Chapter 84
Viewers 4k

👻Chapter 84

ကျွန်တော့်ကို နမ်းပါ (17)




ချူဟွိုက်က လန့်ဖြတ်သွား၍ လက်ထဲက ပျော့စိစိအရာကို လွှင့်ပစ်ချင်စိတ် ပေါက်သွာူသည်။ ကံကောင်း၍ ကြောင်နက်လေးက ဥာဏ်ကောင်းသူမို့ သူ့အင်္ကျီပေါ် ကုတ်တက်လာပြီး သူ့ပေါ်သို့ တွယ်ကပ်ထားလေသည်။


နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ရင်း ချူဟွိုက်မှာ စိတ်အေးမသွားရခင် ဆုတ်ဖြဲလိုက်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။ ကြောင်နက်လေးက သူ့အင်္ကျီကို အပေါက်ကြီးကြီးဖြစ်အောင် ကုတ်ဖြဲလိုက်၍ ကျောက်စိမ်းလို ဖြူဖွေးကြည်လင်နေသော အသားအရေလေးက လှစ်ခနဲ ပေါ်လာ၏။


ချူဟွိုက် "....."


အကောင်ငယ်လေးက တစ်ခဏမျှ တောင့်ခဲသွားရင်း သူလုပ်လိုက်သည့်အရာကို နားလည်သဘောပေါက်သွားချိန် သေချင်ယောင်ဆောင်လိုက်ပြီး သူ့ခေါင်းလေးကို ဖွက်ထားတော့သည်။


ချူဟွိုက်က လက်လျော့လိုက်သလို သူ့ကို ပင့်ချီလိုက်ရင်း ခပ်ကျိတ်ကျိတ် ဆူလိုက်သည် " မင်းကို ဆင်းမလာဖို့ ပြောထားတယ်လေ...ဒါကို မင်းက ဆင်းလာရုံတင်မကဘူး ...ငါ့အင်္ကျီကိုပါ ကုတ်ဖြဲလိုက်သေးတယ်...အဲ့ဒါက ကျိုးကြောင်းညီညွတ်ရဲ့လား...." 


အကောင်ငယ်လေးက သူ့ကို အများကြီး ကူညီပေးခဲ့၍ ဤကိစ္စတွင် သူ့ကို ဝင်မပါစေချင်တော့ပေ။ သူ့ကိုယ်သူ ရှစ်ဆယ်ကိုးဆယ် ရာခိုင်နှုန်းလောက် ယုံကြည်မှု ရှိသော်လည်း စိတ်ထဲတွင်ဖြင့် ယောက်ယက်ခတ်နေပြီ ဖြစ်သည်။ ဤအကောင်ပေါက်အား သူ့ဘဝနှင့်ရင်းပြီး မစွန့်စားစေချင်မိ၍ပင်။


မတော်တဆ အကောင်ပေါက်လေး၏ အသက်ပေးလိုက်ရမည်မျိုး ဖြစ်သွားမှာ စိုးရိမ်နေမိသည်။


သို့သော်လည်း ထိုအကောင်ပေါက်က ဆင်းလာခဲ့၍ ချူဟွိုက်မှာ ပြန်လွှင့်ထုတ်၍လည်း မရနိုင်တော့ပေ။ အမှန်တွင်လည်း သူတို့က အချိန်ဖြုန်းနေ၍ မဖြစ်တော့ချေ။


သူက ကြက်ပေါက်လေးက ဆန်စေ့လေးကို ဆိတ်ယူလိုက်သလို ကြောင်နက်လေး၏ခေါင်းကို ခေါက်ပေးလိုက်သည်။

  

ဓာတ်မီးရောင်နှင့် ရွာသူကြီး၏ မျက်နှာပေါ် ထိုးကြည့်လိုက်သည်။ ရွာသူကြီး၏ ဦးခေါင်းက အုန်းသီးထုထားသလို မြေကြီးနှင့်ခေါင်း တိုက်မိထား၍ ဦးနှောက်အပိုင်းအစများ ပြန့်ကျဲပြီး အရည်များ စီးကျနေသည်။


သူ၏အလောင်းက လောင်ကျောက်နှင့် သူ့သားတို့၏ အရိုးစုဖြူဖြူနှစ်ခုပေါ် ဖိထားလေသည်။ 


ချူဟွိုက်က အလျင်မလိုပေ။ သူက ရွာသူကြီး၏ အသက်ရှူသံကို စစ်ဆေးရန် အရင်ဆုံး သွားလိုက်သည်။ အရှေ့တွင် မှောင်မည်းပြီး ကျဥ်းမြောင်းသည့် လျှိုတစ်ခု ရှိနေ၍ ရွာသူကြီး အမှန်တကယ် သေသွားပြီး သူ့ကို အန္တရာယ်ပေးမလာနိုင်မှန်း သေချာအောင် လုပ်ထားရမည် ဖြစ်သည်။


ဂူသင်္ချိုင်းက လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က တူးဖော်ခဲ့ခြင်းဖြစ်၍ ကျောက်တုံးများနှင့် မြေဆီလွှာများ အက်ကွဲပြီး ပုံကျနေ၍ လမ်းလျှောက်ရခက်နေသည်။


သေသွားကြောင်း အတည်ပြုပြီးချိန် ချူဟွိုက်က အထဲကို လျှောက်သွားလိုက်သည်။ အစောပိုင်းက ကျင်းအပြင်ဘက်ရှိ နေရောင်က ထိုးကျနေခဲ့သော်လည်း ယခုနေရာက နေရောင်မရပဲ မှောင်မည်းနေ၍ အသက်ရှူရခက်လာသည်။


သူက ရွာသူကြီးပြောခဲ့သည့် မြုပ်နှံထားသည့် ပစ္စည်းဥစ္စာများထားရာ နေရာသို့ ရောက်သွားပြီ ဖြစ်သည်။


ချူဟွိုက်က ဓာတ်မီးနှင့် လှည့်ပတ်ကြည့်လိုက်ရာ ဤအခန်းထဲတွင် ပစ္စည်းတစ်ခုမှ ရှိမနေကြောင်း သိလိုက်ရသည်။ ကွမ်ရင်မယ်တော်လေးက နေအလင်းရောင်ကို တစ်ဖန်ပြန်လည် မြင်ခွင့်ရရန်အတွက် သူမ၏ မြုပ်နှံပစ္စည်းများကို အလှဲအလှယ်လုပ်ခဲ့သည်။


ကွမ်ရင်မယ်တော်လေး၏ အခေါင်းက ဘေးအခန်းတွင် ရှိနေသည်။

  

ချူဟွိုက်က နှုတ်ခမ်းတင်းတင်းစေ့ပြီး ဓါးမြှောင်နှင့် သယ်လာသည့် ညပုလဲကို စမ်းလိုက်သည်။


ညပုလဲက ကွမ်ရင်မယ်တော်လေးအတွက် ပြင်ထားခြင်း ဖြစ်ပြီး ဓါးမြှောင်က.....


ချူဟွိုက်က မျက်လုံးနိမ့်လိုက်ပြီး ပြုံးလိုက်မိသည်။


သူက အခေါင်းပိတ်ရန်အတွက် ကိရိယာအချို့ကိုပါ ယူလာခဲ့သည်။


သေသောသူများ အထီးကျန်ဝိဥာဥ် ဖြစ်မလာစေရန်အတွက် ညပုလဲက လူသေ၏ ဝိဥာဥ်ကို ချိပ်ပိတ်ပေးသည်။ ကွမ်ရင်မယ်တော်လေးက မူလက အခေါင်းထဲတွင် ပိတ်မိနေသော်လည်း ညပုလဲကြောင့် သူမ၏ နာကျည်းမုန်းတီးမှုများ ပိတ်ဆို့ခံထား၍ ဂူသင်္ချိုင်းထဲမှ ထွက်ပြီး မကောင်းမှု ပြု၍မရနိုင် ဖြစ်နေခဲ့သည်။


သူမက ရွာသူကြီးကြောင့် လွတ်မြောက်သွားပြီး စိတ်ကြိုက်လုပ်နေ၍ သူ့အနေနှင့် ညပုလဲကို ကွမ်ရင်မယ်တော်လေး ပါးစပ်ထဲ ပြန်ထည့်ပေးပြီး ချိပ်ပိတ်လိုက်ရုံသာ ရှိတော့သည်။


ချူဟွိုက်က စုန့်ချင်း၏ ကလေးကို ဖြတ်ထုတ်မည့် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား လုပ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်မိသည်။ ကွမ်ရင်မယ်တော်လေး၏ ဝိဥာဥ်က စုန့်ချင်းဆီ ပေါ်လာသည်နှင့် သူလက်ရှိ လုပ်နေသည့် အရာများကလည်း အလဟဿဖြစ်သွားမည်ပင်။

 

စုန့်ချင်းသာ ကွမ်ရင်မယ်တော်လေး ဖြစ်သွားသည်နှင့် သူတို့က အဆိုးဆုံးအရာကို လုပ်ရတော့မည်ပင်။ ပြေးပြီး ပုန်းနေခြင်း....


သို့သော်လည်း ယခုတွင် သူ့ဘက်က လက်ဦးယူပြီး ဂူသင်္ချိုင်းကို ဖော်ထုတ်နိုင်သည်နှင့် အိမ်စောစော ပြန်နိုင်မည် ဖြစ်သည်။


သေချာပေါက် နည်းလမ်းက ရိုးရှင်းသော်လည်း လုပ်ကိုင်ရသည်က သိပ်မလွယ်ကူပေ။


ကွမ်ရင်မယ်တော်လေးက သူ့ပန်းတိုင်အောင်မြင်ဖို့ အလွယ်လေး ခွင့်ပြုပေးမည် မဟုတ်ပေ။


သူက ပင်မခန်းဆောင်ထဲ ခြေလှမ်းလိုက်သည်နှင့် တစ်နေရာရာမှ အရိုးခိုက်မတတ် လေအေးတို့ တိုက်ခတ်လာသည်။


အခေါင်းမည်းမည်းကြီးက စင်မြင့်ပေါ် မြုပ်ထားပြီး အခေါင်းဖုံးက တင်းတင်းကျပ်ကျပ် ပိတ်ထားခြင်း မ

ရှိဘဲ သံချောင်းများက မြေကြီးပေါ် ပြန့်ကျဲနေသည်။ 

  

ကြောင်နက်လေးက ချူဟွိုက်၏ ရင်ဘတ်နား ကပ်လာသည်။ သူက အခေါင်းကို စေ့စေ့ကြည့်လိုက်ပြီး တဖြေးဖြေး အနားကပ်သွားလိုက်ရင်း အခေါင်းထဲ ငုံ့ကြည့်လိုက်၏။


အခေါင်းထဲတွင် လှဲလျောင်းနေသည့်သူက လမင်းလို အဆင်းသဏ္ဍာန်ရှိသော မိန်းမလှလေးတစ်ယောက် ဖြစ်နေသည်။ သူမက ယခုတင် အိပ်လိုက်သလိုမျိုး မျက်နှာက နှင်းဆီရောင်သန်းနေပြီး အသားအရေက နူးညံ့ပြီးတောက်ပနေသည်။


ချူဟွိုက်က အောက်လျှောကြည့်လိုက်ရာ သူမ၏ စူထွက်လုံးဝန်းနေသော ဗိုက်ကလေးကို တွေ့လိုက်လေသည်။


ရုတ်တရက် နောက်ကျောက ချမ်းစိမ့်စိမ့်ဖြစ်လာ၍ ကွမ်ရင်မယ်တော်လေး၏ မျက်နှာကို ပြန်ကြည့်လိုက်ရာ နာကျည်းမုန်းတီးမှုအပြည့်နှင့် အေးစက်စက် မျက်ဝန်းတစ်စုံနှင့် ဆုံမိသွားလေသည်။


ချူဟွိုက်က ကွမ်ရင်မယ်တော်လေး၏ မျက်နှာအစစ်ကို တွေ့ရပြီ ဖြစ်သည်။


" ငါ့ကို လာတားတဲ့သူ မှန်သမျှ သေရမယ်...." 


စူးစူးရှရှ အသံကြီးက လေဟာနယ်ကို ဖြတ်၍ ထွက်ပေါ်လာသည်။ သူ့အမြင်အာရုံတွင် ကွမ်ရင်မယ်တော်လေးက ရုတ်တရက် ထထိုင်လိုက်သလိုပင်....


ကြောင်နက်လေးက စိုးရိမ်တကြီး တညောင်ညောင် အော်လာ၍ ကွမ်ရင်မယ်တော်လေးက အကောင်ပေါက်လေးကို လည်ပင်းလိမ်ကြည့်လာရင်း မျက်နှာထက် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာ၏။

  

သို့သော်လည်း ချူဟွိုက်က တစ်ချက်မှ ရွေ့မသွားပဲ နေရာမှာတင် လေးတိလေးကန် ရပ်နေမိသည်။


သူက ခြေလှမ်းနှစ်လှမ်းပင် တိုးသွားလိုက်ရင်း အခေါင်းအစွန်းတွင် လက်တင်လိုက်ကာ ပြုံးပြလိုက်သည် 


" အစ်မကြီး ပွင့်ပွင့်လင်းလင်း ပြောကြရအောင်...."


ချူဟွိုက်က အနည်းငယ် ခေါင်းမော့လိုက်သည့်အချိန် သူ၏ အားနည်းသည့် လည်တိုင်လေးပါ ပေါ်သွား၍ စိတ်ထဲ ကျေနပ်သွားရသည် " နော်...."  


ကွမ်ရင်မယ်တော်လေးမှာသာ လူကို အန္တရာယ်ပြု၍ရနိုင်သည့် စွမ်းရည်မျိုး ရှိနေလျှင် သူတို့ ယခုအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။


သူ့ဘက်က စကားဆိုရန် ပြင်လိုက်စဥ် ခေါင်းထဲ နောက်ကျိသွားရသည်။ သူ့အသိပြန်ဝင်လာသောအခါ ကွမ်ရင်မယ်တော်လေးက အခေါင်းထဲတွင် တိတ်တဆိတ် လဲလျောင်းနေသည်။


" ပုံရိပ်ယောင်မှန်း သိသားပဲ....ဘယ်သူ့ကို ကြောက်ပြနေရမှာလဲ...." 



ချူဟွိုက်က ရေရွတ်လိုက်သည်။


သူ့ဘက်က လက်ဦးယူပြီး ကွမ်ရင်မယ်တော်လေး၏ ပါးစပ်ကို ဖွင့်ကာ ညပုလဲကို ထည့်လိုက်၍ လုပ်ငန်းက အဆင်ပြေပြေ ပြီးသွားလေသည်။


သူက အခေါင်းပိတ်ရန်အတွက် သံချောင်းများကို ကောက်ကိုင်လိုက်ရင်း အံ့သြနေမိသည်။ သူတကယ်ပဲ အတွေးလွန်နေတာလား....


ဆယ်မိနစ်ခန့် ကြာပြီးနောက် ကြောင်နက်လေးက အခေါင်းဖုံးပေါ် တက်ပြီး ပတ်ပတ်လည်ကို အကဲခတ်ကြည့်နေသည်။ ချူဟွိုက်က နောက်ဆုံး သံချောင်းကို ရိုက်ထည့်ပြီး အပြီသတ်ရန်ပြင်လိုက်စဥ် ကွမ်ရင်မယ်တော်လေး၏ စူးစူးရှရှအသံကို ထပ်ပြီး ကြားလိုက်ရသည်။  


“ ရှင် ဘာအတွက် တွန့်ဆုတ်နေသေးတာလဲ...."

  

“ ရှင် ကျွန်မကို ကတိပေးထားခဲ့တယ်လေ...."


" ရှင်က ရှင်ပေးခဲ့တဲ့ ကတိကို ချိုးဖောက်နေတာပဲ...."


သူမ ဘယ်သူ့ကို စကားပြောနေတာလဲ...


ချူဟွိုက်၏ လှုပ်ရှားနေသာ လက်များ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို အုပ်ထားမိသည်။


အချိန်အတော်ကြာပြီးနောက် သူ၏ မျက်လုံးများက ရုတ်တရက် ရက်စက်သည့်အသွင် ပြောင်းသွားပြီး မျက်နှာက အရိပ်ထဲ ပုန်းကွယ်နေသည်။ သူက လှောင်ပြောပြောလိုက်သည် 


" ဘာတွေ အလျင်လိုနေတာလဲ....အသုံးမဝင်တော့ဘူးလေ...."

 

ကွမ်ရင်မယ်တော်လေးက ချက်ချင်း အရှိန်လျော့သွားပြီး စကားဆိုလာသည် " သခင်ကြီး...."


ကြောင်နက်လေးက စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။


ချူဟွိုက်မျက်နှာထက်က မည်းနက်သော အရှိန်အဝါတို့ ပြင်းထန်နေပြီး မျက်လုံးများက မှင်ရည်လို မည်းနက်နေကာ အသက်မရှိသလို အုံ့မည်းနေသည်။ သူ၏ ချောမောသော မျက်နှာက ဗန်ပိုင်းယားလို ဆန်းကြယ်ပြီး ညှို့ဓါတ်ပြင်းသည့် အရိပ်ရောင်တို့ ထင်ဟပ်နေသည်။ 

  

'ချူဟွိုက်' က ရယ်မောလိုက်ရင်း လက်ထဲက သံချောင်းနှင့် ဆော့ကစားနေလိုက်သည် 


" မျှော်လင့်ချက် ပြည့်လာမယ့်အချိန် အဖျက်ဆီးခံလိုက်ရတဲ့ ခံစားချက်ကြီးက အရမ်း မိုက်မှာပဲ...."


" ကမ္ဘာကြီးရဲ့ စီရင်ဆုံးဖြတ်ချက် ဆိုရင်ရော...." 'ချူဟွိုက်' က လှောင်ရယ်လိုက်ရင်း မျက်လုံးထက် စက်ဆုပ်မုန်းတီးမှု အထင်းသား ပေါ်လာသည်။ 


သူက ချူဟွိုက်ကိုယ်ထဲ နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်ကြာအောင် တွယ်ကပ်နေခဲ့ပြီး ချူဟွိုက်၏ ဝိဥာဥ်နှင့် ခန္ဓာကိုယ်ကို ဖျက်ဆီး၍ သူ့ခန္ဓာကိုယ်ကို အပိုင်ယူရင်း ပြန်လည်မွေးဖွားလာမည့် ပန်းတိုင်ကို ရောက်တော့မည် ဖြစ်သည်။ သို့သော်လည်း ကမ္ဘာကြီးက ချူဟွိုက်ကို ပရလောကထဲ ဆွဲခေါ်ပြီး မစ်ရှင်များ အသုံးပြုကာ သူ့ကို ဆုံးဖြတ်ပေးလေသည်။ ဒါပေမယ့်လည်း ဘာဖြစ်လဲ....ရလဒ်က နည်းနည်းလေးမှ ပြောင်းလဲသွားမှာ မဟုတ်လို့ပဲ.... 


“ ညီလေး....မင်းက ဒီနေရာမှာပဲ တစ်သက်လုံး နေရတော့မှာ...." သူက စကားရပ်လိုက်ပြီး ချူဟွိုက်ကို ရန်မမူသေးပဲ ကြောင်ကို ကြည့်လိုက်မိသည်။


ကြောင်က သူ့ကို အေးစက်စက် စိုက်ကြည့်နေ၍ သူ၏ မီးခိုးပြာရောင် မျက်လုံးက အသက်ဝင်နေသည်။


' ချူဟွိုက်' က ထိုင်ချလိုက်ရင်း ကြောင်ကို လက်ယပ်ခေါ်လိုက်ကာ လှောင်ပြောပြောလိုက်သည် 


" ကြောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အပြင်ထွက်မလာနိုင်ဘူးမို့လား....သူ့ကို မကယ်နိုင်တော့ဘူးလေ...."


" အရင်တုန်းက ခင်ဗျား သူ့ကို ကူညီပြီးကျွန်တော့်ကို ဖိနှိပ်ခဲ့တာ မို့လား....မှန်းကြည့်မယ်...." 'ချူဟွိုက်' က ရယ်မောလိုက်သည် " ခင်ဗျားက အထူးမစ်ရှင်ထဲကို ဝင်လို့ရတဲ့ 'အစောင့်အရှောက်' တစ်ယောက်ပဲ....." 


' ချူဟွိုက်' က ချီးကျူးပေးလိုက်သည်


 " ခင်ဗျားက အစောင့်အရှောက်အနေနဲ့ အထူးမစ်ရှင်ထဲ ဝင်လာရဲတဲ့ တစ်ဦးတည်းသောသူပဲ....ခင်ဗျားရဲ့ စွမ်းရည်တွေ ပျောက်သွားချင်နေတာလား....အထဲမှာ သေသွားမှာ မကြောက်ဘူးလား...."


" ခင်ဗျား မှားသွားပြီပဲ...." 'ချူဟွိုက်' က ရယ်မောလိုက်သည် " ခင်ဗျားက မသေဘူးလေ....မှတ်ဥာဏ်ဖျက်ခံရပြီးတော့ ပြန်ဝင်စားရတော့မှာ...."


သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြင်းထန်လာပြီး ဒေါသတကြီး ဖြစ်လာသည် " ဒါဖြင့် ခင်ဗျား ပြန်ဝင်စားလို့ရအောင် ပို့ပေးရတော့မှာပေါ့...."

  

ကျင်းထျန်းယိက သူ့ပေါ် ခုန်တက်လိုက်ပြီး ကိုက်ရန်လုပ်လိုက်သော်လည်း ချူဟွိုက်ခန္ဓာကိုယ် ဖြစ်နေမှန်း တွေးမိသွား၍ မလုပ်ရက်တော့ပေ။ သူက ချူဟွိုက်ခန္ဓာကိုယ်နှင့် ပတ်သတ်ပြီး တစ်ခုခုထူးဆန်းနေသည်ဟု ထင်မိ၍ ဆင်းလိုက်လာသော်လည်း မကောင်းဆိုးဝါးက အင်အားကြီးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ရုတ်တရက်ဆိုသလို ချူဟွိုက်၏ ကျောက်စိမ်းလို ဖြူဖြူသွယ်သွယ် လက်တစ်ဖက်က သူ့လည်ပင်းကို ညစ်လာသည်။


ကျင်းထျန်းယိက နံရံပေါ် အဖိခံထားရ၍ အောက်စီဂျင်က တဖြေးဖြေး ပြတ်လပ်လာပြီး အသက်ရှူရကျပ်လာလေသည်။


သူ့ချစ်သူ၏ မျက်နှာက လက်တစ်ကမ်းအကွာထိ နီးကပ်နေသော်လည်း အကျည်းတန်ပြီး ကြောက်စရာကောင်းနေ၍ ရန်မူလိုစိတ်ကလည်း ပြင်းထန်နေသည်။


သေသွားရခြင်းက ကမ္ဘာလောကမှ ပျောက်ကွယ်သွားခြင်းသာ ဖြစ်၍ သူက သေရမှာ မကြောက်ပေ။  ယင်းက ငြီးငွေ့ဖွယ်ကောင်းသည့် ပြန်လည်မွေးဖွားခြင်း တစ်ခုသာ ဖြစ်သည်။


သို့သော်လည်း တွယ်တာစရာ ရှိလာပြီဆိုလျှင် အခွဲခံလိုက်ရသည့် နာကျင်မှုက သည်းမခံနိုင် ဖြစ်လာရသည်။


သူက မမေ့သွားချင်ပေ။ ချူဟွိုက်ကို သေချာပေါက် အသေခံမည် မဟုတ်။


သူ့တွင် နောက်ဆုံး အားကိုးရာသာ ရှိတော့သည်။


" ခင်ဗျားက ကိုယ့်ကိုယ်ကို စတေးချင်နေတာလား...." 'ချူဟွိုက်' က သူ၏ပြောင်းလဲမှုကို ခံစားမိသွား၍ လုံးဝ အံ့သြသွားရသည်။


သွေးနီလမစ်ရှင်ထဲတွင် သာမန်လူအဖွဲ့က စတေးရမည့် စွမ်းရည်မျိုး ရရှိထား၍ ကိုယ့်အသက်ကို စတေးပြီး အပေါင်းအဖော်ကို ရှင်သန်အောင် လုပ်ပေး၍ရသည်။ ကျင်းထျန်းယိလို အစောင့်အရှောက်များတွင်လည်း ထိုစွမ်းရည်မျိုးရှိ၍ ဤအချက်ကို ကောင်းကောင်းနားလည်သည်။

  

“ သူက ခင်ဗျား သေပေးရလောက်အောင် တန်လို့လား...."


" ခင်ဗျား သေသွားရင်လည်း နောက်မစ်ရှင်တွေမှာ သူ့ကို သတ်ဖို့ အခွင့်အရေးတွေ ပေါပေါပဲပဲ ရှိနေဦးမှာပဲ....ခင်ဗျား ပေးဆပ်လိုက်ရတာ တန်မှာမဟုတ်ဘူး...."

 

' ချူဟွိုက်' က ခေါင်းယမ်းပြလိုက်ပြီး ရယ်မောလိုက်သည် " ဘာလို့ ဒီလို အဓိပ္ပါယ်မရှိတဲ့အရာအတွက် ကြားဝင်ပေးနေရမှာလဲ...."


သူက ထုရိုက်ရန် ပြင်လိုက်သော်လည်း လက်အားက ရုတ်တရက် လျော့နည်းလာပြီး ချူဟွိုက်၏ မျက်နှာ အမူအရာကလည်း ပြောင်းလဲစပြုလာသည်။


ကျင်းထျန်းယိ၏ မျက်လုံးထက် အလင်းရောင်လေး ပေါ်လာလေသည်။


ချူဟွိုက်က နောက်ဆုံး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်၍ ရသွားပြီ ဖြစ်သည်။ ချက်ချင်းဆိုသလို စောစောက ပြင်ဆင်ထားသည့် ဓါးမြှောင်ကို သုံးပြီး ကိုယ့်ကိုယ်ကို အားကုန်စိုက်ချလိုက်၏။


သွေးများ ပန်းထွက်လာလေသည်။


သရဲများက လူသားခန္ဓာကိုယ်ထဲ ဝင်ပူးပြီးမှ အလုပ်လုပ်၍ ရနိုင်မှန်း လျိုဟန့်အစ်ကိုက လျိုဟန့်ကို ဝင်ပူးသည့်အချိန်ကစ ချူဟွိုက်က သိသွားခဲ့သည်။


လျိုဟန့်အစ်ကိုက သူ့ကို ဝင်ပူးသွားချိန် ထူးခြားစွမ်းရည်လိုမျိုး ထုတ်ပြမလာပဲ ခွန်အား တိုးသွားသည်သာ ရှိလေသည်။ ထို့အတွက်ကြောင့် သူသာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလျှင် သူ့ကိုယ်ထဲရှိ သရဲကလည်း ထိန်းချုပ်ခံလိုက်ရပြီး တစ်ပါးသူကို ရန်မူ၍ မရနိုင်တော့ပေ။

 

ထိုဓားမြှောင်က သူ့ကိုယ်တိုင်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။


ဤအကြောင်းကြောင့် လျိုဟန့်ကို အောက်မဆင်းခိုင်းခဲ့ခြင်း ဖြစ်သည်။ သူ့ကို မတော်တဆ ရန်မူမိမလား သူ့ကိုယ်သူ မသေချာ၍ပင်။

 

မစ်ရှင်ထဲ ဝင်လာပြီးကတည်းက ချူဟွိုက်က မစ်ရှင်၏ အထူးအခြေအနေကို မပြတ် တွေးတောခဲ့သည်။


ဖြစ်သွားခဲ့သည့် ကိစ္စများကို နှိုင်းယှဥ်ကြည့်ပြီးနောက် ချူဟွိုက်က အထူးအခြေအနေဆိုသည်ကား မစ်ရှင်နာမည် ဖြစ်နေမှန်း စဥ်းစားမိသွားသည်။ 


အမြွှာ....


ကျို့ယွမ်တွင် အစ်ကိုတစ်ယောက် ရှိပြီး သူ့အစ်ကိုအကြောင်း ပြောသည့်အချိန် မျက်လုံးထက် အထင်သေးရိပ်များ ပေါ်လာသည်။ သူတို့ကြားတွင် ရန်ငြှိုးရန်စများ ရှိနိုင်လောက်ပြီး စွန်းကျားမူဆီကသာ အသတ်မခံခဲ့ရလျှင် သူ့အမြွှာအစ်ကို၏ ကလဲ့စားအချေမခံရအောင် ထွက်ပြေးနေရတော့မည် ဖြစ်သည်။ 

  

စုန့်ချင်းတွင်လည်း ခွဲစိတ်ရင်း သေသွားရသော ရင်ချင်းဆက်အမွှာအစ်မ ရှိလေသည်။ သူမက စုန့်ကျင်းနှင့် ဆက်ဆံရေးကောင်းမွန်ပြီး ရန်ငြှိုးရန်စ မရှိသော်လည်း အတိတ်ကံကြောင့် ပရလောကထဲ ဝင်ခဲ့ရသည်။ ထို့ကြောင့် စုန့်ချင်းက သေရတော့မည့်အချိန် စုန့်ကျင်းက ရောက်လာပြီး ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။


စွန်းကျားမူတွင်လည်း အစ်ကြီးလား အငယ်လား မသေချာသည့် အမြွှာတစ်ယောက် ရှိလေသည်။ သို့သော်လည်း စွန်းကျားမူက သူ့အမြွှာကို ရေနစ်သတ်ခဲ့မှန်း သိသာလေသည်။ ချူဟွိုက်က ဤအကြောင်းကို သိသွားသည့်အချိန် ဤအချက်ကို အခွင့်ကောင်းယူပြီး စွန်းကျားမူကို မြစ်ကမ်းဘေး ခေါ်သွားကာ သူ့အမြွှာလက်နှင့်ပင် စွန်းကျားမူကို သတ်စေခဲ့သည်။

 

လျိုဟန်ကမူ ဘာမှပြောစရာ မလိုတော့ပေ။ ချူဟွိုက်က သူ့အစ်ကို ဝင်ပူးလာသည်ကို မျက်မြင်တွေ့ခဲ့ရသည်။


ဤအချက်ကြောင့် သူက သဲလွန်စတစ်ခု ရလာသည်။ သူ့တွင်လည်း အမြွှာညီအစ်ကိုတစ်ယောက် ရှိရမည်။


လျိုဟန်ပြောသည့်အတိုင်း သူက သူ့အမြွှာကို မသိလိုက်ပဲနှင့် တစ်ခုခုလုပ်ခဲ့မိ၍ သေသွားရခြင်း ဖြစ်နိုင်သည်။

 

ရှင်သန်နေထိုင်ရသည့်အခါ မညီမျှသော သတင်းအချက်အလက်များနှင့် မရည်ရွယ်ပဲ ဖုံးကွယ်ထားမိသော ကိစ္စများ ရှိတတ်လေသည်။ တစ်ဖက်သတ်ဆန်သော သတင်းအချက်အလက်ကို ယုံကြည်ရသည်ထက် ချူဟွိုက်က ရှာဖွေပြီးမှ သိရသည့်အရာကို ပိုပြီး ယုံကြည်မိသည်။


ဤအဖြေက ကို့ရို့ကားယားနိုင်သော်လည်း အမှန်တရားနှင့် အနီးစပ်ဆုံးဖြစ်သည်။

 

သူက သူ့ကိုယ်ထဲ ကပ်တွယ်နေသည့် သရဲကို စဥ်းစားမိသွားလေသည်။


ပေါ်မလာသည်က ကြာပြီဖြစ်သော်လည်း လုံးဝပျောက်ကွယ်သွားပြီဟု မဆိုလိုပေ။ ကျင်းထျန်းယိကြောင့်သာ အဖိနှိပ်ခံထားရပြီး ထိုသရဲက ကွမ်ရင်မယ်တော်လေးလိုမျိုး အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်နိုင်သည်။


အခုပဲ....

  

ချူဟွိုက်က ထိုသရဲ ရောက်လာသည့်အချိန် သူ့မှာ ခုခံနိုင်စွမ်းမရတော့ပဲ အကြောထုံသွားလိမ့်မည်ဟု မထင်ထားခဲ့မိရုံသာ။


ထိုကောင်လေးကြောင့်သာ မဟုတ်ရင်....ချူဟွိုက်က ထောင့်နားလေးကနေ သူ့ဆီ လာဖို့ ရုန်းကန်နေရသော ကြောင်ငယ်လေးကို ကြည့်လိုက်ရင်း ခေါင်းနည်းနည်းစောင်းကြည့်လိုက်ပြီး မျက်လုံးများပင် နီရဲလာရသည်။


သူ့မှာ ထိုကောင်လေး၏ အသံကို မကြားခဲ့ရပေ။


ထိုကောင်လေးကို သတ်မိတော့မလို ဖြစ်သွားရသည်။


အခြားချူဟွိုက်က သူ့စိတ်ထဲ အော်ဟစ်နေပြီး သူ့ဆီကနေ ရုန်းကန်နေရ၍ ချူဟွိုက်မှာ ခေါင်းကိုက်လာ၍ ကွဲထွက်တော့မတတ် ဖြစ်လာလေသည်။ 


ချူဟွိုက် စိတိငြိမ်ငြိမ်ထားလိုက်ရင်း စိတ်ထဲပေါ်လာသည့် အတွေးတစ်ခုနှင့်အတူ ဓါးနှင့် လက်ကို ထိုးပစ်လိုက်၍သာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်၍ ရသွားခဲ့သည်။ သူက ထိန်းပြီး တွယ်တက်လိုက်ရင်း ဒဏ်ရာကို ဖုံးဖိလိုက်ကာ မြေကြီးပေါ်ရှိ နောက်ဆုံးသံချောင်းလေးကို ကုန်းကောက်ယူလိုက်သည်။


သူက အခေါင်းအနောက်ဘက် ရောက်သွားလေသည်။


ကျင်းထျန်းယိက အနောက်ကနေ သူ့ကို ကြည့်နေလိုက်သည်။


ချူဟွိုက်က အသက်ပြင်းပြင်းရှူလိုက်ရင်း နာကျင်မှုကို အံကြိတ်ခံလိုက်ကာ သတိလစ်ချင်လာသလို ခံစားရသည်။ သူက လက်မြောက်ပြီး သံချောင်းကို အပေါက်ထဲ စိုက်လိုက်ကာ အားစိုက်ထုချလိုက်သည်။


နောက်ဆုံး ပြီးသွားပေပြီ။

  

ဤအရာအားလုံး လုပ်ပြီးသွားချိန် ချူဟွိုက်က အခေါင်းကို မှီလိုက်ရင်း သူနှင့်အတူ ခြောက်ရက်လုံး အဖော်ပြုပေးခဲ့သည့် ကြောင်လေးကို လက်ယမ်းပြလိုက်ပြီး ပြုံးပြလိုက်သည်။

 

လျိုဟန့်ခေါင်းထဲ သွေးစာတန်းတစ်ခုက ရုတ်တရက် ပေါ်လာလေ၏။


[ အသက်ရှင်သွားကြတဲ့ ပြိုင်ပွဲဝင်တွေအားလုံးကို ဂုဏ်ပြုပေးပါတယ်...ပြိုင်ပွဲဝင် ချူဟွိုက်ကို ကျေးဇူးတင်ရမှာပါ....ကွမ်ရင်မယ်တော်လေးကို ချိပ်ပိတ်နိုင်ခဲ့လို့ အထူးအမြွှာမစ်ရှင်က သတ်မှတ်ရက်ထက် စောပြီး ပြီးသွားခဲ့တာပါ....]

 

[လူသားတွေရဲ့ လောဘက အဆုံးမရှိဘူး....သရဲတွေနဲ့ မကောင်းဆိုးဝါးတွေကိုတော့ ယာယီချိပ်ပိတ်ထားလို့ ရနိုင်တယ်....ကွမ်ရင်မယ်တော်လေးက တစ်ဖန်ပြန်ပြီး အိပ်ပျော်သွားရင်း ကမ္ဘာလောကထဲ ပြန်ဝင်လာနိုင်မယ့် အခွင့်အရေးကို စောင့်နေမှာ ဖြစ်ပါတယ်]

 

[ အမြွှာမစ်ရှင်အတွက် အပြီးပြည့်စုံဆုံး အောင်မြင်မှု ဖြစ်ပါတယ်]


မစ်ရှင်ပြီးသွားသည့်အချိန် ကျင်းထျန်းယိကလည်း လူပြန်ပြောင်းသွားလေသည်။


သူ့အဝတ်အစားများက ဖရိုဖရဲဖြစ်ပြီး ကြည့်ရထူးဆန်းနေသော်လည်း သူ့အလှက ဖုံးကွယ်ထားလို့မရနိုင်ပေ။ 

 

ကျင်းထျန်းယိက ထရပ်လိုက်ပြီး အခေါင်းကို မှီထားရင်း အသက်လုရှူနေရသော ချူဟွိုက်ဆီ လျှောက်သွားလိုက်သည်။


ချူဟွိုက်က မျက်လုံးပိတ်ထားရင်း သူ့မျက်နှာက ဖြူဖျော့နေပြီး လက်များက သွေးစွန်းနေသည်။


ကျင်းထျန်းယိ၏ နှလုံးသားက နာကျင်လာရသည်။


သူတို့က မစ်ရှင်ပြီး၍ ဘတ်စ်ကားဖြစ်ဖြစ် တိုက်ခန်းကိုပဲဖြစ်ဖြစ် ပြန်ရောက်သည့်အချိန်မှသာ ဒဏ်ရာပျောက်နိုင်မည် ဖြစ်သော်လည်း သေသွားသည်အထိ မဖြစ်နိုင်တေ့ပေ။


ကျင်းထျန်းယိက လက်ဆန့်ပြီး ချူဟွိုက်ကို ဆွဲမယူလိုက်သည်။ ချူဟွိုက်က လှုပ်မလာ၍ ကျင်းထျန်းယိမှာ နာကျင်မှုကြောင့် သတိလစ်သွားခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။


သို့သော်လည်း ချူဟွိုက်၏ မျက်တောင်ရှည်ကြီးများ အနည်းငယ် တုန်ခါသွားရင်း မျက်ခွံတို့ ရွေ့သွားမှန်း သတိမထားမိလိုက်ပေ။


ချူဟွိုက်က မျက်လုံးတစ်ဖက်ကို တိတ်တိတ်လေး ဖွင့်လိုက်ရင်း ကျင်းထျန်းယိက သူ့ကို အာရုံမထားမှန်း မြင်သွားချိန် ကျန်သည့်တစ်ဖက်ကိုလည်း ဖွင့်လိုက်မိသည်။


ထို့နောက် ကျင်းထျန်းယိ အာရုံမရှိသည်ကို အခွင့်ကောင်းယူပြီး သူ့လည်တိုင်ကို ဖမ်းဆုပ်လိုက်ရင်း ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်လေသည်။



👻