Chapter 18
Viewers 4k

Chapter 18


ရွှီဇီရုန်၏မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ဒီကျင့်စဉ်စာအုပ်နဲ့ ကိုက်ညီဆုံးသူက ရွှီဇီယန် ဖြစ်တယ်ဆိုတာကို သူသေချာသိလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရန်သူစွမ်းအားကြီးမယ့် အလုပ်မျိုး သွေးမိစ္ဆာသခင်က ဘယ်တော့မှ မလုပ်ဘူး။


ဒါပေမယ့် ရွှီဇီယန်ကညအခုလက်ရှိ သူ့အပေါ်ကောင်းနေပေမယ့် သိပ်မသေချာသေးတာမို့ ဒီအကြောင်းကို ပြောလို့မဖြစ်သေးပေ။


တကယ်တော့ သူ ဒီကျင့်စဉ်စာအုပ်ကို ယူသွားချင်ပေမယ့် အခုအပြင်မှာစောင့်နေသည့် အဘိုးကြီးကို သူမယှဉ်နိုင်သေးပေ။ အကယ်၍ သူသာ ဒီကျင့်စဉ်စာအုပ်ကို ခိုးယူသွားပါက သေချာပေါက် ရှာတွေ့သွားလိမ့်မည်။


ပြီးတော့ စာကြည့်တိုက်က စာအုပ်တွေကို အပြင်သို့ သယ်သွားခွင့်မရှိဘူး။ ကျင့်စဉ်စာအုပ် ရွေးချယ်ရမယ်လို့ပြောတာက ဒီနေရာက ကျင့်စဉ်စာအုပ်ကို ရွေးပြီးတော့ စာကြည့်တိုက်မှူးက အခြားစာအုပ်အလွတ်မှာ ပြန်ပြီးကူးယူပေးခြင်းဖြစ်သည်။


ဒါကြောင့် ရွှီဇီရုန်က သစ်သားဒြပ်စင်စာအုပ်ကိုသာ ကိုင်ပြီးထွက်လာတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကျင့်စဉ်က သူ့ကိုဖုံးကွယ်ပေးနိုင်လိမ့်မည်။ သူ၏သွေးပင်လယ်နှလုံးကျင့်စဉ်ကလွဲရင် အခြားအရာတွေက အမှိုက်သာသာပဲဖြစ်သည်။


"ရွေးလို့ပြီးပြီလား?" ရွှီဇီရုန်ထွက်လာတာကို ရွှီဇီယန်မြင်သည်နှင့် မနေနိုင်စွာ မေးလိုက်သည်။


ရွှီဇီရုန်ကခေါင်းညိတ်ကာ ပြုံးလိုက်ပြီး သူ့လက်ထဲက စာအုပ်ကို လောင်လော်ထံပေးလိုက်သည်။ 


လောင်လော်က သူ့ထံပေးလာသည့် စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်ခုံးတွေ အနည်းငယ်ကျုံ့သွားသည်။ "မင်း ဒီစာအုပ်ကို လိုချင်တာသေချာရဲ့လား?"


ထိုစကားလုံးတွေကို ရွှီဇီယန်ကြားလိုက်ပြီး သိချင်စိတ်ဖြင့် စာအုပ်ကို ကြည့်လိုက်၏။ စာအုပ်အဖုံး‌ပေါ်က 'အသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်း' ဆိုသည့် ခေါင်းစဉ်ကို တွေ့လိုက်ရပြီးနောက် ရွှီဇီယန် ရုတ်တရက် အံ့ဩသွားရသည်။


"ဇီရုန် ဒီစာအုပ်က အသံတိတ်မိုး‌ရေထဲလမ်းလျှောက်ခြင်းဖြစ်ပြီးတော့ အထောက်အပံ့ကျင့်စဉ်ကြီး မဟုတ်ဘူးလား? မင်း ဒီကျင့်စဉ်ကို ရွေးချင်တာ‌ သေချာရဲ့လား?" ရွှီယန်က တိုးတိုးလေး မေးလိုက်၏။


"ကိုကို… ဘာဖြစ်လို့လဲ?" ရွှီဇီရုန်က စိတ်ရှုပ်နေသည့် ပုံစံ‌မျိုးဖြင့် မေးလိုက်သည်။


ရွှီဇီယန် ခဏလောက် တွေးတောပြီးနောက် ရွှီဇီရုန်အား သူ့ဘက်သို့ ဆွဲခေါ်လိုက်သည်။ ထို့နောက် သူက စတင်ပြီး အလေးအနက် ရှင်းပြလေသည်။ 

"ဇီရုန် တကယ်လို့ အဲစာအုပ်ကို အခြားတစ်ယောက် ရွေးခဲ့ရင် ငါဘာမှ‌ပြောမှာမဟုတ်ဘူး… ဒါပေမယ့် ဇီရုန် သိထားသင့်တယ်… မင်း ရွေးလိုက်တဲ့ ကျင့်စဉ်က တိုက်ခိုက်ရေးအတွက် မကောင်းဘူး… နောင်အခါ မင်း အခြားတစ်ယောက်နဲ့ တိုက်ခိုက်ရရင် မင်းခံရလိမ့်မယ်…"


"မင်းက အခုမှ လေ့ကျင့်ရေးကွင်းကို ရောက်ဖူးတာဆိုတော့ မင်း ဒါတွေကို သိဦးမှာ မဟုတ်သေးဘူး… မင်း ကျင့်ကြံခြင်းလောကထဲကို စဝင်လိုက်ပြီဆိုတာနဲ့ မင်းမဖြစ်မနေတိုက်ခိုက်ရလိမ့်မယ်… မင်းဆီမှာ ကောင်းတဲ့ကျင့်စဉ်စာအုပ်တွေရှိမှ တိုက်ခိုက်ဖို့အတွက် စွမ်းအားတွေရမှာ… နောင်ကျရင် မင်းအခြားကျင့်စဉ်တွေကို ကျင့်လို့ရပေမယ့် မင်းပထမဆုံးကျင့်မယ့် ကျင့်စဉ်က မင်းစွမ်းရည်တိုးတက်မှုအပေါ် မူတည်နေတယ်… မင်းတိုက်ခိုက်ရတာ မကြိုက်ဘူးဆိုတာ ကိုကိုသိပါတယ်… ဒါပေမယ့် အနှေးနဲ့အမြန် မင်းဒီလမ်းကိုလျှောက်ရမှာပဲ… ဘယ်သူမှ ရွေးချယ်ခွင့်မရှိဘူး…"


ထိုစကားတွေကိုကြားပြီး ရွှီဇီရုန်ရင်ထဲမှာ တုန်လှုပ်သွားသည်။ ဒီရွှီဇီယန်က သူ့ကိုဒီလိုမျိုး သေသေချာချာ ရှင်းပြလိမ့်မယ်လို့ သူတစ်ခါမှ မတွေးဖူးပေ။


ရွှီဇီယန် သူ့ကိုပြောပြနေသည့် အကြောင်းအရာတွေအားလုံးကို သူသိပြီးတာကြာလှပြီ။ ပြီးနောက် သူပထမဆုံးရွေးခဲ့သည့်ကျင့်စဉ်က အရင်ဘဝက သူပထမဆုံးရွေးခဲ့သည့် သွေးပင်လယ်နှလုံးကျင့်စဉ်ပဲဖြစ်သည်။


သွေးပင်လယ်နှလုံးကျင့်စဉ်က သွေးကိုကြားခံနယ်အဖြစ် အသုံးပြုပြီးတော့ သူ၏ကျင့်စဉ်အဆင့်တက်တာဖြစ်သည်။ သွေးများများရလေ၊ ကျင့်စဉ်အဆင့်တက်တာမြန်လေ၊ သူပိုပြီးအင်အားကြီးလာလေဖြစ်သည်။ 


ဒီကျင့်ကြံခြင်းလမ်းစဉ် အောင်မြင်ဖို့ဆိုတာက မရေမတွက်နိုင်သည့် လူတွေကိုသတ်ဖို့လိုသည်။ စစချင်း‌ဆိုရင်တော့ အကောင်တွေကိုသတ်ပြီး သူ့ကျင့်စဉ်ကို တိုးတက်အောင် လုပ်လို့ရပေမယ့် သူ၏ကျင့်စဉ်မြင့်လာလေလေ၊ သတ်ချင်သည့်စိတ်က ပိုပိုများလာလေဖြစ်သည်။ 


အသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်း ဆိုသည့် ကျင့်စဉ်က အလွန်သိမ်မွေ့ပြီး သစ်သားဒြပ်စင် အထောက်အပံ့ကျင့်စဉ်စာအုပ်ဖြစ်သည်။ သာမန်အားဖြင့် ဒီကျင့်စဉ်ကိုရွေးသည့်သူတိုင်းက အလွန်ကိုနူးညံ့သည့်စိတ်ထားရှိသူတွေသာဖြစ်သည်။ 


အမှန်တကယ်တော့ ရွှီဇီရုန်က ဒီလိုကျင့်စဉ်မျိုးတွေကို သဘောမကျပေ။ ဒါပေမယ့် သူစိုးရိမ်တာက အခြားတိုက်ခိုက်ရေးကျင့်စဉ်ကို သူကျင့်ပါက ဒေါသထွက်လာပြီး သတ်ချင်စိတ်ကို မထိန်းနိုင်ဘဲဖြစ်သွားလိမ့်မည်။


သစ်သားဒြပ်စင်ကျင့်စဉ်ကို သူရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ရတာက သူ့မှာအခြားရွေးချယ်စရာ မရှိတော့လို့ပဲဖြစ်သည်။ ဒါပေမယ့် ရွှီဇီယန်က သူ့အား ထိုအကြောင်းအရာတွေကို အချက်ကျကျရှင်းပြလိမ့်မယ်လို့ သူမတွေးခဲ့မိပေ။


အကယ်၍ ရွှီဇီယန်သာ မျက်နှာနှစ်မျိုးဖြင့် သူ့ကိုကစားကာ အားနည်းအောင်လုပ်ချင်‌တယ်ဆိုပါက ဒီအချက်အလက်တွေကို သူ့အား ပြောပြမှာမဟုတ်ပေ။ ဒါပေမယ့် မမျှော်လင့်ဘဲ ရွှီဇီယန်က အားလုံးကိုမချွင်းမချန်ပြောပြလာတော့ ရွှီဇီရုန် သူ့ကိုကြည့်ကာ ခန့်မှန်းရခက်နေလေသည်။ 


ဒါပေမယ့် ရွှီဇီယန် သူ့ကိုဘယ်လိုပဲပြောပြော သူ့အနေနဲ့တော့ သစ်သားဒြပ်စင်စာအုပ်ကို သေချာပေါက်ယူရလိမ့်မည်။ ရွှီဇီရုန်က ခေါင်းလေးငုံ့ကာ သူ့ခြေထောက်ဖြင့် မြေကြီးပေါ်မှာ စက်ဝိုင်းလေးဝိုင်းပြီး ကစားနေလေသည်။ 

"ကိုကို… တိုက်ခိုက်တာနဲ့သတ်တာတွေကို…ကျွန်တော်မကြိုက်ဘူး…"


ထိုစကားကို‌ကြားတော့ ရွှီဇီယန် အနည်းငယ်အံ့ဩသွားပြီးနောက် သူ့မျက်နှာက ချက်ချင်း ပုံမှန်ပြန်ဖြစ်သွား၏။


ထားလိုက်ပါတော့လေ၊ သူအတွေးလွန်နေတာပဲ ဖြစ်မှာပါ။ ရွှီဇီရုန်က အခုမှ ရှစ်နှစ်အရွယ်သာ ရှိသေးသည်။ သူကအရင်ဘဝကလို့ နှိပ်စက်ခံရတာတွေ၊ အနှောင့်အယှက်ပေးခံရတာတွေ၊ သူမခံစားဖူးတော့ သူက စွမ်းအားရှိချင်နေမှာ မဟုတ်ဘူး။ အကယ်၍ သူသာ သွေးပင်လယ်နှလုံးကျင့်စဉ်ကို မကျင့်ပါက တိုက်ခိုက်သည့်နေရာမှာ ရွှီဇီရုန်က ပိုအားနည်းသွားလိမ့်မည်။ အဲလိုသာဆိုရင် ရွှီဇီယန်က သူ၏ထူးခြားလှသည့်စွမ်းရည်နဲ့ ပိုလေ့ကျင့်ရတော့မည်။ ဒါပေမယ့် ရွှီဇီရုန်ကို ကာကွယ်တာလောက်တော့ သူ့အတွက် ဘယ်လောက်မှ အပန်းမကြီးပေ။


ရွှီဇီယန်က တချို့အချိန်တွေမှာ ထိုဝတ္ထုကိုပြန်ဖတ်ထားတာမို့ ဘယ်အချိန်ဘယ်နေရာမှာ ရွှီဇီရုန်အတွက် ဘာလုပ်ပေးရမယ်ဆိုတာကို သူရေးမှတ်ထားပြီးဖြစ်သည်။ ဝတ္ထုထဲကဇာတ်ကြောင်းနဲ့ သူ့မှတ်ဉာဏ်ကိုပေါင်းပြီးတော့ ဆင်ခြင်သုံးသပ်ပြီး ရွှီဇီရုန် သေခြင်းတရားကနေ လွှတ်မြောက်ဖို့ အခွင့်အရေးရနိုင်သည်။


သူက ရွှီဇီရုန်ခေါင်းကို နူးညံ့စွာပုတ်ပေးလိုက်ပြီး 

"ကောင်းပြီလေ… ဇီရုန်က တိုက်ခိုက်တာနဲ့ လူသတ်ရတာမကြိုက်ဘူး ဆိုတော့လည်း တကယ်လို့ ဘယ်လိုကိစ္စမျိုးပဲရှိလာ၊ရှိလာ မင်း ကိုကို,ကို မှီခိုလိုက်ရတယ်… ကိုကို မင်းကို အမြဲတမ်းကာကွယ်ပေးမယ်… ဟုတ်ပြီလား?"


ရွှီဇီရုန်က ခေါင်းညိတ်လိုက်ပြီး ရွှီဇီယန်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ ရွှီဇီယန် သူ့ကို အမြဲတမ်း ကာကွယ်ပေးမယ်လို့ပြောတာ ဒါနဲ့ဆို ဒုတိယအကြိမ်ရှိပြီ။ ကာကွယ်ပေးတယ်ဆိုသည့်အရာက မလွယ်ကူဘူးဆိုတာကို သူတကယ်ပဲ မသိတာလား?


သူ့ကို စိုက်ကြည့်သည့် အကြည့်ကိုတွေ့လိုက်ရပြီးနောက် ရွှီဇီယန်စိတ်ထဲ၌ မဖော်ပြနိုင်လောက်အောင် ထိတ်လန့်သွားသည်။ ဒါပေမယ့် သူသေချာကြည့်လိုက်တော့ ရွှီဇီရုန်၏မျက်ဝန်းထဲမှာ လေးစားအားကျသည့် အရိပ်အယောင်တွေသာ ရှိနေတာကို တွေ့လိုက်ရသည်။


ရွှီဇီယန်က သူ့ရင်ဘတ်သူ ပုတ်ပြလိုက်ကာ 

"အဲဒီအတွက် ဘာပြဿနာမှ မရှိစေရဘူး! နောင်ကျရင် ဇီရုန်က ဒီအတိုင်း ကိုကိုအနောက်လိုက်နေရုံပဲ… ကိုကို မင်းကိုသေချာပေါက် ကာကွယ်ပေးမယ်!"


ရွှီဇီရုန် အပြုံးတွေက ပိုပြီးတောက်ပသွားသည်။ 

"အဲဒါဆိုလည်း ကောင်းပြီလေ… နောင်ကျရင် ကျွန်တော် သစ်သားဒြပ်စင်အထောက်အပံ့ကျင့်စဉ်ကို အသုံးပြုပြီး ကိုကို,ကိုကူညီပေးမယ်!"


ထိုစကားကြောင့် ရွှီဇီယန်မှာ မရယ်ဘဲမနေနိုင် ဖြစ်သွားရသည်။ ရယ်မောပြီးနောက် နောင်ကျရင် သူဘယ်လိုပိုပြီးကျင့်ကြံရမလဲ‌ဆိုတာ စတင်စိုးရိမ်လာသည်။ နောက်ပြီးတော့ နောင်ကျရင် ရွှီဇီရုန်သာ အစ်ကိုဖြစ်သူ သူ့ထက် စွမ်းအားပိုကြီးသွားပါက အကိုကြီးဂုဏ်သိက္ခာတွေ ပျက်စီးသွားမှာလည်း သူစိုးရိမ်မိသည်။


ကျင့်စဉ်စာအုပ်ကို ကူးယူပြီးနောက် ရွှီဇီယန်နဲ့ရွှီဇီရုန်တို့က ရွှီမော့အနောက်ကနေ လေ့ကျင့်ရေးကွင်းဆီသို့ လိုက်သွားကြတော့သည်။


နေ့ခင်းရောက်တော့ ရွှီဇီယန်က အခြေခံအကွက်တွေကို ပြန်လေ့ကျင့်နေပြီး ရွှီဇီရုန်က ထောင့်နားမှာထိုင်ကာ ‘စိတ်ဝိညာဉ်စွမ်းအင်’ ကိုခံစားနိုင်ဖို့ ကြိုးစားနေသည်။


ပထမဆုံးအနေနဲ့ ကျင့်ကြံသူက စိတ်ဝိညာဉ်စွမ်းအင်တွေကို သူ့ကိုယ်ခန္ဓာအတွင်းသို့ ဝင်ခွင့်ပြုရသည်။ ရွှီဇီရုန်က ဒီအချက်ကို ရောက်နိုင်ဖို့ တစ်နေကုန်သွားတာကြောင့် သူ အလွန်ဒေါသထွက်သွားသည်။ ဒါပေမယ့် သူက ဒီနေရာမှာ သွေးပင်လယ်နှလုံးကျင့်စဉ် ကျင့်လို့မရတာကြောင့် ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်နေတာ ပိုကောင်းလိမ့်မည်ဟုစဉ်းစားကာ အသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်း ကျင့်စဉ်ကို သူစတင်ကျင့်ကြံလေသည်။


အသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်းက သစ်သားဒြပ်စင်၏ အခြေခံကျင့်စဉ်ပဲဖြစ်သည်။ သူက မိုးပေါက်လောက်သေးငယ်သည့် အမျှင်လေးတွေကိုဖန်တီးပြီး ဒဏ်ရာရသောနေရာတွေကို ကုသခြင်းဖြစ်သည်။ ထိုစွမ်းရည်က ဆေးကုသခြင်းနှင့် တူပေသည်။ ပြီးတော့ ဒီစိတ်ဝိညာဉ်စွမ်းအင်အမျိုးအစားက အပင်တွေနှင့်ပိုပြီး နှီးနွယ်လေသည်။ အကယ်၍ အပင်တွေကို ထိန်းချုပ်ပြီး အမိန့်ပေးလိုက်ပါက သစ်သားဒြပ်စင်အသုံးပြုသူအတွက် အပင်တွေက တိုက်ခိုက်ပေးလိမ့်မည်။ 


သွေးပင်လယ်နှလုံးကျင့်စဉ်၏ ထူးခြားချက်ကတော့ မည့်သည့်သွေးကြောမျိုးမဆို ကျင့်ကြံနိုင်ခြင်းဖြစ်သည်။ ဘယ်လိုသွေးကြောမျိုးပဲ ပိုင်ဆိုင်ထားပါစေ၊ သွေးသာရှိရင် သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံနိုင်လိမ့်မည်။


အရင်ဘဝတုန်းက ရွှီဇီရုန်ဟာ ဘယ်တော့မှ အခြားကျင့်စဉ်တွေကို မထိတွေ့ဖူးခဲ့ပေ။ ထိုကြောင့် ဒီလိုအသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်းက အလွန်ရိုးရှင်းလှသောကြောင့် ရွှီဇီရုန်သည် ကျင့်စဉ်၏အသုံးဝင်ပုံတွေကို ခဏလေးအတွင်း ရှာတွေ့သွားသည်။ 


အနည်းဆုံးတော့ သူဒဏ်ရာရရင် သူ့ကိုယ်သူ ပြန်ကုသလို့ရပေသည်။ ပြီးနောက် အခုသူက သူကိုယ့်သူ သစ်သားဒြပ်စင်အသုံးပြုသူလို့ ပြောထားတာကြောင့် နောင်ကျရင် မကောင်းသည့်လူတွေကို သူတိတ်တဆိတ် ရှင်းပစ်လို့ရသည်။


အသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်းကို အကာအကွယ်ထားပြီးတော့ ရွှီဇီရုန်က သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်ပြီး အစိမ်းရောင်အလင်းတန်းလေးဟာ သူ့လက်ချောင်းထိပ်နား‌လေးပေါ်မှာ ပေါ်လာလေသည်။


"ဝိုး! ဇီရုန်ကအရမ်းတော်တာပဲ!" ရွှီဇီယန်က တအံ့တဩဖြင့်ပြောလာ၏။ သူလမ်းလျှောက်လာနေစဉ် ရွှီဇီရုန်၏လက်ချောင်းထိပ်နားလေးက အစိမ်းရောင်အလင်းတန်းကို မြင်လိုက်ရခြင်းဖြစ်သည်။


ရွှီဇီယန်ဆီမှာ ထူးခြားသည့်မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်‌သွေးကြော ရှိနေတာတောင် သူအချိန်သုံးရက်လောက်ယူလိုက်မှ ပထမဆုံး သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားမိသည်။ ‌မမျှော်လင့်ဘဲ ရွှီဇီရုန်က နေ့တစ်ဝက်နဲ့တင် အောင်မြင်သွားတာဟာ သူ၏နားလည်နိုင်စွမ်းအရည်အချင်းက အလွန်မြင့်လို့ပဲဖြစ်လိမ့်မည်။


ရွှီဇီယန်၏အသံက ရွှီမော့၏အာရုံကိုပါ ဆွဲဆောင်သွားစေသည်။ ရွှီဇီရုန်က နေ့တစ်ဝက်တည်းနဲ့ စိတ်ဝိညာဉ်စွမ်းအင် ခံစားမိသွားတာကို သူသိလိုက်ရပြီးနောက် အလွန်အံ့ဩသွားလေသည်။


ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်တက်လှမ်းနိုင်ရန် နည်းလမ်းနှစ်မျိုးရှိသည်။ တစ်နည်းက မွေးရာပါစိတ်ဝိညာဥ်သွေးကြောနဲ့ နောက်တစ်နည်းက နားလည်နိုင်စွမ်းပဲဖြစ်သည်။ ထိုနှစ်ချက်ထဲမှာ နားလည်နိုင်စွမ်းပိုရှိသည့်သူတွေက မွေးရာပါစိတ်ဝိညာဥ်သွေးကြောရှိသည့်သူတွေထက် ပိုသာလေ့ရှိသည်။


သူ့အမြင်အရပြောရရင် ရွှီဇီယန်က အထက်စီး‌ဆန်နေရာကနေ အပြောအဆိုအပြုအမူကလွဲရင် သူ၏သွေးကြောနဲ့နားလည်နိုင်စွမ်းက ဉာဏ်ကြီးရှင်နီးနီးရှိသည်။ ဒါပေမယ့် သူဘယ်တော့မှ မထင်ထားမိခဲ့တာက ဒီရွှီဇီရုန်ဟာ သာမန်သွေးကြောသာရှိပေမယ့် သူ၏နားလည်နိုင်စွမ်းက ရွှီဇီယန်ထက်ပိုသာသည်ကိုပင်ဖြစ်သည်။


ရွှီဇီယန်အသံကို ရွှီမော့တစ်ယောက်တည်းသာ ကြားလိုက်ခြင်းမဟုတ်ပေ။ လေ့ကျင့်ရေးကွင်းက လူအားလုံးကလည်း ထိုအရာကို သိသွားကြသည်။ 


ရွှီမော့၏အံ့ဩနေသည့် ရုပ်ကိုကြည့်လိုက်ကြပြီး အကြည့်ပေါင်းစုံဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့သည်။ သူတို့မျက်လုံးထဲက မနာလိုစိတ်တွေဖြင့် ရွှီဇီရုန်ကို ကြည့်နေကြတော့သည်။


ရွှီဇီယန်က သခင်ကြီး၏သားဖြစ်ပြီး သူ၏အဆင့်အတန်းနဲ့ စွမ်းရည်တွေက အမြင့်မှာရှိပြီးသားဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စုက ကလေးတွေဟာ သူ့ကိုငေးကြည့်ဖို့သာ တတ်နိုင်ကြသည်။


သို့ပေမယ့် ရွှီဇီရုန်ကတော့ တမူထူးခြားနေသည်။ အဲကောင်‌စုတ်လေးကို ရှာပြီးခေါ်လာကတည်းက သူ့ပုံစံက အလွန်ကိုစိတ်ရှုပ်စရာပင်ဖြစ်သည်။ ရွှီဇီယန်၏ ဒီနေ့အပြုအမူကြောင့်သာ အားလုံးက သူ့ညီလေးအပေါ်ထားသည့် သူ၏သဘောထားကို သိသွားကြသည်။ မဟုတ်လျှင် ရွှီဇီရုန်က အေးအေးဆေးဆေးထိုင်ပြီးတော့ လေ့ကျင့်ဖို့ အခွင့်အရေးရှိမှာမဟုတ်ပေ။


ကျင့်ကြံသည့်ကလေးတွေကို ပျိုးထောင်ဖို့ ရွှီမိသားစုက အရင်းအနှီးအများအပြား စိုက်ထားကြရသည်။ သို့ပေမယ့် ဝေစုကတော့ အကန့်အသတ်ရှိပေသည်။ နောက်ပြီးတော့ စွမ်းရည်ပို‌တတ်လာသည့်လူက ပိုပြီးတော့ဝေစုများများ ရရှိလိမ့်မည်။


ရွှီဇီယန်၏စွမ်းရည်က မြင့်မားတာကြောင့် အမြဲတမ်း အကြီးဆုံးဝေစုကို ရလေ့ရှိသည်။ သို့ပေမယ့် အခု ရွှီဇီရုန်ပါ ရောက်လာပြီဆိုတော့ သူကလည်း အခြားသူတွေလို ဝေစုကိုရရှိလိမ့်မည်။ 


ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လမ်းတာက အမတလမ်းစဉ်ကို လျှောက်လမ်းတာဖြစ်ပြီး ကျင့်ကြံသူတွေက ကံကြမ္မာကို ဆန့်ကျင်ခြင်းလို့ အဓိပ္ပါယ်ရသည်။ ကျင့်ကြံသူတွေကြားမှာ အဖိုးတန်ရတနာ ဒါမှမဟုတ် ကျင့်စဉ်စာအုပ်တွေကြောင့် တိုက်ခိုက်ကြတယ်ဆိုတာ သာမန်ဖြစ်စဉ်တွေသာ ဖြစ်သည်။ ရွှီမိသားစုကတော့ ရွှီမိသားစု၏စည်းမျဉ်းကို ထုတ်ပြန်ထားသည်။ ရွှီမိသားစုက ကလေးတွေအားလုံးဟာ ဘယ်ဝေစုကိုမဆို ကိုယ့်အစွမ်းအစနဲ့သာ ရယူပိုင်ခွင့်ရှိသည်။ 


ဒီနေ့ ရွှီဇီရုန်၏ မွေးရာပါနားလည်နိုင်စွမ်းကြောင့် မိသားစု၏အကြီးအကဲတွေက သူ့အကြောင်းကို သိသွားတော့မှာ အမှန်ပင်ဖြစ်သည်။


လေ့ကျင့်ရေးကွင်းက လူတွေအားလုံးဟာ မနာလိုသည့်အကြည့်တွေဖြင့် ရွှီဇီယန်နဲ့ရွှီဇီရုန်တို့အား ကြည့်နေတာကို သူတို့နှစ်ယောက်လုံးက သိကြပေမယ့် သူတို့ကတော့ ဂရုမစိုက်ချေ။


ရွှီဇီယန်အတွက်တော့ ဒီလူတွေက သိပ်ပြီးစွမ်းအားရှိသည့်လူတွေမဟုတ်တာကြောင့် သူ့အတွက် ဘာမှစိုးရိမ်စရာမလိုပေ။ သူ၏လက်ရှိဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုနဲ့ဆိုရင် အမှိုက်လှည်းသလို ဘာပြဿနာမှမရှိဘဲ ဖယ်ရှားလို့ရပေသည်။ နောက်ပြီးတော့ ဒီလူတွေက သူ့အဆင့်အတန်း‌ကြောင့် သူ့ကိုစိန်ခေါ်ရဲကြမှာမဟုတ်သလို သူ၏အကာအကွယ်အောက်မှာရှိနေသည့် ရွှီဇီရုန်ကိုလည်း စိန်ခေါ်ရဲကြမှာ မဟုတ်ချေ။


ရွှီဇီရုန်အတွက်ကတော့ ဒီလူတွေအားလုံးက သူ့အတွက် ပြက်လုံးသက်သက်သာ ဖြစ်သည်။ သွေးပင်လယ်နှလုံးကျင့်စဉ်က အဆင့်တက်နှုန်း အလွန်မြန်ဆန်လှသည်။ ဒီလေ့ကျင့်ရေးကွင်းမှာ ရှိသည့်သူတွေအားလုံးက အခုမှစတင်လေ့ကျင့်နေသူများသာ ဖြစ်ကြပြီး အားလုံး‌ထဲမှာလည်း စွမ်းရည်အမြင့်ဆုံးက ရွှီဇီယန်၏ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်သာဖြစ်သည်။


သူ့ကိုလ‌ဝက်လောက်သာ အချိန်ပေးကြည့်လိုက်၊ ပြီးတော့ သွေးအလုံအလောက်သာရှိကြည့်၊ မျက်စိတ်တစ်မှိတ်အတွင်း တတိယချီစွမ်းစုဆောင်းမှုအဆင့်ကို သူရောက်သွားလိမ့်မည်။ အဲဒီနောက် ရွှီဇီယန်အပါအဝင် ဒီမှာရှိသည့်လူတွေအားလုံးက သူ့ပြိုင်ဘက်ပင် ဖြစ်လာနိုင်မည် မဟုတ်ချေ။


#TK