Chapter 238
Viewers 22k

Volume 11 : ဓာတုဗေဒဌာန


Chapter 238 (ဓာတုဓာတ်ပြုမှု ၁၃)

အချက်ပေးဥဩသံများနှင့် လောင်ကျွမ်းနေသော မီးတောက်များသည် ဓာတုစက်ရုံမှ ဝန်ထမ်းများအား လျင်မြန်စွာ သတိပေးခဲ့သည်။

"မီးလောင်နေပြီ။" "ရဲကိုအမြန်ခေါ်ကြ၊" "ဘုရားရေ၊ ဟိုဘက်မှာ ပေါက်ကွဲသံကြားတယ်။" အော်ဟစ်သံများက ဆူညံသောခြေသံများဖြင့် ရောပြီး စင်္ကြံမှာ မြည်နေသည်။

ခယ်ရှောင်ပင်းသည် အလွန်စိုးရိမ်နေသဖြင့် ချွေးများ တသီတကြီး စီးကျနေပြီး သုတေသနအဖွဲ့ချတ်ချန်နယ်တွင် အလျင်အမြန် စာရိုက်ခဲ့သည်။ "အားလုံး အဆင်ပြေရဲ့လား၊ ဒဏ်ရာရသွားသေးလား။"

အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေတတ်သူ ချင်မြောင်ကလည်း စိုးရိမ်တကြီးနဲ့ မေးသည်။ "ရှောင်လု၊ နင်တို့ ထွက်လာပြီလား။"

ညဘက်တွင် လေသည် မှုတ်ထုတ်ပြီး မီးတောက်များနှင့် ထူထပ်သော မီးခိုးငွေ့များက သူတို့နောက်သို့ လွင့်ပျံလာသည်။ လေထဲတွင် အပူလှိုင်းက သူတို့ကို လောင်ကျွမ်းလုနီးပါးဖြစ်ခဲ့ကာ ချင်လုက သူမ၏ကျောက်ထုလွှာလှုပ်ရှားမှုကို ဆက်လက်အသုံးပြုကာ အားလုံးကို မီးဘေးမှ ကယ်ထုတ်ခဲ့ပြီး ထိတ်လန့်တကြားဖြင့် သူမစာရိုက်ခဲ့သည်။ "ငါတို့ထွက်လာပြီ၊ အားလုံးအဆင်ပြေတယ်။ ကံမကောင်းစွာပဲ အလောင်းနဲ့ သက်သေတွေ အားလုံးပျက်စီးသွားပြီ…"

ကျန်းဖျင်စစ်က တည်ငြိမ်သောမျက်နှာဖြင့် ဆိုသည်။ "လူသတ်သမားက ငါတို့ ရှာဖွေတွေ့ရှိသွားပုံရတယ်၊ ဒါကြောင့် သူက အလောင်းတွေကို ဖျက်ဆီးပြီး သဲလွန်စတွေကို ဖယ်ရှားချင်ခဲ့တာ။"

ယွဲ့ရှင်းဝမ်သည် သူ့လက်ဖဝါးကိုဖွင့်လိုက်ပြီး သူ့လက်ထဲမှာ တစ်ဝက်ပျက်စီးနေသော ကျောက်စိမ်းကို ကိုင်ထားသည်။ သူက ကျန်းဖျင်စစ်ကို ကြည့်ကာ တိုးတိုးပြောသည်။ "ဒီတစ်ခုပဲကျန်ခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ ဒီကျောက်စိမ်းဆွဲသီးတစ်ခုတည်းနဲ့ ဘာမှ ရှင်းပြလို့မရဘူး။"

အားလုံး၏မျက်နှာက အနည်းငယ် ရုပ်ဆိုးနေကြသည်။ သူတိုသည် အခုလေးတင် သေခြင်းတရားကနေ ကျဉ်းမြောင်းစွာ လွတ်မြောက်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေမှာ ရှိနေသည့်အတွက်ကြောင့် အရိုးများစွာကို ထုတ်ယူဖို့ အချိန်မရှိခဲ့ဘူး။ ရှင်းယန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။ "မီးသတ်သမားတွေ ဒီကို အမြန်ရောက်နိုင်ပြီး မီးကို အချိန်မီငြိမ်းသတ်နိုင်ရင် အရိုးတွေ ပေါ်သွားလိမ့်မယ်။ သာမန်မီးတောက်တွေက လူ့ခန္ဓာကိုယ်ကို လောင်ရုံသာဖြစ်ပြီး အရိုးတွေကို ပြာဖြစ်အောင် မလောင်ကျွမ်းနိုင်ဘူး။"

လျှိုကျောက်ချင်းက မှင်တက်သွားပြီး ရုတ်တရက် သတိပြန်ဝင်လာသည်။ "ဟုတ်တယ်။ လူ့ခန္ဓာကိုယ်က ပြာအဖြစ်မလောင်ကျွမ်းခင် အပူချိန်မြင့်မီးဖိုထဲမှာ မီးသဂြိုလ်ရမယ်။ မီးတောက်တွေကို အချိန်မီငြိမ်းသက်နိုင်သရွေ့ မီးသတ်သမားတွေက အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းတဲ့အခါ မြုပ်နှံထားတဲ့ လူ့အရိုးတွေကို တွေ့လိမ့်မယ်။"

ကျန်းဖျင်စစ်: "မင်းတို့က ရိုးရိုးလေးတွေးကြတာပဲ။ ဒီမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး လူသတ်သမား ပြင်ဆင်ထားတာသိသာတယ်။ ရေဆိုးအလုပ်ရုံမှာ မီးလောင်လွယ်ပြီး ပေါက်ကွဲစေနိုင်တဲ့ ဓာတ်ငွေ့ အမြောက်အမြား ရှိနေတယ်။ မီးအရင်းအမြစ်ကို သူကြိုပြီး ပြင်ဆင်ထားနိုင်တယ်။ ငါတို့ အလောင်းကို ရှာတွေ့သွားမှန်း သူသိတာနဲ့ မီးလောင်တဲ့ အရင်းအမြစ်ကို ချက်ချင်း မီးရှို့လိုက်မယ်။ ဝန်းထမ်းတွေက မီးလောင်တာကိုတွေ့ရင် သူတို့က ရဲစခန်းကို ဖုန်းဆက်ပြီး ငါ့အထင်တော့ အဲဒီအခိုက်အတန့်မှာ စက်ရုံရဲ့မီးထွက်ပေါက်က ပိတ်ဆို့ခံလိုက်ရပြီ။"

ယွဲ့ရှင်းဝမ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ "မီးထွက်ပေါက်ကို ပိတ်ဆို့ဖို့ လိုအပ်တာက ထရပ်ကားတစ်စီးပဲ။"

လက်တွေ့တွင် မီးသတ်ကားများသည် အချိန်မီရောက်လာနိုင်ခြင်း မရှိသည့်အတွက် မီးထွက်ပေါက်များ ပိတ်ဆို့ကာ မီးပိုကြီးလာပြီး နောက်ဆုံးတွင် ပိတ်မိနေသော လူများကို ကယ်တင်ရန် ကျရှုံးခဲ့သည့် ဥပမာများစွာရှိသည်။

ဓာတုစက်ရုံ ပေါက်ကွဲမှုတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်း အများအပြား၏ ဓာတ်ပြုမှုပါဝင်သည်။ ဒီတစ်ခေါက်တွင် လေထဲမှာ မီးလောင်လွယ်ပြီး ပေါက်ကွဲစေတတ်သော ဓာတ်ငွေ့များစွာ ရှိနေသေးသည်။ ရေဆိုးအလုပ်ရုံအနီးတွင် အခြားထုတ်လုပ်ရေးအလုပ်ရုံများရှိကာ မီးလောင်လွယ်သောဓာတုပစ္စည်းများလည်းရှိပြီး မရေမတွက်နိုင်သော ဓာတုပစ္စည်းများပြည့်နေသည့် ဂိုဒေါင်မှ သိပ်မဝေးပေ။

မီးက လေနဲ့ ဆက်ပြီး ပျံ့သွားတော့ ရေဆိုးအလုပ်ရုံမဆိုထားနှင့် ဓာတုစက်ရုံတစ်ခုလုံး ပေါက်ကွဲပြီး ချက်ချင်း ကမ္ဘာပေါ်ကငရဲခန်းဖြစ်သွားနိုင်သည်။ 

သာမန်ရေက ဒီလိုမီးမျိုးကို မငြိမ်းသတ်နိုင်ဘဲ ယွဲ့ရှင်းဝမ်သည် ယခု 'မိုးသည်းခြင်း'စွမ်းရည်ကို ဖွင့်လိုက်ရင်တောင် အသုံးမဝင်ပေ။ မီးသတ်သမားများက မီးကိုငြိမ်းသတ်ရန် ကျွမ်းကျင်သော မီးငြိမ်းသတ်ခြင်းအသုံးအဆောင်များကို ယူဆောင်လာလိမ့်မည်။

မီးထွက်ပေါက် ပိတ်ဆို့သွားတာနဲ့ ဒီမီးကို… ဘယ်လိုထိန်းမလဲ။

ဒါကိုတွေးပြီး ယွဲ့ရှင်းဝမ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ "အိပ်ဆောင်ဧရိယာကလူတွေအားလုံး ငါတို့နဲ့ပူးပေါင်းဖို့ အောက်ထပ်ကို ဆင်းလာကြပါ။ ချင်လုက မင်းတို့ကို လာခေါ်လိမ့်မယ်။ ငါတို့ မီးဘေးကနေ အမြန်ဆုံးထွက်ရမယ်။"

ခယ်ရှောင်ပင်းက တုန်လှုပ်ချောက်ချားစွာပြောသည်။ "အဲဒါက လွတ်မြောက်ရေးပုံစံလား။ ဒါက ရှုပ်ထွေးလွန်းတယ်။ ငါတို့က ဒီကိစ္စကို မဖြေရှင်းရသေးဘူး။"

ရှင်းယန်က လေးနက်စွာ ဆိုသည်။ "ရှင်းဝမ်စကားကိုနားထောင်၊ ချက်ချင်း အောက်ကိုဆင်းလာခဲ့။"

ခယ်ရှောင်ပင်းက 'သိပါပြီ' လို့ရိုက်ပြီး တံခါးဖွင့်ကာ အောက်ထပ်ကို ပြေးဆင်းသွားသည်။

ယခုအချိန်တွင် ဓာတုစက်ရုံမှ လူအများအပြားသည် ဒီအကျပ်အတည်းကို သတိမပြုမိကြဘဲ အိပ်ဆောင်ဧရိယာသည် ရေဆိုးအလုပ်ရုံနှင့် မီတာရာနှင့်ချီဝေးသောကြောင့် တချို့လူများက အိပ်ဆောင်ကို မီးမလောင်နိုင်ဟု ထင်ကြသည်။ သူတို့က ပြတင်းပေါက်ကို ဖွင့်ထားကြကာ ခေါင်းထွက်ပြီး စောင့်ဆိုင်းကြည့်ရှုနေသည့် သဘောထားကို ထိန်းသိမ်းထားသည်။

ခယ်ရှောင်ပင်းသည် ဝန်ထမ်းများစွာအတွက် စိတ်ပူရန် အချိန်မရှိပေ။ သူတတ်နိုင်သမျှ မြန်မြန်ပြေးဆင်းလာပြီး လမ်းတွင်အပေါ်ထပ်မှ ဆင်းလာသော စီနီယာအစ်မလန်၊ ချင်မြောင်၊ ကျိုဖုန်း၊ ရွှီယိရှန်း၊ ကျန်းရှောင်နျန်တို့နှင့် ဆုံသည်။

အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာမှမပြောဘဲ အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။

ထိုအချိန်တွင် ချင်လုသည် သူတို့ကိုခေါ်ရန် နေရာအမြန်ပြောင်းလိုက်ပြီး အားလုံးက အပြန်အလှန်နားလည်မှုဖြင့် ချင်လုအနားမှာရပ်လိုက်သည်။ ချင်လုသည် ကမ္ဘာလုံးကို လျင်မြန်စွာ ထိပြီး အားလုံးကို စက်ရုံတံခါးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့နားထဲတွင် ရင်းနှီးသော စက်အသံက ထွက်လာသည်။ "စာမေးပွဲကာလအတွင်း ခွင့်ပြုချက်မရှိဘဲ စာမေးပွဲခန်းမှ ထွက်သွားသူတွေကို ကျရှုံးတယ်လို့ အကဲဖြတ်ပါမယ်။"

လျှိုကျောက်ချင်းက မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။ "Shit၊ သူတို့က ငါတို့ကို မီးထဲမှာနေခိုင်းပြီး စက်ရုံတစ်ခုလုံး ပြာကျသွားတာကို စောင့်ကြည့်စေချင်တာလား။"

ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။ "စက်ရုံတစ်ခုလုံး ပေါက်ကွဲတော့မယ်လို့ ဆိုလိုတာလား။"

ရှင်းယန်က လေးနက်သောမျက်နှာဖြင့် အဝေးက မီးအရင်းအမြစ်ကို လှမ်းကြည့်လိုက်သည်။ "အဲဒီလိုဖြစ်မှာပဲ ငါစိုးရိမ်မိတယ်။ အဆောက်အအဦးတစ်ခုရဲ့ မီးလောင်မှုဖြစ်စဉ်ကို ကြားဖူးလား။ အပေါ်ထပ်မှာ အပူချိန် 400~600 ဒီဂရီအထိ ရောက်တဲ့အခါ အနီးနားက မီးလောင်လွယ်တဲ့ အရာအားလုံးကို ချက်ချင်း ပေါက်ကွဲစေခဲ့ပြီး မီးလောင်မှုက ပိုမိုမြန်ဆန်လာတယ်။ အပူချိန်က ဆက်လက်မြင့်တက်လာပြီး လေနဲ့အတူ ကွင်းဆက်အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်…"

ရွှီယိရှန်းက ဒါကိုတွေးတောရင်း ဆိုသည်။ "အဲဒါက တောတောင်တွေ၊ အဆောက်အဦးတွေနဲ့ အခြားနေရာတွေမှာ မီးငြိမ်းသတ်ရခက်တဲ့ အကြောင်းရင်းပဲမလား။ လေထုရဲ့အပူချိန်က အရမ်းမြင့်လွန်းတာကြောင့် မီးမရှိရင်တောင် လောင်ကျွမ်းနိုင်တဲ့အရာတွေက မီးစွဲနိုင်ပြီး ဆိုးရွားတဲ့သံသရာကို ဖန်တီးတယ်။"

ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ချိန်ညှိပြီး ညည်းညူသည်။ "လေထုအပူချိန်က 400 ဒီဂရီဆိုတော့ ငါတို့တွေ အငွေ့ပျံသွားမှာမဟုတ်ဘူးလား။ ငါတို့က အပြင်ထွက်လို့မရသလို မီးသတ်ကားတွေရောက်လာပြီး မီးငြိမ်းသတ်တဲ့အထိ ဒီမှာစောင့်နေဖို့လိုတယ်။ ငါတို့ဘဝရဲ့ ပထမဆုံးခုနစ်ရက်ကို ကျော်ဖြတ်နိုင်ပါ့မလား။"

လူတိုင်း: "..."

ယခုအချိန်အထိ ရှင်းယန်မှဖော်ပြခဲ့သော မီးလောင်ကျွမ်းမှုသည် မဖြစ်ပေါ်သေးသလို ကွင်းဆက်အကျိုးသက်ရောက်မှုလည်း မဖြစ်ပေါ်သေးပေ။ မီးက ရေဆိုးအလုပ်ရုံတစ်ဝိုက်တွင် ရှိနေဆဲဖြစ်ကာ ရေဆိုးသန့်စင်ရေးအလုပ်ရုံက ဆေးဝါးထုပ်ပိုးခြင်းနှင့် ထုတ်လုပ်ရေးရက်စွဲ ပုံနှိပ်ခြင်းဖြစ်သော အလုပ်ရုံ နံပါတ် 5 ဖြင့် အနီးကပ်ဆုံးဖြစ်သည်။ ၎င်းက ဓာတုစက်ရုံထုတ်လုပ်ရေး၏ နောက်ဆုံးအပိုင်းဖြစ်သည်။

လျှိုကျောက်ချင်းက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ "အလုပ်ရုံ နံပါတ် 5 က ဆေးဝါးထုပ်ပိုးခြင်းဖြစ်ပြီး ပုံနှိပ်စက္ကူနဲ့ ထုပ်ပိုးခြင်းသေတ္တာ အမြောက်အမြားစုပုံနေတယ်။ မီးတွေပျံ့သွားရင်တော့ ဆိုးလိမ့်မယ်။"

ကျိုဖုန်းက တည်ငြိမ်စွာ ပြောသည်။ "ငါတို့လူအနည်းစုရဲ့အင်အားနဲ့ ဓာတုစက်ရုံကမီးကို ထိန်းချုပ်ဖို့ နည်းလမ်းမရှိဘူး။ ငါတို့မှာ ရုပ်ပိုင်းဆိုင်ရာခွဲထုတ်ပေးမဲ့ နံရံအကာလည်းမရှိသလို မီးငြိမ်းစက်လည်း မရှိဘူး၊ လေလမ်းကြောင်းကို ကြည့်လိုက်ဦး။"

ကျိုဖုန်းက သူတို့ကို သတိပေးစရာမလိုဘဲ တိုက်ခတ်လာသောလေက မီးခိုးများကို အားလုံးဆီ ခေါ်ဆောင်လာခဲ့သည်။ မီးခိုးကြောင့် ကျောင်းသားတော်တော်များများက ချောင်းဆိုးပြီး လေက မီးကို အခြားနေရာများဆီ ခေါ်ဆောင်သွားရန် အချိန်သိပ်မကြာဘူးလို့ သူတို့ယုံကြည်သည်…

ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့၏။

ဓာတုစက်ရုံတစ်ခုလုံး မီးပင်လယ် ဖြစ်သွားလိမ့်မည်။

ကျန်းဖျင်စစ်က သူ့အဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ လူတိုင်း၏စွမ်းရည်များကို မြန်မြန်ပြန်သုံးသပ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အခုအချိန်မှာ အခြားဘာကိုမှ စဉ်းစားဖို့ အချိန်မရှိဘူး၊ ငါတို့အသက်ကိုကယ်ဖို့က အရေးကြီးတယ်။ ငါ့ရဲ့ ကိုသြဒီနိတ်စနစ်က အားလုံးကို မြင့်တဲ့နေရာဆီ ပို့ပေးနိုင်ပေမဲ့ ‌နာရီဝက်ပဲကြာတယ်။ နာရီဝက်အကြာမှာ မီးမငြိမ်းသေးဘဲ ကိုဩဒီနိတ်စနစ်စွမ်းရည်က ပြတ်တောက်သွားပြီး ပြုတ်ကျရင် ငါတို့အားလုံး မီးလောင်သေဆုံးသွားလိမ့်မယ်။ ငါတို့က ဓာတုစက်ရုံကနေ ထွက်လို့မရသလို အပေါ်ကိုလည်း သွားလို့မရဘူးဆိုတော့ မြေအောက်ကိုပဲ သွားရမယ်။"

ကျန်းရှောင်နျန်၏ မျက်လုံးများ တောက်ပလာပြီး မေးလိုက်သည်။ "အခု ကျွန်တော် မြေတွင်းရမှာလို့ စီနီယာအစ်ကို ဆိုလိုတာလား။"

ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ "ငါတို့ မြေအောက်မှာပဲ ပုန်းလို့ရတယ်ဆိုတော့ မြန်မြန်လုပ်ပါ။" သူက ဂရုတစိုက် ပတ်ပတ်လည်ကိုကြည့်ပြီး ပြောသည်။ "ငါတို့ တံခါးနားမှာ တူးလို့မရဘူး၊ ဒီတော့ အခြားနေရာရှာရအောင်။"

ကျန်းဖျင်စစ်သည် သူ့ဖုန်းကိုဖွင့်ပြီး စက်ရုံမြေပုံကိုကြည့်ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ "ချင်လု၊ ညာဘက် 15 ဒီဂရီ၊ မီတာ 200 အကွာ၊ စက်ရုံရဲ့ အနောက်တောင်ထောင့်ကို သွားမယ်။"

ကျန်းဖျင်စစ်၏ အချက်အလက်အရ ချင်လုသည် ခေါင်းငြိမ့်ပြီး နေရာကို ထပ်မံပြောင်းလိုက်သည်။

ခပ်လှမ်းလှမ်းတွင် ညကောင်းကင်ယံ၌ မီးခိုးလုံးကြီး တောက်လောင်လျက် လေနှင့်အတူ မီးတောက်များ ပြန့်ကျဲနေပြီး မကြာမီ အလုပ်ရုံ နံပါတ် 5 မီးလောင်သွားသည်။

ကျယ်လောင်သော "ဗုန်း" အသံနှင့် အလုပ်ရုံ နံပါတ် 5 တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကြမ်းကြုတ်သောအော်သံများသည် အိပ်ဆောင်အဆောက်အဦးဝေးမှ ထွက်ပေါ်လာပြီး အလုပ်သမားများစွာသည် နောက်ဆုံးတွင် ပြဿနာ၏လေးနက်မှုကို သဘောပေါက်ကာ စက်ရုံတံခါးဆီသို့ အရူးအမူးပြေးလာကြပြီး တံခါးဝသို့ရောက်သောအခါ——

စက်ရုံ၏ သံတံခါးကြီးကို အမှန်တကယ်သော့ခတ်ထားပြီး ညပိုင်းတာဝန်ကျသော လုံခြုံရေးအစောင့်သည် အထဲတွင် မရှိပေ။

တစ်စုံတစ်ယောက်က တံခါးလာခေါက်ပြီး အော်ဟစ်သည်။ "လုံခြုံရေးက ဘယ်မှာလဲ၊ တံခါးကို မြန်မြန်ဖွင့်ပါ။"

"ဒီမှာ အရမ်းအန္တရာယ်များလို့ ငါတို့ ရှောင်ရမယ်။"

"မစ္စတာကျန့်ကို ခေါ်ကြ…"

"ထွက်လို့မရတော့ဘူး။"

"လှေကားကိုရှာကြ၊ လှေကားကိုရှာပြီး အပေါ်တက်ပြီးထွက်လို့ရတယ်။"

လူအုပ်ထဲမှ အော်ဟစ်သံများသည် ဆဲဆိုသံများနှင့် ငိုကြွေးသံများ ရောထွေးနေကာ ယွဲ့ရှင်းဝမ်နှင့် အခြားသူများသည် သူတို့ကိုယ်သူတို့ လွတ်မြောက်ရန်ပင် အလွန်အလုပ်များနေသဖြင့် ဤအပြစ်မဲ့ အလုပ်သမားများကို မကူညီနိုင်ကြပေ။

ကျန်းရှောင်နျန်က မြေတူးစက်ကို ဆင့်ခေါ်ပြီး တွင်းနက်ပြီး မီးမလောင်စေရန် ဆယ်မီတာထက် ပိုနက်သော တွင်းကြီးကို တိုက်ရိုက်တူးခဲ့သည်။ ရှင်းယန်က အကြံပြု၏။ "ဗိသုကာဌာနရဲ့ အားဖြည့်ကွန်ကရစ်နဲ့ အပေါက်ကို ပိတ်လိုက်ပြီး အပေါက်လုံးဝမချန်ထားနဲ့။ မဟုတ်ရင် မီးခိုးငွေ့တွေ မြေအောက်ထဲကိုဝင်လာပြီး ကာဗွန်မိုနောက်ဆိုဒ်က ငါတို့အတွက် အဆိပ်သင့်စေတယ်။ စီနီယာအစ်မမန့်လော်ရဲ့ သန့်စင်ခြင်းသစ်ပင်က မြေအောက်ထဲမှာ လေထုညစ်ညမ်းမှုကို သန့်စင်ပေးနိုင်တယ်၊ အဲဒါက ငါတို့အတွက် နာရီဒါဇင်လောက်တော့ လုံလောက်ပါတယ်။"

လင်းမန့်လော်: "ငါနားလည်ပြီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတုန်းက မြေအောက်မှာ ငါတို့ပုန်းခဲ့သလိုပဲ ငါ့ရဲ့သစ်ပင်စိမ်းနဲ့ ရှင်းယန်ရဲ့ပေါင်းခံပုလင်းနဲ့အတူ လေနဲ့ ရေအရင်းအမြစ်တွေက ပြဿနာမရှိဘူး။"

ကျန်းရှောင်နျန်က နားလည်မှုဖြင့် ခေါင်းငြိမ့်လိုက်ပြီး ညာလက်ကို ဆန့်ထုတ်ကာ ဘိလပ်မြေနံရံဖြင့် ပြုလုပ်ထားသော မြေအောက်ခန်းကို အားဖြည့်ကွန်ကရစ်ဖြင့် အမြန်ပိတ်လိုက်သည်။ မီးသည် ဤနေရာသို့ ပျံ့နှံ့လာလျှင်တောင် အားဖြည့်ကွန်ကရစ်က မီးမလောင်ဘဲ မြေအောက်ခန်းကို မီးမစွဲနိုင်ပေ။

မြေအောက်စခန်းတည်ဆောက်မှုအပြီးတွင် ချင်လုသည် ကမ္ဘာလုံးကိုတစ်ဖန်ထုတ်ကာ အားလုံးကို မြေအောက်ခန်းအလုံပိတ်ထဲသို့ တယ်လီပို့ရန် နေရာရွှေ့ပြောင်းပြီး လင်းမန့်လော်က သစ်ပင်စိမ်းကို ဆင့်ခေါ်ကာ လတ်ဆတ်သောလေကို သန့်စင်စေသည်။

ညှော်နံ့တွေ ပျောက်ကွယ်သွားပြီး လေကောင်းလေသန့်က လူတိုင်းကို ပုံမှန်အတိုင်း အသက်ရှုနိုင်စေခဲ့သည်။

အားလုံးက သက်သာရာရကာ ရှူရှိုက်လိုက်သည်။

ကျန်းဖျင်စစ် မျှော်မှန်းထားသည့်အတိုင်း အပြင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံများသည် ဓာတုစက်ရုံ၏ အဆောက်အဦးတစ်ခုလုံးကို တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားစေကာ ဓာတုစက်ရုံသည် မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သံတံခါးကြီးကို အချိန်မီမဖွင့်နိုင်ပါက...

ဒီဓာတုစက်ရုံက အလုပ်သမားတွေသေလိမ့်မည်။

ဤနေရာတွင် လူရာနှင့်ချီ သေဆုံးပြီး မရေမတွက်နိုင်အောင် မီးလောင်နေသော အလောင်းများ ရှိလာမည်ဆိုလျှင် မီးသတ်သမားက မီးငြိမ်းသတ်ပြီးနောက် ရေဆိုးအလုပ်ရုံ၏ အရိုးများကို ရှာတွေ့လျှင်ပင် အရင်းအမြစ်ကို ခြေရာခံရန်နှင့် ၎င်းတို့၏ သေဆုံးမှုဆိုင်ရာ အမှန်တရားကို ရှာဖွေရန် ခက်ခဲမည်ဖြစ်သည်။

ခယ်ရှောင်ပင်းက ပေါ့ပေါ့ပါးပါး အသက်ရှူပြီး ယွဲ့ရှင်းဝမ်ကို ကြည့်ကာ ပြောသည်။ "ဒါကိုလုပ်တာက လူသတ်သမားမလား။ ဒီလူက တကယ်ကိုရူးနေတာပဲ၊ သူက မီးလောင်လွယ်ပြီး ပေါက်ကွဲလွယ်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းများစွာနဲ့ စက်ရုံကို တိုက်ရိုက် မီးရှို့လိုက်တယ်။ သူက ဓာတုစက်ရုံတစ်ခုလုံးကို ဒီမီးထဲမှာ သေစေချင်တာလား။"

ယွဲ့ရှင်းဝမ်၏ မျက်နှာသည် လေးနက်နေ၏။ "အရင်တုန်းကလည်း ကျိုးကျားနန်က မီးထဲမှာသေသွားတာကို မမေ့နဲ့ဦး။"

ဤသည်ကို လူတိုင်းကြားသောအခါ တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်များ တုန်လှုပ်သွားကြသည်။

ကျိုးကျားနန်က မီးထဲတွင် သေဆုံးသွားကာ လူသတ်သမားသည် လက်စားချေရန် ရောက်ရှိလာသော ကျိုးကျားနန်၏ ဆွေမျိုးတစ်ဦးဖြစ်ပါက ပျက်စီးနေသောစိတ်အခြေအနေကြောင့် 'ဓာတုစက်ရုံကို မီးရှို့ပြီး လူအားလုံးကို မီးလောင်တိုက်သွင်းခြင်း'ကဲ့သို့သော ရူးမိုက်သည့်အရာကို လုပ်မိပေမည်။

ဒါဆိုရင် ဒီအချိန်မှာ လူသတ်သမားက ဓာတုစက်ရုံထဲမှာ ရှိမနေသင့်ဘူး။

ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး မေးလိုက်သည်။ "မင်းစိတ်ထဲမှာ လူသတ်သမားအနေနဲ့ သင့်တော်တဲ့သူရှိလား။"

ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူကာ ခေါင်းငြိမ့်လိုက်သည်။ "ရှိတယ်၊ ငါတို့က လျစ်လျူရှုထားတဲ့လူပဲ။"

နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းမှာ ပြောခဲ့သည်။ "ငါတို့နဲ့ တစ်ရုံးတည်းမှာရှိတဲ့… အဖွဲ့ခေါင်းဆောင် ရှောင်းဝမ်ဟွေ့ပဲ။"

#TK