Chapter 111
Viewers 23k

Chapter 111


ပိုင်ဟွအံ့အားသင့်သွားပြီး လူနှစ်ယောက်၏ပုံရိပ် ပျောက်ကွယ်သွားတာကို သူတုန်ရီစွာကြည့်နေသည်။ သူ့အနောက်ရဲ့တံခါးဆီကနေ နာကျင်စူးရှသည့် အော်သံမျိုးထွက်ပေါ်လာသည်။ ပိုင်ဟွလှည့်ကြည့်လိုက်သည့်အချိန်၌ သန်မာသည့်အမျိုးသမီး၏ခန္ဓာကိုယ်ဟာ ပုပ်သိုးပြီးအရည်ပျော်နေတာကို မြင်လိုက်ရသည်။ နောက်ဆုံးတော့ ထိုအရာကြီးဟာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမအနားက လူတွေဟာ ကြောက်ရွံစွာအော်ဟစ်နေကြပြီး ယွီမိသားစုက ကျင့်ကြံသူအချို့ဟာ လျင်မြန်စွာရောက်လာကြသည်။


ပိုင်ဟွအနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဒီလိုပြဿနာဖြစ်နေသည့် နေရာကနေထွက်သွားပြီး တိတ်ဆိတ်သည့် ထောင့်တစ်နေရာကို ရှာလိုက်သည်။ သူ့ကိုခြိမ်းခြောက်နေသည့်အချိန်တုန်းက ရွှီဇီရုန်၏အေးစက်သည့်မျက်လုံးတွေကို သူခပ်ရေးရေးမှတ်မိသေးသည်။


သူ၏မဲနက်နေသည့် မျက်လုံးအိမ်တွေထဲမှာ လူသားခံစားချက်တစ်စွန်းတစ်စမျှရှိမနေပဲ နှစ်ပေါင်းထောင်ချီအေးစက်နေသည့် ရေခဲတွေနဲ့တူလှသည်။


ဒါပေမယ့် သူအဲ့လောက်အေးစက်နေပေမယ့် သူ့အကိုခေါ်လိုက်သည့်အချိန်၌ သူ့မှာနွေးထွေးလှသည့် အပြုံးတွေရှိနေသည်။


ပိုင်ဟွဟာ သူ၏ခန္ဓာကိုယ်က ပူနွေးနေမှုကို မခံစားရပဲ သူ၏ဝမ်းဗိုက်အောက်ရှိ အပူကိုသာခံစားနေရသည်။ ဒီလိုကွဲပြားလှသည့် စရိုက်ပုံစံက သူ့ကိုအလွန်အမင်း စိတ်လှုပ်ရှားစေသည်။ သူအရင်တုန်းက ယောင်္ကျားတွေအများကြီးကို တွေ့ဆုံခဲ့ဖူးပေမယ့် ဘယ်သူမှ သူ့ကိုဒီလိုမျိုး စိတ်လှုပ်ရှားအောင် မပြုလုပ်နိုင်ပေ…


"ရွှီဇီရုန်…" ပိုင်ဟွတီးတိုးရေရွတ်လိုက်ရင်း သူ၏စိတ်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်ပေ။ 


ဒီလူကအန္တရာယ်ရှိပြီး သူ့အားပျက်စီးကိုသာ ယူဆောင်လာပေးလိမ့်မယ်လို့ သူသိနေပေမယ့် ထွက်ပေါ်နေသည့် လိုအင်ဆန္ဒတွေကို သူဘယ်လိုမှမထိန်းချုပ်နိုင်ပေ။


သူ၏ပူနွေးနေသည့် ပါးတွေကိုထိလိုက်ရင်း သူ၏ခြောက်သွေ့နေသည့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ပြင်းထန်လှသည့် လိုအင်ဆန္ဒဟာ သူ၏နှလုံးသားကို သိမ်းပိုက်စိုးမိုးသွားပြီး ထိုအရာက အရမ်းကိုပြင်းပြင်းထန်ထန်တိုက်တွန်းနေသည်။ လင်ရှောင်ထျန်နဲ့ ရွှီဇီယန်တောင် သူ့ကိုဒီလိုပြင်းပြသည့်ဆန္ဒမျိုး မပြုလုပ်နိုင်ဘူး။


"ငါ…မင်းကို ရအောင်ယူပြမယ်" ပိုင်ဟွ၏မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး သူ၏စိတ်ထဲ၌ အစီအစဉ်အသစ်ကို ပြန်ဆွဲလိုက်သည်။ သူ့မှာအချိန်ရှိပြီးတော့ စိတ်ရှည်တာကြောင့် အနှေးနဲ့အမြန် ရွှီဇီရုန်ကိုရအောင်ယူပြီးတော့ သူ၏ထိန်းချုပ်မှုအောက်သို့ သေချာပေါက်ရောက်စေရမည်!


**********


သေမျိုးက မေ့မြောနေတာကြောင့် ရွှီဇီယန်လည်း ကျန်မိသားကို ချက်ချင်းမပြန်နိုင်ပေ။ ထိုအစား သူကဆေးဌာနဆီက ယွီဟော်၏အမေအား ကုသပေးရန် သမားတော်တစ်ယောက်ကို သွားရှာလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာပါလာသည့် ဆေးဝါးတွေကို အသုံးမပြုချင်လို့မဟုတ်ပေ လော့တကျောင်ပေးခဲ့သည့် ဆေးဝါးတွေက အကျိုးသက်ရောက်မှု အလွန်ပြင်းထန်သည်။ ကျင့်ကြံသူတစ်ယောက်၏ဒဏ်ရာကိုဆိုရင်တော့ ဘုရားမသလို ကုသပျောက်ကင်းနိုင်ပေမယ့် သေမျိုးအတွက်ဆိုရင်တော့ အဆိပ်နဲ့တူလှသည်။


ဝူတျီမြို့ကလည်း စစ်ပွဲအခြေအနေသို့ ရောက်ရှိနေတာကြောင့် လမ်းတွေကလည်း ပြောင်ရှင်းလို့နေသည်။ မနက်ခင်းတုန်းက သက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းဟာ အေးစက်စက်အဖြစ်သို့ ပြောင်းလဲသွားသည်။ လူတိုင်းဟာ သူတို့တွေ၏အိမ်တွေထဲ၌သာ ပုန်းအောင်နေကြပြီး မြို့ကိုစောင့်ကြပ်နေကြသည့် ကျင့်ကြံသူတွေအား ဆုတောင်းမေတ္တာပို့သနေကြသည်။


သေမျိုးတွေပဲဖြစ်ဖြစ်၊ ကျင့်ကြံသူတွေပဲဖြစ်ဖြစ် တောကောင်တွေသာ မြို့ဂိတ်ကို ချိုးဖောက်ဝင်ရောက်လာပါက ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးဆိုတာ သိထားကြသည်။ တောကောင်တွေကတော့ သူတို့တွေက မြို့၌နေထိုင်ချင်လို့မဟုတ်ပဲ ဒီမြို့ကိုဖျက်ဆီးချင်ရုံသက်သက်သာဖြစ်သည်။ သေမျိုးတိုင်းကို သူတို့တွေ၏မျက်လုံးထဲ၌ အရသာရှိသည့် အစာအဖြစ်သာမှတ်ယူထားပြီး ဘယ်တောကောင်မှ အစာမလိုဘူးလို့ ပြောမည်မဟုတ်ပေ။


ရွှီဇီယန်က အနီးနားမှာရှိသည့် ဆေးဌာနသို့ ခုန်ကျော်ပြီးဝင်လာတာကြောင့် အသက်ကြီးကြီးသမားတော်က မေ့လဲလုမတတ် ကြောက်ရွံ့နေသည်။ ကံကောင်းစွာ ရွှီဇီယန်က ကျင့်ကြံသူတစ်ယောက်ဆိုသည့် အချက်အလက်ဟာ သူ့အားလန့်နိုးသွားစေသည်။ အဲ့ဒီသေမျိုးတွေက ဘာကျင့်ကြံခြင်းအဆင့်မှမရှိတာကြောင့် စိတ်ဝိညာဉ်စွမ်းအင်တွေရှိကြသည့် ဒီကျင့်ကြံသူတွေက သူတို့အားလုံး၏မျှော်လင့်ချက်ပင်ဖြစ်သည်။


ရွှီဇီယန်ကကုသပေးရန် ပြောလိုက်တာကြောင့် အသက်ကြီးကြီးသမားတော်ကလည်း သူ၏စွမ်းရည်တွေအားလုံးကို အသုံးပြုပြီး အဒေါ်ကြီးအား ကုသပေးချင်ပေမယ့် ကံမကောင်းစွာ သူမကအလွန်အားနည်းနေပြီး မအီမသာဖြစ်နေတာကြောင့်သာ မူးလဲသွားတာဖြစ်တာကြောင့် သမားတော်က သူ၏စွမ်းရည်ကို မပြသနိုင်လိုက်တော့ပေ။


ဒါပေမယ့် သူ၏အားမလိုအားမရစိတ်တွေက ရွှီဇီယန် သူ့အားစိတ်ဝိညာဉ်ကျောက်တုံး ပေးလိုက်သည့်အချိန်၌ ပျောက်ရှသွားပြီး သူကချက်ချင်း ရွှီဇီယန်ကို အကောင်းဆုံးလက်ဖက်ရည်ခါးနဲ့ ဧည့်ခံလိုက်ပြီး အခန်းထဲကနေ ထွက်ခွာသွားတော့သည်။ 


သမားတော်က သူမအားနှိပ်နယ်ပေးပြီးနောက် အဒေါ်ကြီးက နိုးလာတော့သည်။ သူမ၏အမြင်တွေ ဝေဝါးနေတာကြောင့် သူမအရှေ့၌ သွယ်လျသည့် ကျင့်ကြံသူတစ်ယောက် ရပ်နေတာကိုသာ သူမမြင်နေရသည်။ တွေဝေသွားပြီး သူမသား၏ပုံရိပ်နဲ့ သူမအရှေ့ကလူ၏ပုံရိပ်တို့ဟာ တစ်ခုနဲ့တစ်ခုထပ်နေတော့သည်။ အကယ်၍ ဟော်အာ,သာအသက်ရှင်နေသေးပါက သူ့အသက်လောက်ရှိနေလောက်ပြီ။


အဒေါ်ကြီးဟာ အလွန်ဝမ်းနည်းသွားပြီး သူမ၏အင်္ကျီလက်ဖြင့် သူမမျက်နှာကိုကာလိုက်ပြီး စတင်ငိုကြွေးလေတော့သည်။ အခြားလူတွေကြားသွားမှာကို သူမကြောက်တာကြောင့် ငိုကြွေးနေသည့်အသံကို အရမ်းဖိနှိပ်ထားသည်။


ရွှီဇီယန်ကလည်း စိတ်မသက်မသာဖြစ်သလို ခံစားနေရပြီး ယွီဟော်အမေ၏ပုံစံကိုကြည့်လိုက်တာနဲ့ ယွီမိသားစု၌ သူမဘဝဟာ ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ သူခန့်မှန်းကြည့်လို့ရသည်။ ညင်သာစွာ သက်ပြင်းချလိုက်ရင်း သူမအားလက်ကိုင်ပဝါပေးလိုက်ပြီး "အဒေါ် မငိုပါနဲ့ အခုချိန်မှာ အရမ်းကြီးစိတ်လှုပ်ရှားနေတာက အဒေါ်အတွက်မကောင်းဘူး"


အဒေါ်ကြီးက ခဏလောက်ငိုကြွေးပြီးနောက် သူမ၏အင်္ကျီလက်တွေဖြင့် သူမ၏မျက်လုံးထောင့်တွေကို သုတ်လိုက်ပြီး သူမ၏ဖောင်းမို့ကာ နီရဲနေသည့်မျက်လုံးတွေဖြင့် ရွှီဇီယန်အား ကြည့်လိုက်ပြီး

"ကျွန်မကိုကယ်တင်ပေးတဲ့အတွက် ကျင့်ကြံသူကို ကျေးဇူးအများကြီးတင်ပါတယ် ပြီးတော့ ဖြစ်ပျက်သွားတဲ့အရာတွေအတွက်လည်း တောင်းပန်ပါတယ်"


"အဒေါ်ကအရမ်းကြင်နာတတ်တာပဲ" ရွှီဇီယန်လျင်မြန်စွာပြောလိုက်ကာ "တကယ်တော့လေ ကျွန်တော် အဒေါ်ကိုမေးချင်တာလေး တစ်ခုရှိလို့"


"အာ ကျွန်မကိုမေးလို့ရပါတယ် ကျင့်ကြံသူ"


ရွှီဇီယန်ခဏလောက် တွေးတောလိုက်ပြီး "ကျွန်တော်ကြားတာက အဒေါ်သားက ပညာသွားသင်ကြားတာဆိုတာ ဟုတ်လား?"


သူမသားအကြောင်းကို သူပြောလိုက်သည့်အချိန်၌ အဒေါ်ကြီးဟာ စိတ်မကောင်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး "အဲ့ဒါတွေအားလုံးက ကျွန်မအမှားတွေပါ ကျွန်မအမေကောင်းမပီသခဲ့လို့ အကယ်၍ ကျွန်မသာဒီလောက်ထိ မပျော့ညံ့ဘူးဆိုရင် ဟော်အာလည်း အသက်ငယ်ငယ်နဲ့ အပြင်လောကကို ဘယ်တော့မှထွက်သွားရမှာမဟုတ်ဘူး အခုတော့…"


ကြည့်ရတာတော့ ယွီဟေယ်အမေဖြစ်သူက သန်မာသည့်အမျိုးသမီးပြောသည့် သူမသားဟာ တောကောင်တွေစားတာ ခံလိုက်ရပြီဆိုတာကို ယုံကြည်နေပုံပေါ်သည်။ ဒါပေမယ့် နှစ်ပေါင်းများစွာအတွင်း ယွီဟော်ဟာ သူမ၏တစ်ခုတည်းသော အသက်ရှင်ရသည့် မျှော်လင့်ချက်ဖြစ်သည်။ သူမက ဒီအတိုင်းသာ ထိုအမျိုးသမီးကို ငြင်းဆိုခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ သူမသားအသက်ရှင်နေဆဲပါဆိုသည့် အကြောင်းကိစ္စကို သူမမှာယုံကြည်မှုမရှိပေ။


ယွီဟော်၏အမေ နောက်တစ်ခါငိုကြွေးနေတာကို ရွှီဇီယန်ကြည့်လိုက်ရင်း သူဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပေ။ သူကအခြားလူတွေကို နှစ်သိမ့်ရာတွေ မတော်ပါ။


"အဒေါ်မငိုပါနဲ့ ကျွန်တော် အဒေါ်ကိုမေးချင်သေးတယ် အဒေါ်သားနာမည်က ယွီဟော်လား?"


အဒေါ်ကြီး၏ခေါင်းဟာ ဆတ်ခနဲမော့လာပြီး သူမ၏ပိန်းပါးလှသည့်လက်တွေဖြင့် ရွှီဇီယန်အားဆုပ်ကိုင်လိုက်ပြီး "ကျင့်ကြံသူ…ကျင့်ကြံသူက ကျွန်မသား ဟော်အာကို သိတာလား?"


သူမဘေးနားက ရွှီဇီရုန်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ၏လက်တွေကိုထုတ်လိုက်ပြီး ညင်သာတယ်ဆိုပေမယ့် ခိုင်ခံစွာ သူ့ကိုကို၏လက်မောင်းတွေကို ဆုပ်ကိုင်ထားသည့် အဒေါ်ကြီး၏လက်တွေအား အဝေးသို့ဆွဲယူလိုက်ပြီး သူမ၏လက်တွေကို အချင်းချင်းထပ်ထားပေးလိုက်သည်။ ထို့နောက် သူကနူးညံ့စွာ ပြောလိုက်သည်။

"ကျွန်တော်တို့ဂိုဏ်းထဲမှာလည်း ယွီဟော်လို့ခေါ်တဲ့ တပည့်တစ်ယောက်ရှိလို့ပါ အဒေါ်နဲ့နည်းနည်းတော့ ရုပ်ဆင်တယ် အဒေါ်က သူ့ရဲ့နာမည်ကိုပြောလိုက်တာကြောင့် ကျွန်တော့်ကိုကိုက လူတစ်ယောက်တည်းများဖြစ်နေမလားဆိုပြီး မေးလိုက်တာပါ"


ရွှီဇီရုန်ဟာ ယွီဟော်က အဒေါ်ကြီးနဲ့ရုပ်ဆင်တယ်လို့ ပြောလိုက်တာဟာ ယွီဟော်ကို ချီးမွမ်းလိုက်ခြင်းပင်ဖြစ်သည်။ ဒီအဒေါ်ကြီးက အသက်ကြီးသည့် ပုံပေါက်နေပေမယ့် သူမငယ်ရွယ်စဉ်အခါ သူမဘယ်လောက်တောင် လှပခဲ့မလဲဆိုတာကို သူမမျက်နှာအားကြည့်ရုံနဲ့ ပြောနိုင်သည်။ ဒါပေမယ့် ယွီဟော်ရုပ်မဆိုးပေမယ့် သူ၏ရုပ်ရည်က သာမန်အနေအထားတော့ရှိသည်။


သူ၏ရုပ်ရည်က ပြိုင်ဘက်ကင်းချောမောတာမျိုး မဟုတ်ပဲ သာမန်သာဖြစ်တာကြောင့် သူ့အားလူအုပ်ကြီးထဲ၌ ရှာလို့တွေ့မည်မဟုတ်ပေ။ သူကအရေးမပါလှသည့် ရိုင်းစိုင်းသည့်စိတ်ထားမျိုးလည်းရှိသေးတာကြောင့် လူတွေအား သူ့အားရိုက်ချင်လာအောင် ပြုလုပ်နေသည်…


"ဟော်အာ…ရှင်တို့တွေက ဟော်အာကိုသိကြတာလား?" အဒေါ်ကြီးကစိတ်လှုပ်ရှားလာပြီး သူမ၏လက်တွေက ရွှီဇီယန်၏လက်မောင်းတွေကို သွားကိုင်လိုက်ပြန်သည်။ ကံကောင်းစွာ ရွှီဇီရုန်က ပိုမြန်သွားပြီး သူကခေါင်းအုံးကိုယူကာ အဒေါ်ကြီး၏လက်တွေကို ဖိလိုက်သည်။


အဒေါ်ကြီးဟာမှင်တက်သွားပြီး နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူမလက်ထဲက ခေါင်းအုံးကိုကြည့်လိုက်ပြီး ဘာအဓိပ္ပါယ်လည်းဆိုတာ နားမလည်စွာဖြင့် ရွှီဇီရုန်အားကြည့်လိုက်သည်။


ရွှီဇီယန်: "…"


ရွှီဇီရုန်၏ခေါင်းကို ခေါက်လိုက်ပြီး 'ကြားဝင်မရှုပ်နဲ့'ဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ရွှီဇီရုန်၏ထူဆန်းသည့် အပြုအမူတွေကြောင့် ရွှီဇီယန်အား နားမလည်နိုင်အောင်ဖြစ်နေပေမယ့် အကိုတစ်ယောက်အနေနဲ့ ဇီရုန်ကိုသူသင်ခန်းစာပေးရမည်။


ရွှီဇီရုန်ကတောင်းပန်သည့်အကြည့်ဖြင့် ဘေးနား၌ရပ်နေသည်။ သူ့ကိုကိုက အဒေါ်ကြီး၏လက်ပေါ်က ခေါင်းအုံးကိုယူကာ ဘေးသို့ထားလိုက်ပြီး သူမ၏လက်ကိုကိုင်ကာ ညင်သာစွာပုတ်ပေးနေတာကို သူကြည့်လို့နေသည်။


အဒေါ်ကြီးနဲ့ရွှီဇီယန်၏လက်တွေ ဆုပ်ကိုင်ထားတာကို ရွှီဇီရုန် စိတ်ပျက်နေသည့် အကြည့်တွေဖြင့် စိုက်ကြည့်နေသည်။ သူ၏အကြည့်တွေက အရမ်းကိုပြင်းထန်လှပြီး အဒေါ်ကြီးက သူမသားအကြောင်းကို ထပ်ကြားလိုက်သည့်အချိန် သူမစိတ်လှုပ်ရှားသွားပေမယ့် ရွှီဇီရုန်၏အကြည့်တွေကို သတိထားမိနေတာကြောင့် ရွှီဇီယန်၏လက်အားလွတ်ပေးလိုက်သည်။


ရွှီဇီရုန်၏အဓိပ္ပါယ်မရှိသည့် အပြုအမူဟာ ရွှီဇီယန်အား ဒေါသထွက်သွားစေပြီး သူ၏မျက်လုံးထောင့်တွေ ကျုံ့သွားသည်။ ကံမကောင်းစွာ ရွှီဇီရုန်က သူ၏အပြုအမူဟာ ပြောင်းလဲခြင်းမရှိဘဲ — သူကအမြဲတမ်း နောင်တရတယ်ဆိုပေမယ့် သူဘယ်တော့မှ ပြောင်းလဲခြင်းမရှိဘူး။


ရွှီဇီယန်အကူအညီမဲ့စွာ ရွှီဇီရုန်အား အမှားပြန်ပြင်ရန် ရည်ရွယ်ချက်ကို သူလက်လျော့လိုက်တော့သည်။ ရွှီဇီရုန်အား သူတတ်နိုင်သမျှ လျစ်လျူရှုလိုက်ပြီး အဒေါ်ကြီးအား သူမသား၏အခြေအနေကို နူးညံ့သည်အသံဖြင့် ပြောပြလိုက်သည်။


ရွှီဇီယန်ဟာ ယွီဟော်နဲ့မတွေ့တော့တာ ငါးနှစ်တောင်ကျော်သွားပြီဖြစ်တာကြောင့် ရွှီဇီရုန် သူ့အားပြောပြထားသည့် အချက်အလက်တွေကိုသာ မှီငြမ်းလိုက်သည်။ နောက်ဆုံးမှာတော့ သူတို့တွေက လက်ရှိယွီဟော်၏ပုံစံဟာ အရပ်မြင့်ပြီး ကျန်းမာသန်စွမ်းသည့် ယောင်္ကျားလေးတစ်ယောက်ဖြစ်နေကြောင်း ပုံဖော်ပြလိုက်သည်။


အဒေါ်ကြီးဟာ မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတာကို မြင်လိုက်ပြီးနောက် ယွီဟော်ကျေးဇူးပြုပြီး အသက်ရှင်နေပါစေလို့ ရွှီဇီယန် တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ငါမင်းပုံစံကို အရပ်ရှည်ပြီး ငယ်ရွယ်သည့်ယောင်္ကျားလေးလို့ မင်းအမေအရှေ့မှာ ငါပြောပြလိုက်ပြီ။ အကယ်၍ မင်းသာရိုင်းစိုင်းနေဆဲဆိုရင် ငါအရမ်းအရှက်ရလိမ့်မည်…


အဒေါ်ကြီးအား နှစ်သိမ့်ပေးပြီးနောက် ရွှီဇီယန် နောက်ဆက်တွဲ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမည်။ ယွီမိသားစုက ဝူတျီမြို့၏မိသားစုကြီးလေးစုထဲကပါဝင်ပြီး အကယ်၍ ယွီဟော်က မျိုးနွယ်စုခွဲက အရေးမပါသည့်လူတစ်ယောက်ဆိုရင်တောင် တစုံတယောက်၏ကိုယ်လုပ်တော်အား သူအရှက်မရှိ အဝေးသို့ခေါ်သွားလို့မရပေ……ဒါပေမယ့် ယွီဟော်၏အဖေက ဒီလူပုဂ္ဂိုလ်၏ရပ်တည်မှုကို မေ့ပျောက်နေလောက်ပြီ။


ဝူတျီမြို့၌ ရက်များစွာနေလာပြီးနောက် ယွီဟော်အဖေ၏များစွာသော သတင်းတွေကို သူစုံစမ်းမေးမြန်းခဲ့ပြီးဖြစ်သည်။ ရွှီဇီယန် ဒီလူပုဂ္ဂိုလ်ကို မဝေဖန်ချင်ပေ။ အဲ့ဒီလူပုဂ္ဂိုလ်က ရွှီရှောင်ထက်တောင် ပိုဆိုးသည်လို့ သူခံစားမိသည်။ ထို့အပြင် ရွှီရှောင်က သူ့သားဖြစ်သူကို အရမ်းကြီးမချစ်ပေမယ့် အဖေတစ်ယောက်၏တာဝန်ကို ကျေပွန်စွာဆောင်ရွက်ပေးသည် ဒါပေမယ့် ယွီဟော်အဖေကတော့…ထားလိုက်ပါတော့လေ။


ယွီဟော်၏အမေက ကိုယ်လုပ်တော်ဖြစ်နေပေမယ့် လူအများ၏မျက်လုံးထဲ၌ သူမကအစေခံနဲ့တောင် တူသေးသည်။ ထို့အပြင် သူမကလည်း အသက်ကြီးနေပြီး သူမသားဖြစ်သူကလည်း ခပ်စောစောသေသွားတာကြောင့် သူမ၏အဆုံးသတ်က မကောင်းလှဘူးလို့ သေချာပြောနိုင်သည်။


ရွှီဇီယန်၏မူလအစီအစဉ်က 'အသက်ကယ်တင်သူ'ဆိုသည့် နာမည်ဖြင့် ယွီဟော်၏အမေကို ယွီဟော်အဖေဆီကနေ 'ဝယ်'မလိုဖြစ်သည်။ 'ဝယ်'တယ်ဆိုသည့် စကားလုံးက နားကြားရတာ မကောင်းလှပေမယ့် ဒီနည်းလမ်းက အမြန်ဆုံးပင်ဖြစ်သည်။ ရွှီဇီယန်အခြားနည်းလမ်းတွေကို စဉ်းစားလိုက်ပေမယ့် ပိုင်ဟွ၏နည်းလမ်းကတော့ အလုပ်မလုပ်မှာသေချာသည်။


ပိုင်ဟွ ယွီဟော်၏အမေကို ကယ်သွားစဉ်အချိန်က ဝူတျီမြို့ဟာ ပျက်စီးနေပြီးဖြစ်သည်။ ယွီဟော်အမေကို ချန်ထားပြီးနောက် ယွီဟော်အဖေတို့၏အဖွဲ့က အောင်မြင်စွာ ထွက်ပြေးနိုင်လိုက်ပေမယ့် သူတို့တွေက ကံမကောင်းစွာ အဆင့်မြင့်တောကောင်နဲ့ အကျဉ်းအကျပ်ထဲသို့ ရောက်ရှိသွားသည်။ သူ၏အဖွဲ့၌ တော်သည့်ကျင့်ကြံသူတွေမပါပေ။ ဒီတော့ အခြေအနေနဲ့ပတ်သက်ပြီး ခန့်မှန်းဖို့ လွယ်ကူသွားကာ — တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ယွီဟော်၏အမေသာ လွတ်မြောက်သွားသည်။


ရွှီဇီယန် ထိုအကြောင်းကို တွေးတောလိုက်ပြီးနောက် အဓိကဇာတ်လိုက်၏အရှိန်အဝါကို သူခံစားခွင့်မရှိပေ။ ပိုင်ဟွကိုပဲကြည့်လိုက်လေ သူကအဓိကဇာတ်လိုက်၏ဘဝပဲဖြစ်သည်။ အကယ်၍ ပိုင်ဟွသာ လူတစ်ယောက်ကို ကယ်တင်ချင်တယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေကို မိုးနတ်မင်းကြီးက ဖြေရှင်းသွားလိမ့်မည်။


သူ၏ခေါင်းအကူအညီမဲ့စွာ ကုတ်လိုက်ရင်း ယွီဟော်၏အမေလွတ်လပ်သွားအောင် စိတ်ဝိညာဉ်ကျောက်တုံးတွေဘယ်လောက်တောင် လိုအပ်တာလဲဆိုတာ သူစတင်တွေးတောနေမိသည်။ လောဘကြီးသည့်သား၏အဖေဖြစ်တာကြောင့် သူကသေချာပေါက် ဒီအခွင့်အရေးကို ရအောင်ယူလိမ့်မည်။


#TK