Volume 3 : အမြန်ရထား
Chapter 93 (4 of Diamonds – ချိန်ခွင်ကမ္ဘာ)
လီမော့နှင် ချန်မု၏ ဇာတ်ကွက်ကတ်ကိုကြည့်ပြီးနောက် ရှောက်လုံ၏စိတ်အခြေအနေမှာ ရှုပ်ထွေးသွားသည်။ အသက်ရှူကျပ်ပြီး ကတ်ပြားနှစ်ခုကို ကတ်ဘူးထဲသို့ ပြန်ထည့်ရင်း သူဘာပြောရမှန်းမသိတော့ဘူး။ ယွီဟန်ကျန်းလည်း စကားမပြောဘဲ ကိုယ်ပိုင်နေရာက ရုတ်တရက် တိတ်ဆိတ်သွားသည်။
ခဏကြာတော့ A of Hearts သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "စည်းမျဉ်းဟောင်းအရ Hearts လျှို့ဝှက်ခန်းကို ရှင်းလင်းပြီးရင် အနားယူနိုင်ပါတယ်။ အနားယူချိန်က ရှစ်နာရီကျန်သေးတယ်။ ရေချိုးပြီး အိပ်လို့ရပြီ။ မနက် 8 နာရီမှာ နှိုးစက်က အချိန်မှန် နင်တို့ကို နိုးလာလိမ့်မယ်။ အဲဒီနောက် နောက်ကတ်ကိုဆွဲဖို့ ကတ်နံရံသို့သွားပါ။ ငါ နင်တို့ကို အဖော်မပြုတော့ဘူး။ သွားတော့မယ်။"
ရှောက်လုံက သူမကို ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပြီ၊ နှုတ်ဆက်ပါတယ်။"
A of Hearts ပျောက်ကွယ်သွားပြီး ရှောက်လုံက ယွီဟန်ကျန်းကို လှမ်းကြည့်လိုက်သည်။ "အဖွဲ့ခေါင်းဆောင်ယွီ ခဏလောက် အနားယူရအောင်။"
ဒီရက်ပိုင်း ရထားပေါ်မှာ အိပ်ဖူးကြပေမဲ့ သူတို့တွေ အဖြစ်အပျက်ကို တွေးပြီး ကောင်းကောင်းမအိပ်ခဲ့ကြဘူး။ အကြင်နာဆုံး စောင့်ရှောက်သူ A of Hearts က သူတို့ကို ရိုးရိုးရေချိုးခန်းနဲ့ ကုတင်နှစ်လုံး ပေးခဲ့သည်။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ရေချိုးပြီး ကုတင်ပေါ်တွင် လှဲလျောင်းနေကြသည်။
ရှောက်လုံသည် ဇာတ်ကွက်ကတ်များကို သတိရပြီး အိပ်မပျော်ခဲ့ပေ။ ယွီဟန်ကျန်းလည်း အိပ်မပျော်တာကြောင့် သူတို့နှစ်ယောက် စကားစမြည်ပြောကြသည်။
ယွီဟန်ကျန်းက ဆိုသည်။ "Hearts နဲ့ Spades အခန်းတွေက သီးခြားကမ္ဘာနှစ်ခုလိုပဲ။"
ရှောက်လုံက သူဘာကိုဆိုလိုသည်ကို မကြာမီ နားလည်လိုက်သည်။ "အဖွဲ့ခေါင်းဆောင်ယွီ ဆိုလိုတာက Hearts အခန်းမှာ တင်းကျပ်တဲ့ စည်းကမ်းတွေရှိတယ်။ လူသတ်မှုကျူးလွန်သူက ဥပဒေတွေကို ဖောက်ဖျက်နိုင်ပေမဲ့ ဖမ်းဆီးအရေးယူခံရမှာ။ ဒါပေမဲ့ Spades လျှို့ဝှက်ခန်းမှာ စိန်ခေါ်သူတွေက ဖြစ်စဉ်ကိုရှင်းလင်းဖို့ လွတ်လပ်သူတွေကို လွတ်လပ်စွာ သတ်ဖြတ်နိုင်တယ် ဆိုတာကိုလား။"
ယွီဟန်ကျန်းက ခေါင်းငြိမ့်ပြီး တိုးတိုးပြောသည်။ "စောင့်ရှောက်သူလေးယောက်မှာ Hearts က ကိုယ်ကျင့်တရားအရှိဆုံးပဲ။ မေပယ်ရွက်တောအုပ် အထက်တန်းကျောင်းရဲ့ လူသတ်သမား ကျန်းချင်ကို နောက်ဆုံးမှာ သေဒဏ်ချမှတ်ခဲ့ပြီး ရထားပေါ်မှာ လူသတ်သမားနှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်။ နှိုင်းယှဉ်ကြည့်ရင် 3 of Spades မှာ စိန်ခေါ်သူတွေက ဒေသခံလူတွေကို သတ်ဖြတ်နေစဉ် လွတ်လပ်သူတွေက စိန်ခေါ်သူတွေကို သတ်ဖြတ်ကြတယ်။ စိန်ခေါ်သူတစ်ယောက်ဆို ရင်ပြင်မှာ ဇွန်ဘီဗိုင်းရပ်စ်ကို တိုက်ရိုက်ထုတ်လွတ်လိုက်တယ်။"
ရှောက်လုံက ထိုအချက်ကို ဂရုတစိုက် စဉ်းစားခဲ့သည်။ "A of Hearts က လူတို့ရဲ့ ကိုယ်ကျင့်တရား၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ပုံမှန်ဘဝနေထိုင်ကြမဲ့ စည်းစနစ်ကျတဲ့ကမ္ဘာတစ်ခုရဲ့ တာဝန်ခံဖြစ်နိုင်တယ်။ အဲဒီမှာမှ A of Spades က ဇွန်ဘီမြို့နဲ့ ငွေကြေးအကျပ်အတည်းလို ပျက်စီးနေတဲ့ကမ္ဘာကို တာဝန်ယူတယ်။ အဲဒီပတ်ဝန်းကျင်မှာ လူတွေဟာ လူ့သဘောသဘာဝရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပြီး ရှင်သန်ဖို့အတွက် ကိုယ်ကျင့်တရား၊ ဥပဒေနဲ့ လူမှုရေးစည်းမျဥ်းတွေကို သဘာဝအတိုင်း ဖီဆန်ကြလိမ့်မယ်။"
Hearts အခန်းရှိ လူသတ်မှုများသည် သွေးထွက်သံယိုဖြစ်နိုင်သော်လည်း နောက်ဆုံးရလဒ်သည် လူတို့အား မျှော်လင့်ချက်နှင့် နွေးထွေးမှုကို အမြဲပေးသည်။ Spades ကမ္ဘာကြီးသည် အလွန်မှောင်မိုက်နေပြီး လူတွေ အသက်ရှင်ဖို့ ဘာမဆို လုပ်နိုင်သည်။ အဲဒီမှာ လူသတ်တာက အပြစ်ပေးခံရမှာ မဟုတ်ဘူး။ လျှို့ဝှက်အခန်း နှစ်မျိုး၏ စည်းမျဉ်းများက လုံးဝကွဲပြားသည်။
ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ "နေမြို့နဲ့ လမြို့ကလည်း စည်းစနစ်ကျတဲ့ကမ္ဘာဖြစ်နိုင်ပုံရတယ်။ ခရီးသွားအဖွဲ့နဲ့ အမျိုးသမီးအဖွဲ့တို့က လမြို့က ဖျော်ဖြေပွဲကိုသွားဖို့ နေမြို့ကို လာကြတာ။ လွတ်လပ်သူများရဲ့ အဓိကမြို့ကြီးနှစ်မြို့က ပုံမှန်ဘဝဖြစ်နိုင်တယ်။"
ရှောက်လုံက ခန့်မှန်းသည်။ "စိန်ခေါ်သူတွေက အဓိကမြို့ကြီးတွေကို သွားပြီး ကမ္ဘာကြီးက သာယာလှပနေတာကို တွေ့ရင် သူတို့ဟာ အဲဒီကမ္ဘာနဲ့ တဖြေးဖြေး ပေါင်းစည်းသွားပြီး မပြန်ချင်တော့တာများလား။ ဥပမာအားဖြင့် သူတို့က လက်တွေ့မှာ အိမ်တစ်လုံးကို မတတ်နိုင်ပေမဲ့ Clubs အခန်းကနေ ငွေရှာပြီးရင် ဒီနေရာမှာ ဗီလာကြီးတစ်လုံးကို ဝယ်နိုင်တယ်။ လက်တွေ့မှာ လက်တွဲဖော် ရှာမတွေ့ပေမဲ့ ဒီမှာ အိမ်ထောင်ကျပြီး ကလေးမွေးလို့ရတယ်။ သူတို့ရဲ့ပြန်သွားချင်စိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကတ်ကမ္ဘာကနေ ထွက်သွားဖို့ လှုံ့ဆော်မှုတွေ ဆုံးရှုံးသွားတာလား။"
ယွီဟန်ကျန်းက ခေါင်းငြိမ့်ပြီး သူ့အမူအရာက အနည်းငယ် ရုပ်ဆိုးသွားသည်။ "အဲဒီအခါမှာ စိန်ခေါ်သူတွေဟာ အဓိကမြို့ကို သွားပြီး အဆင့်ကိုဖြတ်ကျော်မသွားတော့ဘူး။ သူတို့က ဒီမှာ တစ်သက်လုံးနေဖို့ နေသားကျသွားပြီး စွန့်စားချင်စိတ် မရှိတော့ဘူး။"
စိန်ခေါ်သူ၏ဆန္ဒ ပျောက်ဆုံးသွားသည်နှင့် 'ပြန်သွားခြင်း' ၌ သူတို့၏ယုံကြည်ချက်က လျှော့နည်းလာသည်။ SS အဆင့် လျှို့ဝှက်ခန်းများကို ရှင်းလင်းခြင်းသည် သူတို့အတွက် အရေးမကြီးတော့ပါ။ ပြန်သွားချင်ရင် SS အဆင့်အခက်အခဲရှိသည့် အခန်းကို ရှင်းပစ်ရမယ်လို့ စောင့်ရှောက်သူတွေက ပြောသည်။ စိန်ခေါ်သူတိုင်းသည် ထိပ်တန်းလျှို့ဝှက်ခန်းများသို့ သွားရမယ်လို့ သူတို့က မပြောခဲ့ဘူး။
ရှောက်လုံက ခေါင်းကိုက်နေသည်။ "ဒီလိုဆိုရင် စိန်ခေါ်သူ သန်း 80 ကျော်က ဘာကြောင့် အဆုံးထိမရှင်းလင်းနိုင်တာလဲဆိုတာ ကျွန်တော်နားလည်သွားပြီ။"
ယွီဟန်ကျန်းက ခဏလောက် တိတ်ဆိတ်နေပြီး ပြတ်ပြတ်သားသားပြောခဲ့သည်။ "စိတ်ချပါ၊ ကိုယ်တို့ပြန်သွားရမယ်။ ဒီကမ္ဘာကြီးက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အိမ်မက်လိုပဲ အစစ်အမှန်မဟုတ်ဘူး။ ကိုယ်တို့ ဒီမှာ အချိန်အကြာကြီး ပေါင်းစည်းသွားရင် ကိုယ်တို့ရဲ့ လူသားဆန်မှုတွေ တဖြည်းဖြည်း ဆုံးရှုံးသွားနိုင်တယ်။"
"မှန်တယ်။" ရှောက်လုံက ပြုံးလိုက်သည်။ "ဒါ့အပြင် အရမ်းအဆိုးမြင်နေဖို့ မလိုပါဘူး။ အဓိကမြို့ကြီးမှာ ပြန်သွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လူတွေ အများကြီးရှိမှာ သေချာတယ်။ အဆင့်လေးကို ရှင်းလင်းနိုင်သူတွေက အားနည်းသူတွေမဟုတ်သလို ကျွန်တော်တို့လည်း အစွမ်းထက်တဲ့ အဖွဲ့ဝင်တချို့ကို ရှာတွေ့နိုင်တယ်။"
"ကိုယ်လည်း မျှော်လင့်ပါတယ်" ယွီဟန်ကျန်း၏တိုးလျသောအသံက ထွက်ပေါ်လာသည်။ "အရင်အနားယူပြီးတော့ ကိုယ်တို့ Diamonds ကိုသွားကြမယ်။"
ကိုယ်ပိုင်နေရာ၏ အပြင်ဘက်မှာ လုံးဝ ညဘက်ဖြစ်သွားသည်။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က မကြာမီ အိပ်ပျော်သွားသည်။ အိပ်မက်မရှိသောညဖြစ်ခဲ့သည်။
နှိုးစက်နာရီက မနက် 8 နာရီမှာ သူတို့ကို နိုးခဲ့သည်။ လူနှစ်ယောက်က အမြန်မျက်နှာသစ်လိုက်ပြီး ကတ်နံရံဆီသို့ လျှောက်သွားသည်။ သူတို့သည် 4 of Diamonds ကတ်ကို ဆွဲလိုက်သည်။ ထိုနေရာတွင် ရင်းနှီးသော မူးဝေခြင်းဖြစ်ပေါ်လာပြီး ထူးဆန်းသော နေရာတစ်ခုတွင် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်သည်။
၎င်းသည် ဧရိယာလေးစတုရန်းမီတာဝန်းကျင်ရှိသော အလုံပိတ်ခန်းတစ်ခုဖြစ်သည်။ ကြမ်းပြင်များကို အဖြူရောင်ပုံစံ စကျင်ကျောက်ဖြင့် ဖုံးအုပ်ထားပြီး ဟူတို့ရှေ့တွင် ကျောက်စားပွဲတစ်ခုရှိသည်။ စားပွဲတွင် ချိန်ခွင်တစ်ခုပါရှိပြီး ၎င်းဘေးတွင် နူးညံ့သိမ်မွေ့သော သစ်သားသေတ္တာတစ်ခုရှိသည်။
နောက်အခိုက်အတန့်တွင် လူနှစ်ဦး၏ အချက်ပြဘောက်စ်များပေါ်တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။
[ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ကို 4 of Diamonds လျှို့ဝှက်ခန်း၊ ချိန်ခွင်ကမ္ဘာမှ ကြိုဆိုပါသည်။
ကျေးဇူးပြု၍ လျှို့ဝှက်ခန်း၏ယန္တရားများကိုသော့ဖွင့်ပါ၊ ထွက်ပေါက်ကိုရှာပြီး မိနစ် 30 အတွင်းထွက်ပါ။ အချိန်ကန့်သတ်ချက်ထက်ကျော်လွန်ပါက ကျရှုံးသွားမည်ဖြစ်သည်။
အခန်းတွင် လျှို့ဝှက်ယန္တရားများမပါဝင်ဘဲ လျှို့ဝှက်ခန်းအတွက် ထွက်ပေါက်တစ်ခုသာရှိသည်။ နှစ်ယောက်စလုံး ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။]
သတိပးချက်သံပေါ်လာသည်နှင့် နာရီတစ်လုံးသည် သူတို့၏ခေါင်းထက်တွင် ပေါ်လာသည်။ လက်ရှိအချိန်သည် နံနက် 8 နာရီကို ညွှန်ပြပြီး ဒုတိယလက်က စတင်အမှတ်ပေးသည်။ 8:30 တွင် အနီရောင် အမှတ်အသားပါရှိပြီး 8:30 တွင် လျှို့ဝှက်ခန်းမှ မထွက်ခွာပါက ကျရှုံးသွားမည်ဖြစ်သည်။
ယန္တရားလျှို့ဝှက်ခန်းသည် ယွီဟန်ကျန်း အဆိုးဆုံးအခန်းဖြစ်သည်။ သူက နာရီကိုကြည့်လိုက်ပြီး ရှောက်လုံ နောက်ကို လိုက်သွားသည်။ "ဒီအခန်းထဲက ယန္တရားဟာ စားပွဲပေါ်က ချိန်ခွင်များလား။"
ရှောက်လုံသည် အရင်ရွှေ့ပြီး နူးညံ့သော သစ်သားသေတ္တာကို ဖွင့်လိုက်သည်။ လက်သည်းအရွယ် ငွေရောင်သတ္တုအလေးများကို သူတွေ့လိုက်ရသည်။ ၎င်းတို့ကို 1g၊ 2g၊ 3g၊ 4g၊ 5g၊ 6g၊ 7g နှင့် 8g ဟု တံဆိပ်တပ်ထားသည်။
ရှောက်လုံက သူတို့ကို သူ့လက်နဲ့ တိုင်းတာပြီး အလေးချိန်က မတူဘူး။ သူက ပြုံးပြီးပြောသည်။ "ချိန်ခွင်ကမ္ဘာမှာ ယန္တရားတွေကို ဆွဲငင်အားနဲ့ ထိန်းချုပ်ထားတယ်။ လိုအပ်တဲ့အလေးချိန်ကို တင်လိုက်တာနဲ့ အခန်းတံခါးကို ဖွင့်လောက်တယ်။"
သူက အလေးပေါ်က နံပါတ်ကို ငုံ့ကြည့်သည်။ "1g ကနေ 8g အထိ စုစုပေါင်းအလေးချိန် ရှစ်ခုရှိတယ်။ ကျွန်တော်တို့က 2 နဲ့ 3 ကို ဒီဘက်မှာထားပြီး 1 နဲ့ 4 ကို အခြားဘက်မှာ ထားရင် 5g အထိတိုးလာလိမ့်မယ်… ဒါပေမဲ့ ဒီလောက်ရိုးရှင်းမယ် မထင်ဘူး။ ကျွန်တော်တို့က အလေးရှစ်ခုလုံးကို အသုံးပြုပြီး ချိန်ခွင်လျှာနှစ်ဖက်စလုံးက အလေးများကို အတိအကျတူညီအောင်ပြုလုပ်ဖို့ ဖြစ်နိုင်တယ်။ အဲဒါက မှန်ကန်တဲ့ အခြေအနေပဲ။"
ယွီဟန်ကျန်းသည် ရုပ်ပိုင်းဆိုင်ရာလူတစ်ဦးဖြစ်နိုင်သော်လည်း ချိန်ခွင်အား မည်သို့အသုံးပြုရမည်ကို သူသိနေသေးသည်။
ရူပဗေဒတွင် ချိန်ခွင်လျှာသည် မူလစကေးအရှိဆုံးနှင့် ဆင်တူသည်။ ချိန်ခွင်လျှာသည် လုံးဝအလျားလိုက်အနေအထားတွင် ရှိနေသည်နှင့် နှစ်ဖက်လုံးရှိ အလေးချိန်က ညီမျှကြောင်း သက်သေပြခဲ့သည်။ အလေးချိန်အားလုံးသည် အရာဝတ္တု၏ အလေးချိန်အထိ ပေါင်းလိုက်မည်ဖြစ်သည်။
ပရော်ဖက်ဆာရှောက် ပြောသည့်အတိုင်း လျှို့ဝှက်ခန်းတွင် အလေးရှစ်ခုပါရှိပြီး ရှစ်ခုလုံး အသုံးပြုရမည်ဖြစ်သည်။ မဟုတ်ပါက တစ်ဖက်မှာ 2+3 နဲ့ အခြားတစ်ဖက်မှာ 1+4 ကို ထားရတာ အလွန်လွယ်ပါသည်။ 1g မှ 8g အထိရှိသော အလေးချိန် ရှစ်ခုကို လုံးဝမျှမျှတတဖြစ်အောင် ဘယ်လိုလုပ်မလဲ။
ယွီဟန်ကျန်း၏စိတ်က လျင်မြန်စွာတွက်ချက်လိုက်သော်လည်း မပြီးမီ ရှောက်လုံသည် ရှေ့သို့လှမ်းကာ အလေးချိန် 2g၊ 4g၊ 5g နှင့် 7g ကို ဘယ်ဘက်နှင့် 1g၊ 3g၊ 6g နှင့် 8g အလေးချိန်ကို ညာဘက်တွင် အလေးအနက်ထားလိုက်သည်။
ချိန်ခွင်၏ဘယ်ဘက်အခြမ်းရှိ အလေးချိန်ပေါင်းလဒ်မှာ 18g ဖြစ်ပြီး ညာဘက်ခြမ်းရှိ အလေးချိန်ပေါင်းလဒ်မှာ 18g ဖြစ်သည်။
1+8၊ 2+7၊ 3+6 နှင့် 4+5 ပေါင်းပါက 9g ရသည်။ 18g အထိပေါင်းထည့်ရန် တစ်ဖက်ကို လေးခုထားရမည်ဟု ဆိုလိုသည်။ ဒါမှမဟုတ် တစ်ဖက်မှာ 1၊ 2၊ 3၊ 5၊ 7 နဲ့ အခြားတစ်ဖက်မှာ 4၊ 6၊ 8 ထည့်ရင်လည်း 18g ဖြစ်နိုင်ပါသည်။ ဤမေးခွန်းအတွက် အဖြေများစွာရှိခဲ့သည်။ နှစ်ဖက်လုံးရှိ အလေးချိန် ချိန်ခွင်လျှာသည် တူညီနေသရွေ့ ဤဆွဲငင်အားယန္တရားကို အလွယ်တကူ သော့ဖွင့်နိုင်သည်။
ပထမယန္တရားသည် အလွန်ရိုးရှင်းပြီး 'ချိန်ခွင်' ၏နိယာမကို စိန်ခေါ်သူများအား နားလည်ခွင့်ပြုရန် ဖြစ်နိုင်သည်။ ချိန်ခွင်လျှာ လုံးဝမညီမျှခင် အနည်းငယ်တုန်ခါသွားသည်။ စကေး၏ အလယ်အနီပိုင်းကို ညွှန်ပြပြီး စားပွဲရှေ့ရှိ ကျောက်နံရံကို ဘေးချင်းကပ်လျက် ဖြတ်သန်းနိုင်လောက်အောင် ဖွင့်ထားသည်။
ရှောက်လုံ၏မျက်လုံးများ လင်းလက်လာသည်။ "ပြီးပြီ။"
ယွီဟန်ကျန်း: "…"
နောက်တစ်ကြိမ် ပရော်ဖက်ဆာရှောက်က သူ မေးခွန်းကို ဆန်းစစ်နေတုန်း အဖြေပေးခဲ့ပြန်ပြီ။ ယွီဟန်ကျန်းသည် တွေးတောဖို့ လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် Diamonds အခန်းတွင် တစ်ကြိမ်လဲလျောင်းအနိုင်ရဖူးသည်။ ဒီနေ့ ဆက်လက်ပြီး လဲလျောင်းအနိုင်ယူတာက ပိုကောင်းသည်။
ပထမအခန်းမှ ထွက်သွားပြီးနောက် လူနှစ်ယောက်ရှေ့တွင် ကျောက်နံရံတစ်ခု ပေါ်လာပြီး ဘယ်ဘက်နှင့် ညာဘက်တွင် ဖြောင့်တန်းသော လမ်းကြောင်းတစ်ခု ပေါ်လာသည်။
ရှောက်လုံသည် ပထမဦးစွာ ဘယ်ဘက်သို့သွား၍ လေးစတုရန်းမီတာ လျှို့ဝှက်ခန်းကို တွေ့လိုက်သည်။ စားပွဲပေါ်တွင် ချိန်ခွင်တစ်ခုရှိသော်လည်း ယခုတစ်ကြိမ် သေတ္တာထဲရှိ ချစ်ပ်ပြားများသည် ဂရမ်ဖြင့် အမှတ်အသားပြုထားသော အလေးတုံးများမဟုတ်ဘဲ တရုတ်စာလုံးဖြင့် ကုဗတုံးများဖြစ်သည်။
၎င်းတို့တွင် တရုတ်စာလုံး 12 လုံးပါသည့် 5cm x 5cm x 5cm ကုဗတုံးများဖြစ်သည်။
花(ဟွား)、沙(ရှား)、天(ထျန်း)、风(ဖုန်း)、蝶(သယ်)、浪(လန့်)、鹧(ကျဲ့)、醉(ကျွေ့)、春(ချွမ်း)、鸪(ကူး)、淘(ထောင်)、恋(လျန့်)
ယွီဟန်ကျန်းသည် ဒီစာလုံးများကို ရင်းနှီးပြီး ကဗျာတစ်ပုဒ် ဖန်တီးသင့်သည်ဟု ခံစားမိသည်။ ရှောက်လုံသည် ထိုအကြောင်းကို လျင်မြန်စွာတွေးပြီး ပြောခဲ့သည်။ "စာလုံး 12 လုံးပေါင်းစပ်ထားတာက စကားလုံးလေးလုံးဖြစ်သွားတယ်။"
သူသည် သစ်သားသေတ္တာထဲမှ စာလုံးများကို ယူကာ ၎င်းတို့ကို ပြန်စီကာ စကားလုံးလေးလုံးကို ခွဲထုတ်သည်။
သယ်လျန့်ဟွား(蝶恋花)၊ ကျဲ့ကူးထျန်း(鹧鸪天)၊ လန့်ထောင်ရှား(浪淘沙)၊ ကျွေ့ချွမ်းဖုန်း(醉春风)။
ယွီဟန်ကျန်းက ၎င်းတို့ကို ကြည့်ပြီး အံ့ဩသွားသည်။ "ဒီစာလုံးတွေနဲ့ အလေးချိန်ကြားက ဆက်စပ်မှုရှိတာလား။ ဒီကုဗတုံးစာခုံးတွေက အရွယ်အစား တူညီပြီး သူတို့ရဲ့ အလေးချိန်က အတူတူပဲ ဖြစ်သင့်တယ်။"
ရှောက်လုံသည် ရှုပ်ထွေးပွေလီသော ‘ကျဲ့(鹧)’စာလုံးနှင့် ရိုးရှင်းသော ‘ထျန်း(天)’စာလုံးတို့ကို ကောက်ယူကာ သေချာစွာ တွေးတောလိုက်သည်။ သူက သူတို့ကို သေချာစွာ အလေးချိန်ပြီး ပြောသည်။ "ဟွာဟချက်က အရမ်းနည်းပေမယ့် ရှုပ်ထွေးတဲ့စာလုံးက ရိုးရှင်းတဲ့စာလုံးထက် သေချာပေါက် ပိုလေးတယ်။ အလေးချိန်က စုတ်ချက်အရေအတွက်နဲ့ ဆက်စပ်မှုရှိနိုင်တယ်။"
သူက ‘ထောင်(淘)’နှင့် ‘ထျန်း(天)’ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ၎င်းကို စိစစ်ခဲ့သည်။ ယခင်စာလုံးက နောက်စာလုံးထက် သိသိသာသာ ပိုလေးသည်။ ရှောက်လုံသည် သူ့စိတ်ကူးကို အတည်ပြုပြီး စားပွဲကို ညွှန်ပြလိုက်သည်။ "အဖွဲ့ခေါင်းဆောင်ယွီ စာလုံးခြောက်လုံးရဲ့ စုတ်ချက်တွေကို ရေတွက်ပေးပါလား၊ ကျွန်တော်က ကျန်တဲ့စာလုံးခြောက်လုံးကို ရေတွက်လိုက်မယ်။"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်ပြီး သူ့လက်ဖဝါးပေါ်မှာ အမြန်ရေးလိုက်သည်။ သူရေးခဲ့တဲ့အတိုင်း ပြောလေသည်။ "ကျဲ့(鹧) မှာ စုတ်ချက် 16၊ ကူး(鸪) မှာ စုတ်ချက် 10၊ ထျန်း(天) မှာ စုတ်ချက် 4၊ လန့်(浪) မှာ စုတ်ချက် 10၊ ထောင်(淘) မှာ စုတ်ချက် 11၊ ရှား(沙) မှာ စုတ်ချက် 7 ရှိတယ်။
ရှောက်လုံက ပြောလိုက်သည်။ "ကျဲ့ကူးထျန်း(鹧鸪天) ပေါင်းလိုက်ရင် စုတ်ချက် 30 ရှိတယ်၊ လန့်ထောင်ရှား(浪淘沙) က စုတ်ချက် 28၊ သယ်လျန့်ဟွား(蝶恋花) က စုတ်ချက် 27၊ ကျွေ့ချွမ်းဖုန်း(醉春风) က စုတ်ချက် 29။ 30 နဲ့ 27၊ 28 နဲ့ 29 အတူတူထားလိုက်ရင် ဘယ်ညာနှစ်ဖက်က 57 ဖြစ်သွားမယ်။ စမ်းကြည့်ရအောင်။"
လူနှစ်ယောက်သည် 'ကျဲ့ကူးထျန်း' စုတ်ချက် 30 နှင့် 'သယ်လျန့်ဟွား' စုတ်ချက် 27 ကို ချိန်ခွင်၏ ဘယ်ဘက်တွင်တင်ပြီး 'လန့်ထောင်ရှား' စုတ်ချက် 28 နှင့် 'ကျွေ့ချွမ်းဖုန်း' စုတ်ချက် 29 ကို ညာဘက်တွင် လျင်မြန်စွာ တင်လိုက်သည်။
ချိန်ခွင်လျှာညွှန်ပြချက်က သေချာပေါက် အလယ်ကိုညွှန်ပြပြီး လူနှစ်ယောက်သည် မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာကြောင်း သက်သေပြခြင်းမပြုမီ ခဏတာ ရွေ့လျားနေပါသည်။
ယွီဟန်ကျန်းက ရှောက်လုံကို စိတ်ထဲတွင် လက်မထောင်ပြလိုက်သည်။
ဒီမေးခွန်းက သိပ်မခက်ပါဘူး။ ပထမဦးစွာ အစဉ်လိုက်မဟုတ်သော စာလုံးများကို စကားလုံးများအဖြစ် ထားပြီးနောက် စကားလုံးများ၏ စုတ်ချက်များကို ပိုင်းခြားစိတ်ဖြာကာ ဟန်ချက်ညီသောအမှတ်ကို ရှာဖွေနိုင်စေသည်။ စကားလုံးလေးလုံး၏ စုတ်ချက်များသည် 30၊ 29၊ 28 နှင့် 27 အထိ ပေါင်းထားသည်။ 30 နှင့် 27၊ 29 နှင့် 28 တို့ကို ပေါင်းစပ်ခြင်းဖြင့် နှစ်ဖက်စလုံးကို လုံးဝညီမျှစေသည်။
4 of Diamonds အခန်း၏ ယန္တရားများသည် ဟန်ချက်ညီရန်သည်။ စိန်ခေါ်မှု၏ ဆောင်ပုဒ်မှာ 'ချိန်ခွင်ကမ္ဘာ' ဖြစ်သောကြောင့် ဒီဟန်ချက်ညီမှုကို တွေ့ရှိသရွေ့ သူတို့သည် ယန္တရားကို သော့ဖွင့်နိုင်ပါသည်။
……
ဘယ်ဘက်ခြမ်းရှိ အခန်း၏ ယန္တရားအား သော့ဖွင့်ထားသော်လည်း သူတို့ရှေ့ရှိ နံရံသည် ပြောင်းလဲခြင်းမရှိပေ။ နံရံက တစ်နေရာရာမှာ လှည့်သွားသလိုပဲ အသံတစ်ခုထွက်ပေါ်လာသည်။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က လျင်မြန်စွာ နောက်ပြန်လှည့်သွားသည်။
သူတို့ လမ်းတစ်ဝက်လောက်မှာ ပိတ်ဆို့ထားသော နံရံပေါ်တွင် ကျောက်တံခါးတစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။ သို့သော် တံခါးကို ပိတ်ထားဆဲဖြစ်သည်။ ရှောက်လုံက လမ်းလျှောက်ရင်း စကားပြောလာသည်။ "ညာဘက်ခြမ်းက ယန္တရားကို ကျွန်တော်တို့ ဖွင့်လိုက်တာနဲ့ တံခါးပွင့်သွားလိမ့်မယ်။"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်ပြီး သူ့နောက်ကို အမြန်လိုက်သွားသည်။
လူနှစ်ယောက်သည် ညာဘက်စင်္ကြံ၏အဆုံးသို့ အမြန်လျှောက်သွားကြသည်။ လေးစတုရန်းမီတာ ကျယ်ဝန်းသော အခန်းငယ်လေးဖြစ်ပြီး စားပွဲပေါ်တွင် ချိန်ခွင်နှင့် သေတ္တာတစ်လုံးပါရှိသည်။ နံပါတ်များ သို့မဟုတ် စာလုံးများထက်၊ သေတ္တာထဲတွင် ထူးဆန်းသော ဂရပ်ဖစ်ရုပ်ပုံများစွာပါရှိသည်။
ရှောက်လုံသည် ဒီဂျီဩမေတြီရုပ်ပုံများကို ကောက်ယူပြီး သေချာစွာ စစ်ဆေးခဲ့သည်။ "စတုရန်း၊ ထောင့်ချွမ်း၊ တြိဂံ… အနားသတ်အရှည် 5 စင်တီမီတာနဲ့ 10 စင်တီမီတာ နှစ်ခုပဲ ရှိတယ်။ 5cm အပိုင်းက 5g အလေးချိန်ရှိပြီး 10 cm အပိုင်းက 10g အလေးချိန်ရှိတယ်လို့ ယူဆရင် ကျွန်တော်တို့က တူညီတဲ့နံပါတ်တွေရရှိဖို့အတွက် စကေးပေါ်မှာ အပိုင်းတွေကို တန်းစီဖို့ လိုအပ်တယ်။"
ယွီဟန်ကျန်းလည်း အထူးရိုးရှင်းသည်ဟု ခံစားမိသည်။ သူသည် ဂရပ်ဖစ်အပိုင်းများစွာကို ပြောင်းလဲရန် ပရော်ဖက်ဆာရှောက်နှင့် အမြန်ပူးပေါင်းခဲ့သည်။
ထောင့်မှန်စတုဂံသည် အလျား 10 စင်တီမီတာနှင့် အကျယ် 5 စင်တီမီတာရှိသည်။ အလေးချိန် 10+5+10+5 = 30g သို့ ပြောင်းလဲနိုင်သည်။
ထောင့်ချွန်းနှင့် စတုရန်း အနားလေးနားသည် 5 စင်တီမီတာရှည်ပြီး အလေးချိန် 20 gသို့ ပြောင်းလဲသွားသည်။
သုံးနားညီသောတြိဂံနှစ်ခုသည် သုံးဖက်စလုံး 5 စင်တီမီတာရှည်ပြီး အလေးချိန် 15 ဂရမ်ရှိသည်။
ရှောက်လုံသည် ချိန်ခွင်လျှာ၏ ဘယ်ဘက်ခြမ်းတွင် ထောင့်မှန်စတုဂံနှင့် စတုရန်းကို ထားရှိပြီး ညာဘက်ခြမ်းတွင် ထောင့်ချွန်းနှင့် သုံးနားညီသောတြိဂံနှစ်ခုကို တင်ထားသည်။ ဘယ်နှင့်ညာနှစ်ဖက်ရှိ အလေးချိန်များသည် 50g ရှိပြီး ချိန်ခွင်လျှာညွှန်ပြချက်က အလယ်ကို အတိအကျညွှန်ပြထားသည်။
အဲဒီမှာ နံရံဖွင့်သံကြားတော့ ရှောက်လုံ ပြုံးလိုက်သည်။ "အောင်မြင်သွားပြီ။"
ယွီဟန်ကျန်းသည် ရှောက်လုံနောက်ကို ဆက်ပြီး လိုက်သွားခဲ့သည်... လဲလျောင်းပြီး အနိုင်ရတာ တကယ်ကို သက်တောင့်သက်သာပါပဲ။
နှစ်ယောက်သား စင်္ကြံဘက်သို့ ပြန်လှည့်သွားသည်။ စင်္ကြံရှိတံခါးက တကယ်ပွင့်သွားပြီ။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး တံခါးထဲသို့ ဝင်သွားသည်။ သူတို့ လျှောက်လာရင်းနဲ့ သူတို့နောက်က ကျောက်တံခါးက ရုတ်တရက် ပိတ်သွားသည်။ ၎င်းတို့နှစ်ဦးသည် အလုံပိတ်အခန်းထဲတွင် ပိတ်မိနေခဲ့သည်။
ရှောင်လုံက အမြန်လှည့်ကြည့်လိုက်သည်။ ဤအခန်းသည် ကျယ်ဝန်းပြီး 20 စတုရန်းမီတာ ကျယ်ဝန်းသည်။ မြေပြင်နှင့် နံရံများသည် တူညီသော အဖြူရောင်ပုံစံ စကျင်ကျောက်အုတ်များဖြစ်သည်။ စားပွဲနှင့် ချိန်ခွင်ရှိသည့် အခြားအခန်းများနှင့်မတူဘဲ ဤအခန်းသည် ဗလာဖြစ်ပြီး ကိရိယာ သို့မဟုတ် ယန္တရားများ မရှိပါ။
အခန်းထဲသို့ လူနှစ်ယောက်ဝင်လာပြီး အချင်း 2 မီတာခန့်ရှိသော စက်ဝိုင်းပုံ ကျောက်တုံးကြီးနှစ်ခုက ရုတ်တရက် မြေပြင်မှ ခုန်တက်လာသည်။ ကျောက်တစ်လုံးသည် အနီရောင်ဖြစ်ပြီး ကျန်တစ်လုံးမှာ အပြာရောင်ဖြစ်ပြီး ၎င်းတို့ပေါ်တွင် ချိန်ခွင်လျှာကဲ့သို့ စကေးများရှိသည်။
ရှောက်လုံသည် ကျောက်တုံးများဆီသို့ ဂရုတစိုက် သွားခဲ့သည်။ ယွီဟန်ကျန်းက နောက်ကလိုက်လာပြီးပြောသည်။ "ဒီအခန်းထဲကထွက်သွားချင်ရင် ဒီကျောက်တုံးကြီးနှစ်ခုအပေါ်ပဲ မူတည်လိမ့်မယ်။ သူတို့မှာရှိတဲ့ စကေးကလည်း အလေးချိန်ရှိလောက်တယ်။"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ "ဒီအခန်းကို ချိန်ခွင်ကမ္ဘာလို့ခေါ်တယ်။ အရင်ယန္တရားသုံးခုက ဟန်ချက်ညီဖို့ ကြုံတွေ့ခဲ့ရတယ်။ ပထမတော့ နံပါတ်တွေ၊ ဒုတိယက တရုတ်စာလုံးတွေနဲ့ တတိယက ဂျီဩမေတြီရုပ်ပုံတွေ။ စတုတ္ထက… ဘာမှမရှိဘူး။ ကျွန်တော်တို့ မတ်တတ်ရပ်ရမယ်လို့ ဆိုလိုတာလား။"
ယွီဟန်ကျန်းက အဆိုပြုသည်။ "စမ်းကြည့်ရအောင်။"
သူက အပြာရောင်ကျောက်တုံးပေါ်မှာ မတ်တတ်ရပ်ဖို့ လမ်းလျှောက်သွားသည်။ သူ၏ခြေထောက်ရှိ ညွှန်ပြချက်သည် ချက်ချင်း လှည့်သွားပြီး နောက်ဆုံးတွင် 75 ကီလိုဂရမ်တွင် ရပ်သွား၏။ ရှောက်လုံသည်လည်း အနီရောင်ကျောက်တုံးပေါ်တွင် မတ်တတ်ရပ်ရန် ရွှေ့လိုက်ပြီး သူ၏ခြေထောက်အောက်၌ ညွှန်ပြချက်ကို 65 ကီလိုဂရမ်အထိ ချိန်ထားသည်။
နံရံလေးခုက တုံ့ပြန်မှု မရှိဘဲ အခန်းက တိတ်ဆိတ်နေတာကြောင့် အပ်တစ်ချောင်း ပြုတ်ကျတာကိုပင် ကြားနိုင်ပါသည်။ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။
ရှောက်လုံက ကူကယ်ရာမဲ့ ပြောလိုက်သည်။ "ကျွန်တော်တို့က အလေးချိန်မတူတာကြောင့် တံခါးက မပွင့်ဘူး။"
ယွီဟန်ကျန်းက တစ်ချက်ကြည့်လိုက်ပြီး မေးသည်။ "ပရော်ဖက်ဆာရှောက်က 65 ကီလိုဂရမ်ပဲရှိတာလား။ အရပ် 1.8 မီတာအမြင့်အနေနဲ့ နည်းနည်းပိန်တယ်။ မင်း နောက်ကျရင် ပိုစားသင့်တယ်။"
ရှောက်လုံက ရယ်လိုက်သည်။ "ကျွန်တော် ပိုစားလို့ မဝဘဲ ရုပ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နိုင်တယ်။" ယွီဟန်ကျန်းက အတော်လေးတောင့်တင်းသည်။ အရပ် 1.8 မီတာကျော်ပြီး 75 ကီလိုဂရမ်ရှိသည်။ သူက ဝလည်း မဝသလို၊ ပိန်လည်း မပိန်ဘဲ ကြွက်သားလည်းရှိသည်။
ယွီဟန်ကျန်းသည် သူ့ခြေထောက်အောက်မှ စကေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "ကိုယ်က မင်းထက် ပိုလေးတယ်၊ အခန်းထဲမှာ အခြားဘာမှ မရှိဘူး။ ဒါမှမဟုတ်... မင်းဝတ်ဖို့ ကိုယ့်အဝတ်အစားတွေကို ချွတ်လိုက်ရမလား။"
ရှောက်လုံက ခေါင်းခါလိုက်သည်။ "ခင်ဗျားရဲ့အဝတ်အစားက အလေးချိန် 10 ကီလိုဂရမ် ရှိလာမှာမဟုတ်ဘူး။ ဒီလိုမျိုး မဖြစ်နိုင်ဘူး။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဒီအခန်းထဲကို ဝင်လာရင် အလေးချိန်ကွာဟမှုက ပိုကြီးလာလိမ့်မယ်။ အလေးချိန်နဲ့ အဝတ်အစားပေါ်အခြေခံပြီး ဒီအီလက်ထရွန်းနစ်စကေးကို ဟန်ချက်ညီအောင် ဘယ်လိုမှထိန်းညှိလို့မရဘူး။"
အခန်းလွတ်တွင် စိန်ခေါ်သူများမှလွဲ၍ မည်သည့်ကိရိယာမျှ မရှိချေ။ ချိန်ခွင်ကို ဘယ်လိုချိန်ညှိရမလဲ။ ရှောက်လုံက သူ့မေးစေ့ကို ကိုင်လိုက်ပြီး အတွေးနယ်ထဲနစ်မြောသွားသည်။