🌍Chapter 59
အနက်ရောင်ကုတ်ကို၀တ်ထားခဲ့သောနျဲ့ဖေးကို သူမှတ်မိပါသည်။ ထန်မော့ မာရီယို၏ မိုနိုပိုလီဂိမ်းမှ ထွက်လာစဥ်က ပထမဆုံး တွေ့ခဲ့ရသော သူပင်။ ထို့အပြင် နျဲ့ဖေးမှာ တိုက်အဖွဲ့အစည်းမှ သူ့ထံပထမဆုံး ကမ်းလှမ်းချက်နှင့် သူတို့၏ ဌာနချုပ်ကို ခေါ်သွားပေးဖူးသူလည်းဖြစ်သည်။ ထန်မော့မှာထိုလူနှင့် စကားအနည်းငယ်မျှသာပြောဖူးခဲ့သော်လည်း ကျန်အဖွဲ့သားနှစ်ယောက်နှင့်အတူရှိလျှင် ၄င်းမှာခေါင်းတောင်တစ်ဦး၏ခံစားမှုမျိုးပေးလေသည်။
ထန်မော့ ခတ္တမျှ တိတ်ဆိတ်နေခဲ့မိသည်။
"သူ့စွမ်းရည်က တိုက်ခိုက်စွမ်းရည်မဟုတ်ဘူးလား"
လော့ဖုန်းချန်း သူဆိုလိုသည်ကို နားလည်လေသည်။
"နျဲ့ဖေးမှာ တိုက်ခိုက်စွမ်းရည်ရှိပါတယ် သူကအရင်တုန်းက ကောလိပ်ကျောင်းသားလေးပဲလေ သူ့စွမ်းရည်နိုးထလာပြီးတဲ့နောက်မှ သူ့ရဲ့အားကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ပျံသန်းစွမ်းရည်ကို လေ့ကျင့်ခဲ့တာ.. ခိုး၀င်သူအုပ်စုနဲ့တိုးတော့ သူကထန်ရှောင်းကို အရင်ဆုံးပြေးခိုင်းခဲ့တယ် ထန်ရှောင်းကျန်တဲ့သူတွေခေါ်ပြီး ပြန်လာတဲ့အချိန် သူ့နှလုံးကမရှိတော့ဘူး။"
"အဲဒီခိုး၀င်သူတွေက ဘယ်ကရောက်လာတာလဲ ဘာလို့လူနှလုံးတွေကိုစားတာလဲ သူတို့စွမ်းရည်တွေကရော"
ထန်မော့ မေးခွန်း၃ခုကိုဆက်တိုက်မေးလိုက်သည်။
လော့ဖုန်းချန်းစိတ်ရှည်လက်ရှည် ပြန်ဖြေပေးခဲ့သည်။
"ဘာလို့နှလုံးတွေစားတာလဲ ကောက်ချက်မချနိုင်သေးဘူး... ငါမှန်းနိုင်သလောက်ကတော့ သူတို့ရဲ့စွမ်းရည်နဲ့ ပတ်သက်နေမယ်ထင်တယ် ဒါပေမယ့် လောလောဆယ်ငါရှာတွေ့ထားသလောက်အထိ သေတဲ့သူတွေကစွမ်းရည်တွေက အမျိုးအစားတွေတခြားစီပါပဲ.. သူတို့ကလူတွေရဲ့နှလုံးကို အရူးအမူးလိုအပ်နေကြတာ တရား၀င်ကစားသမားမှမဟုတ်ဘူး သာမာန်လူတွေနဲ့ ခိုး၀င်သူတွေကိုလည်း စားတာပဲ သူတို့ဘာလို့ဒီလိုမျိုး လူတွေရဲ့နှလုံးကို အသည်းအသန်စားနေရတာလဲနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေနှစ်မျိုးရှိတယ် ပထမတစ်ခုကတော့ သူတို့ကအစကတည်းက လူသားစားတဲ့သူတွေ၊ အခုအစိုးရလည်းမရှိတော့ဘူး လူ့ကျင့်၀တ်တွေကိုလည်း ထိန်းသိမ်းနေဖို့မလိုတော့ဘူးဆိုတော့ သူတို့ဆန္ဒအတိုင်းလုပ်ခွင့်ရသွားတာ"
ထန်မော့ကမေးလိုက်သည်။
"သူတို့တွေစုစုပေါင်း ဘယ်နှယောက်ရှိလဲ"
"အနည်းဆုံး ၇ယောက်ပဲ ငါတို့အဲဒီ၇ယောက်ကိုပဲ တွေ့ဖူးသေးတယ်"
"သူတို့လူသားစားတဲ့သူတွေဖြစ်နိုင်ချေက အတော်နိမ့်တယ်။"
ထန်မော့တည်ငြိမ်စွာဆိုလိုက်သည်။
"ပုံမှန်မဟုတ်တဲ့စားသောက်ချင်စိတ်ရှိတဲ့ စိတ်ရောဂါမျိုးရှိတဲ့သူတွေ အဲလောက်ထိမများဘူး
၇ယောက်လုံးအတူစုမိဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူး"
လော့ဖုန်းချန်းကဆိုလိုက်သည်။
"ဒါဆိုနောက်ထပ်ဖြစ်နိုင်ချေတစ်ခုရှိသေးတယ်"
ထန်မော့ လော့ဖုန်းချန်းအားကြည့်လျက် အဖြေကိုတွေးတောနေခဲ့သည်။
"လူတွေရဲ့နှလုံးကိုစားတာက သူတို့ကိုပိုပြီး သန်မာလာစေတာ"
*****
ရှန်ဟိုင်း ဖုန်းရှန်း ခရိုင်။
စူးရှသော အော်သံတစ်ခု လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။ ဆံပင်တိုတိုနှင့် မိန်းကလေးမှာ သူမအသင်းဖော်၏ ပါးစပ်ကိုပိတ်လိုက်သည်။
"ဖေးဖေး မအော်နဲ့ ငါတို့ကိုရှာတွေ့သွားလိမ့်မယ်"
ဖြူဖျော့နေသောမျက်နှာနှင့်ကြောက်ရွံ့နေသော မိန်းကလေးက ခေါင်းကပြာကပြာညိတ်လိုက်သည်။ ချန်ရှန်းရှန်းသည်လည်း သူမပါးစပ်ကို ကာထားသော လက်ကို လွှတ်ပေးလိုက်လေသည်။
ရှောင်ဖေးဖေးမှာ ထိုအလောင်းကို မကြည့်ပဲမနေနိုင်ခဲ့ချေ။ သူမမှာ ထိုဆိုးရွားသော အလောင်းကိုမမြင်ချင်သော်လည်း ခဏခဏပြန်လှည့်ကြည့်နေမိသည်။ တတိယအကြိမ်မြောက်လှည့်ကြည့်မိပြီးနောက် သူမသစ်ပင်ကိုလက်ထောက်လျက် အန်ချလိုက်မိတော့သည်။
ချန်ရှန်းရှန်းမှာ သူမကိုတစ်ချက်ကြည့်လျက် ထိုအလောင်းဘေးသို့လျှောက်သွားကာ စူးစမ်းလိုက်သည်။
လူသတ်သမားမှာ နှလုံးအားဆွဲထုတ်ရာတွင် အနည်းငယ်မျှ ညှာတာခဲ့ပုံမပေါ်ချေ။ အသတ်ခံရသည်၏ ကိုယ်တွင်းအင်္ဂါများမှာလည်း ထွက်ကျလျက် မြေကြီးပေါ်တွင်ပြန့်ကျဲနေခဲ့သည်။ ရှောင်ဖေးဖေးမှာ ထိုကဲ့သို့အလောင်းများကို မြင်ဖူးခဲ့သော်လည်း သူမလွန်ခဲ့သော နှစ်ရက်အတွင်းစားထားသမျှကို ပြန်မအန်ထုတ်ပဲ မနေနိုင်ခဲ့ချေ၊
သူ၏အစာအိမ်ထဲတွင် အန်ထုတ်စရာဘာမျှ မကျန်တော့မှ ရှောင်ဖေးဖေးမှာ သူမ၏မျက်လုံးများကို ဖုံးကွယ်လျက် ချန်ရှန်းရှန်းအနီးသို့ လျှောက်သွားလိုက်သည်။ ထို့နောက်သူမ တုန်လှုပ်စွာဆိုလိုက်သည်။
"ရှန်း..ရှန်းရှန်း အမြန်သွားရအောင်.. ငါတို့ဒါနဲ့ဆို ဒီလိုအလောင်းတွေ့တာ ၂ခါရှိနေပြီ.. ငါတို့နယ်ကိုအမြန်ပြန်ပြီး ရှောင်နေကြရအောင်ပါ.. အဲလိုဆို ဒီလူတွေငါတို့ကိုလည်း ရှာတွေ့တော့မှာ မဟုတ်ဘူး"
ချန်ရှန်းရှန်းမှာမူ ထိုအလောင်းကို စစ်ဆေးနေဆဲပင်။
၁၅နှစ်အရွယ်မိန်းကလေးမှာ ပိန်ပိန်ပါးပါးနှင့် သေးငယ်ကာ ကလေးဆန်သေးသော်လည်း လောလောဆယ်တွင် သူမသည် အလောင်း၏ဒဏ်ရာပေါ် ဖုံးကွယ်နေသည်တို့ကို ဖယ်ရှားလျက် ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ သူမ၏အသံမှာမူ ဆိုးရွားသောအရာကိုလုပ်နေခြင်းမရှိသလို ပကတိတည်ငြိမ်လျက်
"ငါတို့ရိက္ခာတွေပိုရှာဖို့လိုသေးတယ်.. မျိုးစေ့တချို့ရရင်ပိုကောင်းတယ်..နယ်ဘက်မှာ စိုက်ပျိုးပြီးနေလို့ရတာပေါ့...မဟုတ်ရင် တောင်ပေါ်ကဟာတွေလည်း ငါတို့စားရင်ကုန်မှာပဲ"
ရှောင်ဖေးဖေးကအလျင်အမြန်ဆိုလိုက်သည်။
"ဒါဆိုငါတို့အမြန်သွားကြစို့လေ"
ချန်ရှန်းရှန်း ထရပ်လိုက်သည်။
"မနေ့ကလူနှစ်ယောက်ပြောတာ ဒီလူသတ်သမားတွေက အနောက်ဘက်ကဆို"
ရှောင်ဖေးဖေးမှာ ချန်ရှန်းရှန်း၏မေးခွန်းကိုနားမလည်ချေ။ သူမကခတ္တမျှတွေးတောလျက် ဆိုလာသည်။
"အင်း အဲလိုထင်တာပဲ.. အဲဒီလူတွေက အနောက်ဘက်ကနေပြေးလာကြတာ အနောက်ဘက်ကလူတွေ တော်တော်များများ အရှေ့ဘက်ကို ပြေးလာကြတယ်..သူတို့ပြောတာတော့ အဲဒီလူသတ်သမားတွေက စုကျိုးကနေလာတာတဲ့"
"ကျောက်ကျန်းနဲ့ လျိုချန်းက အနောက်ဘက်ကို သွားနေတာ"
ရှောင်ဖေးဖေးက ရေရွတ်လိုက်သည်။
"မတွေးတတ်တာပဲ..ငါတို့တောင်ဒီလူသတ်သမားတွေအကြောင်းသိရင် ကျောက်ကျန်းတို့လည်းသိမှာပဲလေ... ကျန်တဲ့သူတွေလိုပဲ သူတို့လွတ်လာမှာပါ"
ချန်ရှန်းရှန်း ခေါင်းကိုလှည့်လျက် သူမ၏အဖော်ကို ကြည့်လိုက်သည်။
"မကောင်းတဲ့အရာတစ်ခုကဖြစ်နိုင်ချေရှိတယ်ဆိုရင်
ဖြစ်နိုင်ချေဘယ်လောက်နည်းနည်း ဖြစ်ကိုဖြစ်မှာ"
"ရှန်းရှန်း နင်ဘာတွေပြောနေတာလဲ"
ချန်ရှန်းရှန်းသူမ၏အောက်နှုတ်ခမ်းကို ကိုက်လျက် ခေါင်းကိုငုံ့ကာ စဥ်းစားနေခဲ့သည်။
"ပြန်သွားပြီး ကျောက်ကျန်းတို့ကိုသွားရှာရအောင်"
*****
ပူဒုန်ခရိုင် မြေအောက်ကားပါကင် တတိယထပ်တွင်
ထန်မော့၏အမူအယာမှာ အလွန်ကျော့မော့လျက်ပင်။
"မနေ့ညက ကုန်တိုက်တစ်ခုမှာ ပုန်းနေတုန်း ခိုး၀င်သူတွေစားထားတဲ့ အလောင်းတစ်လောင်းကို တွေ့ခဲ့တယ် ကျွန်တော်ကုန်တိုက်ထဲရောက်ရောက်ချင်းတုန်းက အဲဒီလူကြီးကမသေသေးဘူး.. အဲဒီညကခဏအိပ်ပြီးနောက်တစ်နေ့မနက်နိုးလာတယ်..အဲဒီစုစုပေါင်း ၆နာရီလောက်အတွင်းမှာပဲ ကျွန်တော်နဲ့ မီတာ၁၀၀လောက် အကွာအဝေးလေးမှာ သေသွားတာ"
လော့ဖုန်းချန်းကဆိုလိုက်သည်။
"ဒီခိုး၀င်သူတွေက အရမ်းသန်မာတယ်.. သာမာန်အရံကစားသမားတွေကို အသာလေးသတ်လို့ရတယ် အသံလည်းထွက်လိုက်မှာမဟုတ်ဘူး"
ထန်မော့ခေါင်းကို ယမ်းလိုက်သည်။
"ဒါပေမယ့် သူသေတုန်းက မီတာ၁၀၀အကွာအဝေးအတွင်းလေးထဲမှာပဲလေ"
ထန်မော့ဘာတစ်ခုကိုမှမကြားလိုက်ရသည်မှာ
မဖြစ်သင့်။
လော့ဖုန်းချန်းမှာ ထန်မော့လောလောဆယ်မည်မျှ သန်မာလာခဲ့သည်ကို မသိသော်လည်း ထန်မော့၏စကားကိုကြားလျှင် သူ၏အမူအယာမှာ ပို၍တည်တံ့လာခဲ့သည်။
လူနှစ်ဦးမှာ ထိုအကြောင်းကိုတွေးနေပြီး စကားတစ်ခွန်းမှ မဆိုကြချေ။ သို့သော် အချိန်သိပ်မကြာခင်မှာပင် တံခါးမှာတွန်းဖွင့်ခံလိုက်ရသည်။ ထန်မော့လည်း လှည့်ကြည့်လိုက်သည်။
၄င်းမှာ ဂျက်ပင်။
မည်သည့်အချိန်ကပင်လဲ မဆိုနိုင် ထိုနိုင်ငံခြားသား၏ မျက်နှာတွင် ကန့်လန့်ဖြတ်အမာရွတ်တစ်ခုရှိနေခဲ့သည်။ ထိုလူမှာ ထန်မော့ကိုမြင်ချိန်တွင် အံအားသင့်သွားခဲ့သော်လည်း နှုတ်ဆက်နေဖို့အချိန်မရှိပုံနှင့် လော့ဖုန်းချန်းအား အမြန်ပြောလိုက်သည်။
"ဒေါက်တာလော့ ကျွန်တော်တို့ အဲဒီမျိုးမစစ်တွေကိုရှာနေတဲ့လမ်းမှာ ကျောင်းသားလေးနှစ်ယောက်ကို ကယ်လာတယ် တစ်ယောက်က တရား၀င်ကစားသမားပဲ.. သူ့စွမ်းရည်ကအတော်ကောင်းပြီး အလားအလာရှိတယ် ခင်များလိုက်တွေ့ချင်လား"
လော့ဖုန်းချန်းရှေ့သို့ထွက်လာခဲ့သည်။ သူ့အနေနှင့် အဖွဲ့၀င်ကောင်းများကို လက်ခံဖို့ဘယ်တုန်းကမှ တွန့်ဆုတ်မနေခဲ့။
"သူတို့တွေဘယ်မှာလဲ"
ဂျက်ကတွန့်ဆုတ်နေပြီးမှ
"ခဏလေးတော့စောင့်ရမယ် ဒေါက်တာ..သူ့သူငယ်ချင်းက သေတော့မယ်ထင်တယ်...ထန်ရှောင်းနဲ့ လစ်ဇ်က ကယ်ဖို့အစွမ်းကုန်ကြိုးစားနေတာပဲ..ဒါပေမယ့် ရှင်နိုင်ချေကအတော်လေးနည်းနေပြီ အဲဒီဖက်တီးလေးကို သူ့သူငယ်ချင်းကို နှုတ်ဆက်ဖို့အချိန်နည်းနည်းပေးပြီးမှ သွားတွေ့ရင်ကောင်းမလားပဲ"
ထန်မော့ လိုက်၍ ရေရွတ်လိုက်မိသည်။
"ဖက်တီးလေး..."
လော့ဖုန်းချန်းကမေးလိုက်သည်။
"အဲဒီကောင်လေးရဲ့ စွမ်းရည်ကဘာလဲ"
ဂျက်၏မျက်လုံးတို့တောက်ပသွားခဲ့သည်။
"အရမ်းစွမ်းတယ် ကျွန်တော်တို့သူတို့ကိုတွေ့တော့ သူတို့ အဲဒီလျှပ်စစ်လူသားဆီကနေ ၂နာရီဆက်တိုက်အလိုက်ခံနေရတာ... အဲဒီလျှပ်စစ်လူသားက ဖက်တီးလေးရဲ့စွမ်းရည်အတော်ကောင်းတာကို တွေ့တော့ သူ့နှလုံးကို စားချင်နေတာလေ...သူ့ကိုမကယ်နိုင်လုနီးပါးပဲ... ကံကောင်းချင်တော့ ဖက်တီးလေးက သူ့စွမ်းရည်နဲ့ ဓါးတစ်ချောင်းကို ရွေ့ပြီးပြီး လျှပ်စစ်လူသားရဲ့ လက်မောင်းကိုခုတ်လိုက်လို့ ကယ်ဖို့အချိန်မီသွားတာ...သူ့စွမ်းရည်ကအတော်ကောင်းတယ်...ပစ္စည်းတွေကိုရွေ့နိုင်ပြီးတော့ အရှိန်လည်း မြန်တယ်"
လော့ဖုန်းချန်းမှာ အံအားသင့်သွားခဲ့သည်။
"နေရာလွတ်ရွေ့ရှားမှုမျိုးလား"
ထန်မော့ရုတ်တရက် ရှေ့သို့တစ်လှမ်းတိုးလျက် ဂျက်ကိုကြည့်လိုက်သည်။
"အဲဒီဖက်တီးလေးက ၁.၆မီတာလောက်ရှိလား ဆံပင်တိုတိုနဲ့ သူ့ဘယ်မျက်လုံးအောက်မှ အနီမှတ်တစ်ခုနဲ့လေ"
ဂျက်မှာအံ့သြတကြီးဖြင့် ဆိုလာသည်။
"မင်းဘယ်လိုသိတာလဲ"
ထန်မော့ အမူအယာပျက်ယွင်းသွားခဲ့သည်။
"သူတို့နဲ့တွေ့ရအောင် ခေါ်သွားပေး"
မြေအောက်ကားပါကင် ဒုတိယထပ်၏ အနောက်ဘက်တွင် မိန်းကလေးတစ်ဦးမှာ ကောင်လေးတစ်ဦး၏ ရင်ဘတ်ကို ပိတ်ကျဲစနှင့် ဖိရန်ကြိုးစားနေခဲ့သည်။ စီးကျလာသော သွေးများက ပိတ်ကျဲစကို စက္ကန့်ပိုင်းအတွင်း နီရဲသွားစေသည်။ သူမသည်ပိတ်ကျဲစအသစ်နှင့်ဆက်တိုက်ဖိထားခဲ့သည့်တိုင် သွေးများက ရပ်တန့်သွားခြင်းမရှိချေ။ ကောင်လေးရင်ရင်ဘတ်တွင် အပေါက်ကြီးရှိနေပြီး နရိုးများကျိုးကြေလျက် နှလုံးအပေါ်ယံလွှာမှာ ချွန်ထက်သောအရာဖြစ်ခြစ်ခြင်းခံထားရသည်။
နှလုံးမှာ လုံး၀ကြီးရပ်မသွားသေးသော်လည်း ဒဏ်ရာမှာ ကြီးမားလွန်း၍ ကမ္ဘာကြီးအွန်လိုင်းပေါ်သို့ မတက်ခင်ကဆိုလျှင် အသက်ရှင်ရန်မဖြစ်နိုင်တော့ချေ။
"အသုံးမ၀င်ဘူး... သူကအရံကစားသမား သူ့ရဲ့ပြန်လည်ကုသနိုင်စွမ်းကလည်း တရား၀င်ကစားသမားတွေလို မသန်မာဘူး... လျှပ်စစ်လူသားကအတော်လေး နက်နက်ထိုးခဲ့တာ..ငါဆိုလည်း သေရုံပဲရှိမှာ...ဂျက်လိုသန်မာတဲ့သူမျိုးမှ ဒီလိုဒဏ်ရာမျိုးကနေ ပြန်ရှင်သန်နိုင်မှာ"
ဖက်တီးလေးမှာ ငိုယိုလျက် ဆိုသည်။
"ကျွန်တော်ဘာလုပ်ရမလဲ လျိုချန်း...လျိုချန်းသေတော့မှာလား"
နိုင်ငံခြားသူမှာ သွေးကိုတိတ်အောင်ဆက်တိုက်ကြိုးစားနေခဲ့ပြီး ပြန်မဖြေခဲ့ချေ။
ရင်ဘတ်မှ သွေးတော်တော်များများကို သန့်ရှင်းပြီးလျှင် သူမဒဏ်ရာကိုမြင်လိုက်ရလေသည်။
နိုင်ငံခြားသူမှာ ချက်ချင်းဆိုလိုက်သည်။
"ထန်ရှောင်း အပ်"
ထန်ရှောင်းမှာ ဆေးဘက်ဆိုင်ရာသုံးအပ်ကို ၂စက္ကန့်အတွင်းပြင်ဆင်လိုက်ပြီး ကမ်းပေးလိုက်သည်။ နိုင်ငံခြားသူမှာ ထိုကောင်လေး၏ ရင်ဘတ်မှဒဏ်ရာကို ချက်ချင်းစပြီးချုပ်လိုက်သည်။ သူမ၏မျက်လုံးများက အလွန်အမင်းအာရုံစိုက်ထားပြီး လက်မှာလည်း မြန်ဆန်နေခဲ့သည်။ သို့သော် ထိုကောင်လေး၏အသက်ရှူနှုန်းမှာ နှေးသထက်နှေးလာပြီး မျက်နှာမှာလည်း ပို၍ ဖြူဖျော့လာခဲ့လေသည်။
ဂျက်၏ဦးဆောင်မှုနောက်မှ ထန်မော့နှင့် လော့ဖုန်းချန်းမှာ မြေအောက်ကားပါကင် ဒုတိယထပ်သို့ ရောက်ရှိလာခဲ့သည်။
ဂျက်ကဆိုလိုက်သည်။
"အဲဒီကောင်လေးရဲ့ ဒဏ်ရာအတော်လေးပြင်းတယ်..သူကတရား၀င်ကစားသမားလဲ မဟုတ်သလို အရမ်းလည်းမသန်မာဘူး..သူ့ကို ဒီကို ရအောင်သယ်လာတာ...ခုတော့ လစ်ဇ်ကသူ့ကို သွေးတိတ်အောင် လုပ်ပေးနေတယ်...လစ်ဇ်က ဖူဒန်တက္ကသိုလ်က ဆရာ၀န်ပဲ... ငါတို့ဘေ့စ်မှာလည်း ဆေးပစ္စည်းတော်တော်များများရှိပါတယ်..ဒါပေမယ့် လစ်ဇ်ကတော့ အသုံးမ၀င်ဘူးတဲ့..လျှပ်စစ်လူသားက သူ့နှလုံးကို နှိုက်ထုတ်ခါနီးလေးဖြစ်သွားတာ"
ထန်မော့ခြေလှမ်းများကို အရှိန်တင်လိုက်သည်။
"သူဒဏ်ရာရနေတာ ဘယ်လောက်ကြာပြီလဲ"
ဂျက်ကပြန်ဖြေလိုက်သည်။
"ငါသယ်လာပြီးတည်းကဆိုရင် မိနစ်၄၀နီးပါးပဲ ငါလည်းတတ်နိုင်သမျှ အမြန်ပြန်လာတာ"
ဂျက်၏ခွန်အားမှာ မေးခွန်းထုတ်ရန်မလိုအပ်ချေ။
သူသည်ဒဏ်ရာကိုမထိခိုက်စေပဲ မြန်နိုင်သမျှ မြန်မြန်ပြေးလာခဲ့လိမ့်မည်။
လူသုံးယောက်မှာ တိုက်ဌာနချုပ်၏ ယာယီအခန်းတစ်ခုရှေ့သို့ရောက်လာခဲ့ကြသည်။ သူတို့ရောက်ရောက်ချင်းပင် ကျိန်ဆဲသံတစ်ခုကို ကြားလိုက်ရလေသည်။
"သေစမ်း"
အရပ်ရှည်ရှည် ရွှေအိုရောင်ဆံပင်ဖြင့် အမျိုးသမီးမှာ လျိုချန်း၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန်ဖိထားခဲ့သည်။
ထန်ရှောင်းမှာ လစ်ဇ်၏နဖူးမှ ချွေးတို့ကို သုတ်ပေးလိုက်ချိန်တွင် ဖက်တီးလေးမှာ ငိုယိုနေခဲ့ပြီဖြစ်သည်။
စားပွဲပေါ်မှ ပိန်ပိန်ပါးပါကောင်လေးမှာ
ပြာနှမ်းနေခဲ့ပြီ။
ရွှေအိုရောင်ဆံပင်နှင့် ဆရာ၀န်အမျိုးသမီးက သူ၏နှလုံးကိုလှုပ်နှိုးနေသော်လည်း သူကမူ ငြိမ်သက်လျက်ပင်။ အသက်ရှူခြင်းက ပြန်လည် မြန်ဆန်မလာခဲ့။
ထန်မော့ရှေ့သို့အမြန်လျှောက်သွားလျက် ထန်ချောင်းနှင့် လစ်ဇ်ကိုတွန်းဖယ်ပစ်လိုက်သည်။
ဖက်တီးလေး သူ့အားမော့ကြည့်လျက် အော်ဟစ်လိုက်သည်။
"အစ်ကို မော့"
လူသုံးယောက် သူ့အား ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။
ထန်မော့တွင်ရှင်းပြနေရန် အချိန်မရှိခဲ့ချေ။ သူ၏အိတ်ထဲမှ မျက်ရည်စက်ပုံသဏ္ဍာန် ကျောက်မျက်တုံးလေးတစ်ခုကိုထုတ်ယူလျက် လျိုချန်း၏ရင်ဘတ်မှ ဒဏ်ရာအား ဖိချလိုက်လျှင် သွေးများက ထိုကျောက်မျက်တုံးလေးထဲ စုပ်ယူခံလိုက်ရသည့်နှယ်။ ထို့နောက် နွေးထွေးသော အလင်းရောင်တစ်ခုက ထိုတီကောင်မျက်ရည်ကျောက်မျက်လေးထံမှ ထွက်ပေါ်လာပြီး လျိုချန်း၏ရင်ဘတ်ထဲသို့ ၀င်ရောက်သွားခဲ့သည်။
🪩