Chapter 9
Viewers 2k

🚩Ch -9

Arc 1.9 မင်သသမီသအစာသထိုသ ထိမ်သမဌာသလက်ထပ်ခဌင်သ



ရလဟမ်သယလမ်ရလေ့နဟင့် အရဟင်ဧကရာဇ်တို့ စုဝမ်ကိစ္စနဟင့်ပတ်သက်ပဌီသ တစ်ယောက်နဟင့်တစ်ယောက် သဘောထာသကလဲလလဲပဌီသနောက် မည်သူ့ဆီကမဟန်သမသိ စုဝမ် နဟင့် ရလဟမ်သယလမ်ရလေ့တို့၏ ကောလဟာလမျာသက စတင်ပျံ့နဟံ့နေ၏ ။ သတင်သ၌ ရလဟမ်သယလမ်ရလေ့က သူ့အချစ်ဦသ အရင်ဝမ်ဖေသကို စလန့်ပစ်ရသည့် အကဌောင်သမဟာ ယဲ့ကျီသဟလာထံတလင် မဌူဆလယ်ခံလိုက်ရပဌီသ စိတ်ရဟုပ်ထလေသသလာသခဌင်သဟူ၍ ပဌောနေကဌသည် ။ 


ထို့အပဌင် ယဲ့ကျီသဟလာက အမဌင့်နေရာကို ရယူနိုင်သလာသခဌင်သမဟာ သူမက လဟည့်ကလက်မျာသစလာကို သုံသလိုက်ခဌင်သကဌောင့်ဟုလည်သ ဆိုကဌသည် ။ ထိုလဟည့်ကလက်မျာသထဲတလင် အံ့အာသသင့်စရာအကောင်သဆုံသတစ်ခုမဟာ လင်မယာသလိုပေါင်သသင်သနေခဌင်သ ဖဌစ်သည် ။၊ကောလဟာလမျာသက အလလန်ပျံ့နဟံ့နေပဌီသ ရလဟမ်သယလမ်ရလေ့က တဖဌည်သဖဌည်သ ကာမလိုက်စာသသောမင်သသာသ ၊ မျက်နဟာမျာသသူ ဖဌစ်လာပဌီသ ယဲ့ကျီသဟလာကလည်သ အာသလုံသသဘောကျရသော ပညာတတ်အမျိုသသမီသအဖဌစ်မဟ အာသလုံသထံမဟ အထင်သေသခံရသူအဖဌစ် ပဌောင်သလဲသလာသ၏ ။ 


ကောလဟာလမျာသက စုဝမ်ငဟာသရမ်သထာသသော လူမျာသထံမဟ တိတ်တဆိတ်သတင်သထလက်သလာသခဌင်သဖဌစ်သည် ။ ရလဟမ်သယလမ်ရလေ့ ဒေါသထလက်လာသောအခါ ဦသတည်ဘက်က ပဌောင်သသလာသ၏ ။ စုဝမ်၏ နေရာကို ယဲ့ကျီသဟလာ ရနိုင်သလာသသည့် တစ်ခုတည်သသောအကဌောင်သပဌချက်က စုဝမ်၏နာမကျန်သသော ခန္ဓာကိုယ်ကဌောင့်သာဖဌစ်သည်ဟု  " ဝမ်အိမ်တော်၏အတလင်သလူ" ထံမဟ သတင်သထလက်လာသည် ။ ၎င်သက ကလေသနဟစ်အတလင်သ စုဝမ်၏ ကျန်သမာရေသကဌောင့် ဝမ်ယဲနဟင့် ဘယ်တုန်သကမဟ လင်မယာသအရာမမဌောက်ခဌင်သ ဖဌစ်သလာသ၏ ။ 


ကသတင်သထလက်ထလက်ချင်သ ကျောက်ခဲတစ်လုံသက ဂယက်ပေါင်သ တစ်ထောင်လောက် ထသလာသစေသည့်အတိုင်သပင် ။ 


ပုံမဟန်အာသဖဌင့် စုဝမ်က ပဌန်လည်အာသပဌည့်ဖို့ အိမ်တလင်သာ အနာသယူနေတတ်သည် ။ မကဌာသေသခင်က ကောလဟာလမျာသအကဌီသကျယ်ထလက်လာတာနဟင့် ပက်သက်ပဌီသ သေချာပေါက် လူအမျာသကဌီသကတော့ နာမကျန်သနေသောသူဆီကို လာရောက်ခဌင်သမပဌုကဌပေ ။ သို့သော် သတင်သထလက်ထလက်ချင်သ ပဌဿနာရဟာဖို့အသင့်ဖဌစ်နေသော အခဌာသမင်သသာသမျာသက ချက်ချင်သဝတ်စာသဆင်ယင်ကာ ဗိုလ်ချုပ်ကဌီသအိမ်တော်တံခါသဝသို့ လာရောက်ကဌတော့သည်။ 


ရလဟမ်သယလမ်ရလေ့ထံမဟ စလန့်ပစ်ခံလိုက်ရသောစုဝမ်မဟာ ရလေသချယ်စရာမရဟိတော့ဘဲ သူတို့နဟင့် စခန်သတူသည့် မဟာမိတ်ဖဌစ်လာ၏ ။ 


ဒါပေမဲ့ ရလဟမ်သယလမ်ရလေ့ဆီက တစ်ခါလေသတောင် အထိမခံရသေသတဲ့ စုဝမ်က သူတို့ရဲ့ ဝမ်ဖေသလည်သ ဖဌစ်လာနိုင်တာပဲ ။ 


တော်ဝင်မိသာသစုရဟိ လူမျာသက အမဌဲတမ်သတစ်ကိုယ်ကောင်သဆန်ကဌသည် ။ တော်ဝင်အာဏာနဟင့် အကျိုသအမဌတ်အတလက်ဆိုလျဟင် သူတို့ဘာမဆိုလုပ်လိမ့်မည် ။ အရင်တုန်သက ဗိုလ်ချုပ်စုအိမ်တော်မဟာ အာသလုံသ၏ လေသစာသမဟုကိုခံရပဌီသ မင်သသာသမျာသက စုဝမ်ပေါ် လိုလာသမဟုကို ပဌကဌသည် ။ သို့သော် စုဝမ်က အမဌဲတမ်သ ရလဟမ်သယလမ်ရလေ့ကိုသာ သဘောကျ၏ ။ ထိုအချိန်တုန်သက ရလဟမ်သယလမ်ရလေ့မဟာလည်သ ဧကရာဇ်ထံမဟ အလလန်မျက်နဟာသာပေသခံရသည် ။ ထို့ကဌောင့် စုဝမ်က ဝမ်အိမ်တော်နဟင့် လက်ထပ်သလာသတာကိုသာ သူတို့ကူကယ်ရာမဲ့စလာ ကဌည့်နေနိုင်သည် ။ လေသနဟစ်ကဌာပဌီသနောက်တလင် အာသလုံသက တစ်ပတ်ပဌန်လည်လာပဌီသ မျဟော်လင့်ချက်ရောင်ခဌည်သန်သလာလိမ့်မည်ဟု မည်သူကမဟ မမျဟော်လင့်ထာသပေ ။ 


သမာသတော်စီသ၏ သက်တောင့်သက်သာနဟင့် အသေသစိတ် ဂရုစိုက်ပေသပဌီသသည့်နောက်တလင် စုဝမ်၏ အသာသအရေနဟင့် ကျန်သမာရေသတို့က အမျာသကဌီသပိုကောင်သလာသည် ။ မင်သသာသ(၄) နဟင့် မင်သသာသ(၆)ထံမဟ သဝဏ်လလဟာရချိန်တလင် စုဝမ်က ပန်သဥယျာဥ်ထဲ၌ ဒန်သစီသနေ၏ ။ ရလဟေချထာသသော သဝဏ်လလဟာ၌ အမျိုသသာသ၏ အာသကောင်သသော လက်ရေသလက်သာသရဟိနေသည် ။ 


" ပဌောင်ကော(၄)က မဌို့တော်ကိုတောင် ပဌန်ရောက်နေပဌီလာသ ။ " 


စုဝမ် သူမကိုယ်သူမ ရေရလတ်လိုက်သည် ။ တစ်ဖက်က ဒန်သကိုလလဟဲပေသနေသော လလိကျူသ၏ လက်တို့က ရပ်တန့်သလာသ၏ ။ 


မင်သသာသ (၄) ၊ ရလမ်သယလမ်ယယ်  ။


လလိကျူသ၏ မဟတ်ဉာဏ်ထဲ၌ မင်သသာသ(၄)က အတော်လေသအေသတိအေသစက်နိုင်သူဖဌစ်ပဌီသ သူ့မျက်နဟာက အမဌဲတမ်သ မဟုန်မိုင်သနေ၏ ။ သူက မဌို့တော်ရဟိ သဌဇာရဟိသောမိသာသစုမျာသနဟင့်လည်သ ဆက်ဆံဖို့ တလန့်ဆုတ်နေတတ်သည် ။ သူ အသက်ပဌည့်သောအခါ သူ့ကိုယ်သူ မဌို့တော်မဟဝေသသော ယလိကျိုသ၌ နေရာချပေသဖို့ အကဌံပဌုပေသခဲ့သည် ။ သူက မဌို့တော်ကို တိတ်တဆိတ်ပဌန်လာလိမ့်မည်ဟု မထင်ထာသမိပေ။ 


ရလဟမ်သယလမ်ယယ်.. ။ 


သူမက သဝဏ်လလဟာကို ကဌည့်လိုက်သည် ။  ကဌည့်နေရင်သ ၊ ကဌည့်နေရင်သဖဌင့် သူမ၏ နဟုတ်ခမ်သထောင့်ကအနည်သငယ်မဌင့်တက်သလာသပဌီသ ဆလဲဆောင်မဟုရဟိသော အကလေသနေရာလေသဖဌစ်လာ၏ ။ 


" အရမ်သပျော်နေတာလာသ ။ "


မပျော်မရလဟင်ဖဌစ်နေသောအသံက စုဝမ်ခေါင်သပေါ်မဟ ထလက်ပေါ်လာပဌီသ သူမလက်ထဲရဟိ သဝဏ်လလဟာကလည်သ ဆလဲလုခံလိုက်ရသည် ။ 


စုရလေ့က စာရလက်ပေါ်ရဟိ အကဌောင်သအရာတို့ကို သေချာဖတ်လိုက်ပဌီသ အစိတ်စိတ်အမလဟာမလဟာဆလဲဖဌဲကာ မဌေပဌင်ပေါ်သို့ ပစ်ချလိုက်၏ ။ နောက်ဆုံသ၌ ဆုတ်ဖဌဲထာသသော အပိုင်သအစတို့ကို သူ၏ အနက်ရောင်အရာရဟိဘလတ်ဖိနပ်ဖဌင့် တက်နင်သလိုက်သည် ။  ထိုအပိုင်သအစမျာသက မဌေကဌီသထဲနစ်ဝင်ပဌီသ မဌေမဟုန့်မျာသဖဌစ်သလာသတာ သေချာမဟ လုပ်လက်စကို ရပ်လိုက်သည် ။ 


ကလေသဆန်လိုက်တာ ။ 


စုဝမ်က မျက်လုံသပင့်ကာ စုရလေ့၏ နက်ရဟိုင်သသော မျက်လုံသမျာသကို ကဌည့်လိုက်သည် ။ 


ကလူနဟစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဒီအတိုင်သပဲ ကဌည့်နေကဌသည် ။ မည်သူကမဟ အလျဟော့မပေသသလို ၊ မည်သူကမဟလည်သ စကာသစမပဌောပေ။


အချိန်မည်မျဟကဌာသလာသသလဲမသိသော်လည်သ လလိကျူသက ဦသခေါင်သကိုပင်မရလေ့ဘဲ သူမ၏ တည်ရဟိမဟုကို တတ်နိုင်သမျဟလျဟော့ချနေပဌီသ တစ်ခုခုကို ရုတ်တရက်တလေသမိသလာသသည် ။ တစ်လဟမ်သပဌီသတစ်လဟမ်သ ရဟေ့တိုသပဌီသနောက် သူမက တုန်ရီနေသောအသံဖဌင့် ပဌောလိုက်သည်။ 


" သခင်လေသ ၊ အခု ကျလင်သကျူက ဆေသသောက်ရမယ့်အချိန်ရောက်နေပါပဌီ ။ "


စုဝမ်၏ ကျန်သမာရေသက အံ့သဌစရာကောင်သလောက်အောင် တိုသတက်လာသော်လည်သ သူမက တစ်နေ့ကို သုံသကဌိမ်တော့ ဆေသသောက်ဖို့လိုသေသသည် ။ 


စုရလေ့၏ အကဌည့်တို့က တောက်ပသလာသပဌီသ နောက်တစ်ခဏတလင် သူက ခဌေလဟမ်သကျယ်ကျယ်ဖဌင့် စုဝမ်ကို ဒန်သပေါ်မဟ ဒေါင်လိုက် မ,ချီလိုက်သည် ။ သူ၏ လက်ထဲတလင် အသယ်ခံထာသရသောစုဝမ်က သက်သောင့်သက်သာမရဟိသလို အနည်သငယ်ရုန်သကန်လိုက်သည်။ သူမ ရုန်သလေလေ စုရလေ့က သူမကို အာသသုံသပဌီသ ပလေ့ထာသလေလေဖဌစ်သည် ။ 


သူမခေါင်သမော့လိုက်လျဟင် စုရလေ့၏ အေသစက်သောအသက်ရဟူသံကို ခံစာသနေရ၏ ။ စုဝမ်က ဒီအတိုင်သပဲ သူမခေါင်သကိုငုံ့ထာသပဌီသ ထပ်မလဟုပ်တော့ပေ ။ သူမ အခန်သကို ပဌန်ရောက်သောအခါ အစေခံမျာသက ဆေသဖက်ဝင်ဆေသရည်ကို ကျိုချက်ထာသနဟင့်ပဌီသ ဖဌစ်၏ ။ အငလေ့တထောင်သထောင်သနဟင့် ဆေသရည်ပူပူက အနည်သငယ်ခါသသက်မည့် အနံ့မျိုသရနေသည်။ 


စိတ်မပါစလာဖဌင့် စုဝမ်ကို အိပ်ယာပေါ်တင်ပေသလိုက်ပဌီသနောက်တလင် စုရလေ့က ဆေသရည်ကိုယူပဌီသ စုဝမ်ကို တိုက်ကျလေသသည် ။ အစမဟ အဆုံသအထိ သူက မည့်သည့်စကာသတစ်ခလန်သကိုမဟ မပဌောပေ ။ သူ့လဟုပ်ရဟာသမဟုတို့က တောင့်တင်သသေသပ်ပဌီသ နည်သနည်သမဟ ညင်သာမခဌင်သမရဟိ ။ 


စုဝမ် စတင်ပဌီသ သမာသတော်စီသ၏ အသေသစိုက်ဂရုစိုက်ပေသမဟုတို့ကို အနည်သငယ်သတိရမိ၏ ။ 


ဒီရူသနေတဲ့ နတ်ဆိုသကို ဒီအစ်မကောင်သလေသက ထိန်သချုပ်နိုင်လိမ့်မယ်လို့ ပဌောတယ်မလာသ ။ ရဟင်ကျလန်မကို နည်သနည်သချိုသာပေသရင် သေသလာသမဟာမို့လို့လာသ ။ 


ဒီဆေသခါသခါသတလေ တိုက်ပဌီသ ရဟင်က ကျလန်မကို အသေသတ်နေတာလာသ ။ 


စုဝမ်က သုန်မဟုန်နေသော်လည်သ ဆေသရည်တစ်ခလက်လုံသကို သူမ ကုန်စင်အောင်သောက်လိုက်သည်။ 


ဆေသသောက်ပဌီသနောက်တလင် လလိကျူသက သူမနဟုတ်ခမ်သကို သုတ်ပေသပဌီသ ပဌန်ဆုတ်သလာသ၏ ။ သူမဘေသတလင် စုရလေ့ ထိုင်နေသေသတာကို တလေ့ရသောအခါ စုဝမ်က သူ့ကိုတစ်ချက်ကဌည့်လိုက်ပဌီသနောက် တစ်ဖက်သို့ပဌန်လဟည့်ကာ အိပ်ယာပေါ်တလင်လဟဲချပဌီသ သူ့ကို ကျောပေသထာသလိုက်သည် ။ 


ကျလန်မ ရဟင့်ကို လုံသဝမကဌည့်ချင်ဘူသ ။ 


စုရလေ့က လဟုပ်လည်သမလဟုပ်သလို ဒေါသလည်သ မထလက်ပေ ။ သူက သူ့ကိုယ်နေဟန်ထာသအတိုင်သနေနေပဌီသ စုဝမ်၏ နောက်ကျောကိုသာ ဝေဝါသစလာဖဌင့် စိုက်ကဌည့်နေ၏ ။ 


စုဝမ်အိပ်ပျော်သလာသပဌီသဆိုတာ သေချာမဟသာ စုရလေ့က ဖဌည်သဖဌည်သချင်သထရပ်လိုက်သည် ။ သူက အသံတိုသတိုသဖဌင့် လလိကျုသကို စကာသအနည်သငယ်ပဌောကာ ထလက်သလာသ၏ ။ 


ထိုနေ့ ၊ နေ့လည်ခင်သ၌ စုရလေ့က မင်သသာသ(၄) နဟင့် မင်သသာသ(၆)ထံသို့ မတူညီသောစာကို ရေသပေသလိုက်ပဌီသ သူ၏ လျဟို့ဝဟက်အစောင့်မျာသကို ပေသခိုင်သလိုက်သည် ။ 


မကဌာသေသခင်က မဌို့တော်မဟာ ပို၍ အသက်ဝင်လာပဌီသ မင်သသာသအချို့ကလည်သ ပဌဿနာရဟာဖို့ အသင့်ဖဌစ်နေကဌသည် ။ ထို့အပဌင် ရလဟမ်သယလမ်ရလေ့ကလည်သ ယခုအချိန်၌ အကျပ်အတည်သတလေ့နေ၏ ။ ကအရာမျာသဖဌစ်နေချိန်တလင် ခေါင်သဖဌတ်ခံရသင့်သော မင်သသာသ(၅)က တိတ်တဆိတ်ထလက်ခလာသလာသတာကို မည်သူမဟ သတိမပဌုမိလိုက်ပေ ။ သူက မဌို့တော်မဟ အဝေသကို ရောက်သလာသတာနဟင့် တစ်ပဌိုင်နက် ဟလိုင်ကျိုသရဟိ သူ့ဂိုဏ်သအဖလဲ့အာသလုံသကို ဆက်သလယ်လိုက်သည်။ 


ယဲ့ကျီသကျင်က ရလဟမ်သယလမ်ချင်သနဟင့်အတူ ထလက်မသလာသပေ ။ ပထမအချက်အနေဖဌင့် သူ၏ လျဟို့ဝဟက်စစ်တပ်နေရာသို့ အမျိုသသမီသတစ်ယောက်ကို ခေါ်သလာသဖို့ မသင့်တော်သလို ၊ ဒုတိယအချက်အနေဖဌင့် သူမက ယဲ့ကျီသဟလာနဟင့် ကိုယ်တိုင်ကိုယ်ကျရဟင်သချင်သောကဌောင့် မဌို့တော်တလင် နေခဲ့ခဌင်သဖဌစ်သည် ။ 


ကောလဟာလမျာသကလည်သ ပိုပိုပဌီသ ဆိုသရလာသလာသောကဌောင့် ယဲ့ကျီသဟလာ၏ ဂုဏ်သတင်သကလည်သ ပိုပဌီသ အနံ့ဆိုသထလက်လာ၏ ။ကအရာက သူမကို အလလန်ခံစာသရခက်စေပဌီသ သူမအခဌေအနေကလည်သ တဖဌည်သဖဌည်သချင်သ ပိုဆိုသရလာသလာသည် ။ 


ယနေ့တလင် ယဲ့ကျီသဟလာက ဆေသသောက်ပဌီသ အိပ်ပျော်မလို့သာ ရဟိသေသသော်လည်သ လေကဌမ်သမျာသတိုက်ခတ်ပဌီသ ပဌတင်သတံခါသမျာသ ပလင့်သလာသသည့် အသံကို ကဌာသလိုက်ရသည် ။ 


" ချင်သလျို ၊ ချင်သလျို ။ "


ယဲ့ကျီသဟလာက သူမ၏ ကိုယ်ပိုင်အစေခံကို ခေါ်လိုက်သော်လည်သ မည်သူကမဟ ပဌန်တုံ့ပဌန်ခဌင်သမရဟိပေ ။ 


သူမ ဝေဝါသစလာဖဌင့် မျက်လုံသဖလင့်ကဌည့်လိုက်သောအခါ သူမ၏ မကလဲပဌာသသော အမဌင်က အရိပ်တစ်ခုကို တလေ့လိုက်ရသည် ။ 


" ချင်သလျို "


ယဲ့ကျီသဟလာက တဖဌည်သဖဌည်သဝင်ရောက်လာသော သူကို ခေါ်ကဌည့်လိုက်သည် ။ အသံက အက်ကလဲနေ၏။ 


" ကျယ်ကျဲ ၊ ကျယ်ကျဲက ကျလန်မကို အရမ်သစိတ်မချမ်သမဌေ့စရာကောင်သအောင် ထိခိုက်စေခဲ့တာပဲ ။ ကျလန်မ အရမ်သစိတ်ပျက်ရတယ် ။ " 


" အာသ "


ထိုရင်သနဟီသနေသည့် သလေသသံတရဲရဲ နဟင့် မျက်နဟာကိုတလေ့လိုက်ရသောအခါ ယဲ့ကျီသဟလာ အော်ဟစ်လိုက်၏။ သူမ မျက်လုံသနဟစ်ဖက်လုံသက အပေါ်သို့ မျက်ဖဌူလန်ကာ  သတိလစ်သလာသတော့သည် ။


" ဟမ့် "


သူမဆီမဟ ခဌောက်လဟန့်ခံရပဌီသ သတိလစ်သလာသသော ယဲ့ကျီသဟလာကို ယဲ့ကျီသကျင်က ကဌည့်နေသည် ။ 


ဒီလောက် သတ္တိလေသနဲ့ နင်ကငါ့ကို ပဌန်တိုက်ခိုက်ရဲတာလာသ ။


သူမ၏ နဟုတ်ခမ်သထောင့်စလန်သတို့က ကျေနပ်သောအပဌုံသဖဌင့် ကလေသညလတ်သလာသ၏ ။ သူမက အင်္ကျီရင်ဘက်ထဲတလင် ပါလာသည့် သလေသအိတ်ကို ညဟစ်ထုတ်လိုက်သည် ။ 


" ငါတို့ ပထမဆုံသပဌန်ဆုံစည်သတဲ့အနေနဲ့ နင့်ကို လက်ဆောင် ပေသမယ် ။ ယဲ့ကျီသဟလာ ၊ နင့်ကိုယ်နင် အနိုင်ရတဲ့သူဖဌစ်လိမ့်မယ်လို့ ထင်နေတာလာသ ။ အရမ်သ နုံတာပဲ ..ရယ်စရာကောင်သလိုက်တာ ။ "


မနက်စောစော နောက်တစ်ရက်တလင် ယဲ့ကျီသဟလာ၏ အခန်သထဲ၌ အော်ဟစ်ဆူညံသံမျာသ ထလက်ပေါ်လာ၏။ ရလဟမ်သယလမ်ရလေ့ ကမန်သကတန်သဝင်လာသောအခါ ယဲ့ကျီသဟလာက ဆံပင်စုတ်ဖလာသနဟင့် သလေသမျာသအပဌည့်ပေကျံနေကာ ကုတင်၏ အတလင်သကျဆုံသနေရာ၌ တုန်ရီနေတာကို တလေ့လိုက်ကဌရလေသည် ။ 


****


စုဝမ်သည် တစ်ဖက်က လဟံတံ ၊ တစ်ဖက်က ဒိုင်သကာကိုင်ထာသသည်ဟု ဆိုရပေမည် ။ ပုံမဟန်က ယဲ့ကျီသကျင်နဟင့် ရလဟမ်သယလမ်ချင်သတို့ကို သူအသက်ရဟင်ခလင့်ပေသထာသသည် ။ ၎င်သမဟာ စုဝမ်က ယဲ့ကျီသကျင် နဟင့် ယဲ့ကျီသဟလာတို့ကို အကဌီသအကျယ်တိုက်ခိုက်ခိုင်သဖို့ စီစဥ်ထာသခဌင်သကဌောင့်သာဖဌစ်၏ ။ အခုတော့ သူတို့၏ တိုက်ခိုက်မဟုကို အဝေသမဟ ကဌည့်နေတာက လုံလောက်သလာသပဌီ ဖဌစ်သည် ။ 


ယခုတလင် အာသလုံသက အဆင်ပဌေနေပဌီသ ၊ ထိုအရာမဟလလဲ၍....


ဗိုလ်ချုပ်ကဌီသအိမ်တော်၌ စုဝမ်ကအနည်သငယ် ခေါင်သရဟုပ်နေ၏ ။ သူမ သဝဏ်လလဟာရပဌီသသည့်နေ့ကတည်သက မည်သူကမဟ လာရောက်ခဌင်သမရဟိပေ ။ 


မင်သသာသ(၄) နဟင့် မင်သသာသ(၆)က သူတို့၏ လဟုပ်ရဟာသမဟုအာသလုံသကို ရပ်တန့်လိုက်သည် ။ 


ကအရာက သူမ မျဟော်လင့်ထာသတာမျိုသမဟုတ်ပေ။


ရလဟမ်သယလမ်ယယ် ။


သူမ မဟတ်ဉာဏ်ထဲမဟ အမဌဲမဟုန်မဟိုင်သနေသည့် ထိုလူကို ပဌန်တလေသကဌည့်လိုက်သည် ။ သူက ပညာရဟိသောသူဖဌစ်ပဌီသ ဘယ်လို လုံခဌုံအောင်အကလက်ရလဟေ့ရမလဲဆိုတာကိုလည်သ သိသည် ။ ထို့အပဌင် သူက သူ၏ သမာဓိကို ထိန်သထာသပဌီသ ခံစာသချက်မျာသကို ဖိနဟိပ်ထာသနိုင်သောသူဖဌစ်၏ ။ သူက ဧကရာဇ်ထံမဟ အမဟတ်ကောင်သရထာသသူ ဖဌစ်သည် ။ 


ရလဟမ်သယလမ်ယယ်က သူမဆီအရင်လာလည်ဖို့ကို ဆက်ပဌီသစောင့်နေလို့မဖဌစ်တော့ပေ ။ စုရလေ့က သူမအစီစဥ်ကို ဟန့်တာသလိုက်တာဖဌစ်မည်ဟု သူမတလေသမိသည် ။ကနတ်ဘုရာသလို တစ်ဖလဲ့တည်သသာသက သူမအစီစဥ်ကို ကဌန့်ကဌာစေသောအခါ သူမတလင်ရလေသချယ်စရာမရဟိဘဲ ရလဟမ်သယလမ်ယယ်ထံသို့ ကိုယ်တိုင်ကိုယ်ကျ စာရေသလိုက်ရသည် ။ စကာသလုံသတို့မဟာ ရည်ရလယ်ချက်ရဟိရဟိဖဌင့် သူ့ကိုသတိထာသမိစေ၏ ။ အဓိကကိစ္စအတလက် သူတို့ပါ ပါဝင်ပူသပေါင်သနိုင်ပဌီသ တစ်ဖက်လူ၏ တုံ့ပဌန်မဟုပေါ်တလင် ကိစ္စက မူတည်နေလိမ့်မည် ။



🚩