Chapter 65
Viewers 4k

Chapter 65


အနီးအနားက အကိုတွေအမတွေအားလုံးက လိမ်မာပါးနပ်ကြသည်။ ဒီလိုမျိုးတိုက်ခိုက်ကြသည့် ရှားပါးသောအခွင့်အရေးမျိုးကို ဆရာသခင်တွေရဲ့အချစ်ဆုံးတပည့်တွေကသာ ရရှိကြသည်။ ဒီလိုတပည့်တွေကိုအမှားလုပ်တာက သူတို့အနောက်က ဆရာသခင်တွေကိုအမှားလုပ်တာနဲ့ အတူတူပင်ဖြစ်တယ်ဆိုတာ သူတို့တွေအားလုံးသိသည်။


အချိန်ခဏလောက်ကုန်လွန်ပြီးနောက် ပုံမှန်အရွယ်အစားရှိသည့် ကျင့်ကြံသူတစ်ယောက်ဟာ သူ၏ဓားပျံဖြင့်ရောက်လာသည်။ အားလုံးကိုကြည့်လိုက်ပြီးနောက် သူကယွင်ကျိုး(တိမ်တိုက်သင်္ဘော)ကို ထုတ်လိုက်သည်။


အောက်ဘက်ကအရှိန်အဝါမန္တန်တွေကြောင့် ယွင်ကျိုးဟာတဖြည်းဖြည်းကြီးလာသည်။ သင်္ဘော၏အောက်ဘက်က များပြားလှသည့်တိမ်တိုက်တွေဟာ လှုပ်ယမ်းနေအောင် အနည်းငယ်အ‌ထောက်အပံ့ပေးလေသည်။


ဒီလိုပျံသန်းသည့်ပစ္စည်းဟာ ရပ်ဝေးသို့ခရီးများမည်ဆိုရင် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သည်။ တပည့်တွေအားလုံးဟာ ဒီလိုအရာတွေနဲ့ ရင်းနှီးတာကြောင့် အားလုံးသင်္ဘောပေါ်သို့တက်ကြသည်။


“ချီလျန် ဒီကိုလာခဲ့” ကျင့်ကြံသူက ချီလျန်ဟုန်ယွင်ကိုသိတာကြောင့် သင်္ဘောတက်ပြီးနောက် သူ့ကိုပထမဆုံးခေါ်လာသည်။


“ဦးလေးချီရွှမ်” ချီလျန်ဟုန်ယွင်ကပြုံးကာ ထိုသူ့အားနှုတ်ဆက်လိုက်သည်။


ချီရွှမ်ကဘာတွေဖြစ်ပျက်သွားတယ်ဆိုတာကို သိရှိသွားပေမယ့် သူကဒေါသမထွက်ဘူး။ ယောင်္ကျားဆိုတာ ဒေါသရှိမှာပဲလို့ သူယူဆသည်။ သူကဖောက်ထွင်းမြင်နိုင်သည့် အလင်းရောင်‌စက်လုံးလေးကို ထုတ်လိုက်ပြီး ချီလျန်ဟုန်ယွင်ကို ပေးလိုက်သည်။

“ယူလိုက် ပြီးရင် ဒီအထဲကို မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်ထည့်လိုက်”


“ဟုတ်ကဲ့ပါ” ချီလျန်ဟုန်ယွင်ဟာ အလင်းရောင်စက်လုံးလေးကို ညင်သာစွာဖမ်းဆုပ်ထားပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေကို ထိုအထဲသို့ စတင်ထည့်လေသည်။


အလင်းရောင်စက်လုံးလေးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ညွှန်တံလေးပေါ်ထွက်လာသည်။ ညွှန်တံကခဏလောက် လည်နေ‌ပြီးနောက် ဦးတည်ချက်တစ်ခုတည်း၌ မပြောင်းလဲပဲရှိနေတော့သည်။


ချီရွှမ်ကထိုအရာကိုမြင်လိုက်ပြီးနောက် သူကယွင်ကျိုးကို ပျံသန်းအောင်လုပ်လိုက်သည်။ ထိုအရာဟာ ဦးတည်အချက်အတိုင်း အရှေ့တည့်တည့်သို့ပျံသန်းသွားသည်။


“ရွှယ်ယန် စစ်မာဟွေ့ ဒီကိုလာခဲ့” ချီရွှမ်က ယွင်ကျိုး၏ဦးတည်ချက်ကို ပြင်ဆင်ပြီးနောက် လှပသည့်မိန်းကလေးနဲ့ အရပ်ရှည်ရှည်ယောင်္ကျားလေးကို ခေါ်လိုက်သည်။ ချီလျန်၏စိတ်ဝိညာဉ်စွမ်းအင်တွေ မလုံလောက်သွားရင် သူတို့စိတ်ဝိညာဉ်စွမ်းအင်တွေထုတ်ရန် သူကညွှန်ကြားလိုက်သည်။


ဒီ"နယ်မြေရှာဖွေခြင်းစက်လုံး"က စိတ်ဝိညာဉ်စွမ်းအင် သိပ်မလိုပေ။ အခြေခံကျင့်ကြံခြင်းကို နောက်ဆုံးအဆင့်ထိရောက်ရှိနေသည့် ဒီသုံးယောက်၏စိတ်ဝိညာဉ်စွမ်းအင်နဲ့သာဆိုရင် ဒီခရီးကို သူတို့တွေ‌အထောက်အပံ့ပေးလို့ရပေသည်။


ဦးလေးချီရွှမ်က အလွန်ကြင်နာတတ်သည်။ ချီလျန်ကလွဲရင် ဒီရှစ်ရှုန်း၊ရှစ်ကျဲတွေက သူနဲ့ရင်းနှီးကြသည်။


ဒီတပည့်အသစ်တွေကသာ သူနဲ့မရင်းနှီးသေးတာဖြစ်သည်။ ဒါကြောင့် သူဟာသူ့ကိုယ်သူမမိတ်ဆက်ခင်အချိန်ထိ သူတို့တွေချက်ချင်းကြီးအနားမကပ်ရဲကြပေ။ 


ဝေ့ချင်နဲ့လဲ့ဟူက တိုက်ခိုက်တာရပ်သွားပြီဆိုပေမယ့် သူတို့တွေက တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေဆဲဖြစ်သည်။


ဒီနှစ်ယောက်က ထပ်ပြီးတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိတာကို ရွှီဇီယန်မြင်လိုက်တာကြောင့် သူလည်းလွတ်ထားပေးလိုက်တော့သည်။


သူ့အနေနဲ့ကတော့ သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုဟာ ပုံမှန်ပင်ဖြစ်သည်။ ရှေးလူကြီးတွေပြောတာက လူတွေကတစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်မှသာ အချင်းချင်းသိလာလိမ့်မည်။


ဒီလူတွေအားလုံးထဲမှာမှ ရှဟုန်လျန်ကလည်း ဝေ့ချင်နဲ့ဆက်ဆံရေးမကောင်းတာကြောင့် သူမကဘေးနား၌သာနေကာ အလွန်လှပသည့်ရှစ်ကျဲနဲ့သာ စကားပြောနေသည်။


ရွှီဇီရုန်ကတော့ ရွှီဇီယန်အနောက်က အမြှီးလိုမျိုး တကောက်ကောက်လိုက်ပါလာသည်။ တစ်ခါတစ်ရံ ရှစ်ရှုန်း၊ရှစ်ကျဲတွေက ‌ဒီနူးညံတဲ့ကလေးလေးကို စနောက်ဖို့ကြိုးစားကြပေမယ့် သူတို့အားလုံးဟာ အေးစက်စက်အကြည့်ကိုသာ ပြန်ရလိုက်သည်…


(ရှစ်ရှုန်း၊ရှစ်ကျဲများ: ဟေး ဒီရှစ်တိက ချစ်စရာလည်းမကောင်းဘူး!!!)


သူတို့တွေက လမ်းသွားရင်း စကားတော့သိပ်မပြောကြပါ။


၇ရက်လောက်ကြာတော့ အရပ်ရှည်ရှည် သန်မာသည့်ယောင်္ကျားလေးဖြစ်သည့် စစ်မာဟွေ့ကိုင်ထားသည့် "နယ်မြေရှာဖွေခြင်းစက်လုံး"ရဲ့အလင်းရောင်ဟာ စတင်ပေါ်လာပြီး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားသည်။


“ငါတို့ရောက်ပြီ” ဦးလေးချီရွှမ်ဟာ သူ့လက်ကိုမြှောက်ကာ ယွင်ကျိုးကိုရပ်လိုက်သည်။ သူကအောက်ဘက်ကပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်သည်။


အောက်ဘက်မှာ စိမ်းပြာရောင်ရေတွေရှိနေပြီး ကျွန်းကအနောက်ဘက်မှာဖြစ်တာကြောင့် သိပ်တော့မဝေးတော့ပေ။ 


ချီရွှမ်က ယွင်ကျိုးကိုထိန်းချုပ်ကာ အောက်သို့ချလိုက်သည်။ သူမရောက်ခင်မှာပင် ပြတ်သားထင်ရှားသည့် ရယ်မောသံကို သူကြားလိုက်ရသည်။

“ဒီနေရာကိုရောက်နေတဲ့ လျှိုကွမ်းဂိုဏ်း၏‌ဆရာသခင်က ဘယ်သူလဲဆိုတာ ကျွန်မ‌သိခွင့်ရှိမလား? ကျွန်မက ရနံ့ကိုးမျိုးအိမ်တော် ချီဝမ်ဟွေ့ပါ တွေ့ရတာဝမ်းသာပါတယ်”


“ရနံ့ကိုးမျိုးအိမ်တော်က ရှန်းချီအလှည့်ကြတာပေါ့ ဒီကချီရွှမ်ကလည်း မင်းနဲ့တွေ့ရတာ ဂုဏ်ယူမိပါတယ်” ချီရွှမ်ကဖြည်းညင်းစွာ ပြောလိုက်သည်။

『K- 'ရှန်း'ရဲ့အဓိပ္ပါယ်က 'မသေမျိုး,ထာဝရရှင်သန်သူ'လို့အဓိပ္ပါယ်ရပါတယ်』


“အိုး ရှန်းချီရွှမ်က အလွန်မြှောက်တတ်တာပဲ” အဝါရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြော့ရှင်းသည့်အမျိုးသမီးဟာ ချီရွှမ်အရှေ့သို့ ဓားပျံဖြင့်ပျံသန်းလာလေသည်။ သူမပြုံးကာချီရွှမ်ကို နှုတ်ဆက်လိုက်ပြီးနောက် ယွင်ကျိုး၏ဦးပိုင်၌မတ်တပ်ရပ်လိုက်သည်။ 


ရနံ့ကိုးမျိုးအိမ်တော်က အလယ်အလတ်ဂိုဏ်းသာဖြစ်ပြီး အဲ့ဒီကတပည့်တွေအားလုံးဟာ အမျိုးသမီးတွေသာဖြစ်ကြသည်။


ဒီဂိုဏ်းကထူးခြားသည့် လက္ခဏာသွင်းပြင်မျိုးမရှိပေမယ့် ဘယ်သူကမှလည်း ဒီဂိုဏ်းကိုမရှုံ့ချရဲပေ။


အကြောင်းပြချက်တစ်ခုတော့ရှိသည်။ ယောင်္ကျားတွေအားလုံးက ကြည့်ကောင်းသည့်မိန်းကလေးတွေကို သဘောကျကြသည်။ အမျိုးသမီးတပည့်တိုင်းက ငယ်ရွယ်ပြီးချောမောကြကာ သူတို့ထဲကအများစုက အခြားသောဂိုဏ်းကတွေနဲ့ စေ့စပ်ကြောင်းလမ်းပြီးသားဖြစ်ကြသည်။ သူတို့တွေ၏တိုက်ခိုက်စွမ်းရည်က သိပ်ပြီးတော့မမြင့်ပေမယ့် ဒီလိုစေ့စပ်ကြောင်းလမ်းသည့်ကိစ္စဖြင့် အခြားသောဂိုဏ်းတွေကလည်း သူတို့ဒုက္ခကြုံလာရင် ကူညီပေးကြလိမ့်မည်။


ချီရွှမ်က ရနံ့ကိုးမျိုးအိမ်တော်က ရှန်းချီကို အလွန်ပျူငှာပေသည်။ ခြုံကြည့်ရရင် လျှိုကွမ်းဂိုဏ်းက တစ်ချို့သောကျင့်ကြံသူတွေဟာ ရနံ့ကိုးမျိုးအိမ်တော်က အမျိုးသမီးကျင့်ကြံသူတွေနဲ့ ချစ်သူတွေဖြစ်ထားပြီးဖြစ်သည်။ ဒီရွှမ်းယွိနယ်မြေအတွင်းက ဂိုဏ်းတော်တော်များများဟာ ရနံ့ကိုးမျိုးအိမ်တော်နဲ့ စေ့စပ်ကြောင်းလမ်းသည့်ကိစ္စမျိုးတွေရှိကြသည်လို့ ပြောရမည်။


ရှန်းချီကသူတို့တွေကို ယာယီစခန်းသို့ခေါ်သွားပေးမည်ဟု အကြုံပြုချက်ကို ချီရွှမ်ကလည်းမငြင်းပယ်ပေ။ သူ့အမြင်အရ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ဂိုဏ်းနှစ်ခုဟာအတူတူရှိနေတော့ ပိုအန္တရာယ်ကင်းလိမ့်မည်။ 


ထို့အပြင် ဂိုဏ်းကနေသူခေါ်ဆောင်လာသည့် တပည့်တွေအားလုံးက လက်ရွေးစင်တွေပင်ဖြစ်သည်။ ဒီရနံ့ကိုးမျိုးအိမ်တော်ကလည်း ဒီအတိုင်းပင်ဖြစ်လိမ့်မည်လို့ သူယူဆသည်။ ဆရာသခင်တွေကတော့ ဂိုဏ်းနှစ်ခုကလက်ရွေးစင်တပည့်တွေ အလုပ်အတူတူလုပ်နေတာကို မြင်ပြီးဝမ်းသာနေကြလိမ့်မည်။


ထို့အပြင် ရနံ့ကိုးမျိုးအိမ်တော်က လက်ရွေးစင်တစ်ယောက်ဟာ လျှိုကွမ်းဂိုဏ်း၏တပည့်တစ်ယောက်နဲ့ လက်ထပ်လိုက်ပါက သူမကလျှိုကွမ်းဂိုဏ်း၏လက်ရွေးစင်တပည့်ဖြစ်လာလိမ့်မည်။


ရှန်းချီရွှမ်နဲ့ ရှန်းချီတို့ဟာ စကားပြောနေကြရင်း ယွင်ကျိုးက ကျွန်းသို့ရောက်နှင့်ပြီးဖြစ်သည်။


ရှန်းချီဝမ်ဟွေ့က သူမလက်ကိုမြှောက်ကာ မန္တန်တစ်ခုကိုရွတ်လိုက်ပြီး လေထဲ၌အနီရောင်အလင်တန်းတွေ လင်းလက်သွားသည်။


ရှန်းချီဝမ်ဟွေ့ကရယ်ကာ “ကျွန်မတို့တွေဒီမှာရှိနေကြပြီဆိုတော့ တစ်ချို့သောအကာအကွယ်တွေ လုပ်ထားရင်ကောင်းမယ်လို့တော့ ကျွန်မထင်တယ် နောက်ပိုင်းကျရင် ကျွန်မဒီမန္တန်ကို ရှင့်ဆီလွှဲပေးလိုက်မယ်လေ ဒီအကာအကွယ်က သတ်ဖြတ်ဖို့လောက်အထိတော့ စွမ်းရှည်မရှိပေမယ့် တစုံတယောက်သာလာခဲ့ရင် တပည့်တွေကို အစောင့်တစ်ယောက်လိုမျိုး သတိပေးလေ့တော့ရှိတယ်”


ရှန်းချီရွှမ်ကခေါင်းညိတ်လိုက်သည်။ အကယ်၍ သူသာပထမဆုံးဒီနေရာကို ရောက်လာသူဆိုရင် သူလည်းဒီလိုအပြုအမူမျိုး လုပ်လိမ့်မည်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ ခုခံဖို့ကို အမြဲတမ်းပထမဆုံးအနေနဲ့ ပြုလုပ်သင့်သည်။ ဒီကျွန်းပေါ်မှာ လူပုဂ္ဂိုလ်တစ်ယောက်ပေါ်လာပြီး သူတို့တွေ၏တပည့်တွေကို သတ်သွားပါက လောကကြီးမှာ သူတို့တွေမျက်နှာပျက်ရလိမ့်မည်။


ယွင်ကျိုးကိုကမ်းကပ်ပြီးနောက် ရှန်းချီရွှမ်က ထိုအရာကိုသိမ်းလိုက်သည်။ 


ရှန်းချီရွှမ်ကလမ်းအတိုင်း ဦးဆောင်လာခဲ့ပြီး သူတို့တွေဟာ ယာယီစခန်းအတွင်းသို့ လျင်မြန်စွာရောက်ရှိလာသည်။


စခန်းထဲမှာ ရွက်ဖျင်တဲတွေ အများအပြားရှိကြသည်။ ချစ်စရာကောင်းလှသည့် မိန်းကလေးတစ်ချို့က စကားပြောနေကြသည်။


“ဆရာသခင်” အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးက သူတို့တွေ၏ခေါင်းဆောင်ပင်ဖြစ်သည်။ သူမကရှန်းချီဝမ်ဟွေ့ ပြန်လာတာကိုမြင်လိုက်တာကြောင့် အခြားလူတွေကိုရော လာစုရန်သူမပြောလိုက်သည်။


“ဒီကျင့်ကြံသူတွေက လျှိုကွမ်းဂိုဏ်းက ရက်အနည်းငယ်ကြာရင် သူတို့တွေကလည်း မင်းတို့နဲ့အတူ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ကြလိမ့်မယ် မင်းတို့တွေဘာလို့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးအောင်အရင်ဆုံး သွားမိတ်မဆက်ကြတာလဲ? အဲ့ဒီနေရာကိုသွားရင် မင်းတို့တွေတစ်ယောက်ကိုတစ်ယောက် အကူအညီပေးနိုင်လိမ့်မယ်” ရှန်းချီဝမ်ဟွေ့က သူတို့တွေကို ညွှန်ကြားလိုက်သည်။


“ဟုတ်ကဲ့ပါ ဆရာသခင်” အနီရောင်ဝတ်စုံနဲ့မိန်းကလေးက ပြန်ဖြေလိုက်သည်။


ရှန်းချီရွှမ်ကလည်း လျှိုကွမ်းဂိုဏ်းကလူတွေကို တူညီသည့်ပုံစံအတိုင်း ပြောလေသည်။ ထို့နောက်မှာ ရှန်းချီဝမ်ဟွေ့ဆီ ဆွေးနွေးရန် ထွက်သွား တော့သည်။


ဒီခရီးစဉ်၏‌ခေါင်းဆောင်တွေအနေနဲ့ သူတို့တပည့်တွေ ဘေးကင်းအောင်လုပ်ဆောင်ဖို့က သူတို့တာဝန်ပင်ဖြစ်သည်။ သူတို့တပည့်တွေအများစုက တုံ့ပြန်မှုအားကောင်းပေမယ့် ဒီနယ်မြေက သူတို့ထိန်းချုပ်ထားသည့်နယ်မြေမဟုတ်ပေ။


အနီရောင်ဝတ်စုံနဲ့မိန်းကလေးက အသက်၁၆,၁၇တော့ရှိပြီ။ သူမတက်ကြွစွာ သူတို့တွေကို နှုတ်ဆက်လိုက်သည်။

“ကျွန်မက လျှိုကွမ်းဂိုဏ်းက တချို့သောရှစ်ရှုန်းတွေနဲ့ တွေ့ဖူးပြီးသားပါ” ထို့နောက် သူမ၏အကြည့်တွေက ချီလျန်ဟုန်ယွင်ဘက်သို့လှည့်ကာ

“ချီလျန်ရှစ်ရှုန်း မတွေ့တာတောင်ကြာပြီနော်”


ချီလျန်ဟုန်ယွင်က သူမကိုပြုံးပြလိုက်ကာ သူ့လက်ကိုဝှေ့ယမ်းပြလိုက်ပုံထောက်ရင် သူကသူမနဲ့ရင်းနှီးပြီးသားဆိုတာ သိသာသည်။


အနီရောင်ဝတ်စုံနဲ့မိန်းကလေးရယ် ချီလျန်ဟုန်ယွင်ရယ်က သူတို့တွေ၏ခေါင်းဆောင်ကို လေးစားသည့်အပြုအမူဖြင့် သူတို့တွေက တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်လိုက်တာကို နှစ်ဖက်စလုံးကလူတွေက မြင်လိုက်ကြသည်။ နှစ်ဖက်စလုံးကတပည့်တွေကလည်း တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ကြကာ သူတို့တွေဟာ အရင်ကထက်ပိုပြီးတော့ ရင်းနှီးလာကြသည်။


ရွှီဇီယန်ကတော့ သူ့ရှစ်ရှုန်း၊ရှစ်ကျဲတွေအနောက်မှာသာ ပုန်းနေပြီး ခပ်လျှိုလျှိုသာနေနေသည်။ 


သူကမိတ်ဆက်ဖို့ သဘောမကျတော့မဟုတ်ပေ။ ဒီရနံ့ကိုးမျိုးအိမ်တော်က အမျိုးသမီးတပည့်တွေထဲက ဘယ်သူဟာ အနာဂတ်မှာမိစ္ဆာမဖြစ်လာမလဲဆိုတာ သူမသိသေးလို့ဖြစ်သည်။ 


မူလရွှီဇီယန်နဲ့ပိုင်ဟွဟာ အချိန်တိုအတွင်း အဆက်အသွယ်တွေရှိသွားပြီးနောက် ရွှမ်းယွိနယ်မြေ၌ အလွန်စွမ်းအားကြီးသည့် မိစ္ဆာမပေါ်လာသည်။ အဲ့ဒီမိစ္ဆာကအလွန်ဖျက်ဆီးစွမ်းအားကောင်းလှပြီး သူမက ယင်(အမဓာတ်)ကိုရရှိခြင်းနဲ့ ယန်(အဖိုဓာတ်)ကို အားကောင်းစေခြင်းကို လေ့ကျင့်သည်။ သူမက ကျင့်ကြံသူတွေဆီကနေ ရယူလိုက်တာနဲ့ ခန္ဓာကိုယ်ဟာ အလောင်းကောင်လိုခြောက်ကပ်သွားတော့သည်။ သူတို့တွေဟာ သူတို့၏ကျင့်ကြံခြင်းကို ဆုံးရှုံးရုံသာမက သူတို့၏စွမ်းအင်အားလုံး၊ လတ်ဆက်သည့်သွေးတွေအားလုံး စုပ်ယူခံလိုက်ရတော့သည်။


ထိုမိစ္ဆာမက ရနံ့ကိုးမျိုးအိမ်တော်က တပည့်ဖြစ်သည်။ သူမက ယင်ကိုရရှိခြင်းနဲ့ ယန်ကိုအားကောင်းစေခြင်းဆိုသည့် မိစ္ဆာကျင့်စဉ်ကို ရနံ့ကိုးမျိုးအိမ်တော်၏ပိတ်ပင်ထားသည့်နေရာက ရှာတွေ့သွားခဲ့သည်။


ဒီနည်းလမ်းကိုအခြေခံပြီး ထိုမိစ္ဆာမဟာ မရေမတွက်နိုင်သည့် ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့သည်။ သူမကပိုင်ဟွကိုလည်း တိုက်ခိုက်ခဲ့သေးသည်။ ထိုအချိန်က ပိုင်ဟွဟာ မူလရွှီဇီယန်ကိုထားခဲ့တာက မူလရွှီဇီယန်ကို သူဒေါသထွက်နေလို့ဖြစ်သည်။ ပိုင်ဟွက လင်ရှောင်ထျန်ကို ရှာနေချိန်၌ မိစ္ဆာမဟာ သူ့ကိုဖမ်းမိသွားသည်။


နောက်ပိုင်းမှာ ပိုင်ဟွ၏အရှိန်အဝါစွမ်းအင်တွေက အလုပ်လုပ်လာတာက ထိုအရာကြောင့်ဖြစ်လိမ့်မည်။ မိစ္ဆာမဟာ ပိုင်ဟွ၏စွမ်းအင်ကို စုပ်ယူဖို့ကြိုးစားနေချိန်၌ သူမ၏မိစ္ဆာစွမ်းအင်ဟာ ရုတ်တရက်မှားယွင်းသွားသည်။ သူမဟာပိုင်ဟွ၏စွမ်းအင်‌ကို မစုပ်ယူနိုင်ရုံတင်မကဘူး သူမ၏ကျင့်ကြံခြင်းတွေပါ ပိုင်ဟွဆီပေးလိုက်ရပြီး သူ၏စွမ်းအားတွေက အံ့ဩစွာတိုးတက်လာတော့သည်။ သူဟာချက်ချင်း ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။


သူမ၏စွမ်းအင်တွေ အားလုံးဆုံးရှုံးသွားတာကြောင့် ပိုင်ဟွဟာ သူမကိုလွယ်ကူစွာ သတ်လိုက်နိုင်သည်။ အဆုံးသတ်၌ ခြောက်သွေ့နေသည့် အလောင်းကောင်သာ ကျန်ရစ်နေတော့သည်။


တစုံတယောက်က အလောင်းကောင်လို ခြောက်သွေ့သွားတယ်ဆိုတာက နားလည်နိုင်ဖို့ ခက်ခဲလှပေသည်။ ဒီအမျိုးသမီးကျင့်ကြံသူက မိစ္ဆာစွမ်းအင်ကို အရင်ကတည်းက လေ့ကျင့်နေပြီးသားလားဆိုတာကတော့ ရွှီဇီယန်လည်း အတိအကျတော့ မပြောနိုင်ဘူး။


‌ဒါကြောင့် ဒီအမျိုးသမီးကျင့်ကြံသူတွေနဲ့ သူဝေးနိုင်သမျှ ဝေးဝေး၌သူနေရလိမ့်မည်။ အဲ့ဒီအမျိုးသမီးကျင့်ကြံသူဟာ ကြီးမားသည့်မုန်တိုင်းမျိုး ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ သူမှတ်မိသေးသည်။ သူမကစတေးခံရမယ့်လူတွေကို ရှာထားပြီးပြီဆိုရင်တောင် ဘယ်သူသိနိုင်မှာလဲ?


လျှိုကွမ်းဂိုဏ်းက ရှစ်ရှုန်းတချို့က အမျိုးသမီးကျင့်ကြံသူတွေနဲ့ စကားပြောရန် အစီအစဉ်ဆွဲနေကြပေမယ့် ရှစ်ကျဲတွေကတော့ နည်းနည်းမှတောင် စိတ်မဝင်စားကြပါ။ သူတို့တွေက နေရာလွတ်ကိုရှာပြီး တရားထိုင်နေကြသည်။


ရွှီဇီယန်ကပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ရှစ်ရှုန်း၊ရှစ်ကျဲတွေကတော့ သူတို့ဟာနဲ့သူတို့ လုပ်စရာရှိတဲ့ကိစ္စတွေလုပ်နေကြပေမယ့် သူတို့လေးယောက်သာ ဒီနေရာ၌ မတ်တပ်ရပ်နေသေးသည်။


ရွှီဇီရုန်ကတော့ ဒီအမျိုးသမီးကျင့်ကြံသူတွေနဲ့ ရင်းနှီးဖို့ရည်ရွယ်ချက်မရှိပါ။ သူ့ကိုကိုက ထိုသူတွေဆီ မနီးကပ်သွားတာကို ကြည့်ပြီး ရွှီဇီရုန်ကြိတ်ပျော်ရွှင်နေသည်။


ဝေ့ချင်နဲ့လဲ့ဟူကလည်း နောက်ဆုံးတော့ တစ်ယောက်ကိုတစ်ယောက် သတ်ချင်နေသည့်စိတ်တွေ ပျောက်သွားတော့သည်။ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် မကျေမချမ်းဖြစ်စွာ စိုက်ကြည့်နေကြသည်။


သူတို့တွေက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာကြောင့် အမျိုးသမီးကျင့်ကြံသူတွေဖက်ကို အာရုံတောင်မလာပါ။ ရွှီဇီယန်ခဏလောက် တွေးပြီးနောက် ရွက်ဖျင်တဲထဲက နေရာလွတ်မှာထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။ 


လျှိုကွမ်းဂိုဏ်းအတွက် ရွက်ဖျင်တဲတွေကို သူတို့တွေက အားလုံးပြင်ဆင်ထားပေးကြပြီး ကျင့်စဉ်လက်နက်‌တွေကိုလည်း သူတို့တွေက စောင့်ကြည့်ထားပေးသည်။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးတွေက မြေကြီးထဲ၌ စိုက်ဝင်ထားတာကြောင့် သူတို့တွေက ‌ရွက်ဖျင်တဲ၌ လွယ်ကူစွာထိုင်လို့ရပေသည်။


မန္တန်ကရွက်ဖျင်တဲ၏အတွင်းထဲသို့ ရောက်ရှိတာကြောင့် ချန်ခွင်အိတ်နှင့်အသွင်တူပေသည်။ ရွက်ဖျင်တဲကို ပိုကြီးအောင်လုပ်လို့ရပြီး လူဆယ်ယောက်ကို လွတ်လပ်စွာ နေထိုင်လို့ရပေသည်။


အစတုန်းကတော့ လူတစ်ယောက်ကို ရွက်ဖျင်တဲတစ်ခုပေးပေမယ့် ရွှီဇီရုန်ကတော့ သူ့ကိုကိုနဲ့ခွဲမနေချင်ပေ။ သူကတွန့်ဆုတ်ခြင်းမရှိဘဲ ရွှီဇီယန်အနောက်သာ လိုက်ခဲ့သည်။


လဲ့ဟူနဲ့ဝေ့ချင်ကတော့ ရွှီညီအကိုတွေနဲ့ အတူတူနေမှာမဟုတ်ပေ။ အချင်းချင်းနှာမှုတ်ပြီးနောက် ရွှီဇီယန်၏ရွက်ဖျင်တဲဘေးနှစ်ဖက်က ‌တဲတွေဆီသို့ သူတို့နှစ်ယောက်ဟာ ဝင်သွားကြတော့သည်။


သူတို့တွေက စခန်း‌၌ ၇ရက်လောက် နေခဲ့ကြသည်။ ဒီအချိန်အတောအတွင်း အမျိုးမျိုးသောဂိုဏ်းတွေက အသင်းတော်တော်များများ ရောက်လာကြသည်။ ထိုဂိုဏ်းတွေက တပည့်အရေအတွက်ကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီကွဲပြားလှသည်။ လျှိုကွမ်းဂိုဏ်းလိုမျိုး ဒါဇင်လိုက်ရှိသည့်အဖွဲ့တချို့လည်းရှိကြပြီး တချို့တွေကတော့ တပည့်တစ်ယောက်သာရှိကြသည်။


#TK