🌍Chapter 149
လွန်ခဲ့သည့်၁၅ရက် နန်ကျင်းရှိ စုကော်စူပါမားကတ်တွင်…
မှောင်မည်းနံ့စော်သည့်စူပါမားကတ်ထဲတွင် ရက်စက်ကြမ်းကြုတ်သည့် ကြက်ဆင်ကြီးက တောင်ပံများ တဖျပ်ဖျပ်ခတ်ကာ သူရှေ့မှ လူပုလေးကို စိုက်ကြည့်နေ၏။ လူပုလေးမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေ၏။ သူ သွေးအိုင်ထဲတွင် ဒူးထောက်ကာ ပင့်သက်ရှိုက်လိုက်သည်။
ထိုအမျိုးသမီး၏ဘေးတွင် သေဆုံးနေသောလူငယ်တစ်ယောက်ရှိလေသည်။ ထိုလူငယ်က လက်ထဲတွင် ချွန်ထက်သည့်ဓား ဆုပ်ကိုင်ထားကာ သက်လတ်ပိုင်းအမျိုးသမီး ရှိရာ နေရာသို့ စိုက်ကြည့်နေ၏။ လူငယ်၏ရင်ဘတ်တွင် ကျည်ပေါက် လေးငါးပေါက်ရှိပြီး သူ့ကို သတ်ခဲ့သည့်သေနတ်က သူနှင့်သက်လတ်ပိုင်းအမျိုးသမီးကြားတွင် ရှိနေလေသည်။
အနီးကပ်ကြည့်လိုက်လျှင် လူငယ်နှင့် သက်လတ်ပိုင်းအမျိုးသမီးက အနည်းငယ်ဆင်တူ၏။
သက်လတ်ပိုင်းအမျိုးသမီး တုန်ရီနေ၏။ အချိန်အတော်ကြာပြီးနောက် သူ မျက်နှာကိုအုပ်ကာ နာကျင်စွာ ပြောလိုက်သည်။
“ငါ တစ်ယောက်ပဲ ကျန်တော့တယ်…ငါ တစ်ယောက်တည်းပဲ ကျန်တော့တယ်…ငါ တန်းစီလို့ရှိရင် တစ်ယောက်တည်းပဲ တန်းစီရတော့မှာ…သူတို့အားလုံး သေကုန်ပြီ…ငါ သူတို့ကို မသတ်ဘူး…သူတို့ဖာသာ…မဟုတ်ဘူး…ငါ သူတို့ကို သတ်လိုက်တာ…သူတို့ သေကုန်ပြီ…အားလုံး သေကုန်ပြီ…ငါပဲ ကျန်တော့တယ်…ငါ နိုင်ပြီ…ငါ အသက်ရှင်နေတယ်….ငါ အသက်ရှင်နေသေးတယ်…အခု ငါ့ကို ပိုးကောင်ကျွေးတော့လေ…”
သက်လတ်ပိုင်းအမျိုးသမီးကြီး ရူးသွပ်သွားပြီဖြစ်သည်။ သူ ရုတ်တရက် ခေါင်းမော့ကာ ကြက်ဆင်ကြီးကို ကြည့်လိုက်သည်။
လွန်ခဲ့သည့်ငါးနာရီက လူခုနစ်ယောက် ဂိမ်းထဲသို့ ဆွဲသွင်းခံရလေသည်။ ကြက်ဆင်ကြီး သူတို့ကို တန်းစီရန် ပြောခဲ့သည်။ ကစားသမားခုနစ်ယောက်က မည်သို့ တန်းစီရမည်မှန်း မသိချေ။ ကြက်ဆင်က မေးခွန်းတစ်ခုကိုသာ မှန်ကန်စွာ ဖြေဆိုမည့် ထောင်ချောက်ကိုလည်း အစပိုင်းတွင် သတိမထားမိခဲ့ကြသဖြင့် အခွင့်အရေးများစွာ အလဟဿဖြစ်ခဲ့ရလေသည်။ သူတို့ အားနည်းလွန်းသဖြင့် လင်းယုန် ကြက်ပေါက်ဖမ်းခြင်းတွင် အချင်းချင်း ပြန်သတ်ရုံသာ တတ်နိုင်ခဲ့သည်။
တစ်စုံတစ်ယောက်သေဆုံးနေသရွေ့ကြက်ဆင်ကြီး စိတ်ကစဉ့်ကလျားဖြစ်ရာမှ ရပ်သွားပြီး နောက်တစ်ကြိမ်တန်းစီခြင်းကို ချက်ချင်းစတင်မည်ဖြစ်သည်။
သူ မသေချင်ပေ။ သူ မသတ်ချင်ပေ။ သို့သော် သူ မသေချင်သဖြင့် သူ့မောင်လေးကိုပင် သတ်ခဲ့ရလေသည်။
စူပါမားကတ်က မှောင်ဖျဖျနေပြီး တစ်ခုတည်းသောအလင်းရောင်မှ ၀င်ပေါက်ဆီမှလာသည့်အလင်းရောင်သာဖြစ်သည်။ သက်လတ်ပိုင်းအမျိုးသမီး ထိုသို့အော်လိုက်သည်နှင့် ကြက်ဆင်ကြီး၏မျက်လုံးအရောင်က သွေးရောင်မှ မူလအမည်းရောင်သို့တဖြည်းဖြည်းပြောင်းသွားလေသည်။ ကြက်ဆင်ကြီး ကြောက်လန့်နေသည့်လူသားကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ရယ်မောလိုက်သည်။
သက်လတ်ပိုင်းအမျိုးသမီး အေးခဲသွားပြီး ကြက်ဆင်ကြီးကို မော့ကြည့်လိုက်သည်။
ကြက်ဆင်ကြီးက အန္တရာယ်ရှိသည့်အပြုံး ပြုံးလိုက်ပြီး သူ့၏ရွဲ့တဲ့တဲ့ရယ်သံက စူပါမားကတ်တွင်း ပျံ့နှံ့သွားလေသည်။ သူ အတွင်းဘက်အကျဆုံး စင်သို့သွားကာခြေသည်းကို ဆန့်လိုက်၍ အသားပိုင်းကို ဆွဲယူလိုက်သည်။ ထို့နောက် ငွေသိမ်းကောင်တာသို့သွားကာ ယောကျာ်းတစ်ယောက်၏ခန္ဓာကိုယ်အပိုင်းအစကို ဆွဲယူလိုက်သည်။ အလယ်တန်းကျောင်းသူ၊ လှပသည့်မိန်းကလေးအစရှိသည့်လူများကိုလည်း ဆွဲယူလိုက်လေသည်။
နောက်ဆုံးတွင် သက်လတ်ပိုင်းအမျိုးသမီး၏မောင်လေးကို ဆွဲယူကာ အလောင်းများကို အမျိုးသမီးရှေ့ ချပေးလိုက်၏။
သွေးများပေကျံနေသည့်မျက်နှာနှင့်သက်လတ်ပိုင်းအမျိုးသမီးက ကြက်ဆင်ကြီးကို ကြောင်အစွာ စိုက်ကြည့်လိုက်သည်။
သူ ယခုဘာဖြစ်နေမှန်း နားမလည်နိုင်ပေ။
ကြက်ဆင်ကြီး ရယ်မောလိုက်ပြီး အမျိုးသမီးကို ချစ်ခင်စွာ ကြည့်လိုက်သည်။
“မေမေ့သမီးလေး ကွန်ဂရက်ကျူလေးရှင်းပါ…သမီးက နောက်ဆုံးအသက်ရှင်ကျန်ရစ်သူပဲ…မေမေ သမီးကို ပြောဖို့မေ့သွားတယ်…သူတို့တွေ သေသွားကြရင်တောင် သူတို့ကို မေ့ထားလို့မရဘူးလေ…ဒါဆို တန်းစီကြရအောင်…မေမေ သမီးမောင်လေးရဲ့ခန္ဓာကိုယ် ယူလာပေးတယ်…သမီး တန်းစီလို့ရပြီ…”
ကြက်ဆင်ကြီး လူငယ်၏ခန္ဓာကိုယ်ကိုကောက်ကာ အမျိုးသမီးရှေ့ ချပေးလိုက်သည်။ သက်လတ်ပိုင်းအမျိုးသမီး သူ့မောင်လေး၏ထိတ်လန့်မှုကြောင့် ပြူးကျယ်နေသော မျက်လုံးကို စိုက်ကြည့်လိုက်လေသည်။
ကြက်ဆင်ကြီး လူငယ်၏အလောင်းပေါ် နင်းကာ နူးညံ့စွာ ရယ်မောလိုက်သည်ာ
“ဘာတွေစဉ်းစားနေတာလဲ…သူ့နေရာက ပထမမလား…အလောင်းတွေကို ရွှေ့လိုက်တော့လေ…သမီးနေရာကရော…”
ကြက်ဆင်ကြီး၏ခြောက်ခြားစရာကောင်းသည့်ရယ်သံ ပိုမိုကျယ်လောင်လာလေသည်။
သူ သက်လတ်ပိုင်းအမျိုးသမီးကို လောဘတကြီး ကြည့်လိုက်သည်။
အဆုံးတွင် ကြက်ဆင်ကြီးက တကယ်မေ့သွားခြင်းလား။ အမှန်တရားကို တမင်တကာ မပြောပြခြင်းလားဆိုသည်ကို မည်သူမှ မသိပေ။
သက်လတ်ပိုင်းအမျိုးသမီး၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် ကြက်ဆင်ကြီးက သူ့ကို နိမိတ်မကောင်းသည့်အပြုံးဖြင့် စိုက်ကြည့်နေလေသည်။ အမျိုးသမီး သူ့မောင်လေးကို ထိတ်လန့်စွာ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ ကြက်ဆင်ကြီး ဆွဲဖြဲသတ်ထားသည့် ကစားသမားများသို့မဟုတ် ကစားသမားအချင်းချင်း အသတ်ခံခဲ့ရသော ယဇ်ကောင်ကစားသမားများကို ကြည့်လိုက်ပြီး အော်လိုက်၏။
“အားးး”
ကြက်ဆင်ကြီး၏ရယ်သံ ပိုမိုကျယ်လောင်လာလေတော့သည်။
***
၁၅ရက်ကြာပြီးနောက် စုကော်စူပါမားကတ်တွင်…
ရှောင်ကျီထုံး ဆံပင်ရှည်မိန်းကလေး၏ အထောက်အ ထားအမှန်ကို ပြောပြီးသည်နှင့် ထန်မော့ သူ့မေးခွန်း၏အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။
နင်နင်းက ခိုး၀င်သူဖြစ်ပြီး သူ့အဆင့်က အနိမ့်ဆုံးဖြစ်လေသည်။ ‘တရား၀င်ကစားသမား၊ အရံကစားသမားနှင့် ခိုး၀င်သူ’ဟူ၍ တန်းစီနိုင်ချေရှိသော်လည်း’အနက်ရောင် မျှော်စင်မရှင်းရသေးသူများ၊ ပထမအထပ်ရှင်းလင်းပြီးသူများနှင့် ဒုတိယအဆင့်ရှင်းလင်းပြီးသူများ'ဟူ၍ တန်းစီထားနိုင်ချေလည်းရှိလေသည်။
နင်နင်းက အနက်ရောင်မျှော်စင်ဒုတိယထပ် ရှင်းလင်းပြီးသူတစ်ယောက်ဖြစ်ပြီး သူ့အထောက်အထားက ထိုဖြစ်နိုင်ချေနှင့် မလွဲချော်နိုင်ချေလည်း ရှိပေသည်။ ထို့ကြောင့် ရှောင်ကျီထုံးက ရှောင်ချောင်း၏နေရာ ပထမဟုတ်မဟုတ် မေးခဲ့ရခြင်းဖြစ်သည်။
“ရှောင်ချောင်းသာ တတိယဆိုရင် တန်းစီတဲ့ အလှည့်စဉ်က ကစားသမားတွေရဲ့ အထပ်ရှင်းလင်းမှုပေါ် မူတည်ဖို့ ၉၀%ရှိတယ်…ဒါပေမဲ့ ရှောင်ချောင်းက ဒုတိယဖြစ်နေတော့ ကစားသမားတွေရဲ့အထောက်အထားအရ စီနိုင်ချေ ၉၀%ရှိတယ်…”
ရှောင်ကျီထုံး ပြုံးလိုက်သည်။
“ရှောင်ချောင်းက အထူးကစားသမားပဲ…တရား၀င်ကစားသမားနှစ်ယောက်ရှိတော့ အဲ့ဒါက ‘ကစားသမားအထောက်အထားအရစီတာကို'သက်သေပြနေတယ်…ဒါ့အပြင် သူက အနက်ရောင်မျှော်စင်ပထမထပ်မှာ ရှိနေတဲ့ တစ်ဦးတည်းသော ကစားသမားပဲ…”
ဖူ၀မ်သော်၏စူးရှသည့်မျက်လုံးများဖြင့် ကြက်ဆင်ကြီး နင်နင်းကို သတ်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း ရှာတွေ့ခဲ့သည်။ ထို့ကြောင့် လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းအကြောင်း မေးလိုက်ခြင်းဖြစ်သည်။
ရှောင်ကျီထုံးကလည်း အလွန် လိမ္မာပါးနပ်လေသည်။ ဖူ၀မ်သော် မေးခွန်းကို သဘောပေါက်သည်နှင့် မေးခွန်းတစ်ခု ထပ်ဖြည့်မေးလိုက်ကာ ကစားသမားများကို ကြီးမားသည့်အကျိုးကျေးဇူးပေးခဲ့သည်။
အနက်ရောင်မျှော်စင်ဂိမ်းတိုင်းတွင် ဂိမ်းလမ်းညွှန်ရှိလေသည်။ ဖြစ်ရပ်မှန်ဖြစ်စဉ်တွင် ဖြစ်စေ၊ သာမာန်ဖြစ်စဉ်တွေဖြစ်စေ အနက်ရောင်မျှော်စင်က ကစားသမားများ အနိုင်ရရန် အခွင့်အရေးပေးမည်ဖြစ်သည်။ အနက်ရောင်မျှော်စင်၏ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆိုလျှင် တန်းစီသည့်အလှည့်တွင်စည်းမျဉ်းရှိကိုရှိရမည်ဖြစ်သည်။ ကျပန်း ဖြစ်နိုင်ချေ မရှိပေ။
တရား၀င်ကစားသမားများ၊ အရံကစားသမားများနှင့် ခိုး၀င်သူများ။
ဤကား အနက်ရောင်မျှော်စင် စီစဉ်သည့်အလှည့်စဉ်ဖြစ်သည်။
အနက်ရောင်မျှော်စင်က ခိုး၀င်သူနှင့်မွန်းစတားများကို မုန်းတီးလေသည်။ ထို့ကြောင့် ခိုး၀င်သူများကို နောက်ဆုံးတွင် ထားမှသာလျှင် ကြက်ဆင်ကြီး လင်းယုန်အဖြစ် ပြောင်းသွားသောအခါ သူတို့ကိုစားနိုင်မည်ဖြစ်သည်။
ဆံပင်တိုမိန်းကလေး၏ဂရုစိုက်ပေးမှုနှင့် တွင်းထွက်ရေသန့်၏အကျိုးသက်ရောက်မှုအောက်တွင် သတိမေ့နေသော ဆံပင်ရှည်မိန်းကလေးနိုးလာပြီဖြစ်သည်။ တွင်းထွက်ရေသန့်ဂိမ်းကူပစ္စည်း၏သက်ရောက်မှုက တကယ်ကောင်းပေသည်။ နိုးလာပြီးနောက် ဒဏ်ရာ တဖြည်းဖြည်းသက်သာလာပြီး ဖြည်းဖြည်းချင်းစကားပြောလာနိုင်ပြီဖြစ်သည်။
ထန်မော့ သူရရှိခဲ့သည့်သဲလွန်စများကို သေချာပြန်တွေးလိုက်ပြီး ဖူ၀မ်သော်နှင့်ရှောင်ကျီထုံးတို့၏ခန့်မှန်းချက်များနှင့်ပေါင်းစပ်လိုက်သည်။ သူ ကောက်ချက်ချလိုက်၏။
“တန်းစီတဲ့အလှည့်စဉ်က ငါ၊ ကောင်လေး၊မစ္စတာရှောင်၊ မိန်းကလေးနှစ်ယောက်၊ ဖူ…ထန်ချီနဲ့ နင်နင်းပဲ…”
ရှောင်ကျီထုံး ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်…ရှောင်ချောင်းက ဒုတိယဖြစ်ပြီးနင်နင်းက နောက်ဆုံးပဲ…အလယ်မှာ ငါနဲ့ မိန်းကလေးနှစ်ယောက်ပဲ…”
ထန်မော့ ပြောလိုက်သည်။
“တရား၀င်ကစားသမားနဲ့ ခိုးဝင်သူတွေရဲ့နေရာနဲ့ပတ်သက်ပြီး သံသယသိပ်မရှိပေမဲ့ အရေးအကြီးဆုံးက မင်းတို့သုံးယောက် အလှည့်စဉ်ပဲ…မင်းတို့အားလုံး အရံကစားသမားတွေမလား…”
“ငါက အရံကစားသမားဆိုပေမဲ့ အနက်ရောင်မျှော်စင်ဂိမ်းကို ရှင်းလင်းပြီးသွားတော့ ပုံမှန်ကစားသမားဖြစ်လာပြီ…ဒါကြောင့် တတိယနေရာမှာရှိဖို့ ဖြစ်နိုင်ချေ အရမ်းများတယ်…”
ရှောင်ကျီထုံး ပြောလိုက်သည်။
ထန်မော့ ထိုထင်မြင်ချက်ကို သဘောတူလိုက်သည်။ သို့သော် ထို့ထက် ပိုအရေးကြီးသည်မှာမိန်းကလေးနှစ်ယောက်၏နေရာဖြစ်သည်။
“သူတို့ကို ဘယ်လိုနေရာချထားသင့်လဲ…”
အားလုံးက ကျောင်းသူနှစ်ယောက်ကို စိုက်ကြည့်လိုက်ကြသည်။
ဆံပင်ရှည်မိန်းကလေးက ယခုထိ အပြည့်အ၀မသက်သာသေးပေ။ သူ သူ့အဖော်၏လက်မောင်းကို မှီထားရလေသည်။ ဆံပင်တိုမိန်းကလေး ထန်မော့နှင့်အခြားလူများ၏စကားကို နားထောင်ပြီးနောက် သူနှင့်သူ့အဖော်၏အလှည့်စဉ်က အရေးကြီးကြောင်း သိလိုက်ရသည်။ သူ ဦးနှောက်ကို အလုပ်ပေးကာ အချိန်အတော်ကြာ တွေးတောပြီးနောက် သူ့သိသမျှ အချက်အလက်အားလုံး ပြောပြလိုက်သည်။
“ယွမ်ယွမ်နဲ့ ကျွန်မက ကျောင်းတူတဲ့အတန်းဖော်တွေ ဖြစ်ကြပေမဲ့ အခန်းမတူဘူး…ကမ္ဘာကြီးအွန်လိုင်းပေါ်တက်တဲ့နေ့က အားလုံးပျောက်ကွယ်သွားပြီး ကျွန်မတို့ပဲ ပထမတန်းမှာ ကျန်ခဲ့ကြတာ…ကျောင်းမှာ ကျွန်မတို့နှစ်ယောက်ပဲကျန်ခဲ့တာ…အဲ့နေ့ကတည်းက ကျွန်မတို့ အတူတူနေခဲ့ကြတာပဲ…”
ဤမိန်းကလေးနှစ်ယောက်၏ဂိမ်းအတွေ့အကြုံများက အရံကစားသမားအများစုကဲ့သို့ပင်ဖြစ်သည်။ သူတို့တွင် စွမ်းရည်မရှိကြသလို တုံးလည်း မတုံးအကြပေ။ သို့သော် လိမ္မာပါးနပ်ခြင်းလည်း မရှိကြပေ။ သူတို့က ဖြစ်စဉ်များကို ဂရုတစိုက် ရှောင်ရှားပြီး ဂိမ်းထဲတွင် ပါ၀င်ကြရလေသည်။ အချက်အလက်များကို တစ်ကိုယ်ကောင်းဆန်ကာ ဝှက်မထားတတ်သည့် နန်ကျင်းတွင် နေကြသည်မှာ ကံကောင်းလှ၏။ ဤလေးလအတွင်း မိန်းကလေးနှစ်ယောက် လုံခြုံစွာ နေထိုင်ခဲ့ရသည်။သူတို့ ဂိမ်းအချို့တွင် ပါ၀င်ကာ အန္တရာယ်များမှ လွတ်မြောက်နိုင်ခဲ့ကြလေသည်။
သူတို့လို အသက်ရှင်ကျန်ခဲ့သည့်ကစားသမားများစွာ ရှိပေသည်။ မိန်းကလေးနှစ်ယောက်တွင် အထူးလက္ခဏာများ မရှိသလို ခွန်အားနှင့် အခြားကဏ္ဍများမှာလည်း ဆင်တူကြလေသည်။ သူတို့ကို သီးခြားခွဲထုတ်လိုက်ရန် မဖြစ်နိုင်ပေ။
ရှောင်ကျီထုံး အချိန်ခဏကြာ ဆင်ခြင်သုံးသပ်ပြီးနောက် ပြောလိုက်သည်။
“ငါတို့က တစ်ခါပဲ တန်းစီရသေးတာပဲ…အလှည့်စဉ်မှားစီမိတာက ကြီးကြီးမားမား မဟုတ်ပါဘူး…လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းက လွတ်မြောက်နိုင်သရွေ့ နောက်တစ်ကြိမ် ထပ်စီလို့ရတယ်…ဒီတစ်ကြိမ် မင်းက ပထမပဲ…”
သူ ဆံပင်တိုမိန်းကလေးကို ညွှန်ပြပြီးနောက် ဆံပင်ရှည်မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ပဉ္စမနေရာပေါ့…”
ဖူ၀မ်သော် မေးလိုက်သည်
“ဘာကို အခြေခံပြီးလဲ…”
သူတို့ ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်ကြ၏။
ရှောင်ကျီထုံး ရယ်လိုက်သည်။
“အလိုလိုသိစိတ်ပေါ့ မစ္စတာထန်ချီ…ငါ အရင်က ပြောဖူးပါတယ်…ဂိမ်းဆော့တဲ့အခါ ငါ့ရဲ့အလိုလိုသိစိတ်ကို ယုံတယ်…ဒါက အတွေ့အကြုံရှိတဲ့ ရဲတွေလိုပဲ…သူတို့က သဲလွန်စအများကြီးမလိုဘူး…လူသတ်သမားကို မြင်လိုက်တာနဲ့ ‘’ဒါ လူသတ်သမား'ဆိုတာ ခံစားမိနိုင်တယ်…ကမ္ဘာကြီးအွန်လိုင်းပေါ် တက်သွားကတည်းက ငါ ဂိမ်းတွေ အများကြီး ကစားခဲ့တယ်…ငါ့ရဲ့အတွေ့အကြုံက တစ်ခါတစ်လေ အလိုလိုသိစိတ်က ကျိုးကြောင်းဆက်စပ်တဲ့အတွေးတွေထက် အရေးကြီးတာကို ပြောပြနေတယ်…”
သူ ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါ့အပြင် ဒါက ဒုတိယအကြိမ်တန်းစီတာ…မှားသွားရင်လည်း နောက်ထပ်အခွင့်အရေးရှိပါသေးတယ်…”
ဖူ၀မ်သော် ထပ်မပြောတော့သဖြင့် ထန်မော့သဘောတူလိုက်၏။
ထန်မော့၊ ရှောင်ချောင်း၊ ရှောင်ကျီထုံး၊ ဆံပင်တိုမိန်းကလေး၊ ဆံပင်ရှည်မိန်းကလေး၊ ဖူ၀မ်သော်နှင့် နင်နင်း။
ဤကား လူခုနစ်ယောက်၏နေရာဖြစ်လေသည်။ အကယ်၍ အမှားလုပ်မိခဲ့လျှင်ပင် မိန်းကလေးနှစ်ယောက်၏နေရာကို လဲလိုက်နိုင်ပေသည်။ သူတို့ မှားယွင်းစွာ အမျိုးအစားခွဲမိနိုင်ချေ၊ တန်းစီသည့်အလှည့်မှားယွင်းနိုင်ချေ ၂၀%ရှိလေသည်။
နောက်ခြေလှမ်းမှာ တန်းစီသည့်အချိန်ကို စောင့်နေရန်ဖြစ်သည်။
ထိုအချိန်အတွင်း ဆံပင်ရှည်မိန်းကလေး၏ဒဏ်ရာ တဖြည်းဖြည်း သက်သာလာလေသည်။ သူ ယခင်ကဲ့သို့ ပြန်ကျန်းမမာသေးသော်လည်း မတ်တပ်ရပ်နိုင်သလို ပြေးလည်း ပြေးနိုင်လေသည်။ ဤတစ်ကြိမ်တွင် သူ ပဉ္စမနေရာတွင် ရပ်မည်ဖြစ်သဖြင့် ကြက်ဆင်ကြီး၏ ပထမပစ်မှတ် မဖြစ်နိုင်တော့ပေ။သူ ပိုလုံခြုံသင့်ပေသည်။
ဆံပင်တိုမိန်းကလေးက အရေထူပြီး ရှောင်ကျီထုံးထံမှ တွင်းထွက်ရေသန့်ဂိမ်းကူပစ္စည်းချေးကာ ကျန်ရှိသည့်ရေတစ်၀က်ကို သူ့အဖော်ပေါ် လောင်းချပေးလိုက်ပြီး ဒဏ်ရာအမြန်သက်သာလာစေလေသည်။ အကယ်၍ တန်းစီသည့်အလှည့် မှားသွားလျှင် လင်းယုန်ကြက်ပေါက်ဖမ်းခြင်းဂိမ်း ထပ်မံစတင်မည် ဖြစ်သည်။ ဆံပင်ရှည်မိန်းကလေးတွင် လွတ်မြောက်နိုင်ရန် စွမ်းအားမရှိပေ။
ထန်မော့ ဖြူဖျော့နေသည့်မိန်းကလေးကို ကြည့်ကာ တစ်စုံတစ်ခုအား သတိရသွားသည်။
“ကြက်ဆင်ကြီးက သူ့ကို မသတ်ချင်ခဲ့ဘူး…”
ဖူ၀မ်သော် ထန်မော့၏စကားကို ကြားသောအခါ တစ်ဖက်လူဆိုလိုချင်သည့်အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။ သူ ပြောလိုက်၏။
“လင်းယုန် ကြက်ပေါက်ဖမ်းခြင်းဂိမ်းရဲ့စည်းမျဉ်းက နောက်ဆုံးကြက်ပေါက်ကိုဖမ်းဖို့ပဲ…သတ်ပစ်ဖို့ဆိုလည်း မမှားဘူး…”
ထန်မော့ မလှမ်းမကမ်းတွင် ဆွေးနွေးနေကြသည့် ရှောင်ကျီထုံးအဖွဲ့ကို ကြည့်လိုက်သည်။
ထို့နောက် ဖူ၀မ်သော်ကို ပြန်ကြည့်လိုက်ကာ ပြောလိုက်သည်။
“ကြက်ဆင်ကြီးရဲ့ရည်ရွယ်ချက်က နင်နင်းကို သတ်ဖို့ပဲ…သူ အစပိုင်းမှာ တမင်သက်သက်နင်နင်းကို မတိုက်ခိုက်ခဲ့တာ…သူ ကစားသမားအားလုံးကို အရင်တိုက်ခိုက်ပြခဲ့တာပဲ…သူသာ တောင်ပံ ဖြန့်လိုက်ရင် ကျောင်းသူလေးသေသွားနိုင်ပေမဲ့ သူ အဲ့လို မလုပ်ခဲ့ဘူး…ဒီမှာ ဖြစ်နိုင်ချေနှစ်ခုရှိတယ်…တစ်ခုက သူ နင်နင်းကိုပဲ သတ်လို့ရပြီး တခြားလူတွေကို သတ်လို့မရတာပဲ…ဒုတိယတစ်ခုကသူ ကစားသမားတွေကို နာကျင်စေချင်လို့ပဲ…မသေဘဲနဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေ ရစေချင်တာ…”
ဤသို့ဖြစ်လျှင် ကြက်ဆင်ကြီးမှာ စက်ဆုပ်စရာကောင်းပေသည်။
လင်းယုန် ကြက်ပေါက်ဖမ်းခြင်းတစ်နာရီတွင် ကစားသမားများမှာ ကြက်ဆင်ကြီးကို မတိုက်ခိုက်နိုင်ပေ။ ကြက်ဆင်ကြီး၏တိုက်ခိုက်မှုမှ သူတို့ကိုယ်သူတို့ ကာကွယ်ရန်သာ တတ်နိုင်လေသည်။ ကြက်ဆင်ကြီးက ကစားသမားတစ်ယောက်ပြီးတစ်ယောက်ဒဏ်ရာရစေလေသည်။ သူ ကစားသမားများကို မသတ်ပေ။ ထိုအစား ပြင်းထန်သည့်ဒဏ်ရာများ ရစေလေသည်။ ဤနည်းဖြင့် နောက်တစ်ကြိမ်ဂိမ်းတွင် ကစားသမားများ လွတ်မြောက်ရန် ခက်ခဲမည်ဖြစ်သည်။
ထိုနည်းဖြင့် နောက်တစ်ကြိမ်ဂိမ်းတွင်ကစားသမားများ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။ သူတို့ သေသွားကြပေမည်။
သူတို့ အလှည့်စဉ် မမှားနိုင်ချေ ၈၀%ရှိသော်လည်း ထန်မော့နှင့်ဖူ၀မ်သော်တို့ ကြိုတင်ပြင်ဆင်ထားဆဲဖြစ်သည်။ ဖူ၀မ်သော် သေနတ်ထဲသို့ ကျည်ထပ်ဖြည့်လိုက်သည်။
ပထမအကြိမ် မှတစ်ဆင့် ထီးလေးက ကြက်ဆင်ကြီးကို မည်သည့်ဒဏ်ရာမှ မပေးနိုင်ကြောင်းသိသော်လည်း ထီးလေးကို ဒိုင်းအဖြစ်သုံးရန်ရွေးချယ်ထားဆဲဖြစ်သည်။
အားလုံး အသင့်ပြင်ပြီးနောက် ကစားသမားခုနစ်ယောက် စု၍ နောက်တစ်ကြိမ် တန်းစီမည့်အလှည့်ကို စောင့်လိုက်ကြလေသည်။
“နန်ကျင်းက အရမ်းကောင်းတဲ့မြို့ပဲ…ကမ္ဘာကြီးအွန်လိုင်းပေါ်တက်သွားတဲ့အခါ သာမာန်ကစားသမားအများစု ဒီမှာရှင်သန်နိုင်တယ်…”
ထန်မော့ ရှောင်ကျီထုံးကို လှည့်ကြည့်လိုက်သည်။
ရှောင်ကျီထုံးက အဝေးမှ လမ်းလျှောက်လာသော ကြက်ဆင်ကြီးကို ကြည့်နေလေသည်။
မမှားပေ။ နန်ကျင်းက အလွန်လုံခြုံသော်လည်း အလွန်လည်းအန္တရာယ်များပေသည်။
ထန်မော့ စကားပြောမည်ပြုစဉ် သူ့ဘေးမှအသံကို ကြားလိုက်ရသည်။
“သုံးလအတွင်း ကစားသမားတိုင်းက မျှော်စင်ကို တစ်ကြိမ်တိုက်ခိုက်ရမယ်…”
ရှောင်ကျီထုံး ပြုံးကာ ဆက်ပြောလိုက်သည်။
“ဟုတ်တာပေါ့…ကစားသမားတွေကို မျှော်စင်ကို တိုက်ခိုက်ဖို့ တွန်းအားပေးတာတော့ မရှိဘူးပေါ့…”
ကစားသမားများ မျှော်စင်ကို တိုက်ခိုက်ရန်မလိုလျှင် နန်ကျင်းက အလွန်ကောင်းသည့်မြို့ဖြစ်လေသည်။
အလွန်အကျွံကာကွယ်ခြင်းသည် ရေရှည်၌သတ်သေခြင်းပင်ဖြစ်သည်။
နန်ကျင်းရှိအစွမ်းထက်သည့် ကစားသမားများက သာမာန်ကစားသမားများကို ကာကွယ်ရပေသည်။ သူတို့ကို ဖြစ်စဉ်၀င်ပေါက်များအကြောင်း ပြောပြရကာ ခိုးဝင်သူများကိုလည်း လွတ်လပ်စွာ သတ်ဖြတ်ခြင်းကို တားမြစ်ထားလေသည်။ သို့သော်လည်း ယင်းကား ကစားသမားများကို နွေးထွေးသည့် ပုခက်ပေးခြင်းနှင့်တူပေသည်။ ပုခက်ထဲရှိကစားသမားများက ကြီးပြင်းလာရန် ဆန္ဒမရှိကြချေ။ နေ့တိုင်း ပုံမှန်အတိုင်း အသက်ရှင်နေမည်ဖြစ်၏။
အနက်ရောင်မျှော်စင်က ထိုအခြေအနေကို စိုးရိမ်သဖြင့် စည်းမျဉ်းထုတ်ခဲ့သည်။ ကစားသမားတိုင်း မျှော်စင်ကို သုံးလအတွင်း တိုက်ခိုက်ရန် လိုလေသည်။
ကြက်ဆင်ကြီး နီးသထက် နီးလာလေပြီ။ ထန်မော့၏အကြည့်က ကြမ်းပြင်ပေါ်ရှိ သွေးများပေါ်သို့ ရောက်သွားပြီး ရုတ်တရက်ပြောလိုက်သည်။
“ဒီမှာ အနည်းဆုံး ကစားသမား၁၀၀လောက်သေသွားတယ်…”
ရှောင်ကျီထုံး ပြန်ဖြေလိုက်သည်။
“မှတ်တမ်းအရဆို ၁၅၀၀န်းကျင်ရှိတယ်…”
လူ၁၅၀တွင် မည်သူကမှ မှန်ကန်သည့် အလှည့်စဉ်ကို ရှာမတွေ့ခဲ့ကြပေ။ ထိုနံပါတ်က တစ်ခုခု မှားယွင်းနေသည်ဟု ထန်မော့ ခံစားနေရသော်လည်း ထိုအကြောင်း စဉ်းစားရန် အချိန်မရှိပေ။ မာရီယိုဖြစ်စဉ်တွင် လူပေါင်း၆၀၀၀ထက်မနည်း သေသွားလေသည်။ လူပေါင်း၆၀၀၀ထက်မနည်းသေဆုံးခဲ့ရသည့် ထိုဂိမ်းက သာမာန်နည်းလမ်းများသုံး၍ အနိုင်မရနိုင်ကြောင်းကို ပြသနေပေသည်။
ကြက်ဆင်ကြီး နီးကပ်လာသော်လည်းထန်မော့ တွေးနေဆဲဖြစ်သည်။
ဘုန်း…
ကြက်ဆင်ကြီးက သူယူလာသည့် ဧရာမအနက်ရောင်အခွံမာအင်းဆက်ကြီးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ အင်းဆက်ကြီးက ထွက်ပြေးချင်သော်လည်း ကြက်ဆင်ကြီးက အခွံ ကွဲကြေသည်အထိ ခြေထောက်ဖြင့် ဖိထားလေသည်။
ကြက်ဆင်ကြီး ထိုဧရာမအင်းဆက်ကြီးအား မည်သည့်နေရာမှ ရှာတွေ့လာသည်ကိုမည်သူမှ မသိချေ။ ကြက်ဆင်ကြီး ယင်းကို နင်းထားပြီး အေးစက်လောဘကြီးသောမျက်လုံးများဖြင့် ကစားသမားများကို ကြည့်လိုက်သည်။
ကြက်ဆင်ကြီးက လက်ခုပ်တီး၍ ကြင်နာစွာမေးလိုက်၏။
“ကလေးတို့ ဘယ်လိုတန်းစီချင်ကြလဲ…”
🪩