Chapter 64
Viewers 9k

👻Chapter 64

မမက ဘာလို့ မီးမီးနဲ့အတူတူ မကစားရတာလဲ.(14)....



ရှို့ရှို့က အရုပ်လေး ကိုင်ထားပြီး အရုပ်ဆံပင်က နေရာစုံပန်းထွက်နေ၍ ကြာပန်းပုံလို သွေးကွက်ပေါ် ကပ်ညှိနေသည်။ 

  

သူတို့က ရှို့ရှို့၏ အလောင်းကို ရှာတွေ့သွားသည်။


ကျင်းထျန်းယိက အလောင်းကို အဝတ်စနှင့် အုပ်ပေးရန် ပြင်လိုက်စဥ် ရုတ်တရက် အမြင်အာရုံတို့ ဝေဝါးလာ၏။

  

သူတို့ရှေ့တွင် အဖြူနှင့်အမည်း လူပြက်တစ်ယောက် ပေါ်လာလေသည်။


ချူဟွိုက်၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး နောက်ဆုတ်ရန် ပြင်သည်။ သူက လူပြက်ကိုယ်ထဲ လက်ယမ်းလိုက်ရာ ဖောက်ထွင်းပြီး လက်က ထွက်သွားလေသည်။

 

ကြည့်ရတာ ပုံရိပ်ယောင်တစ်ခုပဲ နေမှာပါ....


လူပြက်တွင် နှာခေါင်းနီကြီးနှင့် ပဥ္စဂံပုံ မျက်လုံးနက်များ ရှိသည်။


လူပြက်ကြီးက ခုန်ထွက်သွားပြီး ခုန်ဆွခုန်ဆွလုပ်နေသော ရှို့ရှို့က သူတို့မြင်ကွင်းထဲ ရောက်လာသည်။ ရှို့ရှို့ကတော့ အရောင်ပါသည်။


ရှို့ရှို့အမေက ကစားကွင်းထဲတွင် အဖော်တစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေ၍ မလှမ်းမကမ်းမှ လူရွှင်တော်ကြီးကို စိုက်ကြည့်နေသည့် ရှို့ရှို့ကို သတိမထားမိချေ။


ရှို့ရှို့၏ စပျစ်သီးအမည်းလို စပ်စုလိုသည့် မျက်လုံးလေးများက သိချင်စိတ်တို့ ပြင်းပြနေသည်။

 

မလှုပ်မယှက်ရပ်နေသည့် လူရွှင်တော်က ကျောက်ရုပ်တစ်ခုလို ရုတ်တရက် ထိုင်ချလိုက်ရင်း လက်ထဲက ရောင်စုံပူဖောင်းလေးများကို ခါပြကာ ရှို့ရှို့ကို လက်ယပ်ခေါ်လိုက်သည်။ 


ရှို့ရှို့က အနောက်မှနေ၍ သူမအမေ၏ အင်္ကျီစကို လှမ်းပုတ်လိုက်သော်လည်း သူမအမေက စကားကောင်းနေသည်ကတစ်မျိုး ကစားကွင်းကလည်း ဆူညံနေ၍ သတိမထားမိချေ။  


မနေနိုင်တော့၍ ရှို့ရှို့က အနောက်မှ ခိုးကြောင်ခိုးဝှက် ထွက်သွားပြီး အလုပ်သဘောအရ ရယ်ပြနေရသော လူရွှင်တော်ဆီ ပြေးသွားလိုက်သည်။


သူမက ကြယ်ပုံလေးများပါသည့် ပူဖောင်းလေးတစ်လုံးကို ရချင်မိသည်။ 


ပုံရိပ်ယောင်က ပျောက်ကွယ်သွားလေသည်။


ရှို့ရှို့ကို နားလည်ရခက်သည့် လူရွှင်တော်က သတ်သွားခြင်းဖြစ်သည်။


လူမဆန်သည့် လုပ်ရပ်တစ်ခုလုံးကို သစ်သားမြင်းရုပ်ထဲရှိ အလောင်း၏ အသားစများမှ တွေ့နိုင်သည်။


တိတ်ဆိတ်သော ညအလယ် လူပြက်လို ဝတ်ဆင်ထားသည့် အလုပ်သမားတစ်ယောက်က မြင်းကမ္ဘာရှေ့ကို ခိုးကြောင်ခိုးဝှက်ရောက်လာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများပါသည့် ပလတ်စတစ်အိတ်မည်းကြီးတစ်လုံးကို ဆွဲလာလေသည်။ သူက မြင်းရုပ်ခေါင်းကို အားနှင့်တွန်းဖွင့်ပြီး အိတ်ထဲက အစိတ်အပိုင်းများကို လောင်းထည့်ကာ အနံ့အထွက်ရန် ကာဗွန်များပါ ထည့်ထားခဲ့သည်။ 

 

ထို့နောက် သူက မြင်းရုပ်ခေါင်းကို ပြန်တပ်လိုက်သည်။


ကလေးမလေး၏ မိခင်က ကလေးရှာမတွေ့၍ ခါးခါးသီးသီး ငိုကြွေးနေသည်။


သားချော့တေးရပ်သွားသည့် အချိန်ကို မသိလိုက်ရသော်လည်း မြင်းကမ္ဘာက မလည်တော့ပဲ ရပ်သွားလေသည်။ 


အချက်အလက်များကိုလည်း နည်းနည်းချင်းစီ ချိတ်ဆက်မိပြီဖြစ်သည်။


အမျိုးသမီးက လူပြက်လို အပြုံးကြီးနှင့် သေသွားရခြင်းမှာ ရှို့ရှို့က လူရွှင်တော်ဆီမှ အသတ်ခံခဲ့ရ၍ဖြစ်သည်။    


ကလေးမလေး၏ ရွေ့လျားပုံကလည်း ကြယ်ပုံလေး ဖြစ်နေ၍ ပူဖောင်းပေါ်ရှိ အကွက်ဖြစ်နေသည်။


သူတို့ကလည်း မစီးခင်အချိန်တွင် အရိပ်အမြွက်အနေနှင့် ပူဖောင်းကိုင်ထားသော ရင်ထိတ်ဖွယ် လူရွှင်တော်ရုပ်ကြီးကို တွေ့ခဲ့ရသည်။ 


ချူဟွိုက်က လက်မှတ် ထုတ်ကြည့်လိုက်ရာ မြင်းကမ္ဘာ၏ နောက်ဆုံးပိတ်ကွင်းလေးထဲ အမှန်ခြစ် ခြစ်ထားပြီဖြစ်သည်။

  

ကောင်မလေးက မြင်းကမ္ဘာရပ်သွားသည်ကို တွေ့လိုက်၍ အမြန် ရောက်လာပြီး အပြုံးလေးနှင့် ပြောလာသည် 


" မမတို့ လုပ်နိုင်မယ်မှန်း ထင်ထားပြီးသား....မမတို့ မကျော်လွှားနိုင်တဲ့ စိန်ခေါ်မှုဆိုတာ မရှိဘူးပဲ....."


“ကျေးဇူးပါ...." ချူဟွိုက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူက ထပ်ပြီး မြင်းရုပ်ခေါင်းကို ဆွဲချွတ်ကြည့်လိုက်သော်လည်း မျက်မှောင်ကြုတ်မိသွားပြီး ကျင်းထျန်းယိဆီ မျက်စပစ်ပြလိုက်သည်။


မြင်းရုပ်ခေါင်းက ပွင့်မလာပါလား....


ကြည့်ရတာ တစ်ခုခု ပိတ်ထားသလိုပဲ....


နှစ်ယောက်သား ဆင်းလိုက်ကြပြီး ကျင်းထျန်းယိက မေးလာသည် " ခုနက အထဲမှာ ဖြစ်သွားတာတွေကို မင်းမြင်လိုက်လား...."

 

ကောင်မလေးက ခေါင်းယမ်းပြသည် " လည်နေတာက အရမ်းမြန်နေတော့ မမြင်လိုက်ရဘူး...."


ချူဟွိုက်က ခေါင်းညိမ့်ပြလိုက်ပြီး ကောင်မလေး၏ မျှော်လင့်နေသော မျက်လုံးထဲ စိုက်ကြည့်လိုက်ရင်း စကားလုံး သေချာရွေးပြီး ပြောပြလိုက်သည်။

 

“လုပ်ရမှာက ကလေးမလေးတစ်ယောက်ရဲ့ အလောင်းကို ရှာဖို့ပဲ....မင်းက ကလေးမလေးကို ဖမ်းမိသွားတာနဲ့ သူမက အလောင်းရှိနေတဲ့ မြင်းရုပ်ဆီ လမ်းပြပေးလိမ့်မယ်....ကလေးမလေးရဲ့ လှုပ်ရှားမှုက ကြယ်ပုံစံမျိုးပဲ....သူမရဲ့ ဦးတည်ရာကို သေချာလေ့လာပြီး မင်းဆီရောက်လာမယ့် အလှည့်ကို စောင့်နေလိုက်ပါ....."

  

ကောင်မလေးက လက်ချောင်းနှင့် ရေတွက်ကြည့်နေပြီး ဝမ်းသာလုံးစို့နေသည်။ 


“ဒါနဲ့....." သူမက မျက်လုံးပင့်ကြည့်လာရင်း မေးလာသည် " အဲ့ဒါက ဒီသစ်သားမြင်းရုပ်လား...."


ချူဟွိုက် တွန့်ဆုတ်နေပြီး ခေါင်းညိမ့်ပြလာသည်။


ကောင်မလေးက စိတ်ရင်းမှန်နှင့် ဦးညွတ်လိုက်သည် 


" ကျေးဇူးတင်ပါတယ်...." သူမက ထိုသစ်သားမြင်းရုပ်၏ ပုံစံနှင့် တည်နေရာကို မှတ်မိအောင်လုပ်ထားလိုက်သည်။


ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ ထွက်သွားပြီး နာရီဝက်အကြာ၌ ကောင်မလေးက မြင်းကမ္ဘာထဲ တစ်ယောက်တည်း ဝင်သွားလိုက်သည်။


မျှော်မှန်းထားသည့်အတိုင်း သူမက ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူမ၏ပုံစံက ချူကျောင်းပြောသွားသည်နှင့် ကွဲလွဲနေသည်။


ချူကျောင်းက ကလေးမလေးမှာ တက်ကြွပြီး ချစ်စရာကောင်းသည်ဟု ပြောခဲ့သော်လည်း သူမရှေ့က ကလေးမလေးကမူ တစ်ကိုယ်လုံး သွေးဖုံးနေပြီး ဆံပင်က အရေပြားနှင့် ကပ်နေကာ တစ်ခုတည်းသော မြင်ရသည့် မျက်လုံးများကလည်း အေးစက်ပြီး နိမိတ်မကောင်းသည့်ပုံပေါ်နေသည်။


သူမရပ်နေသည့် နေရာမှ သွေးအိုင်တစ်ခုက အလျင်အမြန် ပေါ်လာသည်။


ကောင်မလေးက တိုင်လုံးကို ကိုင်ထားရင်း တုန်ယင်လာပြီး မျက်နှာက ဖြူဖျော့လာသည်။ သူမ ဒီကလေးမလေးကို ဖမ်းလိုက်သင့်လား....။ ဟင့်အင်း....သူမ မလုပ်ချင်ဘူး.....။


သူမက တိုင်လုံးမှ သွေးများကို သတိထားမိသွားချိန် ပိုပြီး ကြောက်လန့်သွားရသည်။


" မမ....ရှို့ရှို့ကို လိုက်ရှာ...." ကလေးမလေးက တခစ်ခစ်ရယ်လာသည်။


မြင်းရုပ်များက အလျင်အမြန် လည်ပတ်လာ၍ ကောင်မလေးမှာ ခေါင်းမူးလာရသည်။


“ဟိုမြင်းရုပ်....မြင်း....ရုပ်က ဘယ်မှာလဲ..." သူမက ရေရွတ်လိုက်ရင်း ကြောက်ရွံ့မှုကြောင့် မျက်ရည်များစိုရွှဲလာသည်။


နောက်ဆုံးတွင် သူမ၏ မျက်လုံးထက် စိတ်လွတ်သွားသလိုမျိုး အကြည့်တစ်ခု ဝင်ရောက်လာသည်။ 

  

တွေ့ပြီ....အဲ့ဒီတစ်ခုပဲ....


တွန့်ဆုတ်မနေပဲ သူမက သစ်သားမြင်းရုပ်လေးဆီ အပြေးသွားလိုက်သည်။


ကောင်မလေး၏ နောက်မှ ကလေးမလေး၏ မျက်လုံးများက မကျေနပ်ဟန် အထင်းသားပေါ်လာသည် 


" မမ.....ရှို့ရှို့ကို ရှာဖို့ လာခဲ့တာ မဟုတ်ဘူးလား....မမ....ရှို့ရှို့နဲ့ ဘာလို့ အတူတူမကစားချင်ရတာလဲ....ရှို့ရှို့ကို ရှာဖို့ ရောက်လာတာပဲကို....အို့....."


ကောင်မလေးက ထိုကလေးမလေး ပြောစကားများကို ဂရုမစိုက်ချေ။ စောစောပိုင်းက ချူကျောင်းနှင့် သူ့ကောင်လေးတို့ စီးသွားကြသည့် မြင်းရုပ်ပေါ် ထိုင်လိုက်ရင်း အသက်ရှင်ရန်အတွက် နောက်ဆုံးသော ကောက်ရိုးမျှင်ကို ဖမ်းဆုပ်မိသွားသလို ခံစားလိုက်ရသည်။

  

ကောင်မလေးက စိတ်အေးသွားသလို သက်ပြင်းရှိုကလိုက်ပြီး မျက်လုံးထဲ မျက်ရည်များ ဝေ့သီလာသည်။ အသက်ရှင်ဖို့ လမ်းတွေ့သွားပြီ.....။


ရုတ်တရက် ရှို့ရှို့က မျက်လုံးပိတ်လိုက်ပြီး ပြန်ဖွင့်လာသည့်အချိန် သူမ၏ မျက်လုံးအိမ်ထက် မျက်ဆံမပါပဲ မျက်သားဖြူဖြူကြီးသာ ရှိနေလေသည်။


သူမက ကောင်မလေးနောက် လစ်ခနဲ ရောက်သွားပြီး လူပြက်က သူမကို လုပ်ခဲ့သလိုမျိုး ကောင်မလေး၏ ဆံပင်ရှည်ကြီးများကို အားပြင်းပြင်းနှင့် ဆောင့်ဆွဲလိုက်သည်။ 

 

“မမ ရွေးတာ မှားတယ်...." ရှို့ရှို့က ဆိုလိုက်သည်။


အသက်မထွက်မီ နောက်ဆုံးစက္ကန့်လေးတွင် ကောင်မလေး၏ မျက်နှာထက် စိတ်ပျက်မှုများ ပြည့်နေခဲ့သည်။ 

 

ချူကျောင်း.....သူမက ဘာလို့ လိမ်ခဲ့ရတာလဲ....။


လူပြက်လိုမျိုး ကြောက်စရာ အပြုံးကြီးတစ်ခုက ကောင်မလေး၏ မျက်နှာထက် ပေါ်လာလေတော့သည်။ 


မြင်းကမ္ဘာက မရပ်သေး၍ သားချော့တေးသံက ဆက်လက်ပေါ်ထွက်နေပြီး ဒုတိယအကြော့ကို စတင်နေပြီ ဖြစ်သည် " မြင်းကမ္ဘာကို ကိုယ်အကြိုက်ဆုံးကွယ်....ကစားကွင်းထဲဝယ် တိတ်တဆိတ် လည်ပတ်နေရှာတယ်.... "


ရှို့ရှို့က ကောင်မလေး၏ အလောင်းဘေးနား ရပ်လိုက်ရင်း ရေရွတ်လာသည်


 " မမ....ရှို့ရှို့က မမကို မသတ်ချင်ပါဘူး....ဒါပေမယ့် ဘာလို့ ရှို့ရှို့ကို လာမရှာရတာလဲ.....ရှို့ရှို့က အရမ်းအထီးကျန်နေတာ.....အတူတူကစားမယ့်သူလည်း မရှိဘူး...."

 

👻


ကြောက်မက်ဖွယ်အိမ်ကြီးထဲမှ ထွက်လာခဲ့ချိန်ထိ ချူဟွိုက်က ကောင်မလေးအကြောင်း စဥ်းစားမိနေ၍ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် 


" ကျွန်မရဲ့ နည်းလမ်းအတိုင်းဆို သူမက ရှို့ရှို့ကို ဖမ်းနိုင်သွားတာနဲ့ ပြဿနာမရှိလောက်တော့ဘူး...."


ကျင်းထျန်းယိက ဆိုလာသည် "ရှို့ရှို့ရဲ့ အလောင်းကို ဖွက်ထားတဲ့ မြင်းရုပ်က အတည်တကျ မရှိမှာကို စိုးရိမ်နေတာ မဟုတ်လား....မြင်းရုပ်ရှေ့က တိုင်လုံးတွေ အကုန်လုံး သွေးထွက်နေတဲ့အတွက် ရှို့ရှို့က သူမရဲ့ အလောင်းကို နေရာပြောင်းထားနိုင်လောက်တယ်...."

 

သူတို့ ထွက်လာပြီးကတည်းက ထိုအကြောင်းစဥ်းစားနေသည်မှာ အချိန်တစ်ချို့ ကြာသွားပြီဖြစ်သော်လည်း ချူဟွိုက်က ရှင်းရှင်းလင်းလင်း ပြောပြခဲ့၍ ပြန်သွားစရာမလိုလောက်ဟု ထင်မိသည်။


တစ်ယောက်တည်း ကစားရသည့် ပရောဂျက်ကို အောင်မြင်သွားသည်က သဲလွန်စများကို ထုတ်ပစ်ရခြင်းမျိုးဖြစ်၍ သူတို့လုပ်နေသည့်အရာကို ကောင်းမွန်သည့် ဆောင်ရွက်ချက်ဟု မသတ်မှတ်နိုင်ပေ။ 


သူတို့ခရီးပေါက်လာတာနဲ့ ပိုပြီး ရိုးရှင်းလာမှာ....


ချူဟွိုက်က အာသန်းလိုက်ရင်း နာရီကို ကြည့်လိုက်ရာ ၁၂နာရီ ၃၀မိနစ်သာ ရှိသေးသည်။


ကျင်းထျန်းယိက နောက်ထပ်ပရောဂျက်ရှိရာ မောင်းနှင်သွားလိုက်ပြီး ရောက်သွားသည့်အချိန် လှည့်ကြည့်လိုက်ရာ ခုံပေါ်တွင် အိပ်ပျော်နေသော ချူဟွိုက်ကို တွေ့လိုက်ရသည်။

 

ညလေညင်းတို့ တိုက်ခတ်နေပြီး ခေါင်းစောင်းပြီး အိပ်ပျော်နေ၍ မျက်တောင်ထူစိပ်စိပ်များနှင့် မျက်နှာလေးက အရောင်လက်နေသည်။


ကျင်းထျန်းယိက နှာမှုတ်လိုက်ပြီး အနောက်ခုံဆီ တွားသွားလိုက်ရင်း ချူဟွိုက်ကို ကျောပိုးရန် သူ့လက်ကို ဆွဲယူလိုက်သည်။ 


ချူဟွိုက်က ဆင်းချင်၍ ရုန်းကန်လာသည် " ကျွန်မ လုပ်နိုင်ပါတယ်...."


ကျင်းထျန်းယိ " အိပ်သာအိပ်ပါ...."

 

ကျင်းထျန်းယိက စုံတွဲပရောဂျက်ရှိသည့် နေရာထိ ကျောပိုးသွားမည်ဖြစ်၍ စိတ်ချလက်ချ ဆက်အိပ်နို

င်မည့်အကြောင်း စဥ်းစားမိရင်း ချူဟွိုက်မှာ မရုန်းတော့ပေ။ သို့သော်လည်း ကျင်းထျန်းယိက သူ့ကို ဝင်္ကပါကြီးထဲ ခေါ်သွားလေသည်။


မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် အပြင်ထွက်လာကြသည်။


သားသားနားနား ဝတ်ထားသည့် အမျိုးသားတစ်ဦးက သူတို့နောက်မှ လိုက်ပါလာရင်း အေးအေးဆေးဆေးရှိလှသော ကျင်းထျန်းယိကို ကြည့်ပြီး သက်ပြင်းမချပဲမနေနိုင်ပေ။  


သူ့မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီလူက တစ်ခြားသူကို ကျောပိုးပြီး စိမ်ပြေနပြေ လျှောက်နေနိုင်သေးတယ်.....သရဲနဲ့ရင်ဆိုင်ရတာတောင် ပြေးမသွားဘူး....အကြောင်းက သူကျောပိုးထားတဲ့သူ နိုးသွားမှာစိုးလို့တဲ့လေ....


ကို့ရို့ကားယားအနိုင်ဆုံးကတော့ သူ့ကျောပေါ်က လူကလည်း တကယ်ကို အိပ်ပျော်နေတာ...

 

ချူဟွိုက်က အိပ်ချင်မူးတူးနှင့် မျက်လုံးပွတ်လိုက်ပြီး အက်ကွဲနေသော အသံနှင့် မေးလာသည် " ကျွန်မတို့ မရောက်သေးဘူးလား...." မဖြစ်နိုင်ဘူး....သူ အကြာကြီး အိပ်ပျော်သွားတယ်လို့တောင် ထင်ထားတာ....


သားသားနားနား ဝတ်ထားသည့် အမျိုးသားက စိတ်ထဲ သက်ပြင်းချမိသည် " ငါလည်း အိပ်နေရင်း နောက်တစ်ဆင့် တက်သွားနိုင်ဖို့ ဆုတောင်းမိတယ်...."


၁နာရီ ၄၀မိနစ်တွင် ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က "လိင်ပိုင်းဆိုင်ရာ အသိပညာရပ် စာအုပ်" ဆိုသည့် စုံတွဲပရောဂျက်ရှိရာ အဝင်ဝသို့ ရောက်ရှိလာကြသည်။


အပေါက်ဝတွင် ပရောဂျက်စာရင်းတစ်ခု ရှိနေသည်။ လိင်ပိုင်းဆိုင်ရာ ရွေးချယ်မှု- အထိအတွေ့ ၊ အနံ့အသက် ၊ အကြား ၊ အမြင်....။



👻