Chapter 97
Viewers 23k

Chapter 97


"ဟားဟား လောင်ဖန့် ဘယ်လိုဖြစ်တာလဲ? မင်းအစားများသွားလို့လား?" ကျန်ထျန်းရှင်ဟာ အနီရောင်ဝတ်ရုံလူနဲ့ တိုက်ခိုက်သည့်နေရာ၌ အသာစီးရသွားပြီးနောက် သူကချက်ချင်း အောင်ပွဲခံသည့်ပုံစံဖြင့် ပျော်မြူးကာပြောလိုက်သည်။

"ဟမ် ငါပြောမယ်နော် အကယ်၍ အဲ့ဒီလူတွေက ကျန်ပင်းနဲ့ကျန်လင်ဖြစ်နေခဲ့မယ်ဆိုရင် မင်းမီးလုံးကိုခုခံချင်ရင်တောင် လွယ်ကူမှာမဟုတ်ဘူး" အနီရောင်ဝတ်ရုံလူက ကျန်ထျန်းရှင်အား မထီမဲ့မြင်ပြုကာ ကြည့်လိုက်ရင်း "သူတို့တွေက ကျန်မိသားစုကမှမဟုတ်တာကို မင်းကဘာကိစ္စကြောင့် ပျော်နေရတာလဲ?"

ကျန်ပင်းနဲ့ကျန်လင်ဟာ ရုတ်တရက် သူတို့တွေ၏ဒူးကို မြှားပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူတို့တွေကတွေးနေတာက အကယ်၍ သူတို့တွေ အရမ်းကြီးမသန်မာသေးဘူးဆိုရင်တောင် ဦးလေးဖန့်ချင်က ဒီလိုဒဲ့တိုးကြီးမပြောသင့်ဘူးမလား? 

"အဖေ…ဘာလို့ဒီလိုမျိုး ထပ်လုပ်ပြန်တာလဲ…" ဖန်ထျန်းယွင်ဘေး၌ရပ်နေကာ သူ့အဖေဖြစ်သူအား ခေါင်းကိုက်စွာကြည့်လို့နေသည်။ တစ်ဖက်ကလည်း သူ့အဖေ၊ အခြားတစ်ဖက်ကလည်း သူ့ယောက္ခထီး၊ အဲ့ဒါကတကယ့်ကို ခက်ခဲလှသည့်အနေအထားပင်ဖြစ်သည်။

"ဘာလဲ? မင်းက မင်းအဖေကို ဘာလုပ်ရမလဲဆိုတာ သင်ပေးဦးမလို့လား?" အနီရောင်ဝတ်ရုံနဲ့လူက သူ၏မျက်လုံးတွေကိုပြူးကာ အော်လိုက်သည်။

"ဦးလေးဖန့် ဒီလိုလုပ်ရတာက သူ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက် ရှိပါလိမ့်မယ် ကျွန်မတွေးမိတာကတော့ ဦးလေးဖန့်က ကျန်မိသားစုရဲ့မျိုးဆက်လူငယ်တွေကို စစ်ဆေးချင်လို့ထင်ပါတယ်" ကျန်ရင်း(မ)ဟာ အပြုံးလေးဖြင့် သူမ၏ပါးစပ်ကိုကာလိုက်ပြီး ကသိကအောက်ဖြစ်စေသည့် လေထုအခြေအနေကို လျော့ပါးသွားစေရန် ကြိုးစားလိုက်သည်။

ဖန့်ချင်ကရယ်မောလိုက်ကာ "အင်း မဆိုးဘူး ရင်းအာတကယ်တော်တယ်" 
ထို့နောက်မှာတော့ သူကဖန့်ထျန်းယွင်အား စိုက်ကြည့်ကာ "ကောင်စုတ်လေး မင်းဇနီးဆီကနေ မင်းသင်ယူသင့်တယ်"

ဖန့်ထျန်းယွင်က အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်ပြီး ကျန်ရင်း(မ) ထိုစကားကိုကြားလိုက်ပြီးနောက် သူမ၏ပါးတွေနီမြန်းသွားသည်။

ဖန့်ချင်ဟာ သူ၏သားကို ဆူလိုက်ပြီးနောက် သူ၏ခေါင်းကိုလှည့်လိုက်ကာ ရွှီဇီယန်အား ကြည့်လိုက်ပြီး ရွှီဇီယန်ကို ရှုထောင့်အမျိုးမျိုးကနေ ကြည့်နေတာကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားသည်။

သူ့ရဲ့ညစ်ပတ်တဲ့အကြည့်ကြီးက ဘာဖြစ်နေတာလဲ? ဟေ့လူ ကျွန်တော် ခင်ဗျားနဲ့ ဂေးမယ့်အရာတွေကို မလုပ်ချင်ဘူးနော်!

ဖန့်ချင်က ရွှီဇီယန်၏ပုံစံကို အလွန်ကျေနပ်နေပြီး သူ၏မေးစေ့ကိုပွတ်ကာ ညစ်ညမ်းသည့်အပြုံးမျိုး ပြုံးလိုက်သည်။ 

သူ၏လက်ကိုထုတ်ကာ ရွှီဇီယန်၏ပခုံးတွေကို ပုတ်မလိုလုပ်လိုက်သည်။ ဒါပေမယ့် ရွှီဇီယန်၏ကိုယ်အား သူမထိခင်မှာပင် သွေးနီရောင်အရိပ်ပျံလာသည့် အသံကိုသူကြားလိုက်ရသည်။

"အိုး ကောင်လေး မင်းကအတော်လေး စိတ်ကြီးတာပဲ" ဖန့်ချင်က သူ၏လက်ချောင်းတွေကနေ အနီရောင်အလင်းတန်းကိုထုတ်လိုက်ကာ အနီရောင်အရိပ်ဆီသို့ ပစ်လိုက်သည်။ ထိုအရာက သွေးရောင်နွယ်ပင်တွေကို မဖျက်ဆီးနိုင်လိုက်ပေမယ့် တိုက်ခိုက်မှုကိုတော့ အောင်မြင်စွာ တားဆီးနိုင်လိုက်သည်။

ရွှီဇီယန်ပခုံးအားပုတ်ဖို့ ကြိုးစားနေသည့် သူ၏ကျန်လက်တစ်ဖက်လည်း နှောင့်ယှက်ခံလိုက်ရတော့သည်။ ထို့နောက် သူတစ်ခြားနေရာသို့ကြည့်ကာ ရွှီဇီရုန်အား မြင်လိုက်သည်။

"ဟမ်? ကောင်လေး မင်းကဒီသွေးနွယ်ပင်ကို လုပ်ထားတာလား?" သေသေချာချာခွဲခြားပြီးနောက် အဲ့ဒီသွေးနွယ်ပင်ကို ရွှီဇီရုန် ပြုလုပ်ထားမှန်း ဖန့်ချင်သိလိုက်ရသည်။

ရွှီဇီရုန်ဟာသူ့အား ခံစားချက်မရှိသည့် မျက်နှာအမူအရာဖြင့် ကြည့်လို့နေသည်။ အနီရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူ၏စွမ်းအားဟာ သူနဲ့ယှဉ်ပြိုင်ဖို့ အတော်လေးသန်မာလှသည်။ ရွှီဇီရုန် ထိုသူ၏အမူအရာကြောင့် မပျော်မရွှင်ဖြစ်နေပေမယ့် အခုချိန်မှာ သူအလွန်ပြင်းထန်သည့်အရာမျိုးတွေတော့ မလုပ်ချင်ပေ။ 

"ဒီက…လူကြီးမင်းခင်ဗျာ ရုတ်တရက်ကြီးတိုက်ခိုက်တယ်ဆိုတာ ကောင်းမွန်တဲ့အကျင့်တော့မဟုတ်ဘူးနော် ကျန်မိသားစုရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးဖို့ ကျွန်တော်တို့တွေ ဒီနေ့ဒီနေရာကိုလာခဲ့တာပါ လူကြီးမင်းအနေနဲ့ ဒီလိုလုပ်ဖို့ မသင့်လျော်ပါဘူး" ရွှီဇီယန် အရှေ့သို့တိုးကာ အနီရောင်ဝတ်ရုံနဲ့လူရှေ့၌ ပိတ်ရပ်လိုက်ပြီး ရွှီဇီရုန်ကို သူ့အနောက်၌ထားလိုက်သည်။

ဒီဦးလေး၏ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် သူကောင်းမွန်သည့် စိတ်အခြေအနေမျိုးရှိမနေပေ။ ထို့အပြင် သူကညစ်ညမ်းတဲ့လူလိုမျိုးလည်း ကြည့်သေးသည်။ အဲ့လိုလူမျိုးက ရွှီဇီရုန်အား ဆွဲဆောင်သွားမှာကို သူမလိုချင်ပေ။ 

"ဟေး ဟေး လူငယ်လေး" အနီရောင်ဝတ်ရုံနဲ့လူက ပြိုင်ငြင်းမနေတော့ပဲ သက်ပြင်းသာချလိုက်သည်။ ထို့နောက် သူကကျန်ထျန်းရှင်ကို ပြိုင်ကွင်းဆီကို ဆွဲခေါ်သွားပြီး အခုနောက်ပိုင်း သူနဲ့တိုက်ခိုက်ဖို့ ဘယ်သူမှမရှိတာကြောင့် ပျင်းလွန်းလို့သေတော့မယ်ဆိုပြီး ညီးတွားနေသေးသည်။

ဖန့်ထျန်းယွင်ကတော့ သူ့အဖေ၏ပုံစံပျောက်ကွယ်သွားတာကို ကြည့်နေရင်း သူအတော်လေးမှင်တက်မိသည်။ သူကကျန်မိသားစု၏ခေါင်းဆောင်ကိုတောင် ခေါ်သွားသေးသည်။ အားလုံးဟာသူ့ကိုကြည့်နေကြတာကြောင့် ဖန့်ထျန်းယွင် ပုန်းဖို့နေရာသာ ရှာလိုက်ချင်တော့သည်…

ကံကောင်းစွာ ကျန်ရင်း(မ)က သူမ၏အနာဂတ်ယောက္ခထီး၏ အကျင့်စရိုက်နဲ့ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ပေးသည်။ အားလုံး၏အရှေ့၌ သူတို့တွေ၏ခေါင်းဆောင် အခေါ်ခံသွားရပြီးနောက် ကျန်မိသားစုတွေကို သူမနှစ်သိမ့်လိုက်ပြီး ဖန့်ထျန်းယွင်၏ကြိုးစားမှုတွေကြောင့် ဘာဖြစ်သွားလဲဆိုတာ လူတိုင်းနားလည်သွားတော့သည်။

ကျန်ပင်းနဲ့ကျန်လင်ကတော့ ဖန့်ချင်ပျောက်သွားသည့် ဦးတည်ရာဘက်သို့ ကျန်ရှိနေသေးသည့် အကြောက်တရားတွေနဲ့ စိုက်ကြည့်နေသည်။ လျှိုကွမ်းဂိုဏ်း၏တပည့်နှစ်ယောက်က ခေါင်းဆောင်၏အနောက်မှာ ရှိနေတာကြောင့် သူတို့တွေ အတော်လေးကံကောင်းသွားတယ်လို့ တွေးဆနေကြသည်။ အကယ်၍ ထိုနေရာမှာ သူတို့တွေသာဆိုရင် အခြေအနေက ပိုပြီးတော့ ရှုပ်ထွေးသွားနိုင်သည်။

"ဝမ်းကွဲအကို!" ဖန့်ထျန်းယွင်က အခြားသော ကျန်မိသားစုကလူတွေကို ဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားနေရင်း အပြင်ဘက်၌ ဖန့်ထျန်းရွေ့ယိမ်းထိုးနေတာကို ဖန့်ထျန်းယွင်မြင်လိုက်ရသည်။ 

ဖန့်ထျန်းရွေ့ရုတ်ခြည်း ခေါင်းမော့လာပြီး အမြဲတမ်း မာကျောပြီးလေးနက်နေသည့် မျက်နှာက အနည်းငယ်ထိန်လန့်နေသည့် ပုံစံဖြစ်နေသည်။

"ဝမ်းကွဲအကို မင်းမနေ့တုန်းက ဘယ်တွေသွားနေတာလဲ?" ဖန့်ထျန်းရွေ့၏အခြေအနေက မူမမှန်တာကို ဖန့်ထျန်းယွင်သိလိုက်တာကြောင့် ကျန်မိသားစု၏ဧည့်သည်တွေကို ကျန်ရင်း(မ)အား ခဏလောက် ကိုင်တွယ်ခိုင်းထားလိုက်သည်။ သူကချက်ချင်း ဖန့်ထျန်းရွေ့၏အနားသို့ ထွက်လာသည်။

ဖန်ထျန်းရွေ့က ဆိုးဝါးသည့်တစုံတခုကို တွေးတောနေပုံပေါ်သည်။ သူကအတော်လေး ခါးသီးသည့်အကြည့်တွေဖြင့် "ဘယ်…ဘယ်မှာမဟုတ်ပါဘူး" 

ဖန့်ထျန်းယွင် မျက်မှောင်ကြုတ်သွားပြီး ဖန့်ထျန်းရွေ့အား တည်ကြည်စွာ စိုက်ကြည့်လိုက်သည်။ သူဘယ်လိုမှ နားမလည်နိုင်တော့ဘူး။ အရင်တုန်းက သူ၏ဝမ်းကွဲအကိုနဲ့သူဟာ အတော်လေးနီးကပ်သည်။ ဒါပေမယ့် သူနဲ့ကျန်ရင်း(မ)ရဲ့ လက်ထပ်ပွဲကို အတည်ပြုပြီးနောက် သူ၏ဝမ်းကွဲအကိုက သူ့ဆီကနေ တစ်ချိန်းလုံးရှောင်နေသည်။

သူ၏ဝမ်းကွဲအကိုစိတ်ထဲမှာ တစ်ခုခုများရှိနေတာလား? 

"ဝမ်းကွဲအကို မင်းမနေ့တုန်းက ဘယ်မှာသွားသောက်နေတာလဲ? မင်းကိုရှာဖို့ ဦးလေးလွတ်လိုက်တဲ့လူ ပြောတာကတော့ မင်းကိုမင်းသူငယ်ချင်းက ခေါ်သွားတာတဲ့ ငါတို့တွေ မင်းသူငယ်ချင်း အားလုံးနီးပါးကို လိုက်မေးကြည့်ပေမယ့် မင်းကိုရှာလို့မတွေ့ဘူး" ဖန့်ထျန်းယွင်ကြိုးစားပြီး ဂရုတစိုက်မေးလိုက်သည်။

ဖန့်ထျန်းရွေ့ဟာ ဖန့်ထျန်းယွင်ပြောသည့် သူ့ကိုခေါ်သွားတယ်ဆိုသည့် စကားလုံးကြားပြီးနောက် သူ၏မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားကာ "အဲ့ဒီစောက်ကောင်အကြောင်း မပြောစမ်းနဲ့!"

ဖန့်ထျန်းယွင်ထိတ်လန့်သွားသည်။ သူ၏ဝမ်းကွဲအကိုက အမြဲတမ်း ခက်ထန်သည့်အမူအရာမျိုးရှိသည်။ ဒါပေမယ့် သူ၏ဝမ်းကွဲအကို ဆဲတာကိုတော့ သူဘယ်တုန်းကမှ မမြင်ဖူးဘူး။ သူ၏ဝမ်းကွဲအကိုအား ခေါ်သွားသည့်သူက ဘယ်သူလဲဆိုတာ သူသေချာမသိပေမယ့် သူ၏ဝမ်းကွဲအကို,ကို ဒေါသထွက်အောင် လုပ်လိုက်တယ်ဆိုတော့ ထိုသူကအတော်လေး စွမ်းအားကြီးလိမ့်မည်။ 
『K: အရမ်းစွမ်းအားကြီးလို့ မင်းရဲ့ဝမ်းကွဲအကို ပန်းအိုးကျကွဲသွားပြီး ဒေါသထွက်နေတာပေါ့』

ဖန့်ထျန်းရွေ၏မျက်နှာအမူအရာက အရမ်းဆိုးဝါးနေတာကြောင့် ဖန့်ထျန်းယွင်ကလည်း ဆက်ပြီးမမေးရဲတော့ပေ။ ထို့အပြင် ကျန်မိသားစု၏ဧည့်သည်တွေကလည်း သူ့ကိုစောင့်နေတာကြောင့် အချိန်အကြာကြီးဆွဲနေလို့မရပေ။ သူ၏ဝမ်းကွဲအကို,ကို သူနှစ်သိမ့်ပြီးနောက် တစုံတယောက်ကိုခေါ်ကာ သူ့အား သူ၏အခန်းထဲသို့ ပို့ခိုင်းလိုက်သည်။

ဖန့်ထျန်းရွေ့ထွက်သွားပြီးနောက် ဖန့်ထျန်းယွင်ဟာ အမှတ်တမဲ့ သူ၏ဝမ်းကွဲအကို,ကိုအား ကြည့်လိုက်သည့်အချိန်၌ သူ၏ဝမ်းကွဲအကို၏ဂုတ်ပေါ်မှာ ညိုမဲနေသည့်အမှတ်ကို တွေ့လိုက်ရသည်။

ဖန့်ထျန်းယွင်ထိတ်လန့်သွားသည်။ ထိုအမှတ်ကြီးဟာ အရမ်းထင်ရှားနေတာကြောင့် သူမမြင်ဖူးသလို နေလိုက်လို့မရပေ။ သူ၏ဝမ်းကွဲအကိုက ဆောင်ကြာမြိုင်ကို သွားခဲ့တာလား?

ဖန့်ထျန်းယွင် ထိုအကြောင်းကိုတွေးပြီးနောက် နေထိုင်မကောင်းလာတော့ဘူး။ ဆောင်ကြာမြိုင်? ဘယ်လိုလူကများ သူ၏ဝမ်းကွဲအကိုလို ကင်းကင်းရှင်းရှင်းနေတဲ့လူနဲ့ ပတ်သက်နေတာလဲ?

သူ၏ခေါင်းကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ကာ အချက်အလက်တွေအများကြီးကို သူရရှိသွားတာ အတော်လေးများသွားပြီး သူမသိသင့်သည့် လျှို့ဝှက်ချက်အကြောင်းအရာတွေကိုပါ သိရှိသွားသလို ခံစားလိုက်ရသည်…

သူကကျန်မိသားစုကဧည့်သည်တွေကို စိတ်မပါစွာဖြင့် နှုတ်ဆက်လိုက်ပြီး ရွှီဇီယန်က ဖန့်ထျန်းယွင် သတိလက်လွတ်ဖြစ်နေတာကို မြင်လိုက်ရသည်။

"အကိုထျန်းယွင် ကိစ္စတစ်ခုခုများရှိလို့လား?" ရွှီဇီယန်မေးလိုက်သည်။

"အာ? မဟုတ်ပါဘူး မရှိပါဘူး" ဖန့်ထျန်းယွင်က သူ၏လက်ကို လျင်မြန်စွာဝှေ့ယမ်းလိုက်သည်။ ဒီနေ့သူ၏တာဝန်က ကျန်မိသားစုက ဧည့်သည်တွေကို ဧည့်ခံဖို့ဖြစ်ပြီး သူ၏ဝမ်းကွဲအကိုကြောင့် သူ၏တက်ကြွလှုပ်ရှားမှုတွေ အနည်းငယ်ဆုံးရှုံးသွားသည်။

ဒါပေမယ့် ဖန့်မိသားစု၏ဒုတိယမျိုးဆက်ထဲမှာ သူကအတော်ဆုံးလူအဖြစ် ပါဝင်တာကြောင့် ဒီဧည့်သည်တွေကို ဧည့်ခံပေးရမယ်ဆိုတာ သူ၏စိတ်ထဲ၌သေချာစွာသိသည်။

ဒီနေ့လာရောက်သည့် ကျန်မိသားစုကလူအများစုဟာ ကလေးအရွယ်များသာဖြစ်ကြသည်။ ထိုလူတွေထဲမှာမှ ကျန်ပင်းနဲ့ကျန်လင်က ခေါင်းဆောင်ဖြစ်သည်။ သူတို့နှစ်ယောက်က ဖန့်ထျန်းယွင်နဲ့ ရင်းနှီးတာကြောင့် သူတို့တွေက ပေါ့ပေါ့ပါးပါးအကြောင်းအရာတွေကို ပြောနေကြသည်။

ဖန့်ထျန်းယွင်ဟာ ကိစ္စအတော်များများကို သက်သာစွာကိုင်တွယ်နေရင်း လေထုအခြေအနေဟာလည်း ပိုပြီးတော့တက်ကြွလာတော့သည်။

ခဏအကြာမှာတော့ ဖန့်ချင်အတင်းဆွဲခေါ်သွားသည့် ကျန်ခေါင်းဆောင် ပြန်ရောက်လာတော့သည်။ သူနဲ့ပြန်ရောက်လာသူက ဖန့်ချင်မဟုတ်ပဲ ဖန့်မိသားစု၏ခေါင်းဆောင် ဖန့်မျန့်သာဖြစ်သည်။

သူတို့တွေရောက်လာပြီးမကြာခင် အခန်းအတွင်းက လေထုအခြေအနေဟာ အေးစက်သွားပြီး ခေါင်းဆောင်နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင်နေရသည့် လူငယ်လေးတွေဟာ အတော်လေး ကြောက်ရွံ့နေကြသည်။

"ဟားဟား မင်းတို့ပြောစရာရှိတာ ဆက်ပြောနေကြပါ ငါနဲ့အကိုဖန့်နဲ့ ဆွေးနွေးစရာလေးရှိလို့" ကျန်ထျန်းရှင်က ခန်းမအတွင်းက လူတွေကိုပြုံးပြလိုက်သည်။ သူနဲ့ဖန့်မျန့်က ဒီလူငယ်တွေအပေါ် ဘယ်လိုဖိအားသက်ရောက်နိုင်တယ်ဆိုတာ သူသိတာကြောင့် သူကဝေးဝေးသို့သွားကာ သူတို့အချင်းချင်းရင်းနှီးစေဖို့ကိုသာ ရွေးချယ်လိုက်သည်။

ဖန့်မျန့်ကခေါင်းညိတ်ကာ ဖန့်ထျန်းယွင်ကိုပြောလိုက်ကာ
"လူငယ်တွေက ပိုပြီးတော့ ထိတွေ့ဆက်ဆံသင့်တယ် ထျန်းယွီဂိုဏ်း တူလေးပိုင်ကို ဒီကိုခေါ်လာဖို့ ဘာလို့သွားမမေးတာလဲ?"

ဖန့်ထျန်းယွင်လျင်မြန်စွာခေါင်းညိတ်လိုက်သည်။ သူ၏ဦးလေးက ကျန်မိသားစုနဲ့ဖန့်မိသားစု ပိုပြီးရင်းနှီးအောင် ဒီအခွင့်အရေးကို အသုံးချချင်နေမှန်း သူသိသည်။ ဒီအရာက ခေါင်းဆောင်ကျန်လိုချင်နေသည့် အရာပင်ဖြစ်လိမ့်မည်။

"အာ ဟုတ်သား ခုနတုန်းက ဖန့်ချင် ငါ့ကိုအဝေးခေါ်သွားလို့ ငါသူတို့တွေကို မိတ်ဆက်ပေးဖို့မေ့နေတာ" ကျန်ထျန်းရှင်ပြုံးကာ ရွှီဇီယန်နဲ့ရွှီဇီရုန်အား ညွှန်ပြလိုက်ပြီး "သူတို့နှစ်ယောက်က လျှိုကွမ်းဂိုဏ်းရဲ့အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူရဲ့တပည့်တွေပါ သူတို့တွေက ငါ့သမီးကို ဂုဏ်ပြုပေးဖို့ရောက်လာကြတာ သူတို့တွေကို ဒီနေရာဆီခေါ်လာတာ ကောင်းတဲ့အကြံပဲလို့ ငါတွေးမိလို့ပါ" 

ထိုစကားတွေကိုကြားပြီးနောက် ဖန့်မျန့်၏မျက်လုံးတွေ ပြူးကျယ်သွားပြီး ရွှီညီအကိုတွေကို ထူးဆန်းသည့်အကြည့်တွေဖြင့် ကြည့်လိုက်သည်။

ကျန်ထျန်းရှင်ကတော့ ပြုံးနေတုန်းဖြစ်ပြီး ဖန့်မိသားစုကို ဘယ်လိုထိတ်လန့်သွားစေမလဲဆိုတာတော့ သူလည်းမခန့်မှန်းနိုင်သေးပေ။

ဖန့်မိသားစုနဲ့နှိုင်းယှဉ်လိုက်ရင် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာက ကျန်မိသားစု၏မျိုးဆက် လူငယ်တွေကလည်း အတော်လေး အံ့ဩသွားကြသည်။ ကျန်ရင်း(မ)ကလွဲရင် အားလုံးဟာ အံ့အားသင့်စွာ ကြည့်နေကြသည်။

ထို့အပြင် လျှိုကွမ်းဂိုဏ်းကတပည့်တွေနဲ့ လျှိုကွမ်းဂိုဏ်းက အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏တပည့်တွေ ဆိုသည့်အချက်အနှစ်ချက်ဟာ အတော်လေးကွဲပြားလှသည်။

"ဟဟ အကိုကျန်က ငါ့ကိုအတော်လေး အံ့ဩအောင်လုပ်တာပဲ" ဖန့်မျန့်၏မျက်လုံးတွေအနည်းငယ်
ကျဉ်းမြောင်းနေပြီး ကျန်ထျန်းရှင်ကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။

"အကိုဖန့် အရမ်းကြီး စိတ်မပူပါနဲ့ ဒီနှစ်ယောက်က ငါ့သမီးရဲ့လက်ထပ်ပွဲအတွက် ရောက်လာတာပါ ငါ့အဖေနဲ့လော့ယွင်တောက်ကျွင်းက လျှိုကွမ်းဂိုဏ်းမှာ အရင်တုန်းက သိကျွမ်းဖူးတယ် ငါ့သမီးရဲ့လက်ထပ်ပွဲ အကြောင်းကိုကြားပြီးနောက် သူကငါ့ကိုဂုဏ်ပြုပေးဖို့အတွက် သူအချစ်ဆုံးတပည့်နှစ်ယောက်ကို လွတ်လိုက်တာပါ" ကျန်ထျန်းရှင်ဟာ တည်ငြိမ်စွာပြောလိုက်ပေမယ့် ဒီတပည့်နှစ်ယောက် လက်ထပ်ပွဲကို တက်ရောက်ရုံသာဖြစ်ပြီး လျှိုကွမ်းဂိုဏ်းနဲ့ ဖိနှိပ်ချင်တာမဟုတ်ဘူးဆိုသည့် အဓိပ္ပါယ်ကို ဖန့်မျန့်အား အရိပ်အယောင်ပြလိုက်သည်။

ထိုစကားကိုကြားပြီးနောက် ဖန့်မျန့်၏အမူအရာဟာ ပိုပြီးတော့သက်သာသွားသည်။ ဖန့်မိသားစုဟာ ဝူတျီမြို့၏ပထမဆုံးအနေရာမှာ တည်ရှိနေရတာက သူတို့တွေဟာ ထျန်းယွီဂိုဏ်းကို အမှီပြုထားလို့ပင်ဖြစ်သည်။ အကယ်၍ ကျန်မိသားစုသာ လျှိုကွမ်းဂိုဏ်းနဲ့ အဆက်အသွယ်ရှိနေပါက အနာဂတ်မှာ ပထမဆုံးနေရာအတွက် စိုးရိမ်ဖွယ်ရှိသည်။

လက်ရှိမှာတော့ ဖန့်မိသားစုကို လျှိုကွမ်းဂိုဏ်းနဲ့အသုံးချကာ ဖိနှိပ်ချင်တာမဟုတ်ကြောင်း ကျန်ထျန်းရှင်က ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီဖြစ်တာကြောင့် ဘာလို့ ကျန်ထျန်းရှင်က အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူအကြောင်းကို အခုချိန်မှာမှ ပြောလိုက်ရလဲဆိုတာ သူသဘောပေါက်သွားသည်။

ထိုအကြောင်းကိုတွေးပြီး ဖန့်မျန့် သက်ပြင်းရှည်ချလိုက်သည်။ ကျန်မိသားစုကို ပူးပေါင်းစေရန်အတွက် သူ့ဆီမှာ ထိုအကြံမျိုးမရှိပေမယ့် မိသားစုထဲက လူတစ်ယောက်က ထိုအကြောင်းကို အကြံပြုလိုက်သည့်အချိန်၌ ဖန့်ချင်ဟာ ထိုလူကို ချက်ချင်း ရိုက်နှက်လိုက်သည်။

ဒီအချိန်မှာ ဝူတျီမြို့ဟာ မိသားစုလေးစု၏ ထိန်းချုပ်မှုအောက်၌ တည်ငြိမ်နေတာကြောင့် ထိုအခြေအနေကို ဖန့်မိသားစုက ဖျက်ဆီးတာမျိုးမဖြစ်ချင်ပေ။

"ထျန်းယွင် ဒီမှာဘာလုပ်နေသေးတာလဲ? တူလေးပိုင်ကို ဘာလို့သွားမဖိတ်သေးတာလဲ?" ဖန့်ထျန်းယွင်၏တုံ့ပြန်ပုံက နှေးကွေးတာကြောင့် ဖန့်မျန့်အကူအညီမဲ့စွာ သူ၏ခေါင်းကိုခါလိုက်သည်။ ဖန့်ထျန်းယွင်ဟာ ဖန့်မိသားစု၏လူငယ်တွေထဲမှာ သားနားသည့်လူတစ်ယောက်ဖြစ်ပေမယ့် ဝူတျီမြို့၏အားနည်းချက်တွေကြောင့် သူ၏အမြင်တွေက မလုံလောက်သေးပေ။

ကျန်ထျန်းရှင်ဟာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူအကြောင်း ပြောလိုက်ပြီးနောက် အားလုံးဟာအံ့ဩသွားကြပြီး သူတို့တွေက အချိန်အကြာကြီး သူတို့အတွေးတွေထဲမှာ ပျော်မွေ့နေကြပြီး သူတို့တွေ၏အမြင်တွေ ကျဉ်းမြောင်းမှန်း သိလိုက်ကြသည်…

『TK:ရွေ့ရွေ့က အခုအသည်းကွဲနေတာ မဟုတ်ပဲ စိတ်ထိခိုက်နေတာလို့ ပြောရင် ပိုမှန်ပါမယ်၊ သူကြိုက်နေတဲ့သူက ယောင်္ကျားလေးမှန်း သိသွားသလို ပန်းအိုးပါခွဲခံလိုက်ရလို့ စိတ်တုန်လှုပ်နေတာပါ၊ ဘယ်သူမဆို အနည်းနဲ့ အများတော့ ထိတ်လန့်မှာအမှန်ပါ၊ အဲ့ဒါကြောင့် အပိုင်း၉၅မှာ မူရင်းအာသာက ဖန်ထျန်းရွေ့နဲ့ ကျန်ရင်း(က)တွေ့ရင် ဘာဖြစ်မလဲဆိုတာ ကိုယ့်ဟာကို ပုံဖော်ကြည့်လို့ ပြောခဲ့တာပါ』

#TK