Chapter 98
Viewers 4k

👻Chapter 98

စိတ်မကောင်းပါဘူး....တစ်ယောက်ယောက်ကို မတော်တဆ သတ်မိသွားတယ်.... (12)



ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိပြီး မျက်နှာအမူအရာများကလည်း ချက်ချင်း တောင့်ခဲသွားကြသည်။


ဒီလိုအချိန်မျိုးမှာ သရဲသတ်လို့ သေသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး....


နှစ်ယောက်သား အောက်ထပ်ကို အပြေးဆင်းသွားကြရင်း ကျင်းထျန်းယိက ကောင်းယွမ်၏ အလောင်းကို စစ်ဆေးနေပြီး ချူဟွိုက်က သံသယများဖြင့် လော့ဇီယန်နှင့် ဖက်တီးကောင်လေးတို့ကို တိတ်တဆိတ် အကဲခတ်နေမိသည်။   

  

လော့ဇီယန်က သူ့အကြည့်နှင့် ဆုံမိသွားသည့်အချိန် တစ်ချက်မှ တွန့်မသွားပဲ ဖက်တီးကောင်လေးက စိတ်လှုပ်ရှားနေသည့် ပုံစံနှင့် ခေါင်းတွင်တွင်ငုံ့ထားပြီး ခြေချောင်းများကလည်း ထွက်ပြေးချင်နေသလိုမျိုး အပြင်သို့ ထိုးထွက်နေသည်။


လော့ဇီယန်က လက်ဖဝါး ချွေးထွက်နေသော်လည်း သူ၏ မကောင်းသည့်ဘက်ခြမ်းအား ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ကို မသိသွားစေချင်၍ အခြေအနေကို တည်တည်ငြိမ်ငြိမ် ရှင်းပြပေးလာပြီး ဖက်တီးကောင်လေးကို အော်လိုက်သည် " ငါ ဒီလိုမျိုးဖြစ်နေမယ်လို့ မပြောခဲ့ဘူးလား....မင်းရော တစ်ခုခု ထူးဆန်းတာ တွေ့မိလား...."


ဖက်တီးကောင်လေးက ရုတ်တရက် အအော်ခံလိုက်ရ၍ ထိတ်လန့်သွားပြီး မေးသည့်မေးခွန်းကိုပင် မကြားနိုင်တော့ပဲ လွတ်ခနဲပြန်ဖြေမိသွားသည်


 " ငါ....ငါ ဘာမှမသိဘူး...တကယ်ပြောတာ...."  


လော့ဇီယန်က စိတ်အေးသွားသလို သက်ပြင်းခိုးချလိုက်မိသည်။ 


သို့သော်လည်း ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က အကြည့်ချင်းဆုံသွားသည့်အခိုက် အဖြေရှာတွေ့သွားပြီ ဖြစ်ကြောင်း ပြလိုက်သလို အချင်းချင်း မျက်လုံးမှိတ်ပြလိုက်သည်။


လော့ဇီယန့်ပုံစံက သိသာလွန်းတယ်....အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင် ဖက်တီးကောင်လေးက လက်ရဲဇက်ရဲ မရှိဘူး....ဒါပေမယ့် လော့ဇီယန်ကတော့ လက်ရဲတယ်....


ချူဟွိုက်က သူ့လက်ညှိုးကို ငုံ့ကြည့်လိုက်ရင်း ကျေးဇူးတင်လွန်း၍ ငိုပြရမလား သူ့ကို နရင်းသွားအုပ်ရမလား မသိတော့သလို တစ်ခဏမျှ စိတ်ခံစားချက်တို့ ရောထွေးသွားရသည်။


ဒီလိုမျိုး ကိုယ်ကျိုးစွန့်ပြီး တုံးအတဲ့သူမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ....


လော့ဇီယန်က စိတ်လှုပ်ရှားသလို လက်ချင်းလိမ်ပြီး ပြောလာသည် " ရှောင်လင်း....အမရှန်း....ဘာလို့ ဘာမှမပြောတော့တာလဲ..." 


ဖက်တီးကောင်လေးက လော့ဇီယန် မပျော်မရွှင် ဖြစ်မည်စိုးသည့်ဟန် တတွတ်တွတ် ပြောလာသည် 


" ကျွန်တော်က အစ်ကိုလော့အော်သံကြောင့် လန့်နိုးလာတာ....ဒီကိစ္စက....ဒီကိစ္စက အစ်ကိုလော့ ပြောခဲ့သလိုမျိုးပါပဲ...." 

  

လူတိုင်း၏ မျက်နှာက ချက်ချင်း အေးခဲသွားကြရသည်။


ချူဟွိုက်က ရင်တစ်လှိုက်လှိုက် တုန်လာသည်။


စိတ်ခံစားချက်များ ရောထွေးပြီး အသိစိတ်မကပ်တော့သလို ဖြစ်သွား၍ ဖက်တီးကောင်လေးမှာ သရုပ်ဆောင်ရမှန်း မေ့သွားခဲ့ပြီး " အစ်ကိုလော့...." ဟု ခေါ်မိသွားသည်။ သူ့အမှားကို သူမသိသေးခင် ကျင်းထျန်းယိက အမြန် စိတ်ဆိုးချင်ယောင်ဆောင်လိုက်ရင်း သူ့မျက်နှာကို ထိုးလိုက်သည် " ပါးစပ်ပိတ်ထားစမ်း....အသုံးမလိုတဲ့ အမှိုက်ကောင်....စကားပြောနေတာ ရပ်တော့...." ဖက်တီးကောင်လေးက ကြယ်လကိုပင် မြင်လိုက်ရသလို ချာချာလည်သွားရင်း ဆိုဖာပေါ်မှီပြီး ထရပ်နိုင်အောင် ကြိုးစားနေရသည်။ တစ်စက္ကန့်အတွင်း အရာရာတိုင်းက သွေးနီရောင်အဖြစ် ပြောင်းသွားသည်။


အနီရောင်ကြီး ပျောက်သွားသည့်အချိန် ဖက်တီးကောင်လေးက မြေပြင်ပေါ် ပြိုလဲကျသွားပြီး မျက်လုံးမှိတ်ထားရင်း သူ့လည်ပင်းပေါ်ရှိ မမြင်လိုက်ရသော သွေးစင်းကြောင်းတစ်ခုက အဆီပြင်ထဲ ပုန်းလျှိုးကွယ်ပျောက်သွားလေသည်။ မျက်စိတစ်မှိတ်စာအတွင်း အသက်ရှင်နေသော လူတစ်ယောက်က သေသွားပြီဖြစ်သည်။


လော့ဇီယန်က အသက်လုရှူလိုက်ရင်း ကြောက်လန့်တကြား ကြည့်နေမိသည်။ "အစားထိုး" ဆိုသည့် စကားလုံးက လူတိုင်း၏စိတ်ထဲ ပေါ်ပေါက်လာသည်။ [ သရုပ်ဆောင် ကျင်းဝမ်ကျိုးက ဒါရိုက်တာကို စိတ်မကျေမနပ်ဖြစ်စေလို့ နေရာကနေ ဖယ်ရှားခံလိုက်ရပါတယ်....]


လူခုနစ်ယောက်ရိုက်ခဲ့သည့် ရုပ်ရှင်က ဖက်တီးကောင်လေး၏ အမှားကြောင့် ဇာတ်ကောင်တစ်ခု ဆုံးရှုံးသွားခဲ့ရသော်လည်း ဒါရိုက်တာက အများကြီးရိုက်ကူးထားပြီးပြီဖြစ်၍ သူ့နေရာကို ဖြုတ်မပစ်လိုက်နိုင်ပေ။ သွေးစာတန်းများက ဆက်ပြီး ပေါ်ပေါက်လာသည် [ ခုနကဇာတ်ဝင်ခန်းကို ဖြတ်ထုတ်လိုက်ပါတယ်....ပြီးတော့ သူ့ရဲ့ မပြီးဆုံးသေးတဲ့ ဇာတ်ကောင်နေရာကို သရဲတစ်ယောက်က လွှဲပြောင်းယူသွားမှာပါ....ကျန်တဲ့သရုပ်ဆောင် သုံးယောက်ကတော့ ပျော်ပျော်ရွှင်ရွှင် ဆက်ပြီး သရုပ်ဆောင်ပေးကြပါ....]


သရဲဝင်လာမှာလား....လော့ဇီယန်က မယုံနိုင်သလို မျက်လုံးအပြူးသား ဖြစ်သွားရသည်။ တစ်ခုခုက ပြောင်းလဲလာသည်။ မြေကြီးပေါ်က " ဖက်တီးကောင်" က ရုတ်တရက် မျက်လုံးဖွင့်လာပြီး မတ်တပ်ရပ်နေသည့် လူသုံးယောက်ကို တည့်တည့်စိုက်ကြည့်လာ၏။


ကျင်းထျန်းယိက တည်တည်ငြိမ်ငြိမ်နှင့် ချူဟွိုက်ရှေ့တွင် ကာရပ်ပေးလိုက်ရင်း လော့ဇီယန်ကလည်း နောက်ပြန်ဆုတ်မိသွားသည်။ " ဖက်တီးကောင်လေး"က အမြန်ထရပ်လာပြီး ပြုံးပြနေသလိုမျိုး သူ၏ ရွဲ့စောင်းနေသည့် သွားဝါဝါကြီးများကို ပြလာသည်။


ချူဟွိုက်ခေါင်းထဲ အချက်ပေးသံများ စီစီဝေလာရသည်။ ရုပ်ရှင်က ဖန်တီးလို့ရတဲ့​ နေရာတွေ လွတ်လွတ်လပ်လပ် ရထားပြီးတော့ သရုပ်ဆောင်တွေကလည်း ကိုယ့်စိတ်ကူးထားတဲ့အတိုင်း သရုပ်ဆောင်လို့ရနေတာကို ဒီသရဲက ဘာလုပ်ရဦးမှာလဲ....သူတို့လို ပြိုင်ပွဲဝင်တွေရဲ့ ပန်းတိုင်က ရုပ်ရှင်ပြီးတဲ့အချိန်ထိ အသက်ရှင်ကျန်ခဲ့ပြီးတော့ ထွက်သွားရဖို့လေ....ဒါပေမယ့် သရဲက အဲ့လိုမှ မဟုတ်တာ.... 


အဲ့ဒါက ပြောင်းလဲနိုင်တယ်...ရုပ်ရှင်က စိတ်ဝင်စားဖို့ကောင်းဖို့ ဒါရိုက်တာတွေနဲ့ ဆက်သွယ်ပြီးတော့တောင် လှည့်ပတ်မေးလို့ရတယ်......


" ကျိုက်ယွီ ပြောခဲ့သလိုပဲ သူ့အော်သံကြောင့် ငါလန့်နိုးလာတာ...." ပြိုင်ပွဲဝင်သရဲက ဖက်တီးကောင်းအသံအတိုင်း ပြောလာသည်။

 

ကျင်းထျန်းယိက ဘာမှမဖြစ်သွားသလို ကာရိုက်တာထဲ ဝင်လာပြီး လော့ဇီယန်ဆီ သွားဖက်လိုက်ရင်း အဓိပ္ပါယ်များစွာ ပါဝင်နေသည့် စကားလုံးများနှင့် နှစ်သိမ့်ပေးလိုက်သည် " မင်းရဲ့ ကောင်မလေးက ဒီနေရာမှာ 'မတော်တဆ' သေသွားရမယ်လို့ မထင်ထားခဲ့ဘူး ....ဒါပေမယ့် အဆင်ပြေပါတယ် ရှောင်ယွီရယ်....မင်းမှာ ငါနဲ့အစ်မရှန်းတို့လည်း ရှိသေးတယ် မဟုတ်လား....ငါတို့က မင်းဘက်မှာ ရှိနေပေးမှာပါ...." 


လော့ဇီယန်က တစ်ကိုယ်လုံး တောင့်တင်းသွားရင်း ကြောက်ပြီး ထွက်ပြေးသွားချင်မိသည်။ ဘော့စ်က ရှင်းရှင်းလင်းလင်း သိနေတယ်ကွ....


သူက ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ချူဟွိုက်ကို ကြည့်လိုက်မိသည်။ ချူဟွိုက်က သူ့ကို နားလည်လက်ခံပေးသည့် မျက်လုံးအကြည့်နှင့် ပေါ့ပေါ့ပါးပါး ပြုံးပြလာပြီး သူ့ကို အသံတိတ်နှစ်သိမ့်ပေးနေရင်း သူ၏ရပ်တည်ချက်ကို ပြလာသည်။ 


လော့ဇီယန်မှာ ချက်ချင်းဆိုသလို မျက်လုံးများ နီရဲလာရသည်။


ဟုတ်တယ်....ကျောင်းကျောင်းနဲ့ ဘော့စ်တို့က အရမ်းဥာဏ်ကောင်းနေတာကို သူဘယ်လိုလုပ် လိမ်လို့ရတော့မှာလဲ....


သူ လုပ်ခဲ့ရင်တောင်မှ သူတို့က သူ့ကို လက်ခံပေးဖို့ပဲ ရွေးကြမှာ....


လော့ဇီယန်က အမှားလုပ်ထားသည့် ကလေးတစ်ယောက်နှင့်တူနေပြီး အချိန်အတန်ကြာသောအခါ သူက အဓိကနေရာကို ပြောပြလာသည် 


" ငါ အရင်တုန်းက ကားထဲကနေ မျက်လုံးတစ်စုံကို တွေ့ခဲ့ရတယ်....အခုလေးတင် အပေါ့စွန့်ချင်လာလို့ သန့်စင်ခန်းသွားမယ်ဆိုပြီး အိပ်ရာထလာခဲ့တာ...ဒုတိယထပ်က ပန်းချီကားတွေကို ရေတွက်ကြည့်လိုက်တော့ မျက်လုံးတစ်စုံ ပိုနေမှန်း သိလိုက်ရတယ်....အဲ့ဒါနဲ့ တစ်ခုခုဖြစ်နေပြီလို့ တန်းနားလည်သွားတာ...." 


သူ၏ပြောပြချက်ကြောင့် ချူဟွိုက်ကလည်း သူနှင့်ကျင်းထျန်းယိတို့ ကားထဲတွင် ရှိနေစဥ်က ထိုမျက်လုံးကို မြင်ခဲ့မိမှန်း အမှတ်ရသွားသည်။


ကျင်းထျန်းယိက အနည်းငယ် အံ့အားသင့်သွားခဲ့သည် 


" မင်းလည်း အဲ့ဒါ မြင်ခဲ့တာလား....အဲ့ဒါ ဘာပုံစံလည်းဆိုတာ အကြမ်းဖျင်း မှတ်မိသေးလား..." 


လော့ဇီယန်က ကြိုးစားပြီး စဥ်းစားလိုက်ရင်း ခဏကြာပြီးနောက် ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ ကြုံခဲ့ရသည့် အချိန်နှင့် အတူတူဖြစ်နေသည့် အချိန်ကို ပြောလာသည်။


ဒါဆို လော့ဇီယန်ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေက ချူဟွိုက်နဲ့ ကျင်းထျန်းယိတို့ကိုပဲ စောင့်ကြည့်နေတဲ့ မျက်လုံးတွေနဲ့ မတူဘူးဆိုတာ သေချာသလောက် ရှိနေပြီ....

 

ချူဟွိုက်က လက်ပေါ် မေးထောက်လိုက်ရင်း မေးလာသည် " အဲ့ဒီတုန်းက ဘယ်သူမှ မသေသေးဘူးလေ....ဘယ်သူမှလည်း မျက်လုံးအဖြစ် မပြောင်းသွားသေးဘူး...ဒါဆို အဲ့ဒါ ဘယ်သူ့မျက်လုံးတွေလဲ...." 


" ပြီးတော့ မျက်လုံးက တစ်စုံတည်းလည်း မဟုတ်ဘူး..." ကျင်းထျန်းယိက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခဏမျှ တိတ်နေရာမှ သူတို့ လျစ်လျူရှူထားမိသည့် အချက်အလက်ကို ပြောလာသည် " စံအိမ်ကြီးထဲမှာ သရဲက တစ်ယောက်တည်း မကဘူး...."  


ချူဟွိုက်က ထိတ်လန့်တုန်လှုပ်သွားသည်။


ရှားယွီချောင်ကို ရေအိမ်ထဲ ဆွဲချသွားသည့်လက်က သရဲလက်ကြီးဖြစ်၍ သူ့ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ ကျန်းယန်ကို သတ်သွားသည့် သရဲကလည်း တီဗွီထဲက ဆံပင်ရှည်သရဲဖြစ်နေ၍ ထိုနှစ်ယောက်က အတူတူမဖြစ်နိုင်ပေ။ သို့သော်လည်း ကျင်းထျန်းယိကို ရန်ပြုလာသည့်သရဲက သေချာပေါက် တီဗွီထဲက သရဲ မဟုတ်ပေ။


ချူဟွိုက်က ရုတ်တရက် ထပြောလာသည် " သရဲက ခုနစ်ယောက် ရှိနေတာများလား...." 


သူက ခန့်မှန်းချက်ပေးလာသည် " အစပိုင်းမှာတုန်းက ပန်းချီကားတွေပေါ်မှာ မျက်လုံးမရှိဘူး...ဒါပေမယ့် ငါတို့က ပန်းချီကားတွေမှာ တကယ်ပဲ မျက်လုံးမပါဘူးလို့ သတ်မှတ်လို့ရရဲ့လား....ပန်းချီကားက မျက်လုံးတွေအတွက် အိမ်လိုမျိုး ဖြစ်နေပြီးတော့ မျက်လုံးတွေက သူတို့လုပ်စရာလေးတွေ ရှိနေလို့ ပန်းချီကားထဲကနေ ခဏထွက်သွားကြတာ...ဒါကြောင့် မျက်လုံးခုနစ်စုံက စံအိမ်ကြီးထဲ လျှောက်သွားနေတာ မဟုတ်ရင် ငါတို့ အိမ်ထဲမဝင်ခင် ထောင့်အကွယ်ကနေ တိတ်တိတ်လေး စောင့်ကြည့်နေကြတာပဲ.... "


လော့ဇီယန်က စိတ်လှုပ်တရှား တံတွေးမြိုချလိုက်ပြီး မေးလာသည် " ဒါဆိုရင် ဘာလို့ လူတစ်ယောက်သေသွားတာနဲ့ ပန်းချီကားပေါ်မှာ မျက်လုံးတွေ ပေါ်လာရတာလဲ....သေသွားတဲ့လူရဲ့ မျက်လုံးတွေက မူလမျက်လုံးရဲ့ နေရာကို သိမ်းယူသွားလို့ ပြောချင်တာလား...."  


ကျင်းထျန်းယိက ရှင်းပြလာသည် " မင်း ကူးတို့သမား တစ်ယောက် အကြောင်း ရေးထားတဲ့ ပုံဝတ္ထုတစ်ပုဒ်အကြောင်း ကြားဖူးလား...အဲ့ဒီဝတ္ထုထဲမှာ ပြောထားတာက ကူးတို့သမားတစ်ယောက်က လူတွေကို ထပ်ပြီး ပို့မပေးချင်တော့လို့ နောက်ထပ်လာတဲ့ ခရီးသည်ကို လှော်တက် ကမ်းပေးပြီး တိတ်တိတ်လေး ပြန်သွားခဲ့တယ်တဲ့....ခရီးသည်က သူ့နေရာမှာ အစားဝင်လာပြီး.ကူးတို့သမားအသစ်တစ်ယောက် ဖြစ်လာခဲ့ပေမယ့် ဒီကြမ်းတမ်းလွန်းတဲ့ အလုပ်ကို မလုပ်ချင်လို့ မြစ်ဖြတ်ကူးမယ့် နောက်လူတစ်ယောက်ကို ထောင်ချောက်ဆင်ထားခဲ့တယ်...." 


လော့ဇီယန်က နောက်ဆုံး နားလည်သွားပြီ ဖြစ်သည်


 " မင်းပြောချင်တာက အဲ့ဒီမျက်လုံးတွေက ဝတ္ထုထဲက ကူးတို့သမားလိုမျိုး ဖြစ်ပြီးတော့ ငါတို့က ခရီးသွားတွေပေါ့ ဟုတ်လား...."


ချူဟွိုက်က ခေါင်းညိမ့်ပြလာသည် " ဟုတ်တယ်....ဘယ်သူသိမလဲနော်....ငါတို့ခုနစ်ယောက်လုံး ဒီနေရာမှာ သေသွားခဲ့ရင် သရဲခုနစ်ယောက်လည်း မစ်ရှင်အောင်ပြီး လွတ်မြောက်သွားမှာပေါ့...ငါတို့ကတော့ နောက်လာမယ့် ခရီးသည်တွေကို ထောင်ချောက်ဆင်ဖို့ စောင့်နေတဲ့ အကြံသမား ကူးတို့သမားအသစ်လေးလို ဖြစ်လာတော့မှာ....." 

 

လော့ဇီယန်က ကြောက်လန့်သွားသည့်ပုံစံနှင့် အလိုလို ပုခုံးကျုံ့မိသည်။


ချူဟွိုက်၏ စကားလုံးများက တည့်တိုးဆန်သော်လည်း အဓိပ္ပာယ် ရှင်းလင်းသည်။ လော့ဇီယန်က သေသေချာချာ စဥ်းစားလိုက်ရင်း ထိုသို့ဖြစ်နိုင်မှန်း သဘောပေါက်သွားလေသည်။ သူတို့ခုနစ်ယောက်လုံး သေပြီးတော့ သူတို့မျက်လုံးတွေက ပန်းချီကားထဲမှာ ပိတ်လှောင်ခံခဲ့ရရင် အဲ့ဒီသရဲခုနစ်ယောက်ရဲ့ တာဝန်ကို လွှဲယူလိုက်သလိုမျိုး ဖြစ်မသွားဘူးလား.... 

 

" သွေးလန့်ဖွယ် စံအိမ်ကြီး" ရုပ်ရှင်ကို မကြာခင် ပြန်ရိုက်မယ်ဆိုရင် သူတို့က နောက်လာမယ့် ပြိုင်ပွဲဝင်ခုနစ်ယောက်ကို သတ်ရမယ့် သရဲခုနစ်ယောက် ဖြစ်လာမှာပေါ့....


လော့ဇီယန်က မေးလိုက်မိသည် " ဒါဆို အခု ငါတို့ကို ရန်မူနေတဲ့သူတွေက အရင်အဖွဲ့မှာ သေသွားခဲ့ကြတဲ့ လူခုနစ်ယောက်ပေါ့....ဟုတ်လား...."

 

ချူဟွိုက်က ခပ်ဖွဖွပြုံးပြီး ခေါင်းညိမ့်ပြလာသည်။ ဤခန့်မှန်းချက်က မှန်ဖို့များသည်။


ဤလူခုနစ်ယောက်က ပြိုင်ပွဲဝင်များ မဖြစ်နိုင်ကြပဲ ကျိန်စာ၏ ရင်းမြစ်များလည်း ဖြစ်နိုင်သည်။


ပြီးတော့ သူတို့က လူခုနစ်ယောက်စီမှာ ရှိတဲ့ အကျင့်စရိုက်တွေကို စိတ်ကျေနပ်နေကြတဲ့ပုံပဲ.....မနာလိုတာ....လောဘကြီးတာ....ဒေါသထွက်မြန်တာ...


အစားထိုးသရဲကောင်က ပြောလာသည် " ဒါက မင်းရဲ့ ခန့်မှန်းချက်သက်သက်ပဲလေ...." 


ချူဟွိုက်က သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ရင်း ရုတ်တရက် အကြံတစ်ခု ပေါ်လာ၍ သူ့ထင်မြင်ချက်ကို သဘောတူဟန်ပြပြီး ကျင်းထျန်းယိကို မျက်ရိပ်ပြလိုက်သည်။ 


ကျင်းထျန်းယိက စက္ကန့်အနည်းငယ်မျှ ပြန်ကြည့်လာပြီးနောက် အကြံရသွားသည့်ပုံနှင့် အဓိပ္ပါယ်ပါပါ ပြုံးပြလာသည်။


ဖက်တီးကောင်က လူမဟုတ်တော့ဘူး....သူက အစားထိုးထားတဲ့ သရဲကောင်ပဲ....သရဲကို သတ်လိုက်လို့ အပြစ်ရှိသလို ခံစားရမှာမဟုတ်ပါဘူး.... 


ဒီချိန်ကိုက်ဗုံးကို ဒီအတိုင်း ထားထားတာထက် အရင်ဆုံး လက်ဦးယူလိုက်တာ ပိုကောင်းမယ်...


ဒီရုပ်ရှင်က လွတ်လွတ်လပ်လပ် သရုပ်ဆောင်လို့ရတဲ့အတွက် လူသတ်ရတဲ့ အကြောင်းရင်းကိုလည်း လုပ်ဇာတ်ခင်းလိုက်လို့ရတယ်...  ဒီလိုမျိုး ဖြေရှင်းချက်မရှိတဲ့ သရဲရုပ်ရှင်မျိုးမှာ သရုပ်ဆောင်တစ်ယောက်ကို ဆင်ခြေပေးပြီး သတ်လိုက်ဖို့က လွယ်လွယ်လေးပဲ....


သူတို့က မတော်တဆ သတ်မိသွားလို့ အပြစ်ရှိသလိုမျိုး ဟန်ဆောင်လိုက်ဖို့လိုတယ်.....ဒါမှ ဇာတ်ကောင်ရဲ့ အကျင့်စရိုက်ကို သွေဖယ်မသွားမိမှာ....


အကြောင်းပြချက်မရှိလဲ သူတို့ကိုယ်တိုင် တစ်ခုခုရှာပြီး ပြင်ဆင်ထားလို့ရတယ်.... ဘယ်အရာမဆို ဖြစ်နိုင်တာချည်းပဲ....

  

အစားထိုးဝင်လာသည့် သရဲက အထက်က ပေးလာသည့် တာဝန်ကြောင့် စိတ်ညစ်ပြီး ပြိုင်ပွဲဝင်များအား သေလမ်းပို့ပေးရမည့် နည်းလမ်းကို စဥ်းစားနေ၍ ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ ဆယ်စက္ကန့်အတွင်း သူ့နားရောက်လာကြသည့်အဖြစ်ကို သတိမထားမိလိုက်ပေ။

 

အစားထိုးခံသရဲက ခေါင်းငုံ့ထားရင်း သူ့မျက်လုံးက နိမိတ်မကောင်းသည့် ရင်ထိတ်ဖွယ် အကြည့်ကြီးနှင့်အတူ လက်ခနဲဖြစ်သွားလေသည်။ 

…


နာရီဝက်ခန့် ကြာပြီးနောက် ကောင်းကင်ကြီးက အလင်းရောင် ပေါ်ထွက်လာသည့်အချိန် ချူဟွိုက်က သွေးစွန်းနေသော ဓါးကို လွှတ်ချလိုက်ရင်း ခြေလှမ်းနောက်ဆုတ်သွားလိုက်ပြီး အေးစက်စက်နံရံကို ကျောမှီထားလိုက်ကာ မျက်ရည်တို့ကို ဖျစ်ညစ်ထုတ်လိုက်ရင်း မြေပြင်ပေါ်က အလောင်းကို ကြည့်ပြီး ရေရွတ်လိုက်သည် " ငါ မရည်ရွယ်ပါဘူး....မင်းက ငါ့နောက်က ရုတ်တရက် ပေါ်လာခဲ့တာလေ....ငါ...ငါက သရဲလို့ ထင်လိုက်တာ....ငါက ငါ့အတွက် ခုခံလိုက်ရုံပါ....ငါ...." 


“ရှောင်လင်း...." ချူဟွိုက်က သွေးစွန်းနေသော ပလာယာကို ကိုင်ထားသည့် ကျင်းထျန်းယိကို ကြည့်လိုက်မိသည်။


အမှန်တွင်ဖြင့် သူက အလင်းရောင်မရှိသေးသည့်အချိန် "သရဲ..." ဟု အော်သာအော်လိုက်ပြီး ကျင်းထျန်းယိက သရဲ၏ ဦးခေါင်းကို အားပြင်းပြင်း ထိုးစိုက်လိုက်ရင်း သတိမေ့သွားအောင် ထုရိုက်ပစ်ခဲ့သည်။ ထို့နောက် ချူဟွိုက်က စိတ်မချသေး၍ ဓါးနှင့်ပါ ထိုးခဲ့လေသည်။ 


နာရီနှစ်ဆယ်ကျော်ကျော် နှိပ်စက်ခံထားရ၍ ချူဟွိုက်က မြေကြီးပေါ်က အစားထိုးသရဲ၏ အလောင်းကို စိုက်ကြည့်လိုက်ရင်း အကြောင်းပြချက်မရှိပဲ လောကကြီးကို လက်စားချေချင်လာရသည်။


အစားထိုးသရဲက မယုံနိုင်သလို ဖြစ်သွားရင်း မုန်းတီးစက်ဆုပ်မှူအပြည့်နှင့် မျက်လုံးဖွင့်လျက်သား သေသွားခဲ့သည်။


ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က" ကျင်းဝမ်ကျိုး" ၏ ဇာတ်ကောင်ကို လုယူနေသည့်သူကို အဆုံးသတ်ပေးလိုက်ကြသည်။ ဇာတ်ကောင်က တရားဝင် သေသွားပြီဆိုတော့ အစားထိုးသရဲကလည်း အစားထိုးသက်သက်ပဲမို့ ရုပ်ရှင်ထဲ နေလို့ ရတော့မှာမဟုတ်ဘူး....

 

လော့ဇီယန်က ရုတ်ရုတ်သဲသဲအသံကြားလိုက်၍ အပြေးသွားလိုက်ရာ ကျင်းထျန်းယိက ဆိုဖာပေါ်က ချူဟွိုက်ကို နူးနူးညံ့ညံ့လေသံလေးနှင့် ချော့မြူနေသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။


" အစ်မရှန်း....ဒါက မမရဲ့ အမှားမဟုတ်ပါဘူး...ကျွန်တော့် အမှားလည်း မဟုတ်ပါဘူး...တကယ်လို့ အပြစ်ပေးခံရမယ်ဆိုရင်လည်း ကျွန်တော့်အပေါ်သာ ပုံချလိုက်ပါ...." 


“ သူက ကျွန်တော်တို့ကို မြေအောက်ကမ္ဘာမှာ အပြစ်တင်နေမှာ မဟုတ်ဘူးဆိုတာ ယုံပေးပါ မမရယ်...." 


လော့ဇီယန်ကို တွေ့လိုက်သည့်အချိန် ချူဟွိုက်က ရုန်းကန်၍ ထလာပြီး အားနည်းသလို အကြည့်လေးနှင့် ကြည့်လာသည် " ငါ တစ်ယောက်ယောက်ကို မတော်တဆ သတ်မိသွားတယ်....ငါ စိတ်မကောင်းပါဘူး...." 


ကျင်းထျန်းယိက မျက်လွှာချလိုက်ပြီးနောက် စိတ်ထဲရှိသည့်အတိုင်း တောင်းပန်လာသည် " ငါလည်း ဒီကိစ္စမှာ တာဝန်ရှိတဲ့အတွက် ငါလည်း စိတ်မကောင်းဖြစ်ရပါတယ်...." 


လော့ဇီယန် "......" ဒါက အကျိုးကြောင်းမညီညွတ်ဘူးလို့ ဘာဖြစ်လို့ ခံစားနေရတာပါလိမ့်....


သူမျက်တောင်တစ်ခါခတ်လိုက်တဲ့အချိန်တွင်းမှာ ဒီနှစ်ယောက်က သူ့ကိုတောင် မသိမပေးပဲ ပြဿနာကြီးတစ်ခုကို ဘယ်လိုများ ဖြေရှင်းပြီးသွားကြတာပါလိမ့်....

  

မနက်ခင်းအာရုဏ်ဦး၏ အလင်းရောင်ဖျော့ဖျော့က တနင်္ဂနွေနေ့မနက်တွင် ဖြန့်ကျက်လာသည်။ သူတို့က စိတ်အေးသွားသလိုမျိုး သက်ပြင်းချမည်ကြံသေး မြေကြီးပေါ်မှ ငလျင်သံတစ်ခု ပေါ်ထွက်လာကာ သူတို့ရှိနေသည့် ဧည့်ခန်းထဲက ကြမ်းပြင်ကလည်း ရုတ်တရက် နစ်ဝင်သွားရသည်။


Alice in wonderlandထဲက ကျင်းနက်ကြီးလိုမျိုး သူတို့က ဆိုဖာကြီးနှင့်အတူ ချောက်နက်ထဲ ပြုတ်ကျသွားလေသည်။



👻