Chapter 247
Viewers 22k

Volume 12 : ရူပဗေဒဌာန


Chapter 247 (စွမ်းရည်အဆင့်မြင့်တင်ခြင်း ၀၁)

သူတို့နားထဲတွင် ‘ကလစ်’အသံတစ်ခုထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်သည် လေ့ကျင့်ရေးခန်းတံခါးကိုဖွင့်ရန် စကားဝှက်ထည့်လိုက်သည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ချိန်တည်းတွင် လှည့်ကြည့်လိုက်ရာ စင်တီမီတာ အနည်းငယ်ကြီးလာသော ရှောင်ထူနှင့်အတူ ခယ်ရှောင်ပင်း လျှောက်တာကို တွေ့လိုက်ရသည်။ သူက ယွဲ့ရှင်းဝမ်ဆီကို အမြန်လျှောက်သွားပြီး သူ့မျက်မှန်ကို ပင့်တင်ကာ သံသယဖြစ်စွာ မေးလိုက်သည်။ "ရှင်းဝမ်၊ မင်းမျက်နှာက ဘာလို့ အရမ်းနီနေတာလဲ။"

ယွဲ့ရှင်းဝမ်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး အပြစ်ရှိစွာ အဝေးသို့လှမ်းကြည့်လိုက်သည်။ "ငါ အခုလေးတင် စွမ်းရည်အသစ်ကို သင်ယူပြီး လေ့ကျင့်ခဲ့လို့ အရမ်းပူနေတာဖြစ်မယ်။"

ခယ်ရှောင်ပင်းက အပြုံးဖြင့် ပြောခဲ့သည်။ "ငါလည်း စွမ်းရည်အသစ်တွေကို သင်ယူခဲ့ပြီး နောက်ဆုံးတော့ ငါ့ရှောင်ထူက အဆင့်ပြည့်ကို ရောက်သွားပြီ။"

ယွဲ့ရှင်းဝမ်က ရှောင်ထူကို သေသေချာချာ ကြည့်လိုက်သည်။ သူသည် ဆေးပညာဌာနမှာ ခယ်ရှောင်ပင်းကို ပထမဆုံးတွေ့တုန်းက ရှောင်ထူသည် လက်ဖဝါးအရွယ်လောက်သာရှိပြီး ကလေးကစားစရာလို ထောင့်စွန်းမှာ ထားခဲ့သည်။ ယခုဆိုလျှင် ရှောင်ထူသည် အရပ် 1.6 မီတာရှိပြီး ခယ်ရှောင်ပင်း၏ပခုံးနားရောက်နေပြီဖြစ်ကာ အသိစိတ်ရှိသော ကိုယ်ရံတော်ကဲ့သို့ ခယ်ရှောင်ပင်းနောက်ကို နာခံစွာလိုက်နေခဲ့သည်။

ယွဲ့ရှင်းဝမ်က စက်ရုံ၏ဦးခေါင်းကို လှမ်းကိုင်ပြီး ပြောလိုက်သည်။ "အဆင့်မြင့်ပြီးတော့ ကလေးသီချင်းတွေကို ထပ်ပြီးသင်ယူခဲ့တာလား။"

ခယ်ရှောင်ပင်းသည် အကူအညီမဲ့စွာကြည့်ရင်း ဆိုသည်။ "ဟုတ်တယ်။ ကွန်ပျူတာဌာနက တကယ့်ကို ဆန်းကျယ်တယ်။ ‘ကျားနှစ်ကောင်’ကနေ ‘သူငယ်ချင်းတစ်ယောက်ရှာမယ်’၊ ‘twinkle twinkle little star’နဲ့ ဒီတစ်ခါလည်း ‘လှော်ခတ်ကြစို့’ကို သင်ယူခဲ့တယ်။"

ယွဲ့ရှင်းဝမ်သည် ချက်ချင်းပင် စိတ်ဝင်စားလာပြီး "စွမ်းရည်ရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ။"

ခယ်ရှောင်ပင်း: "အဲဒါက လှေအဖြစ်ပြောင်းနိုင်တယ်၊ အလိုအလျောက်လှော်ပြီး ငါတို့ကို သမုဒ္ဒရာဖြတ်ဖို့ ပို့ပေးမှာ။"

ယွဲ့ရှင်းဝမ်: "…"

ရှောင်ထူက အရမ်းမိုက်တာပဲ၊ အဆင့်ပြည့်သွားတော့ အဲဒါက တကယ် ပုံစံပြောင်းလဲနိုင်တာလား။

နှစ်ယောက်သား ဆွေးနွေးနေကြစဉ် ‘ကလစ်’ ဟူသော အသံသည် သူတို့နားထဲတွင် ထပ်မံထွက်ပေါ်လာပြီး အခြား ကျောင်းသားများလည်း တစ်ယောက်ပြီး တစ်ယောက် လျှောက်လာကြသည်။ မကြာခင်မှာပဲ လူ 12 ယောက်စလုံးရောက်လာပြီး ယွဲ့ရှင်းဝမ်က အားလုံးကို မေးလိုက်သည်။ "စွမ်းရည်တွေကို အရင်အကျဉ်းချုံးကြည့်ရအောင်။"

ခယ်ရှောင်ပင်းက သူ့လက်ပ်တော့ကိုထုတ်ပြီး ပြောလိုက်သည်။ "ငါ အရင်ပြလိုက်မယ်လေ၊ ပြီးရင် မှတ်တမ်းတွေကို ရှင်းလင်းမှာမလား။"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး သူ့ကို စတင်ရန် အချက်ပြလိုက်သည်။

စီနီယာအစ်မလန်ယာရုန်သည် ရှောင်ထူထံသို့ လျှောက်သွားကာ သူမအရပ်နှင့် နှိုင်းယှဉ်ကြည့်ရာ သူမနှင့် ရှောင်ထူသည် အမှန်တကယ် အရပ်အမောင်း တူညီကြောင်း တွေ့ရှိခဲ့သည်။ "ရှောင်ခယ်၊ နင့်ရဲ့စက်ရုပ်က ထပ်ပြီးအဆင့်မြင့်လို့ရသေးလား။ အဲဒါက ပိုပြီးအရပ်မြင့်လာမှာတော့ မဟုတ်ဘူးမလား။"

ခယ်ရှောင်ပင်း: "မရဘူး၊ အဲဒါက ထပ်ပြီးအရပ်မမြင့်တော့ဘူး။ ဒီတစ်ခါ အဆင့်ပြည့်အောင် တိုက်ရိုက် အဆင့်မြင့်ခဲ့တာ။ အသစ်‌သင်ယူထားတဲ့ စွမ်းရည်တွေကို ကျွန်တော် အားလုံးကိုပြမယ်။" 

ရင်းနှီးသော တေးဂီတနှင့် ပြတ်သားသောသီချင်း "လှော်ခတ်ကြစို့" သီချင်းနှင့်အတူ 1.6 မီတာရှည်သော ရှောင်ထူသည် ကလစ်အနည်းငယ်ဖြင့် အသွင်ပြောင်းသွား၏။ ၎င်းသည် အမြင့် 6 မီတာခန့်ရှိသော လှေတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ 

လူတိုင်း: "..."

ခယ်ရှောင်ပင်းသည် ရှောင်ထူကို ဖယ်လိုက်ပြီး အလေးအနက် ပြောခဲ့သည်။ "ငါ့အထင်တော့ နောက်ပိုင်းဌာနတွေမှာ သယ်ယူပို့ဆောင်ရေးအနေနဲ့ လှေတွေသုံးဖို့လိုအပ်တဲ့ ရေကြောင်းသင်တန်းတွေ ရှိနိုင်တယ်၊ ဒါကြောင့် စာကြည့်တိုက်က ရှောင်ထူကို အသွင်ပြောင်းစွမ်းရည်ပေးခဲ့တာများလား။"

ချင်လုက အပြုံးဖြင့် ဆိုသည်။ "ဒီစွမ်းရည်က တော်တော်အသုံးဝင်တယ်။ ပင်လယ်နဲ့တွေ့ရင် ငါ့ကျောက်ထုလွှာလှုပ်ရှားမှုက အသုံးမဝင်တော့သလို ဖျင်စစ်ရဲ့ ကိုဩဒီနိတ်စနစ်က အကြာကြီးမပျံသန်းနိုင်ဘူး။ လှေတစ်စင်းနဲ့ဆိုရင် အနည်းဆုံးတော့ ရေနစ်မှာကို စိတ်ပူစရာမလိုဘူး။"

ခယ်ရှောင်ပင်းက အနီးကပ်ဆက်လက်၍ ပြောသည်။ "ငါ့ရဲ့လက်ပ်တော့မှာ ‘ထရိုဂျန်မြင်းဗိုင်းရပ်စ်’လို့ခေါ်တဲ့ စွမ်းရည်တစ်ခုလည်း ပါရှိတယ်။ ငါက ကီးဘုတ်ပေါ်မှာ စာရိုက်ပြီး ဗိုင်းရပ်စ်ကုဒ်တွေကို အမြန်ရေးနိုင်တဲ့အတွက် ဗိုင်းရပ်စ်တွေက သတ်မှတ်ထားတဲ့နေရာမှာ ခိုအောင်းနိုင်သလို ပတ်ဝန်းကျင်ကို ပြန့်ပွားပြီး ပျံ့နှံ့သွားနိုင်ပြီးတော့ သတ်မှတ်ထားတဲ့အချိန်တစ်ခုမှာ ပေါက်ကွဲနိုင်တယ်။" လူတိုင်းနားလည်လွယ်စေရန်အတွက် ခယ်ရှောင်ပင်းသည် အချိန်အတော်ကြာစဉ်းစားပြီး ဥပမာတစ်ခုပေးလာသည်။ "ဆက်လက်ပျံ့နှံ့နိုင်တဲ့ လျှို့ဝှက်နေရာတစ်ခုမှာ ချိန်ကိုက်ဗုံးတစ်လုံးကို ထောင်ထားသလိုပေါ့။"

လျှိုကျောက်ချင်းက အံ့ဩတကြီး ပြောလိုက်သည်။ "ဗိုင်းရပ်စ်ရဲ့ အချိန်နဲ့ ပြန့်ပွားမှုကို မင်းထိန်းချုပ်နိုင်တာလား။"

ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ အံ့ဩစရာက ဒီမှာပဲ။ ထရိုဂျန်မြင်းဗိုင်းရပ်စ်က ပြင်းထန်တဲ့ အကွားအဝေးနှောင့်နှေးတိုက်ခိုက်မှုစွမ်းရည်တစ်ခုပါ။ ဗိုင်းရပ်စ်ကို ကြိုတင်မြုပ်ထားရင် ရန်သူက သတိလက်လွတ်ဖြစ်နေချိန် ဖျက်ဆီးပစ်နိုင်ပေမဲ့ အချိန်ကိုက်တော့ အသုံးပြုရမယ်။"

လျှိုကျောက်ချင်းက လက်မထောင်ပြသည်။ "မိုက်တယ်။"

ခယ်ရှောင်ပင်းသည် သူ၏စွမ်းရည်များကို ပြသပြီးနောက်တွင် သူက လက်ပ်တော့ကိုဖွင့်ကာ ပြောလိုက်သည်။ "မင်းတို့အလှည့်ပဲ။" 

လျှိုကျောက်ချင်းက ရှေ့ကို လှမ်းပြီး ပြုံးပြကာ ပြောလာသည်။ "ငါလာမယ်။ ငါတို့ဆေးပညာဌာနရဲ့ စွမ်းရည်တွေက ရိုးရှင်းပြီး အကြမ်းထည်ဖြစ်နေတုန်းပါပဲ။ ငါ့မှာ ခွဲစိတ်ဓား၊ ပတ်တီး၊ ချုပ်ရိုးနဲ့ လွှတွေ ရခဲ့တယ်။ ဒီတစ်ခါမှာတော့ ခွဲစိတ်ကုသမှုကုတင်အတွက် ငါ ရိုးရိုးရှင်းရှင်းပဲ အမှတ်အများကြီးနဲ့ လဲလှယ်ခဲ့တယ်၊ အဲဒါက ပြင်းထန်စွာ ဒဏ်ရာရနေတဲ့ လူတွေကို ကုသပေးနိုင်တယ်။"

သူက ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။ "ပတ်တီးက ပြင်ပ‌ဒဏ်ရာတွေကိုသာ ကုသနိုင်ပေမဲ့ ခွဲစိတ်ကုသမှုကုတင်က အတွင်းပိုင်းဒဏ်ရာတွေကို ကုသနိုင်ပြီး သေလုနီးပါးဖြစ်နေတဲ့ လူနာတွေကို ကယ်တင်ပေးနိုင်တယ်။ တစ်နည်းအားဖြင့်ပြောရရင် မင်းတို့က လုံးဝမသေဆုံးဘဲ အသက်ရှူနေသေးသရွေ့ ဒီခွဲစိတ်ကုသမှုကုတင်က မင်းတို့ကို အသက်ပြန်ရှင်အောင် ကယ်တင်နိုင်လိမ့်မယ်။"

ရွှီယိရှန်းက ပြုံးလျက်ပြောသည်။ "စီနီယာအစ်ကိုလျှိုက ပရော်ဖက်ရှင်နယ် ကုသသူအဖြစ် ရာထူးတိုးသွားသလိုပဲနော်။"

လျှိုကျောက်ချင်းက မျက်ခုံးပင့်ကာ "dungeon သွားတာ ကုသမှုမပါလို့ ဘယ်ဖြစ်မလဲ။ ဒါကြောင့် ဆေးပညာဌာနက တိုက်ခိုက်ရေးစွမ်းရည်တွေကို ငါမပြောင်းလဲခဲ့ဘူး။ ငါ့ရဲ့ကုသခြင်းကို အဆင့်မြင့်ဖို့ အမှတ်အားလုံးကို အသုံးပြုခဲ့တာ။ ငါတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်ရေးက လုံလောက်ပြီမဟုတ်လား။"

"စီနီယာအစ်ကိုပြောတာ မှန်တယ်၊ ဒီစွမ်းရည်က အရမ်းအရေးကြီးတယ်။" ယွဲ့ရှင်းဝမ်က အလွန်ကျေနပ်နေကာ ယခုအချိန်အထိ လူတိုင်းသည် အပေါ်ယံဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာအပြင်းအထန်မရှိခဲ့သော်လည်း ကုသခြင်းစွမ်းရည်က အဖွဲ့အတွက် အာမခံချက်တစ်ခုဖြစ်သည်။ စီနီယာအစ်ကိုလျှိုသည် အလွန်မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်မှာ ထင်ရှားသည်။

"မင်း ဘာစွမ်းရည်တွေ သင်ယူခဲ့လဲ။" လျှိုကျောက်ချင်းက ရွှီယိရှန်းကို ကြည့်ပြီး စလေသည်။ "မင်းမှာ ညီအစ်ကိုတွေရှိလာမှာတော့ မဟုတ်ဘူးလား။"

"ဟင့်အင်း၊ ကျွန်တော် ကိုယ်ပွားတွေအများကြီးဆိုရင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။" ရွှီယိရှန်းက ပြုံးကာ ပြောသည်။ "အဲဒါက မျိုးဆက်ဖန်တီးဖို့အတွက် မျိုးရိုးဗီဇဆိုင်ရာ အမွေဆက်ခံမှုဥပဒေတွေကို အသုံးပြုထားတဲ့ ဇီဝဗေဒဌာနကနေ မျိုးရိုးဗီဇလက္ခဏာအမှတ်အသားလို့ခေါ်တဲ့ စွမ်းရည်အသစ်ကို ကျွန်တော်သင်ယူခဲ့တယ်။"

"မျိုးဆက်လား။" ကျိုဖုန်းက စိတ်ရှုပ်သွားသည်။ "မင်း ဘယ်လိုလုပ်တာလဲ၊ မင်း သရုပ်ပြချင်တာလား။"

"အဟမ်း၊ အားလုံးပဲ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြပါ။" ရွှီယိရှန်းသည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး အနီးကပ်လိုက်ကာ ဖြူစင်သန့်ရှင်းသော မျက်နှာနှင့် ရွှီယိရှန်း၏ အငယ်ဗားရှင်းကဲ့သို့ သဘာဝအတိုင်း သစ်အယ်သီးဆံပင်များဖြင့် ရှစ်နှစ်အရွယ် ကလေးက လူတိုင်းရှေ့တွင် ပေါ်လာသည်။ သူသည် ထိုမျိုးဆင်၏ဦးခေါင်းကိုထိကာ ပြောလိုက်သည်။ "မင်းတို့ကို ငါ့သား ရှောင်ရွှီနဲ့ မိတ်ဆက်ပေးပါရစေ။"

"…" အားလုံးက ပြောစရာစကားမဲ့သွားကြသည်။

ယခုတစ်ကြိမ်တွင် ညီအစ်ကိုအနည်းငယ်ရှိမည့်အစား သူသည် ဖခင်တစ်ဦးဖြစ်လာခဲ့သည်။ ဇီဝသိပ္ပံဌာနသည် လူသားမျိုးဗီဇများ ဆက်လက်ဖြစ်ပေါ်နေခြင်းအတွက် အမှန်တကယ်ပင် စိုးရိမ်နေသည်။

လျှိုကျောက်ချင်းသည် ဆောင့်ကြောင့်ထိုင်ချပြီး သူ့ရှေ့က ကောင်လေးကို သေသေချာချာကြည့်ရင်း ရယ်ရမလား ငိုရမလား မသိတော့ချေ။ "ပြောစရာတောင်မလိုဘူး၊ သူက မင်းနဲ့ တော်တော်တူတာပဲ။"

ရွှီယိရှန်းသည် ပြုံးပြီးပြောလိုက်သည်။ "သူက ကျွန်တော့်မျိုးရိုးဗီဇကို အမွေဆက်ခံထားတာဆိုတော့ သူက ကျွန်တော်နဲ့တူမှာပေါ့။ ဘယ်လိုလဲ၊ ချစ်စရာကောင်းတယ်မလား။"

မိန်းကလေးများအားလုံးသည် ဒေါ်လေးအပြုံးမျက်နှာများဖြင့် ရှောင်ရွှီ၏ခေါင်းကို ထိချင်နေကြသည်။

လျှိုကျောက်ချင်းက ကူကယ်ရာမဲ့ နဖူးကို ကိုင်လိုက်ပြီး "...ဒါဆို မင်းမျိုးရိုးဗီဇအမွေဆက်ခံမှုကနေ မျိုးဆက်ကို ဖန်တီးတာက ဘာအတွက်လဲ။"

ရွှီယိရှန်းက ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး လေးနက်စွာ ဆိူသည်။ "သူက ကျွန်တော့်ရဲ့မျိုးရိုးဗီဇကို အမွေဆက်ခံပြီး ကျွန်တော့်ရဲ့စွမ်းရည်တွေအားလုံးကို အမွေဆက်ခံလိမ့်မယ်။ ကျွန်တော့်ရဲ့စွမ်းရည်တွေ စောင့်ဆိုင်းချိန်ရောက်တဲ့အခါ သူက အဲဒါတွေကို အသုံးပြုနိုင်တယ်။ ကျွန်တော် မတော်တဆ သေသွားရင် သူက ကျွန်တော့်ရဲ့ credit မှတ်၊ အမှတ်နဲ့ မှတ်ဉာဏ်နဲ့ အသိစိတ်တွေကိုတောင် အမွေဆက်ခံနိုင်တယ်။ ရိုးရိုးရှင်းရှင်းပြောရရင် သူက ကျွန်တော့်ရဲ့ ဒုတိယအသက်နဲ့တူတယ်။"

လျှိုကျောက်ချင်းက မှတ်ချက်မပေးချင်တော့ဘူး။

ဇီဝသိပ္ပံဌာနသည် ကျောင်းသားများအား ဘဝသိပ္ပံပညာကို လေ့လာစေကာ ကျောင်းသားများအား သူတို့ကိုယ်တိုင် ကိုယ်ပွားရန် mitosis၊ မျိုးဆက်ဖန်တီးရန် မျိုးရိုးဗီဇအမွေဆက်ခံမှုနှင့် ကယ်တင်ရန် DNA helix ကဲ့သို့ ဘဝနှင့်သက်ဆိုင်သောစွမ်းရည်များကို ပေးခဲ့သည်... ရွှီယိရှန်းသည် မသေနိုင်သော ရှောင်ချန်ဖြစ်လာလိမ့်မည်။

ထို့နောက် ကျိုဖုန်း၏အလှည့်ဖြစ်သည်။

ယခင် အများသူငါစိတ်ကြိုက်သင်တန်းများနှင့် အားကစားပြိုင်ပွဲများတွင် လူတိုင်းသည် ရူပဗေဒဌာနမှ အခြားစွမ်းရည်များကို သူ၏စွမ်းရည်များကို မည်သူမျှ မသိချင်ကြသော်လည်း ကျိုဖုန်းက သူ၏အဖွဲ့ဝင်များအား တစ်ခုပြီးတစ်ခု သရုပ်ပြခဲ့သေးသည်။

သူသည် အလင်းရောင်အတွက် အဓိကအသုံးပြုသည့် အခြေခံ အလင်းစွမ်းရည်ကိုသာ သင်ယူခဲ့ပြီး ၎င်းသည် 5x5 မီတာ အကျယ်အဝန်းကို လင်းထိန်စေပြီး အလင်းရောင်ထွက်လာသည့်အခါ အကွာအဝေးအတွင်းမှ သတ္တဝါများကို ခဏအတွင်းမျက်စိကွယ်စေနိုင်သည်။ အဆင့်ပြည့်သို့ အဆင့်မြင့်ပါက AOE တိုက်ခိုက်ရေးအဖြစ် အလင်းစွမ်းရည်ကို အသုံးပြုနိုင်သော်လည်း ကျိုဖုန်းသည် အခြားစွမ်းရည်များကို သင်ယူရန် အမှတ်များချန်ထားဖို့ 'အလင်း'ကို အဆင့်မမြင့်ခဲ့ချေ။

သံလိုက်စွမ်းရည်တွင် အသုံးပြုမှု နှစ်ခုရှိသည်။ ပထမတစ်ခုသည် N နှင့် S ဝင်ရိုးများကို တင်းတင်းကျပ်ကျပ် တွယ်ကပ်ရန် တွန်းအားပေးဖို့ ‘ဆန့်ကျင်ဘက်ဝင်ရိုးစွန်းများ အချင်းချင်း ဆွဲဆောင်ခြင်း’ နိယာမကို အသုံးပြု၍ သံလိုက်၏ အစွန်းနှစ်ဖက်ကို သီးခြားစီ ပစ်ချပြီး မည်သည့် အနေအထားတွင်မဆို ကပ်ထားရန် ဖြစ်သည်။ ဒုတိယမှာ သံ၊ နီကယ်၊ ကိုဘော့နှင့် အခြားသတ္တုများကို စုပ်ယူရန်အတွက် 5 ကုဗမီတာ သံလိုက်စက်ကွင်းကို ဖန်တီးရန်ဖြစ်သည်။

တွန်းအားစွမ်းရည်တွင် ပွတ်တိုက်မှုကိုသာ သင်ယူခဲ့ပြီး ၎င်းသည် ပွတ်တိုက်မှုကို ဖယ်ရှားနိုင်ပြီး မြေပြင်ကို အလွန်ချောမွေ့စေကာ မတ်တပ်ရပ်ရန် မဖြစ်နိုင်တာမျိုး ဒါမှမဟုတ် ပွတ်တိုက်မှုကို တိုးလာစေကာ လူတိုင်းကို လှုပ်ရှားလို့မရတော့အောင် တွယ်ကပ်နေသလို ခံစားစေနိုင်သည်။ 

ကျိုဖုန်းသည် သရုပ်ပြပြီးနောက် သူက ရှင်းဝမ်ကိုကြည့်ကာ ပြောလိုက်သည်။ "လက်ရှိမှာ ငါ လျှပ်စစ်ပတ်လမ်းနဲ့ ဆွဲငင်အားကို အဆင့်ပြည့် အဆင့်မြင့်ထားပြီး အလင်း၊ သံလိုက်၊ ပွတ်တိုက်မှုတွေကို အခြေခံအဆင့်ပဲ သင်ယူခဲ့တယ်။ နျူးကလီးယားနဲ့ အပူလိုမျိုး စွမ်းရည်တွေအပြင် စပရင်တွေနဲ့ ချိန်ခွင်တွေလိုမျိုး ကိရိယာတွေအတွက် ငါ့မှာလုံလောက်တဲ့အမှတ်တွေမရှိတာကြောင့် ဒီအကြောင်းကို ငါအခွင့်အရေးရမှ ပြောပြမယ်။"

ရူပဗေဒသည် အင်ဂျင်နီယာ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး စာကြည့်တိုက်ရှိ ရူပဗေဒဌာန၏ စွမ်းရည်သည် လူများကို ချက်ချင်းလောင်ကျွမ်းစေသော လျှပ်စစ်ပတ်လမ်းဖြစ်စေ၊ လူများကို တစ်စစီဖြစ်အောင် ဆွဲငင်အားကို အသုံးပြုတာဖြစ်စေ အကြမ်းတမ်းဆုံးဖြစ်သည်။ သူတို့တွေ သေချာမကျွမ်းကျင်ပါက သူတို့၏အဖွဲ့ဝင်များကို မတော်တဆ ထိခိုက်ဒဏ်ရာရဖို့ လွယ်ပါသည်။

ကျိုဖုန်း၏စွမ်းရည်သည် လွတ်မြောက်ရေးသင်တန်းများတွင် အလွန်အသုံးဝင်ပါသည်။

ယွဲ့ရှင်းဝမ်က ခန့်မှန်းခဲ့သည်။ "သိပ္ပံနှင့်အင်ဂျင်နီယာဌာနမှာ လွတ်မြောက်ရေးသင်တန်းတွေ ရှိကောင်းရှိနိုင်တယ်။ ဒါ့အပြင် ရူပဗေဒဌာနမှာ တိုက်ခိုက်ရေးစွမ်းရည် များလွန်းတယ်။ အဲဒီအခါကျရင် စီနီယာအစ်ကိုရဲ့ ဒီစွမ်းရည်တွေက အဆင်ပြေလောက်တယ်။"

ကျိုဖုန်း: "ငါလည်း ထင်ပါတယ်။ ဓာတုဗေဒဌာနမှာ ကျိုးကြောင်းဆင်ခြင်းတဲ့ အတန်းတစ်ခု ရှိပြီး ရူပဗေဒဌာနမှာ အမှုဖြေရှင်းဖို့ ကျိုးကြောင်းဆင်ခြင်တာမျိုး ငါတို့ကို မလုပ်ခိုင်းလောက်ဘူး။ နျူးကလီယားရောင်ခြည်၊ ရူပနက္ခတ္တဗေဒ၊ ကွမ်တမ်ရူပဗေဒ စသဖြင့်ရှိပြီး နားထောင်ကြည့်ရသလောက်ကတော့ အဲဒါတွေက အတော်လေး အန္တရာယ်များတဲ့ လွတ်မြောက်ရေးသင်တန်းတွေနဲ့ ဆင်တူတယ်… အိုင်းယား၊ သိပ်မခက်ပါစေနဲ့လို့ပဲ ငါမျှော်လင့်တယ်။"

ယွဲ့ရှင်းဝမ်က အလွန်အကောင်းမြင်သည်။ "သင်တန်းတွေက ပိုခက်ခဲလာပေမဲ့ ကျွန်တော်တို့ရဲ့ အင်အားတွေလည်း တိုးလာတဲ့အတွက် အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။"

ကျိုဖုန်းက ပြုံးလိုက်သည်။ "ဒါအမှန်ပဲ"

သူက လင်းမန့်လော်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ "မန့်လော်၊ မင်း ဘာစွမ်းရည်အသစ်တွေ သင်ယူခဲ့တာလဲ။"

"အမှိုက်အမျိုးအစားခွဲခြင်း…" လင်းမန့်လော်သည် သူမ၏ ညာလက်ကို မြှောက်လိုက်ပြီး အနီ၊ အစိမ်း၊ အပြာနှင့် မီးခိုးရောင် အမှိုက်ပုံးလေးခု ပေါ်လာသည်။ "ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အမှိုက်အမျိုးအစားခွဲခြင်းက မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ပြန်လည်အသုံးပြုနိုင်တဲ့အမှိုက်၊ အန္တရာယ်ရှိတဲ့အမှိုက်၊ ‌အမှိုက်ခြောက်နဲ့ မီးဖိုချောင်သုံးအမှိုက်တွေကို ငါက အမျိုးအစားခွဲခြားပြီး စီမံဆောင်ရွက်နိုင်တယ်။"

လင်းမန့်လော်၏ မျက်လုံးများက ပတ်ပတ်လည်ကို လှမ်းကြည့်ကာ နောက်ဆုံးတွင် ကျိုဖုန်းကို စိုက်ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "ဥပမာ တစ်စုံတစ်ယောက်ကို အန္တရာယ်ရှိတဲ့ အမှိုက်လို့ ထင်ရင် သူ့ကို ဒီအနီရောင်အမှိုက်ပုံးထဲ ထည့်ထားလို့ရတယ်။" 

"..." ကျိုဖုန်းက ရယ်ရမလား ငိုရမလားမသိတော့ပေ။ "ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက အားလုံးကို အမှိုက်အဖြစ် ခွဲခြား‌နိုင်လောက်တဲ့အထိ အရမ်းအံ့သြစရာကောင်းတာလား။"

"အင်း၊ စာကြည့်တိုက်က ပေးခဲ့တဲ့ အမှိုက်ပုံးမှာ အမှိုက်ကို စုဆောင်းတဲ့အခါ မျိုးစိတ်ကန့်သတ်ချက် မရှိဘူး။" လင်းမန့်လော်သည် ဒီစွမ်းရည်အသစ်ကို သဘောကျခဲ့ပြီး ခေတ္တရပ်ကာ ဆိုလိုက်သည်။ "တကယ်တော့ အမှိုက်ပုံးလေးခုထဲမှာ ပြန်လည်အသုံးပြုနိုင်တဲ့အမှိုက်က အကောင်းဆုံးပဲ၊ အဲဒါကို အဖုံးဖွင့်လိုက်ပြီး ငါတိုက်ရိုက်သတ်မှတ်ထားတဲ့ အရာဝတ္ထုတချို့ကို စုပ်ယူနိုင်တယ်။"

ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ဥပမာ ပလတ်စတစ်ဘူးတွေကို ပြန်လည်အသုံးပြုနိုင်တဲ့အမှိုက်ပုံးထဲမှာထားဖို့ သတ်မှတ်လိုက်ရင် အကွာအဝေးအတွင်းမှာရှိတဲ့ ပလပ်စတစ်ဘူးတွေအားလုံးက စီနီယာအစ်မရဲ့အမှိုက်ပုံးထဲကို အလိုအလျောက် ပျံသွားမှာလား။"

"ဟုတ်တယ်၊ အလိုအလျောက် ပြန်လည်အသုံးပြုခြင်းပဲ" လင်းမန့်လော်က ဆိုသည်။

"…" အားလုံး ဘာပြောရမှန်းမသိတော့ပေ။ စာကြည့်တိုက်ရဲ့စွမ်းရည်တွေက ဘယ်တော့မှ ‌ပုံမှန်မဟုတ်ဘူးဆိုတာ သေချာပါတယ်။

#TK