Chapter 56
Viewers 4k

Chapter 56


သူ ရွှီဇီယန်ကို စစ်ဆေးပြီးနောက် ရွှီဇီရုန်ကို သုံးကြိမ်လောက် သူစစ်ဆေးလိုက်ရသည်။ ဘာမှမှားယွင်းတာမရှိပေ။ အချိန်ကြာနေရတာက သူတမင်တကာ ရွှီဇီရုန်၏ကိုယ်ထဲက ‌ကျင်းလော့ပတ်လမ်းမှန်သမျှကို စစ်ဆေးနေလို့ပင်ဖြစ်သည်။


*ငါမင်းရဲ့ချီပင်လယ်ကို စစ်ဆေးမှာကို မင်းကမတွန့်ဆုတ်တော့ဘူးလား? ငါမင်းရဲ့ချီပင်လယ်ကိုပဲ စစ်ဆေးတာမဟုတ်ဘူး မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ငါစစ်ဆေးတာ ဘယ်လိုလုပ်မှာလဲ? မင်းကိုက်ရဲရင် ငါ့လာကိုက်လေ!*


သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေကို ကျေနပ်သည့်အမူအရာဖြင့် ချက်ချင်းပြန်ရုတ်သိမ်းလိုက်ပြီး လော့တကျောင်ဟာ ဒီညီအကိုနှစ်ယောက် ဘယ်ကျင့်စဉ်နည်းလမ်းနဲ့ လိုက်ဖက်မလဲ‌ဆိုတာကို ‌ဂရုတစိုက်တွေးတောနေသည်။


ရွှီဇီရုန်၏မျက်နှာဟာ အလွန်မည်းမှောင်နေပြီး ရွှီဇီယန်အား အပြစ်တင်နေသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။


သူ၏ခါးသက်သက်အကြည့်ကြောင့် ရွှီဇီယန် ကြက်သီးမွေးညင်းတောင် ထသွားရသည်။ နောက်ဆုံးမှာတော့ သူဟာအကူအညီမဲ့စွာ ရွှီဇီရုန်နား အနားကို တိုးတိုးလေးပြောလိုက်သည်။

“ငါမင်းကိုညကျရင် ဖက်ထုပ်ခေါက်ဆွဲလုပ်ပေးမယ်”


ရွှီဇီရုန်၏မည်းမှောင်နေသည့် မျက်နှာဟာ ချက်ချင်း ပြန်ကြည်လင်သွားပြီး ရွှီဇီယန်အား ခပ်ရေးရေးလေး ပြုံးပြလိုက်သည်။


“ဘာ? ဘာဖက်ထုပ်ခေါက်ဆွဲလဲ? ငါလည်းစားချင်တာပေါ့!” လော့တကျောင်ဟာ ချက်ချင်း အော်ပြောလေသည်။


ရွှီဇီရုန်၏မျက်နှာဟာ ချက်ချင်း မည်းမှောင်သွားပြန်တော့သည်။ မည်းမှောင်နေသည့်အကြည့်ဖြင့် လော့တကျောင်အား စိုက်ကြည့်နေသည်။ ရွှီဇီယန်အကူအညီမဲ့စွာ သူ့အားကြည့်လိုက်ရင်း: *ဆရာသခင်ရယ် ပြဿနာမရှာပါနဲ့*


“မင်းတို့နှစ်ယောက်ဟာ ဝတ်တရားမကျေပွန်တဲ့ တပည့်တွေပဲ! မင်းတို့တွေက မင်းတို့ဆရာသခင်အတွက် လုပ်ပေးမယ်မရှိဘူး ညကျရင်တောင် ခိုးစားကြဦးမယ်!” လော့တကျောင်ဟာ သူတို့တွေကို နားပူစွာ ကြိမ်းမောင်းလေတော့သည်။


ရွှီဇီယန်တကယ့်ကို ဒူးထောက်အရှုံးပေးချင်သွားသည်။ လော့တကျောင်နဲ့ရွှီဇီရုန်နဲ့ ယှဉ်မယ်ဆိုရင် သူ့ဆရာသခင်က ပိုပြီးတော့တောင် ကလေးမဆန်ပေဘူးလား? သူကကောင်စုတ်လေးထက်တောင် ချော့ရခက်နေသေးသည်!


“ကိုကို………ကိုကိုက ကျွန်တော်တစ်ယောက်အတွက်ပဲ ဖက်ထုပ်ခေါက်ဆွဲလုပ်ပေးမှာလို့ ပြောထားတာမဟုတ်ဘူးလား” ရွှီဇီရုန်ကလည်း တိုးတိုးလေး ပြောလေသည်။ သူကရွှီဇီယန်၏အင်္ကျီစကိုဆွဲကာ သနားစရာလေးသံလေးဖြင့် ပြောလိုက်သည်။ ထို့နောက် သူကအောက်နှုတ်ခမ်းကို ကိုက်ကာ ဆက်ပြောသည်။

“အကယ်လို့……ဆရာသခင်က စားချင်နေတယ်ဆိုရင်လည်း……ကျွန်တော်……ကျွန်တော်……”


ရွှီဇီယန်ဟာ သူ့ညီလေး၏သနားစရာ အပြုအမူကိုမြင်လိုက်ပြီး သူ့နှလုံးသားကွဲကြေသွားရတော့သည်။


လော့တကျောင်ကို သူစိတ်တိုစွာ ကြည့်လိုက်၏။ ကျွန်တော့်ညီလေးက အရမ်းကို သနားစရာကောင်းနေပြီ။ ဆရာသခင်က ဆက်ပြီးတော့ ကလေးနဲ့အပြိုင် စားစရာကို လုချင်နေသေးတာလား?


သူ့အနောက်မှာရပ်နေသည့် ရွှီဇီရုန်ဟာ ခေါင်းမော့လာပြီး လှည့်စားကာ တမင်တကာဆွပေးသည့် အပြုံးမျိုးကို လော့တကျောင်အား ပြုံးပြလိုက်သည်။


လော့တကျောင်ဟာ ညီအကိုနှစ်ယောက်အား ကြည့်လိုက်သည်။ သူ့အရှေ့မှာရပ်နေသည့် သူတို့နှစ်ယောက်လုံးဟာ မတူညီသည့်အမူအရာမျိုး ဖော်ပြနေကြသည်။ သူချက်ချင်း ရင်ဘတ်ထဲကသွေးဟာ လည်မျိုမှာကြပ်နေသလို ခံစားလိုက်ရသည်။


သံဟာသံမဏိဖြစ်မလာတာကို မုန်းတယ်ဆိုသည့်အကြည့်ဖြင့် လော့တကျောင်ဟာ ရွှီဇီယန်အား ဒေါသထွက်စွာကြည့်လိုက်သည်။ သူအမြဲလိုလို သူ့တပည့်တွေအား ဉာဏ်စမ်းရတာကို သူပျော်ရွှင်ပေမယ့် ရွှီဇီယန်က အတော်လေး ဉာဏ်ကောင်းလှသည်။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုမှာ သူ့ညီလေးကပါလာပြီဆိုရင် သူကဘာလို့ဒီလောက်တောင် တုံးအသွားရတာလဲ?


သူကအကြိမ်‌‌ပေါင်းများစွာ မင်းညီလေးက အရမ်းကိုရှက်လွယ်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ရွှီဇီယန်ကို အရိပ်အမွတ်ပြပြီးသားဖြစ်သည်။ သူလိုမျိုးလူဟာ ခေါက်ဆွဲတစ်ပန်းကန်အတွက်နဲ့လည်း ဘာကြောင့်မှားယွင်းနိုင်ရတာလဲ?


ရွှီဇီယန်မသိလိုက်တာ သူ၏'ချစ်စရာကောင်းပြီး ဉာဏ်ကောင်းလှသည့်'ညီလေးက သူ့အနောက်မှာပုန်းကာ ရန်စနေသည့်အပြုံးမျိုးပြုံးနေသည်ကို လော့တကျောင်က မြင်နေရသည်။ လော့တကျောင်ဟာ ရွှီဇီယန်ဆီသွားကာ ထိုမြင်ကွင်းကိုမြင်အောင် လက်ဝါးနဲ့သာ ရိုက်ချင်လိုက်တော့သည်။


သူစိတ်ထဲမှာ ဒေါသထွက်စွာ တဖျစ်တောက်တောက်ပြောနေတော့သည်: *ကြည့်ကြည့်! မျှော်လင့်ထားတဲ့အတိုင်း သူကတကယ့်ကို မြေခွေးပေါက်စပဲ သူနှလုံးသားက အမှောင်ဖုံးလွှမ်းပြီး ရက်စက်ရုံတင်မကဘူး ရွှီဇီရုန်က သရုပ်ဆောင်တောင် ကောင်းသေးတယ်! သူဖုံးကွယ်ထားကို ငါသိသွားလို့များ သူငါ့အရှေ့မှာ ဟန်ဆောင်နေတာကို ရပ်လိုက်တာလား? ရိုင်းစိုင်းလိုက်တဲ့ကောင်စုတ်လေး အနှေးနဲ့အမြန် ငါမင်းကိုသင်ခန်းစား ပေးရတဲ့နေ့မျိုးတော့ ရောက်လာဦးမှာပါ!*


လော့တကျောင်ဟာ ဒေါသထွက်စွာ သူ့အင်္ကျီလက်ကိုခါဟာ အဝေးသို့လျှောက်သွားတော့သည်။ မထွက်သွားခင် သူကဒေါသထွက်စွာ အော်သွားသေးသည်။

“စား စား! သေလောက်အောင်စား မြေခွေးလိုမျက်လုံးနဲ့အကောင်!”


ရွှီဇီယန် ချက်ချင်း မပျော်မရွှင်ဖြစ်သွားရသည်။ *ကျွန်တော့်ညီလေးက အရမ်းချစ်စရာကောင်းပြီး လိမ်မာပါတယ်နော် သူ့ရဲ့ဘယ်အပိုင်းကများ မြေခွေးလိုမျက်လုံးမျိုး ရှိနေလို့လဲ!!!??? ဆရာသခင်သာ ဝေးဝေးသွားပါ!*


စိတ်ထဲတွင်အပြစ်တင်ပြီးနောက် သူနောက်လှည့်ကာ ရွှီဇီရုန်အား ကြည့်လိုက်သည်။ ဒါပေမယ့် ကောင်လေးက သူ့အား ရှက်ပြုံးပြုံးနေတာကိုသာ သူမြင်လိုက်ရသည်။ သူ့ဆရာသခင်က အရမ်းကို အဓိပ္ပါယ်မရှိတာတွေ မဆင်မခြင်ပြောတာပဲလို့ ရွှီဇီယန်ခံစားလိုက်ရသည်။


ရွှီဇီယန်၏ဆင်ခြင်တုံတရားမရှိမှုကို လော့တကျောင်ဟာ အရမ်းဒေါသထွက်လာကာ ထွက်ပြေးသွားတယ်ဆိုပေမယ့် မထွက်သွားခင် သူအမှာစကားချန်သွားဖို့လည်း မမေ့ချေ။ သူက ကျင့်စဉ်အညွှန်းစာအုပ်နှစ်မျိုးကို အကြံပြုသွားသည်။


တစ်မျိုးက 'လျှို့ဝှက်ထားသောမိုးကြိုးသွား'ဖြစ်ပြီး အခြားတစ်မျိုးကတော့ 'ရစ်ပတ်နွယ်တတ်သော သစ်သား'ပင်ဖြစ်သည်။ ဒီကျင့်စဉ်နှစ်မျိုးဟာ တောင်နဲ့မြောက်လို ဆန့်ကျင်ဘက်ဖြစ်လေသည်။ မူလကအံ့ဩစရာကောင်းသည့် ဖျက်ဆီးနိုင်သောစွမ်းအားဟာ နောက်ပိုင်းမှာ တစုံတယောက်၏သဘာဝစွမ်းအင်နဲ့ ကျင့်စဉ်နည်းလမ်းတစ်ခုလုံးဟာ ပေါင်းစပ်သွားတော့သည်။ ရစ်ပတ်နွယ်တတ်သောသစ်သားဟာ တိုက်ခိုက်ခြင်းစွမ်းရည် မဟုတ်ပေ။


ထိုကျင့်စဉ်နှစ်မျိုးဟာ လျှို့ဝှက်ထားသော ကျင့်စဉ်ကျမ်း အဆောက်အအုံမှာ သွားရှာရမှာဖြစ်ပြီး နောက်ပိုင်းကစကားလုံးတွေကြောင့် ရွှီဇီယန်ထိတ်လန့်သွားသည်။ သူ၏လျှို့ဝှက်ထားသောမိုးကြိုးသွားက အလွန်သန်မာလှသည်။ ကျင့်ကြံခြင်းဟာ အလွန်ခက်ခဲသည့် တာဝန်ဖြစ်တယ်ဆိုပေမယ့် သူ၏မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောနဲ့သာဆိုရင် ထိုကျင့်စဉ်ကို ကျင့်ကြံရာတွင် အလွန်လိုက်ဖက်ညီပြီး ကြံခိုင်မှုအခြေအနေတွေဟာ တိုးတက်လာလိမ့်မည်။ ဒါပေမယ့် ရစ်ပတ်နွယ်တတ်သောသစ်သားကျင့်စဉ် အမျိုးအစားကိုတော့ သူအတော်လေးနားမလည်နိုင်ပေ။


သူအမြင်မှာတော့ ရွှီဇီရုန်က အခြားလူတွေနဲ့ ရင်းနှီးရတာ သိပ်မကြိုက်ဘူး။ သူ၏သဘာဝစွမ်းအင်ကို ပေါင်းစပ်ဖို့ မလိုလောက်ဘူးမလား? ယေဘုယျအားဖြင့် ပြောရမည်ဆိုရင် မတော်တဆ ချီစွမ်းအင်ဖောက်ပြန်ပြီး သူတို့တွေက တားဆီဖို့ ကြိုတင်မပြင်ဆင်ထားရင် ဘယ်လိုလုပ်မလဲ?


ရွှီဇီယန်ကတော့ နားမလည်နိုင်ဖြစ်နေပေမယ့် ရွှီဇီရုန်ကတော့ သူ့ဆရာသခင်ဟာ သူ့ခန္ဓာကိုယ်က သတ်ဖြတ်ချင်သည့်စိတ်ဝိညာဉ်စွမ်းအင်ကို သိရှိသွားပြီဆိုတာက သေချာသဘောပေါက်သွားသည်။ 


ထိုအကြောင်းအရာကြောင့် ရွှီဇီရုန် လော့တကျောင်၏ပုံစံအား ပိုပြီးသံသယဖြစ်လာသည်။ ပုံမှန်အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က သူ့ခန္ဓာကိုယ်ထဲက သွေး‌ဆာမှုနဲ့ သတ်ဖြတ်ချင်သည့် စိတ်ဝိညာဉ်စွမ်းအင်ကို မမြင်နိုင်ဘူးလို့ သူကိုယ်သူယုံကြည်မှုရှိသည်။ အဲ့ဒီလဲ့ဟူကတော့ ချွင်းချက်ပေါ့ ဘာလို့လဲဆိုတော့ သူကအနောက်ဘက် စစ်မြေပြင်မှာ မွေးဖွားလာတာကြောင့်ဖြစ်သည်။ တစ်နည်းဆိုရရင် လဲ့ဟူကမွေးကတည်းက သွေးဆာပြီး သတ်ဖြတ်ချင်သည့် စိတ်ဝိညာဉ်စွမ်းအင်ကို သွတ်သွင်းခံထားရသူဖြစ်သည်။ ဒါကြောင့် သူကထိုအရာတွေကို အာရုံခံစားနိုင်စွမ်းရှိသည်။ လီချန်တံတားပေါ်က အပြာရောင်ဝတ်စုံနဲ့လူက ရွှီဇီရုန်၏ပုံမှန်မဟုတ်သည့် အနေအထားကိုသိတာက ဘာလို့လဲဆိုတော့ ထိုသူကအရမ်းသန်မာလို့ပဲဖြစ်သည်။


လော့တကျောင်ဟာ မသပ်မရပ်နဲ့အားမကိုးရသည့် ပုံစံမျိုးရှိနေပေမယ့် ရွှီဇီရုန် ရုတ်တရက်ကြီး မရေရာသည့် အကြောက်တရားကို ခံစားလိုက်ရသည်။ ဒီလူပုဂ္ဂိုလ်ဟာ တစ်ခုခုကို နက်ရှိုင်းစွာ ဖုံးကွယ်ထားတယ်လို့ သူခံစားရသည်။ လော့တကျောင်၏ အပြင်ပန်းအနေအထားကလည်း သိပ်ပြီးတော့ မရိုးရှင်းလှပေ။


သူ့ကိုကို၏အာရုံစိုက်မှုကို သိပ်ကိုရယူနေသည့် လော့တကျောင်ကို သူသဘောမကျဘူးဆိုပေမယ့် အခုလောလောဆယ်တော့ ထို'ရစ်ပတ်နွယ်တတ်သောအရင်းအမြစ်'အမျိုးအစားကို ရွှီဇီရုန် သူသင်ကြားရန် ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လော့‌တကျောင်၏ခေါင်းပေါ်မှာ 'ဆရာသခင်'ဆိုသည့် အမည်တပ်ထားတာကြောင့် သူ့ကိုကိုက အရမ်းလေးစားမှုရှိသည်။ ဒီအချိန်မှာတော့ ဒီလူ၏တည်ရှိမှုကို ရွှီဇီရုန် သည်းခံနေရုံသာ ရှိတော့သည်။


သူတို့တွေ၏ကျင့်စဉ်အမျိုးအစားတွေ ရွေးချယ်လို့ပြီးသည်နှင့် သူတို့နှစ်ယောက်ဟာ အမျိုးမျိုးသောကိစ္စရေးရာခန်းမဆောင်သို့ ထွက်သွားတော့သည်။ ထိုနေရာမှာ သူတို့တွေ၏ကိုယ်ပိုင် ကျောက်စိမ်းပြားနဲ့ ကိုယ့်ဂိုဏ်း၏အဝတ်အစားကို ရရှိကြသည်။ တစ်ချိန်ထဲမှာ တပည့်တွေ၏လစဉ် တာဝန်တွေကို သူတို့တွေ ရယူကြရသည်။


အမျိုးမျိုးသောကိစ္စရေးရာခန်းမဆောင်ကို စောင့်ကြပ်သည့်လူတွေက အပြင်ဂိုဏ်းတပည့်တွေသာ ဖြစ်သည်။ ထိုသူကရွှီဇီယန်နဲ့ရွှီဇီရုန်၏ ကိုယ်ပိုင်ကျောက်စိမ်းပြားကိုလည်း မြင်လိုက်ရော ထိုသူ၏မျက်နှာဟာ ချက်ချင်းတောက်ပစွာ ပြုံးသွားသည်။


အတွင်းဂိုဏ်းတပည့်တွေကို ကြည့်နေပြီးတော့ အပြင်ဂိုဏ်းတပည့်တွေဟာ ရိုသေကျိုးနွံပြီး မနာလိုဖြစ်မှုတွေ ပေါ်ထွက်နေတော့သည်။ တစ်ချို့တွေကတော့ ရန်လိုကြပြီး တစ်ချို့တွေကတော့ မြှောက်ပင့်ကြသည်။ ယနေ့တာဝန်ရှိသူက နောက်ဆုံးဖြစ်သည်မှာ သိသာလှသည်။


“ဒီကရှစ်ရှုန်းနှစ်ယောက်က အသက်ငယ်သေးပေမယ့် ကြီးမားတဲ့အလားအလာတွေရှိကြတာပဲ လျှိုကွမ်းဂိုဏ်းကို အတွင်းဂိုဏ်းတပည့်အဖြစ် ဝင်ရောက်နိုင်တာ တကယ့်ကို ဂုဏ်ယူစရာပဲ” ပိန်ပါးလှသည့်ယောက်ျားလေးတပည့်က သူ၏လက်တွေကို တစ်ဖက်ပေါ်တစ်ဖက်တင်ကာ ခုံးခုံး‌လေးပုံစံပြုလုပ်ပြီး ရွှီဇီယန်အား နှုတ်ဆက်လိုက်သည်။


ရွှီဇီယန်ကလည်း ပြန်လည်ပြီးတော့ အရိုအသေပေးလိုက်သည်။ အပြုံး‌လေးဖြင့် သူပြောလိုက်ကာ

“ကျေးဇူးအများကြီးတင်ပါတယ် ဒီရှစ်တိ ငါတို့ကအခုမှလူသစ်တွေမလို့ အနာဂတ်မှာ ငါတို့ကို ကြည့်ရှုစောင့်ရှောက်ပေးကြပါဦး”


ပိန်ပါးလှသည့်ယောက်ျားလေးက ရွှီဇီယန်၏အလွန်ယဉ်ကျေးတာကို မြင်လိုက်ရပြီး သူခပ်မြန်မြန်မပြောရဲတော့ပေ။ အပြင်ဂိုဏ်းတပည့်နဲ့ အတွင်းဂိုဏ်းတပည့်၏ အဆင့်အတန်းဟာ ကွာခြားလှသည်။ ဒီအသစ်ရှစ်ရှုန်းအား သူကပ်လို့မရရင် သူ၏နေရာဖြစ်သည့် အပြင်ဂိုဏ်းသို့သာ ပြန်သွားရလိမ့်မည်။


ဒီရွှီညီအကိုတွေအား မျက်နှာလိုမျက်နှာရလုပ်ရန် ပိန်ပါးလှသည့်ယောက်ျားလေးက အစီအစဉ်ဆွဲလိုက်သည်။ သူဟာ သူတို့မေးသမျှကို ဘာမှတွန့်ဆုတ်မနေဘဲ အကုန်ပြောပြလေသည်။ ထို့အပြင် သူကဒီလိုအသေးအဖွဲ့လေးတွေကို သူတို့အားမပြောပြရင်တောင် ရွှီဇီယန်က တစ်ခြားလူတွေထံ သွားမေးလို့ရပေသည်။ အလွန်ဆုံးမှ သူအချိန်ပိုကုန်သွားတာပဲ ဖြစ်လိမ့်မည်။ ပိန်ပါးလှသည့်ယောက်ျားလေးက ဒီလိုကောင်းမွန်သည့် အခွင့်အရေးမျိုးကို ဘာလို့လက်လွတ်ခံလိုက်ရမှာလဲ?


သူ့နေရာမှာအစားထိုးဖို့ ရှစ်တိတစ်ယောက်ကို ခေါ်လိုက်ပြီးနောက် ပိန်ပါးလှသည့်ယောက်ျားလေးဟာ လက်ဦးမှုရယူပြီး စိတ်အားထက်သန်စွာဖြင့် ရွှီဇီယန်အား အမျိုးမျိုးသောကိစ္စရေးရာခန်းမဆောင်ကို လိုက်လံပြသရန်ခေါ်ဆောင်သွားသည်။


အမျိုးမျိုးသောကိစ္စရေးရာခန်းမဆောင်ဟာ တပည့်တွေက လစဉ်တိုင်းဝေစုတွေထုတ်ယူရာနေရာဖြစ်ပြီး သူတို့တွေ၏အလုပ်တာဝန်တွေကို ပေးအပ်ရာနေရာလည်းဖြစ်ကာ လျှိုကွမ်းဂိုဏ်း၏ အလယ်တည့်တည်မှာ တည်ရှိထားသည်။ အဆောင်တွေကို ထပ်ပြီးတော့ ခွဲခြားထားကာ အဲ့ဒါတွေကတော့ လေ့ကျင့်ရေးခန်းမ၊ ဆုချီးမြင့်သည့်ခန်းမ၊ ဆေးဘက်ဝင်အပင်ဥယျာဉ်၊ စိတ်ဝိညာဉ်တောကောင်ဥယျာဉ်နဲ့ အခြားသော အထောက်အပံ့အဆောက်အအုံတွေလည်း ရှိပေသည်။ 


ဒီဧရိယာဟာ လျှိုကွမ်းဂိုဏ်းတစ်ခုလုံးရဲ့ ရှင်သန်ကြီးပွားဆုံးနယ်မြေပင် ဖြစ်သည်ဟု ဆိုလိုရသည်။ 


ရွှီဇီယန် ပထမဆုံးဒီနေရာကို ရောက်လာကတည်းက အချက်အလက်မှန်သမျှကို ဖြစ်နိုင်သမျှ သူရချင်ပေသည်။ တပည့်ဟောင်းလင်ချင်းက လိုက်ပြနေတော့လည်း သူစွမ်းအင်ကုန်သက်သာရတာပေါ့။


လျှိုကွမ်းဂိုဏ်းလိုပဲ ဒီမှာလည်း ဂိုဏ်းတစ်ဂိုဏ်းပုံစံ လူအတော်များများရှိကြသည်။ သူတို့၏ကိုယ်ပိုင် ခန်းမဆောင်တိုင်း တောင်ထွတ်တိုင်းဟာ တစ်ချို့သောမကျေနပ်ချက်များလည်း ရှိကြတာကြောင့် အမှောင်ထဲကနေသာ ပုန်းရှိုးကွယ်ရှိုးဖြင့်သာ တိုက်ခိုက်လေ့ရှိကြသည်။ လျှိုကွမ်းဂိုဏ်း၏ဂိုဏ်းအတွင်းက လေထုအခြေအနေကို ထိန်းသိမ်းသည့်အနေဖြင့် ဂိုဏ်းထဲကလူအားလုံးဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယှဉ်ပြိုင်တိုက်ခိုင်ခြင်းအား ခွင့်မပြုပေ။


ငှက်တွေဟာ အတူတူစုရုံးပျံသန်းလာရင် ရှောင်လွှဲလို့မရနိုင်သည့် အခြေအနေမျိုး ဖြစ်လာလိမ့်မည်။ ဥပမာအနေနဲ့ ဝေစုတွေကို ခွဲဝေသတ်မှတ်ထားကြသည်။ လူတိုင်းကတော့ ဝေစုများများကို လိုချင်ကြသည် ဘာလို့လဲဆိုတော့ ဝေစုများများရလေ သူတို့၏တပည့်တွေက ကျင့်ကြံခြင်းအဆင့် ပိုမြန်မြန်တတ်လေဖြစ်သည်။


ကျင့်ကြံခြင်းအဆင့်မြန်ဆန်ခြင်း=စွမ်းအားကြီးခြင်း=ဝေစုကိုများများရဖို့အတွက်ကြိုးစားခြင်း


ထိုသုံးခုဟာ အဆုံးမရှိသည့် စက်ဝန်းဖြစ်သည်။ လူတိုင်းဟာ လျှိုကွမ်းဂိုဏ်းအတွက် အနာဂတ်မှာတိုးတက်အောင် ပြုလုပ်မည်ဆိုရင်တောင် ဝေစုအားလုံးကို သူတို့ထံခွဲဝေပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။


ရွှီဇီယန်ဟာ သူ၏မေးမြန်းမှုကို လိုလည်းမလို ပိုလည်းမပိုအောင် လင်ချင်းအား လက်ရှိလျှိုကွမ်းဂိုဏ်းတွင် အုပ်စုကွဲတွေရှိမရှိမေးလိုက်သည်။ သူမျှော်လင့်ထားသည့် အတိုင်းပင်ဖြစ်နေသည်။ လျှိုကွမ်းဂိုဏ်းအတွင်း အုပ်စုကွဲနေတာတွေတော့ သိပ်အများကြီးမရှိပေမယ့် တောင်ထွတ်သခင်တွေနဲ့ ခန်းမဆောင်သခင်တွေကတော့ သူ့အမြင်ကိုယ့်အမြင် သူ့ခံယူချက်ကိုယ့်ခံယူချက်တွေတော့ ရှိကြသည်။


ဒါပေမယ့် တစ်ခုကောင်းတာက အကယ်၍ ဒီတောင်ထွတ်သခင်တွေ ခန်းမဆောင်သခင်တွေဟာ မကြာခဏ သဘောထားကွဲလွဲကြပြီး ငြင်းခုံကြတာတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြတာတွေနဲ့ပတ်သက်ပြီး ဘယ်သူမှမပိတ်ပင်ထားတာက သူတို့တွေအားလုံးဟာ လျှိုကွမ်းဂိုဏ်း၏အနာဂတ်အတွက် လုပ်ဆောင်နေသောကြောင့်သာဖြစ်သည်။


ထိုအကြောင်းအရာတွေကို မှတ်သားပြီးနောက် ရွှီဇီယန် သူရင်ထဲမှာ သက်ပြင်းရှည်ချလိုက်သည်။ ဂိုဏ်းအတွင်းထဲမှာ ကြိုးစားရုန်းကန်နေရတာ မရှိဘူးဆိုတော့ အဆင်ပြေပါပြီလေ။ အားလုံးဟာ လျှိုကွမ်းဂိုဏ်း၏အနာဂတ်အတွက် အလုပ်လုပ်နေကြတာဆိုတော့ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ သဘောထားကွဲလွဲပါစေ အကြောင်းပြချက်မရှိပဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပေ။


ရွှီဇီယန်နဲ့လင်ချင်းဟာ တစ်ချိန်လုံး စကားတွေပြောနေကြပေမယ့် ရွှီဇီရုန်ကတော့ ဘာတစ်လုံးမျှဝင်မပြောချေ။ 


လင်ချင်းက သူ့အားစကားပြောမလို့ ကြိုးပမ်းလိုက်ပေမယ့် ရွှီဇီရုန်၏အေးစက်စက် အမူအရာကြောင့် သူနောက်ပြန်ဆုတ်သွားတော့သည်။ လင်ချင်းလည်း ရွေးစရာမရှိပဲ နောက်ပြန်လှည့်ကာ ရွှီဇီယန်နဲ့သာ စကားဆက်ပြောနေတော့သည်။


ဒီကိစ္စကြီးပြီးသွားပြီးနောက် လင်ချင်းဟာ သူ့ချွေးတွေကို သုတ်ပစ်လိုက်သည်။ သူတို့တွေက ညီအကိုအရင်းတွေ ဖြစ်နေတာတောင် ညီဖြစ်သူက အကိုဖြစ်သူထက် ဘာလို့များ ပိုကြောက်စရာကောင်းနေရတာလဲ?


လင်ချင်းနဲ့စကားပြောပြီးနောက် တစ်ဖက်လူက အမျိုးမျိုးသောကိစ္စရေးရာခန်းမဆောင်၏ အပြင်တပည့်ဖြစ်တာကြောင့် သူကကိစ္စအကြီးကြီးတွေကိုတော့ မကူညီနိုင်ပေမယ့် သူကသာမန်ကိစ္စမျိုးတွေကိုတော့ ကူညီ‌ပေးနိုင်သည်။ အကယ်၍ ရွှီဇီယန်က စိတ်ဝိညာဉ်အပင်စိုက်ခင်းတွေကို ဂရုစိုက်ရမှာတွေ၊ စိတ်ဝိညာဉ်ငှက်တွေကို အစာကျွေးရမှာတွေ၊ ကြမ်းပြင်တွေကို တံမြက်စည်းလှည်းရမှာတွေ ဒီလိုအလုပ်မျိုးတွေ လုပ်ဖို့လိုလာရင်တော့——သူလုပ်ပေးနိုင်လေသည်။ သူကလည်း အားလုံးကို ပြီးမြောက်အောင်လုပ်ရန် အာမခံတာကြောင့် ရွှီဇီယန်ကလည်း ဘာမှစိတ်ပူစရာမလိုတော့ပေ။


ရွှီဇီယန်ကလည်း သူ၏စေတနာကို ပြုံးကာလက်ခံလိုက်သည်။ တစ်ဖက်လူကလည်း သူ့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးမည်ဟု ငြိမ်းချမ်းသောအမူအရာဖြင့် ပြောလာတာကြောင့် သူကလည်းမငြင်းတော့ပေ။ 


ဒီအမူအရာမျိုးရှင်းပြရမည်ဆိုရင်——သူငယ်ချင်းဆိုသည့် အဓိပ္ပါယ်က တစ်ဖက်လူရဲ့အလားအလာရှိစေမည့် လမ်းပေါက်ကိုဖွင့်ပေးရသည်။ အတွင်းဂိုဏ်းတပည့်တွေက အပြင်ဂိုဏ်းတပည့်တွေထက် ပိုကြီးကျယ်မြင့်မြတ်တယ်လို့ ရွှီဇီယန်တစ်ခါမျှ မခံစားရဖူးချေ။ နေရာတိုင်းကလူတွေအားလုံးက လိုအပ်ရင်လိုအပ်သလို လင်ချင်းလိုအောက်ကျို့ရမယ်လို့ သူယုံကြည်သည်။ အကယ်၍ ရွှီဇီယန်သာ ရိုင်းစိုင်းသည့်အပြုအမူဖြင့် တစုံတခုအားလုပ်ရန် သူ့ကိုအမိန့်ပေးလိုက်ရင်လည်း လင်ချင်းကလုပ်မှာသေချာသည်။ ဒါပေမယ့် သူကနောက်ကွယ်မှာ ကလိမ်ကကျစ်အလုပ်မျိုး လုပ်မလုပ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ?


ထို့အပြင် လင်ချင်းက သူ၏စိတ်ဝိညာဉ်အပင်စိုက်ခင်းအား ပိုးမွှားတွေကျရောက်အောင်လည်း လုပ်နိုင်သည်။ လင်ချင်းက သူ၏စိတ်ဝိညာဉ်ငှက်တွေကိုလည်း ‌နေမကောင်းဖြစ်အောင်လုပ်နိုင်သည်။ လင်ချင်းက သူ၏အခန်းထဲက ကြမ်းပြင်ကို အကောင်းဆုံးလှည်းကျဉ်းထားမလား ဒါမှမဟုတ် တစ်ဝက်တစ်ပျက်သာ လုပ်ထားမလားဆိုတာ စဉ်းစားကြည့်လို့တောင်ရသည်။


ဘယ်လိုဂိုဏ်းကပဲဖြစ်ဖြစ်ပါစေ အတွင်းဂိုဏ်းတပည့်တွေဟာ အပြင်ဂိုဏ်းတပည့်တွေကို အဖက်မလုပ်ပဲ သူတို့အမြင်ထဲကနေကို ထုတ်လိုက်လို့ရသည်ဆိုတာ ရွှီဇီယန်သိထားသည်။ ထို့အပြင် အဓိကအောင်မြင်သွားသည့်တပည့်တွေဟာ သူတို့ကိုယ်သူတို့ အတွင်းဂိုဏ်းတပည့်တွေထက်တောင် ကြီးကျယ်မြင့်မြတ်သလို ခံစားကြသည်။


ယခုအခါမှာတော့ လော့တကျောင်၏အောင်မြင်သည့် တပည့်ထဲမှာ သူပါဝင်ပေသည်။ ဒါပေမယ့် ရွှီဇီယန် သူ၏ထိုအချက်အလက်အား အခြားသူထံအသုံးပြုမည်မဟုတ်ပေ။


သူကဒီဝတ္ထုရဲ့အဓိကဇာတ်ကောင်မဟုတ်တာကြောင့် ဇာတ်လိုက်ရဲ့သစ္စာခံတွေနဲ့ တွေ့ဆုံတဲ့အခါကျရင် သူကနိုင်လိုမင်းထက်အပြုအမူမျိုး ပြုလုပ်လို့မဖြစ်ပေ။ ထို့အပြင် အလယ်အလတ်ကုမ္ပဏီတစ်ခု၏ CEOတစ်ယောက်အနေနဲ့ သဘောကောင်းကောင်းလေးနဲ့ သူ၏လျှို့ဝှက်ချက်တွေကို အကောင်အထည်ဖော်ရမည်။


လင်ချင်းကိုနှုတ်ဆက်ပြီးနောက် ရွှီဇီယန်ဟာ ရွှီဇီရုန်အား လေ့ကျင့်ရေးခန်းမဆောင်သို့ ခေါ်လာတော့သည်။


သူရက်‌တွေကိုတွက်ကြည့်လိုက်သည်။ ဒီနေ့က လေ့ကျင့်ရေးခန်းမဆောင်မှာ အတန်းစသည့်နေ့ပင်ဖြစ်သည်။ အတွင်းဂိုဏ်းတပည့်တွေရဲ့ အခြေခံကျင့်ကြံခြင်းနယ်မြေမှာ အပြင်ဂိုဏ်းတပည့်တွေအားလုံဟာ သင်ကြားကြရသည်။ ထိုအချိန်အတွင်းမှာ အတွင်းဂိုဏ်းတပည့်တွေဟာ အဆင့်မြင့်ကျင့်ကြံသူတွေထံကနေ ပို့ချချက်တွေကို သင်ကြားရသည်။


#TK