Chapter 23
Viewers 2k

🚩Ch 23

Arc -2.7 နဝမမဌောက်အိပ်မက်ဆိုသ



"သူတို့သေသလာသကဌပဌီ"  


စုဝမ် ကစကာသကို သေချာမဟု အပဌည့်ဖဌင့်ပဌောလိုက်သောကဌောင့် ဘေသနာသက လူသုံသယောက်က သူမကို တပဌိုင်တည်သ စိုက်ကဌည့်နေကဌ၏။


 "စုဝမ်၊ မင်သလည်သ အိပ်မက်မက်တာလာသ......"


ချီမူသည် ကမေသခလန်သကို အလျင်စလိုမေသလိုက်ရင်သ စုဝမ်ကို ရုတ်တရက် စိုက်ကဌည့်လိုက်သည်။


 "ဟုတ်တယ်၊ ကျလန်မလည်သ ထူသဆန်သတဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်....." 


စုဝမ်၏ အကဌည့်မျာသသည် လူသုံသယောက်ထံ ကျရောက်ရင်သ "ကျလန်မ ထင်တာ မမဟာသရင် ကျလန်မတို့ အခုလည်သ အိပ်မက်ထဲမဟာ ဆက်တိုက်ရဟိနေတုန်သပဲ၊ အိပ်မက်ကနေ တစ်ခါ နိုသထလာတိုင်သ ခေါင်သက ကဌည်လင်နေတတ်‌ပေမယ့် တကယ်တော့ ပိုနက်ရဟိုင်သတဲ့ အိပ်မက်အလလဟာတစ်ခုဆီကို ဖဌတ်ကျော်နေရတာ"


ကသည်က အိပ်မက်ဆိုသကမ္ဘာ၏ အထိတ်လန့်ဆုံသအပိုင်သပင်။မည်သူမဆို အိပ်မက်ထဲမဟာ ထာဝစဉ်နေရမည်၊ ဘယ်တော့မဟ မလလတ်မဌောက်နိုင်၊ ပဌန်မရနိုင်တော့ချေ။


 "ဒါက ဘယ်လိုဖဌစ်နိုင်မဟာလဲ"


 á€¡á€žá€€á€ºá€¡á€€á€Œá€®á€žá€†á€¯á€¶á€žá€”ဟင့် အတလေ့အကဌုံအရဟိဆုံသဖဌစ်သော ချီမူသည် ပထမဆူံအကဌိမ် လဟုပ်လဟုပ်ရဟာသရဟာသဖဌစ်သလာသ၏။စုဝမ်ပဌောပဌသည့် ယုတ္တိမရဟိသော စကာသတို့က သူ့အတလက် လက်ခံရခက်စေသည်ဟု ပဌောနိုင်ပေသည်။


တစ်ဖက်က မုန့်ထင်ယောင် သည် အလလန်တည်ငဌိမ်လျက်ရဟိသည်။သူမသည် မျက်ခုံသမျာသကို  တလန့်ချိုသထာသပဌီသ မလဟုပ်မယဟက်ပင် ရဟိနေသေသ၏။ ဖန်သရဟုကျလင်သကမူ စုဝမ် ကို မျက်မဟန်နောက်ကလယ်မဟ စူသရဲသော မျက်လုံသအစုံဖဌင့်စိုက်ကဌည့်နေလေတော့သည်။ထိုမျက်လုံသထဲမဟာလည်သ အလင်သတန်သတစ်ခုဖျတ်ကနဲ လင်သသလာသသေသ၏။


 "အိပ်မက်ကမ္ဘာ....ဒါဆို အိပ်မက်တလေကို ခိုသယူတဲ့‌ နေရာလလတ်လိုမျိုသလာသ၊ ဒါဆို လက်တလေ့နဲ့ချိတ်ဆက်နိုင်တဲ့ ဆုံချက်(node)တစ်ခုရဟိသလာသ"


ဖန်သရဟုကျလင်သ သည် စိတ်လဟုပ်ရဟာသသည့် အရိပ်အမဌလက်တစ်ချို့ဖဌင့် မေသခလန်သအချို့ကို ဆက်တိုက်မေသခဲ့သည်။သူ၏ ဂိမ်သအသုံသအနဟုန်သဖဌင့် ပဌောသော အယူအဆကို သာမန်လူမျာသက နာသမလည်နိုင်ပေ။ သို့သော် စုဝမ်ကတော့ နာသလည်သည်။


 "ဟုတ်တယ်၊ အဖဌစ်မဟန် လောကနဲ့ ချိတ်ဆက်ထာသတဲ့ ဆုံချက် ရဟိတယ်"


ထို့နောက် သူမ ကျောပိုသအိတ်ထဲမဟ ဖုန်သကိုယူကာ လူတိုင်သရဟေ့တလင် ကိုင်ထာသသည်။


"ငါ့ဖုန်သက ညနေ ၁၀ှ၅၀ မဟာ ရပ်သလာသတယ်၊ ဒီတော့ အတိုင်သအဆမရဟိ လဟည့်ပတ်နေတဲ့ အိပ်မက်ကမ္ဘာထဲကို ဆလဲသလင်သခံရတဲ့အချိန် အကဌမ်သဖျင်သကိုတော့ ခန့်မဟန်သလို့ရတယ်"


ဖန်သရဟုကျလင်သက သူမကို ည 10:50 နာရီမဟာ အတိအကျဖုန်သဆက်လာသည်။ သူ ဖုန်သချလိုက်ပဌီသနောက် သူမ ကအိပ်မက်အလလဟာထဲသို့ ဆလဲသလင်သခံရခဌင်သဖဌစ်သည်။


 "အဲဒီ node က ဘာလဲ"


 á€á€…်ချိန်လုံသ နဟုတ်ဆိတ်နေသော မုန့်ထင်ယောင်သည် နောက်ဆုံသတလင် စုဝမ် ဆီကို အကဌည့်ပို့လိုက်သည်။  သူမ၏အကဌည့်မျာသသည် စူသစမ်သမဟုအချို့နဟင့် သံသယအချို့ကိုလည်သ သယ်ဆောင်လာသည်။


စုဝမ်က ခေါင်သခါရင်သ "ငါလည်သ မသိဘူှ၊ ငါတို့ ရိကျစ်ရလဟမ်နဲ့ ချမ်ယလီဖုန်သကို အရင်ရဟာသင့်တယ်၊ဒါဆို လက်တလေ့လောကကို ပဌန်သလာသနိုင်တဲ့ နည်သလမ်သကို ရဟာကဌည့်နိုင်တယ်"


စုဝမ် ၏ စကာသကိုကဌာသသော် မုန့်ထင်ယောင် မျက်လုံသမျာသက မဟိတ်တုတ်မဟိတ်တုတ် ဖဌစ်လာ၏။


"ရိကျစ်ရလဟမ် နဲ့ ချမ်ယလီဖုန်သတို့ အသက်ရဟင်နေသေသတယ်ဆိုတာ နင်က  ဘယ်လိုသိတာလဲ"


ဖန့်ထျန်သထျန်သ တောင် သေသလာသခဲ့ရင် ရိကျစ်ရလဟမ်လည်သ သေပဌီသသာသဖဌစ်နိုင်တယ် ....... အခု သူမရဟေ့က စုဝမ် နဲ့ ချီမူ တို့လည်သ....မသေဘူသလို့ မပဌောနိုင်ဘူသ...


မုန့်ထင်ယောင် ထိုသို့တလေသနေရင်သ  သူမ၏ ခန္ဓာကိုယ်တစ်ခုလုံသ အေသစက်သလာသသလို ခံစာသလိုက်ရသည်။  သူမ ထိုအကဌောင်သကို ဆက်မတလေသဝံ့တော့ပေ။


 "ရိကျစ်ရလဟမ် သေမဟာမဟုတ်ဘူသ"


စုဝမ်က ပဌတ်ပဌတ်သာသသာသ ပဌောလိုက်သည်။


 á€’ီကမ္ဘာရဲ့ အမျိုသသာသဇာတ်လိုက်ဖဌစ်တဲ့ ရိကျစ်ရလဟမ်က ဘယ်လိုလုပ်အလလယ်တကူသေနိုင်မလဲ...


 "နင် သူ့ကို တကယ် ယုံကဌည်တာပဲ"


စုဝမ် နဟင့် ရိကျစ်ရလဟမ်၏ ဆက်ဆံရေသနဟင့် ပတ်သက်ပဌီသ မုန့်ထင်ယောင်လည်သ အတန်ငယ်သိထာသသည်။ချစ်သူ နဟစ်ယောက်ကဌာသက လမ်သခလဲသည့်ကိစ္စအာသ ဘယ်သူမဟန်တယ်၊ ဘယ်သူမဟာသတယ် ဆိုသည်ကို မပဌောနိုင်ပေ။ စုဝမ်သည် မဌို့မဟာမလေသဖလာသခဲ့ပဌီသ သူမလိုချင်သော အောင်မဌင်မဟုဘဝကို လိုချင်နေသူဖဌစ်သည်။တစ်ဖက်မဟ ရိကျစ်ရလဟမ်သည် တရဟန်သပဌည်နယ်မဟဖဌစ်ပဌီသ သူ့ဇာတိတောင်ပေါ်ရလာကို အောင်မဌင်မဟုနဟင့်အတူပဌန်သလာသချင်ခဲ့သည်။ သူတို့နဟစ်ယောက်၏ အိပ်မက်မျာသသည် တစ်ခုနဟင့်တစ်ခု ဆန့်ကျင်ဘက်ဖဌစ်သည်။မူလက သူတို့နဟစ်ယောက်သည် ပျော်ရလဟင်သော သမီသရည်သစာသဘဝကိုပိုင်ဆိုင်ခဲ့ကဌသော်လည်သ၊ကသည်က ဆန့်ကျင်ဖက်လိင်မျာသကဌာသတလင် သဘာဝအလျောက်ဖဌစ်တတ်သော မေတ္တာသဘောမျိုသသာဖဌစ်ပေသည်။ 


မုန့်ထင်ယောင်သည် စုဝမ် နဟင့် အတူတူ အိပ်ဆောင်မဟာ နေခဲ့သော်လည်သ တစ်ယောက်ကိုတစ်ယောက် သိပ်ပဌီသ မရင်သနဟီသခဲ့ကဌပေ။ သူမသည် စုဝမ် ၏ စရိုက်ကို ကောင်သစလာနာသမလည်ခဲ့သူပီပီ၊ ယခုအချိန်မဟာလည်သ သူမကို ပို၍ပင် နာသမလည်ခဲ့။


ညရောက်သောအခါ မီသပုံဘေသမဟာ လူလေသယောက် ဘေသချင်သကပ်ထိုင်ပဌီသ အလဟည့်ကျ အနာသယူကဌသည်။သို့နဟင့် ညချမ်သချိန်ခါသည် ဘာအဖဌစ်အပျက်မဟမရဟိဘဲ ကုန်ဆုံသသလာသခဲ့သည်။


နောက်တစ်နေ့တလင် သူတို့ဆက်ဆလေသနလေသပဌီသ စောင့်ဆိုင်သရန်သာ ဆုံသဖဌတ်ခဲ့သည်။သူတို့သည် တစ်နေရာတည်သတလင် သုံသရက်ကဌာစောင့်ဆိုင်သခဲ့သော်လည်သ၊ ဘာမဟမဖဌစ်ခဲ့သလို ရိကျစ်ရလဟမ် နဟင့် ချမ်ယလီဖုန်သတို့လည်သ ယခုထိမပေါ်လာသေသပေ။စာသနပ်ရိက္ခာမျာသသည် လူလေသယောက်စာဖဌစ်၍ သိပ်မကျန်တော့။


 "မနက်​ဖဌန်​သူတို့ကို လိုက်​ရဟာရ​အောင်​..ငါတို့ ဒီအတိုင်သ ဆက်သလာသလို့မရဘူသ"


 á€Šá€”က်သန်သခေါင်တလင် ချီမူက ပင်ပန်သနလမ်သနယ်နေသည့်အသံဖဌင့် ပဌောလာခဲ့သည်။


 "ဒါက တစ်ခုတည်သသော နည်သလမ်သပဲ"  မုန့်ထင်ယောင်က ချီမူကို ကဌည့်ပဌီသ စုဝမ်ကို တစ်ဖန်ကဌည့်လိုက်သည်။ စုဝမ်ကလည်သ ခေါင်သငဌိမ့်ပဌသည်။


တစ်ဖက်တလင် ဖန်သရဟုကျလင်သသည် တတ်နိုင်သလောက်စကာသကို သိပ်မပဌောချေ။သူသည် ကအချိန်တစ်လျဟောက်လုံသ ခေါင်သငုံ့၍ ဂိမ်သကစာသ၍သာ နေသည်။သူ့ကဌည့်ရသည်မဟာ ထူသဆန်သသော တောအုပ်အလယ်တလင် မဟုတ်ဘဲ အိပ်ဆောင်ရဟိ သူ့ကုတင်ကဌီသပေါ်တလင် ရဟိနေသကဲ့သို့ အေသအေသလူလူနိုင်လဟသည်။


လလန်ခဲ့သည့် ရက်အနည်သငယ်ကလိုပင် ယနေ့ညမဟာလည်သ အလဟည့်ကျ အနာသယူကဌသည်။ စုဝမ် စောင့်ရမည့်အလဟည့်ရောက်သောအခါ ဖန်သရဟုကျလင်သ မအိပ်သေသသည်ကို အံ့သဌစလာတလေ့လိုက်ရသည်။သို့သော် ယခုတော့ သူက  ဂိမ်သမဆော့ဘဲ သူ့ခေါင်သထက်မဟ ကောင်သကင်ယံကို သစ်ရလက်သစ်ကိုင်သကဌာသမဟတစ်ဆင့် ငေသကဌည့်နေသည်။


 "နင် ဘာတလေတလေသနေတာလဲ"


စုဝမ်သည် ဖန်သရဟုကျလင်သ အနာသတလင် ငဌိမ်ငဌိမ်လေသထိုင်ကာ သူ့ကို လေသလေသနက်နက် စိုက်ကဌည့်နေသည်။ ဖန်သရဟုကျလင်သ သည် သူ၏မျက်မဟန်ထူထူကို ချလတ်ထာသချိန်ဖဌစ်သည်။ ထို့ကဌောင့် ချောမောသော သူ့ရုပ်ရည်ကို စုဝမ် ပထမဆုံသအကဌိမ်မဌင်လိုက်ရ၏။  တကယ်တော့ သူ့မဟာ မျက်လုံသလဟလဟလေသမျာသရဟိပဌီသ အသာသအရည်ကလည်သ ဖဌူဖလေသနေသည်။ နူသညံ့သိမ်မလေ့သော မျက်နဟာအသလင်အပဌင်သည် သူ၏ဖဌူဖျော့သောအသာသအရေနဟင့် အလလန်လိုက်ဖက်သည်။  


"ဘာကိုမဟ မစဉ်သစာသပါဘူသ၊ ပျင်သတယ်၊ တလေဝေနေမိတယ်" 


ဖန်သရဟုကျလင်သက သူ့မျက်နဟာကို လဟည့်လိုက်ပဌီသ စုဝမ်ကို ရီဝေသော မျက်လုံသမျာသဖဌင့် ကဌည့်နေလေသည်။တကယ်တမ်သ ရီဝေဝေကဌည့်နေရခဌင်သမဟာ အဝေသမဟုန်သူဖဌစ်၍ အာသယူကာကဌည့်နေရတာကဌောင့်မဟန်သ စုဝမ် သိနေ၏။


 "ရဟင် ဖန့်ထျန်သထျန်သကို အိပ်မက်မက်ဖူသလာသ"


ဖန်သရဟုကျလင်သ မျက်လုံသက မဟုန်ဝါသနေ၍ မျက်နဟာအမူအရာကို သေချာမဖော်ပဌနိုင်မဟန်သသိသော်လည်သ သူမကတော့ သူ့မျက်လုံသကို မမဟိတ်မသုန်စိုက်ကဌည့်နေဆဲပင်။


 â€œá€¡á€­á€•á€ºá€™á€€á€ºá€™á€€á€ºá€á€šá€ºáŠá€¡á€­á€•á€ºá€™á€€á€ºá€‘ဲမဟာ ဖန့်ထျန်သထျန်သက အပဌာရောင် အာသကစာသဝတ်စုံကို ဝတ်ထာသတယ်"


ဖန်သရဟုကျလင်သက တစ်ခုခုကို ပဌန်လည်အမဟတ်ရအောင် လုပ်ယူနေသလိုမျိုသ သူ့မျက်လုံသမျာသကို ဖဌည်သညဟင်သစလာမဟိတ်လိုက်သည်။


"အပဌာရောင်ဝတ်စုံ"


စုဝမ် မျက်ခုံသမျာသအာသ စုကျုံ့ထာသမိလိုက်သည်။ဖန်သရဟုကျလင်သ ယခုလို အသေသစိတ်ပဌောလာသည်မဟာ ပထမဆုံသအကဌိမ်မဟုတ်တော့ပေ။ 


"ဒါပေမယ့် ဖန့်ထျန်သထျန်သက အပဌာရောင်အ၀တ်အစာသ တစ်ခါမဟ မဝတ်ဖူသဘူသလေ"


 á€–န်သရဟုကျလင်သသည် မျက်လုံသတလေမဟိတ်ထာသတာကဌောင့်လာသ၊ သို့မဟုတ် အိပ်ငိုက်တာကဌောင့်လာသ မသိ၊သူ့အသံက တိုသညဟင်သပဌီသ အာသနည်သလာသည်။


 "သူမက အပဌာရောင်ကိုကဌိုက်တယ်လို့ပဌောပေမယ့် အပဌာက သူမ အသာသအရေနဲ့မလိုက်ဖက်လို့ သူမရဲ့ ဗီရိုထဲမဟာ အပဌာရောင်အဝတ်အစာသ တစ်ထည်မဟ မရဟိဘူသတဲ့"


သူသည် လူတစ်​​ယောက်​ကို အလလန်​ဂရုစိုက်​​သော​ကဌောင့်​ ပဌောသမျဟစကာသတိုင်သကို စိတ်​ထဲတလင်​ အမဌဲမဟတ်​ထာသမိသည်​။ အိပ်မက်ထဲမဟာတောင် မမေ့နိုင်ခဲ့ချေ။ ဖန့်ထျန်သထျန်သသည် အပဌာရောင်ကို နဟစ်သက်သော်လည်သ အပဌာကို ဘယ်တော့မဟ မ၀တ်ဆင်ပေ။ အပဌာရောင် အာသကစာသဝတ်စုံနဟင့် သူ့ရဟေ့မဟာ ပေါ်လာသည့် ဖန့်ထျန်သထျန်သကဌောင့်  သူ အိပ်မက်မက်နေမဟန်သ သိလိုက်ရ၏။ မူလကတည်သက ဖန်သရဟုကျလင်သသည် ဖန့်ထျန်သထျန်သကို ချစ်နေခဲ့ခဌင်သဖဌစ်သည်။


စုဝမ် နာသလည်နိုင်သလာသ၏။ သူတို့သာ လက်တလေ့မဟာဖဌစ်ခဲ့ရင် ဒီကောင်လေသက ဒီလျဟို့ဝဟက်ချက်ကို ဘယ်တော့မဟ ထုတ်ဖော်မဟာ မဟုတ်ဘူသ မဟုတ်လာသ။  ဒါက အိပ်မက်မို့လို့ပါ......


ထိုစဉ် သူမ၏ မျက်လုံသမျာသ ရုတ်တရက် တောက်ပလာ၏။


 á€¡á€­á€•á€ºá€™á€€á€ºá€†á€­á€¯á€á€¬ ဘာလဲ။ အိပ်မက်တလေကို ဘယ်သူက ထိန်သချုပ်သလဲ...  ၎င်သသည် လူတိုင်သကို ထောင်ချောက်ဆင်နိုင်သည်၊ ၎င်သသည် ရဟောင်လလဟဲ၍မရသော အိပ်မက်ဆိုသမျာသကို ဖန်တီသနိုင်သော်လည်သ လူတို့၏ အတလင်သအကျဆုံသ စိတ်ကို မထိန်သချုပ်နိုင်ပေ။


ဥပမာဆိုရသော် ဖန့်ထျန်သထျန်သသည် အပဌာရောင်ကို နဟစ်သက်သော်လည်သ သူမ၏ ရုပ်ရည်အသလင်အပဌင်ကဌောင့် မဝတ်ခဲ့ပေ။သို့သော် အိပ်မက်ထဲတလင် သူမ၏ အတလင်သအကျဆုံသ စိတ်နေစိတ်ထာသအတိုင်သ အပဌာရောင်အ၀တ်အစာသမျာသကို ၀တ်ထာသသည်။


ချီမူသည်လည်သ ကုမ္ပဏီတလင်အလုပ်ဝင်နေကာ စိတ်အာသ ထက်သန်ပဌီသ စည်သကမ်သပဌတ်သာသသော စီနီယာမန်နေဂျာတစ်ညသဖဌစ်သည်။ သို့သော် အိပ်မက်ကမ္ဘာတလင် သူသည် အခဌာသသူမျာသနဟင့် ယဟဉ်လျဟင် ပို၍စိတ်မရဟည်ဖဌစ်ကာ ကဌောက်အာသကဌီသသူဖဌစ်လာသည်။


ဖန်သရဟုကျလင်သမဟာလည်သ မတုန်မလဟုပ်နဟင့် စကာသနည်သသော်လည်သ၊ကကမ္ဘာ၌မူ တခဌာသသူမျာသထက် ပိုထက်မဌက်ပဌီသ ခေါင်သကောင်သသူဖဌစ်ပေသည်။


 á€’ီကမ္ဘာကဌီသမဟာ လူတိုင်သက သူတို့ရဲ့ အတလင်သအကျဆုံသ စိတ်ထာသအတိုင်သသာ ပဌုမူနေထိုင်တတ်တာ,...ဒါဆိုရင် အခု ရိကျစ်ရလဟမ် ဘယ်မဟာလဲ.... သူဘာလုပ်နေတာလဲ။


စုဝမ်သည် ထိုဝါသအိမ်အကဌောင်သ တလေသပဌန်သည်။ အိပ်မက်ကမ္ဘာ၏ ပထမအလလဟာမဟာ ဝါသအိမ်ကဌီသကို မဌင်လိုက်ရသည်။ထိုဝါသအိမ်က သူမကို ထူသဆန်သသည့် ခံစာသချက်ကို ပေသစလမ်သနေသော်လည်သ ရင်သနဟီသနေသလိုလည်သ ဖဌစ်နေသည်။


 á€¡á€á€¯ စဉ်သစာသမိတော့မဟ မူလပိုင်ရဟင်ရဲ့ မဟတ်ဥာဏ်ထဲမဟာ အဲ့ဒီဝါသအိမ်ကို တလေ့ခဲ့ရတယ်မဟုတ်လာသ...သူမကို ရိကျစ်ရလဟမ် ပေသခဲ့တဲ့ ဝါသအိမ်ပုံလေသရဲ့ ပန်သချီကာသလေ... ဒါဆို ....... ဝါသအိမ်တည်ရဟိနေမဟုနဲ့ ရိကျစ်ရလဟမ်ကိုအိပ်မက်ထဲမဟာ မဌင်‌ရတာကလည်သ သူမရဲ့ အနက်ရဟိုင်သဆုံသအတလင်သစိတ်ထဲက ရောင်ပဌန်ဟပ်မဟုပဲလာသ။


မူလပိုင်ရဟင်က ရိကျစ်ရလဟမ်အပေါ်ထာသတဲ့ အချစ်တလေကို လက်မလလဟတ်နိုင်သေသဘူသ ထင်ပါရဲ့ ......


ဝါသအိမ်သည် မူလပိုင်ရဟင်၏ ရိကျစ်ရလဟမ် ကို တောင့်တနေသည့်စိတ်ကူသဟု ထင်မဌင်မိသည်။ထို့နောက်တလင်၊မူလ စုဝမ်၏ အတလင်သအကျဆုံသ စိတ်သဘောထာသကို ရောင်ပဌန်ဟပ်ခဌင်သဖဌစ်သည်။


သူမ နိုသလာသည့်အချိန်မဟစ၍ ဖဌစ်ပျက်ခဲ့သော အဖဌစ်တို့အာသ ပဌန်လည်တလက်ဆမိသည်။သူမ နိုသလာပဌီသနောက် ပထမဆုံသတလေ့လိုက်ရသူမဟာ ဖန့်ထျန်သထျန်သဖဌစ်ကဌောင်သ မဟတ်မိသေသသည်။ထိုစဥ်က သူမသည် အိပ်မက်ကမ္ဘာ၏ ပထမအလလဟာတလင် ရဟိနေသည်ဟု သဘာဝကျကျ ယူဆခဲ့သည်။ ဖန့်ထျန်သထျန်သသည် ပထမဆုံသသေဆုံသသူဖဌစ်လိမ့်မည်။


ထို့ကဌောင့် နောက်ပိုင်သတလင် အိပ်မက်ထဲတလင် ဖန့်ထျန်သထျန်သသည် သူမ ရဟေ့မဟာ ဆက်လက်ပေါ်လာပဌီသ နောက်ပိုင်သမဟာ သေဆုံသကာ အဖဌူရောင်အရိုသစုအဖဌစ် ပဌောင်သလဲသလာသသည်။


 á€¡á€›á€¬á€¡á€¬á€žá€œá€¯á€¶á€žá€€ သူမနဟလုံသသာသ၏ ဆုံသဖဌတ်ချက်အတိုင်သ ဖဌစ်တည်နေခဌင်သပင်။ ဖန့်ထျန်သထျန်သ သေသည်ဟု သူမ ယူဆထာသ၍ အိပ်မက်ကလည်သ ထိုအတိုင်သပင်ဖဌစ်လိမ့်မည်။


 á€’ါဆို သူမကိုယ်တိုင်ကို ရိကျစ်ရလဟမ် နဲ့ အစာသထိုသလိုက်ရင် ဘာဖဌစ်မလဲ။


စုဝမ် မျက်လုံသမျာသကို ဖဌည်သဖဌည်သချင်သမဟိတ်လိုက်ပဌီသ အိပ်မက်ထဲတလင် သူမက ရိကျစ်ရလဟမ်ဆီသို့ သလာသနေသည်ဟု  စိတ်ကူသမိသည်။


ရိကျစ်ရလဟမ်သာ အကဌောင်သပဌချက်မရဟိဘဲ ထူသဆန်သသောတောင်ပေါ် တောအုပ်တစ်ခုတလင် ရုတ်တရက် ပေါ်လာပါက သူဘာလုပ်မည်နည်သ။


စုဝမ်သည် ရိကျစ်ရလဟမ်၏ မျက်နဟာအသလင်အပဌင်ကို ဖဌည်သညဟင်သစလာပုံဖော်ကဌည့်မိသည်။အလင်သရောင်တစ်စက်မဟ မမဌင်ရသော မဟောင်မည်သနေသော တောအုပ်အလယ်တလင် သူရပ်နေ၏။  ပထမတော့ သူ လန့်သလာသမည်။ထို့နောက် မကဌာခင်မဟာပဲ ရိကျစ်ရလဟမ်သည် သူ့စလမ်သရည်ကို တုံ့ဆိုင်သမနေဘဲ အသုံသချပေလိမ့်မည်။


 á€¡á€á€»á€­á€”်ကို နောက်ပဌန်လဟည့်ပါ။


ဟုတ်ပဌီ... အချိန်​ကို​နောက်​ပဌန်​လဟည့်​​နေပဌီ!


ရိကျစ်ရလဟမ်၏ စရိုက်ကဌောင့် သူ ဘယ်လိုအပဌုအမူမျိုသမဟ စတင်လုပ်မည်မဟုတ်ပေ။သူ့အစလမ်သအစကိုသာ ချက်ချင်သသုံသပေလိမ့်မည်။ သူ အတိတ်ကို ပဌန်သလာသလိမ့်မည်၊ပဌီသလျဟင် အစီအစဉ်တစ်ခုကို ဆုံသဖဌတ်ပဌီသ လဟုပ်ရဟာသပေမည်။


ထို့ကဌောင့် ရိကျစ်ရလဟမ်သည် ကနေရာတလင် ဘယ်တော့မဟ ပေါ်လာမည်မဟုတ်ပေ။အိပ်မက်ဆိုသကမ္ဘာထဲက ကတောအုပ်ထဲမဟာ သူ လုံသဝပေါ်မလာနိုင်ချေ။


 "တကယ့်ကို ဝမ်သနည်သစရာပဲ"


စုဝမ် ညင်သာစလာ သက်ပဌင်သချလိုက်သည်။


ရိကျစ်ရလဟမ်ကို ဒီမဟာတလေ့ဖို့ နည်သလမ်သမရဟိဘူသဆိုတော့ ဒီမဟာပဲ ဆက်နေဖို့ဆိုတာ ဘယ်ဖဌစ်နိုင်မလဲ...


 "နိုသထချိန်ရောက်ပဌီ"


စုဝမ် မျက်လုံသမျာသကို အေသအေသဆေသဆေသ မဟိတ်လိုက်သည်။  သူမ မျက်လုံသကို ပဌန်ဖလင့်ကဌည့်လိုက်လျဟင်၊ချက်ချင်သ မဌင်လိုက်ရသည်က ဖဌူဖလေသနေသော နံရံနဟင့် အပဌာရောင် ခန်သဆီသစမျာသပင်။ ကနေရာသည် မဌို့တလင်သရဟိ ဆေသရုံတစ်ရုံရဟိ လူနာတစ်ယောက်ခန်သထဲမဟာ ဖဌစ်သည်။


သူမ၏နဖူသမဟာ အနည်သငယ်နာနေသဖဌင့် ထိကဌည့်လိုက်ရာ နဖူသမဟာ ပတ်တီသအလလဟာမျာသနဟင့် ပတ်တီသစည်သထာသသည်ကို သိလိုက်ရသည်။ သူမ ဒဏ်ရာ ရသလာသပုံရသည်။ တော်တော်လည်သ နာနေ၏။နာနေသည့်ကဌာသထဲမဟ သူမ ရုတ်တရက် ပဌုံသလိုက်သည်။ အိပ်မက်ထဲက ထလက်လာခဲ့သည်ကို သူမ သိလိုက်၏။


သူမ အိပ်မက်ကနေ ထလက်လာပဌီဖဌစ်သည်။ သူမ မည်သူ၏ အိပ်မက်ကမ္ဘာထဲသို့ ဝင်မိသလာသမဟန်သ မသိချေ။


တောထဲရဟိ လင်သနို့၏ တိုက်ခိုက်ခဌင်သကို ခံခဲ့ရသည့်အချိန်မဟစ၍ အနည်သငယ်ထူသဆန်သသည်ဟု သူမ ခံစာသမိနေပဌီဖဌစ်သည်။နဖူသမဟ သလေသမျာသအာသ သုတ်ထာသသော တစ်ရဟူသကို တမင်တကာသိမ်သဆည်သထာသခဲ့၏။ နောက်ပိုင်သတလင် ထိုတစ်ရဟူသ၌ သလေသအစအန လုံသဝမရဟိသည်ကို တလေ့ရဟိခဲ့သည်။


နောက်ပိုင်သ သူမသည် အိပ်မက်၏နက်နဲသည့်အလလဟာမဟာ အန္တရာယ်ကဌုံလာသောအခါ သူမကို ချီမူက ကယ်တင်နိုင်ခဲ့သည်။နောက်ဆုံသ အရေသကဌီသသော အခိုက်အတန့်တလင်၊သူမသည် ချီမူကို နဟိုသရန် စိတ်ကူသခဲ့သည်။ထို့ကဌောင့် ချီမူ တကယ်နိုသလာခဲ့သည်။


အိပ်မက်ဆိုသမျာသသည် နေရာအနဟံ့တလင်ရဟိသော်လည်သ အဓိကအကျဆုံသအချက်မဟာ မိမိကိုယ်တိုင်သည် အခဌာသသူမျာသ၏အိပ်မက်ထဲသို့ ဝင်ရောက်မိပဌီသ ထိုအိပ်မက်ထဲသို့ ဝင်ပါရခဌင်သပင်ဖဌစ်သည်။


ထိုအချိန်မဟစ၍ စုဝမ်သည် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်လာချိန်ကို အမဌဲသတိရဟိစလာဖဌင့် တလက်ဆထာသခဲ့၏။


 á€€á€¶á€€á€±á€¬á€„်သထောက်မစလာ၊ နောက်ဆုံသအခိုက်အတန့်၌ သူမကိုယ်သူမ သတိရဟိစလာပင် အိပ်မက်ကနေ နိုသထလာခဲ့လေသည်။


🚩