Chapter 50
Viewers 3k

🚩Ch 50

Arc -3.13 အစားထိုးခံချစ်သူ 



လော့ချူးချူးသည် သူမနှင့်ရှောင်းကျင်မော့ တို့ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့သည့်နေ့ကို အမြဲတမ်း ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က သူမ အချိန်ပိုင်းအလုပ်လုပ်သည့် ဘားတွင် သူတို့နှစ်ဦး မတော်တဆ ဆုံမိကြပြီး ထိုမတော်တဆတွေ့ဆုံမှုက သူမဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့ပေသည်။


လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူမနှင့် ရှောင်းကျင်မော့အကြားဆက်ဆံရေးမှာ အနည်းငယ် အေးစက်နေခဲ့သည်။ တကယ်တော့ သူမတို့နှစ်ယောက်ကြားက ပြဿနာသည် စု၀မ်တစ်ခုတည်းကြောင့်တင်မဟုတ်မှန်း သူတို့နှစ်ယောက်လုံး သိကြ၏ ။


မွေးနေ့ပွဲနေ့တွင် ရှောင်းကျင်မော့သည်  စု၀မ်ကိုတွေ့သည်နှင့် ချက်ချင်းပင် လော့ချူးချူး၏ လက်အား လွှတ်ချခဲ့သည်။ ရည်ရွယ်သည်ဖြစ်စေ၊မရည်ရွယ်သည်ဖြစ်စေ ထိုအပြုအမူက လော့ချူးချူး၏နှလုံးသားကို အမှန်တကယ် နာကျင်စေလေသည်။


ထိုနေ့တွင်  သူမ ဗီလာရှိဧည့်သည်ခန်းတွင် တစ်ယောက်တည်းရှိ‌နေခဲ့ရပြီး ခေါင်းအုံးပေါ် လဲ‌ေလျာင်းအိပ်စက်အနားယူ‌သော်လည်း  အိပ်မပျော်ခဲ့‌ချေ။ ကိစ္စတွေသည် ဤကဲ့သို့ ပြီးဆုံးသွားလိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း နောက်တစ်နေ့တွင်  အရာအားလုံး ယခင်ကဲ့သို့ဖြစ်ကာ ရှောင်းကျင်မော့က သူ၏ခံစားချက်နှင့်အတွေးများကို ထုတ်ဖော်လာခြင်းမရှိသည့်အပြင် သူမနှင့်လည်း လမ်းခွဲခြင်းမရှိခဲ့ချေ။


မနေ့ညကပင် နှင်းဆီပန်းစည်းကြီးကိုဝယ်လာခဲ့ပြီး တစ်ညတာလုံး ကြင်နာစွာ ပွေ့ဖက်ထားခဲ့လေ၏ ။


ဖြစ်နိုင်သည်က အတူရှိခဲ့သည့် နှစ်နှစ်တာကာလတွက် စစ်မှန်သည့်ခံစားချက်များရှိနေဆဲပင်။


လော့ချူးချူး သူမကိုယ်သူမ မလှည့်စားနိုင်တော့‌ဘဲ တကယ်ပင် လုံးဝ လက်မလွှတ်နိုင်‌‌ ပေ။


သူမဘဝတစ်လျှောက်လုံး ရှောင်းကျင်မော့ကဲ့သို့ သူမကို တန်ဖိုးထားပြီး ချစ်မြတ်နိုးသည့်သူတစ်ယောက် ဘယ်တုန်းကမှ မရှိခဲ့‌ချေ။ ထို့အပြင် သူမသည် ရှောင်းကျင်မော့နှင့် မတွေ့ဆုံမီ သာမန် ရိုးရိုးရှင်းရှင်း မိန်းကလေးတစ်ဦးသာဖြစ်သည်။


မိန်းကလေးတိုင်းက မင်းကို ကမ္ဘာပေါ်ကအကောင်းဆုံးအရာများကို ပေးကာ ခြွင်းချက်မရှိ ချစ်ပေးမည့် ရှောင်းကျင်မော့ကဲ့သို့ ပိုင်စိုးပိုင်နင်းနိုင်သည့် ဥက္ကဠမျိုးနှင့် တနေ့နေ့၌ တွေ့ဆုံရန် စိတ်ကူးယဉ်ဖူးကြပေသည်။


သူတပါးရှေ့၌ ဘယ်လောက်ပဲ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်နေပါစေ မင်းကို အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ညှာတာထောက်ထားစွာ ဆက်ဆံပေမည်။


ဤကဲ့သို့ စိတ်ကူးထဲကချစ်သူမျိုးကို လော့ချူးချူးမှာ  ယခင်က စိတ်ကူးယဉ်ကြည့်ရုံမျှသာ တတ်နိုင်သည်ဖြစ်ခဲ့ပြီး တစ်​​နေ့​၌ အမှန်တကယ် ဆုံတွေ့ခဲ့ရလျှင် သူမသည်လည်း လက်လွှတ်ရန် မည်ကဲ့သို့ ဆန္ဒရှိပါလိမ့်မည်နည်း။ 


သူမ ဆန္ဒမရှိပေ။ တခြားသာမန်မိန်းကလေးတစ်ယောက်က စိတ်ပြောင်းသွားလျှင်တောင်မှ  သူမကမူ ပြောင်းလဲမည်မဟုတ်ဟုပင် ဆိုနိုင်သည်။


ထို့ကြောင့် လော့ချူးချူး သူမစိတ်ထဲတွင် သူမကိုယ်သူမ အားပေးလိုက်သည်။ ချစ်ခြင်းမေတ္တာသည် ညီတူညီမျှဖြစ်သည်။ သူမ၏ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် တိုက်ပွဲဝင်ပိုင်ခွင့်ရှိပေသည်။


သူမသည် မူလက စုဝမ်၏အစားထိုးခံဖြစ်သော်ငြားလည်း...... သူမတွင် ချစ်ခြင်းမေတ္တာကို ရယူပိုင်ခွင့်နှင့်အရည်အချင်းများလည်း ရှိ သည်။


သူမ၏သတ္တိများကို စုစည်းလိုက်ရင်း လော့ချူးချူး သူမတို့၏ တွေ့ဆုံမှု နှစ်ပတ်လည်နေ့တွင် ရှောင်းကျင်မော့ကို အံ့အားသင့်စရာတစ်ခုခု‌ပေးရန် တွေးတောခဲ့သော်လည်း စု၀မ်နှင့်တွေ့ဆုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ 


စု၀မ်၏ " သူမ ကြိုက်တဲ့လူ " ဆိုသည်က ရှောင်းကျင်မော့ ဖြစ်သလား။


သူမက သူမရှေ့မှာ တမင်တကာ ပြောခဲ့သည်လား။


ဈေး၀ယ်စင်တာမှ ထွက်လာသောအခါ လော့ချူးချူး၏နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်ချေ။ အမျိုးသမီးတစ်ဦး၏ စိတ်ခံစားမှုများသည် အမျိုးသားများနှင့် ကွဲပြားပြီး  စိတ်အနှောင့်အယှက်ဖြစ်လွယ်ကာ အထူးသဖြင့် စိတ်ကူးယဉ်အတွေးများဝင်ရန်လွယ်ကူသော သက်ရှိများဖြစ်ကြသည်။


လော့ချူးချူး ထိုအကြောင်း ဆက်တိုက်တွေး‌ နေမိပြီး ဟောက်ယွဲ့အုပ်စု၏ အဆောက်အဦးဆီသို့ လျောက်လှမ်းလာခဲ့သည်။


သူမရှေ့က မြင့်မားသည့်ရုံးအဆောက်အဦးကို ကြည့်ရင်း ငေးကြောင်ကြည့်နေမိသည်။ နေ့လည်ခင်း နေရောင်ခြည်သည် အထူးသဖြင့်  စူးရှတောက်ပရာ သူမ၏အမြင်အာရုံပြန်ရန်အတွက် မျက်လုံးများကို အဖွင့်အပိတ်လုပ်လိုက်ရပြီး‌နောက် ရွှီကျယ်၏ အလျင်အမြန် ထွက်သွားသည့်ပုံရိပ်ကို မြင်လိုက်ရလေသည်။


အဲဒါက စု၀မ်ရဲ့ လက်ထောက် မဟုတ်ဘူးလား။


သူကဘာလို့လဲ......။


လော့ချူးချူး၏နှလုံးသားက တစ်ဖန် စိတ်ပူစပြုလာကာ စိုးရိမ်လာပြန်သည်။ သူမ သွားများကိုကြိတ်လိုက်ပြီး ဟောက်ယွဲ့အုပ်စု၏ အဆောက်အဦးထဲ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။


ရှောင်းကျင်မော့သည် လော့ချူးချူးအား  ကုမ္ပဏီသို့ ကြိမ်ဖန်များစွာ ခေါ်ဆောင်လာခဲ့ဖူးသောကြောင့် ဟောက်ယွဲ့ဝန်ထမ်းများက သူမကို မှတ်မိနေခဲ့ကြပြီး ဧည့်ကြိုသည် ထိပ်ဆုံးအလွှာရှိ ဥက္ကဠ၏အတွင်းရေးမှူးထံ ဆက်သွယ်သည်။ လော့ချူးချူး ဓာတ်လှေကားကို အသုံးပြု၍ ထိပ်ဆုံးလွှာသို့ ရောက်သောအခါ ရှောင်းကျင်မော့၏ အတွင်းရေးမှူးက ဓာတ်လှေကားတံခါးတွင် စောင့်နေပြီဖြစ်သည်။


" မစ္စလော့ ဥက္ကဌရှောင်းက ရုံးခန်းမှာစောင့်နေပါတယ် "


" ကျွန်မ သိပါပြီ "


လော့ချူးချူး ရှောင်းကျင်မော့၏ အတွင်း‌ ရေးမှူးကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ရုံးခန်းအဝင်ပေါက်ဆီသို့ လျှောက်သွားသည်။ သူမ၏လက်ချောင်းများက အေးစက်နေသော တံခါးလက်ကိုင်ကို ထိလိုက်ပြီးနောက် ခေတ္တ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ဝင်ရောက်ရန် တံခါးကို တွန်းလိုက်၏ ။


ရှောင်းကျင်မော့က သူ၏စားပွဲနောက်တွင် မတ်မတ်ထိုင်နေသည်။ သူက အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး အင်္ကျီ၏ကြယ်သီးနှစ်လုံးကိုဖြုတ်၍ ဖြေလျော့ထားကာ နေ့လည်စာနားချိန်ပြီးခါစဖြစ်ပေမည်။


" ရောက်လာပြီလား "


လော့ချူးချူးသည် သာမန်အားဖြင့် သူ့ထံသို့လာရန် အစပြုခြင်းမရှိခဲ့ဖူးသောကြောင့် သူမ၏ ရုတ်တရက် ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ သူက အလွန်ပျော်ရွှင်နေလေသည်။ ဤဆက်ဆံရေးတွင် သူသည် အဆက်မပြတ်ရင်းနှီးမြုပ်နှံပြီး ပေးကမ်းနေသော်လည်း လော့ချူးချူးကမူ ကနဦးအချိန်ကတည်းကပင် လက်မခံခဲ့ပေ။ အချိန်အတော်ကြာပြီးနောက် ယခုအချိန်အထိ သူမ စတင်လုပ်ဆောင်သည့် နောက်ဆုံးအကြိမ်ကိုပင် ရှောင်းကျင်မော့ မေ့လုနီးပါးဖြစ်နေပြီဖြစ်၏ ။


" အင်း "


သူမအခန်းထဲဝင်လာပြီးနောက် လော့ချူးချူးက ရှောင်းကျင်မော့ကို ခေါင်းညိတ်ပြလိုက်ပြီး စားပွဲပေါ်ရှိ မကြာသေးမီက ဖွင့်ထားသည့် လက်ဆောင်သေတ္တာကို မြင်လိုက်၏ ။ အတွင်းဘက်၌ ပိုးချည်နက်ကတိုင်အသစ်စက်စက်က လဲလျောင်းတည်ရှိနေသည်။


" စု၀မ် ပေးတာလား "


လော့ချူးချူး၏ အသံက တုန်ယင်နေလေသည်။


" ဟမ် "


ရှောင်းကျင်မော့အံ့အားသင့်သွားလေသည်။ လော့ချူးချူးက နက်ကတိုင်အကြောင်းပြော နေသည်မှန်း သဘောပေါက်သွားချိန်မှ ခေါင်းညိတ်လိုက်ပြီး " စု၀မ်က ကိုယ့်ကိုပေးခဲ့တာ။ သူမ ကုမ္ပဏီရဲ့နောက်ဆုံးထွက်ဒီဇိုင်း "


ဤနေရာအထိပြောလာရင်း ရှောင်းကျင်မော့၏အကြည့်များက သေတ္တာပေါ်သို့ ကျ ရောက်သွားသည်။ မီးခိုးဖြူရောင် ပိုးနက်တိုင်တွင် အလွန်လှပသော ရွှေရောင်အကွက်အစင်းများပါရှိပြီး သူ၏အနှစ်သက်ဆုံးစတိုင်ပင်ဖြစ်သည်။ စု၀မ်၏အကဲဖြတ်နိုင်မှုနှင့် အမြင်က အမြဲလိုလို ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။ မဟုတ်ပါက EVFAဟွာရှဌာနခွဲ၌၏ ဥက္ကဌရာထူးကို သူမ ရရှိမည်မဟုတ်ချေ။


လော့ချူးချူး ရှောင်းကျင်မော့၏ရှေ့တွင် ရပ်နေသည်။


သူမက ခေါင်းငုံ့ကာ စားပွဲပေါ်ရှိ လက်ဆောင်သေတ္တာကို ကြည့်လိုက်ပြီး နက်ကတိုင်ဘေး၌ စာတိုတစ်စောင်ရှိနေ၏ ။


မနေ့ညက ညစာအတွက် ပြန်ပေးတဲ့လက်ဆောင်။ ရှင်နဲ့လိုက်ဖက်မယ်လို့ ကျွန်မထင်တယ်။


အလွန်ရိုးရှင်းသောစာကြောင်းတစ်ခုပင်။ စာရွက်နောက်ဘက်၌ ပြောင်ချော်ချော် အပြုံးမျက်နှာတစ်ခုလည်း ပါရှိနေ၏ ။ ထိုစကားများထဲ၌ ရင်ထဲသို့ ထိစေနိုင်မည့် ချစ်ခြင်းမေတ္တာစကားလုံးများ မပါရှိသလို လွန်လွန်ကဲကဲ ဒွိဟဖြစ်စေမည့် စကားလုံးများလည်းမရှိပေ။ သို့သော် လော့ချူးချူး၏ မျက်လုံးထဲ၌ ထိုမှတ်စုသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလေသည်။ 


ရှောင်းကျင်မော့ မနေ့ညနေက အိမ်ပြန် နောက်ကျခဲ့ခြင်းက စု‌၀မ်နှင့်အတူတူ ညစာ စားနေခဲ့သောကြောင့်ဖြစ်‌နေခဲ့သည်လား။


ဒါကြောင့် သူက အပြစ်ရှိတယ်လို့ ခံစားရပြီး  သူမဖို့ နှင်းဆီပန်းစည်းကြီး ဝယ်လာခဲ့တာပဲ။သူ ဘယ်လို တောင်ဒီလိုလုပ်နိုင်တာလဲ။ သူမထံမှ ဖုံးကွယ်ပြီး အချစ်ဦးနဲ့ ညစာစားပြီး  အခြားသူများကို ဂရုမစိုက်ဘဲ သူမနဲ့ ကြည်နူးဖွယ်ညတစ်ညကို ပိုင်ဆိုင်ခဲ့သေးတယ်။

ဒီလို ယောက်ျားမျိုးတွေက အချစ်နဲ့ ဆန္ဒကို ပြတ်ပြတ်သားသား ခွဲထုတ်နိုင်တယ်လို့တော့ မပြောပါနဲ့လား။


" နက်ကတိုင်က.....အရမ်းလှတယ်​ "


သူတော်ကောင်းဟန်ဆောင်ခြင်းသည် အမျိုးသမီးတိုင်း၏ မွေးရာပါ ထိပ်တန်းအဆင့် အရည်အချင်းတစ်ခုဖြစ်သည်။


လော့ချူးချူးပြောသည်ကိုကြားသောအခါ ရှောင်းကျင်မော့က ပြုံးလိုက်ပြီး " အဲဒါက လှတယ်။ စု၀မ်ရဲ့ အမြင်တွေက အရင်ကတည်းက အဲ့လိုပဲ " 


" သူမက တကယ် အမြင်ကောင်းရှိတယ် "


လော့ချူးချူး၏မျက်နှာသည် ဖြူဖျော့လာပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားရင်း " သူမက ရှင့်ကို အမှတ်တံဆိပ်အတွက် ပြောရေးဆိုခွင့်ရှိသူအသစ်ဖြစ်ဖို့ ရှာနေခဲ့တယ်ကြားတယ် "


ထိုစကားကြားတော့ ရှောင်းကျင်မော့ သိသိသာသာ အံ့သြသွားလေ၏ ။ သူက လော့ချူးချူးကို တအံ့တသြ ကြည့်ရင်း " ချူးချူး မင်းဘယ်လိုသိတာလဲ "


ရှောင်းကျင်မော့ အမှန်တကယ် အနည်းငယ် အံ့သြသွားလေသည် ။ စု၀မ်ကို မနေ့က ငြင်းဆိုထားပြီးဖြစ်ပြီး စု၀မ်၏ အကျင့်စရိုက်လက္ခဏာအရ သူမက ထိုအရာကို လူသိရှင်ကြားပြောဆိုမည်က မဖြစ်နိုင်ပေ။


အဲဒါက အမှန်ဖြစ်‌နေတာလား ။


လော့ချူးချူး ရှောင်းကျင်မော့ကို ပြန်မဖြေပေ။ သူမ နှလုံးသားထဲက ခါးသီးမှုတွေကို တွန်းလှန်ပြီး မျက်နှာကိုတစ်ဖက်လှည့်လိုက်ကာ မေးလိုက်သည်


  " ရှောင်းကျင်မော့ ရှင်......စု၀မ်ကို ချစ်နေသေးတာလား "


အချစ်လား။ သူ၏တစ်ချိန်က ဒေါသ၊မကျေမနပ်ဖြစ်မှုများနှင့် ပြန်လည်ဆုံတွေ့ကြသောအခါ ဖြစ်ပေါ်လာသည့် ရင်ခုန်သံနှင့် ဆုံးရှုံးမှုများက ......။


စု၀မ်နှင့် ညစာစားပြီးသည့်နောက် ရှောင်းကျင်‌မော့ အတိတ်အား တွယ်တာမှုကို စွန့်လွှတ်ရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။


ထိုတွယ်တာမှုက အချစ်မဟုတ်ချေ။


တစ်ချိန်က လှပကြင်နာကာ တက်ကြွရွှင်လန်းသည့် ထိုမိန်းကလေးကို သူတကယ်ချစ်ခဲ့သည်ဖြစ်နိုင်၏ ။


သို့သော် သူမ သူ့ကို ဂရုမစိုက်ဘဲ ထားသွားခဲ့သည့်အခိုက်အတန့်၌ သူမကို ဆက်၍မချစ်လိုတော့ပေ။


ဤနှစ်များစွာစွဲလမ်းမှုသည် လူသားများ၏ မာနနှင့်မလိုလားခြင်းကြောင့်ဖြစ်ပေသည်။


လင်းနို့တစ်ကောင်အလား သူမမျက်စိကွယ်ကနေခဲ့သည်ဟုပြောနိုင်ရန်အတွက်သူ၏ရှေ့သို့ ခါးသီးသောမျက်ရည်များရစ်ဝဲကာ ပြန်လှည့်လာမည့် တစ်နေ့ကို သူ လေးလေးနက်နက် မျှော်လင့်ခဲ့ဖူးသည် ။


သို့သော် မနေ့က စု၀မ်မှ အတိတ်အကြောင်း ညင်သာသည့်လေသံနှင့်စကားဆိုရင်း လက်ရှိရည်းစားကို တန်ဖိုးထားမြတ်နိုးရန်ပြောလာသည်ကို ကြားလိုက်ရသည့်အခါ ထိုအချိန်မှာပဲ ရှောင်းကျင်မော့ သူ့ကိုယ်သူ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။


လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် စုဝမ်ကို လက်လွှတ်ခဲ့ပြီးဖြစ်သည်။


ထိုအချိန်က သူမ သူ့ကို စွန့်လွတ်ခဲ့သော်လည်း သူမသည် သူတို့၏ အတိတ်တစ်ချိန်က စစ်မှန်‌သည့်အလှပဆုံးအမှတ်တရများကိုလည်း  ချန်ရစ်ထားခဲ့လေသည်။


ထို့ကြောင့် တစ်ခုခုအား လွတ်‌ချော်သွားခဲ့လျှင် ထိုအရာကို လွှတ်ချနိုင်ရန်အတွက် သင်ယူရပေမည်။


ရှောင်းကျင်မော့ ၎င်းကို ညတွင်းချင်း နားလည်သွားခဲ့ပြီး လော့ချူးချူးအတွက် နှင်းဆီပန်းစည်းကြီးတစ်ခုကိုပင် အထူးတလည် ဝယ်သွားခဲ့သည်။


အရာအားလုံး မူလက အဆင်ပြေပေမယ့် အခုတော့......


ရှောင်းကျင်မော့သည် လော့ချူးချူး၏ မူမမှန်မှုကို သိသာစွာ သတိထားမိခဲ့သည်။ ထို့ကြောင့် လော့ချူးချူး၏မေးခွန်းကို ကြားလိုက်သောအချိန်တွင် သူ့ကိုယ်သူ သတိမမူမိစွာ တိုးတိုးတိတ်တိတ်ရေရွတ်လိုက်သည်။ ရှောင်းကျင်မော့က စကားအပြောအဆိုမရှိသောအခါ လော့ချူးချူးမှာ ဖြူဖျော့သွားကာ ရယ်မောလာသည်။


 " ရှောင်းကျင်မော့ ရှင်က စကားမပြောဘူးဆိုကတည်းက တိတ်တဆိတ်သဘောတူတယ်လို့ ဆိုလိုနေတာလား။ ရှင်သူ့ကိုချစ်တုန်းပဲမဟုတ်လား။ ရှင်တို့နှစ်ယောက်က စံပြစုံတွဲတွေဖြစ်ခဲ့ပြီး ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြတယ် ။ ကျွန်မကသာ မလိုအပ်တဲ့လူတစ်ယောက်ဖြစ်ခဲ့တာပဲ။ ဒီလိုဆိုမှတော့ လမ်းခွဲလိုက်ကြရအောင်။ ရှင်တို့နှစ်ယောက် စုံတွဲတစ်တွဲဖြစ်နိုင်ပြီး ကျွန်မ တခြားလူတစ်‌ယောက်ရဲ့ အစားထိုးဖြစ်ဖို့မလိုဘူး "


" တော်လောက်ပြီ "


ရှောင်းကျင်မော့၏အေးစက်စက်အသံက ‌လော့ချူးချူးကို နှောင့်ယှက်လိုက်ပြီး " ဘာမဟုတ်တာတွေလျှောက်ပြောနေတာလဲ။ ကိုယ်နဲ့စု၀မ်က ပြီးသွားခဲ့ပြီ။ ကိုယ့်မှာ ချစ်သူရှိနေပြီဆိုတာလည်း သူမသိတယ်။ သူမက စောစောစီးစီးကတည်းက ဒီကိစ္စက လွှတ်ထားခဲ့လိုက်ပြီ။ ကိုယ်နဲ့ သူမက မဖြစ်နိုင်တော့ဘူး "


" မဖြစ်နိုင်ဘူး ဟုတ်လား "


လော့ချူးချူးက ရှောင်းကျင်မော့ကို လှောင်ပြောင်ရယ်မောရင်း "ဒါဆို ဒီနက်ကတိုင်က ဘာလဲ။ စု၀မ်က သူမချစ်ရတဲ့ ယောက်ျားကို ဒီနက်ကတိုင် ပေးချင်တယ်လို့ ကုန်တိုက်မှာ ကိုယ်တိုင်ပြောခဲ့တာ ။ အဲဒီလူကို အမှတ်တံဆိပ်၏ပြောရေးဆိုခွင့်ရှိသူအဖြစ်ဖိတ်ခေါ်ထားတယ်လို့တောင် ပြောခဲ့သေးတယ် "


" ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ "


ရှောင်းကျင်မော့ လော့ချူးချူးကို မယုံနိုင်စွာ ကြည့်လိုက်ပြီး ငြင်းဆိုမည့် စကားများပင် ပျက်ပြယ်သွားပြီဖြစ်၏ ။


သူသည် အစကတည်းက လော့ချူးချူးက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေသည်ဟု ခံစားမိသော်လည်း သူမ၏လက်ရှိပြောဆို‌နေမှုများသည် ပို၍ပင် အဓိပ္ပါယ်မဲ့ နေလေသည်။


" မင်း ကိုယ့်ကို မယုံဘူးလား၊ ကိုယ်က ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး မင်းကို လိမ်လိမ့်မယ်လို့တော့ မပြောနဲ့နော် "


လော့ချူးချူးသည် ရှောင်းကျင်မော့က သူမကို သံသယ၀င်နေသည်ဟု ခံစား နေရသည်။ ဖြစ်နိုင်သည်က သူမကို ဘယ်အချိန်ကမှ မယုံကြည်ခဲ့သလားပင်။


" ရှောင်းကျင်မော့ လမ်းခွဲကြရအောင် "


ဤစကားများသည် လော့ချူးချူး၏ခွန်အားအားလုံးကို ကုန်ဆုံးသွားစေပုံရသည်။


" ချူးချူး "


နောက်ဆုံးတွင် အသိ ပြန်ဝင်လာသည့် ရှောင်းကျင်မော့က လော့ချူးချူး၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။


" လွှတ် ၊ ကိစ္စတွေက ဒီအဆင့်ကို ရောက်နေပြီ။ ကျွန်မတို့မှာ ဘာပြောစရာရှိသေးလို့လဲ " 


လူနှစ်ယောက်၊ မျက်နှာချင်းဆိုင်မျက်လုံးလေးလုံး။ လော့ချူးချူး၏မျက်လုံးများက ဝမ်းနည်း‌ကြေကွဲမှုများနှင့် ပြည့်နှက်နေပြီးနောက် ရှောင်းကျင်မော့၏ မျက်လုံးများက ၀င်းလက်သွားကာ ပြောလိုက်သည်


   " စု၀မ်ကိုဖုန်းဆက်ပြီး ရှင်းရှင်းလင်းလင်းမေးလိုက်မယ် "


သူက ပြောရင်းဆိုရင်း ဖုန်းကိုထုတ်လိုက်ပြီး စု၀မ်၏သီးသန့်နံပါတ်ကို ခေါ်ဆိုလိုက်သည်။ ဖုန်းခေါ်ဆိုမှုက လျင်မြန်စွာ ချိတ်ဆတ်သွားပြီး စုဝမ်၏ ပင်ပန်းနွမ်းနယ်နေသောအသံကို ထုတ်လွှင့်လာသည်။


" ကျင်မော့ တစ်ခုခုရှိလို့လား "


" စုဝမ် ငါမင်းကိုမေးစရာရှိတယ်။ ဒီနေ့......"


" ကျင်းမော့ ခဏ။ ကျွန်မ အခု အရမ်းအလုပ်များနေလို့ ၊ ရှင့်မှာ အရေးပေါ်ကိစ္စရှိရင် အလုပ်ပြီးရင် ကုမ္ပဏီအဝင်ပေါက်မှာ ကျွန်မကို စောင့်နေလေ။ ဒါပဲ‌နော် ။ တောင်းပန်ပါတယ် "


ရှောင်းကျင်မော့ ပြန်ဖြေသည်ကိုပင် မစောင့်ဘဲ စု၀မ်ကက အလျင်စလို ဖုန်းချသွားလေသည်။



🚩