်ထားရင်း ပြောလာသည် " ရှင်းရန်။ ဆောရီး...နင့်ကို ခြောက်မိသွားတယ်" 


“ငါ စောစောက ဒီအိမ်ထဲမှာ ပုန်းနေတာလေ။ နင့်ကိုတွေ့လိုက်တော့ အရမ်း အံ့သြသွားလို့။ တောင်းပန်ပါတယ်" 


သူမက ပြောနေရင်း မျက်နှာကလည်း ပျော်ရွှင်နေသည် ပုံပင်။


လီရှင်းရန်ကလည်း အနည်းငယ် စိတ်အေးသွားရသည်။


နှစ်ယောက်ဆိုရင် တစ်ယောက်တည်းထက် ပိုကောင်းတာပေါ့။ သူတို့က တစ်ယောက်နဲ့တစ်ယောက် သိနေတယ်ဆိုတော့ ပြောမနေနဲ့တော့။ 


ကျန့်ယောင် " ဘယ်သွားမလို့လဲ"


လီရှင်းက စကားဆိုမလာပဲ ရှေ့သာ ဆက်လျှောက်နေသည်။ သူမနောက်က ကျန့်ယောင်၏ မျက်လုံးများက ရုတ်တရက် ထူးဆန်းသည့် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားသည်။


"ရှင်းရန်။ ငါလည်း နင်နဲ့အတူတူ လိုက်ခဲ့လို့ရမလား။ ငါ ကြောက်နေလို့"


"ရတယ်လေ"


…


ချူဟွိုက်နှင့် ကျန်နှစ်ယောက်က အိမ်ထဲတွင်ပုန်းနေသည်မှာ နာရီဝက်ခန့် ကြာသွားပြီ ဖြစ်သည်။


စစချင်းတွင် ကောင်ငယ်လေးက ချူဟွိုက်ပေါင်ပေါ် လှဲနေလေသည်။ နောက်ပိုင်း ထိုကောင်လေးက လှုပ်မလာ၍ စိုးရိမ်တကြီး ခေါ်လိုက်သော်လည်း ထိုကောင်လေးက ချူဟွိုက်စကပ်ပေါ် သွားရည်ကျသည်ထိ အိပ်နေမှန်း သိလိုက်ရသည်။


တစ်ဖက်တွင်လည်း လော်မင်က ထိုင်ခုံပေါ် ထိုင်နေရင်း ပြတင်းပေါက်ကတစ်ဆင့် အပြင်က အခြေအနေကို အာရုံစိုက်နေသည်။ ရုတ်တရက် သူ့မျက်နှာထက် အပြုံးတစ်ခု လှစ်ခနဲ ပေါ်လာ၏။


ချူဟွိုက်က တိုးတိုးလေး မေးလိုက်သည် " ဘာလို့ ပြုံးနေတာလဲ"


လော်မင်က ဆိုလိုက်သည် "မင်း နားချင်လား။ မင်းနဲ့ နေရာလှဲပေးမယ်လေ"


သူက အခြအနေနှင့် မြန်မြန်ဆန်ဆန် လိုက်လျောညီနေနိုင်သည့် ထိုကောင်လေးကို တကယ် အားကျမိသည်။


လော်မင်က လက်ဖြန့်လာသည် "ကိုယ်မင်းပေါင်ပေါ် လှဲလိုက်ရင်လည်း ကိုယ် အိပ်ပျော်သွားလောက်တယ်"


ချူဟွိုက်"....."


လော်မင်က ပြောလာသည် " သွေးနီလက မိနစ်၂၀ကျော်ရင် ပြီးတော့မှာ"


ချူဟွိုက်က တုံ့ပြန်သံ ထွက်လာသည်။


ကြည့်ရတာ သူတို့က ပထမတစ်ဖြတ်မှာ အသတ်မခံရပဲ အောင်အောင်မြင်မြင် လွတ်သွားပြီ ထင်တယ်။


လော်မင်က ချူဟွိုက်ကို စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ခပ်ဝေးဝေးမှ ရှည်မျောမျော ပုံရိပ်နှစ်ခုကို ရိပ်ခနဲ တွေ့လိုက်ရသည်။


သူ၏ မျက်ဆံများ ကျုံ့ဝင်သွားသည် ။


" တစ်ယောက်ယောက် လာနေတယ်"  


ချူဟွိုက်က တုန်လှုပ်သွားသည်။ သူက ကောင်ငယ်လေးကို မြေပြင်ပေါ် အသာအယာချလိုက်ရင်း ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။ သူက နံရံပေါ် ကျောမှီထားရင်း ဘေးဘက်ကို ကြည့်မိသော်လည်း ဘာမှ မတွေ့ရချေ။


ချူဟွိုက်က မေးလိုက်သည် " ရှင့်အမြင်အာရုံကပဲ အရမ်း ကောင်းနေတာနဲ့ တူတယ်"


"ကိုယ်က ဗီတာမင်အေကို ပုံမှန်သောက်တယ်လေ" လော်မင်က တစ်ခုခုကို ဖုန်းကွယ်ချင်ဟန် ချက်ချင်း ပြန်ဖြေလာသည်။


မိနစ်ဝက်ခန့်ကြာပြီးနောက် မီတာတစ်ဒါဇင်ခန့် အကွာတွင် ချူဟွိုက်က စောစောက လော်မင်ပြောခဲ့သည့် ပုံရိပ်နှစ်ခုကို တွေ့ရပြီ ဖြစ်သည်။


ရှေ့က လျှောက်လာတဲ့သူကို တော်တော်လေး ရင်းနှီးနေတယ်။


အမျိုးသမီး နှစ်ယောက်လား။ နှစ်ယောက်လုံး အသစ်လေးတွေလား။


ချူဟွိုက်က မျက်မှောင်ကြုတ်မိသည်။


အခုက သရဲအဖွဲ့အတွက် လူသတ်ဖို့ အချိန် ဆိုပေမယ့် ဒီနှစ်ယောက်က လမ်းပေါ် လျှောက်သွားရဲနေတယ်။ သေမှာ မကြောက်ဘူးလား။


ချူဟွိုက်က မထင်မှတ်ပဲ တစ်ခုခု တွေးမိသွား၍ သူ့မျက်လုံးတို့ နက်မှောင်သွားသည်။


ဒီလူနှစ်ယောက်က တကယ် လူတွေလား။


တစ်မျိုးပြောရရင် သူတို့အကုန်လုံးက လူတွေလား။


အမျိုးသမီးနှစ်ယောက်က သူတို့နေသည့် နေရာနှင့် ငါးမီတာအကွာတွင် ရောက်နေကြသည်။ 


ထို့နောက် ချူဟွိုက်က သူတို့မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်ရပြီ ဖြစ်သည်။


ရှင်းရန်။


အံ့သြသွား၍ ချူဟွိုက်၏ မျက်လုံးအစုံ ပြူးကျယ်သွား၏။


ရှင်းရန်နောက်တွင် တိတ်ဆိတ်ပြီး ကြည့်ကောင်းသည့် မိန်းကလေးတစ်ယောက်လည်း ပါလာသည်။


ထိုမိန်းကလေးက မျက်မှန်တပ်ထားပြီး အောက်ငုံ့နေ၍ မျက်နှာ မမြင်ရချေ။


သူမ၏ လက်များကို နောက်ပစ်ထားလေသည်။


ချူဟွိုက်က ရုတ်တရက် မကောင်းသည့် ခံစားချက်တစ်ခု ရလိုက်သည်။


လော်မင်က လိုက်ကာနောက်တွင် ပုန်းနေသည်။


ချူဟွိုက်က အိပ်ပျော်နေသော ကောင်လေးကို ကြည့်လိုက်ရင်း သူ နိုးလာပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာမည် ကိုစိုးမိသည်။


လီရှင်းရန်က သူတို့နေရာကို လူနေနေမှန်း သိနေသလို အိမ်နားကပ်လာသည်။


သူ လီရှန်းရန်ကို အထဲဝင်ခွင့်ပေးလိုက်ရမလား။


တကယ်လည်း အပြင်မှာ အန္တရာယ်ရှိတယ်လေ။


သွေးနီလ သာနေတဲ့အချိန်မှာ အပြင်မှာ လျှောက်သွားနေတဲ့သူတွေက လူဟုတ်ပါ့မလား။


သူ ဘာလုပ်သင့်လဲ။



👻