🚩Ch 47
Arc 3.10 အစားထိုးခံချစ်သူ
စု၀မ် သူမတိုက်ခန်းသို့ ပြန်ရောက်သောအခါ ရင်းနှီးသော Maserati ကို တွေ့လိုက်ရသည်။
စုရွေ့သည် ကားကို ကျောမှီ၍ သွယ်လျသော ခြေထောက်များကို သက်တောင့်သက်သာရှိစွာ တစ်ဖက်ပေါ်တစ်ဖက် ကန့်လန့်ဖြတ်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို အနက်ရောင် Maserati ပေါ်တွင် မှီထားသည်။ စုဝမ်ကို မြင်သောအခါ သူမဘက်သို့ အနည်းငယ် တိမ်းစောင်းလိုက်ပြီး နက်မှောင်ကျဉ်းမြောင်းသော မျက်လုံးတစ်စုံဖြင့် သူမမျက်နှာကို တိုက်ရိုက်ကြည့်လိုက်သည်။
အောက်ခြေမဲ့သော မျက်လုံးများသည် ပြင်းထန်နေပြီး ၎င်းတို့တွင် အန္တရာယ်အချို့ရှိနေပေသည်။
ယနေ့ညတွင် စုယွေ့သည် အနက်ရောင် ကုတ်အင်္ကျီကို၀တ်ဆင်ထားပြီး မှင်ရောင်ကဲ့သို့အနက်ရောင်က သူ့ကို ပို၍ပင် အေးစက်စေသည် ။
စု၀မ်က ထိုအကြည့်များအောက် စုယွေ့ဆီသို့ လျှောက်သွားပြီး
" ကျွန်မကို စောင့်နေတာလား "
သူမ မျက်ခုံးပင့်ထားကာ လေသံက ခါတိုင်းကဲ့သို့ တည်ငြိမ်နေသည်။
" မင်း ဒီနေ့ ရှောင်းကျင်မော့နဲ့ တွေ့ခဲ့တာလား "
စုယွေ့က စု၀မ်၏မေးခွန်းကို ဖြေရမည့်အစား မှုန်မှိုင်းသောမျက်နှာဖြင့် သူမကို မေးခွန်းတစ်ခုမေးလာသည်။
" ကျွန်မ နောက်လိုက်ဖို့ တစ်ယောက်ယောက် ကိုခိုင်းထားတာလား "
သူ၏စကားကို ကြားသောအခါ စု၀မ်၏ မက်မွန်ပွင့်ပုံမျက်လုံးများက စိတ်ရှုပ်စွာ မှေးကျဉ်းသွားသည်။ စုဝမ်သည် အပြုံးမဟုတ်သောအပြုံးတစ်ခုဖြင့် သူမ၏ရှေ့က စုယွေ့ကို ကြည့်လိုက်ပြီး
" တကယ်ကို လူတွေစိတ်ဒုက္ခ ပေးတာပဲ မဟုတ်မှလွဲ......ရှင်ကျွန်မကို ချစ်မိသွားပြီလား "
" ကိုယ် မင်းကို ချစ်မိသွားခဲ့တာ မဟုတ်ဘူး "
စုရွေ့၏ခန္ဓာကိုယ်သည် ရှေ့သို့ အနည်းငယ် ကိုင်းလာပြီး စု၀မ်၏မျက်နှာနှင့် နီးကပ်သွားသည် ။ သူက ခေါင်းငုံ့ကာ စု၀မ်၏မျက်လုံးများကို စေ့စေ့ကြည့်ရင်း
" ကိုယ် က မင်း ကို လို ချင် တာ "
[T/N - papapaချင်တာပါ]
ကနဦး သူမ ရုတ်တရတ် ထွက်ခွာသွားချိန် ဂြိုလ်တစ်ခုလုံးပြိုလဲသွားခဲ့သည်။ သူကအလောင်းကောင်တောင်ပုံကြီးနှင့် သွေးပင်လယ်များကြားမှ ပြန်လည်ပေါ်ထွက်လာပြီးသူ၏နှလုံးက ထုံကျင်နေပြီး သေဆုံးသွားပြီဟုပင် ထင်ခဲ့သည်။
ရွှီချယ်မှ ပြန်လည်ထူထောင်ရေးရုံးချုပ်သို့ ခေါ်ဆောင်သွားပြီး "သူမ" ၏ စစ်မှန်သောအထောက်အထားကို သိရှိရသည့်အချိန်မှသာ စုရွေ့သည် သူ၏ရှည်ကြာစွာ သေဆုံးနေခဲ့သော နှလုံးခုန်သံကို ပြန်လည်ကြားလိုက်ရသည်။
" အာ "
သူမ ထိုစကားကြားလိုက်သောအခါ ခပ်ဖျော့ဖျော့ပြုံးကာ
" ရှင့်မှာ လိုချင်တဲ့ အိပ်မက်တစ်ခု ရှိနေတာ ကောင်းပါတယ်၊ ဒါပေမဲ့ အိပ်မက်နဲ့ လက်တွေ့ကြားက အမြဲတမ်း ကွာခြားချက်ကြီးရှိတာကိုတော့ သိထားရမယ် "
စုရွေ့သည် စု၀မ်၏လှောင်ပြောင်ပြောဆိုမှုကို စိတ်ဆိုးခြင်းမရှိပေ။ သူ့အကြည့်တွေက သူမထံ၌ ရှိနေဆဲဖြစ်ကာ ကိုယ်ဟန်အနေအထားကိုလည်း ယခင်ကဲ့သို့ ထိန်းထားဆဲပင်ဖြစ်၏။
ကမ္ဘာများစွာတွင် မစ်ရှင်များထမ်းဆောင်ခဲ့ပြီးသည့်နောက် ယခု စုရွေ့သည် မဟာရှ မင်းဆက်မှ စစ်သူကြီးစု မဟုတ်တော့ချေ။
သူ့အသွင်အပြင်က ပိုပြီးရင့်ကျက်အဆင့်အတန်းမြင့်ပုံပေါက်နေပြီး သူ့နှလုံးသားသည်က ကြောက်စရာပိုကောင်းပြီး အေးစက်နေသည်။
ဤကမ္ဘာတွင် စု၀မ်သည် ရှောင်းကျင်မော့၏အချစ်ဦးနှင့် နှလုံးသားထဲက အစိုင်အခဲဟု ပြောရမည်ဆိုလျှင်......
စုရွေ့၏ကမ္ဘာ၌ စု၀မ်၏နှလုံးသားမဲ့ထွက်ခွာမှုသည် သူ့နှလုံးသားထဲ ကံဆိုးမိုးမှောင်ကျမှုပင်ဖြစ်သည်။
သူမနှင့်တွေ့ဆုံချိန် ဘေးဥပါဒ်မှ လွတ်မြောက်ရန် ကံစီမံထားပြီးဖြစ်သည်။
…………….
စုရွေ့က သူမကို စိုက်ကြည့်နေသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
" ရှင် အပေါ်ထပ် ခဏတက်ချင်လား ကျွန်မ ရှင့်ကို ရှာချင်နေတဲ့ကိစ္စတစ်ခုလည်း ရှိနေခဲ့တာ "
စု၀မ်မှ သူ့ကို အစပြုဖိတ်ကြားသောအခါ စုရွေ့က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်စလုံး တိုက်ခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့်၀င်သွားကြသည်။
စု၀မ် နေထိုင်သောတိုက်ခန်းသည် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခု၏ အဓိကအခန်းဖြစ်သည်။ သူမ check-in မလုပ်ခင်ကပင် သပ်သပ်ရပ်ရပ် အလှဆင်ထားကာ စု၀မ်သည် အခန်းထဲရှိ ပရိဘောဂများကို ရွှေ့ပြောင်းမထားခဲ့ချေ။ နောက်ဆုံးတွင် သူမ၌ ရှည်လျားသည့်စစ်ပွဲ ဆင်နွှဲရန် အစီအစဉ်မရှိပေ။
" အဝတ်အစားလဲလိုက်ဦးမယ် သက်တောင့်သက်သာနေ"
သူမက အိမ်တွင်းစီးဖိနပ်တစ်ရံကို စီးလိုက်ရင်း စုရွေ့ကို ပြောလိုက်သည် ။ ထို့နောက် အဝတ်အစားလဲရန် အခန်းထဲသို့ ၀င်သွားလေသည်။
ထိုယောက်ျားက သူမ အပေါ်ရောက်ချင်သည်ဟု အရှက်မဲ့စွာ လေလုံးကြီးသော်လည်း " အပေါ် " နှင့် "သန်မာ" ဟူသော စကားလုံးများသည် လုံးဝကွဲပြားသော ပုံစံနှစ်မျိုးဖြစ်သည်။ ထို့ကြောင့် စုရွေ့နှင့် ပတ်သက်၍ စု၀မ်က အလွန်စိတ်သက်သာရာရသေးပြီး သူတစ်ခုခုလုပ်မည်ကို သူမ စိုးရိမ်ခြင်းမရှိချေ။
စု၀မ် အဝတ်အစားလဲပြီး အပြင်ထွက်လာမည်ကို စောင့်စားနေချိန်တွင် စုရွေ့က သူ့အင်္ကျီကို ချွတ်လိုက်ပြီး အင်္ကျီလက်များကို ခေါက်ကာ မီးဖိုချောင်၌ အလုပ်များနေသည်။
" ရှင် ဘာလုပ်နေတာလဲ "
စု၀မ်က မီးဖိုချောင်ထဲရှိ စုရွေ့ကို သိလိုစိတ်ဖြင့်မေးကာကြည့်သည်။
" ကိုယ်ဗိုက်ဆာပြီ တစ်ခုခုစားဖို့လုပ်နေတာ "
စုရွေ့က သူ့ကိုယ်သူ အပြင်လူတစ်ယောက်အနေနှင့် လုံးဝ မသတ်မှတ်ထားသလို မီးဖိုချောင်ထဲက ဂတ်စ်မီးဖိုကို ဖွင့်ရင်း စု၀မ်ကို ပြန်ပြောလာသည်။
စု၀မ်အိမ်ရှိ မီးဖိုချောင်က အလွန်သပ်ရပ်ပြီး သာမာန်နေ့များတွင် သူမသည် အိမ်တွင် မစားသောကြောင့် အိမ်ရှိမီးဖိုချောင်သုံးပစ္စည်းများက အသစ်တိုင်းဖြစ်ပေသည်။ ရေခဲသေတ္တာထဲတွင် ဘီယာအချို့အပြင် ခေါက်ဆွဲခြောက်ထုပ်နှင့် ကြက်ဥအနည်းငယ်သာရှိပြီး ၎င်းတို့ကို ပြီးခဲ့သည့် ရက်သတ္တပတ်အားလပ်ရက်က စူပါမားကတ်မှ ဝယ်ခဲ့ခြင်းဖြစ်သည်။
" တစ်ခုခုစားချင်သေးလား "
စုယွေ့ဧည့်ခန်းဆီသို့ေမျှာကြည့်ကာ မေးရင်း ကြက်ဥကို ခွဲလိုက်သည်။
" ဗိုက်ပြည့်နေပြီ၊ ရှင်ကျွန်မဖို့ ချက်စရာမလိုဘူး "
စု၀မ်ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး TV ဖွင့်လိုက်ရာ ညခင်းပထမဆုံးရုပ်သံအစီအစဥ် ထုတ်လွှင့်သည့် အချိန်ဖြစ်နေ၏။
စုဝမ်၏အဖြေကို ကြားသော် စုရွေ့က မီးဖိုချောင်ထဲမှ စကားဆက်မပြောတော့ပေ။ စု၀မ်သည် ဇာတ်လမ်းကြည့်ရင်း ဆိုဖာပေါ်၌ သက်တောင့်သက်သာထိုင်နေလေသည်။ စုယွေ့ခေါက်ဆွဲပန်းကန်နှင့်မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် ဇာတ်လမ်းတွဲထဲမှ ခေါင်းဆောင်မင်းသားက ခေါင်းဆောင်မင်းသမီးကို နားလည်မှုလွဲနေသည့် အကြောင််းတစ်ခုခုရှင်းပြရန်အတွက် အစွမ်းကုန်ကြိုးပန်းနေသည်။
" ကိုယ်ရှင်းပြတာကို နားထောင်၊ ကိုယ်ရှင်းပြတာကို နားထောင်ပါ အား အဲဒါက မင်းထင်သလို မဟုတ်ဘူး "
" နားမထောင်ချင်ဘူး နားမထောင်ဘူး......"
စု၀မ် အံ့အားသင့်စွာ စိတ်ဝင်တစား ကြည့်နေသည်ကိုမြင်သော် စုယွေ့က မထိန်းနိုင်ဘဲ
" ဒီလူက အ လွန်းနေတာပဲ မဟုတ်လား "
" ဟမ် "
စု၀မ် သူမဘေးတွင်ထိုင်နေသော စုယွေ့ကိုကြည့်ကာ
" ရှင် ဘာပြောလိုက်တာလဲ "
" ဒီဇာတ်လမ်းတွဲမှာ ချင်းယွဲ့က ကျန့်ဟုန်နဲ့ တခြားမိန်းကလေးတစ်ယောက် ပွေ့ဖက်နေခဲ့တာကို ကိုယ်တိုင်တွေ့ခဲ့လို့ စိတ်တိုပြီးအိမ်ကနေ ထွက်သွားခဲ့တာ၊ တကယ်တမ်း အဲဒီမိန်းကလေးက ကျန့်ဟုန်နဲ့ နှစ်အတော်ကြာ ကွဲကွာနေခဲ့တဲ့ညီမလေး အခုသူက အရေမရအဖတ်မရစကားတွေအများကြီးပြောနေတယ်လေ၊ 'အဲဒီမိန်းကလေးက ငါ့ညီမ' ဆိုတဲ့ စကားလုံးနည်းနည်း ပြောလိုက်ရုံနဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးလား "
"သူက တိုက်ရိုက်ပြောလိုက်ရင် တီဗီစီးရီးက ဘယ်လိုလုပ်မလဲ ၊ ဒုတိယဇာတ်လိုက်မင်းသားက ဘယ်လိုပေါ်လာရမှာလဲ၊ ပရိသတ်ကရော ဘာကိုကြည့်ရတော့မှာလဲ "
စု၀မ်က စုရွေ့၏ စကားကို မနေနိုင်ဘဲ ပြန်ပြောလိုက်ပြီး စုရွေ့ကလည်း မျက်မှောင်ကြုတ်ပြီး ပြောလာပြန်သည်။
" အချစ်ရေးမှာ နားလည်မှုမလွဲတာမျိုးမဖြစ်ရင် အချစ်စစ်မဟုတ်ဘူးလို့ မဆိုလိုဘူးမလား၊ ယောက်ျားတွေကို သူမအတွက် ရန်မဖြစ်စေတဲ့မိန်းကလေးကို အမျိုးသမီးကောင်းလို့ မယူဆတာလား "
စုရွေ့၏ စိတ်ထက်သန်ပြီး လေးနက်သော အသွင်အပြင်ကို စု၀မ် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
တကယ်တော့ ဒါက ဇာတ်လမ်းဆန်လွန်းတဲ့ အဓိပ္ပာယ်မဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုပဲ မဟုတ်ဘူးလား...ဒီလောက်ထိ သွားရမှရမှာလား...
ဘယ်လောက်တောင် နားမလည်နိုင်စရာလဲ...
စု၀မ် နည်းနည်းလောက် ရယ်ချင်သလိုပင် ခံစားရ၏ ။
" ရှင် ခေါက်ဆွဲစားတော့မှာလား "
ရယ်ချင်စိတ်ကို တွန်းလှန်ရင်း စု၀မ်က စုရွေ့ရှေ့ရှိ ခေါက်ဆွဲပန်းကန်လုံးကို ငုံ့ကြည့်လိုက်သည်။ ပန်းကန်လုံးထဲရှိ ခေါက်ဆွဲဖတ်များကို ကြည့်ရင်း စု၀မ် မျက်ခုံးပင့်ကာ ဘေးနားရှိ စုရွေ့ကို စောင်းကြည့်လိုက်ပြီး
" ဒါတွေက ရှင် ချက်ထားတဲ့ ခေါက်ဆွဲလား "
" အင်း "
စုရွေ့က ရှားရှားပါးပါး ရှက်ရွံ့မှု အနည်းငယ်ကို ထုတ်ဖော်ပြသပြီး
" အချိန်နည်းနည်းကြာသွားပြီး ... ကြက်ဥက ကျက်သလိုဖြစ်သွားတာ "
သူက စကားပြောနေရင်း တူကိုယူကာ ပန်းကန်လုံးထဲတွင် ကြက်ဥပြုတ်ကို ညှပ်ယူလိုက်ပြီး စု၀မ်၏ရှေ့တွင် လှုပ်ယမ်းလိုက်သည်။
သူကဘာတွေကြွားလုံးထုတ်နေတာလဲ...
မူလက သူ့အင်္ကျီလက်တွေကို ခေါက်ပြီး မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရစဉ်က စု၀မ်အလွန်သိလိုခဲ့မိသည်။ သူမ စုရွေ့ကို တကယ်ပင် အလွန်မျှော်လင့်မထားခဲ့သင့်ပေ။
ဒီလူက ဘယ်လိုလုပ် အိမ်မှာနေတဲ့အမျိုးသားဖြစ်မှာလဲ...(အိမ်မှုကိစ္စလုပ်နိုင်တဲ့)
သူ၏လက်များကို လက်နက်များကိုင်ဆောင်ရန် အသုံးပြုခဲ့လေ့ရှိကာ ကြက်ဥကြော်ခြင်းနှင့် အာလူးလှီးဖြတ်ခြင်းအတွက် လုံးဝ အသုံးမပြုသင့်ပေ။
သူ့အား အကူအညီတောင်းရန်ရှိသေးသည်ဟု တွေးမိကာ စု၀မ်သက်ပြင်းချလိုက်သည်။ သူမသည် စုရွေ့၏တူချောင်းများကို ဖိလိုက်ပြီး ခေါက်ဆွဲပန်းကန်ကို အတင်းချခိုင်းလိုက်ရသည်။
" ထားလိုက်ပါတော့ ၊ ရှင်က ဧည့်သည်အနေနဲ့ လာခဲ့တာပဲ ဒီကြက်ဥတစ်လုံးကရှင်စားဖို့ လုံလောက်ရဲ့လား၊ ဒါမှမဟုတ် ကျွန်မ တစ်ခုခုလုပ်ပေးမယ် "
စု၀မ်က စကားဆိုရင်း ထရပ်ပြီး မီးဖိုချောင်ဆီသို့ ဦးတည်သွားခဲ့သဖြင့် စုရွေ့ ပြုံးစပြုလာသည်။ သို့သော် ပြုံးပန်းဝေခြင်းမပြီးဆုံးခင်မှာပဲ စု၀မ်သည် မီးဖိုချောင်ကောင်တာမှ လိပ်စာကတ်ပြားတစ်ခုကို ကျွမ်းကျင်စွာထုတ်ယူကာ နံပါတ်တစ်ခုအား လျင်မြန်စွာ ခေါ်ဆိုလိုက်သည်ကို မြင်လိုက်ရသည်။
" ဒါက ကျန်းမိသားစုစားသောက်ဆိုင်ကပါလား ကျွန်မ အော်ဒါမှာချင်လို့ပါ "
အော်ဒါမှာတယ်...
အော်ဒါမှာတယ်တဲ့လား...
စုရွေ့၏ မျက်နှာပေါ်တွင် ပေါ်လာတော့မည့် အပြုံးက အရိပ်အယောင်မရှိ ချက်ချင်း ပျောက်ကွယ်သွားလေသည် ။
သူမ ကိုယ်တိုင် ချက်ပြုတ်သင့်သည် မဟုတ်ပါလား...
ဝတ္ထုတွေထဲမှာ အဲဒီလိုမျိုး ရေးသားထားကြတယ်မလား...
ဆိုတော့ စစ်သူကြီးစု ရှင် အဲဒီလို၀တ္ထုနဲ့ ဇာတ်လမ်းတွေဘယ်လောက်တောင်မှ ဖတ်ခဲ့တာလဲ...
စစ်သူကြီးစု အရမ်းရူးတာ စု၀မ်သိရဲ့လား...
🚩