Chapter 11
Viewers 4k

Chapter 11


သူ့ညာဘက်လက်ကိုထိကြည့်လိုက်ပြီးနောက် ရွှီဇီရုန်၏မျက်နှာဟာ ရုပ်ခြည်းပြောင်းလဲသွားသည်။ အရင်တုန်းကထိုနေရာမှာ သိသာသည့်အမာရွတ်ကြီး ရှိထားဖူးသည်။ အမတဝိညာဉ်အခြေတည်စအဆင့်ကို သူရောက်ရှိသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကိုလိုသလိုပြောင်းလဲလို့ရတာတောင် ထိုအမာရွတ်ကိုမဖျက်ပစ်ခဲ့ဘူး။ ထိုအမာရွတ်ကသူချောက်ထဲပြုတ်ကျသွားပြီး သေမလိုဖြစ်နေချိန် အပေါ်ကိုတက်ဖို့ကြိုးစားရင်း ကျောက်နံရံတွေနဲ့ခြစ်မိရင်းရသွားသည့် ဒဏ်ရာပဲဖြစ်သည်။ အဲ့ဒီအချိန်က သူရွှီမိသားစုကို သံယောဇဉ်ဖြတ်လိုက်သည့်အချိန်ပဲ။ ထိုအမာရွတ်ကိုသူချန်ထားရတာက ရွှီမိသားစုကသူ့ကို အရှက်ရစရာတွေနာကျင်စရာတွေ ခံစားရအောင်လုပ်ခဲ့တာကို သူ့ကိုယ်သူအမြဲအမှတ်ရနေဖို့ပဲ!


"အဖေ" ရွှီဇီရုန်၏လက်ကိုကိုင်ရင်း ရွှီဇီယန် ညစာစားခန်းသို့ဝင်လာသည်။


ညစာစားခန်း၏နေရာက တော်တော်ကျယ်သည်။ အခန်းရဲ့အလယ်မှာ စားပွဲကိုချထားပြီး လူဒါဇင်လောက်စားလို့ရအောင် ထိုင်ခုံများလည်းချထားသည်။


ရွှီရှောင်ကစားပွဲရဲ့ထိပ်မှာထိုင်နေပြီး သူ့ညာဘက်မှာတော့ ခုံအလွတ်တစ်လုံးရှိနေသည်။ 


၎င်းခုံအလွတ်ကသေချာပေါက် သူ့အတွက်ဆိုတာ ရွှီဇီယန်သိတာပေါ့။ ထိုင်ခုံနေရာကိုကြည့်လိုက်တာနဲ့ ရွှီမိသားစုမှာ ရွှီရှောင်ပြီး သူကဒုတိယနေရာဆိုတာ သိနိုင်သည်။


၎င်းထိုင်ခုံနေရာက သူ့ကိုအာဏာလွှဲပြောင်းပေးသလိုပဲရှိတာ စွမ်းအားကြီးမကြီးနဲ့ဘာမှမဆိုင်ဘူး။ အဲ့အရာကအဆင့်အတန်းတစ်ခုသာသာပဲ။ သူထိုနေရာမှာထိုင်ရတာက ရွှီမိသားစုအတွက် ကောင်းကျိုးတွေပြုလုပ်ထားလို့မဟုတ်ဘူး။ ရွှီမိသားစုရဲ့အနာဂတ်က သူ့အပေါ်မူတည်နေလို့ပဲ။


ကျင့်ကြံခြင်းမိသားစုတွေက ရွှီမိသားစုလိုပဲ မိသားစုထဲက အရည်အချင်းရှိသူကို သူတို့ရှိသမျှအင်အားတွေနဲ့ အထောက်အပံ့ပေးကြသည်။ ထိုအရာကတရားတယ်၊မတရားဘူးဆိုတာနဲ့မဆိုင်ဘူး။ အကယ်၍သူလည်းမိသားစုခေါင်းဆောင် ဖြစ်နေပါက ဒီလိုမျိူးလုပ်မိမှာပဲ။ 


ရွှီမိသားစုရဲ့အမြင်မှာတော့ ရွှီဇီယန်၏မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်စွမ်းအင်က သူမရူးသရွေ့ ရွှေအမြုတေအဆင့်ကို သေချာပေါက်ရောက်လိမ့်မယ်လို့ ယုံကြည်ကြသည်။


ရွှီမိသားစုသာနောက်ထပ် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ထပ်ပေါ်လာပါက အလယ်အလတ်မိသားစုအဆင့်အနေဖြင့် စိတ်ကူးလို့မရအောင် အဆင့်အတန်းမြင့်သွားပေမည်။ 


ဘယ်အထက်တန်းလွှာမိသားစုမဆို သူတို့မိသားစုမျိုးရိုးနာမည်ကို မြင့်တက်သွားအောင် လုပ်ပေးမယ့်သူမျိုးကို လိုချင်ကြမှာအမှန်ပင်။ အရင်ဘဝတုန်းကလည်း ရွှီမိသားစုကယခုလိုမျိုးပဲ ပြုစုပျိုးထောင်ခဲ့ပြီး ရွှီမိသားစုရဲ့အမြင်မှာ ရွှီဇီယန်ဟာ အနာဂတ်မှာ သူတို့ရဲ့အားထားရသူဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသည်။ 


ဒီကမ္ဘာပေါ်မှာ မိသားစုဆက်ဆံရေးက ဆရာတပည့်ဆက်ဆံရေးလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်အားထားခြင်းဆက်ဆံရေးသာဖြစ်သည်။ သူတို့သာရူးမသွားဘူးဆိုလျှင် ကျင့်ကြံသူတွေဟာ သူတို့ဆင်းသက်လာခဲ့သည့် မိသားစုမျိုးနွယ်ကို‌တော့ဂရုစိုက်ကြသည်။


သူ့မိသားစုက သူ့အပေါ်ဒီလိုမျိုးအလေးပေး ဆက်ဆံမှတော့ သူတို့ဖြစ်စေချင်သလိုလုပ်ပေးဖို့တော့ တာဝန်ရှိတာပေါ့။ ဒါပေမယ့် သူကစေတနာ့ဝန်ထမ်းလုပ်ဖို့ ဒီခန္ဓာကိုယ်ထဲဝင်လာခဲ့တာမဟုတ်သလို သူလွှတ်မြောက်ပါစေလို့လည်း ဆုတောင်းလို့မရဘူး။


ရွှီမိသားစုမှာ ဘယ်သူမှသူအပေါ် ဆိုးဆိုးဝါးဝါးဆက်ဆံတာမရှိတော့ သူကလည်းဘယ်သူ့ကိုမှ မုန်းစရာမလိုပါ။


သူ၏မှတ်ဉာဏ်ထဲမှာ ရွှီမိသားစုရဲ့ လူတော်‌တော်များများက ရွှီဇီရုန်ကိုအနိုင်ကျင့်ခဲ့ကြသည်။ အများဆုံးအနိုင်ကျင့်သူကတော့ ရွှီဇီယန်ပဲဖြစ်သည်။ ရွှီဇီယန်ကြောင့်သာမဟုတ်လျှင် ဘယ်သူမှကလေးသေးသေးလေးကို အနိုင်ကျင့်ရန်စိတ်မဝင်စားဘူး။


အခြားသူတွေကတော့ သူတို့က အခြားသူတွေ၏အထက်ကိုရောက်ရန်သာဖြစ်သည်။ ပြောရမည်ဆိုလျှင် ရွှီမိသားစုတစ်ခုလုံးမှာ ရွှီဇီယန်တစ်ယောက်ထဲသာ ရွှီဇီရုန်ကို မလိုမုန်းထားစက်ဆုပ်ရွံရှာသူဖြစ်သည်။


မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှီဇီယန်ဟာ သူ့အဆင့်ကဘယ်နေရာလည်းဆိုတာ သိရှိသွားပါပြီ။ အခုကစပြီးတော့ မူလဝတ္ထုထဲကတူတော့မှာမဟုတ်ဘူး။ ရွှီဇီရုန်ကလည်းဘာနှိပ်စက်မှုမှ မခံစားရသေးတော့ သူ့ဘဝတစ်လျှောက်လုံး ရွှီဇီယန်နဲ့အတူရွှီမိသားစုမှာ ပျော်ပျော်ရွှင်ရွှင်နေလို့ရလိမ့်မည်။ ဒီလမ်းကိုရွေးတာက သွေးမိစ္ဆာဖြစ်တာထက်စာရင် ပိုပြီးအန္တာရယ်ကင်းသည်။ အကယ်၍ သွေးစုပ်မိစ္ဆာပိုးကောင်ရဲ့ပြဿနာပေါ်လာရင်တောင် အနည်းဆုံးတော့ ရွှီဇီရုန်ရဲ့ပယောဂလို့ ဘယ်သူမှပြောလို့ရမှာမဟုတ်တော့ဘူး။


မူလရွှီဇီယန်၏အမေအတွက်ကတော့ သူဘာမှလက်တုံ့ပြန်မပေးနိုင်တာကြောင့် တောင်းပန်ပါတယ်ဆိုသည့် စကားတစ်ခွန်းသာရေရွတ်လိုက်သည်။ နောက်ဆုံး‌တော့ သူမ၏သေဆုံးမှုရဲ့ လက်သည်ကရွှီရှောင်ပဲ။ ဒါပေမယ့် အရင်ရွှီဇီယန်က ရွှီရှောင်ကိုလက်စားချေဖို့မလုပ်ခဲ့ဘူး။ ပြီးတော့သူကလည်း ဝိညာဉ်ပြောင်းလာသူတစ်ယောက်ဖြစ်တာကြောင့် ရွှီရှောင်ကို လက်စားချေဖို့အကြောင်းပြချက်မရှိဘူး။


အဲ့ဒါထက်ရွှီရှောင်ဘေးကအခုံအလွတ်ကလွဲရင် အခြားခုံတွေကကလေးတွေထိုင်ထားကြပြီ။


ဒီကလေးတွေအားလုံးက ‌မျိုးနွယ်စုအခွဲက စွမ်းရည်ရှိကလေးတွေပဲ ဖြစ်ကြသည်။ ဒီလိုအခန်းထဲမှာ စားနိုင်ဖို့ဆိုတာက အလွန်ကိုအရည်အချင်းရှိနေမှ ရမည်။


သူတို့တွေထဲမှာ ကလေးငယ်တွေရော ဆယ်ကျော်သက်တွေရောပါဝင်သည်။ အကြီးဆုံးကတော့ အသက်နှစ်ဆယ်ရှိလောက်ပြီး အငယ်ဆုံးကတော့ ရှစ်နှစ်ကိုးနှစ်ရှိပြီ။ အများစုကတော့ ရွှီဇီရုန်ကို အတွေးများစွာဖြင့် စိုက်ကြည့်နေကြပြီး အငယ်လေးတွေကတော့ အသစ်ကလေးရောက်လာလို့ သိချင်စိတ်ပြင်းပြစွာကြည့်နေကြသည်။ 


ရွှီဇီရုန်ကရှက်ရွံ့စွာ ရွှီဇီယန်၏အနောက်၌ ပုန်းလိုက်ပြီး တစ်ချက်တစ်ချက်သာ အခြားသူ‌တွေကိုခိုးကြည့်သည်။ သူ့ပုံစံကရှက်ကြောက်နေပြီး မဝံ့မရဲပုံစံဖြစ်နေသည်။ 


ကလေးငယ်ကသူစိမ်းတွေကို ကြောက်တာ အားလုံးသိနားလည်ကြသည်။


များစွာသောလူတွေက သူတို့နှစ်ယောက်ရဲ့အမူအရာတိုင်းကို တွေးတောမှန်းဆနေကြပြီး သူတို့တွေပိုပြီးသိချင်တာကတော့ ရွှီဇီယန်ကရွှီဇီရုန်၏လက်ကို ဘာလို့ကိုင်ထားပြီး ပြုံးနေတာလဲဆိုတာကိုပင်။


ရွှီဇီရုန်ကသူ့ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး သူ့မျက်လုံးထဲကအမုန်းတွေကို ကွယ်ဝှက်လိုက်သည်။ ဒီလူတွေအားလုံးက မပြောပြနိုင်လောက်သည့် နာကျင်မှုတွေ သူ့အားပေးခဲ့တယ်ဆိုတာကို ဒီအခန်းထဲကလူတွေအားလုံးထက် သူပိုသိတာပေါ့။


အကယ်၍သူသာသူ့ဦးခေါင်းကို ငုံ့မနေဘူးဆိုလျှင် သူ့မျက်လုံးထဲကအမုန်းတွေကို ရွှီရှောင်သိသွားလိမ့်မည်။ ဒီကလေးတွေအရှေ့မှာတော့ သူဟန်ဆောင်လို့ရပေမယ့် ကောက်ကျစ်စဉ်းလဲသည့်မြေခွေးအိုကြီးရွှီရှောင်နဲ့ဆိုလျှင်တော့ အနည်းငယ်ရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု မရှိဘူး။


တစ်ယောက်ယောက်ကသာ ဘယ်သူ့ကိုအမုန်းဆုံးလည်းလို့ သူ့ကိုမေးခဲ့ပါလျှင် ရွှီဇီယန်လို့ဖြေမိမှာပဲ ဒါပေမယ့် သူအပြစ်တင်ချင်ဆုံးသူကတော့ ရွှီရှောင်ပဲဖြစ်သည်။


ပြောရလျှင် အကယ်၍ရွှီရှောင်သာ သူ့ကိုပြန်မခေါ်ခဲ့ပါက မြို့သေးသေးလေးမှာပဲ သူ့ဘဝကိုခက်ခက်ခဲခဲရှင်သန်တာက ဒီမှာအနိုင်ကျင့်ခံရတာထက်စာလျှင် ပိုကောင်းသေးသည်။


"အဖေ" ဆိုတဲ့ခေါင်းစဉ်က နွေးထွေးမှုတွေ၊စောင့်ရှောက်မှုတွေကို ယူဆောင်လာတာလို့ပြောပေမယ့် ရွှီ‌ဇီရုန်ရဲ့မျက်လုံးထဲမှာတော့ သွေးအေးသည့်မျက်နှာသာမြင်နေရသည်။


သူရွှီမိသားစုမှာသာ နှစ်အကြာကြီးနေခဲ့တာ ရွှီရှောင်သူ့အားပြုံးတာ တစ်ခါမှမတွေ့ခဲ့ရဘူး။


မွန်းကြပ်လာစေသည့်ခံစားချက်တွေအား သူ့ကိုယ်သူချုပ်တည်းထားရင်း ခံစားနေရသည့်အသံတွေက သူ့ရင်ထဲကို နောက်တစ်ကြိမ်လှုံ့ဆော်လာသည်။ 


သူမျက်လုံးတွေက တစ်ဖြည်းဖြည်း အနီရောင်သန်းလာသည်။ ဒီလိုသာဆက်ဖြစ်နေမည်ဆိုလျှင် တစ်ခုခုမှုမမှန်ဘူးဆိုတာ ရွှီရှောင်သိသွားမည်ကို ရွှီဇီရုန်သဘောပေါက်သည်။ ရွှီရှောင်၏သွေးအေးတဲ့ပုံစံမျိုးနဲ့ဆိုလျှင် ရွှီဇီရုန်အသတ်ခံရနိုင်ချေရှိသည်။ အခုလက်ရှိရွှီဇီယန်က သူ့ကိုဂရုစိုက်တယ်ဆိုပေမယ့် ရွှီရှောင်သာဆုံးဖြတ်ချက်တစ်ခုခုချလိုက်ပါက ရွှီဇီယန်ရဲ့ဆဋ္ဌမချီ‌စွမ်းအင်စုဆောင်းမှုအဆင့်လေးနဲ့ ရွှီရှောင်ကိုဘယ်လိုမှမဆန့်ကျင်နိုင်ဘူး။


ပြီးတော့........


ရွှီဇီယန်ကလည်းသေချာပေါက် ကန့်ကွက်မှာမဟုတ်ဘူး။


ထိုအကြောင်းကိုတွေးကြည့်လိုက်ရင်း ရွှီဇီရုန်ရဲ့နှုတ်ခမ်းထောင့်ကအနည်းငယ် ကော့တက်သွားသည်။ အခုထိတော့ ရွှီဇီယန်ဘာတွေကြံနေလဲဆိုတာ သူမသိသေးဘူး။ ဒါပေမယ့် သူ့ကိုဂရုစိုက်ပေးတာ နေ့တစ်ဝက်ပဲရှိသေးသည့်ရွှီဇီယန်ကိုသူယုံကြည်ဖို့ တွေးလိုက်တာလား? ဒါမဖြစ်သင့်တာပဲ!


"ဇီရုန်?ဘာဖြစ်တာလဲ?" ရွှီဇီယန်အနည်းငယ်စိတ်ပူသွားပြီး သူ့နားနားကို အသံတိုးတိုးဖြင့်မေးလိုက်သည်။ 


ရွှီဇီရုန်ကသူ့ခေါင်းကိုငုံ့ထားရင်း ခေါင်းခါလိုက်သည်။ သူအခုလက်ရှိမှာ ခေါင်းမမော့ရဲသေးဘူး။ ပြီးတော့ သူ၏နီရဲနေသည့်မျက်လုံးတွေက ရှစ်နှစ်အရွယ်ကလေးဆီမှာ ရှိသင့်တာမဟုတ်ဘူးလေ။ 

『K : မျက်လုံးနီရဲနေတဲ့မျက်လုံးဆိုတာက ငိုချင်လို့မဟုတ်ဘူး ဒေါသထွက်ထားလို့ဖြစ်တာပါ ဇီရုန်ကမိစ္ဆာဖြစ်နေတော့ ပိုဆိုးတာပေါ့』


"နေလို့မကောင်းလို့လား.?"


"မဟုတ်ပါဘူး.....ဒီတိုင်း.....လူတွေအရမ်းများနေလို့ပါ" ရွှီဇီရုန် နူးညံ့သည့်အသံလေးနဲ့ ထိုစကား‌လုံးတွေပြောဖို့ မနည်းချုပ်တည်းထားရသည်။


ဖြစ်ချင်တော့ ရွှီဇီယန်က နည်းနည်းမျှသံသယမဝင်ချေ။ သူက‌ပြုံးပြီး ရွှီဇီရုန်ခေါင်းကိုပုတ်ကာ နှစ်သိမ့်ပေးသည်: "စိတ်မပူပါနဲ့ ကိုကိုမင်းဘေးမှာရှိတယ်။ ဒီကလူတွေအားလုံးနဲ့လည်း နောက်ကျရင် မင်းနဲ့သူငယ်ချင်းတွေဖြစ်လာမှာပါ"


ရွှီဇီ‌ရုန်ကသူ့စိတ်ထဲ၌ လှောင်ပြောင်လိုက်သည်; 'သူငယ်ချင်းတဲ့လား? သွေးမိစ္ဆာသခင်က ဘယ်တော့မှသူငယ်ချင်းမလိုဘူး။'


ရွှီဇီရုန် ခေါင်းညိတ်လိုက်ပြီး ရွှီဇီယန်ရဲ့လက်ကို လှမ်းကိုင်လိုက်သည်။ ရွှီဇီယန်ကမစိုးရိမ်တော့ပဲ ကလေးငယ်ငယ်လေးက သူစိမ်းတွေအများကြီးကို တွေ့လိုက်လို့ ကြောက်တာပဲဖြစ်မယ်ဆိုပြီး တွေးလိုက်သည်။


သူကရွှီဇီရုန်လက်ကိုကိုင်ပြီး သူ့ထိုင်ခုံဆီလျှောက်သွားသည်။ ထိုင်နေသည့်လူတွေကိုကြည့်လိုက်ပြီး ဘေးနားကအစေခံနှစ်ယောက်ဘက်လှည့်ကာ 

"ထိုင်ခုံနောက်တစ်ခုသွားယူခဲ့"


သူပါးစပ်ကနေထွက်လာသည့်စကားလုံးကြောင့် ထမင်းစားခန်းထဲ၌ ရှိနေသည့်သူတွေအားလုံးဟာ အံ့ဩမှုဖြင့်တိတ်ဆိတ်သွားသည်။ ရွှီရှောင်ကိုကြည့်နေသော ရွှီဇီယန်ကို အားလုံးကကြည့်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။


ရွှီဇီယန်အသံကသိပ်မကျယ်ပေမယ့် အားလုံးကြားနိုင်လောက်အောင် ကြည်လင်သည်။ သူ၏စကားထဲ၌ တစ်စုံတစ်ရာကို အရိပ်အမွတ်ပြောလိုက်ပြီဖြစ်သည်။


ရွှီမိသားစုမှာ သူကငယ်ရွယ်သည့်သခင်လေး ဖြစ်နေပေမယ့် သူ့ရဲ့ဩဇာအာဏာကကြီးမားသည်။ ဒီနေ့အားလုံးကိုသူသိစေချင်တာက 'ရွှီဇီရုန်ရှေ့မှာသူရှိတယ် ရွှီဇီရုန်ကိုဘယ်သူမှအနိုင်ကျင့်လို့ မရဘူး'ဆိုတာပဲဖြစ်သည်။


အစေခံနှစ်ယောက်ကသူ့စကားကိုကြားပေမယ့် တုပ်တုပ်မျှမလှုပ်ပေ။ သူတို့တွေကရွှီရှောင်ကို မျက်စိတစ်ချက်ဝှေ့ကြည့်လိုက်သည်။


ရွှီရှောင်ကလက်ကိုင်ပါဝါဖြင့် သူ့ပါးစပ်ကိုသုတ်လိုက်ပြီး စားပွဲပေါ်သို့ပြန်ချကာ အေးစက်စက်အသံဖြင့် "မင်းတို့သခင်လေးဘာပြောလိုက်သလဲ မင်းတို့မကြားကြဘူးလား?"


အစေခံနှစ်ယောက်ကထိုအသံကိုကြားမှ ထိုင်ခုံသွားပြေးယူလေသည်။ ရွှီဇီယန်ကတော့အမူအရာမပျက်ဘဲ ရွှီရှောင်ကိုကြည့်ကာ "အဖေ ကျွန်တော်တို့ညစာသုံးဆောင်လို့ရပြီလား"


ရွှီရှောင်ကရွှီဇီယန်ကို လေးနက်စွာကြည့်လိုက်ပြီး နက်နဲသည့်အသံဖြင့် "ညစာစစားလို့ရပြီ"


ထိုအခါကျမှ အားလုံးကလည်း သူတို့ရဲ့တူတွေကိုကိုင်ပြီး ညစာစစားကြသည်။ 


အစတုန်းကတော့လေထုထဲကအခြေအနေက အနည်းငယ်တင်းမာနေသည်။ ဒါပေမယ့် ခဏကြာတော့ ဘာမှမဖြစ်ခဲ့သလိုပဲ ကလေးတွေကလည်း သူတို့ဘာတွေမြင်လိုက်တယ် ဘာတွေတွေးနေတယ်ဆိုတာကို ထုတ်ပစ်လိုက်ပြီး သူတို့၏ကျင့်ကြံခြင်းအခက်အခဲတွေကိုသာ ဆွေးနွေးကြတော့သည်။


ရွှီဇီယန်က‌တော့ ရွှီရှောင်ကို မေးလိုက်သည့်စကားတစ်ခွန်းကလွဲရင် ဘာမှပြန်မပြောတော့ပေ။ 


သူတွေ့နေရတာကတော့ ဈေးဆိုင်‌တွေကအရောင်းစာရေးလိုမျိုး ကိုယ့်အကျိုးစီးပွားကိုသာကြည့်သည့် အပေါစားဒီအဖေကို သူရင်ဆိုင်ဖို့ခံနိုင်ရှိမှရမည်။ သူစိတ်ထဲ၌အမြဲတမ်းလိုလို ဖိအားပေးခံရသည်။ တစ်ဖက်မှာတော့ သူကအခြားသူ၏သားဖြစ်သူခန္ဓာကိုယ်ကို ယူထားသည်။ သူ့မှာမှတ်ဉာဏ်တွေအကုန်ရှိနေပြီး အနာဂတ်မှာဘာဖြစ်မလဲဆိုတာ သိနေတာတောင် တစ်ခုခုပေါ်သွားမှာကို သူအရမ်းစိုးရိမ်မိသည်။


ကျင့်ကြံခြင်းလောကတွေမှာဆိုလျှင် ဝိညာဉ်ဝင်ပူးတာတွေရှိသည်။ အကယ်၍ သူ့သားခန္ဓာကိုယ်ကို အခြားတစ်ယောက်ဝင်ထားတယ်ဆိုတာကိုသာ သိသွားရင် သူပြဿနာအကြီးကြီးတက်နိုင်သည်။ သူ့လိုမျိုးဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲရှိသေးသည့်သူက ရွှီရှောင်လိုမျိုးရွှေအမြုတေအဆင့်ကိုရောက်ခါနီးနေပြီဖြစ်သည့်သူကို ဆန့်ကျင်တိုက်ခိုက်ရင် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားမည်။


အခုချိန်မှာ ရွှီဇီယန်သူ့ကိုယ်သူလိပ်ပြာမလုံဘူးလို့ ခံစားနေရပြီး ရွှီရှောင်ကတော့ကသူ့သားရင့်ကျင့်လာတယ်ဆိုပြီး ပျော်နေမလားမသိဘူး။


ရွှီဇီယန် လော့ချီကိုသူ့အဆောင်ကနေမောင်းထုတ်လိုက်သည့် သတင်းကလည်း ရွှီရှောင်ဆီရောက်သွားပြီးပြီ။ ရွှီရှောင်ဟာ ရွှီဇီယန်ကိုသေချာမဆုံးမထားပေမယ့် ရွှီဇီရုန်ပေါ်လာတာကို သူ့သားဖြစ်သူ ဘယ်လိုအမူအရာဖြစ်မလဲဆိုတာ သူတကယ်သိချင်မိသည်။


အရင်တုန်းကဆိုလျှင် ရွှီဇီယန်ရဲ့အပြုအမူတွေက သူ့ကိုအရမ်းစိတ်ပျက်စေသည်။ အသက်ဆယ့်နှစ်နှစ်ဆိုသည့်အရွယ်က ကလေးဆန်ရမယ့်အရွယ်မှမဟုတ်တော့တာ။ ဒါ‌ပေမယ့် ရွှီဇီယန်ကကျိုးကြောင်းမစဉ်းစားဘဲ စိတ်လိုက်မာန်ပါအမြဲလုပ်တတ်သည်။ ဒါပေမယ့် အခုရွှီဇီယန်ပုံစံက ရွှီဇီရုန်ကို သူသဘောမကျတာတောင် အခြားလူတွေကိုလုံးဝအသိမခံဘူး။ အကယ်၍သူသာ ရွှီဇီရုန်ကိုနောင်ကျရင် တစ်ခုခုမကောင်းကြံစည်လိုက်ပါက ဘယ်သူမှရွှီဇီယန်လုပ်တယ်ဆိုတာ သိမှာမဟုတ်ဘူးမလား?


ကျင့်ကြံသူပဲဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ် အဖြူထည်လေးတွေက အမှောင်ထုထဲမှာနေသည့်လူတွေထက် ပိုခံစားရစမြဲပဲဖြစ်သည်။


#TK