Chapter 9
Viewers 4k

Chapter 9


"မနက်ဖြန် လော့ချီကို လျှို့ရှန်အဆောင်ကနေ ပြောင်းခိုင်းလိုက်၊ ပြီးတော့ ဇီရုန်ရဲ့အခန်းကို ငါနဲ့နီးတဲ့နေရာပြောင်းလိုက်" ရွှီဇီယန် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။


လော့ဟွရဲ့စိတ်ထဲမှာ တုန်လှုပ်သွားသည်။ ဒီနေ့မတိုင်ခင်အထိ လော့ချီက လျှို့ရှန်အဆောင်မှာ အလေးပေးခံရဆုံးအစေခံဖြစ်သည်။ အဲ့လိုတွေကြောင့် သူမကသစ်ကိုင်းပေါ်ကနေ ကောင်းကင်ပေါ်ပျံသန်းရတော့မယ့်ပုံစံဖြင့် အခြားသူတွေကိုမျက်စိထဲတောင်မမြင်ဘူး။ ဒါပေမယ့် သူမက ရွှီဇီရုန်ရဲ့အိပ်ခန်းကို သာမန်ကာလျှံကာစီစဉ်မိလို့ ရွှီဇီယန်ဒေါသထွက်သွားမယ်မှန်း ဘယ်သူထင်မိမှာလဲ။ အဲ့ဒါတင်မဟုတ်ဘူး လော့ဟွနောက်တစ်ကြိမ်သဘောပေါက်သွားတာက ရွှီဇီယန်ကအလှအပတွေကို မခံစားတတ်ဘူး။ ဒါပေမယ့် သူမနားလည်သိရှိသွားတဲ့အရာကတော့——ရွှီဇီရုန်ကဘယ်လောက်အရေးပါတယ်ဆိုတာပဲ။ 


"ဟုတ်ကဲ့ပါ" လော့ဟွဟာ သူမခါးတွေကိုလှုပ်စိလှုပ်စိလည်းမလုပ်တော့သလို မျက်တောင်လည်းပေကလက် ပေကလက်မလှုပ်တော့ပေ။ ထိုအစား သူမဟာ သူမအကြည့်တွေကို သတိဝီရိယရှိစွာကြည့်နေသည်။


သခင်လေးရဲ့လျှို့ရှန်အဆောင်ကနေ ပြောင်းသွားပြီးရင် လော့ချီရှေ့ဆက်မယ့်ရက်တွေဟာ မသာယာတော့မှာအသေအချာပဲ။ သခင်လေးရဲ့အရေးပေးမှုကို အခွင့်အရေးမယူခင် သူမ ရွှီဇီယန်ဒေါသကိုမစမိအောင် ဆင်ခြင်ရမည်။


သူ့မျက်ခုံးကိုပင့်လိုက်ရင်း လော့ဟွကိုတစ်ချက်ကြည့်လိုက်ပြီး ရွှီဇီယန်စိတ်ကျေနပ်သွားသည်။ ဉာဏ်ထက်မြက်တဲ့မိန်းမတွေကို သူသဘောအကျဆုံးပဲ။ သူမရဲ့ခါးတွေကိုလှုပ်စိလှုပ်စိလုပ်ပြီး ဆွဲဆောင်ကာ သူ့အာရုံစိုက်မှုကိုလိုချင်တာကို နားလည်ပေးနိုင်ပါသည်။ ဒါပေမယ့် အရေးကြီးဆုံးအရာက အခြေအနေနဲ့အချိန်အခါကို ချင့်ချိန်တွေးတတ်ဖို့ပဲ။


တစ်ချို့လူတွေကပြောကြသည်။ 'ထက်မြက်တဲ့သူတွေက အသက်ရှည်ရှည်မနေရဘူး'တဲ့။ သူအနေနဲ့တော့ အကယ်၍သူသာ ငတုံးအုပ်စုနဲ့အတူနေမိပါက ပိုပြီးအသက်တိုသွားလိမ့်မည်! သူဒေါသထွက်လွန်းလို့ သေတောင်သေသွားနိုင်သည်!


"ဇီရုန်ကအပန်းရောင်ကြိုက်တယ်၊ ဒါကြောင့်သူအခန်းကို အပန်းရောင်ဆင်ပေးလိုက်၊ ကလေးတွေကြိုက်တတ်တဲ့ပစ္စည်းတွေကိုလည်း မင်းသေချာကြည့်ပြီးပြင်ဆင်ထားပေးလိုက်၊ ပြီးတော့ ငါရဲ့ရွမ်းယွီဓားကို ငါ့ဆီယူလာခဲ့"


"ဟုတ်ကဲ့" လော့ဟွကကျိုးနွံစွာပြန်ဖြေသည်။  ရွှီဇီရုန်ကအပန်းရောင်ကြိုက်တယ်ဆိုတာကို ကြားပြီး သူမရယ်ချင်စိတ်ကို မနည်းထိန်းထားရပေမယ့် ရွှီဇီယန်ပြောလိုက်သည့် နောက်ဆက်တွဲစကား သူ့ရဲ့ရွမ်းယွီဓားကိုလည်း ကြားရော သူမရယ်ချင်စိတ်တွေက ထိတ်လန့်စိတ်ဖြစ်သွားသည်။


ရွမ်းယွီဓားကို  ရွှီရှောင်ကရွှီဇီယန်ဆယ်နှစ်သားအရွယ်မှာ လက်ဆောင်ပေးခဲ့တာ။ ဓားကအရည်အသွေးသိပ်မကောင်းဘူးဆိုပေမယ့် ရှားပါးသည့်အမျိုးအစားဖြစ်သည်။ ပြီးတော့ ထိုဓားကို ကလေးတွေ ကျင့်ကြံသည့်နေရာမှာ အထောက်အကူဖြစ်ဖို့ အထူးပြုလုပ်ပေးထားတာသည်။ ရွှီဇီယန်ကထိုဓားကို သူ့ကလေးလို တန်ဖိုးထား၏။ သာမန်ဘယ်သူကိုမှ ထိုဓားကိုမထိခိုင်းပေ။


ကံဆိုးချင်တော့ လွန်ခဲ့သည့်နှစ်နှစ်က ရွှီဇီယန်ဟာ အလွန်ကြီးထွားတာ မြန်လာတာကြောင့် သူ့ကိုယ်ကလည်းအများကြီးပြောင်းလဲသွားသည်။ ဒါကြောင့် ရွမ်းယွီဓားကို သူအသုံးပြုဖို့ မလိုက်ဖက်တော့သဖြင့် သူ့စတိုခန်းထဲမှာ သိမ်းထားလိုက်သည်။ ဒါပေမယ့် အရင်ကရော၊အခုရော လှပသည့်ဓားလေးအား ထိတဲ့သူတိုင်းကို ရွှီဇီယန်ကအပြစ်ပေးလေ့ရှိသည်။


ရွှီဇီယန်ကစကားကိုရှင်းရှင်းလင်းလင်း မပြောလိုက်ပေမယ့် သူပြောလိုက်တဲ့စကားကို အဓိပ္ပါယ်ကောက်ဖို့ မခက်ခဲပေ။ သူကထိုဓားကို ရွှီဇီရုန်ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် လက်ဆောင်ပေးချင်တာ။ ဒီအရာဟာ လော့ဟွစိတ်ထဲ၌ ပိုလွန်းတယ်လို့ထင်မိသည်။ ဒါပေမယ့် ရွှီဇီယန်ရဲ့စိတ်ထဲမှာ ရွှီဇီရုန်သည် ဘယ်လောက်အရေးပါလဲဆိုတာကို သူမသေသေချာချာနားလည်သွားသည်။


လျှို့ရှန်အဆောင်တစ်ခုလုံးရှိလူများက ရွှီဇီယန်ဟာရွှီဇီရုန်ကို ရွံရှာမုန်းတီးနေမယ်လို့ တွေးနေကြပေမယ့် ထိုအစား သူကတော့သူတို့တွေးတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။ အမှန်အတိုင်းပြောရမည်ဆိုရင် ရွှီဇီယန်ရဲ့စိတ်က ဘယ်လိုမျိုးဒီလိုပုံစံဖြစ်သွားလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ကြပေ။ 


ဘယ်သူတွေဘာပဲပြောပြော ဂရုမစိုက်ချေ။  ရွှီဇီယန်ကတော့ လော့ဟွကနေတစ်ဆင့် လျှို့ရှန်အဆောင်တစ်ခုလုံး ပြတ်သားသည့်စကားတစ်ခွန်းပြောပြီးပြီ ' ရွှီဇီရုန်ကငါ့ရဲ့ညီလေး ပြီးတော့ သူကငါအသက်တမျှချစ်ရတဲ့ညီလေးပဲ'


လော့ဟွကအလုပ်လုပ်တာ အလွန်မြန်ဆန်ပေသည်။ ရွှီဇီယန်သည်သူ့တစ်နေ့တာ သိုင်းလေ့ကျင့်ပြီးသည့်အချိန် လော့ဟွကလည်း ရွှီဇီရုန်ကိုပေးမယ့် အခန်းကိုပြင်ဆင်လို့ပြီးသွားသည်။


ရွှီဇီယန်သည် အခန်းတစ်ခုလုံးပန်းရောင် ဖြစ်နေတာကို ကြည့်လိုက်ရင်း သူ့မျက်လုံးတွေ ကန်းသွားသလိုတောင် ခံစားလိုက်ရသည်။ ဒါပေမယ့် ထိုအရောင်က သူ့ညီလေးကြိုက်နေတာဆိုတော့လည်း သူကသည်းခံပေးရမှာပေါ့။


သူက အခန်းတွင်းပရိဘောဂ ထည့်ထားတာတွေ၊ ရွှီဇီရုန်အတွက် အဝတ်တွေထည့်ထားတာကို ကြည့်လိုက်ရင်း သူညင်သာစွာခေါင်းညိတ်လိုက်သည်။ ဒီလော့ဟွက သူ့ပြောသည့်စကားလုံးကို အသေအချာနားလည်သားပဲ။ ဒီအခန်းထဲကပစ္စည်းတွေက အရမ်းအကောင်းကြီးတော့မဟုတ်ပေမယ့် အခြားသူတွေ ရွှီဇီရုန်ကို မတရားအနိုင်ကျင့်ဆက်ဆံမှာမျိုး လုပ်ကြမှာမဟုတ်တော့ဘူး။ 


"ကောင်းပြီ အခုမင်းထွက်သွားလို့ရပြီ" ရွှီဇီယန်က လော့ဟွကိုလက်ဝှေ့ယမ်းပြလိုက်ပြီး သူကတော့သူရဲ့အိပ်ခန်းသို့ လှည့်ထွက်သွားသည်။


နံရံတစ်ချက်နောက်တွင် သူ့ရဲ့ခုတင်ကြီးကြီးပေါ်မှာ မွှေးကြိုင်သင်းပျံ့စွာ ရွှီဇီရုန်ကအိပ်ပျော်နေ၏။ အကယ်၍ရွှီဇီရုန်နိုးလာသည့်အချိန် သူ့ရဲ့အခန်းအသစ်ကိုသာ မြင်လိုက်လို့ကတော့ သူအရမ်းအံ့ဩသွားမှာပဲလို့ ရွှီဇီယန်တွေးလိုက်မိသည်။ 


သူကဖြည်းဖြည်းချင်း ရွှီဇီရုန်အနားကိုသွားပြီး ကိုယ်ကိုကိုင်းညွတ်ကာ ရွှီဇီရုန်ကိုပွေ့လိုက်သည်။


အသက်ရှစ်နှစ်အရွယ်ခန္ဓာကိုယ်က အတော်သေးလွန်းသည်။ ရေချိုးတုန်းကသူသတိထားမိတယ်ဆိုပေမယ့် အခုပွေ့ချီလိုက်သည့်အချိန်မှာ သူ့စိတ်ထဲသံသယဖြစ်မှုကပိုသေချာသွားသည်။ 


ရွှီရှောင်ရဲ့အချစ်ဦးဆိုတဲ့မိန်းမက ရွှီဇီရုန်ကိုဘယ်လိုစောင့်ရှောက်ခဲ့တာလဲ? ဘာလို့သူကဒီလောက်တောင် ပိန်သေးနေရတာလဲ?


ရွှီဇီယန်ခေါင်းကိုယမ်းလိုက်သည်။ ထိုမိန်းမကသေသွားပြီးဖြစ်သည်။ အခုဘာပဲပြောပြော ဘာမှအသုံးမဝင်တော့ဘူး။ သူ့ခေါင်းထဲကအတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ရွှီဇီရုန်ကိုပွေ့ကာ ခြေလှမ်းကျဲကျဲဖြင့် ဘေးအခန်းဆီသို့လျှောက်သွားသည်။ 


အအိပ်မြန်သည့် ရွှီဇီရုန်ပုံစံဖြင့် သူ့ရဲ့အသက်ရှူသံကအစ ပုံမှန်အတိုင်းဖြစ်အောင်လုပ်ထားသည်။ ရွှီဇီယန်ထွက်သွားကတည်းက သူ့ခေါင်းထဲကမှတ်ဉာဏ်တွေကို ပြန်တွေးနေခြင်းဖြစ်သည်။


သူသေပြီးတော့နိုးလာသည့်အချိန်ကစလို့ ရွှီမိသားစုကိုရောက်သည်အထိ သူတွေ့ကြုံခဲ့ရတာတွေကို ပြန်စမ်းစစ်ဖို့အချိန်မရှိခဲ့ဘူးလေ။ နောက်ဆုံးတော့ လုံခြုံပြီးတော့ရင်းနှီးတဲ့နေရာရောက်သွားပြီဆိုတော့ သူ့အတွေးတွေကိုပြန်စမ်းစစ်ဖို့အခွင့်အရေးရတာပေါ့။


အခုသူကရှစ်နှစ်သားအရွယ်ပဲရှိသေးသည်။ နောက်သုံးရက်လောက်နေမှ သူကပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုရောက်မှာဆိုပေမယ့် ဒီကျင့်ကြံခြင်းအဆင့်က အလွန်ကိုအားပျော့လွန်းသေး၏။ ရွှီရှောင်ကိုထည့်မတွက်နဲ့ဦး၊ ရွှီဇီယန်နဲ့တင် သူသေရွာကိုပြန်ရောက်သွားနိုင်သည်။


သူသည်းခံထားရမယ်!


သည်းခံတာနဲ့ခပ်လျှိုလျှိုပဲနေတာက သူ့လက်တွေကိုနောက်ပြန်ကြိုးတုပ်ထားရင်တောင် သူကျွမ်းကျင်စွာလုပ်နိုင်တဲ့အရာတွေပဲ။ အရင်ဘဝက သူသည်းမခံနိုင်ခဲ့လို့ သူအသက်ရှည်ရှည်မနေခဲ့ရတာ။


အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး ညင်သာစွာပြန်ရှူထုတ်လိုက်ကာ ရွှီဇီရုန်သည်သူ့မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လာပြီး သူ၏အနက်ရောင်မျက်ဝန်းများကငြိမ်သက်လျက်ရှိသည်။


သူ့အသက်ကရှစ်နှစ်ပဲရှိသေးတာဆိုတော့ သူရဲ့အမူအကျင့်တွေကို အပြစ်ကင်းစင်သည့် ကလေးပုံစံအတိုင်း ပြုမူရမည်။ 'အပြစ်ကင်းစင်တယ်'ဆိုသည့်စကားလုံးက သူနဲ့အလှမ်းဝေးနေတာကြာပြီဆိုပေမယ့် သူသရုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ ထင်မိသည်။


အခုလောလောဆယ် သူ့ကိုစိတ်မသက်မသာခံစားစေသည့် အကြောင်းကတော့ ရွှီဇီယန် သူ့အပေါ်ဆက်ဆံသည့်အပြုအမူတွေပဲ။ အခုရွှီဇီယန်နဲ့ အရင်ဘဝကရွှီဇီယန်နဲ့ တစ်စက်ကလေးမျှကို မတူညီတဲ့လူနှစ်ယောက်လိုပဲ။ ရွှီမိသားစုကအခြားလူတွေကတော့ တစ်စက်မျှမပြောင်းလဲဘူး။ ဒါပေမယ့် ရွှီဇီယန်ဘာလို့ဒီလောက်ထိပြောင်းလဲသွားရတာလဲ?


ရွှီဇီယန်ပြောင်းလဲသွားသည့် နောက်ကွယ်ကအကြောင်းအရာကို ရွှီဇီရုန်စဉ်းစားမရ၍ သူအနည်းငယ်စိတ်ပျက်မိသည်။ သူပြန်လည်မွေးဖွားလာသည့် အကျိုးရလဒ်အနေနဲ့ကတော့ ဘာတွေဖြစ်လာမလဲဆိုတာ သူအကုန်သိနေပြီးသားမလို့ပဲ။ အကယ်၍ အရာအားလုံးသာ အရင်ဘဝကအတိုင်း မပြောင်းလဲဘူးဆိုရင် သူ အမတဝိညာဉ်အခြေတည်စအဆင့်ကို အချိန်တိုအတွင်းရောက်သွားမှာ သေချာသည်။ ပြီးတော့ အမတမသေမျိုးအဆင့်ကို ကံကောင်းရင် တက်လှမ်းသွားလိမ့်မည်။ အဲ့လိုတွေဖြစ်သွားပြီးရင်——


ရွှီဇီရုန်၏အကြည့်တွေက ရုတ်တရက်ကြီး အေးစက်သွားသည်။ လင်ရှောက်ထျန်၊မော့ကျီးယွမ်နဲ့ ပြီးတော့ ပိုင်ဟွ ထိုသုံးယောက်ကို သူလုံးဝအလွတ်မပေးနိုင်ဘူး! 


ရွှီဇီယန်အတွက်ကတော့လား?


ရွှီဇီရုန်၏မျက်လုံးများက အနည်းငယ်ဝေ့ကြည့်လိုက်သည်။ အကယ်၍ ရွှီဇီယန်ရဲ့ပုံစံက အရင်ဘဝကအတိုင်းပဲဆိုရင် သူစွမ်းအားရှိလာသည့်အခါ စဉ်းစားစရာတောင်မလိုပဲ ရွှီဇီယန်ကိုသတ်ပြစ်မှာ။ သူ ရွှီဇီယန်ရဲ့ဝိညာဉ်ကို နုတ်ယူပြီးတော့ သူ့ဝိညာဉ်ကို နေ့ရောညရောနှိပ်စက်ပြစ်မည်။ ဒါမှ သူ့ဝိညာဉ်နက်နက်ရှိုင်းရှိုင်းနာကျင်ခံစားခဲ့ရတာတွေကို နားလည်သွားမှာ။


ဒါပေမယ့် အခုရွှီဇီယန်က...........


ရွှီဇီရုန် စိတ်ထဲသံသယဖြစ်လာသည်။ ဖြစ်နိုင်တာက........ဒီရွှီဇီယန်ကရော ပြန်လည်မွေးဖွားလာတာလား?


ရွှီဇီရုန်၏ရင်ထဲတုန်လှုပ်သွားပြီး ဒါပေမယ့် ခေါင်းပြန်ယမ်းလိုက်သည်။


မဖြစ်နိုင်ဘူး! အကယ်၍ ရွှီဇီယန်သာပြန်လည်မွေးဖွားလာတာဆိုရင် ရွှီဇီယန် သူ့ကိုမြင်မြင်ချင်းမှာပင် လည်ပင်းညစ်သတ်နေပြီးပြီ။ ရွှီဇီယန်က ဘာလို့သူ့အပေါ် အရမ်းကောင်းရတာလဲ?


သူရှင်းရှင်းလင်းလင်းမှတ်မိသေးသည်။ ရွှီဇီယန် သူ့ဝိညာဉ်ကို နှိပ်စက်နေသည့်အချိန်တုန်းက သူ့ချစ်သူကိုနှိပ်စက်ရကောင်းလားဆိုပြီး သူ့ကိုအဆက်မပြတ်ဆဲဆိုနေခဲ့တာ။ 


အဲ့ဒါတကယ့်ကိုဟာသပဲ! ပိုင်ဟွဆိုတဲ့ခွေးကောင်က ဖြူစင်ပြီးတော့အကျင့်ကောင်းချင်ယောင်ဆောင်ထားတာ အဲ့လိုလူမျိုးတွေကို သူတွေ့ဖူးပြီးသား။ အကယ်၍ တစ်စုံတစ်ယောက်က ပိုင်ဟွကိုအလကား သူ့ဆီလာပေးတောင် မရချင်ဘူး။


ရွီဇီယန်တို့၊ လင်ရှောင်ထျန်တို့လို နလပိန်းတုံးပုံစံတွေသာ အဲ့အပျက်ကောင်ကို သူတို့ရဲ့အသက်လို အသေအလဲချစ်ပြနေကြတာ။


သူ၏လှောင်ပြောင်သရော်မှုနဲ့အတူ သူ၏နှုတ်ခမ်းထောင့်က ကော့တက်သွားသည်။ သူတစ်စက်မှနားမလည်နိုင်ဘူး။ သူက ရွှီဇီယန်၊လင်ရှောင်ထျန်နဲ့ မော့ကျီးယွမ်တို့ကို ရွံရှာမုန်းတီးတယ်ဆိုပေမယ့် သူတို့ကအရည်အချင်းရှိကြပြီးတော့ အလွန်တော်ကြတဲ့သူတွေဆိုတာကို သူလက်ခံသည်။ ဘာလို့များ ယောင်္ကျားတစ်ယောက်အတွက်နဲ့ ဒီလောက်ထိတုံးကြ၊ မိုက်မဲကြတာလဲ။ သူတို့ရဲ့စဉ်းစားဆင်ခြင်ဉာဏ်တွေများ ဆုံးရှုံးသွားလို့လား?


အနှီယောင်္ကျားသုံးယောက်က သူ့လက်ခုပ်ထဲကို ရောက်လာတယ်ဆိုပေမယ့် သူ့ရဲ့နတ်ဆိုးစံအိမ်က အနှီယောင်္ကျားသုံးယောက်ကြောင့် အလွယ်တကူပျက်စီးသွားခဲ့သည်။ စံအိမ်ထဲဖောက်ဝင်လာတာကို သူ၏ပထမစစ်သူကြီး ရွှမ်းယန်ဟွေ့က မသိဘူးဆိုတာမဖြစ်နိုင်ဘူး။ သူမှတ်မိသေးသည်။ ရွှမ်းယန်ဟွေ့ သူ့လက်ထဲမှာသေသွားတုန်းက သူ၏နောက်ဆုံးအကြည့်တွေက ပိုင်ဟွဆီရောက်နေတာ။ အဲ့အချိန်မှာ ပိုင်ဟွကလင်ရှောင်ထျန်နဲ့ အလွမ်းသယ်နေတာ၊ သူ့အတွက်တော့ကံဆိုးတာပေါ့ ပြီးတော့သူ့လိုငတုံးမျိုးကို ဟိုပိုင်ဟွကလှည့်ကြည့်မယ်တဲ့လား?


ရွှီဇီရုန်မျက်ခုံးတွေက ပိုပိုပြီးကျုံ့လာသည်။ ရွှီဇီယန်ကိုတစ်ယောက်ယောက်များ ဝင်ပူးထားလေသလားလို့ သူသံသယဝင်လာမိသည်။


ရွှီဇီယန်ကို တစ်ယောက်ယောက်ဝင်ပူးထားတယ်ဆိုပါစို့။ ဒါပေမယ့် သူ့အပေါ်ဘာလို့ ဒီလောက်ကောင်းပေးရတာလဲဆိုတဲ့ အကြောင်းပြချက်ကို သူမှမသိသေးတာ။ သူသေချာသိအောင်လုပ်ရမည်။ သူကတရားမဝင်ကလေးဆိုပေမယ့် သူ့ကိုယ်ထဲမှာရွှီမိသားစုရဲ့သွေးတွေစီးဆင်းနေတုန်းပဲ။ အကယ်၍ ဒီကလူတွေဟာ သူ့ကိုဒုက္ခမပေးဘူးဆိုရင်တောင် သူ့အပေါ်ကောင်းပေးနိုင်မှာမဟုတ်ဘူး။


ဖြေရှင်းချက်ပေါင်းစုံကို ပတ်ချာလည်အောင် စဉ်းစားနေပေမယ့် ရွှီဇီယန်ကသူ့အပေါ်ပြုမူဆက်ဆံသည့် အကြောင်းပြချက်ကို ရွှီဇီရုန်ရှာလို့မတွေ့ပါ။ အဲ့အရာက သူ့ကိုပိုပိုပြီး စိတ်ကသိကအောက်ဖြစ်စေသည်။


သူ့ရင်ထဲကဒေါသထွက်နေတာကို သူမထိန်းချုပ်နိုင်တော့ကြောင့် စိတ်ထွက်ပေါက်နေရာကို သူရှာနေသည့်အချိန် တံခါးအပြင်ဘက်မှ ခြေသံဖွဖွကိုသူကြားလိုက်ရသည်။


ရွှီဇီရုန်ကချက်ချင်းပဲ မျက်လုံးကိုမှိတ်လိုက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်၏။ သေချာသွားသည်နှင့်တစ်ပြိုက်နက် တံခါးကအလျင်အမြန်ပွင့်သွားပြီး တစ်စုံတစ်ယောက်ဝင်လာသည်။


ရွှီမိသားစုမှာ ရွှီဇီယန်ရဲ့အိပ်ခန်းကို ကိုယ့်စိတ်ကြိုက် တံခါးဖွင့်ပြီးဝင်နိုင်တာ တစ်ယောက်ပဲရှိသည်။ အဲ့ဒါတာ အခြားလူမဟုတ်ဘူး၊ ဒီအခန်းပိုင်ရှင်ရွှီဇီယန်ပဲ။ ရွှီဇီရုန်ဟာသူ့ဒေါသကိုမျိုသိပ်ထားရပြီး သူ့ရင်ထဲကဒေါသတွေကို အပြင်ဘက်သို့ဖွင့်ထုတ်ချင်နေသည်။ ပြီးတော့ သူ့ရဲ့အသက်ရှူသံကိုလည်း အိပ်နေသည့်အချိန်အသက်ရှူသံကဲ့သို့ လုပ်နေရသည်။


သူအိပ်ဟန်ဆောင်နေမှန်း ရွှီဇီယန်တစ်စက်မျှမသိပေ။ သူ့ရဲ့စွမ်းအင်က ရွှီဇီရုန်ထက်သာတယ်ဆိုပေမယ့် တစ်စုံတစ်ယောက်အိပ်၊မအိပ်ဆိုတာကို အားအားယားယား သူ၏စိတ်ဝိညာဉ်စွမ်းအင်သုံးပြီး စစ်ကြည့်နေပါ့မလား။


သူကရွှီဇီရုန်ကိုပွေ့ပြီး ဘေးဘက်အခန်းဆီသို့ လျှောက်သွားသည်။ သူ့ကိုညင်သာစွာ အခြားကုတင်တစ်ခု၌ ချလိုက်ပြီး ရွှီဇီရုန်အအေးမိမှာစိုး၍ စောင်လေးကိုဂရုတစိုက်ခြုံပေး၏။


အားလုံးလုပ်ပေးပြီးတော့ ရွှီဇီယန်ကနူးနူးညံ့ညံ့ပြော၏။

"ဇီရုန် ဒါကမင်းရဲ့အခန်းနော်......မင်းအိပ်ရာနိုးလာရင် အရမ်းအံ့ဩသွားလိမ့်မယ်"

ရွှီဇီယန်ပြောလို့ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ရွှီဇီရုန်နိုးသွားစိုး၍ ခြေတိတ်တိတ်လေး ထွက်သွားတော့သည်။


ရွှီဇီယန်ထွက်သွားပြီးနောက် အခန်းဟာတစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ ရွှီဇီရုန်မျက်လုံးတွေကတော့ မှိတ်ထားဆဲဆိုပေမယ့် သူ့ရင်ထဲ၌ ခဏကချုပ်ထိန်းထားသည့်ဒေါသတွေထက် သူမနှစ်မြို့သည့်ချဉ်တင်တင် နွေးထွေးတဲ့ခံစားချက်က ပေါ်လာပြန်သည်။


ဒီခံစားချက်ကလူကို စိတ်အနှောက်အယှက်ဖြစ်စေသည်။ ဒါပေမယ့် ရွှီဇီရုန်ကတော့ သူဘာလို့ဒီလိုခံစားနေရမှန်းမသိသည့်တိုင် အနှီခံစားချက်ကို သူတကယ်နှစ်သစ်သလို ဖြစ်နေသည်။ အဲ့အရာကဘာနဲ့တူလည်းဆိုတော့ နှစ်ပေါင်းများစွာ သိမ်းဆည်းထားသည့် သေရည်အချို့ကို သောက်ကြည့်မိလိုက်သလိုပဲ။ ပထမဆုံးမြည်းကြည့်သည့်အချိန်ဆိုရင် ပါးစပ်ထဲမှာ အရသာစူးစူးနဲ့ခါးသက်သက်ဖြစ်လိမ့်မည်။ ဒါပေမယ့် သောက်ပါများလာရင် ထိုအရာက ခန္ဓာကိုယ်တစ်ခုလုံးကိုတောင် နွေးထွေးသွားစေသည်။


သူ့ရင်ထဲ၌ ထိန်းချုပ်နေရသည့် ဒေါသတွေတောင် အနည်းငယ်ငြိမ်သက်သွားသည်။ ဒါပေမယ့် ရွှီဇီရုန်သေသေချာချာသိသွားတာကတော့ အကယ်၍ သူ့ရင်ထဲကဒေါသကို ဖွင့်ချဖို့နေရာရှာမတွေ့ပဲ တစ်စုံတစ်ယောက်များ သူ့ရင်ထဲကဖုံးထားသည့် ရက်စက်ကြမ်းကြုတ်မှုတွေကိုတွေ့ရှိသွားပါက သူပြဿနာအကြီးကြီးတက်သွားနိုင်သည်။ 


ရုတ်တရက်ကြီး ဒေါသထွက်လာရသည့်အကြောင်းအရင်းကို သူမသိပေ။ အရင်ဘဝက ရွှီဇီယန်သူ့အား နှိပ်စက်ခဲ့တာတွေကို တွေးမိတိုင်း သူ၏နာကြည်းမှုတွေစုပုံလာပြီး ဒေါသထွက်လာတာဖြစ်မည်။


သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ပြီးကတည်းက သူ၏ရက်စက်ကြမ်းကြုတ်မှုတွေ ပိုပိုပြီးပြင်းထန်းလာသလို ခံစားရသည်။ အကြိမ်ကြိမ်သူ့ရင်ထဲဒေါသတွေစုပုံလာတိုင်း သူထွက်ပေါက်ရှာဖို့လိုပေသည်။ မဟုတ်ရင် ပိုဆိုးသည့်ဘေးအန္တရာယ်တွေ ကြုံလာရနိုင်သည်။ 


#TK