Chapter 103
Viewers 20k

♎️Chapter 103

ယွမ်ယဲ့ -4



သူသည် ဆင်ခြေရှာပြီးလွတ်အောင်ပြေးလာခဲ့ကာ သန့်စင်ခန်းထဲတွင်ဝင်ပုန်းနေခဲ့သည်။ ထို့နောက် သူ၏ ကြည်နူးဖွယ်အချစ်ပုံပြင်လေးကိုလုပ်ကြံပြောရန် အပြင်းအထန်စဥ်းစားနေရ၏။ သို့ထိတိုင် သူ့ထံတွင် အစွမ်းအစမရှိချေ။ အခန်းထဲပြန်ရောက်သည့်အခါ သူ မုန့်ရှစ်ရှူးကို ရိုးရှင်းသည့်နည်းလမ်းဖြင့်ပြောပြလိုက်ရလေ၏။ 


"ငါသူ့ကိုချစ်နေခဲ့တာ အတော်လေးကြာပြီ.."


သူသည်ကား အဆိုပါ ယုတ္တိမရှိသည့်စကားကို လေးနက်သည့်မျက်နှာဖြင့် ​ပြောနေမိလေခြင်း။


မုန့်ရှီရူက အပြုံးဖြင့်မေးလာလေသည်။ 

"ဘယ်လိုမျိုးလဲ..."


"မထင်ထားသည့်အချိန်မှာ ချစ်မိသွားတာ..."

 ဖုယွမ်ကျိုးသည်ကား ရုပ်တည်ကြီးဖြင့်ဆက်ပြောနေဆဲ။


"ရှင်ဘာလို့သူ့ကိုသဘောကျသွားလဲ.."


"ဘာလို့လဲဆိုတော့...." 

ဖုယွမ်ကျိုးသည် ယွမ်ယဲ့၏အခွင့်ကောင်းယူမှုတို့ကို ပြန်တွေးကြည့်လိုက်၏။ 


"တကယ်တမ်းတွေးကြည့်ရင်...အများကြီးပါပဲ..သူကချောတယ်..စာလည်းတော်တယ်...ဂိမ်းလည်းကစားနိုင်တယ်...သူ့အကျင့်တွေကလည်း ငါနဲ့ကိုက်ညီတယ်..သူက မျက်စိနောက်စရာတော့ကောင်းပေမဲ့ ဂရုစိုက်ပေးတတ်တဲ့လူပါ..."


"တကယ်လား..." 

မုန့်ရှစ်ရှူး အံ့ဩသွားလေသည်။


"တကယ်ပါ..." 

ဖုယွမ်ကျိုးက ခေါင်းညိတ်ပြပြီး ယွမ်ယဲ့ကို မဟားတရားချီးကျုးနေလေသည်။ 

"ငါ့စိတ်ထဲမှာခုနေတာရှိရင် ဒါမှမဟုတ် နေထိုင်လို့မကောင်းတော့ရင် သူချက်ချင်းသိသွားတော့တာပဲ...ငါ့ကိုဂရုစိုက်ပေးပြီး ပျော်အောင်လည်းလုပ်ပေးတယ်...နောက်တမျိုးပြောရရင် ငါချောကလက်ကြိုက်တယ်ဆိုတာ သူသိထားတော့ ချောကလက်တွေယူလာပြီး ငါ့ကိုကျွေးတယ်..ဆောင်းတွင်းဆိုရင် နွားနိူ့ပူပူလေးဝယ်လာတယ်..နွေရာသီဆိုရင်တော့ အေးတာလေးဝယ်လာပေးတယ်...သူ့ကြောင့်..ငါ့ဗိုက်ကြွက်သားတွေပျောက်ကုန်တာလေ..."


"ငါနေမကောင်းဖြစ်ရင်လည်း စာတွေကူးလာပေးတယ်..သူ့အတွက်သူကျတော့တစ်ခါမှမလုပ်ဖူးလေ...ဒါပေမဲ့ ငါ့အတွက်ဆိုရင်တော့ စိတ်ရင်းနဲ့လုပ်ပေးရှာပါတယ်.."


ဖုယွမ်ကျိုးမှာ ပိုပြောမိလေ၊ သူ့ကိုယ်သူပိုပြီးအံ့ဩလာရလေပင်။ ယွမ်ယဲ့ကသူ့အတွက် အများအပြားလုပ်ပေးခဲ့သလို သူသည်လည်း လုပ်ပေးခဲ့သမျှကို လုံးဝမေ့မသွားခဲ့ပေ။


မုန့်ရှစ်ရှူးက အာရုံစိုက်ကာနားထောင်နေပြီး အချိန်တိုင်း စကားအချို့ဝင်ထောက်ပေးနေခဲ့သည်။


 "ဘယ်သူကအရင်ဖွင့်ပြောတာလဲ..."


"သူပေါ့..."


ဖုယွမ်ကျိုးသည်ကား အခိုင်အမာကိုပြောလိုက်လေ၏။ သူ့ဖုန်းထဲတွင်ပင် အမှတ်တရအနေဖြင့်ရေးမှတ်ထားခဲ့ပြီး သန့်စင်ခန်းထဲဝင်နေချိန်တွင် မုန့်ရှစ်ရှူးမေးလာပါက ချက်ချင်းဖြေနိုင်အောင်မှတ်ထားခဲ့သည်။


"မနှစ်ကနွေဦးရာသီပွဲတော်ရောက်ခါနီးမှာ နှစ်ယောက်အတူဂိမ်းကစားကြတယ်..သူကဂိမ်းထဲမှာ ငါ့အတွက်မီးပန်းဖောက်ပေးတယ်...မီးပန်းက ချစ်သူရည်းစားတွေအတွက် ထုတ်ပေးထားတဲ့ဟာမျိုး...ငါကတော့ သူမှားသွားတယ်လို့ထင်မိတာ...အရင်ကလည်းလုပ်ဖူးခဲ့တာကိုး..."


ပြောပြောဆိုဆိုပင် ဖုယွမ်ကျိုး ရယ်မောလိုက်မိသည်။ ဂိမ်းထဲတွင် နွေဦးရာသီပွဲတော်အတွက် မီးပန်းပွဲတော်ပုံစံပြင်ဆင်ပေးထားပြီး သူတို့ မတော်တဆအမှားလုပ်မိသွားခဲ့ကြသည်။ ထိုနေ့က ဂိမ်းအသစ်တစ်မျိုးထွက်လာသောကြောင့် ယွမ်ယဲ့နှင့်သူ အတူတကွကစားခဲ့ကြ၏။


ပထမဆုံးအကြိမ် ကစားခြင်းဖြစ်၍ ဗျူဟာမချဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်မီးပန်းဖောက်ခဲ့လိုက်ကြသည်။ မာစတာအဆင့်များက လူသစ်များနှင့်မတူပေ။ ကစားနေသည့်အတောအတွင်း မီးပန်းပွဲတော်အတွက် ပြင်ဆင်ခဲ့ကြပြီး မထင်မှတ်ဘဲ ပြင်ထားသည့်မီးပန်းများက ဂိမ်းချစ်သူများအတွက်ဖြစ်နေခဲ့ကာ မီးပန်းပွဲတော်ကိုတုန်လှုပ်စေခဲ့ပြီး ဘော့စ်ကိုပင်ဒေါသထွက်စေခဲ့သည်။


သူတို့ဘက်တွင် နှစ်ယောက်တည်းသာဖြစ်နေသောကြောင့် ဘော့စ်ကိုအနိုင်ရရန်မှာ မဖြစ်နိုင်ခဲ့ပေ။ အမြန်ထွက်ပြေးကြသော်လည်း ကြေကွဲဖွယ်ကောင်းစွာဖြင့် နောက်ဆုံးတော့ သေသွားခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုကိစ္စက ဟာသဖြစ်သွားခဲ့ပြီး ​ပြောမိကြတိုင်း ရယ်နေကြရဆဲပင်။


ဖုယွမ်ကျိုးက လုပ်ကြံထားသည့်ဇာတ်လမ်းကို မုန့်ရှစ်ရှူးအားပြောပြလိုက်လေ၏။ 


"ငါထင်တာက သူမီးပန်းကိုမှားဖောက်မိတာ...ဒါမှမဟုတ် ငါ့ကိုစတာလည်းဖြစ်နိုင်တယ်ပေါ့..ဒါပေမဲ့ သူကဘာမှမပြောဘဲ ဂိမ်းထဲကထွက်သွားတယ်လေ..ခဏနေတော့ ငါ့ကိုဖုန်းခေါ်ပြီး ပြတင်းပေါက်ကိုကြည့်ခိုင်းတယ်..."


"အဲဒီတုန်းက ညဘက်လေ...ငါပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တော့ အရမ်းလှတဲ့မီးပန်းတွေကိုမြင်လိုက်ရတယ်...ပန်းရောင်တောက်နေကြတာ..ဂိမ်းထဲက ချစ်သူတွေရဲ့မီးပန်းတွေအတိုင်းပဲ..."


"ပြီးတော့ ငါ ယွမ်ယဲ့ကို အိမ်အောက်မှာတွေ့လိုက်တယ်..သူကငါ့ကိုဖုန်းခေါ်ပြီးဆင်းလာခိုင်းတယ်...သူမှားဖောက်တာမဟုတ်ဘူး...ဒီတစ်ခေါက်ကတကယ်ပါတဲ့...ငါ့ကိုသဘောကျပါတယ်တဲ့..."


"ရိုမန့်တစ်ဆန်လိုက်တာ..." 

မုန့်ရှစ်ရှူးက အားကျနေသည့်အသံဖြင့်ပြောလာခဲ့သည်။

 "ရှင်သူ့ကိုချက်ချင်းအဖြေပေးလိုက်တာလား..."


"ဘယ်ပေးပါ့မလဲ.." 

ဖုယွမ်ကျိုးသည် ဆင်ထားသည့်ဇာတ်လမ်းအတိုင်း ဆက် က သွားလေသည်။ "

ငါလည်းသူ့ကိုတဖက်သတ်သဘောကျနေတာဆိုပေမဲ့ အဖြေမပေးခင်စဥ်းစားသေးတာပေါ့..."


မုန့်ရှစ်ရှူးက နားလည်သလိုခေါင်းညိတ်ပြလေသည်။ ရုံထဲတွင် အတော်လေးဆူညံနေပြီး သူတို့သုံးယောက်ကမူ တနေရာစီထိုင်နေခဲ့ကြသည်။ ဂိမ်းရလဒ်က ထင်ထားခဲ့သည့်အတိုင်းပင်။ ယွမ်ယဲ့၏ အာနိုအသင်းက အနိုင်ရသွားခဲ့သည်။ ခန်းမထဲမှ အားပေးသံများမှာ ဒီရေအလား တဝေါဝေါဆူညံနေပြီး ဖုယွမ်ကျိုးသည်လည်း ပျော်ရွှင်နေမိလေ၏။


ဖုယွမ်ကျိုးက ဝမ်းကွဲညီမလေးအတွက် လက်မှတ်တောင်းပေးရန်ပြောထားသောကြောင့် ယွမ်ယဲ့ကို သူမအားခေါ်လာ၍ ရမရမေးကြည့်လိုက်သည်။ သူယွမ်ယဲ့ကိုမက်ဆေ့ချ်ကြိုပို့ထားခဲ့သော်လည်း ယွမ်ယဲ့က ပြိုင်ပွဲပြီးမှ စာကိုတွေ့သွားခဲ့လေသည်။


ယွမ်ယဲ့နှင့် အသင်းဖော်များမှာ ဂုဏ်ပြုပွဲကျင်းပရန်စီစဥ်ထားကြသောကြောင့် ဖုယွမ်ကျိုးနှင့်ညီအစ်မနှစ်ယောက်တို့မှာ နားနေခန်းကိုခဏတဖြုတ်ပြန်လာခဲ့ကြပြီး ယွမ်ယဲ့က အိုကေဟု ပို့လိုက်မှ သူ့အားသွားရှာခဲ့ကြသည်။


"အာ..ဆောရီး...ငါခဏနေရင်သွားရတော့မှာ..."


သို့ရာတွင် ရောက်ခါနီးမှ မိန်းကလေးမှာရှက်သွေးဖြာနေသည့်ပုံစံဖြင့် သန့်စင်ခန်းကိုထွက်သွားပြန်၏။ သူမ ရေအများကြီးသောက်ထားမိသောကြောင့် သန့်စင်ခန်းသွားရန်လိုအပ်နေလေသည်။


"အရှေ့ကအခန်း..." 

ဖုယွမ်ကျိုးက လက်ညိုးထိုးပြလိုက်သည်။

 "ငါတို့အရင်သွားနှင့်ပြီ..မင်းကိုစောင့်နေမယ်..."


"အိုကေ...တောင်းပန်ပါတယ်...ကျွန်မအမြန်သွားပြီးပြန်လာခဲ့မယ်နော်..."


မိန်းကလေးကအမြန်ပြေးထွက်သွားပြီး ဖုယွမ်ကျိုးက တံခါးခေါက်လိုက်သည်။ ယွမ်ယဲ့ကတံခါးဖွင့်ပေးလာပြီး အခန်းထဲတွင် ဘယ်သူမှမရှိနေပေ။


"မင်းရဲ့အသင်းဖော်တွေရော" 

ဖုယွမ်ကျိုးကအထဲဝင်သွားပြီးမေးလိုက်လေသည်။


ယွမ်ယဲ့: "အသင်းကိုအရင်ပြန်သွားကြပြီ...မိုးချုပ်နေပြီဆိုတော့ ငါမင်းကိုကားနဲ့ပြန်ပို့ပေးမယ်...ငါ့လက်ဆွဲအိတ်အကုန်လုံးကိုထုတ်ပိုးပြီး ကားထဲထည့်ထားပြီးပြီ...မနက်ဖြန်အတူသွားကြတာပေါ့..."


ဖုယွမ်ကျိုး: "ကောင်းသားပဲ..."


"ငါပြိုင်တာ ကြည့်ကောင်းလား..." 

ပြိုင်ပွဲပြီးသွားသည့်အခါ ယွမ်ယဲ့ကရယ်မောလာပြီး သူ့ဆံပင်ကိုနောက်တကြိမ်ထိုးဖွလာခဲ့သည်။


"အရမ်းကြည့်ကောင်းတယ်..."


ဖုယွမ်ကျိုး မျက်ဆံလှန်လိုက်ချင်သော်လည်း မုန့်ရှ်ရှူးက သူ့အနောက်တွင်ရပ်နေဆဲဖြစ်သောကြောင့် ယွမ်ယဲ့ကို အလိုက်သင့်လေးပြန်ပြောပေးလိုက်ရသည်။


"ဒါဆို ဘာဆုချမှာလဲ.."


ယွမ်ယဲ့က ပြုံးပြုံးလေးမေးလာပြီး အနောက်မှ မုန့်ရှစ်ရှူးကိုလှမ်းကြည့်လိုက်သည်။ ဖုယွမ်ကျိုးအနောက်မှလိုက်လာသူက သူမတစ်ယောက်တည်းသာရှိကြောင်းသိလိုက်ရသည်နှင့် ဖုယွမ်ကျိုးလည်ပင်းကိုချိတ်ကာ ခေါင်းငုံ့ပြီး ဖုယွမ်ကျိုးမျက်နှာကို ဖျတ်ကနဲနမ်းလိုက်လေသည်။


ငိုးတဲ့မှ...ထပ်စလာပြန်ပြီ!


သူတို့ဝင်လာချိန်တွင် တံခါးမပိတ်ထားခဲ့မိပေ။ ဖုယွမ်ကျိုး ချက်ချင်းအနောက်လှည့်ကြည့်လိုက်ပြီး မုန့်ရှစ်ရှူးကလွဲ၍ သူတို့ကိုမြင်သည့်သူမရှိမှန်းသေချာမှ ယွမ်ယဲ့ကို သတ်ပစ်တော့မည့်မျက်လုံးဖြင့်ကြည့်လိုက်သည်။ မုန့်ရှစ်ရှူးရှိနေ၍သာ အနှီသူကို မရိုက်လိုက်မိခြင်းပင်။ ထင်တိုင်းကြဲနေသည့်ယွမ်ယဲ့ကို ရှက်နေသလိုပြောလိုက်ရသည်။


 "လူရှိနေတယ်လေ..."


"သူရှိနေလို့ကို မင်းကိုနမ်းလိုက်တာလေ..."


ယွမ်ယဲ့သည် နှစ်ယောက်ကြားရရုံလောက် အသံကိုနှိမ့်လိုက်ပြီး မလုံလောက်သေးသလိုဖြင့် နှစ်ကြိမ်လောက်ထပ်နမ်းလိုက်သေးသည်။ ဖုယွမ်ကျိုး ထပ်သည်းမခံနိုင်တော့ဘဲ လှမ်းကန်တော့မည့်အချိန်မှ ထိုသူသည် နောက်ဆုတ်သွားပြီး မုန့်ရှစ်ရှူးကိုနှုတ်ဆက်လိုက်သည်။


 "မင်္ဂလာညနေခင်းပါ..."


"မင်္ဂလာညနေခင်းပါ.." 

မုန့်ရှစ်ရှူးကလည်း ဖွဖွလေးပြန်ပြုံးပြသည်။ 

"ရှင်တို့နှစ်ယောက်က တကယ်အတွဲညီတာပဲ..."


"...." 

ဖုယွမ်ကျိုးမှာ ပြုံးပြရုံသာတတ်နိုင်လေတော့သည်။


မုန့်ရှစ်ရှူး၏ ဝမ်းကွဲညီမလေးနှင့်တွေ့ပြီးနောက် လက်မှတ်ထိုးကာ အဖွဲ့လိုက်ဓာတ်ပုံကိုပါရိုက်ခဲ့ကြသည်။ မုန့်ရှစ်ရှူး အိပ်မက်ထဲတွင်မြောနေသလိုညီမဖြစ်သူကို အိမ်ပြန်ခေါ်သွားပြီး ယွမ်ယဲ့ကမူ ဖုယွမ်ကျိုးကို တိုက်ခန်းသို့ပြန်ခေါ်သွားခဲ့သည်။


"မင်းသေချင်နေပြီလား..."


တိုက်ခန်းကိုဝင်ဝင်ချင်းမှာပင် ဖုယွမ်ကျိုးက ယွမ်ယဲ့ကိုဝါးစားချင်နေသလိုမျက်နှာမျိုးလုပ်ပြလိုက်သည်။ 


"မင်းသေချင်နေတယ်ဆိုရင် ငါမင်းကိုအခုကူညီပေးလို့ရတယ်နော်.."


"ငါမှားသွားပါတယ်ကွာ.." 

ယွမ်ယဲ့မျက်နှာက တင်းမာနေသည့်တိုင် သူ့အမှားသူ ​မငြင်းဘဲ စိတ်ရှင်းရှင်းဖြင့်ဝန်ခံခဲ့သည်။ 

"သူယုံအောင်လုပ်ရတာပဲဟာ..."


"ငါနဲ့ပါလာတာ အခြားလူဆိုဘယ်လိုလုပ်မလဲ...တယောက်ယောက်မြင်သွားရင် ငါဘယ်လိုလုပ်ရမလဲ..." 

ဖုယွမ်ကျိုးသည်ကား အတော်လေးဒေါသထွက်နေလေ၏။


"ငါကြည့်လိုက်ပါတယ်...သူ့နောက်မှာဘယ်သူမှမရှိပါဘူး..."


ယခုလိုအမေးခံရမည်ဟု မထင်ထားခဲ့၍ ယွမ်ယဲ့မှာ အပြစ်ရှိစိတ်ဝင်လာသော်လည်း ပျော်ရွှင်နေလေ၏။ 


"ငါမင်းကိုနမ်းလိုက်တုန်းက စိတ်မဆိုးပါဘူး...ဒါပေမဲ့ အခြားသူတွေမြင်သွားမှာကိုတော့ စိုးရိမ်တယ်ပေါ့..."


"ငါ့အထင်တော့ မင်းကိုယ်မင်း အရင်စိတ်ပူသင့်တယ်..."


ဖုယွမ်ကျိုးက စိတ်မြန်နေပြီး ယွမ်ယဲ့ကိုဆွဲကာ ထိုသူကိုနောက်တစွကြိမ်ထပ်ရိုက်ရန်ပြင်လိုက်သော်လည်း မနက်ဖြန်အိမ်ပြန်ရမည့်အတွက်ကြောင့် ကြာကြာမရိုက်လိုက်ရပေ။ ယွမ်ယဲ့ပြောသည့်အတိုင်းပင် သူသည် မလုံလောက်သေး၍အကြိမ်အနည်းငယ်အနမ်းခံလိုက်ရခြင်းထက် အခြားသူများသိသွားမည်ကို ပိုစိုးရိမ်နေမိလေသည်။


ဖုယွမ်ကျိုးက ယွမ်ယဲ့နှင့် သူ့လက်ဆွဲအိတ်များကိုထုတ်ပိုးပေးပြီးသည့်နောက် ရေချိုးလိုက်၏။ ရေချိုးနေရင်းမှ သူတဘတ်မယူလာမိသည်ကို သတိရသွားခဲ့သည်။


အိမ်တွင်ဖြစ်စေ၊ တိုက်ခန်းတွင်ဖြစ်စေ ဖုယွမ်ကျိုးက သူ့ရေချိုးခန်းနှင့်သူသုံးခဲ့ခြင်းပေ။ တစ်ယောက်တည်းနေသူဖြစ်သောကြောင့် ရေချိုးခန်းဝင်တိုင်း အောက်ခံမယူလာတတ်ဘဲ အပြင်ထွက်မှဝတ်တတ်သည်။ သူ့ကိုကြည့်နေမည့်သူလည်းမရှိသောကြောင့် ပိုအဆင်ပြေသည်။


သူရေချိုးခန်းထဲရောက်နေချိန်တွင် ယွမ်ယဲ့က လက်ပ်တော့နှင့်ဂိမ်းကစားနေပြီး ဘော့စ်ကိုအနိုင်ချနေလေသည်။ အချိန်သိပ်မကြာနိုင်ပေ။ ဖုယွမ်ကျိုးကတွေးကြည့်လိုက်ပြီးနောက် အောက်ခံဘောင်းဘီကိုမတောင်းတော့ရန် ဆုံးဖြတ်လိုက်လေသည်။


ရေချိုးပြီးသည့်အခါ မှန်ရှေ့တွင် သူ့ဆံပင်သူအခြောက်ခံနေလိုက်ပြီး ညအိပ်အင်္ကျီကိုလည်းဝတ်ထားခဲ့ပြီးသားပင်။ ညဝတ်အင်္ကျီမှာ ကြီးလွန်းလှသောကြောင့် သူ့ပေါင်ကိုပင်ဖုံးထားပြီးသားဖြစ်နေလေသည်။ ဖုယွမ်ကျိုးက မှန်ထဲတွင်ကြည့်ပြီး ပေါ်နေသည့်နေရာမရှိသည်မှာသေချာမှ ရေချိုးခန်းထဲမှထွက်ကာ အိပ်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။


သူဝင်လာချိန်တွင် အလွန်တရာငြိမ်သက်နေပြီး ယွမ်ယဲ့က နားကြပ်တပ်ကာ ဖန်သားပြင်ကိုမမှိတ်မသုန်ကြည့်ရင်း ဂိမ်းကစားနေခဲ့လေ၏။ ထိုသူက စားပွဲတွင် ကျောပေးပြီးထိုင်နေသောကြောင့် သူဝင်လာသည်ကိုမမြင်သေးပေ။


ဖုယွမ်ကျိုးသည် ဗီရိုရှိရာကို တိတ်တိတ်လေးလျှောက်သွားပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။ ရှက်စရာအဖြစ်မှာ အောက်ခံအဝတ်အစားများက အောက်ဘက်အံဆွဲထဲတွင်ရောက်နေသောကြောင့် ယူရန် ဆောင့်ကြောင့်ထိုင်ရလိမ့်မည်။


သူခေါင်းငုံ့ရုံရှိသေးစဥ် ယွမ်ယဲ့အသံက ရုတ်တရက် သူ့အနောက်မှပေါ်လာခဲ့လေသည်။ 


"ရေချိုးလို့ပြီးသွားပြီလား..."


ယွမ်ယဲ့က ယခုလေးတင် ဂိမ်းကစားပြီးသွားသောကြောင့် နားကြပ်ကိုချွတ်ကာ ဖုယွမ်ကျိုးကိုလှည့်ကြည့်လိုက်သည်နှင့် ဖုယွမ်ကျိုး၏ပြောင်ရှင်းနေသော ပေါင်တံဖြူလေးကိုမြင်လိုက်ရ၏။ ထိုသူက ဗီရိုနားတွင်ရပ်နေပြီး ရှက်ရွံ့မှုက သူ့မျက်နှာပေါ်တွင်ပေါ်နေခဲ့သည်။


"....."


ယွမ်ယဲ့က တစ်ခါမှဖုယွမ်ကျိုးခြေထောက်ကို မမြင်ခဲ့ဖူးသလို ယခုလိုမျိုး ရည်းစားကောင်လေးရှပ်ကိုဝတ်ထားသည့်လူကိုလည်း တစ်ခါမှမမြင်ဖူးပေ။ ခြေထောက်နှစ်ဖက်ကိုသာမြင်နေရလျှင်ပင် အတော်လေးသက်ရောက်မှုရှိပြီး သူတို့အတူကစားခဲ့သည့်အချိန်မှာလည်းမကြာသေးပေ။ "ရည်းစားကောင်လေးရှပ်" ဝတ်ထားခြင်းကို တစ်ခါမြင်လိုက်သည်နှင့် ယွမ်ယဲ့မှာ ထိတ်ပျာသွားပြီး နေရာတွင်ပင် တောင့်တောင့်ကြီးဖြစ်နေလေသည်။


"မင်းဘယ်တွေကိုကြည့်နေတာလဲ!" 

ဖုယွမ်ကျိုးမှာ လည်ပင်းအထိနီလာပြီး အနှီသူကို အသံကျယ်ကျယ်ဖြင့်ခိုင်းလိုက်သည်။ 

"ကိုယ့်ဂိမ်းကိုယ်ပဲပြန်ကစားနေစမ်း!"


"မင်း..." 

ယွမ်ယဲ့က မျက်နှာတစ်ဝက်ကိုလက်ဖြင့် အုပ်ထားကာ သူ၏ပုံမှန်မဟုတ်တော့သောမျက်နှာကိုဖုံးထားလိုက်လေသည်။ 

"မင်းဘာလို့ဒီလိုကြီးဝတ်ထားတာလဲ..."


"ငါအောက်ခံဘောင်းဘီကျန်ခဲ့လို့...ဒီမှာ..." 

ဖုယွမ်ကျိုးက လက်ဆန့်ပြီး အော်လိုက်သည်။ 

"နောက်လှည့်နေ...ငါအဝတ်အစားရှာမလို့..ချောင်းမကြည့်နဲ့..."


"Oh..."


ယွမ်ယဲ့သည် ခေါင်းပြန်လှည့်ပြီး သူ့အသံသူထိန်းထားလိုက်ရသည်။


တကယ်တမ်းတွင် ထိုသူမြင်သွားတည်းက ဖုယွမ်ကျိုး ရှက်နေခဲ့သော်လည်း သူတို့နှစ်ယောက်လုံးက ယောကျ်ားလေးများသာဖြစ်သောကြောင့် အဆင်ပြေသည်ဟုသာ တွေးလိုက်သည်။ သို့သော် ယွမ်ယဲ့၏တုံ့ပြန်မှုက ထူးဆန်းနေသည်။ သူ့ဝိညာဥ်ကိုဆွဲထုတ်ခံလိုက်ရသလို ရှက်နေမိပြီး ချွေးများပင်ထွက်လာခဲ့သည်။


သူသည် ချက်ချင်းထိုင်ချလိုက်ပြီး အံဆွဲထဲမှ အောက်ခံအဝတ်အစားများကို လှန်လှောရှာဖွေလိုက်သည်။ ထို့နောက် မြင်ရာတစ်စုံကိုထုတ်ကာ ချက်ချင်းထရပ်လိုက်၏။ ယွမ်ယဲ့နောက်လှည့်နေချိန်တွင် ဝတ်လိုက်ပြီး တဖက်လူကမူ နံရံဖြူဖြူကြီးကိုငေးကြည့်နေရင်း အိပ်မက်ယောင်နေသလိုမျိုး ခပ်တိုးတိုးပြောလာခဲ့သည်။ 


"ငါမင်းကိုမပြောပြရသေးတာရှိတယ်..."


"ဘာလဲ" 

ဖုယွမ်ကျိုးက အောက်ခံဘောင်းဘီဖြင့်တိုင်ပတ်နေပြီး နောက်ဆုံးတွင်ဝတ်လိုက်နိုင်သည်။ ပြီးနောက် အောက်ခံဘောင်းဘီတစ်စုံကိုဆွဲထုတ်ကာ သာမန်ကာလျှံကာပြန်မေးလိုက်သည်။


"တကယ်တော့လေ..." 

ယွမ်ယဲ့ကပြောလာခဲ့လေသည်။ 


"ငါကယောကျ်ားတွေကိုကြိုက်တာ..."


♎️