Chapter 92
Viewers 4k

👻 Chapter 92

ဆေးရောင်ခြယ် မျက်လုံးများ (6)



ကျင်းထျန်းယိက သူ့ကို လှမ်းရိုက်ရန်ပြင်လိုက်စဥ် အိမ်အပြင်ဘက်က ခြေသံများနှင့် စကားသံများကို ကြားလိုက်ရသည်။


လူတိုင်း၏ မျက်လုံးတို့ ပင့်တက်သွားပြီး အိမ်အပြင်ဘက်ကို ကြည့်လိုက်ကြသည်။


ရဲအရာရှိများ ဖြစ်နေသည်။ သူတို့က လွန်ခဲ့သော လေးငါးနာရီခန့်က ရဲခေါ်ထား၍ နောက်ဆုံး ရောက်လာကြပြီ ဖြစ်သည်။


မိန်းမအတွင်းခံကောင်က ဝမ်းသာလုံးဆို့ပြီး အပြေးသွားလိုက်ရင်း ပြတင်းပေါက်မှန်ကို ကြမ်းကြမ်းခေါက်လိုက်သည်


 " ကျွန်တော်တို့ ဒီမှာပါ...ဒီမှာ...."


သူက အဆုတ်ထွက်မတတ် အော်လိုက်ပြီးနောက် ရဲအရာရှိကြီးများက နောက်ဆုံး သူ့ဆီ လှည့်ကြည့်လာကြသည်။ မိန်းမအတွင်းခံကောင်က ဝမ်းသာသွားချိန်ပင်မရလိုက် ရဲများက သူကို မမြင်သလို သူ့ရှေ့တည့်တည့်မှ ကျော်သွားပြီး တစ်ဖက်ဆီ လျှောက်သွားကြလေသည်။


ချူဟွိုက်က အကြောင်းရင်းကို သိလိုက်ပြီ ဖြစ်သည်။


" ဟေ့....ဘာလုပ်နေကြတာလဲ...." မိန်းမအတွင်းခံကောင်က အရှုံးမပေးသေးပဲ ပိုပြီးပြင်းပြင်းထန်ထန် အော်လိုက်ရင်း ပြတင်းပေါက်မှန်များကို ကြမ်းကြမ်းတမ်းတမ်း ခါယမ်းပစ်လိုက်သည်


 " ခင်ဗျားတို့တွေ မျက်လုံးကန်းသွားကြတာလား...." 

 

ကျင်းထျန်းယိက တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။


နည်းနည်းစဥ်းစားတတ်သော ကျိုးလင်းက လူတိုင်းကို အပြစ်တင်ပြောဆိုပြီးနောက် မအံ့သြမိသလို တည်တည်ငြိမ်ငြိမ် နေလိုက်ရင်း အခြေအနေကို လေ့လာသုံးသပ်နေသည်။

 

သူက မိန်းမအတွင်းခံကောင်၏ ပါးစပ်ကို အုပ်လိုက်ရင်း လူတိုင်းကို တိတ်တိတ်နေရန် ပြောလိုက်သည်။


သူတို့က ရဲအရာရှိများ ပြောဆိုနေသည့် စကားသံကို ကြားရပြီ ဖြစ်သည် " ငါတို့ အရူးလုပ်ခံရတာများလား....အဲ့ဒီကောင်လေးတွေ ပြောသွားတဲ့ လိပ်စာက အရမ်းဝေးလွန်းလို့ ရောက်သွားတဲ့အချိန်မှာလည်း ပိုတောင်ဝေးသွားသေးသလိုပဲ...ဒီနားမှာ ဘာစံအိမ်မှလည်း မရှိပါဘူး....လူသူမရှိ ပြောင်ရှင်းနေတဲ့ နေရာကြီးကို...."


သူတို့နှလုံးသားများ ချက်ချင်း နစ်မြုပ်သွားရသည်။


ဒီစံအိမ်က အပြင်လူတွေ မမြင်ရဘူးလား....


" ဟုတ်ပ...." အခြားရဲအရာရှိကြီးက ထပ်ပြောလာသည် " လမ်းမှာရောက်နေတုန်း ဖုန်းဆက်ကြည့်တာ ခေါ်လို့လည်း မရတော့ဘူး....အဲ့ဒါနဲ့ တစ်ခုခုပဲလို့တောင် တွေးမိသေးတယ်...အခုခေတ်ကလေးတွေက ရဲတွေကိုတောင် စနောက်ရဲနေပြီ...." 


လူတိုင်းက ဖုန်းအမြန်ထုတ်ပြီး မယုံနိုင်သလိုပုံစံနှင့် ဖုန်းမျက်နှာပြင်ကို ကြည့်နေသည့် ချူဟွိုက်ကို လှမ်းကြည့်လိုက်မိသည် " ဖုန်းလိုင်းက​ ရှင်းရှင်းလင်းလင်းကို မိပါသေးတယ်...."  


လော့ဇီယန်က မေးလာသည် " ဒါဆို သူတို့က ဘာလို့ ဖုန်းဆက်မရဘူးလို့ ပြောလာတာလဲ...." 


ပြောပြစရာမလိုပဲ အဖြေက ရှင်းနေပြီဖြစ်သည်။ 


အရာရှိတစ်ယောက်က ပြောလာသည် " ကောင်းပြီလေ....ပြန်ကြတာပေါ့...."


မိန်းမအတွင်းခံကောင်က မနေနိုင်၍ အော်ပြောလာသည် " မသွားကြပါနဲ့....ပြန်လာပေးကြပါ...."


သူက အော်နေရင်း သူ့လည်ချောင်းထဲမှ ထောင်ချောက်မိနေသည့် သားကောင်အသံမျိုး  ထွက်လာကာ စိတ်တို့ ပြိုလဲကျသွားပြီး သူ့ခန္ဓာကိုယ်က မြွေတစ်ကောင်လို နံရံထက်မှ လျှောကျလာရကာ ငူငူကြီးထိုင်နေမိသည်။


ဤသည်က ဇာတ်ကောင်ကြောင့် မဟုတ်ပဲ မိန်းမအတွင်းခံကောင်နေရာတွင် သရုပ်ဆောင်ရသည့် ကောင်လေး၏ ခံစားချက် အစစ်အမှန်များ ဖြစ်သည်။


အမှန်တွင်ဖြင့် နောက်ထပ် သေရမည့်လူက သူပင်။


ရဲများက ပြန်သွားကြပြီ ဖြစ်သည်။ စံအိမ်ကြီးက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားရင်း ကြောက်စိတ်နှင့် စိတ်အားငယ်မှုများကြောင့် ကျန်အသစ်လေးနှစ်ယောက်ကလည်း သူတို့ပါ ပါဝင်ပတ်သက်မိမှာစိုး၍ မိန်းမအတွင်းခံကောင်နားမှ တိတ်တိတ်လေး ရှောင်ခွာသွားကြသည်။


မိန်းမအတွင်းခံကောင်က သူတို့ကို စိတ်ပျက်သလို ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလာသည်


 " ဒါ ဘာဖြစ်သွားကြတာလဲ....မင်းတို့က ငါ့ကို ကာကွယ်ပေးရမှာလေ....ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား...." 


“ကျိုက်ယွီ....." သူက လော့ဇီယန်ကို ကူကယ်ရာမဲ့သလို ကြည့်လိုက်မိသည်။


လော့ဇီယန်ကလည်း တွန့်ဆုတ်နေမိသည်။


ချူဟွိုက်က တိုက်ခန်းက လူများ ရိုက်ကူးခဲ့သည့် ရုပ်ရှင်များကို ကြည့်ခဲ့သည့်အချိန်တုန်းက သရုပ်ဆောင်များက အမှန်တကယ် ကြောက်နေကြသည့်ပုံ ဖြစ်နေသည့်အကြောင်းရင်းကို နားလည်သွားခဲ့သည်။ ပြိုင်ပွဲများနှင့် သူတို့ သရုပ်ဆောင်ရသည့် ဇာတ်ကောင်များက ခံစားချက်ချင်း တစ်ထပ်တည်းကျနေပြီး သေခြင်းတရား အစစ်အမှန်ကို ရင်ဆိုင်နေရ၍ပင်။   


သူတို့ကို ကိုယ်တိုင်ရှာဖွေပြီး လွတ်လွတ်လပ်လပ် နေလို့ရအောင် အချိန်ပေးထားသည့်အတိုင်း သွေးစာတန်းမှ ညွှန်ကြားချက်များက အချိန်တစ်ခုစာထိ ပေါ်မလာသေးပေ။ လူတိုင်းက ဆင်ခြေပေးပြီး အိမ်ဘေးပတ်လည် သွားလိုက်ကြရင်း အသုံးဝင်မည့် အချက်အလက်များကို ရှာဖွေနေကြသည်။


အောက်ထပ်ကို လျှောက်ပတ်ကြည့်ပြီးနောက် ချူဟွိုက်က ဘာမှရှာမတွေ့၍ အပေါ်တက်ရန် ပြင်လိုက်စဥ် ကျင်းထျန်းယိက အောက်ထပ်မှနေ၍ လှမ်းခေါ်လာသည်


 " ရှားယွီရဲ့ အခန်းကို အတူတူသွားကြရအောင်...."  

 

ချူဟွိုက်က သဘောတူရန်ပြင်လိုက်စဥ် ရုတ်တရက် နောက်ကျောမှ တစ်ခုခုကို အာရုံခံမိသွားပြီး ချက်ချင်းဆိုသလို ခန္ဓာကိုယ်ရှိ သွေးများ အေးခဲသွားသလို ခံစားရသည်။


သူ့နောက်မှာ တစ်ခုခု ရှိနေတယ်....


ကျင်းထျန်းယိက ချူဟွိုက်နောက်တွင် ဘာမှမရှိ၍ ဘာမှမဖြစ်သွားသလို ဟန်ဆောင်နေလိုက်သည်။


ချူဟွိုက်က နောက်လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် ဘာမှရှိမနေချေ။

 

သို့သော်လည်း သူ့စိတ်ထင်နေခြင်း သက်သက်ဟု သူမယုံပေ။


ကျင်းထျန်းယိက သူ၏ ထူးဆန်းနေသော မျက်နှာအမူအရာကို သတိထားမိ၍ ချက်ချင်း အပြေးရောက်လာသည် 


" ဘာဖြစ်လို့လဲ...."


သူ့စကားမဆုံးခင် သူကလည်း တစ်ယောက်ယောက် စောင့်ကြည့်နေသလို ခံစားချက်ကြီး ရလာ၏။


ထိုအကြည့်က အုံ့မှိုင်းမှိုင်းနှင့် ရင်ထိတ်ဖွယ် အကြည့်ကြီး ဖြစ်ပြီး သနားသလို လှောင်ပြောင်နေသလို အရိပ်ရောင်တို့ ပါဝင်နေသည်။ 

 

ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရင်း ချက်ချင်း လုပ်ငန်းစလိုက်ကြသည် " အဲ့ဒါကို ရှာကြရအောင်...."


ကျင်းထျန်းယိက ချူဟွိုက်ကို တင်းတင်းဆွဲခေါ်သွားပြီး တစ်ခဏအကြာ ထိုအကြည့်ရှိနေသည့် နေရာကို ရှာတွေ့သွားပြီ ဖြစ်သည်။

 

သူတို့က ရှားယွီ၏ အခန်းရှေ့တွင် ရပ်လိုက်သည့်အချိန် အဝတ်မပါသည့် အမျိုးသမီးပုံက ရှိနေသေးသော်လည်း ထိုအမျိုးသမီးတွင် သိသာထင်ရှားပြီး အသက်ဝင်နေသည့် မျက်လုံးများ ရှိနေပြီ ဖြစ်သည်။


ထိုမျက်လုံးများကို ကြည့်နေရင်း ချူဟွိုက်က ရှားယွီကို မြင်လိုက်ရသလိုပင်။ မျက်လုံးများက လှုပ်ရှားမှု ကင်းမဲ့နေသော်လည်း စောစောက သူခံစားမိသည့် အကြည့်စူးစူးက ဤနေရာကလာမှန်း သူသေချာပြောနိုင်သည်။  


ဤပန်းချီကား သို့မဟုတ် ဤမျက်လုံးများက ရှားယွီသေပြီးနောက် နတ်ဆိုးစွမ်းရည်များ ရလာသည့်ပုံပင်။


ပန်းချီကားတွေ....

 

ရုတ်တရက် ချူဟွိုက်က အကြံတစ်ခု ရသွားပြီး အပေါ်ထပ်က အခန်းများ၏ တံခါးပေါ်မှ ပန်းချီကားများကို ချက်ချင်း သွားကြည့်လိုက်သည်။


လော့ဇီယန် : ဆိုဖာပေါ် ထိုင်ပြီး တီဗွီကြည့်နေသည့် အမျိုးသားတစ်ယောက်....


ကျင်းထျန်းယိ : ရွှေဒင်္ဂါးပြား ကိုင်ထားသည့် အမျိုးသားတစ်ယောက်....


လူဝကြီး : ခေါင်းကြီးကိုယ်သေး အစီအစဥ်မကျသည့် ခြေလက်များနှင့် အမျိုးသားတစ်ယောက်....ထိုလူက ပါးစပ်ကျဥ်းကျဥ်း မျက်လုံးသေးသေးလေး ဖြစ်သည်။ 


မိန်းမအတွင်းခံကောင် : ရှုံ့မဲ့နေသော မျက်နှာနှင့် အမျိုးသားတစ်ယောက်....ပန်းချီနောက်ခံက သွေးရောင်ဆေးသုတ်ထားပြီး ထိုလူ၏ စိတ်ခံစားချက်က အဆုံးစွန်ထိ ရူးနှမ်းသွားသလို မြင်ကွင်းက စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းလှသည်။  


သူ့ပန်းချီကားကဖြင့်  မြက်ခြောက်စကပ် ဝတ်ထားသော ကောင်မလေးတစ်ယောက် ဖြစ်နေသည်။


အဝတ်မပါတဲ့ အမျိုးသမီးက ပြည့်တန်ဆာကို ပြောတာဆိုရင် အခြားသူတွေကရော....


ကျင်းထျန်းယိ ပန်းချီကားက လောဘကြီးတာကို ပြောနေမှန်းတော့ သိသာတယ်....

 

မိန်းမအတွင်းခံကောင်ကရော .....သူက စိတ်လှုပ်ရှားလွန်းတဲ့ ပုံစံမျိုး ပြောချင်တာလား....


အခြားသူတွေကကျ စဥ်းစားကြည့်လို့ရပေမယ့် မြက်ခြောက်စကပ်ကြီး ဝတ်ထားတဲ့ သူ့ပန်းချီကားကြီးကျတော့ရော.... အဲ့ဒါကြီးက ဘာကို သွယ်ဝိုက်ပြီး ပြောနေတာလဲ....


ချူဟွိုက်က သူ့နာရီကို ကြည့်လိုက်သောအခါ စနေနေ့ ညနေ ၅နာရီ မိနစ်၃၀ရှိနေပြီ ဖြစ်သည်။ သူတို့က တနင်္ဂနွေနေ့  သန်းခေါင်ယံချိန်ထိ ထွက်လို့မရနိုင်သေးပေ။ 


ယနေ့ညကစ၍ ခက်ခဲသော ညဖြစ်လာလိမ့်မည်။


သတင်းအချက်အလက်က ခက်ခဲနေ၍ ပန်းချီကားကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ဦးမည်။ ချူဟွိုက်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ရှားယွီ၏ အခန်းကို တွန်းဖွင့်ဝင်လိုက်သည်။  


သူက ရှားယွီ၏ ဇာတ်ကောင်ကို နားလည်ထားဖို့ လို၍ပင်။


ရှားယွီ၏ဖုန်းက စားပွဲပေါ်တွင် အားသွင်းထားပြီး ရုတ်တရက် ဖုန်းမျက်နှာပြင် မီးလင်းလာ၍ မက်ဆေ့ချ် ရောက်လာသည့်ပုံပင်။


ချူဟွိုက်က ကောက်ကိုင်လိုက်သော်လည်း ဖုန်းက လော့ချထား၍ ဖွင့်မရဖြစ်နေသည်။


သူက ဖုန်းအမျိုးအစားကို ကြည့်လိုက်ရင်း အကြံတစ်ခု ရသွားသလို အားသွင်းထားသည်ကို ဖြုတ်၍ ကွန်ပျူတာရှေ့ ထိုင်ချလိုက်သည်။

  

ကျင်းထျန်းယိက နားမလည်သလို မေးလာသည် " မမ ဘာလုပ်မလို့လဲ...."


" မက်ဆေ့ချ်ကို စစ်မလို့...." ချူဟွိုက်က ပြုံးပြလိုက်သည်။ " အရင်ဆုံး....ကွန်ပျူတာကို back upလုပ်မယ် ....ပြီးရင် ဖုန်းကို flashလုပ်ပြီး restoreပြန်လုပ်လိုက်မယ်.....အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး....စမ်းကြည့်ရမှာပေါ့...."    


ကျင်းထျန်းယိက မေးလိုက်သည် " မမ....အဲ့ဒါ ဘယ်လိုလုပ်ရမလဲ သိတာလား...."


ချူဟွိုက်က ခုံကို လှည့်လိုက်ရင်း သူ့ကို စစ်ဆေးသလို အကြည့်နှင့် စုန်ချည်ဆန်ချည်  ကြည့်လာသည်။


ကျင်းထျန်းယိက ဝေခွဲမရဖြစ်စွာ မေးလိုက်မိသည် " မမ ကျွန်တော့်ကို ဘာကြည့်နေတာလဲ...."


" မမ မင်းကို ပြောထားပြီးသားပါ...."  ချူဟွိုက်က ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း ဆက်ပြောလာသည် " မင်း ငါ့ကို သစ္စာဖောက်ပြီး အငယ်ရှာဖို့ တိတ်တိတ်လေး နည်းလမ်းတွေ သင်နေတယ်ဆိုရင် စစ်ဆေးကြည့်ရမှာပဲ မို့လား....မင်းကို အဲ့လိုတောင် လုပ်ပိုင်ခွင့်မရှိတော့ဘူးလား.....ရေကို စမ်းသပ်ကြည့်ရုံပဲလေ...." 

  

ချူဟွိုက်က သူ့ဇာတ်ကောင်နှင့် အံဝင်ခွင်ကျဖြစ်အောင် အကောင်းဆုံး ကြိုးစားလိုက်သည်။


ကျင်းထျန်းယိက လက်ခါပြလာသည် " ....မမက တကယ်လည်း တတ်နိုင်တဲ့သူပဲ...." 


“ဒါပေါ့...." ချူဟွိုက်က ထပ်ပြုံးပြလိုက်ရင်း မျက်နှာမသာမယာနှင့် ကျောပေးသွားလေသည်။


ကျင်းထျန်းယိက မေးလိုက်သည် " မမ....ဘာဖြစ်လို့လဲ....." 


ချူဟွိုက်က ရုတ်တရက် မျက်လုံးပင့်ပြလိုက်ရင်း မယိမ်းမယိုင် ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် ဖြူဖြူစင်စင်လေး ကြည့်လာသည်


 " ဘာတွေ ဘယ်လိုပဲ ဖြစ်လာဖြစ်လာ....မမတို့ သေချာပေါက် အသက်ရှင်လျက် ပြန်သွားနိုင်မှာပါနော်....မောင်...."  


ကျင်းထျန်းယိက သူသရုပ်ဆောင်နေမှန်းသိ၍ အနားတိုးသွားလိုက်ရင်း သူ့ပုခုံးထက် ဖက်ထားလိုက်ပြီး သူပြောချင်သည့် အရိပ်အမြွက်စကားတို့ကို အနည်းငယ် တုံ့ပြန်ပေးလိုက်သည်။


ယခုအချိန်က သူတို့အနာဂတ်က မသေချာမရေရာ ဖြစ်နေပြီး ဘာတစ်ခုမှ ရှင်းပြမထားသည့် ပစ်မှတ်Nက သော့ချက် ဖြစ်နိုင်သည်။


ရုပ်ရှင်၏ အဓိကဇာတ်ကြောင်းက တော်တော်ကြာသည်ထိ သဲလွန်စအသစ်တစ်ခုမှ ထုတ်မပေးသေးပေ။ ကျင်းထျန်းယိက အစပိုင်းတွင် စဥ်းစားမရဖြစ်နေသော်လည်း " ဒါရိုက်တာ" က သူတို့ကို ကိုယ်ကိုယ်တိုင် ဖန်တီးပြီး လက်တန်းသရုပ်ဆောင်ခိုင်းချင်မှန်း တဖြေးဖြေးနားလည်လာရသည်။ 


တစ်နည်းအားဖြင့် ဤအချက်က ဒါရိုက်တာ၏ နှစ်သက်သဘောကျမှုကို ရယူရန်အတွက် မဟာအခွင့်အရေးကြီးလည်း ဖြစ်သည်။


သူတို့ကံကြမ္မာက သူတို့လက်ထဲမှာသာ ရှိလေသည်။


မိန်းမအတွင်းခံကောင်နေရာတွင် သရုပ်ဆောင်ရသည့် ပြိုင်ပွဲဝင်ကောင်လေးက စိတ်ဓာတ်ကျနေသည့် ပုံစံနှင့် အောက်ထပ်တွင် ထိုင်နေသည်။ သူ့ကို နှစ်သိမ့်ပေးရန်အတွက်လည်း သူတို့မှာ မစွမ်းဆောင်နိုင်ပေ။


ချူဟွိုက်က ဆိုလာသည် " ကိုယ့်ကိုယ်ကို သနားနေလို့လည်း အပိုပဲ.....ဘယ်သူမှ ငါတို့ကို လာကယ်မှာ မဟုတ်ဘူး....ရဲတွေက ငါတို့ကို ကျော်သွားကတည်းက သိသွားခဲ့တယ်.....ကိုယ်က ပြိုလဲကျသွားပြီးတော့ ငိုချင်နေပေမယ့် မင်းကို ဝန်မပိစေချင်လို့လေ....အရင်တုန်းကတော့ ဘဝဆိုတာကြီးက အဓိပ္ပါယ်မရှိဘူးလို့ပဲ ခံစားမိတာ....စားမယ်....သောက်မယ် ...ပန်းတိုင်ရေရာမရှိပဲ အပျော်ရှာမယ်ပေါ့...." 


ချူဟွိုက်က ကျင်းထျန်းယိဘက်ကို လှည့်ကြည့်လိုက်ရင်း သူ၏ ရူးမတတ် စွဲမက်ဖွယ်ကောင်းသော မျက်နှာလေးထက် ရှက်ရိပ်များ ဖြတ်ပြေးသွား၍ သူ့မျက်နှာလေးက ပိုပြီး ဆွဲဆောင်မှုရှိလာသည်။


သူက အကြည့်အောက်ပို့လိုက်ရင်း သူ့မျက်ခုံးထက် ကိုယ့်ကိုယ်ကို သရော်နေဟန် ပါဝင်နေသည် " တကယ်တော့....မင်း ငါ့အပေါ် အများကြီး မဖြူစင်မှန်း ငါသိနေပါတယ်....ဒါပေမယ့် ငါကတော့ ရှေ့ဆက်လျှောက်ရမယ့်လမ်းက အရှည်ကြီး ရှိသေးတယ်.....မင်းကလည်း ငယ်သေးတယ်လို့ပဲ တွေးမိတယ်....ငါ စောင့်နိုင်ပါတယ်....မင်း ဘာပဲလိုချင်လိုချင် ငါ သဘောတူပေးမှာပါ.....ငါ ငယ်ငယ်လေးကတည်းက ပိုက်ဆံပြတ်တယ်ဆိုတာ မရှိခဲ့ဖူးဘူးလေ..... ပြီးတော့လည်း ငါ့မိဘတွေက ငါ့ကို ပိုက်ဆံဘယ်လိုပေးရမလဲပဲ သိခဲ့ကြတာ....ငါက ငါ့ကို ချစ်ပေးမယ့်သူကိုပဲ လိုအပ်နေရုံပါ...." 

  


👻