Chapter 54
Viewers 4k

Chapter 54


"ဒီနေရာမှာ ခဏလေးစောင့်နေနော် ငါဂိုဏ်းချုပ်ကို မင်းတို့ရောက်လာတာ သွားတင်ပြလိုက်ဦးမယ်" အဝါရောင်ဝတ်စုံ ဝတ်ဆက်ထားသည့် ယောင်္ကျားလေးက တည်ငြိမ်စွာ ပြန်ပြောလေသည်။


ရွှီဇီယန် အရိုအသေပေးလိုက်ကာ ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေသည်။


ရွှီဇီရုန်ဟာ သူ၏မျက်နှာသေနဲ့ ခံစားချက်မရှိသည့်ပုံစံကို ထိန်းချုပ်ကာ ရွှီဇီယန်အနောက်မှ လိမ်မာစွာ လိုက်ပါလာသည်။ သူလက်ရှိရောက်နေသည့် နေရာမှာ သူအကောင်းဆုံး အားနည်းသည့်ပုံစံဖြစ်အောင် ကြိုးစားနေရသည်။ စာမေးပွဲအတွင်း လီချိန်တံတားကို ဖြတ်သည့်ရက်က သူအပြာရောင်ဝတ်စုံနဲ့လူအား ဆုံတွေ့ခဲ့ရသည်။ ထိုလူဟာ အလွန်သန်မာပြီးတော့ သူ့ကိုအန္တရာယ်တောင် ဖြစ်စေနိုင်လောက်သည့် အရှိန်အဝါမျိုးကို ရရှိစေသည်။ ထိုလူက သူ့အကြောင်းကို အလုံးစုံသိမြင်နေတယ်လို့ ရွှီဇီရုန်အမြဲလိုလို ခံစားနေရတာကြောင့် သူ့မှာလည်းရွေးချယ်စရာမရှိဘဲ ပိုဂရုစိုက်ဖို့သာ တတ်နိုင်တော့သည်။


သိပ်မကြာခင် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ယောင်္ကျားလေးဟာ ပြန်ရောက်လာခဲ့သည်။


သူ့လက်မှာ ကျောက်စိမ်းပြားနှစ်ခုကို ကိုင်ထားပြီး သူကပြုံးလိုက်ကာ

"အထဲကိုမြန်မြန်လာခဲ့ပါ ဂိုဏ်းချုပ်က မင်းတို့ကိုစောင့်နေတယ် ဒီနေရာမှာ ကန့်သတ်ထားတဲ့နေရာတွေကနေ ဒဏ်ရာမရအောင် တားဆီးပေးဖို့ မင်းတို့ ဒီကျောက်စိမ်းပြားတွေကို တစ်ယောက်တစ်ခုစီဆောင်ထားလိုက်ပါ"


အဝါရောင်ဝတ်စုံနဲ့လူအား ကျေးဇူးတင်ပြီးနောက် ရွှီဇီယန်ဟာ ရွှီဇီရုန်လက်ကိုဆွဲကာ တောင်ထိပ်သို့ တက်လာတော့သည်။


တောင်ထွတ်တွေမှာ ချန်ယွမ်တောင်ထွတ်က လျှိုကွမ်းဂိုဏ်း၏တောင်ထွတ်တွေထဲမှာ အမြင့်ဆုံးဖြစ်သည်။ တိမ်တိုက်တွေနဲ့ မြူတွေဟာ တောင်ထိပ်၏လမ်းတစ်ဝက်လောက်မှာပင် ဖုံးလွှမ်းနေကြသည်။ မသေမျိုးချီတွေကိုလည်း အနည်းငယ် တွေ့မြင်နိုင်ပြီး တစ်ခါတစ်ရံ အနီရောင်ကြိုးကြာတွေ ပျံဝဲနေသည့် အခြားသောစိတ်ဝိညာဉ်ငှက်တွေကို တွေ့ရှိနိုင်သည်။ 


ပန်းပွင့်လေးတွေဟာလည်း တောင်ထိပ်လမ်းတစ်လျှောက်၏ ဘေးနှစ်ဖက်မှာ ပွင့်လန်းနေကြပြီး ထိုအထဲကအများစုဟာ အမျိုးမျိုးသော အဆင့်နိမ့်စိတ်ဝိညာဉ် ပန်းပင်တွေနဲ့ဆေးပင်တွေဖြစ်ပြီး လွတ်လပ်စွာပွင့်ဖူးနေကြသည်။ ဝါးသစ်တောအကြားကနေ တစ်ခါတစ်ရံ တစ်ချို့သော စိတ်ဝိညာဉ်တောကောင်တွေ မြူးထူးဆော့ကစားနေကြတာကို တွေ့မြင်နိုင်သည်။ တစ်ချို့သော သတ္တိရှိသည့်တောကောင်တွေက ဖြတ်သန်းသွားလာသူတွေထံ အစားအစာတောင်းတတ်လေ့ရှိသည်။ မသေမျိုးလောကမှ အရာအားလုံးဟာ လှပသည့်မြင်ကွင်းလေးတွေနဲ့တူလှသည်။


အဲ့ဒါတွေကဒီအတိုင်း………


မူလကသူ့ထံချဉ်းကပ်ချင်လာသည့် တောကောင်တွေဟာ ရွှီဇီယန်ငေးကာ တစ်ချို့သော တောကောင်တွေအား ကြည့်လိုက်သည့်အချိန်တွင် အားလုံးဟာ မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးသွားကြတော့သည်။ သူနားမလည်နိုင်အောင် ဖြစ်သွားတော့သည်။


ထို့အပြင် သူမမြင်လိုက်တာက သူ့အနောက်ကလိုက်လာသည့် ရွှီဇီရုန်ဟာ သူ့အနားသို့ ချဉ်းကပ်လာသည့် တောကောင်တွေအား ရက်စက်သည့်အကြည့်ဖြင့် မောင်းထုတ်လိုက်သည်ဆိုတာကိုပင်……


စိတ်ဝိညာဉ်တောကောင်တွေဟာ လူသားတွေထက် စိတ်အာရုံခံစားမှုပိုကောင်းမွန်တာကြောင့် ရွှီဇီရုန်၏အန္တရာယ်ရှိသည့် အပြုအမူကို သူတို့တွေက လွယ်ကူစွာ သိရှိသွားခြင်းဖြစ်သည်။


ထိုပုံစံကသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိသည်ဆိုတာ ပေါ်လွင်လှသည်။ တောကောင်တွေကလည်း အရမ်းကြီးမတုံးတာကြောင့် ကြောက်စရာကောင်းသည့်ထိုလူအနားသို့ တစ်ကောင်မှ ကပ်မလာတော့ချေ။


ဒီလူကအရမ်းကြောက်စရာကောင်းတာပဲ!!!QAQ!(အငိုမျက်နှာ)


သူတို့နှစ်ယောက်ဟာ အဓိကခန်းမဆောင်သို့ ရောက်ရှိသွားတော့သည်။ တံခါးပေါက်မှာစောင့်နေသည့် အစောင့်ဟာ သူတို့တွေ၏ အချက်အလက်တွေကို စစ်ဆေးပြီးနောက် ဂိုဏ်းချုပ်နေသည့် အနောက်ဘက်စံအိမ်တော်သို့ ခေါ်ဆောင်သွားတော့သည်။


ဂိုဏ်းချုပ်ဟာ အရောင်အသွေးစုံလင်လှသည့် စိတ်ဝိညာဉ် စာကလေးငှက်လေးအား ကျီစယ်နေတာကို သူတို့တွေမြင်လိုက်ရသည်။ ဒါပေမယ့် စာကလေးငှက်ဟာ ဘဝင်မကျစွာ ပျံတက်သွားပြီး သစ်ပင်၏အကိုင်းမှာ ထိုင်နေတော့သည်။ ထိုငှက်ဟာ ဝူချိန်တောက်ကျွင်း အနှောင့်အယှက်ပေးတာကို စိတ်ကုန်နေပုံရသည်။ 


"အာ? မင်းတို့ရောက်လာကြပြီလား?" သူတို့ရောက်လာတာကိုမြင်တော့ ဝူချိန်တောက်ကျွင်း ပြုံးပြလိုက်၏။ "ထိုင်ကြ ထိုင်ကြ"


သတိရှိစွာ ရွှီဇီယန် သူထိုင်ဖို့ ခုံတစ်လုံးကို ရှာလိုက်သည်။ သူတို့အရှေ့က လူပုဂ္ဂိုလ်ဟာ အရည်အချင်းပြည့်ဝသည့် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူပင်ဖြစ်သည်။ သူ့အရင်ဘဝက မူလရွှီဇီယန်ဟာ ဂိုဏ်းချုပ်နဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့တာကြောင့် ဂိုဏ်းချုပ်၏အကြောင်းတွေကို ရွှီဇီယန်မသိချေ။ ဒါကြောင့် 'အမှားကင်းအောင် ဂရုစိုက်မယ်'ဆိုသည့် ဆောင်ပုဒ်အတိုင်း ရွှီဇီယန် သူ၏အပြောတွေ၊ အပြုအမူတွေကို လွန်ကဲစွာ မပြောရဲ၊မလုပ်ရဲပေ။


ရွှီဇီယန်ကြောက်ရွံ့နေတာကို သူမြင်လိုက်တာကြောင့် ဝူချိန်တောက်ကျွင်း ရယ်ချင်သလိုဖြစ်သွားရသည်။ ဒါပေမယ့်လည်း သူတို့တွေက အသက်၁၅၊ ၁၆အရွယ် ကလေးတွေသာ ရှိနေသေးတာကို သူသတိရလိုက်တာကြောင့် ဝူချိန်တောက်ကျွင်း သက်သာသလို ပြန်ခံစားလိုက်ရသည်။ သူတို့တွေဟာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူကို ပထမဆုံးအကြိမ် နီးနီးကပ်တွေ့ဆုံဖူးတာဆိုတော့ သူတို့တွေ ကြောက်ရွံ့တာက မထူးဆန်းပေ။


"ငါမင်းတို့နှစ်ယောက်ကို ဒီနေ့လာခိုင်းရတဲ့အကြောင်းအရင်းကတော့ မင်းတို့နှစ်ယောက်နဲ့ငါတွေ့ချင်လို့ပေါ့" ဝူချိန်တောက်ကျွင်းက ခပ်ရေးရေးပြုံးကာ ပြောလေသည်။ "အစတုန်းကတော့ ဒီစာမေးပွဲရဲ့ပိတ်ပွဲအတွက် ဂုဏ်ပြုပွဲလုပ်ပေးဖို့ ငါပြင်ဆင်ထားတာ ဒါပေမယ့် ပြီးပြည့်စုံတဲ့အမွေအနှစ်တွေကို တပည့်သုံးယောက်က ရရှိသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး မင်းတို့တွေကလည်း သတိလစ်နေကြတာဆိုတော့ ဂုဏ်ပြုပွဲကို ဖျက်လိုက်ရတယ် ဘာပဲဖြစ်ဖြစ် မင်းရဲ့ထူးချွန်လှသည့် အောင်မြင်မှုတွေကို သုံးသပ်ကြည့်လိုက်ပြီး မင်းရဲ့မူလဆုလာဘ်တွေထဲမှာ ငါထပ်ပြီးတော့ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို ထပ်ပေါင်းထည့်ပေးလိုက်မယ်"

『K ; 'တပည့်သုံးယောက်က ပြည့်စုံတဲ့အမွေအနှစ်တွေကို ရသွားတယ်'ဆိုတော့ ပထမနေရာကို သုံးယောက်ပူးတွဲ ရသွားတာလို့ ပြောတာဖြစ်နိုင်ပါတယ်၊ ပြီးတော့ ဇီယန်တင်မဟုတ်ဘူး ပထမနေရာရသွားတဲ့ ဝေ့ချင်နဲ့ရှဟုန်လျန်ပါ သတိလစ်သွားတာ ဖြစ်ပါတယ်』


ရွှီဇီယန်က အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို မသိပေမယ့် ဂိုဏ်းချုပ်ကိုယ်တိုင်က လက်ဆောင်ပေးတာဆိုတော့ အလွန်ကောင်းမွန်လှသည့် အရာဖြစ်မယ်ဆိုတာက သံသယဖြစ်ဖွယ်မရှိပေ။

"ဂိုဏ်းချုပ်ရဲ့သဘောထားကြီးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"


အခြားလူတွေက သူ့ကိုဘာလို့ဒီလောက်ထိ ဂရုစိုက်နေရတာလဲ ရွှီဇီယန် မသိပေမယ့် ဝူချိန်တောက်ကျွင်းက သူ့ကိုတစ်စုံတစ်ခုပေးမှတော့ သူအနေနဲ့လည်း ငြင်းမနေတော့ပေ။ ထို့အပြင် လျှိုကွမ်းဂိုဏ်းကလူတစ်ယောက်အနေနဲ့ သူ့ကိုဒီလိုမျိုးပေးတာက ဖြုန်းတီးရာမကျဘူးလားလို့ ရွှီဇီယန်တွေးတောပြီးဖြစ်သည်။ ဒီအရာကို 'မိသားစုဝင်တစ်ယောက်ယောက်ဆီမှာ ကောင်းမွန်တဲ့အရာကို ထိန်းသိမ်းခိုင်းထားခြင်း'လို့ ခေါ်ရမည်။ ╮(╯_╰)╭


ရွှီဇီယန်က အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်၏ အရေးပါမှုကို နားမလည်ပေမယ့် ရွှီဇီရုန်ကတော့ နားလည်သည်။ သူနားလည်လို့လည်း ဝူချိန်တောက်ကျွင်း၏သဘောထားကြီးမှုကို သူအတော်လေး ထိတ်လန့်သွားရသည်။


အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်က အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို ဝင်ပေါက်သော့ပင်ဖြစ်သည်။ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကိုရရှိပြီး လိုက်ဖက်ညီသည့်လူတွေကသာ ထိုလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခွင့်ရှိကြသည်။ 


ထို့အပြင် အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို တစ်ခါသာသုံးခွင့်ရှိသည်။ အကယ်၍ သူနဲ့ရွှီဇီယန်သာ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်နဲ့ လိုက်ဖက်မညီနေပဲ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို သူတို့တွေအသုံးပြုလိုက်ရင် အဖိုးမတန်သည့်အရာသာ ဖြစ်သွားလိမ့်မည်။


အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေဟာ ဆယ်နှစ်တစ်ကြိမ် ဖွင့်လေ့ရှိသည်။ ရွှီဇီရုန် ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုရင် နောက်နှစ်ဆို ထိုလျှို့ဝှက်နယ်မြေ ဖွင့်လိမ့်မည်။ ရွှမ်းယွိနယ်မြေ၏ အကျော်ကြားဆုံး လျှို့ဝှက်နယ်မြေတွေထဲမှာ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက နာမည်အကြီးဆုံးပင်ဖြစ်သည်။


အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက အနည်းငယ်တော့ အန္တရာယ်များပေမယ့် အဖိုးတန်ရတနာတွေများစွာရှိပေသည်။ ထို့အပြင် မရေမတွက်နိုင်သည့် ရှေးဟောင်းအမွေအနှစ်တွေကိုလည်း ထိုနယ်မြေမှာ လျှို့ဝှက်ဖုံးကွယ်ထားသည်။


လူအများပြောကြတာကတော့ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေဟာ ပျက်စီးသွားသည့် ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်ပြီး ထိုဂိုဏ်းဟာ တစ်ချိန်တုန်းက ရွှမ်းယွိနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားဖူးသည်။ ထိုဂိုဏ်းဟာ မရေမတွက်နိုင်သည့် အမွေအနှစ်ကျင့်စဉ်အတတ်ပညာတွေကို စုဆောင်းခဲ့ပြီး သူတို့ရဲ့ဂိုဏ်းအတွင်းက အဖွဲ့သားတွေဟာ သူတို့၏ကျင့်ကြံခြင်းအဆင့် တိုးတက်အောင် မလုပ်နိုင်ပါက သူတို့၏ကိုယ်ပိုင် ကျင့်စဉ်အတတ်ပညာမှာ ကျရှုံးသည့်လူတွေကို ထုတ်ပယ်လေ့ရှိကြသည်။


ထောင်စုနှစ်ကြာအောင် စုဆောင်းလာပြီးနောက် ဂိုဏ်းအတွင်း၌ စုဆောင်းမိသည့် အဖိုးတန်အမွေအနှစ် ကျင့်စဉ်အတတ်ပညာတွေဟာ အံ့အားသင့်ဖွယ်ကောင်းသည့် အဆင့်သို့ရောက်ရှိလာခဲ့သည်။ ဒါပေမယ့် ဂိုဏ်းဟာမယုံနိုင်လောက်အောင် ချမ်းသာကြွယ်ဝလာတာကြောင့် သူတို့၏နယ်မြေကို အပြင်လူတွေ တိုက်ခိုက်တာကို ခံလာရတော့သည်။


သန်မာလှသည့်ဂိုဏ်းတစ်ခုဟာ အခြားသောနယ်မြေကနေ ရွှမ်းယွိနယ်မြေကို တိုက်ရိုက်ဆက်နွယ်သည့် မြေအောက်လှိုဏ်ခေါင်းဖောက်ကာ လူအင်အားနဲ့ အရင်းအနှီးတွေ အမြောက်အများကို သုံးစွဲလေသည်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဖက်ဟာ လိုဏ်ခေါင်းထဲမှာ ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွှဲကြသည်။


သူတို့တွေက ကျင့်ကြံသူလား၊ သာမန်လူလားဆိုတာ မစဉ်းစားတာကြောင့် စစ်ပွဲကြောင့် ကပ်ဆိုက်လာတော့သည်။ သန်မာလှသည့်ဂိုဏ်းဟာ စစ်ပွဲကိုပြန်စလာတာကြောင့် အခြားဂိုဏ်းဘက်ကလည်း အလျော့မပေးပေ။ ထိုဂိုဏ်းနှစ်ခုဟာ နှစ်ပေါင်းရာချီတိုက်ခိုက်လာတာကြောင့် ထိုဂိုဏ်းနှစ်ခုဟာ တဖြည်းဖြည်း အဆုံးအရှုံးများလာပြီး သူတို့တွေဟာအနိမ့်ဆုံး အခြေအနေကို ရောက်ရှိသွားတော့သည်။


နောက်ဆုံးမှာတော့ ထိုသန်မာလှသည့်ဂိုဏ်းဟာ များပြားလှသည့်အဖိုးတန်ရတနာတွေကို အသုံးပြုကာ အခြားသောဂိုဏ်းကို တိုက်ခိုက်ဖို့ အမတမသေမျိုးအဆင့် ကျင့်ကြံသူကို ဖိတ်ခေါ်လေသည်။ အခြားသောဂိုဏ်း၏ဂိုဏ်းချုပ်ဟာ ဂိုဏ်း၏အဆုံးသတ်ဟာ အန္တရာယ်ကျရောက်လုဆဲဆဲ ဖြစ်နေတာကို မြင်လိုက်တာကြောင့် သူ၏စိတ်ကိုတင်းထားပြီး သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်တွေဖြင့် နယ်မြေတစ်ခုကို ဆွဲထုတ်သွားသည်။ သူဟာ ဂိုဏ်းထဲကနယ်မြေတွေကို ဖရိုဖရဲဖြစ်နေသည့် မြေကွက်လပ်တွင် လွှင့်ပစ်လိုက်သည်။ ထို့နောက်မှာတော့ ၎င်းနယ်မြေဟာ လက်ရှိအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေ ဖြစ်လာတော့သည်။


နှစ်ပေါင်းများစွာကြာပြီးနောက် ထိုသန်မာလှသည့်ဂိုဏ်း၏အနှောင့်အယှက်တွေဟာ ပိုမိုတိုးတက်လာတာကြောင့် အခြားသောဂိုဏ်း၏နယ်မြေကို အလျင်အမြန် တိုက်ခိုက်သိမ်းယူသွားတော့သည်။ ရွှမ်းယွိနယ်မြေဟာ ထိုဂိုဏ်းနဲ့အတူ မရေမတွက်နိုင်သည့် အဖိုးတန်ရတနာ အမွေအနှစ်တွေကိုလည်း ဆုံးရှုံးလိုက်ရပြီး သူတို့တွေဟာ ဒုက္ခနွံထဲ အလွန်ကိုကျဆင်းသွားတော့သည်။


နှစ်ပေါင်းအများကြီးကြာပြီနောက် ရွှမ်းယွိနယ်မြေက ကျင့်ကြံသူတွေဟာ သူတို့၏စိတ်ဝိညာဉ်တွေ တိုးတက်လာတော့သည်။ ဒါကြောင့် ထိုဂိုဏ်းကြီး ပြန်လည်လှည်ပတ်နိုင်အောင် သူတို့တွေဟာ စတင်ပြီး ကျင့်စဉ်အတတ်ပညာစာအုပ်တွေကို ရှာဖွေကြသည်။ တစ်ချိန်ထဲမှာ တစ်ချို့သော ဉာဏ်ကြီးရှင် ကျင့်ကြံသူတွေကလည်း သူတို့ကိုယ်ပိုင် ကျင့်အတတ်ပညာတွေကို ဖန်တီးပြီး လက်ဆင့်ကမ်းအမွေပေးကြသည်။ ထောင်စုနှစ်ကြာအောင် လေ့ကျင့်သင်ကြားလာပြီးနောက် ရွှမ်းယွိနယ်မြေဟာ ပြန်လည်ကောင်းမွန်လာသည်။ ဒါပေမယ့် ကံမကောင်းစွာ ဂိုဏ်းတစ်ခုအနေဖြင့် အောင်မြင်အောင်ပြန်လုပ်ဖို့ နည်းလမ်းမရှိတော့ပေ။ 


ထို့နောက်မှာတော့ ကျင့်ကြံသူတွေဟာ ရှာဖွေမှုတွေ များစွာလုပ်ဆောင်ခဲ့ကြပြီး သမိုင်းရဲ့အမည်းစက်ကနေ သူတို့တွေဟာ အမှန်တရားဖက်က ရပ်တည်ကာ ပြန်လည်အဖက်ဆယ်နိုင်ခဲ့ကြသည်။ ထိုအချက်တွေကြောင့် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းမှာရှိသည့် အမွေအနှစ်ကျင့်စဉ်အတတ်ပညာအားလုံးဟာ သက်သေပင်ဖြစ်သည်။


အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက ဘယ်လိုပုံပန်းသဏ္ဌာန်လည်းဆိုတာ ဘယ်သူမှမသိပေ။ ဒါပေမယ့် လိုက်ဖက်မှုရှိသည့်လူတွေသာ ကျယ်ပြောလှသည့်နယ်မြေနဲ့ အချိန်တွေစီးဆင်းနေရာကနေ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေ၏ အတိအကျနေရာကို ရှာတွေ့နိုင်သည်။


ထိုဂိုဏ်း၏ဂိုဏ်းချုပ်ဟာ ရွှမ်းယွိနယ်မြေမှာ နှစ်ပေါင်းများစွာကြာအောင် မျှော်လင့်ချက်မျိုးစေ့တွေ ထားခဲ့ချင်တာကြောင့် အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို ပြုလုပ်ခဲ့သည်လို့ လူအများကယုံကြည်ကြသည်။ ထိုအကြောင်းအရာကို မပိတ်ပင်ခဲ့တာက အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်၏တည်ရှိမှုကြောင့်သာ ရွှမ်းယွိနယ်မြေဟာ ကျင့်ကြံခြင်းလောကမှာ ယခုချိန်အထိ အလွန်ကိုကြီးပွားတိုးတက်နေလို့ပင်ဖြစ်သည်။


အစိမ်းရောင်စိတ်ဝိညာအမှတ်တံဆိပ်ကလည်း အများကြီးမရှိသလို နယ်မြေပေါ်လာတာလည်း နှစ်တိုင်းပြောင်းလဲမှုရှိလေသည်။ ဒါပေမယ့် ကြီးမားသည့်ဂိုဏ်းတွေအားလုံးဟာ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်နဲ့ ပတ်သက်ဆက်နွှယ်မှုရှိကြသည်။ ထိုနယ်မြေပေါ်လာပြီဆိုရင် ထိုပတ်သက်ဆက်နွှယ်မှုတွေဟာ တုံ့ပြန်လေသည်။ အဲ့ဒီနောက်မှာတော့ ဂိုဏ်းဟာ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို မြန်နိုင်သမျှမြန်မြန် ထုတ်ဖို့ကြိုးစားရသည်။ 


ဒါပေမယ့် အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်တွေဟာ အကန့်အသတ်နဲ့ရှိပေသည်။ လျှိုကွမ်းဂိုဏ်းလို ဂိုဏ်းကြီးဆိုလျှင် ဆယ်ခုလောက်ရှိတာနဲ့ပင် ရွှီဇီရုန်ကို အံ့ဩစေနိုင်သည်။ ဝူချိန်တောက်ကျွင်းဆီမှာ သုံးခုဒါမှမဟုတ် အဲ့ထက်ပိုရှိလိမ့်မယ်လို့ သူမထင်ထားဘူး။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာ သာမန်လူတွေ ချမှတ်နိုင်သည့် အရာမျိုးမဟုတ်ပေ။


ရွှီဇီယန်၏ဘာမှမသိသေးသည့် ပုံစံကိုမြင်လိုက်တာကြောင့် ဝူချိန်တောက်ကျွင်းကလည်း အမှန်တရားကို ပြောပြဖို့ဝန်မလေးပေ။ ဆန့်ကျင်ဘက်အနေနဲ့ ရွှီဇီယန်သာ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်အကြောင်းကို သိနေပြီးသားဆိုရင် ဝူချိန်တောက်ကျွင်း အလွန်အံ့ဩသွားမှာသေချာသည်။ ဒါကြောင့် ရွှီဇီယန်၏လက်ရှိအမူအရာတွေဟာ သာမန်ပုံစံသာဖြစ်နေသည်။ 


လော့ယွင်ရှစ်တိရဲ့ ထောက်ခံမှုကိုတောင် ရယူနိုင်တယ်ဆိုတော့ ဒီရွှီဇီယန်ဟာ အတော်လေးထူးခြားလို့ပဲ ဖြစ်လိမ့်မည်။


ရွှီဇီယန်ကိုကြည့်လိုက်ပြီးနောက် ဝူချိန်ဟာ သူ့အာရုံကို ရွှီဇီရုန်ဘက်သို့ ပြောင်းလိုက်သည်။


ရွှီမိသားစုက သူတို့နှစ်ယောက်ဟာ ညီအကိုအဖြစ် သွေးသားတော်စပ်တယ်ဆိုပေမယ့် ရွှီဇီရုန်၏အမူအရာတွေက သူ့အစ်ကိုနဲ့ ယှဉ်လိုက်ရင် အလွန်ကိုကွဲပြားလှသည်။


ချင်းရီး သူ့အားပြောပြတာကို သူပြန်သတိရလိုက်ပြီးနောက် ဝူချိန်မျက်မှောင်ကြုတ်လိုက်သည်။ ဒီရွှီဇီရုန်၏ ပင်ကိုဗီဇသတ်ဖြတ်သည့်ပုံစံက အလွန်ကိုသန်မာလှတာကြောင့် လျှိုကွမ်းဂိုဏ်း၏အနာဂတ်အတွက် အနှောင့်အယှက်ဖြစ်လာနိုင်မလားဆိုတာ သူတို့မပြောနိုင်ပေ။

『K ; 'ချင်းရီး'ဆိုတာ 'အပြာရောင်ဝတ်စုံနဲ့လူ'လို့ အဓိပ္ပါယ်ရပါတယ်၊ ကျနော်ထင်တာတော့ သူကဂိုဏ်းချုပ်ရဲ့လက်အောက်ကဖြစ်မယ်၊ ဇီရုန်အကြောင်း ပထမဆုံးသိတဲ့သူပါ၊ အားလုံးမှတ်မိမယ်ထင်ပါတယ်』


ဒါပေမယ့် သူ၏ ပင်ကိုဗီဇသတ်ဖြတ်သည့်ပုံစံကြောင့် အမတကျင့်စဉ်လမ်းကနေ သူတို့တွေက သူ့ကိုထွက်သွားခိုင်းပြီး အခြားလမ်းသို့လျှောက်လမ်းခိုင်းလိုက်မည်။ ဝူချိန်ဟာ ရွှီဇီရုန်နဲ့ အပေးအယူလုပ်ရမှာ အနည်းငယ်ပြဿနာရှိနိုင်သလို ခံစားနေရပြီး ထိုအကြောင်းအရာကို နောက်တစ်ခါပြန်တွေးလိုက်ပြီးနောက် သူပြုံးလိုက်မိသည်။


လော့ယွင်ရှစ်တိ၏အပြုအမူတွေဟာ လက်လွတ်စပယ်လုပ်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်ပေမယ့် အရေးကြီးပြဿနာတွေဆိုရင် သူဘယ်တော့မှ ပေါ့ပျက်ပျက်မလုပ်တတ်ပေ။ သူကရွှီဇီရုန်ကို သူ့တပည့်အဖြစ်လက်ခံလိုက်မှတော့ ဘာပြဿနာမှ ရှိလောက်တော့မည်မဟုတ်ပါ။


ချင်းရီးတောင် တစုံတခုကို သိထားမှတော့ လော့ယွင်ရှစ်တိကလည်း မသိစရာဘာအကြောင်းမှမရှိပေ။ သူအရမ်းစိတ်ပူလွန်သွားတယ်လို့ ဝူချိန်ခံစားလိုက်ရသည်။


သူရွှီဇီရုန်ကို ခွဲခြားဆက်ဆံခြင်းမရှိပေမယ့် သူ့ပုံစံကိုတော့ ဝူချိန်သဘောမကျပေ။ ဒါကြောင့် သူစကားအနည်းငယ်လောက်ပြောပြီးနောက် သူတို့နှစ်ယောက်အား ပြန်ခိုင်းလိုက်တော့သည်။


ရွှီဇီယန်နဲ့ရွှီဇီရုန်ဟာ ချန်ယွမ်တောင်ထွက်ကနေ ထွက်လာပြီးနောက် ထျန်လော်တောင်ထွတ်ဆီသို့ ပြေးကြပြန်သည်။ ကျင့်ကြံသူတွေအနေနဲ့ ဒီအကွာအဝေးလောက်ကို သွားလာရတာက ဘာမှတော့မဖြစ်ပေမယ့် သူတို့ကိုယ်ပိုင်ခြေထောက်တွေကို အသုံးပြုကာ ပြေးလွှားရတာ အတော်လေးမောသည်။


သူ၏အခြေခံကျင့်ကြံခြင်းကို အမြန်တည်ဆောက်ပြီး ဓားပျံဘယ်လိုစီးရလဲဆိုတာ သင်ရမယ်လို့ ရွှီဇီယန် သူစိတ်ထဲမှာ ထပ်တလဲလဲပြောနေမိသည်။ မဟုတ်ရင် နေ့တိုင်း သူတို့တွေသာ ဒီလိုတွေပဲပြေးနေရပါက ဘယ်နေရာမှ ရောက်တော့မှာမဟုတ်ဘူး။ လျှိုကွမ်းဂိုဏ်းက အလွန်ကြီးမားတာကြောင့် မြို့အသေးစားနဲ့တောင် ဆင်တူပေသည်။


လော့ယွင်တောက်ကျွင်းဟာ သူတို့နဲ့အတူ တောင်ထိပ်မှာမနေပေ။ ထိုအစား သူကထျန်လော်တောင်ထွတ်၏ အနောက်ဘက်လိုဏ်ဂူထဲမှာသာ နေထိုင်သည်။


ထိုနေရာကရှုခင်းတွေဟာ ဆွဲဆောင်မှုရှိပြီး သဘာဝရှုခင်းတွေကလည်း မျက်စိပသဒဖြစ်ကာ စမ်းချောင်းကလေးနဲ့အတူ တောင်ထိပ်ကြားကနေ ကြည်လင်သည့် ရေတွေစီးဆင်းလျက်ရှိသည်။ အရေးကြီးဆုံးအရာကတော့……တောယုန်တွေ၊ ရစ်ငှက်တွေ၊ တောဘဲတွေလည်း နေထိုင်ကြတာကြောင့် ထိုအရာတွေက လော့ယွင်အတွက် ကြီးမားစည်းစိမ်တွေသာဖြစ်သည်။ ဥပမာအနေနဲ့ သူကအသားကင်လို အရာမျိုးတွေ လုပ်စားလို့ရပေသည်……


လော့ယွင်တောက်ကျွင်းကို ဒီလိုပုံစံ သူပထမဆုံးစမြင်တုန်းက ရွှီဇီရုန်အတော်လေး ထိတ်လန့်သွားပြီး သူ၏အပြုအမူတွေကိုတောင် ခဏလောက်မေ့သွားကာ သူပါးစပ်မစိနိုင်အောင် ဖြစ်သွားရသည်။ တစ်ဖက်လူဟာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူလို့သာ သူမသိထားပါက လော့ယွင်တောက်ကျွင်း၏အပြုအမူကြောင့် သာမန်လူလို့သာ ခန့်မှန်းမိလိမ့်မည်။


လျှိုကွမ်းဂိုဏ်းမှာ ဒီလိုအသားကင်မျိုးလုပ်တာကို ပုံမှန်အများစုက လုပ်မှာမဟုတ်ပေ။ သေချာတာပေါ့ ပုံမှန်လူတွေက ဒီလိုအရှက်မရှိပုံစံမျိုးကို ဘာလို့လုပ်ရမှာလဲ……


တစ်စုံတစ်ယောက်ဟာ အတိုင်းအတာတစ်ခုအထိ ကြည့်လိုက်မည်ဆိုရင် လော့ယွင်တောက်ကျွင်း၏ မျက်နှာပြောင်တိုက်အရေထူမှုဟာ သာမန်ထက်ကို လွန်ကဲနေသည်……


"ဆရာသခင် ကျွန်တော်တို့ပြန်ရောက်ပါပြီ" ရွှီဇီယန် လော့ယွင်တောက်ကျွင်းအား အရိုအသေပေးလိုက်သည်။


"ရှူး! စကားမပြောနဲ့ ငါးက ငါးစားမိတော့မယ်" လော့ယွင်တောက်ကျွင်းက တိတ်တိတ်နေရန် သူ့အား အသံတိုးတိုးဖြင့်ပြောလိုက်ပေမယ့် ပုံစံကတော့ အမြဲတမ်း မသပ်ရပ်သည့်ပုံပေါက်နေစမြဲပင်ဖြစ်သည်။ သူကဖုန်အညစ်အကြေးတွေကို စိတ်ဝိညာဉ်အတတ်ပညာဖြင့် ဖြေရှင်းလို့ရပေမယ့် သူကတော့ထိုညစ်ပတ်သည့် အဝတ်တွေကိုသာ ဝတ်ဆင်စမြဲဖြစ်သည်။


ရွှီဇီယန် တိတ်တဆိတ်အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ကာ ထောင့်နားမှာပုန်းလိုက်ပြီး ရွှီဇီရုန်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ လော့ယွင်တောက်ကျွင်း ကြားသွားမှာကိုလည်း သူမကြောက်ပါ။ ဘာလို့လဲဆိုတော့ ညီအကိုနှစ်ယောက်က သူတို့၏ကျင့်ကြံခြင်းပြဿနာတွေကို ဆွေးနွေးနေကြခြင်းသာဖြစ်သည်။


သူတို့နှစ်ယောက်ဟာ အချိန်ခဏလောက် ဆွေးနွေးနေကြပြီး နှစ်ယောက်လုံး၏အကြည့်တွေကနေ အရိပ်အယောင်တွေပေါ်နေသည်။ ရွှီဇီယန်က မူလရွှီဇီယန်၏မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားရုံနဲ့ အရာရာတိုင်းကို ပိုင်နိုင်နေပြီလို့ မဆိုလိုပေ။ ဒါပေမယ့် ရွှီဇီရုန်၏ချို့ယွင်းချက်မရှိ လမ်းညွှန်ချက်တွေနဲ့ဆိုရင် သူလျင်မြန်စွာ သဘောပေါက်နားလည်နိုင်ပြီးတော့ အချက်ကျကျလုပ်ကိုင်ကျွမ်းကျင်လာလိမ့်မည်။


#TK