Chapter 24
Viewers 4k

Chapter 24


ဒီလူကသူ့ကိုကယ်ခဲ့သည်၊ သူ၏အသက်ကိုတောင်စွန့်စားပြီးတော့ သူ့ကိုကယ်ခဲ့သည်……………ထိုအကြောင်းကို သူတွေးတောလိုက်ရင်း ရွှီဇီရုန်အလွန်အမင်းပျော်ရွှင်သွားသလို ခံစားလိုက်ရ၏။


ဒီလူဟာရွှီဇီယန်မဖြစ်နိုင်ဘူး။ ရွှီဇီယန်က ဘာလို့သူ့ကို အသက်စွန့်ပြီးကယ်မှာလဲ?


ဒီလူက ရွှီဇီရုန်ရဲ့ကိုကိုပဲ။ တစ်စုံတစ်ယောက်က သူ့အတွက်လက်ဆောင်ပေးခဲ့တာ!


မိုးနတ်မင်းကြီးဟာ အရင်ဘဝကသူ၏သနားစရာကောင်းသောပုံစံကိုမြင်တွေ့ခဲ့လို့ ဒီဘဝ၌တမင်သက်သက် ကောင်းမွန်တဲ့အစ်ကိုတစ်ယောက်ကို သူ့အားပေးအပ်ခဲ့တာပဲ။


သွေးပေထားသော ရွှီဇီရုန်၏မျက်နှာသည် ခွဲခြားလို့မရနိုင်အောင်ဖြစ်နေ၏။ သူ့မျက်နှာဟာအလွန်ကိုကြောက်စရာကောင်းနေပြီး သူ၏လက်ရှိခပ်စိမ်းစိမ်းအပြုံးနဲ့သာ ထပ်ပေါင်းလိုက်ရင် မြင်ရသူတိုင်းတုန်လှုပ်သွားနိုင်သည်။


ဒါပေမယ့် ထိုအချိန်၌ သူ၏မျက်နှာကရွှီဇီယန်လက်မောင်းကြားထဲရောက်နေတာကြောင့် ဒီလိုသိမ်မွေ့သည့်ကလေးတစ်ယောက်ဟာ ကြက်သီးမွေးညင်းထလောက်သည့် အပြုံးမျိုးပြုံးနေလိမ့်မယ်လို့ ဘယ်သူမှမြင်လိမ့်မည်မဟုတ်ပေ။


“ကိုကို… ကိုကိုသွေးတွေထွက်နေတုန်းပဲ” ရွှီဇီရုန်ဟာသူ၏အမူအရာကိုပြန်ပြင်လိုက်ပြီး ခေါင်းကိုမော့ကာ ရွှီဇီယန်အားစိုးရိမ်တကြီးပြောလိုက်သည်။


အခုလက်ရှိ သူစိုးရိမ်ပြနေသည့်အပြုအမူက အတုအယောင်မဟုတ်ပါ။ ဘာလို့လဲဆိုတော့ ဒီ'ရွှီဇီယန်'ဆိုသည့်'ကိုကို'ဟာ သူ့ကိုမိုးနတ်မင်းကြီးက လက်ဆောင်ပေးလိုက်တာပဲလို့ သူအသိအမှတ်ပြုလိုက်လို့ပဲဖြစ်သည်။ ရွှီဇီယန်၏ခန္ဓာကိုယ်ကို ဘယ်သူအသုံးပြုနေတာလဲဆိုတာ သူဂရုမစိုက်ဘူး။ ဒါပေမယ့် ထိုသူကရွှီဇီယန်၏ခန္ဓာကိုယ်ထဲကို အောင်မြင်စွာဝင်ရောက်လာနိုင်ကြောင့် ထိုသူကရွှီဇီရုန်ပိုင်သည့် ရွှီဇီရုန်၏ကိုကိုပဲဖြစ်ရမည်။


အရင်ဘဝတုန်းကသူမရရှိခဲ့သည့် ချစ်ခြင်းမေတ္တာတွေကို အခုသူရရှိဖို့အခွင့်အရေးရလာပြီ။


“ကိုကို အဆင်ပြေပါတယ်၊ သိပ်ပြီးမနာပါဘူး။” ရွှီဇီယန်၏မျက်နှာဟာဖြူရော်နေပြီး သူ၏နဖူးထက်ကနေ ချွေးစက်ကလေးတွေ စီးကျနေလေသည်။


ရွှီဇီရုန်ဟာအပြစ်ရှိသလိုပုံစံဖြင့် သူ၏အောက်နှုတ်ခမ်းကိုအသာလေးကိုက်လိုက်သည်။ 

“အဲ့ဒါကျွန်တော့်ကြောင့်ပါ။ ကိုကိုသာ ကျွန်တော့်ကိုမကယ်ရင် ဒီလိုဒဏ်ရာရမှာမဟုတ်ဘူး။”


“အဓိပ္ပါယ်မရှိတာ!” ရွှီဇီယန်က သူဒဏ်ရာမရထားသည့်လက်ဖြင့် ရွှီဇီရုန်ခေါင်းကိုပွတ်ပေးလိုက်သည်။ “အစ်ကိုတစ်ယောက်အနေနဲ့ ညီလေးဖြစ်သူကို ကာကွယ်ပေးရမှာသဘာဝပဲလေ မဟုတ်ဘူးလား?”


ရွှီဇီရုန်မျက်လုံးဟာလင်းလက်သွား၏။ သူဟာခေါင်းကိုအနည်းငယ်ငုံ့လိုက်ပြီး အသံတိုးတိုးဖြင့် 'ဟုတ်ကဲ့'လို့ ဖြေလိုက်သည်။


ရွှီဇီယန်ပြုံးလိုက်ပြီး အမှတ်မထင် သူ၏ဒဏ်ရာရထားသောပခုံးကို လှုပ်ရှားမိလိုက်တာကြောင့် မခံမရပ်နိုင်အောင် နာကျင်သွားရသည်။


ရွှီဇီကျင်းက ဦးနှောက်စားကြွက်ကိစ္စကို ရွှီဇီရွယ်နဲ့ရွှယ်ဇီလော်လက်ထဲအပ်ထားလိုက်ပြီး ရွှီဇီယန်ဆီလျှောက်သွားသည်။ သူ့အားအကြည့်တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် သူမကပြောလေသည်။ “မင်းရဲ့အစ်ကိုဆန်လှတဲ့လုပ်ရပ်ကြောင့် အခုတော့ဒီလိုဖြစ်ပြီမလား?”


ရွှီဇီယန်ကတော့'ဟားဟား'လို့သာရယ်လိုက်ပြီး ရွှီဇီရုန်ဟာရှက်သွားပြီး ခေါင်းငုံ့သွားသည်။


ရွှီဇီကျင်းက သူမမျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်ပြီး “နင်အခု နင့်ရဲ့ဒဏ်ရာကိုမကုဘူးဆိုရင် သွေးထွက်လွန်ပြီး လစ်သွားမယ်နော်။”


ရွှီဇီယန်ကသူ့အိတ်ထဲကနေ ဆေးကိုထုတ်လိုက်တော့သည်။ သူကရွှီဇီကျင်းကိုပေးရန်လုပ်လိုက်၏။ ဘာကြောင့်လဲဆိုတော့ သူဒဏ်ရာရထားသည့်နေရာက သူ့ကိုယ်သူဆေးလိမ်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ရွှီဇီကျင်းဆီထိုဆေးမရောက်ခင် ရွှီဇီရုန်ကြားထဲကနေလုယူလိုက်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ။ အဲ့ဒီနောက်တော့ ရွှီဇီရုန်ဟာသူကိုယ်တိုင် ရွှီဇီယန်ကိုဆေးလိမ်းပေးရန် တာဝန်ယူလိုက်တော့သည်။ 


ရွှီဇီကျင်းကတော့ပခုံးတွန့်ပြကာ နောက်လှည့်ပြီး ဦးနှောက်စားကြွက်ကို သန့်ရှင်းနေသည့်ရွှီဇီရွယ်ကို ကူညီဖို့ထွက်သွားတော့သည်။ သူမကသူမ၏အဖွဲ့သားဖြစ်သည့်ရွှီဇီယန်ကို ဆေးလိမ်းပေးဖို့ဝန်‌မလေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခြားလူကထိုကိစ္စကို ပျော်ပျော်ရွှင်ရွှင်လုပ်ပေးမယ်ဆိုမှတော့ သူမကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ ထိုကိစ္စကိုအပ်ထားလိုက်တာပေါ့။


ရွှီဇီရုန်က ဆေးမလိမ်းပေးခင် ရွှီဇီယန်၏ဒဏ်ရာကို ဂရုတစိုက်ဆေးပေးလေသည်။ အခုချိန်မှာ‌တော့ သူဟာသူ့ကိုကို၏ဒဏ်ရာကို ဆေးလိမ်းပေးနေသောလိမ်မာသည့်ညီလေးတစ်ယောက်ဖြစ်နေသည်။


ရွှီဇီယန်ပျော်ရွှင်သွားရသည်။ သူမှတ်မိသေး၏၊ သူဒဏ်ရာရသည့်အချိန်တိုင်း ရွှီဇီယွိကသူ့ဒဏ်ရာတွေကို ပတ်တီးစည်းဖို့ ကူညီပေးလေ့ရှိသည်။ ရွှီဇီယွိဟာသူ့ကိုအမြဲပြန်အော်လေ့ရှိပြီး သူနဲ့အမြဲရန်ဖြစ်နေပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ ရွှီဇီရုန်၏အမူအရာတွေကပိုပြီးချစ်ဖို့ကောင်းသည်။


သူ၏မျက်နှာဟာအနည်းငယ်မဲ့သွားပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။ ရွှီဇီရုန်ကမသိသလိုဟန်ဆောင်ကာ တစ်ဖက်လူအားမေးလိုက်၏။ 

“ကိုကို ဘာတွေတွေးနေတာလဲ?”


ရွှီဇီယန်၏အတွေးနယ်ပြတ်တောက်သွားပြီး ရွှီဇီယွိကို သူပြန်တွေ့ရတော့မည် မဟုတ်သောကြောင့် သူမျက်နှာဟာပြောင်းလဲသွားသည်။ ထိုအကြောင်းကိုသူစဉ်းစားမိပြီး စိတ်ဓာတ်ကျကာ ခေါင်းခါလိုက်ရင်း “ဘာမှမဟုတ်ပါဘူး။”


ရွှီဇီရုန် လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်ပြီး သူ့ကိုယ်သူစိတ်သက်သာရာရအောင် ပြန်လုပ်လိုက်သည်။ သူ့စိတ်ထဲက ဒေါသတွေဟာပြင်းထန်စွာဖြစ်ပေါ်လာတော့သည်။ ရွှီဇီရုန်ဟာ ဒီ'ကိုကို'ဆိုသည့်သူဆီ၌ သူမသိသေးသောလျှို့ဝှက်ချက်တွေအများကြီးရှိသေးသည်။ ပြီးတော့ သူဒီလိုမျိုးပုံစံကိုသဘောမကျဘူး။


အဲ့အရာအားလုံးကို သူသဘောမကျဘူး!


ကုန်ကုန်ပြောရရင် ရွှီဇီယန်၏ကိုယ်ထဲဘယ်သူဝင်ထားလဲဆိုတာ သူဂရုမစိုက်ဘူး။ ပြီးတော့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာလား၊ အခြားတစ်ခုခုကြောင့်လားဆိုတာလည်း သူမသိချင်ဘူး။ သူဂရုစိုက်တာတစ်ခုတည်းက ဒီလူဟာ ဒီနေရာမှာသူ့အတွက်တည်ရှိနေတာလို့ပဲ သူယုံကြည်သည်။ အဲ့ဒါကြောင့် ရွှီဇီယန်၏နှလုံးသားက ဘယ်သူ့ကိုမှတွေးမနေသင့်ဘူး။ ဘယ်သူအကြောင်းမှာ သူလုံးဝမတွေးရဘူး။


မိုးနတ်မင်းကြီးက သူ့အားရွှီဇီယန်ကို လက်ဆောင်ပေးထားတာ။ အရင်ဘဝတုန်းကသူခံစားခဲ့ရသည့် ဒုက္ခတွေကြောင့် အလျော်အစားအဖြစ် သူလက်ဆောင်ရရှိထားတာ။ ဘယ်သူမှ သူ့လောက်နာကျင်ခံစားရဖူးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့လက်ဆောင်ကို အခြားလူနဲ့ ဘာကြောင့်ဝေမျှပေးရမှာလဲ?


ဟုတ်တယ်၊ ရွှီဇီရုန်၏မျက်လုံးထဲမှာ မိုးနတ်မင်းကြီးက ရွှီဇီယန်ကိုသူ့အား လက်ဆောင်အဖြစ်ပေးခဲ့တာ။ ရွှီဇီယန်ကသူအပိုင်ပဲ!


“အား… နာတယ်… နာတယ်… ဇီရုန်ဖြည်းဖြည်းလေး လိမ်းပါ။” ရွှီဇီရုန်သတိလက်လွတ်ဖြစ်သွားကာ အားပိုစိုက်လိုက်မိသည်။ ရွှီဇီယန်ဟာ ရုတ်တရက်ကြီး ငိုချင်သလိုတောင်ဖြစ်သွားရသည်။


“ကျွန်တော်တောင်းပန်ပါတယ် ကိုကို” ရွှီဇီရုန်မျက်နှာဟာအပြစ်ရှိသည့်ပုံစံဖြစ်သွားပေမယ့် သူ၏မျက်လုံးတွေကတော့ ပျော်ရွှင်မှုတွေနဲ့ပြည့်နက်နေသည်။


“အား………အဆင်ပြေပါတယ်……” ရွှီဇီယန်ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။ ဆေးလိမ်းပြီးနောက် သွေးထွက်နေတာရပ်သွားသည်။ သူသယ်လာသည့်ဆေးက ရွှီရှောင်သူ့အားပေးထားသည့်ဆေးဖြစ်သည်။ ထိုဆေးကသာမန်ဆေးတွေထက် ပိုအကျိုးသက်ရောက်မှာရှိပြီး မိနစ်အနည်းငယ်ကြာပြီးနောက် သူ့ဒဏ်ရာဟာယားလာပြီး အနာဖေးတွေသာကျန်တော့သည်။


ရွှီဇီယန်မြေကြီးပေါ်ကထလိုက်သည့်အချိန်၌ သူဟာသွေးတော်တော်ဆုံးရှုံးထားတာကြောင့် မူးဝေသလိုခံစားရသည်။ ဒါဟာသွေးကုန်ခမ်းထားလို့ သာမန်ဖြစ်စဉ်လို့သာ သူထင်ထားပေမယ့် သူ့အနောက်မှာရပ်နေသည့် ရွှီဇီရုန်ဟာ နီရဲတောက်နေသည့်သွေးစက်ကို သူ့အင်္ကျီလက်ဖြင့်ကာ၍မျိုချလိုက်မှန်း ရွှီဇီယန်မသိလိုက်ပါ။


ရွှီဇီရုန်ဟာအပြုံးတစ်ခုကို ချိတ်ဆွဲလိုက်၏။ ရွှီဇီယန်၏သွေးအနှစ်သာရတွေကို ယူဖို့ဆိုတာ သူ့အတွက်လွယ်ကူလှသည်။ ရရှိလိုက်သည့် ရွှီဇီယန်၏သွေးတွေကို ရွှီဇီရုန်၏မိစ္ဆာသွေးအဖြစ် ပြောင်းလဲမည်မဟုတ်ပါ။ နောင်အခါ ရွှီဇီယန်သူ့ဆီကနေထွက်ပြေးချင်ရင်တောင်မှ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။


ကျင့်ကြံသူတွေဟာ သူတို့၏သွေးအနှစ်သာရကို အလွန်ဂရုစိုက်ကြသည်။ ဘာကြောင့်လဲဆိုတော့ မိစ္ဆာကျင့်ကြံသူတွေက တစ်စုံတစ်ယောက်၏သွေးအနှစ်သာရကို အသုံးပြုပြီးတော့ သူတို့တွေကိုခြေရာခံလိုက်ရပေသည်။ ရွှီဇီယန်ကငယ်သေးတော့ သူ့ရဲ့သွေးအနှစ်သာရ၏အရေးပါပုံအကြောင်းကို မသိသေးပုံရသည်။ အဲ့လိုဆိုမှတော့ ရွှီဇီရုန်ဟာ တစ်ဖက်လူ၏သွေးအနှစ်သာရကို အလွယ်တကူယူလို့ရသွားတာပေါ့။


အခြားလူတွေကတော့ ဦးနှောက်စားကြွက်ကို ရှင်းလင်းလို့ပြီးသွားလေသည်။ ရွှီဇီယန်၏ဒဏ်ရာကသိပ်ကြီးတော့မဆိုးပေမယ့် ဦးနှောက်စားကြွက်သည် ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့် တောကောင်များအနက် ဖမ်းရအခက်ဆုံးဖြစ်တာကြောင့် ရွှီဇီယန်စပ်ဖြီးဖြီးဖြစ်နေတော့သည်။


တောအုပ်၏ဤနေရာ၌ ‌ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်တောကောင်တွေသိပ်မရှိပါ။ ဒါပေမယ့် စွန့်စားဖို့ကတော့ သူ့အတွက်ခက်ခဲပေသည်။ ဥပမာ- ဦးနှောက်စားကြွက်ကိုပဲ ကြည့်ပါတော့။ အကယ်၍ သူတို့တွေသာတိုက်ခိုက်မှုကို လက်ဦးမှုမရဘူးဆိုရင် သူတို့‌တွေ၏စွမ်းရည်နဲ့ ယှဉ်လို့မရနိုင်မှာ ရွှီဇီယန်စိုးရွံ့မိသည်။ 


ဒီဦးနှောက်စားကြွက်ကြီးပေါ်လာတာကလည်း သူတို့အတွက် အဆိုးထဲကအကောင်းဖြစ်ပေသည်။ ပြီးတော့ ရွှီဇီယန်ကသန်မာပြီးတော့ သတ်ဖြတ်ဖို့အခက်ခဲဆုံးဖြစ်သည့်တောကောင်ကြီးကိုလည်း သူသတ်နိုင်လိုက်သည်။


သူတို့တွေခဏလောက်နားကြသည့်အချိန်၌ ရွှီဇီယန်က တန်ဖိုးကြီးသည့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်လိုက်ပြီး သူ၏စွမ်းအင်ကိုပြန်လည်ဖြည့်တင်းလိုက်သည်။


စိတ်ဝိညာဉ်စွမ်းအင်ကိုကုသဖို့ အနည်းဆုံးကြာလျှင် တစ်ရှီချန်း(နှစ်နာရီကြာ)လောက်သာကြာပြီး ထိုစိတ်ဝိညာဉ်ကျောက်တုံးနဲ့ဆိုလျှင် သူ၏စွမ်းအင်ပြန်ပြည့်ဖို့အတွက် ရေနွေးကြမ်းတစ်ခွက်သောက်ချိန်လောက်သာ ကြာလိမ့်မည်။ ပြီးတော့ သူသတိမထားမိလိုက်ဘဲ သူ၏ခန္ဓာကိုယ်ထဲမှာရှိသည့် စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို သုံးလိုက်မိလို့ထင်သည်။ သူ၏စွမ်းအင်တွေဟာ အနည်းငယ်ပြန့်ကျဲနေတာကို ရွှီဇီယန်တွေ့လိုက်ရသည်။ ထိုအရာက အဆိုးထဲကအကောင်းလို့သာ တွေးတောနိုင်တော့သည်။


‌ဦးနှောက်စားကြွက်ကြောင့် ရွှီဇီယန်ထိခိုက်သွားပြီး သူ၏လက်ရည်နည်းနည်းကျသွားပေမယ့် သူတို့အသင်းဟာ လိုအပ်သည့်တောကောင်တွေကို အဆင်ပြေပြေဖမ်းဆီးနိုင်သွားသည်။ ရွှီဇီကျင်းလိုအပ်နေသည့် ပဉ္ဓမချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိ အမြီးနှစ်ခွကင်းမြီးကောက်ကိုဖမ်းဖို့ အနည်းငယ်ခက်ခဲသွားတာကလွဲရင် သူတို့၏ခရီးစဉ်ဟာ အလွန်ကိုပေါ့ပါးပေသည်။


မမှောင်ခင်အချိန်တုန်းက အမှတ်အသားပြုခဲ့သည့်လမ်းအတိုင်း တောအုပ်ထဲကနေထွက်ကာ ကျောက်ကမ်းပါးအောက်သို့ပြန်ရောက်လာကြသည်။ ဒါပေမယ့် အပေါ်ကိုဘာမှမပါဘဲတက်ရမှာဖြစ်တာကြောင့် သူတို့အားလုံးပြောစရာပျောက်ရှသွားကြသည်။


နဂါးသားရေကိုအသုံးပြုပြီး အောက်ကိုသက်သက်သာသာဆင်းခဲ့ရပေမယ့် သူတို့တွေကအပေါ်ကိုပြန်တက်ရမှာစိုးတော့———ဟားဟား!


ရွှီဇီယန်သူ့နှာခေါင်းသူပွတ်လိုက်ပြီး သူတို့မှာရွှီဇီကျင်းလို အသေးစိတ်ကအစစီစဉ်တတ်သည့် မိန်းကလေးတစ်ယောက်ရှိတာက ကံကောင်းသည်ဟုဆိုရမည်။ အကယ်၍ သူမသာမြေပုံယူမလာပါက တောအုပ်ထဲမှာလမ်းရှာဖို့ အလွန်ခက်ခဲပေလိမ့်မည်…………


ရွှီဇီကျင်း၏အသင်းကတော့ အလွန်အမင်းကိုကံကောင်းကြသည်။ သူတို့အသင်းဟာ လေ့ကျင့်ရေးကွင်းကို အစောဆုံးပြန်ရောက်လာရုံသာမက သူတို့ဝေစုတွေကိုလည်းအပြည့်ရလာကြသည်။


သူတို့တွေအမဲလိုက်ခဲ့ကြတာက ကျောက်မာကြောင်လေးကောင်၊ ဦးနှောက်စားကြွက်တစ်ကောင်၊ အမြီးနှစ်ခွကင်းမြီးကောက်တစ်ကောင်၊ ပန်းဂေါ်ဖီမြွေနှစ်ကောင်……………ဒီနာမည်ကိုလာမရယ်နဲ့! ထိုတောကောင်ဟာ စတုတ္ထချီစွမ်းအင်စုဆောင်းမှုအဆင့်မှာ ပါဝင်သည်။ သူတို့ကို ထိုနာမည်ပေးထားရတာကတော့ သူတို့တွေ၏ခေါင်းပေါ်မှာ ပန်းဂေါ်ဖီလေးတွေရှိနေလို့ပင်ဖြစ်သည်။ ပန်းဂေါ်ဖီမြွေတွေ၏အဆိပ်တွေက အခြားမြွေတွေလိုအစွယ်မှာရှိတာမဟုတ်ဘဲ သူတို့၏ခေါင်းပေါ်ကပန်းဂေါ်ဖီမှာရှိတာဖြစ်သည်။ ဒီလိုတောကောင်တွေနဲ့ မရင်းနှီးသည့်သူဆိုရင် အဆိပ်မိပြီးအလွယ်တကူသေနိုင်သည်။


ဒီနေ့ပြိုင်ပွဲ‌၌ သူတို့အသင်းဟာ ပထမဆုံးအနိုင်ရရှိခဲ့ကြသည်။ သူတို့အပိုဖမ်းခဲ့တာတွေကို ရွှီမိသားစုဆီမှာ ချက်ချင်းရောင်းချလိုက်ပြီး တစ်ယောက်ကိုစိတ်ဝိညာဉ်ကျောက်တုံးငါးခုစီရရှိကြသည်။ ရွှီဇီရုန်ကတော့ဝေစုကို မရဘူးပေါ့။


စိတ်ဝိညာဉ်ကျောက်တုံးတွေကို အိတ်ထည့်လိုက်ပြီးနောက် ရွှီဇီယန်ဟာရွှီဇီရုန်နှင့်အတူ ရွှီအိမ်တော်သို့ပြန်လာသည်။ သူတို့ပြန်ကြတော့ လမ်းတစ်လျှောက်၌ တောအုပ်ထဲကနေထွက်လာကြသည့်လူ‌တွေ ပြန်ရောက်လာကြသည်။ အများစုကတော့ ဒဏ်ရာတွေရလာကြပြီး သူတို့အဖွဲ့လောက်တော့ အဆင်မပြေခဲ့ကြဘူးထင်သည်။


မနက်ဖြန် သူတို့လေ့ကျင့်ရေးကွင်းသွားစရာမလိုဘူးဆိုတော့ ရွှီဇီရုန်ကိုမော့ရှင်းမြို့ထဲသို့ အလည်အပတ်ခေါ်သွားဖို့ ရွှီဇီယန်တွေးတောနေသည်။


ဆေးလုံးတွေနဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေက ရွှီမိသားစုကထောက်ပံ့ပေးထားတာတွေ သူ့မှာရှိသေးတယ်ဆိုတော့ သူအနေနဲ့ဝယ်ဖို့မလိုသေးဘူး။ ဒါပေမယ့် ရွှီဇီရုန်ကတော့ ဘာအထောက်အပံ့မှမရဘူး။ ဒါကြောင့် ရွှီဇီယန်ကသူ့အတွက် ဆေးလုံးတွေဝယ်ပေးရမည်။ ဒါမှအခြားလူတွေထက်ပိုပြီး ကျင့်စဉ်တိုးတက်လာမှာ။


နောက်သုံးနှစ်ဆိုလျှင် သူကလျှိုကွမ်းဂိုဏ်းကိုသွားရတော့မှာ။ သူထွက်သွားတာနဲ့ ရွှီမိသားစုကရွှီဇီရုန်အပေါ် ဘယ်လိုဆက်ဆံမလဲဆိုတာ သူမတွေးတတ်သေးဘူး။ အမှန်အတိုင်းပြောရရင် သူစိတ်မချဆုံးက 'အဖေ'ဆိုသည့်ဟိုလူကြီးကိုပဲ။


ညီအစ်ကိုနှစ်ယောက်ဟာ လျှို့ရှန်အဆောင်ကို ရောက်တာနှင့် သူ့အခန်း၊ကိုယ့်အခန်းဝင်သွားကြတော့သည်။ ရွှီဇီယန်ကသူ့အား မနက်ဖြန်စောစောလာနိုးရန် ရွှီဇီရုန်ကို မှာထားလိုက်သည်…………


ထားလိုက်ပါတော့လေ၊ သူအအိပ်ကြီးတာကို ရွှီဇီရုန်သိသွားမှတော့ သူကလည်းဆက်ပြီးဖုံးကွယ်မထားတော့ပါ။ ရွှီဇီရုန်က သူ့အတွက် နိုးစက်ကလေးဖြစ်လာနိုင်သည်။ ရွှီဇီယန်တွေးတောလိုက်သည်က အကယ်၍များ သူတို့နှစ်ယောက်တစ်ခန်းထဲအတူတူအိပ်မယ်ဆိုရင်ရော……………


နောက်တစ်နေ့မနက်ရောက်တော့ ရွှီဇီရုန်စောစောထလာတော့သည်။


မနေ့ကအမဲလိုက်ပြိုင်ပွဲမှာ သွေးအနှစ်သာရကို သူတော်တော်ရရှိသွား၏။ သူဟာမူလက ကြက်သွေးကိုအသုံးပြုပြီး သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ခဲ့တာထက်စာရင် အခုလက်ရှိသူအခြေအနေက ပိုကောင်းပေသည်။


တစ်ညလုံးသွေး‌တွေကိုစုပ်ပြီးနောက် သူဟာပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို တက်ရောက်နိုင်လိုက်သည်။ သူအဆင့်တက်သွားတာကို အခြားသူတွေသံသယမဖြစ်ပါက ၇ရက်ဆိုသည့်မျက်စိတစ်မှိတ်အတွင်း တတိယချီစွမ်းအင်စုဆောင်းမှုအဆင့်ကို တက်သွားနိုင်သည်။


မနေ့တုန်းကအမဲလိုက်ချိန်မှာ မမျှော်လင့်ဘဲဖြစ်သွားခဲ့သည့်အရာကြောင့် ရွှီဇီယန်ဟာသူအား ဘယ်တော့မှ မျက်စိအောက်ကအပျောက်ခံမှာမဟုတ်တော့ဘူး။ အဲ့လိုဆိုတော့ သူဒေါသထွက်ရင်ထွက်ပေါက်ရှာဖို့ အလွန်အန္တရာယ်များသွားပြီ။


သူ၏မျက်လုံးထဲကသွေးရောင်ဟာ မနေ့ကထက်တောင် ပိုရဲရဲတောက်နေ၏။ ရွှီဇီရုန်သည် သူ၏ဒေါသကိုဖိနှိပ်ဖို့ အချိန်တော်တော်ကြာကုန်သွားသည်။


လျှာလေးကိုသပ်လိုက်ပြီး မနေ့ကသူအရသာခံခဲ့သည့် သင်းပျံ့ပြီးချိုလှသောသွေးနံ့ကို ရွှီဇီရုန်ပြန်မတွေးဘဲမနေနိုင်ပါ။ ကံဆိုးချင်တော့ ထိုသွေးက'ကိုကို'လို့ သူအသိအမှတ်ပြုထားသည့် လူ၏သွေးဖြစ်တာကြောင့် သူစားလို့မရဘူး။


ထို့နောက်နီရဲနေသည့်မျက်လုံးဟာ ပုံမှန်ပြန်ဖြစ်သွားသည်။ ရွှီဇီရုန်ကုတင်ပေါ်ဆင်းပြီး ရွှီဇီယန်အခန်းထဲသို့မသွားခင် သူ၏အဝတ်တွေကိုအရင်ဝတ်လိုက်သည်။


ရွှီဇီယန်နိုးလာအောင် သူအချိန်ခဏလောက်ယူလိုက်ရသည်။ အဲ့ဒီနောက်မှာတော့ နှစ်ယောက်သားအတူတူ မနက်စာစားပြီး ရွှီဇီရုန်နဲ့အတူအလည်အပတ်သွားရန် ရွှီဇီယန်အရမ်းကိုစိတ်လှုပ်ရှားနေသည်။


ပြောရမှာရှက်စရာကောင်းပေမယ့် သူ့မှာအရင်ရွှီဇီယန်၏မှတ်ဉာဏ်ရှိထားပြီးသား အဲ့ဒါကို ဒီလိုအိုဟောင်းနေသည့်မြို့ထဲကိုသွားတာက သူ့အနေနဲ့ပထမဆုံးအတွေ့အကြုံမလို့ အလွန်ကိုစိတ်လှုပ်ရှားနေသည်။ သူ၏စိတ်လှုပ်ရှားမှုကိုဖုံးဖို့ အလွန်ခက်ခဲတာကြောင့် သူဟာနေရာတိုင်းကိုလိုက်ကြည့်နေပြီး သူ၏ပုံစံက အခုမှဒီမြို့ထဲကိုစရောက်ဖူးသည့် သူနှင့်တူပေသည်။


Original Author's Note:

ပထမဆုံးအနေနဲ့…….…ရွှီဇီရုန်ဟာအခုလက်ရှိမှာ ရွှီဇီယန်ကိုချစ်သူအနေနဲ့ မကြိုက်သေးပါဘူး။ သူအရင်ဘဝတုန်းက 'အစ်ကိုတစ်ယောက်လိုချင်တယ်'လို့ ဆုတောင်းထားလို့ ရွှီဇီယန်ကိုသူ့အစ်ကိုအဖြစ် အလျော်ပေးလိုက်တာလို့ သူတွေးလိုက်တာပါ။ ဒါကြောင့် အခု‌လက်ရှိမှာတော့ ရွှီဇီရုန်က ရွှီဇီယန်အပေါ်သတ်ချင်စိတ်မရှိတော့ပါဘူး။ ပြီးတော့သူကသူ့အစ်ကိုအပေါ် ဘာချစ်တဲ့စိတ်မှမရှိသေးပါဘူး။╮(╯_╰)╭

သူတို့နှစ်ယောက်ကတဖြည်းဖြည်းချင်းသံယောဇဉ်တွေ တိုးလာမှာပါ………………


#TK