Chapter 49
Viewers 4k

Chapter 49


အတွင်းဂိုဏ်းတပည့်အများစုကတော့ အဓိကခန်းမဆောင်ကြီးသို့ ရောက်ရှိမှအမောဖြေနိုင်ကြတော့သည်။ ဒုတိယစာမေးပွဲမှာ မမျှော်လင့်ပဲ အန္တရာယ်ဘယ်လောက်နဲ့ သူတို့တွေ တွေ့ကြုံခဲ့တယ်ဆိုတာ ဘယ်သူမှမသိပေမယ့် လူအများစုကတော့ ဒဏ်ရာတွေရလာကြသည်။


ဟူယွိထျန်ကတော့ ခါတိုင်းလို မည်းမှောင်နေသည့်မျက်နှာဖြစ်နေပေမယ့် သူ့အနားမှာက တိမ်မဲကြီးက ပိုမိုကြီးမားနေသည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ်ဖိအားရှိခဲ့သည်ဆိုတာကို သူ့အနားမသွားပဲနဲ့တောင် ခန့်မှန်းကြည့်နိုင်သည်။


ဝေ့ချင်မျက်နှာကတော့ အရင်အတိုင်း မာနကြီးလျက်ပင်ရှိသည်။ ဒါပေမယ့် သူကတစ်ခါတစ်ရံတော့ ရွှီဇီယန်အား ခိုးကြောင်ခိုးဝှက်ကြည့်ကြည့်လာသည်။ ဒီအပြင် ရွှီဇီယန်က သူ့အမူအရာကို သတိထားမိသွားပြီဆိုရင် သူမျက်နှာကို တစ်ဖက်သို့ ချက်ချင်းလှည့်လိုက်သည်………


ရှဟုန်လျန်ကတော့ အမြဲတမ်းလိုလို တက်ကြွသည့်အမူအရာမျိုးသာ ပြသနေပြီး ကြည့်ရတာတော့ သူမက ဒုတိယစာမေးပွဲကို အားစိုက်မထုတ်ရပဲ သက်သာစွာ ဖြတ်သန်းခဲ့ရလိမ့်မည်။ အပြင်ပန်းကြည့်ရင်တော့ ချစ်စရာကောင်းပေမယ့် တကယ်လက်တွေ့မှာတော့ အလွန်အန္တရာယ်များသည့် မိန်းကလေးဖြစ်ပြီး လက်ရှိမှာတော့ သူမစူပုတ်ပုတ်မျက်နှာဖြင့် စိတ်ကောက်နေသည့် အမူအရာမျိုးဖြစ်နေသည်။


ရွှီဇီယန်က ဘေးပတ်လည်ကို တစ်ချက်လောက်ဝေ့ကြည့်လိုက်ပြီး ထောင့်နားမှာထိုင်နေသည့် ယွီဟော်အား တွေ့လိုက်ရသည်။ နောက်ဆုံးအကြိမ်က ယွီဟော်ဟာ ရွှီညီအကိုနှစ်ယောက်ထက် ခြေတစ်လှမ်းသာ နောက်ကျပြီး တောင်ပေါ်သို့ရောက်လာသည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အဓိကခန်းမဆောင်အတွင်းသို့ သူက၇ယောက်မြောက်လူအဖြစ် ရောက်ရှိလာခဲ့သည်။ 


ရွှီဇီယန် အားလုံးကို သေချာလေ့လာပြီးနောက် တစ်စုံတစ်ခုကို သူသဘောပေါက်သွားသည်။ ဒီနေရာကို ရောက်အောင်လာနိုင်ခဲ့သည့် လူနည်းစုကသာ သူ့လိုမျိုး ခြေထောက်တွေ ဒါမှမဟုတ် လက်မောင်းတွေမှာ ကြိုးချည်ခဲ့ရခြင်းဖြစ်သည်။ သူ့အရင်ဘဝက မူလရွှီဇီယန်က ဒီလိုအပြုအမူမျိုးကို ဘာလိုမလုပ်ခဲ့ရလဲဆိုတော့ သူ၏ရလဒ်က သာမန်အနေအထားသာ ဖြစ်ခဲ့လို့ဖြစ်သည်။


ယွီဟော်ကိုလေ့လာကြည့်ရင် သူ့ရဲ့ခိုးကြောင်ခိုးဝှက် အပြုအမူတွေထက် သူဒီနေရာကိုရောက်အောင် လာနိုင်တာကပဲ အံ့ဩစရာမကောင်းပေဘူးလား။ ဒီလူက အချက်အလက်တွေ ရယူရာမှာ အလွန်ကိုကျွမ်းကျင်လွန်းသည်။ သူဟာ အချက်အလက်တိုင်းကို မွေးရာပါသိနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ပေမယ့် အနာဂတ်မှာတော့ သူက ရွှမ်းယွိနယ်မြေ၏ အကြီးမားဆုံးသတင်းရယူသည့်လုပ်ငန်း——ချန်းဝမ်အဆောက်အအုံကို တည်ထောင်လိမ့်မည်။ 


ချန်းဝမ်အဆောက်အအုံ၏ နောက်ကွယ်က ခေါင်းဆောင်ဟာ ဘယ်သူလဲဆိုတာ မူလရွှီဇီယန်မသိခဲ့တာ စိတ်မကောင်းစရာပင်ဖြစ်သည်။ ဒါပေမယ့် ယွီဟော်၏စွမ်းအား တစ်ခုတည်းနဲ့ဆိုရင် သူကထိုနေရာရဲ့ တကယ့်ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။


ယွီဟော်ကို သူ့ဘေးမှာ ထားလိုက်ရင်များ ကောင်းမလား?


ရွှီဇီယန် ထိုအရာကို အနည်းငယ် တွန့်ဆုတ်နေမိသည်။ လက်ရှိမှာတော့ ယွီဟော်က ဘာစွမ်းရည်ကိုမှ မတတ်မြောက်သေးပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူလေ့ကျင့်သည့် ကျင့်စဉ်အတတ်ပညာက တိုက်ပွဲမှာတိုက်ခိုက်ဖို့အတွက် မသင့်တော်တာကြောင့် ဟူယွိထျန်၏ဘေးမှာလည်း သူကနေရာသိပ်မရဘူး။ အကယ်၍ ရွှီဇီယန်သာ သူ့ဘေးကို ယွီဟော်အား သွေးဆောင်ခေါ်ယူချင်ပါက အခုချိန်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။


သူ့လောက်ဘယ်သူမှ အရေးကြီးသည့် သတင်းအချက်အလက်တွေကို သိနိုင်မှာမဟုတ်သလို ဝတ္ထု၏အလယ်လောက်မှာ အကောင်းဆုံးအချက်အလက်တွေကို ပံ့ပိုးပေးသည့် ချန်းဝမ်အဆောက်အအုံခေါင်းဆောင်အား ရွှမ်းယွိနယ်မြေတစ်ခုလုံးက လူတိုင်းဟာ မစော်ကားရဲကြဘူး။ 


ကောင်းကင်ဘုံနှင့်သက်ဆိုင်သည့် အတတ်ပညာတွေ၊ အဖိုးတန်ရတနာတွေ၊ လျှို့ဝှက်နယ်မြေတွေ၊ ဒဏ္ဍာရီလာ မသေမျိုးတွေ၏ ဘုံဗိမာန်တွေ အမျိုးမျိုးသော အရာဝတ္ထုပစ္စည်းတွေအားလုံး၏ အချက်အလက်တွေအားလုံးကို ရွှမ်းယွိနယ်မြေ၏ ချန်းဝမ်အဆောက်အအုံက တစ်ခုမကျန်ရှာဖွေတွေ့ရှိခဲ့သည်။


ဒါပေမယ့် ပိုအဖိုးတန်သည့်ရတနာ အချက်အလက်တွေက ပိုပြီးတော့ ဈေးကြီးကြီးပေးရသည်။ လူအများပြောကြတာကတော့ တစုံတယောက်ဟာ ပင်လယ်ထဲမှာ ပျောက်ကွယ်နေသည့် လျှို့ဝှက်နယ်မြေအကြောင်းကို မေးခဲ့သည်။ ထိုလူဟာ သူ၏ငွေကြေးအားလုံးကို အသုံးပြုကာ လျှို့ဝှက်နယ်မြေ၏မြေပုံကို ဝယ်လိုက်သည်။ ထို့နောက်မှာတော့ သူ၏ကံကောင်းခြင်းတွေ ရောက်လာခဲ့တော့သည်။ တစ်လလောက်အကြာမှာတော့ သူက အစောပိုင်း ရွှေအမြုတေအဆင့်ကနေ နှောင်းပိုင်း ရွှေအမြုတေအဆင့်သို့ တက်သွားပြီး အမတဝိညာဉ်အခြေတည်စအဆင့်ကို ရောက်ရှိဖို့ တစ်ဆင့်သာလိုအပ်ပေတော့သည်။


ထိုသတင်းဟာ ပျံနှံ့လာတာကြောင့် ရွှမ်းယွိနယ်မြေဟာ ထိုကောလဟာလကို ပိတ်ပစ်လိုက်ကြသည်။ ထို့နောက်မှာတော့ ချန်းဝမ်အဆောက်အအုံ၏ ကျိုးကြောင်းခိုင်လုံသည့် အချက်အလက်နဲ့ပတ်သက်ပြီး ဘယ်သူမှ မေးခွန်းမထုတ်ရဲကြတော့ပေ။ တစုံတယောက်သာ ငွေရှိပါက ဘယ်လိုအချက်အလက်မဆို သူတို့တွေ ဝယ်ယူလို့ရပေသည်။


ထိုကောလဟာလအရ အလွန်ကိုကံကောင်းခဲ့သည့် လူပုဂ္ဂိုလ်ကတော့ ထုံးစံအတိုင်း ဝတ္ထု၏ဇာတ်လိုက်ကြီး ပိုင်ဟွပင်ဖြစ်သည်။ သူကသူ၏ကျင့်စဉ်ကို တိုးအောင်လုပ်နိုင်သည့် ဆေးဖက်ဝင်ဆေးလုံး အမြောက်အများတွေကို ရရှိသွားရုံသာမက သူ၏စိတ်ဝိညာဉ်တောကောင်အဖြစ် ပင်လယ်တောကောင်ကြီးကိုလည်း သူဖမ်းမိသွားခဲ့သည်။


ထို့နောက်မှာတော့ ထိုပင်လယ်နဂါးကြီးက ပိုင်ဟွ၏စွန့်စားမှုအမျိုးမျိုးနှင့် ဘေးဒုက္ခအတော်များများကနေ ကယ်တင်ပေးခဲ့သည်။

『K ; ထိုပင်လယ်နဂါးက အတော်လေး စွမ်းအားကြီးပြီး မိုးရွာတာနဲ့ရေလွှမ်းမိုးတာကို ထိန်းချုပ်နိုင်ပါတယ်』


ဆုံးဖြတ်လိုက်ပြီ!


ထိုအကြောင်းအရာ တော်တော်များများကို သူတွေးလိုက်ပြီးနောက် ယွီဟော်ကို သူ့နားသို့ခေါ်ရမည်!


ချန်းဝမ်အဆောက်အအုံ၏ခေါင်းဆောင်က အခုချိန် ဘယ်ရောက်နေလဲဆိုတာ ဘယ်သူသိမှာမလို့လဲ?? ရွှီဇီယန်သာ စောစောစီးစီ ထိုအကွက်ကိုရွေ့ထားပါက အနာဂတ် ချန်းဝမ်အဆောက်အအုံဟာ သူ့အဆောက်အအုံဖြစ်လာလိမ့်မည်!


ရွှီဇီယန်က သူအစီအစဉ်တွေ ချမှတ်ဖို့ တွန့်ဆုတ်မနေပါ။


နောက်ကွယ်မှာတော့ ချန်းဝမ်အဆောက်အအုံ၏ ခေါင်းဆောင်ဟာ ဘယ်သူလဲဆိုတာကို ဝတ္ထုထဲမှာရော မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲမှာရော အတိအကျမပြောထားပေမယ့် ယွီဟော်၏စွမ်းအားတွေ ရုတ်တရက်တိုးတက်လာတာနဲ့ပတ်သက်ပြီး သူ၏နောက်ကွယ်က ခေါင်းဆောင်ဟာ သူ့ထက်အသက်သိပ်မကြီးလောက်ဘူးဆို၍ တစုံတယောက်က ကောက်ချက်ချခဲ့သည်။ သူတို့တွေ၏အသက်တွေက ရွှီဇီယန်နဲ့ သက်တူရွယ်တူပင် ဖြစ်နိုင်သည်။


ရွှီဇီယန်က ယွီဟော်အား သူ့အနားသို့ခေါ်ရန် ထိုအကွက်ကိုရွေ့လိုက်ခြင်းဖြင့် ထိုလူပုဂ္ဂိုလ်က သူ့အား ကလဲ့စားချေမှာလည်း စိုးရိမ်စရာမလိုပေ။ ထို့အပြင် ထို'ခေါင်းဆောင်'ဆိုသည့်လူဟာ ယွီဟော်ကို အခုချိန်အထိ ရှာမတွေ့သေးတာဖြစ်လိမ့်မည်။


ဒီအကြောင်းအရာကို သိရှိပြီးနောက် ရွှီဇီယန်၏အကြည့်တွေဟာ ယွီဟော်ဆီရွေ့သွားသည်။ ထိုကောင်လေး သူ့အားလှည့်ကြည့်လာသည့် အချိန်၌ သူအနည်းငယ် ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။


ယွီဟော်၏အမူအရာဟာ အေးခဲသွားပြီး သူကမသိသလို သူ၏လည်ကိုလိမ်ကာ တစ်ဖက်သို့လှည့်သွားတော့သည်……


ရွှီဇီယန် သူ့နှာခေါင်းသူ ပွတ်ကာ ချွေးပြန်သွားသည်။ အရှေ့စာမေးပွဲတုန်းက ယွီဟော်ဆီကနေ သူဘယ်လိုလုယက်ခဲ့လည်းဆိုတာ သူခဏလောက်မေ့သွားခြင်းဖြစ်သည်။ 


အားလုံးရောက်ရှိပြီးနောက် ပျမ်းမျှအားဖြင့် စာမေးပွဲဖြေဆိုသူ အယောက်၃၀လောက်သာ ကျန်ရှိပေသည်။ အကယ်၍ ဒီလူအားလုံးသာ တတိယစာမေးပွဲကို ဖြတ်ကျော်နိုင်ပါက သူတို့တွေဟာ လျှိုကွမ်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့် ဖြစ်လာလိမ့်မည်။ လျှိုကွမ်းဂိုဏ်း၏ ဝင်ခွင့်စာမေးပွဲဟာ ဖွင့်ဟရမည်ဆိုရင် အတော်ကိုခက်ခဲလှပေသည်။ ဒါပေမယ့် သူတို့တွေသာ တတိယစာမေးပွဲကို ဖြတ်ကျော်နိုင်သွားပါက အတွင်းဂိုဏ်းတပည့်အဖြစ် ကောင်းမွန်စွာ ဆက်ဆံခံရမှာဖြစ်ပြီး သူတို့ရသင့်သည့် ဝေစုတွေကိုလည်း ရရှိကြမှာဖြစ်သည်။ သူတို့တွေ၏ အကျိုးအမြတ်တွေက သာမန်အပြင်ဂိုဏ်းတပည့်တွေအနေနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်လို့မရပေ။ 


အချက်ပေးသံ သုံးကြိမ်မြည်သွားပြီးနောက် ခန်းမဆောင်ကြီး၏တံခါးမှာ ဖြည်းညင်းစွာပွင့်သွားသည်။ အဝတ်အစားပုံစံအမျိုးမျိုးဖြင့် ကျင့်ကြံသူအတော်များများ ထိုအဆောက်အအုံထဲသို့ တန်းစီကာ ဝင်လာကြသည်။


အရှေ့ဆုံးက ဖြူရော်ရော်မျက်နှာဖြင့် မုတ်ဆိတ်မွေးမရှိသည့် အသက်အလယ်အလတ်နဲ့ထိုလူဟာ တောက်ပသည့်အနီရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူ၏အမူအရာဟာ အလွန်ကိုကြင်နာတတ်သည့် ပုံပေါက်ပြီး သူ့မျက်လုံးက ကြည်လင်နေသည်။ လူတိုင်းကို ကြည့်နေသည့် သူ၏အကြည့်တွေဟာ အလွန်ကို သိမ်မွေ့လှသည်။


ထိုအကြောင်းအရာကို အခြားလူတွေထက် ရွှီဇီယန်ပိုသိပြီး ထိုလူဟာ လျှိုကွမ်းဂိုဏ်၏ဂိုဏ်းချုပ်——ဝူချိန်တောက်ကျွင်းပင်ဖြစ်သည်။


ဝူချိန်တောက်ကျွင်းဟာ အလွန်ထူးချွန်းပြီး ကြံခိုင်သည့် ဒီလူငယ်လေးတွေကို ကြည့်လိုက်ရင်း သူ့မျက်နှာပေါ်မှာ အပြုံးကိုဖော်ပြလိုက်သည်။ အနာဂတ်မှာ ဒီလူတွေအားလုံးဟာ လျှိုကွမ်းဂိုဏ်၏အမာခံကျောရိုးတွေ ဖြစ်လာမည့် နောက်ထပ်မျိုးဆက်ပင်ဖြစ်သည်။ သူတို့တွေ ဆက်လက်တည်ရှိနေတာနဲ့ လျှိုကွမ်းဂိုဏ်းကလည်း ဂိုဏ်းတစ်ခုအနေနဲ့ အဆုံးမရှိကြီးပွား တိုးတက်လာလိမ့်မည်။


“မင်းတို့ဟာ လီချိန်တံတားကို ဖြတ်လာပြီးကြပြီဖြစ်ပြီး အသင်တို့အားလုံးဟာ ငါ၏လျှိုကွမ်းဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့်ဖြစ်သွားပြီ တတိယစာမေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ အားလုံး၏ဉာဏ်ပညာအမြော်အမြင်တွေကို ပိုကောင်းမွန်လာစေချင်လို့ပဲဖြစ်တယ် အချိန်ပိုကြာကြာ တောင့်ခံနိုင်သည့် မင်းတို့ဟာ အကျိုးအမြတ်ပိုများများ ရရှိကြလိမ့်မယ်” ဝူချိန်တောက်ကျွင်း၏ တိုတောင်းလှသည့် မိန့်ခွန်းဟာ အားလုံးကို အံ့ဩသွားသည့် အမူအရာမျိုး ဖြစ်သွားစေသည်။

『K ; ပြောသွားတာကို သတိထားမိကြလား၊ 'အချိန်ကြာကြာပိုတောင့်ခံရမယ်'တဲ့ အဆုံးသတ်မရှိပါဘူးနော် အခြားလူတွေထက် ပိုတောင့်ခံနိုင်မှရမှာ』


သူတို့တွေလန့်သွားကြပြီး စိတ်လှုပ်ရှားလာတော့သည်။ ဒီတော့ တတိယစာမေးပွဲက စာမေးပွဲသက်သက်ပင်မဟုတ်ဘဲ သူတို့ရရှိမည့် အကျိုးအမြတ်တွေနဲ့လည်း သက်ဆိုင်နေသည်။ နောက်တစ်နည်းဆိုရရင် သူတို့တွေဟာ လျှိုကွမ်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့် ဖြစ်နေပြီးဖြစ်သည်။


စာမေးပွဲဖြေဆိုသူအားလုံး၏ မျက်နှာအမူအရာက ပျော်ရွှင်ပြီးတက်ကြွနေကြတော့သည်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂုဏ်ပြုကြရတော့မယ်လို့ ဘယ်သူကထင်ထားမှာလဲ။


ရွှီဇီယန်ကပြုံးနေပေမယ့် သူ့အကြည့်တွေကတော့ လျှော့ပေါ့လိုက်သည့် အရိပ်အယောင်မျိုး မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့မျက်လုံးတွေက ပိုပြီးတော့ လေးနက်နေသေးသည်။


ဝူချိန်တောက်ကျွင်းဟာ စာမေးပွဲဖြေဆိုသူတွေ ပျော်ရွှင်နေတာကို မြင်လိုက်ပြီး သူကတောက်ပစွာ ပြုံးကာ ဘေးဘက်မှာ မတ်တပ်ရပ်လိုက်သည်။ သူ့ဘေးက အကြီးအကဲတွေ၏ မျက်နှာတွေမှာ အပြုံးတွေရှိကြသည်ဆိုပေမယ့် သူတို့တွေ၏အပြုံးတွေက အနည်းငယ် ကွဲပြားခြားနားလှသည်။


“ကောင်းပြီ တတိယစာမေးပွဲကို စကြရအောင်” စာမေးပွဲဖြေဆိုသူတွေ ဘယ်လောက်တောင် တည်ငြိမ်နေကြလဲဆိုတာ ဝူချိန်တောက်ကျွင်းမြင်လိုက်တာကြောင့် ခင်မင်ရင်းနှီးသည့်အသံမျိုးဖြင့် ပြောလိုက်သည်။


သူကလက်ဟန်အမူအရာပြလိုက်သည်နှင့် စာမေးပွဲဖြေဆိုသူတွေဟာ ချက်ချင်းပင် ဘေးသို့ဖယ်လိုက်ကြပြီး ခန်းမဆောင်အရှေ့မှာ ကောင်းကင်တံခါးဟာ ပွင့်လာတော့သည်။ သူတို့တွေက ခန်းမဆောင်၏ဘေးဘက်က ထိုင်ခုံဘေးမှာ ရပ်နေကြပြီး ဝူချိန်တောက်ကျွင်းအား စောင့်ကြည့်နေကြသည်။


ဝူချိန်တောက်ကျွင်းက ဖြူရော်ရော်ဖြစ်နေသည့် သူ၏လက်ချောင်းတွေကို ထုတ်လိုက်ကာ လျှို့ဝှက်ကျင့်စဉ်အတတ်ပညာကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် ခန်းမဆောင်အရှေ့က ကောင်းကင်တံခါးဟာကနေ စိတ်ဝိညာဉ်စွမ်းအင်အသံထွက်ပေါ်လာပြီး အပြာရောင်အလင်းမှုန်မှုန်လေးတွေ ထုတ်လွှတ်လာသည်။ အပြာရောင်အလင်းဟာ ပိုကြီးထွားလာပြီး ပုံစံတွေက ပိုမိုရှုပ်ထွေးလာကာ တောက်ပြောင်ချောမွတ်နေသည့် ကျောက်ပြားပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။


အပြာရောင်အလင်းဟာ တစ်ခါလောက်လင်းလက်သွားကာ ပျောက်ကွယ်သွားပြီး ပုံစံဖော်နေသည့် အရာတွေကလည်း ချက်ချင်းပျောက်ကွယ်သွားကာ ကုမုဒြာပန်းတွေ သာကျန်ရှိနေတော့သည်။ ကောင်းကင်တံခါးကတော့ ထိုနေရာမှာ ရှိနေသေးသည်။ လူတိုင်းဟာ ဘာဖြစ်သွားလဲဆိုတာ သေချာသိကြပေမယ့် နူးညံ့သည့် မြူမှုန်အမျှင်တွေကတော့ ကောင်းကင်တံခါး၏ထိပ်ပေါ်မှာ ပေါ်လာသည်။ ထိုမြူတွေနဲ့ ကောင်းကင်တံခါးအား ဖုံးကွယ်ဖို့ အချိန်ဘယ်လောက်မှမပေးရပေ။


“ဝင်ကြပါ ကျေးဇူးပြုပြီး စိတ်ကိုတင်းထားကြပါ အချိန်ကြာကြာ ပိုတောင့်ခံနိုင်တဲ့ မင်းတို့ဟာ အကျိုးအမြတ်များများ ရရှိလိမ့်မယ်” ဝူချိန်တောက်ကျွင်း၏အမူအရာဟာ တည်ကြည်လေးနက်နေပြီး အားလုံးကို အလေးအနက် သတိပေးလိုက်သည်။


ဒီစိတ်ဝိညာဉ်အခင်းအကျင်းဟာ လျှိုကွမ်းဂိုဏ်းက မျိုးဆက်တွေဝင်ရောက်နိုင်ဖို့သာ အခြေခံထားတာဖြစ်သည်။ ဒီရှုပ်ထွေးလှသည့် စိတ်ဝိညာဉ်အခင်းအကျင်းဖြင့် ရည်ရွယ်ချက်အမျိုးမျိုးကို အသုံးချနိုင်ပေသည်။


ဉာဏ်ပညာထက်မြက်သည့်သူသာ ဒီနေရာမှာ အသုံးဝင်ပေလိမ့်မည်။ ပိုပြီးတော့အသုံးဝင်ပုံက ဒီစိတ်ဝိညာဉ်အခင်းကျင်းဟာ ဒီတပည့်တွေပိုင်ဆိုင်ထားသည့် စွမ်းရည်တွေကို သိမြင်နိုင်သည်ဖြစ်စေ၊ မသိမြင်နိုင်သည်ဖြစ်စေ အပြင်ကလူကတော့ အတွင်းကဖြစ်ပျက်သမျှကို ထိန်းချုပ်နိုင်သည်။ လျှိုကွမ်းဂိုဏ်းကနေ သူတို့တွေ သတိထားစောင့်ကြည့်နေခဲ့တာကြောင့် သူတို့တွေက ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေ ဒါမှမဟုတ် မိစ္ဆာကျင့်ကြံသူတွေ အဖြစ် တတိယစာမေးပွဲမှာ သူတို့တွေက စာမေးပွဲဖြေဆိုသူတွေကို တားဆီးရမည့် လုပ်ငန်းတာဝန်အား အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ထို့အပြင် ဒီအတွင်းဂိုဏ်းတပည့်တွေအားလုံးကို အခြားအကြီးအကဲတွေ အားလုံးက အပြင်ကနေ ထိန်းချုပ်ထားကြမှာဖြစ်သည်။ ထိုအချိန်၌ လျှိုကွမ်းဂိုဏ်းမှာ ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေနဲ့ စာမေးပွဲဖြေဆိုသူတွေဟာ အကျိုးအမြတ်တိုက်ပွဲကို ဆင်နွှဲရမှာဖြစ်ပြီး အပျက်အစီး အထိအခိုက်တွေကို နောက်ကွယ်ကနေ သတိထားစောင့်ကြည့်နေကြမှာဖြစ်သည်။


ထို့အပြင် နောက်ထပ်အသုံးဝင်သေးသည်က ဒီစိတ်ဝိညာဉ်အခင်းအကျင်းဟာ ဒီတပည့်တွေ၏ စိတ်ဝိညာဉ်သွေးကြောနဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို စစ်ဆေးနိုင်ပေသည်။ စိတ်ဝိညာဉ်သွေးကြောက စစ်ဆေးဖို့လွယ်ကူပေမယ့် တစုံတယောက်၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို စစ်ဆေးဖို့ကတော့ အတော်လေးခက်ခဲလှသည်။ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဟာ ကောင်းကင်စိတ်ဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ထားသည့် တစုံတယောက်အား ရှုံးနိုင်ဖို့အလားအလာမရှိပေ။


သူကထူထပ်အုံ့ဆိုင်းနေသည့် တိမ်စိုင်အား စိုက်ကြည့်လိုက်ရင်း ရွှီဇီယန်က ရွှီဇီရုန်အား အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“အကယ်၍ မင်းအထဲရောက်သွားရင် မင်းရဲ့လက်ရှိ အခြေအနေကို တတ်နိုင်သမျှ ကာကွယ်ထားရမယ်နော်”


ရွှီဇီရုန် အချိန်ကြာကြာ မကာကွယ်နိုင်မှာကို သူစိုးရိမ်လာတာကြောင့် ဒီအရေးပါလှသည့် ဖိအားက သူ့အပေါ်သို့ နောက်တစ်ကြိမ်ပြန်လည်ကျရောက်လာပြန်သည်။ ထိုအခင်းအကျင်းထဲက နေရာမှာက အလွန်နာကျင်လွန်းမှာဖြစ်ပေမယ့် သူတို့ရရှိမည့် အကျိုးအမြတ်တွေကတော့ စကားလုံးနဲ့တောင် ဖော်ပြလို့ရမှာမဟုတ်ပေ။


မူလရွှီဇီယန်က ထိုအရာကို တွေ့ကြုံခဲ့ဖူးပြီး ဘာဒဏ်ရာမှသိပ်မရခဲ့ပေမယ့်လည်း သူကငယ်သေးတာကြောင့် ထိုအခင်းကျင်းထဲမှာ အချိန်ခဏသာ နေနိုင်ပြီး ထွက်လာခဲ့ရသည်။ ဒါပေမယ့် အခြားလူတွေက ထိုအခင်းအကျင်းအတွင်းမှာ ဘာလုပ်ခဲ့ကြတယ်ဆိုတာကို သူသိသွားပြီးနောက် သူစောစောထွက်လာခဲ့ရသည့်အတွက် နှစ်ဝက်တစ်ခုလုံး နောင်တရနေတော့သည်။


ရွှီဇီရုန် သူ့ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူနှင့် ဆုံပြီးနောက် လျှိုကွမ်းဂိုဏ်းအပေါ်ထားသည့် သူ၏အထင်အမြင်သေးသည့် စိတ်တွေဟာ ပျောက်သွားပြီးဖြစ်သည်။


ဒီအလွန်ကြီးမားလှသည့်ဂိုဏ်းဟာ ထောင်စုနှစ်ကြာအောင် တိုးတက်ကြီးပွားနေတာဖြစ်သည်။ သူ့အရင်ဘဝတုန်းကတော့ သူကိုယ်တိုင်တည်ဆောက်ထားသည့် သွေးမိစ္ဆာသခင်၏ရဲတိုက်ဟာ ဒီလိုကြီးမားလှသည့်ဂိုဏ်းမျိုးနဲ့တောင် ယှဉ်ဆိုင်တွေ့နိုင်သည်ဟု ရွှီဇီရုန်ယုံကြည်ခဲ့သည်။ တကယ်တော့ ထိုအတွေးတွေက ဟာသသက်သက်သာ ဖြစ်နေတော့သည်။


စာမေးပွဲနှစ်ကြိမ်စလုံးကို အောင်မြင်စွာ သူကျော်ဖြတ်နိုင်ခဲ့ပုံအရ ရွှီဇီယန်ဟာ စိတ်ဝိညာဉ်အခင်းအကျင်းကို ပထမဆုံး ဖြတ်ရမည့်လူဆိုတာ သေချာနေပြီးဖြစ်သည်။


ဘယ်နေရာကနေပေါ်လာမှန်းမသိသည့် သူ့လိုလူမျိုးတွေကို လူအများစုကရွံမုန်းကြသလို ဒီနှစ်ရဲ့အတွင်းဂိုဏ်းတပည့် စာမေးပွဲ အဆုံးသတ်က ရောက်ရှိလာပြီဖြစ်သည်။


ဆယ်ကျော်သက်လူငယ်လူရွယ်ထဲမှာ တကယ့်ကို သဘောကျကြသည့် လူတွေက ဝေ့ချင်၊ ရှဟုန်လျန်နဲ့ ဟူယွိထျန်တို့သာဖြစ်သည်။ သူတို့တွေအပြင် ရွှီဇီယန်ကတော့ ကံကောင်းသည့်ကောင်လေးဆိုတာကလွဲရင် ဘာမှမပိုပေ။


ရွှီဇီယန် သူ့ကိုယ်သူ အားပေးလိုက်သည်။ သို့ပေမယ့် စိတ်ဝိညာဉ်အခင်းအကျင်းထဲမှာ ဘာဖြစ်မလဲဆိုတာ သူသိနေခဲ့တာတောင် ရွှီဇီယန်အလွန်ကို စိုးရိမ်စိတ်ဖြစ်ပေါ်နေသေးသည်။


သူ့စိတ်ထဲ၌ သူ့ကိုယ်သူ သရော်လိုက်၏။ ဒီလိုအချိန်မှာ ဒီလိုပုံစံဖြစ်နေရမယ့်အစား သူဘာမှမသိခဲ့တာ ပိုတောင်ကောင်းဦးမည်။ အဲ့လိုသာဆိုရင် အနည်းဆုံးတော့ သူထိတ်လန့်နေစရာမလိုတော့ဘူးပေါ့။


သူ့ကိုယ်သူချုပ်တည်းလိုက်ကာ ရွှီဇီရုန်၏လေးစားသည့် အကြည့်တွေကို ခံယူရင်း ရွှီဇီယန်ဟာ ခေါင်းမော့ရင်ကော့ကာ တည်ငြိမ်စွာ လျှောက်လမ်းသွားရင်း —— စိတ်ဝိညာဉ်အခင်းအကျင်းထဲသို့ ဝင်သွားတော့သည်။


စက္ကန့်ပိုင်းအတွင်း သူ့ကိုယ်ဟာ မြူတွေဖုံးလွှမ်းသွားပြီး သူ၏ပုံရိပ်ဟာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက်မှာတော့ သူဟာ ဘာမှမရှိသည့် သဲကန္တာရအလယ်ကြီးမှာ ချက်ချင်း ပေါ်လာတော့သည်။


ဒီနေရာဟာ စိတ်ဝိညာဉ်အခင်းအကျင်းထဲက နေရာဆိုတာ သူသိပေမယ့် သူ့ပတ်ဝန်းကျင်က တကယ့်အစစ်လို နေရာမျိုးကိုကြည့်လိုက်ရင်း ရွှီဇီယန်ထိတ်လန့်နေသည်။ 


သူကကိုင်းညွတ်လိုက်ပြီး သဲလက်တစ်ဆုပ်စာကို ယူကြည့်လိုက်သည်။ လက်ထဲကသဲတွေဟာ သူ့လက်ချောင်းကြားထဲကနေ မြေပြင်ပေါ်သို့ ပြန်လည်လျှောဆင်းသွားသည်။ ဒီကြမ်းတမ်းလှသည့် သဲပွင့်တွေဟာ တကယ့်အစစ်တွေလို ခံစားနေရပြီး အတုအယောင်နဲ့ တူသည့်အစအနကို သူတစ်ခုမျှ ရှာလို့မတွေ့ရပေ။


ဝေးကွာလှသည့်ကောင်းကင် အဆုံးသတ်နားမှာ အလွန်ကြီးမားပြီး ရှည်လျားသည့် ရုပ်တုကြီးဟာ တိမ်လွှာတွေက မြေရိုင်းတွေအထိ လွှမ်းမိုးကာ ထောင်မတ်လာသည်။ ထိုအရာဟာ အကန့်အသတ်မရှိ ချဲ့ထွင်လို့ရသည့် အမူအရာမျိုးရှိနေသည်။ အကြည့်တစ်ချက်နဲ့တင် တစုံတယောက်၏မျက်လုံးတွေကို ထိုနေရာမှာတင် ဆွဲဆောင်နိုင်ပေသည်။ 


“လောင်ကြေးထပ်လိုက်ကြရအောင်!” ရွှီဇီယန်တိတ်တဆိတ် ပြောလိုက်၏။ ဒီနေရာ၏လက်ရှိ ပုံစံကိုကြည့်ပြီး ဘယ်လောက်အေးချမ်းပြီး တည်ငြိမ်နေတယ်လို့ အထင်မမှားလိုက်နဲ့။ သူခြေတစ်လှမ်းလောက် အရှေ့သို့လှမ်းလိုက်တာနဲ့ အလွန်ကိုအန္တရာယ်များသည့် ဘယ်လိုတိုက်ခိုက်မှုမျိုး လာတော့မယ်ဆိုတာ ရွှီဇီယန်သိပေသည်။


ရွှီဇီယန် သူ့ခြေလှမ်းကို ရှေ့သို့တစ်လှမ်းတိုးလိုက်နှင့်——ချက်ချင်းပင် ကောင်းကင်၏ရာသီဥတုရော ကမ္ဘာမြေကြီးပါ ပြောင်းလဲသွားသည်။


ကြည်လင်နေသည့် မိုးပြာရောင်ကောင်းကင်ဟာ လျှပ်စစ်မိုးကြီးအလင်းတန်းတွေ ထွက်ပေါ်လာတော့သည်။ အမှောင်ထုဟာ တဖြည်းဖြည်း ကျရောက်လာပြီး လေပြင်းမုန်တိုင်းဟာ သဲကန္တာရတစ်ခုလုံးကို အကြီးအကျယ် စတင်တိုက်ခတ်လာတော့သည်။


ရွှီဇီယန် လေကိုဆန့်ကျင်ကာ အရှေ့သို့ဆက်လက်လျှောက်လှမ်းလေသည်။ သူ၏ခြေလှမ်းတွေက အလွန်ကို မြန်ဆန်လှသည်။ လေဟာအလွန်ကို သန်မာလှတယ်ဆိုပေမယ့် လေဖိအားကို ဆန့်ကျင်တာက အကောင်းဆုံးပင်ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအင်အကာအရံကို ဒီသန်မာလှသည့် လေပြင်းမုန်တိုင်းကြောင့်နဲ့ မဖြုန်းတီးနိုင်ဘူး။


တစ်ချက်ရှူရှိုက်သည့် အချိန်အတွင်းမှာပင် သူဟာ မီတာ၁၀၀ အရှေ့ကို ရောက်သွားပြီးဖြစ်သည်။ လေဟာပိုပိုပြီး သန်မာလာကာ သဲပွင့်လေးတွေဟာ လေနဲ့အတူရွေ့လျားလာပြီး လေပြင်းမုန်တိုင်းဟာ ဓားတစ်လက်ပုံစံဖြင့် သူ့မျက်နှာကို လာရောက်တိုက်ခိုက်လေတော့သည်။ ထိုလေပြင်းမုန်တိုင်းဟာ သွေးထွက်အောင် ဓားချက်များစွာကို ပြုလုပ်နိုင်သည်။


ရွှီဇီယန်ဟာ အရှေ့သို့ဆက်လက်ပြေးနေပြီး သူ့လက်နှစ်ဖက်ဖြင့် သူ့မျက်နှာကိုကာထားကာ သူ၏ခေါင်းကိုနိမ့်ထားသည်။ ပြင်းထန်လှသည့်လေမုန်တိုင်းဟာ ကြီးမားသည့် ကျောက်တုံးတွေကို အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာစေတော့သည်။ အခုလေးတင် သူ့လက်သီးလောက် ကြီးမားသည့် ကျောက်တုံးဟာ သူ့ခေါင်းတည့်တည့်ဆီပျံသန်းလာသည်။ သူလျင်မြန်စွာအလိုအလျောက်သူ၏စိတ်ဝိညာဉ်စွမ်းအင် အကာအရံကို အသက်သွင်းလိုက်လို့ပေါ့ မဟုတ်ရင် အခုချိန်မှာ သူ့ခေါင်းဟာ မနည်းမနော သွေးတွေစိမ့်ထွက်နေလိမ့်မည်။


#TK