Chapter 94
Viewers 4k

👻Chapter 94

ရုတ်တရက်ကြီး သေသွားတာလား....(8)



“မကောင်းတဲ့ စိတ်ခံစားချက်တွေ...." ချူဟွိုက်ခေါင်းထဲ လက်ခနဲဖြစ်သွားပြီး နောက်ထပ်တစ်အုပ်ကို ကြည့်ရန် မစောင့်နိုင်တော့ပေ။


နောက်ထပ်တစ်အုပ်က " မနာလိုစိတ်မှ အရင်းခံ၍ ကျူးလွန်မိခြင်း" သူ့နောက်က စာအုပ်က " Eugenie Grandet"


ချူဟွိုက်က စာအုပ်များကို လှန်လှောဖတ်ကြည့်ရင်း အတွေးပျောက်နေသည်။


"နိဗ္ဗာန်ဘုံ၌ လမ်းပျောက်ခြင်း" ဆိုသည့် စာအုပ်အပါအဝင် စင်ပေါ်၌ စာအုပ် ခုနစ်အုပ် ရှိနေသည်။ 


ပထမဆုံးစာအုပ်က ရမက်ဆန်သည့်ဘက်ကို သွား၍ ရှားယွီကို ပြောခြင်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် ကျန်သည့် စာအုပ် ခြောက်အုပ်က ကျန်သည့် သရုပ်ဆောင် ခြောက်ယောက်ကို ပြောခြင်း ဖြစ်နိုင်သည်။


"မကောင်းတဲ့ စိတ်ခံစားချက်တွေ အလွှမ်းမိုးမခံရစေနဲ့ " ဆိုသည့် စာအုပ်က ဒေါသကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။


မိန်းမအတွင်းခံကောင်၏ ဇာတ်ကောင်က စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ဒေါသထွက်လွယ်သည့် မစဥ်းစားတတ်သည့်သူမျိုး ဖြစ်၍ သူ့အခန်းရှေ့က ပန်းချီကားက သက်သေပင်။ ပန်းချီကားထဲမှ အမျိုးသားက မျက်နှာနီနီနှင့် ဆံပင်မွှေးတို့ကလည်း ထိုးထိုးထောင်နေသည်။

  

တီဗွီတွင် လာသွားသည့် သတင်းအရ အပျက်မက အရင်ဆုံးသေသွား၍ နောက်ထပ် သေရမည့်သူက မိန်းမအတွင်းခံကောင် ဖြစ်နိုင်သည်။ သူက ဒုတိယမြောက် စာအုပ်နှင့် သက်ဆိုင်နေသည်။ စာအုပ်စင်ပေါ်က စာအုပ်များက သရုပ်ဆောင်များ သေရမည့်အစဥ်လိုက်ကို ပြထားခြင်းမျိုး ဖြစ်နိုင်သည်။


ချူဟွိုက်၏ မျက်လုံးတို့ ပင့်တက်သွားသည်။ 


ဒါဆို "မနာလိုစိတ်မှ အရင်းခံ၍ ကျူးလွန်မိခြင်း" ဆိုတာက မနာလိုစိတ်ကို ပြောတာဆိုရင်....


ချူဟွိုက်မျက်စိထဲ သင်္ဘောသားဝတ်စုံ ဝတ်ထားသည့် ကောင်မလေး၏ မျက်နှာက ပေါ်လာသည်။ သူမက တတိယမြောက် သေရမယ့်သူပဲ....


“Eugenie Grandet” က ကပ်စေးနည်းနဲ့သူကို ပြောတာဆိုတော့ ဘယ်သူက ကပ်စေးနည်းတဲ့သူလဲ....


ချူဟွိုက်က ကျင်းထျန်းယိတံခါးရှေ့က ပန်းချီကားကို စဥ်းစားမိသွားရင်း ရင်လေးသွားရသည်။


ပန်းချီကားထဲက အမျိုးသားက အကြွေစေ့တစ်စေ့ ကိုင်ထား၍ လောဘစိတ်ကို ရှင်းရှင်းလင်းလင်း ပြနေခြင်းပင်။


ဒါဆို ကျင်းထျန်းယိက လေးယောက်မြောက် သေရမယ့်သူလား....


ငတုံးကောင် ဖက်တီးက ငါးယောက်မြောက် သေရမယ့်သူ....ငပျင်းကောင် လော့ဇီယန်က ခြောက်ယောက်မြောက် သေရမယ့်သူ....

 

ပြီးတော့ သူကိုယ်တိုင်ကတော့....


ချူဟွိုက်က "ပထမဆုံးအကြိမ်အတွက် ညွှန်ကြားချက်များ" ဆိုသည့် အဝါရောင် စာအုပ်လေးအရောက် လက်ရပ်သွားပြီး သူ့မျက်နှာက အဖြူတစ်လှည့် အနီတစ်လှည့်ဖြစ်သွားရင်း ရှက်သွေးဖြာသွားရသည်။ 

 

သူတွေးထားတဲ့အတိုင်း ဖြစ်နေမှာများလား....

  

ဒါပေမယ့် ကျန်တဲ့ခြောက်ယောက်ရဲ့ ဇာတ်ကောင်နေရာတွေက အနည်းနဲ့အများ အပြစ်ရှိတဲ့သူတွေ ဖြစ်ခဲ့သေးတယ်....ဘာလို့ သူက ဒီလိုအယောင်ပြကိစ္စမျိုး လုပ်ရဦးမှာလဲ..... 

 

ချူဟွိုက်က စာအုပ်ကို အမြန်ဖတ်ကြည့်လိုက်ပြီး တိတ်တိတ်လေး ပြန်ထားလိုက်ကာ သူ့စိတ်ထဲ ရှုပ်ထွေးနောက်ကျိနေပြီ ဖြစ်သည်။


သူက အနည်းငယ် စိတ်အေးသွားရသည်။ သူ့ခန့်မှန်းထားတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် ကျင်းထျန်းယိနဲ့ လော့ဇီယန်တို့ရဲ့ လုံခြုံရေးကို လောလောဆယ် စိတ်ပူစရာ မလိုသေးဘူး....မိန်းမအတွင်းခံကောင်နဲ့ သင်္ဘောသားဝတ်စုံကောင်မလေးတို့က သူတို့နဲ့အတူတူရှိနေမှာဆိုတော့....


သူ့အတွေးများက လူ့ကျင့်ဝတ်နှင့် မညီမှန်း ခံစားမိရင်း ကူကယ်ရာမဲ့သွားဟန် သက်ပြင်းချမိသည်။


ချူဟွိုက်က သူရထားသည့် သတင်းအချက်အလက်များကို သွားပြောရန်ပြင်လိုက်ချိန် လော့ဇီယန်က အပြေးဝင်လာပြီး သူ့ကို ဆွဲခေါ်လာသည်။


သူ့ပုံစံက ကြောက်ရွံ့မှုအထင်းသားနှင့် မောဟိုက်နေပုံရသည် " မိန်းမအတွင်းခံကေောင်....သူ....သူ သေသွားပြီ... အမြန် လာကြည့်ဦး...."

  

ချူဟွိုက်က အံ့သြသွားရသည်။ သူက စောစောပိုင်းက တစ်ခန်းချင်းစီဝင်ပြီး လူစုနေကြရန် သေချာမှာထားခဲ့ပါသည်။ ဘယ်လိုလုပ် မိန်းမအတွင်းခံကောင်က သေသွားရတာများလဲ....


သူက တံခါးဆီ လျှောက်သွားလိုက်စဥ် ရုတ်တရက် စာအုပ်စင်ပေါ်မှ အသံတစ်သံ ကြားလိုက်၍ ချက်ချင်း ခြေလှမ်းရပ်သွားပြီး နောက်ပြန်ကြည့်လိုက်သည်။


ယင်းက စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ် ပြုတ်ကျလာခြင်း ဖြစ်နေသည်။


လော့ဇီယန်က စိုးရိမ်တကြီး မေးလာသည် " ဘာဖြစ်လို့လဲ...."


ချူဟွိုက်က ဘာမဟုတ်သည်ကို ရေးကြီးခွင်ကျယ်လုပ်နေမိသလို ခံစားမိ၍ ခေါင်းခါပြလိုက်ပြီး ထပ်ကြည့်လိုက်သည့်အချိန် ဘာမှမတွေ့မိ၍ အောက်ထပ်ကို အမြန်ဆင်းသွားလိုက်သည်။


သူထွက်သွားပြီးနောက် သစ်ကိုင်းလို လက်ကြီးက စာအုပ်စင်နောက်မှ ဆန့်ထွက်လာသည်။


လက်ကြီးက စောစောက ချူဟွိုက် ကြည့်နေခဲ့သည့် စာအုပ်ခုနစ်အုပ်ရှိရာ လက်လှမ်းလိုက်ရင်း တတိယမြောက်စာအုပ် " မနာလိုစိတ်မှ အရင်းခံ၍ ကျူးလွန်မိခြင်း" ကို စတုတ္ထမြောက် စာအုပ် " Eugenie Grandet" နှင့် လဲပစ်လိုက်သည်။ 

 

ယင်းက ကျန်သည့်စာအုပ်များကိုလည်း နည်းနည်းချင်းစီ ညှိယူနေလေသည်။


သရဲလက်ကြီးက သူ့အလုပ်ပြီးသွားသည့်အချိန် သူတို့၏ တုံးအမှုကို လှောင်ပြောင်ရင်း ပြိုင်ပွဲဝင်များကို မသေခင် နှုတ်ဆက်ပေးသွားသလို ပုံစံနှင့် ပွင့်နေသော တံခါးဆီ လက်ယမ်းပြလာသည်။

 

အဲ့ဒီလူတွေက သေဖို့ သိပ်မလိုတော့ဘူး....


ဧည့်ခန်းထဲသို့ အပြေးသွားလိုက်သည့်အချိန် ချူဟွိုက်က မြင်ကွင်းက သွေးအပြည့်ဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အမှန်တွင်ဖြင့် မိန်းမအတွင်းခံကောင်က ခေါင်းစောင်းပြီး ဆိုဖာပေါ်မှီနေ၍ အိပ်ပျော်နေသည်ဟု ထင်ရသည်။ 


သွေးစီးကြောင်းတို့ ရှိမနေခဲ့သလို သရဲရှိနေခဲ့သည့် အရိပ်ရောင်လည်း ကျန်မနေခဲ့ပဲ စားပွဲအပုလေးပေါ်ရှိ ဖန်ခွက်မှ ရေဖိတ်ကျထားသည့် ရေကွက်လေးတစ်ခုသာ ရှိသည်။   

 

သင်္ဘောသားဝတ်စုံဝတ်ထားသည့် ကောင်မလေးနှင့် ဖက်တီးတို့က ကြောက်လွန်း၍ မြေကြီးပေါ် လဲနေရင်း ခိုက်ခိုက်တုန်နေကြသည်။


ချူဟွိုက်က တည်တည်ငြိမ်ငြိမ်နှင့် မိန်းမအတွင်းခံကောင်၏ အသက်ရှူသံကို သွားစစ်ဆေးကြည့်လိုက်ရာ သေနေပြီဖြစ်မှန်း သိလိုက်ရသည်။


ကျင်းထျန်းယိကလည်း အမြန်ရောက်လာပြီး ချူဟွိုက်နှင့် အကြည့်ချင်းဖလှယ်လိုက်ချိန် အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွားရသည်။ သူက အကျိုးသင့်အကြောင်းသင့် မေးလာသည်


 "မင်းတို့တွေ သရဲ မြင်လိုက်ကြလား...."


လော့ဇီယန်က ငြိမ်နေရာမှ ခေါင်းတွင်တွင်ခါယမ်းလာပြီး သူမမြင်ကြောင်း ပြလာသည်။ 


ချူဟွိုက်က မြေကြီးပေါ် လဲနေသည့် နှစ်ယောက်ကို ဆွဲထူပေးလိုက်ရာ သူတို့က ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ကို တွေ့လိုက်ရ၍ မျက်လုံးများထက် ရောင်ခြည်လေးသန်းလာသည်။


ဖက်တီးက ခဏကြာအောင် တွန့်ဆုတ်နေရာမှ စကားဆိုလာသည် " ငါ ထင်တာတော့ သူက....သူက သရဲ အသတ်ခံလိုက်ရတာ မဟုတ်လောက်ဘူး...." 


ချူဟွိုက်က မျက်မှောင်ကြုပ်နေရင်း သူဆက်ပြောလာမှာကို စောင့်နေလိုက်သည်။ သင်္ဘောသားဝတ်စုံနှင့် ကောင်မလေးက သူ့အစား ပြောပေးလာသည်


 " သူက....သူက နှလုံးဖောက်ပြီး ရုတ်တရက်ကြီး သေသွားတာ ဖြစ်နိုင်တယ်...." 


ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က ဤရှင်းပြချက်ကို မယုံသည့်အလား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။


ဖက်တီးကောင်လေးက ကြောက်စိတ်ကျန်သေးပုံနှင့် ရှင်းပြလာသည်


 " ငါတို့က ခုနတုန်းက ရုပ်ရှင် ကြည့်နေကြတာ....ပြီးတော့ သူက ရုတ်တရက်ကြီး ထပြောလာတာ....'အရမ်းမြန်လွန်းတယ်....ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့....ငါ​ တောင်းပန်ပါတယ်....ရပ်လိုက်တော့....' ဆိုပြီး ပြောလာတာ.....ပြီးတော့ ကျိုက်ယွီနဲ့ ငါ ထင်လိုက်တာက သူက ကားကို ပြောနေတာလို့ပေါ့....ဒါကြောင့် သူပြောတာကို အရေးမလုပ်ခဲ့ကြဘူး....နောက်တော့....." 


ဖက်တီးက စကားထစ်နေ၍ လော့ဇီယန်က စိတ်မရှည်သလို ဝင်ပြောလာသည်


 " နောက်တော့ သူက ခေါင်းကိုင်ပြီး ကျယ်ကျယ်လောင်လောင် အော်တော့တာပဲ.....သူ့ခေါင်းကို စားပွဲခုံနဲ့ အရူးလို တိုက်ပစ် ရင်ဘတ်ကိုလည်း တဖုန်းဖုန်းမြည်အောင် ရိုက်ပစ်နဲ့ အသက်ရှူရင်းရှူရင်း မျက်နှာက နီရဲလာတာ....ငါတို့က လန့်သွားပြီးတော့ သူအမောဖောက်တယ်ထင်လို့ ချက်ချင်း သူ့ကို သွားထိန်းလိုက်ပေမယ့် သူက ရုတ်တရက် ဆိုဖာပေါ် နောက်ပြန်မှီချလိုက်ရင်း တုန်တုန်ယင်ယင်နဲ့ သေသွားတော့တာပဲ...."  

 

ချူဟွိုက်က ကျန်နှစ်ယောက်ကို ကြည့်လိုက်ရာ ထိုနှစ်ယောက်ကလည်း လော့ဇီယန်ပြောသွားသည့်အတိုင်း ဖြစ်သွားကြောင်း သက်သေပြသည့်အနေနှင့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။


ကျင်းထျန်းယိက ရုတ်တရက် စကားဆိုလာသည်


 " မင်းတို့ပြောတာ စောစောက ရုပ်ရှင်ကြည့်နေခဲ့တာ... ဟုတ်လား...." 


လော့ဇီယန်က လန့်သွားသည် " ဟုတ်တယ်လေ...."


ချူဟွိုက်က တစ်ခုခုသိလိုက်၍ စိတ်ဆိုးချင်ယောင်ဆောင်လိုက်ရင်း ဒေါသတကြီး ပြောလိုက်သည်


 " ဒါတွေ ဖြစ်နေတာကိုတောင်မှ မင်းတို့က ရုပ်ရှင် ကြည့်နိုင်ကြသေးတယ်ပေါ့....." 


“ငါတို့က စိတ်ဖိအားတွေများနေလို့ စိတ်ပြေလက်ပျောက် ကြည့်ကြရုံပါ.....မိန်းမအတွင်းခံကောင်ကိုလည်း အားပေးချင်တာနဲ့....." 


လော့ဇီယန်က အမြန် သူ့ဘက်က ကာပြောလာပြီး ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ဆီ မသိမသာ ခေါင်းညိမ့်ပြလိုက်သည်။


သူတို့က သွေးစာတန်းမှ စေခိုင်းခံရ၍ဟု ပြောနေခြင်းပင်။


လော့ဇီယန်က ဇာတ်ကြောင်း မူကြမ်းကို ရခဲ့သည့်အချိန်က တစ်ခုခုမှားနေသလို မသဲမကွဲ ခံစားမိသေးသည်။ ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ကလည်း ဘေးတွင် မရှိ၍ မိန်းမအတွင်းခံကောင် တစ်ခုခု ဖြစ်သွားသည်နှင့် သူလည်း သူတို့နှစ်ယောက်ကို ခေါ်လိုက်ရန် ဆင်ခြေရသွားခဲ့သည်။


“ရုပ်ရှင်ကို ဘယ်သူ ပိတ်လိုက်တာလဲ...." ချူဟွိုက်က မေးလိုက်သည်။


သူတို့နောက်ရှိ တီဗွီမျက်နှာပြင်က မည်းမှောင်နေသည်။


" ပိတ်သွားတာလား...." ဖက်တီးက မယုံနိုင်သလို အမြန်နောက်လှည့်ကြည့်လိုက်ရင်း သတိလက်လွတ် ရေရွတ်မိသွားသည် " မဖြစ်နိုင်တာ....ဒီလိုတွေ ဖြစ်ကုန်လို့ ငါတို့မှာ တီဗွီပိတ်လိုက်ဖို့တောင် အချိန်မရတာကို....." 


“ငါတို့က ၁၀မိနစ်စာလောက်ပဲ ကြည့်ရသေးတာ....ဒါကြောင့် ရုပ်ရှင် ပြတာပြီးသွားလို့ အလိုလိုပိတ်သွားတာလည်း မဖြစ်နိုင်ဘူး...." 


ဤစကားကို ကြားလိုက်ရသည့်အချိန် လူတိုင်းက နားမလည်နိုင်သလို တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားကြသည်။


လော့ဇီယန်က လူတိုင်း၏ အတွေးကို ဖော်ထုတ်လိုက်သည် " ရုပ်ရှင်က ပြဿနာ ရှိနေတာများလား...."


ကျင်းထျန်းယိက တိတ်နေရာမှ အမြန်ရှေ့တိုးသွားပြီး ရုပ်ရှင် ပြန်ဖွင့်ကြည့်ရန်ပြင်လိုက်သော်လည်း ဖက်တီးက လှမ်းတားလာသည် " ရုပ်ရှင်သာ တကယ်ပဲ ပြဿနာရှိနေတာဆိုရင် ထပ်မကြည့်ကြရအောင်....ကျန်း.....မိန်းမအတွင်းခံကောင်က သေသွားခဲ့ပြီ....ငါတို့ နောက်ထပ် ပြန်ဖွင့်ကြည့်မယ်ဆိုရင် တစ်ခုခု ဖြစ်လာလိမ့်မယ် ..." 

 

ဖက်တီးကောင်လေး၏ ခြေထောက်များက ထိန်းမရနိုင်အောင် တုန်ယင်နေသည်။ သူက မိန်းမအတွင်းခံကောင်လိုမျိုး သေမသွားချင်ပေ။


သင်္ဘောသားဝတ်စုံ ဝတ်ထားသည့် ကောင်မလေးကလည်း ထိတ်လန့်နေသည့် ငှက်ကလေးလို ခေါင်းညိမ့်ပြလာသည်။


ကျင်းထျန်းယိက ဖက်တီးကောင်လေး၏ လက်ကို အသာအယာ တွန်းထုတ်လိုက်ရင်း ပြောလိုက်သည် 


" ကောင်းပြီ....ငါ ဒါကို ကြည့်မှာမို့ ကြောက်တဲ့သူတွေ ဖယ်နေလိုက်လို့ရတယ်...."


ချူဟွိုက်နှင့်လော့ဇီယန်တို့က မျက်နှာပြောင်ပြောင်နှင့် ဆက်နေခဲ့ကြသည်။

 

သူတို့တွင် ကိုယ်ပိုင်အတွေးအမြင်များ ရှိသည်။ ရုပ်ရှင်မစ်ရှင်က စည်းမရှိသည့် မစ်ရှင်မျိုး မဟုတ်ပေ။ ယေဘုယျအားဖြင့် ဆိုရသော် သရဲက လူတစ်ယောက်ကို သတ်ပြီးသည်နှင့် ကျန်သည့်သူများက လောလောဆယ် ဘေးကင်းနေသေးသည်။ မိန်းမအတွင်းခံကောင်က လွန်ခဲ့သော ငါးမိနစ်ခန့်က သေသွားခဲ့၍ သူတို့၏ ဘေးကင်းလုံခြုံချိန်က မပြီးသေးလောက်ပေ။


ချူဟွိုက်က နာရီကို တစ်ချက်ကြည့်လိုက်သည်။ မိန်းမအတွင်းခံကောင်က ၉နာရီဝန်းကျင်တွင် သေသွားခဲ့ခြင်း ဖြစ်သည်။


ရှားယွီက ၅နာရီမိနစ်၃၀တွင် သေသွားခဲ့၍ သူတို့နှစ်ယောက်ကြား ၃နာရီခွဲသာ ကြာလေသည်။ ထို့ကြောင့် သူတို့က နောက်ထပ်၂နာရီအတွင်း အန္တရာယ်မတွေ့နိုင်သေးပေ။


ထို့ပြင် ချူဟွိုက်က သေရမည့်လူအစဥ်လိုက်ကို သိထား၍ နောက်လာမည့်သူက သင်္ဘောသားဝတ်စုံနှင့် ကောင်မလေးဖြစ်ပြီး သူတို့သုံးယောက်က လောလောဆယ် ဘေးကင်းနေသေးသည်။


ချူဟွိုက်က စဥ်းစားချင့်ချိန်နေသည့်အချိန် ရုပ်ရှင်က စပြနေပြီ ဖြစ်သည်။ သုံးယောက်သား မိနစ်နှစ်ဆယ်စာအထိ အမြန်ကြည့်လိုက်သော်လည်း မူမမှန်သည့်အရာတစ်ခုမှ သတိမထားမိပေ။

 

ကျင်းထျန်းယိက စိတ်ပျက်သွားသလို မျက်မှောင်ကြုတ်လိုက်မိသည်။


ရုပ်ရှင်က နိုင်ငံအသေးလေး နှစ်နိုင်ငံကြားက ပရိပက္ခကြောင့် ဖြစ်ရသည့် စစ်ပွဲအကြောင်း ရိုက်ကူးထားခြင်းပင်။


ချူဟွိုက်က စကားဆိုလာသည် " ပြန်ကြည့်ကြည့်မယ်....ငါးရာခိုင်နှုန်း အမြန်နှုန်းနဲ့...." 


“အိုခေ...." ကျင်းထျန်းယိက ပြန်ဖြေလာသည်။


ဒုတိယအကြိမ် ပြန်ကြည့်သည့်အခိုက် ဖန်သားပြင်ပေါ်က စစ်သားများက ဒရမ်တီးရန် ပြင်လိုက်သည့်အခန်းရောက်သော် ချူဟွိုက်က ချက်ချင်း ထပြောလာသည်


 " ရပ်လိုက်...." 

 

ရပ်လိုက်သည့်နေရာက ခုနစ်မိနစ် ရှစ်စက္ကန့်နေရာတွင် ဖြစ်သည်။


လော့ဇီယန်က တစ်ခုခုမှားနေသလိုမျိုး မတွေ့ရ၍ မေးလာသည် "ဘာပြဿနာရှိလို့လဲ...."


ကျင်းထျန်းယိက သူ့ကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး ခလုတ်ပြန်နှိပ်လိုက်သည်။


"ဒုံ....ဒုံ....ဒုံ...." ဆိုသည့် ဒရမ်တီးသံက သူတို့သုံးယောက်၏ နှလုံးကို ထုရိုက်နေသည့်အတိုင်း ပဲ့တင်ထပ်လာသည်။


ချူဟွိုက်က သူနှလုံးခုန်သံအတိုင်း ဘောင်းဘီချုပ်ရိုးပေါ် လက်ချောင်းနှင့် တတောက်တောက် ခေါက်နေလိုက်သည်။

 

ထိုအပိုင်းပြီးသွားသည့်အချိန် ချူဟွိုက်က ကျင်းထျန်းယိကို ပြောလိုက်သည် " အဲ့ဒါကို ပုံမှန်နှုန်းနဲ့ ပြန်ဖွင့်ကြည့်ပေး...."


ဒရမ်တီးသံက တစ်ကြိမ်ထပ်ပြီး ပေါ်ထွက်လာရင်း ယခုအကြိမ်၌ ချူဟွိုက်က သူ့ရင်ဘတ်ပေါ် လက်တင်ထားလိုက်သည်။ လော့ဇီယန်က ဘာဖြစ်နေမှန်း နားမလည်တော့ပေ။


ချူဟွိုက်က မျက်လုံးတစ်ဝက် မှိတ်ကြည့်လိုက်ရင်း သေသေချာချာ နားထောင်ကြည့်လိုက်သည်။ သူ့နှလုံးခုန်သံက စောစောက ဒရမ်တီးသံနှင့် တစ်ထပ်တည်းကျနေသည်။


ဒရမ်တီးသံက ပိုမိုမြန်ဆန်လာသည့်ချိန် ချူဟွိုက်၏ အသက်ရှူနှုန်းက လေးလံပြီး အရှိန်မြင့်လာရင်း ရင်ဘတ်က တင်းကျပ်ပြီး ထိုးအောင့်လာ၍ နာဖူးထက် ချွေးစေးတို့ စီးကျလာသည်။


သူက အနည်းငယ် ရီဝေဝေဖြစ်လာရသည်။


ကျင်းထျန်းယိက တစ်ခုခု မူမမှန်မှန်း တွေ့လိုက်၍ ရီမုတ်ကို ချက်ချင်း လွှင့်ပစ်လိုက်ပြီး သူ့ဆီအပြေးသွားကာ လှုပ်ခါပေးလိုက်ရင်း သူ့မျက်နှာထက် စိုးရိမ်စိတ်ဝင်လာသည်။ 


ချူဟွိုက်က သူအဆင်ပြေကြောင်း အားတင်းပြုံးပြလိုက်သော်လည်း သူ့နှုတ်ခမ်းက ဖြူဖျော့လာပြီး အားနည်းနေသည်။


တစ်ခဏကြာပြီးနောက် သူက စကားဆိုလာသည်


 " မိန်းမအတွင်းခံကောင်က ဒရမ်သံကြောင့် သေသွားရတာ....."

 

“မိန်းမအတွင်းခံကောင်က ဒေါသကြောင့် သေသွားရတာ.....ဒေါသထွက်လို့ ဖြစ်လာတဲ့ ရောဂါလက္ခဏာက နှလုံးခုန်မြန်လာတာပဲ...."


ကျင်းထျန်းယိက သူ့ကို ရေနွေးတစ်ခွက် ငှဲ့ပေးလာပြီး ထပ်ပြောလာသည်


 " ဒရမ်တီးတဲ့အသံက လူ့နှလုံးခုန်သံနဲ့ ကိုက်ညီနေတယ်....ဒါပေမယ့် ဒရမ်တီးသံ  မြန်လာတာနဲ့ နှလုံးခုန်မြန်လာတော့တာပဲ....ဒါကြောင့် မိန်းမအတွင်းခံကောင်က 'ရပ်တော့'လို့ ပြောတဲ့အချိန်မှာ သူက ဒရမ်တီးတာကို ရပ်ဖို့ ပြောနေတာ...ဒါပေမယ့် ကံဆိုးပြီး ဘယ်သူမှ နားမလည်ခဲ့ကြဘူး....သူ့နှလုံးက အချိန်တိုအတွင်း ရောက်လာတဲ့ ဖိအားဒဏ်ကို မခံနိုင်တော့တာကြောင့် သေတဲ့အထိ ဖြစ်သွားရတာပဲ...ဒါကြောင့် မင်းပြောတဲ့အတိုင်း ရုတ်တရက် နှလုံးဖောက်ပြီး သေသွားရတာနဲ့တူတယ်...." 


လော့ဇီယန်က ချွေးစေးတို့ ဖုံးနေပြီး ပြိုလဲကျနေပြီ ဖြစ်သည်။


ချူဟွိုက်နဲ့ ကျင်းထျန်းယိတို့ ရှိနေလို့သာ....မဟုတ်ရင် သူတို့ကတော့ နားလည်ဖို့ထားလို့ လူတစ်ယောက် ဘယ်လို သေသွားရတာလဲဆိုတာကို သိတောင်သိမှာ မဟုတ်ဘူး....


ဖန်သားပြင်ပေါ်ရှိ ဒရမ်များက ဆက်လက် အသံမြည်နေပြီး လော့ဇီယန်က သူ့ရှေ့တွင် ပြင်းပြင်းထန်ထန် ခုန်နေသော အနီရောင် နှလုံးကြီးတစ်ခုကို တွေ့လိုက်ရသလိုပင်။ 

 

ချူဟွိုက်က တီဗွီဖန်သားပြင်ဘက်ကို ကြည့်လိုက်ချိန် ရုတ်တရက် ဖန်သားပြင်အောက်ခြေမှ အရာတစ်ခု တွယ်တက်လာပြီး လော့ဇီယန်ကလည်း ထိုအရာကို တွေ့သွား၍ ကျင်းထျန်းယိနောက် ချက်ချင်း သွားပုန်းနေလိုက်သည်။


အမည်းရောင် ဆံပင်များက တီဗွီဖန်သားပြင်မှ အဆက်မပြတ် ဆန့်ထွက်လာရင်း မျက်နှာဖြူဖြူကြီးတစ်ခုက ဖန်သားပြင်ထက် နေရာယူလာသည်။


ထိုမျက်နှာတွင် မျက်လုံးမပါပေ။

 

သရဲမျက်နှာကြီးက သူတို့သုံးယောက်ကို ကြက်သီးထစရာ အပြုံးကြီးနှင့် ပြုံးပြနေသည်။


" ချပ်...." ဗီလာက အားပြတ်သွားပြီး တစ်အိမ်လုံး မည်းမှောင်သွားသည်။


ကြောက်စရာ သရဲမျက်နှာကြီးက စိတ်ထဲစွဲကျန်နေသေး၍ လော့ဇီယန်က အသံတုန်တုန်နှင့် စကားပြောလာသည် " တီဗွီထဲကနေ ထွက်မလာလောက်ဘူးမို့လား....အဲ့ဒါကြီးက...." 


ကျင်းထျန်းယိက ဘာမှဖြစ်လာမည် မဟုတ်မှန်း သိနေသော်လည်း ရုတ်တရက် ချူဟွိုက်ကို မမြင်မိ၍ စိုးရိမ်နေမိသေးသည်။ 


ချူဟွိုက်ကလည်း အမှောင်ထဲမှနေ၍ ကျန်နှစ်ယောက်ကို ကြိုးစားရှာနေသော်လည်း လက်တစ်ဖက်က သူ့ရှေ့ ဆန့်ထွက်လာသည်။ ထိုလက်က ရှည်လျားပြီး အရိုးအဆစ်များပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။


ချူဟွိုက်က ကျင်းထျန်းယိလက်မှန်းသိလိုက်၍ ရှက်သွေးဖြာသွားပြီး တိတ်တိတ်လေး လက်နောက်ပစ်လိုက်ကာ အကြည့်လွှဲလိုက်သည်။

 

“ကျွန်တော့်ဆီ ပေးလိုက်...." အမှောင်ထဲတွင် ကျင်းထျန်းယိအသံက တိုးညင်းပြီး နားထောင်လို့ကောင်းနေသည်။


လော့ဇီယန်က သူ့ကို ပြောသည်ထင်၍ နားမလည်သလို မေးလာသည် " ငါက မင်းကို ဘာပေးရမှာလဲ...."


သူ့ကို တိုက်တွန်းနေသလိုမျိုး ကျင်းထျန်းယိ၏ လက်ချောင်းထိပ်လေးများက အတွင်းဘက်ကို ကော့တက်သွားသည်။ 

 

ချူဟွိုက်၏ လက်ချောင်းထိပ်လေးများလည်း လှုပ်ရှားသွားရင်း တစ်ခဏမျှ တွန့်ဆုတ်နေရာမှ ရှေ့ကို ဖြေးဖြေးချင်း ဆန့်ပေးလိုက်သည်။ သူက ရှက်သွား၍ လက်ပြန်ရုတ်လိုက်ရန်ပြင်သော်လည်း ကျင်းထျန်းယိ သူ့လက်ကို အမြန်ဖမ်းဆုပ်လိုက်လေသည်။


ချူဟွိုက်က လန့်သွားပြီး တွန်းထုတ်ရန်ပြင်လိုက်သော်လည်း ကျင်းထျန်းယိက တင်းတင်းဆုပ်ကိုင်ထားပြီး သဘောကျသလို ရယ်လိုက်သည်။

 

လော့ဇီယန်က မေးလာသည် " ဒီလိုအချိန်ကြီးမှာတောင် ဘယ်လိုလုပ်ပြီး ရယ်နိုင်သေးတာလဲ....ဘော့စ်...."


" မင်းအလုပ်မဟုတ်ဘူး...." ကျင်းထျန်းယိ ပြန်ဖြေလိုက်၏။


👻