Chapter 99
Viewers 15k

💮Chapter 99



မြို့တော်ရှိ မင်းကြီး၏အိပ်ဆောင်တွင်…



ထူထသော အဝါရောင်ခန်းဆီးလိုက်ကာက အိပ်ရာပေါ်တွင် လှဲလျောင်းနေသော ပုံရိပ်ကို ဖုံးလွှမ်းထားသောကြောင့် နောက်ကျောပေးလှဲနေသောလူကို ဝိုးတဝါးသာ မြင်နေရသည်။ ထိုလူ့ ရင်ဘတ်က အသက်ရှူလိုက်သည့် အချိန်တိုင်း မြင့်တက်နေပြီး အသက်ရှူသံ ပြင်းပြင်းက တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။


ခုတင်၏အဆုံးတွင် မိန်းမစိုးနှင့် နန်းတွင်းအစေခံ အချို့ တန်းစီရပ်နေသည်။ သူတို့က အသက်မဲ့သော သစ်သားတုံးများ တန်းစီထားသကဲ့သို့ မလှုပ်မယှက် ရပ်နေကြပြီး အသက်ပင် ကောင်းကောင်း မရှူရဲကြပေ။


အစေခံများ၏ ညာဘက်တွင် အမည်းရောင် ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ရပ်နေသည်။


ထိုလူက အရပ်မြင့်မားပြီး ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်ရှိကာ သူ့မျက်ခွံများက အောက်သို့ငုံ့ထားပြီး အဝါရောင်နဂါးမွေ့ရာပေါ်သို့ စူးစိုက်ကြည့်နေသည်။


အချိန် အနည်းငယ်အကြာတွင် မင်းကြီးက အသက်ကို ပြင်းထန်စွာရှူလိုက်ပြီး ခက်ခက်ခဲခဲ ပြောသည်။

“ငါက သေတော့မှာ…”


ရှစ်ယဲ့၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသော်လည်း မျက်နှာအမူအရာနှင့် အကြည့်များ နည်းနည်းမျှပင် မပြောင်းလဲသွားဘဲ အတက်အကျမရှိသော လေသံဖြင့် ပြောသည်။

“သူတို့ နေရာအနှံ့က ကျွမ်းကျင်တဲ့ သမားတော်တွေကို ရှာဖွေနေတာမို့ မင်းကြီး ခဏသည်းခံပြီး သူတို့ ပြန်လာတာကို စောင့်လိုက်ပါ…”


မင်းကြီးက ရယ်မောလိုက်သောကြောင့် ချောင်းဆိုးသွားသည်။


“အရှင်မင်းကြီး…”

ဘေးရှိ မိန်းမစိုးက စိုးရိမ်စွာဖြင့် လှမ်းအော်လိုက်ကာ အနားသို့ အလောတကြီး ပြေးလာပြီး ရေနွေးခွက်ကို အိပ်ရာဘေးတွင် တင်လိုက်သည်။

“အရှင်မင်းကြီး အသက်ဖြည်းဖြည်းရှူပြီး လည်ချောင်း စိုစွတ်အောင် ရေနွေးသောက်သုံးတော်မူပါ…”


မင်းကြီးက ခေါင်းခါယမ်းလိုက်ပြီး အသံ အက်ကွဲကွဲဖြင့် ပြောသည်။

“မလိုဘူး…”


မိန်းမစိုးက ရေနွေးခွက်ကို ပြန်ယူပြီး တိတ်တဆိတ် နောက်ပြန်ဆုတ်လိုက်သည်။


မင်းကြီးက အကြိမ်ရေအနည်းငယ် ချောင်းဆိုးပြီးနောက်  နောက်ဆုံးတွင် ပြန်လည်သက်သာသွားပုံရပြီး လိုက်ကာ အပြင်ဘက်တွင် ရပ်နေသောပုံရိပ်ကို ကြည့်လိုက်ကာ ပြောသည်။

“မင်းရဲ့မိခင် ပေးထားတဲ့ အသက်နဲ့ ငါ နှစ်သုံးဆယ်တောင် နေထိုင်ပြီးပြီ၊ အခုချိန် သေသွားရမယ်ဆိုလည်း နောင်တရစရာတော့ မရှိပါဘူး…”


ထိုသို့ ပြောပြီးနောက် သူ့အကြည့်များက ရှစ်ယဲ့၏ ခြေထောက်များပေါ်သို့ ကျရောက်သွားပြီး မေးလိုက်သည်။

“မင်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီလား…”


ရှစ်ယဲ့က ဖြေသည်။

“ကောင်းသွားပါပြီ…”


မင်းကြီးက ရယ်မောလိုက်ချင်သော်လည်း ရင်ဘတ်ထဲမှ စူးအောင့်လာသော ဝေဒနာကို ခံစားလိုက်ရသည်။ သူကနောက်ဆုံးတွင် ခက်ခက်ခဲခဲ ပါးစပ်ဟပြီး ပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ ဒီလူတွေလည်း ဘာအပြစ်မှ ရှာနိုင်တော့မှာ မဟုတ်ဘူး… မင်းကို ထီးနန်းလွှဲပေးပြီး ငါ အေးဆေး စိတ်ချသွားလို့ရပြီ…”


ရှစ်ယဲ့၏ အမူအရာကင်းမဲ့သော မျက်နှာသေပေါ်တွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင် လျှပ်တပြတ် ပေါ်လာသည်။ သူက အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး လိုက်ကာကို ဖယ်ကာ အရှေ့သို့လျှောက်လာသည်။ နောက်ဆုံးတွင် မင်းကြီး၏ မျက်နှာကို ပြတ်ပြတ်သားသား မြင်လိုက်ရသည်။


ရှစ်ယဲ့က အေးအေးစက်စက် ပြောသည်။

“ဘာလို့လဲ… ဘာလို့ ဒီလို ပြောတာလဲ…”


မင်းကြီးက ကြိုးကြိုးစားစား မျက်လုံးဖွင့်ပြီး နူးညံ့သော အကြည့်ဖြင့် ရှစ်ယဲ့၏ မျက်နှာကို ကြည့်ကာ ပြောသည်။

“မင်း ပြောချင်တာက …”


“ ကျွန်တော် ဒီထီးနန်းနဲ့ မသင့်တော်ဘူးဆိုတာ မင်းကြီး အသိဆုံးပဲ မဟုတ်ဘူးလား…”


အတိတ်တွင်မူ မင်းကြီးက အရှေ့မှ ကာကွယ်ပေးထားသောကြောင့် နန်းတွင်းထဲမှလူများက ရှစ်ယဲ့ကို မကျေနပ်သော်လည်း ပြဿနာ မရှာရဲကြပေ။ ယခုတွင်မူ မင်းကြီးက အပြင်းအထန် နာမကျန်းဖြစ်နေပြီး ထိုလူများက မင်းကြီး နတ်ရွာစံခါနီးပြီဖြစ်ကြောင်း သိကြ၍ ရှစ်ယဲ့ကို အိမ်ရှေ့စံ ရာထူးမှချရန် အသင့်ပြင်နေကြသည်။


ရှစ်ယဲ့ကိုယ်တိုင်ပင် မင်းကြီးက သူ့ကို အိမ်ရှေ့စံ ရာထူးပေးထားခြင်းမှာ သူ့အား ထိန်းချုပ်ရန် အတွက်သာ ဖြစ်မည်ဟု ထင်ထားပြီး ထီးနန်းပေးအပ်လာလိမ့်မည်ဟု မတွေးထားခဲ့ပေ။


မင်းကြီးက သူ့ကို ပလ္လင်ခုံတွင် ထိုင်နိုင်ရန် ကူညီပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


မင်းကြီး၏မျက်လုံးများက အုံ့မှိုင်းနေပြီး အာရုံစူးစိုက်နိုင်ရန် အချိန်ကြာမြင့်ခဲ့သည်။

“မင်းက မိဖုရားခေါင်ရဲ့ သားတော်ဖြစ်ပြီး ငါ့ရဲ့ သားဦးမို့ ထီးနန်းက အမြဲ မင်းအတွက်ပဲ… ဘယ်သူမှ လုယူလို့မရဘူး…”


ရှစ်ယဲ့က အနည်းငယ်ပြုံးလိုက်ပြီး ဖယောင်းတိုင် မီးအလင်းရောင်ဖျော့ဖျော့က မျက်နှာပေါ်တွင် ထပ်ဟပ်နေသောကြောင့် အမူအရာ နူးညံ့သွားသယောင် ထင်ရသော်လည်း နှုတ်ခမ်းထောင့်တွင် ချိတ်ဆွဲထားသော အပြုံးကမူ အေးစက်နေဆဲ ဖြစ်သည်။

“မင်းကြီးရဲ့ အင်ပါယာကို ဖျက်ဆီးပစ်မှာ မစိုးရိမ်ဘူးလား…”


မင်းကြီးက ခက်ခက်ခဲခဲ အားထုတ်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ကာ ငါးမိနစ်နီးပါး အနားယူပြီးမှသာ ဆက်ပြောနိုင်သည်။

“မင်းက ထက်မြက်တဲ့ အုပ်ချုပ်သူ ဖြစ်လာလိမ့်မယ် ဆိုတာ ငါ ယုံကြည်တယ်… မင်းက မင်းညီတွေထက် ပိုပြီး ထက်မြက်သလို စဉ်းစားတွေးခေါ်မှု ပိုကောင်းတယ်…အားနည်ချက်ဆိုလို့ ငယ်ငယ်က ဖြစ်ခဲ့တဲ့ မတော်တဆမှုရဲ့ သက်ရောက်မှုကြောင့် ဒေါသကြီးတာလေး တစ်ခုပဲ… ဒါပေမဲ့ 'တောင်တစ်လုံးထက် တစ်လုံး ပိုမြင့်ပြီး လူတစ်ယောက်ထက် တစ်ယောက် ပိုတော်တယ်' ဆိုတဲ့ ဆိုရိုးလိုပဲ မင်းကို ထိန်းချုပ်ပေးနိုင်တဲ့သူ ပေါ်လာမှာပဲ မဟုတ်ဘူးလား…”


မင်းကြီးက စကားများစွာကို ဆက်တိုက်ပြောလိုက်၍ အမော ပြန်ဖောက်လာသည်။ ဘေးနားရှိ မိန်းမစိုးက အလွန်စိုးရိမ်သွားပြီး ရှေ့သို့ အမြန်ပြေးလာကာ အသက်ရှူရန် ကူညီပေးသည်။


နောက်ဆုံးမင်းကြီး အသက်ရှူနှုန်း ပြန်လည်တည်ငြိမ်သွားသောအချိန်တွင် မိန်းမစိုးက တုန်တုန်ယင်ယင်ဖြင့် ခေါင်းမော့လိုက်ရာ ရှစ်ယဲ့၏ မည်းမှောင်နေသောမျက်နှာကို မြင်လိုက်ရသည်။


မိန်းမစိုးက အလွန်ထိတ်လန့်သွားကာ ကြောက်လန့်တကြား မတ်တပ်ရပ်မည့်အချိန်တွင် ရှစ်ယဲ့က ရှေ့သို့တိုးလာသည်။


မိန်းမစိုးက တုန်ယင်နေသော ခြေထောက်များကြောင့် ဒူးထောက်လိုက်ပြီး ပြောသည်။

“အရှင့်သား…”


ရှစ်ယဲ့၏ မည်းမှောင်နေသောမျက်လုံးများထဲတွင် အေးစက်မှုများနှင့် ပြည့်နှက်နေသည်။ သူက သူ့ရှေ့တွင် ဒူးထောက်နေသော မိန်းမစိုးကို ကန်ထုတ်လိုက်ပြီး မင်းကြီး၏ အိပ်ရာဘေးသို့ လျှောက်သွားသည်။


သူက အေးစက်သော မျက်လုံးများဖြင့် မင်းကြီးကို ငုံ့ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောသည်။

“ပြောစမ်းပါဦး… ဘာတွေများ သိထားတာလဲ…”


မင်းကြီးက ရှစ်ယဲ့၏ ဒေါသထွက်နေသော အမူအရာနှင့် ရင်ဆိုင်ရသော်လည်း စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ခြင်း မရှိပေ။ သူက ရှစ်ယဲ့ကို တည်တည်ငြိမ်ငြိမ် ကြည့်ပြီး အက်ကွဲသော အသံဖြင့် ပြောသည်။

“ငါကိုယ်တော် အကုန်သိတယ်…”


ထိုခဏတွင် ရှစ်ယဲ့ခန္ဓာကိုယ်တွင်းရှိသွေးများ ဆူပွက်လာကာ ခေါင်းထဲသို့ဆောင့်တက်ပြီး နဖူးကြောများ ထောင်လာ၍ မင်းကြီး၏ ခြုံစောင်ကို ဆုပ်ကိုင်ထားသော သူ့လက်များ အနည်းငယ်တုန်ယင်သွားသည်။ 


သူက မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ထဲက ခံစားချက်များကို ချုပ်တည်းကာ မျက်လုံးပြန်ဖွင့်ပြီးပြောသည်။

“ဒါဆို မင်းကြီးက သိနေတာပေါ့... ကျွန်တော်က…”


မင်းကြီးက ပြောသည်။

“ကိုယ်တော် သိတယ်…”


ရှစ်ယဲ့ တုန်လှုပ်သွားသည်။


မင်းကြီးက အရည်လဲ့နေသော မျက်လုံးများဖြင့် ကြည့်ပြီး ပြောသည်။

“မင်းက ကြီးလာတာနဲ့အမျှ မင်း ဖခင်အရင်းနဲ့ တူလာလေပဲ…”


ရှစ်ယဲ့၏ လက်များက အလွန်တုန်ယင်နေပြီး မျက်လုံးထဲတွင် တုန်လှုပ်မှုများ အချိန်ကြာမြင့်စွာ နေရာယူထားသည်။ ထို့နောက် သူက အမူအရာကို ပြန်လည် ထိန်းချုပ်လိုက်ပြီး တင်းကြပ်စွာ ဆုပ်ကိုင်ထားသောစောင်ကို လွှတ်ပေးလိုက်သည်။

“ကျွန်တော်က မင်းကြီးရဲ့ သားအရင်းမဟုတ်ဘူးဆိုတာ သိနေရဲ့သားနဲ့ ဘာလို့ ကျွန်တော့်ကို ထီးနန်း လွှဲပေးချင်ရတာလဲ…”


ရှစ်ယဲ့က မျက်လွှာချထားပြီး မျက်တောင်များက မျက်ဝန်းကို ဖုံးအုပ်ထားသောကြောင့် မျက်လုံးထဲရှိ ခံစားချက်များကို မမြင်ရပေ။


မင်းကြီးက ပါးစပ်ဟလိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။

“အရင်က မတည်ငြိမ်တဲ့ကာလမှာ ဟွားမိသားစုက အရင်ဧကရာဇ်ကို ကူညီပြီး ထီးနန်းကို ရယူပေးခဲ့တယ်… ဒီနေ့ခေတ်ရဲ့ တော်ဝင်မိသားစုဆိုတာ ဖြစ်လာဖို့ ဟွားမိသားစုရဲ့ အထောက်အပံ့တွေ အများကြီး ယူခဲ့ရတာ ငြင်းမရတဲ့ အမှန်တရားပဲ… မင်း ကြီးပြင်လာတာနဲ့အမျှ ဟွားမိသားစုက ပိုပြီး ရည်မှန်းချက်ကြီးလာလေပဲ မဟုတ်ဘူးလား…”


မင်းကြီးက ပြောနေရင်း မကြာခဏ ချောင်းဆိုးနေခဲ့ပြီး မိန်းမစိုး၏ ဘေးမှပြုစုပေးမှုအောက်တွင် ဆက်လက် ပြောသည်။

“ဟွားမိသားစုက နန်းတွင်းရေး ကိစ္စတွေမှာ ဝင်မစွက်ဖက်ကြဘူးလို့ အပြင်လူတွေက ထင်ကြတယ်… ဒါပေမဲ့ နန်းတွင်းထဲမှာရော ရုံးတော်တွေမှာပါ ဟွားမိသားစု လွှတ်ထားတဲ့ သူလျှိုတွေနဲ့ ပြည့်နေမယ်လို့ ဘယ်သူ ထင်ထားမှာလဲ… ငါ့ရဲ့ မိဖုရားခေါင်ကအစ ဟွားအိမ်တော်ကလူ ဖြစ်နေမယ်လို့ပေါ့… မိဖုရားခေါင် ကွယ်လွန်သွားတာ ကြာပြီဆိုပေမဲ့ ငါ့အပေါ် သူ့ရဲ့ လွှမ်းမိုးမှုက ရှိနေတုန်းပဲ… ညတိုင်း သူမရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ယောင်နေတာ ငါတကယ် ပင်ပန်းလှပြီ…”


ရှစ်ယဲ့က မင်းကြီး၏ မျက်နှာကို စိုက်ကြည့်နေပြီး တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားကာ အနောက်သို့ ပြန်ဆုတ်လိုက်ပြီး မေးသည်။

“မင်းကြီး ဒါကို သိနေတာ ကြာခဲ့ပြီပေါ့…”


မင်းကြီး၏အကြည့်များက ရှစ်ယဲ့ ရွှေ့လိုက်သော နေရာအတိုင်း ရွေ့လျားသွားပြီး တိုးညှင်းစွာ ပြောသည်။

“မီးရှို့တဲ့ ကိစ္စထဲမှာ မင်းရဲ့ မိခင် ပါဝင်နေတယ် ဆိုတာလည်း ငါသိထားတယ်… သူက မင်းအဖေနောက် လိုက်သွားဖို့ နန်းတော်ထဲကနေ ထွက်ချင်ခဲ့တာ… ဒါကြောင့်လည်း ငါက သူ့ကို သွားခွင့်ပေးခဲ့တယ်… မင်းအမေ အဆင်ရော ပြေရဲ့လား…”


ရှစ်ယဲ့၏မျက်နှာက ဖြူဖျော့သွားပြီး မျက်နှာပေါ်တွင် အေးစက်မှု အရိပ်အယောင် ပေါ်ပေါက်နေသည်။ သူက ရယ်မောလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“သေသွားတာ ကြာပေါ့…”


မင်းကြီးလည်း တုန်လှုပ်သွားသည်။


ရှစ်ယဲ့က ပို၍ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည်။


“ကျွန်တော် သူ့ကို သတ်လိုက်တာ… ဝါးခုတ်တဲ့ဓားနဲ့ သူ့ခေါင်းကို ဖြတ်ခဲ့တယ်… ပြောရမယ်ဆိုရင် သူက ကျွန်တော့်လက်နဲ့ သတ််ခဲ့တဲ့ ပထမဆုံးလူပဲ…”


ရှစ်ယဲ့၏ ရယ်မောသံက တိတ်ဆိတ်နေသော လေထုထဲတွင့် လွင့်ပျံ့သွားသည်။ မင်းကြီးက အေးခဲတောင့်တင်းသွားပြီး ပြောစရာစကားများ ပျောက်ဆုံးသွားသည်။ အနောက်တွင် ရပ်နေကြသော မိန်းမစိုးနှင့် အစေခံများက ကြောက်ရွံ့မှုကြောင့် အသက်ပင် မရှူနိုင်ကြပေ။


မင်းကြီးက အမေဖြစ်သူနှင့် ရုပ်ချင်းဆင်သော ရှစ်ယဲ့၏ မျက်နှာကိုစိုက်ကြည့်ရင်း နှလုံးသားမှနာကျင်မှုကို ခံစားလိုက်ရသည်။ သူက လျင်မြန်စွာ မျက်လုံးမှိတ်လိုက်သော်လည်း မျက်ဝန်းထောင့်မှ မျက်ရည်များ ကျဆင်းနေဆဲ ဖြစ်သည်။


သူ့ကို သစ္စာဖောက်ခဲ့သော ထိုအမျိုးသမီး၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ခဲ့သော်လည်း အမူအရာက ဝမ်းနည်း နာကျင်နေပုံ ပေါ်သည်။


မင်းကြီးက မျက်လုံးကို ပြန်မဖွင့်ဘဲ သက်ပြင်းအရှည်ကြီး ချပြီးနောက် ပြောသည်။

“ကိုယ်တော်က ငယ်ငယ်တည်းက ပြိုင်ဆိုင်လိုစိတ် ပြင်းပြတဲ့သူ မဟုတ်ဘူး… ဧကရာဇ် ဖြစ်လာရတာလည်း တိုက်ဆိုင်မှု တစ်ခုပဲ… တကယ်လို့ ဟွားအိမ်တော်ကသာ ထီးနန်းကို လိုချင်ရင် ငါ သူတို့ကို ပေးလိုက်မယ်… ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်…”


ရှစ်ယဲ့က တိတ်ဆိတ်နေသည်။


မင်းကြီးက ဆက်လက်ပြောသည်။

“ငါ့ရဲ့ သားတော်သမီးတော်တွေက နာမည်ခံအရ မင်းရဲ့ ညီအစ်ကို မောင်နှမတွေပဲ… ပြီးတော့ မင်းကို အစ်ကိုတော်လို့ နှစ်ပေါင်းများစွာ ခေါ်လာခဲ့တာ… အဲဒါကို ထောက်ထားပြီး သူတို့ကို အသက်ချမ်းသာပေးလို့ ရမလား…”


ရှစ်ယဲ့က မည်သို့မျှ မတုံ့ပြန်ပေ။


မင်းကြီးက ရှစ်ယဲ့၏တုံ့ပြန်မှုကို မမျှော်လင့်တော့ဘဲ တစ်ဖက်သို့ခေါင်းလှည့်ကာ ပြောသည်။

“မင်းထွက်သွားလို့ရပြီ၊ ငါပင်ပန်းနေပြီ…”


အချိန်တစ်ခုကြာမြင့်ပြီးနောက် ရှစ်ယဲ့၏ ခံစားချက်ကင်းမဲ့သောစကားသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“နှုတ်ဆက်ပါတယ်…”


ထိုသို့ပြောပြီးနောက် နောက်ထွက်သွားသည်။


ရှစ်ယဲ့က အနောက်မှ ကျားလိုက်ခံရသကဲ့သို့ လျင်မြန်စွာ ထွက်သွားသည်။ သူ့ဘဝတစ်လျှောက်တွင် ပထမဆုံးအကြိမ်ဖြင့် မင်းကြီးရှေ့၌ စိတ်လွတ်သွားခြင်း ဖြစ်၏။


သူ အိပ်ဆောင်အပြင်သို့ ရောက်သောအချိန်တွင် အပြင်မှ လျှောက်လှမ်းလာသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။


ထိုလူက အဝေးတစ်နေရာမှ ပြန်လာပုံပေါ်ပြီး ကိုယ်ပိုင် အဆောင်သို့ပြန်ပြီး အနားယူခြင်း၊ အဝတ်လဲခြင်း မရှိဘဲ အလောတကြီး တန်းရောက်လာခြင်း ဖြစ်သည်။ သူက မောပန်းနွမ်းနယ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေသည်။ ရှစ်ယဲ့ကို မြင်သောအချ်ိန်တွင် ထိုလူ၏ ပင်ပန်းသောမျက်နှာပေါ်တွင် အပြုံးခပ်ရေးရေး ပေါ်ပေါက်လာသည်။


ရှစ်ကျင်းက ရှစ်ယဲ့ထံသို့ လျှောက်သွားလိုက်ပြီး မေးသည်။

“အစ်ကိုတော်လည်း ခမည်းတော်ကို လာတွေ့တာလား… ခမည်းတော်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ… ကျွန်တော့်အပြစ်ပါ… လမ်းမှာ အချိန်အရမ်းလင့်သွားပြီး အချိန်မီ ပြန်မလာနိုင်ခဲ့…"


စကားမဆုံးမီတွင် ရှစ်ကျင်း၏အကြည့်များက ရှစ်ယဲ့၏ ခြေထောက်ထံသို့ ရောက်သွားပြီး စကားသံမှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။


ရှစ်ယဲ့က ရှစ်ကျင်း၏ အကြည့်ကို ဂရုမစိုက်ဘဲ ခံစားချက် ကင်းမဲ့သော အသံဖြင့် ပြောသည်။

“ခမည်းတော်ရဲ့ အခြေအနေက ဆိုးရွားနေပြီ… မင်း ဝင်ပြီး သွားတွေ့လိုက်… သူ့ သား သူ့ဆီ လာတွေ့တာသိရင် အရမ်း၀မ်းသာသွားလိမ့်မယ်…”


ရှစ်ကျင်းက ရှစ်ယဲ့၏ အဓိပ္ပာယ် တစ်မျိုးမည်သော နောက်ဆုံးစကားကို နားမလည်လိုက်သည်က နှမြောစရာပင်။ သူက ရှစ်ယဲ့၏ခြေထောက်ကိုသာ အချိန် အတန်ကြာ စိုက်ကြည့်နေပြီးနောက် ပြောသည်။

“အစ်ကိုတော်ရဲ့ ခြေထောက်က…”


ရှစ်ယဲ့က သံယောင်လိုက်ပြီး ဖြေသည်။

“ကောင်းသွားပြီ…”


ရှစ်ကျင်းက တအံ့တသြဖြင့်ထပ်မေးသည်။

“ဘယ်လို ကောင်းသွားတာလဲ…”


ရှစ်ယဲ့က တိုတိုတုတ်တုတ် ပြန်ဖြေသည်။

“ဒီလိုပဲ ကောင်းသွားတာပဲ…”


ရှစ်ကျင်း ".….."


ရှစ်ကျင်း ဇဝေဇဝါ ဖြစ်နေသည်ကို အပြစ်တင်၍ မရပေ။ နှစ်ပေါင်းများစွာ ဘီးတပ်ကုလားထိုင်ပေါ်တွင် နေခဲ့ရသော သူ့အစ်ကိုတော် ရုတ်တရက် မတ်တပ်ရပ်သွားနိုင်ထက် ပို၍ ထူးဆန်းသော ကိစ္စမရှိချေ။ သို့သော်လည်း သူ ကြားဖူးခဲ့သော ဟွားအိမ်တော်၏ ထူးခြားဆန်းကြယ်သော စွမ်းရည်များအကြောင်း သတိရသွားပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


ဟွားမိသားစုက မသန်စွမ်းတဲ့ ခြေထောက်တစ်စုံကိုတောင် ကုသပေးနိုင်မယ်လို့ မထင်ထားဘူး… ဘယ်လို စွမ်းရည်မျိုးပါလိမ့်…


သို့သော်လည်း ယခုချိန်က ထိုကိစ္စများ စဉ်းစားနေရမည့် အချိန် မဟုတ်ပေ။ ရှစ်ကျင်းက အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး ရှစ်ယဲ့ကို ဦးညွှတ်ကာ မိန်းမစိုးနောက်သို့ လိုက်ပြီး အိပ်ဆောင်ထဲသို့ ဝင်လိုက်သည်။


ရှစ်ယဲ့က မိန်းမစိုးများနှင့် အခြွေရံများကိုခြံရံကာ အရှေ့နန်းတော်သို့ ပြန်လိုက်သည်။


သူက စာကြည့်ဆောင်သို့ တိုက်ရိုက်မပြန်ဘဲ ဝါးပုလွေအိမ်တော်သို့ ဦးစွာ သွားရောက်သည်။


မိန်းမစိုးကျိုးက ဝမ်ချီနေထိုင်ရန် အိပ်ဆောင် အသစ် ပြင်ဆင်ပေးထားသော်လည်း ဝမ်ချီက ဤ အိပ်ဆောင် အသစ်တွင် မနေလိုက်ရမီ စစ်သူကြီးလင်း၊ ရှစ်ကျင်းတို့ နှင့်အတူ ကျင်းကျိုးသို့ လိုက်ပါသွားသောကြောင့် အိပ်ဆောင် ၂ခန်းလုံးက အလွတ် ဖြစ်နေသည်။


အိပ်ဆောင် ၂ခန်းလုံးတွင် မိန်းမစိုးနှင့် အစေခံများ မနေထိုင်သော်လည်း သူတို့က နေ့တိုင်း သန့်ရှင်းရေးလာလုပ်ကြသည်။ ယခင်ကထက် ပို၍ သန့်ရှင်းသပ်ရပ်သော်လည်း ခြောက်ကပ်ကပ် ဖြစ်နေသည်။


ဝါးပုလွေအိမ်တော်တွင် ယောထောင်က ခြံရှေ့၌ တံမြက်စည်း လှဲနေသည်။ ခြေသံများကို ကြားလိုက်ရသောကြောင့် လှမ်းကြည့်လိုက်ရာ အခြွေရံများ ခြံရံ၍ ရောက်ရှိလာသော ရှစ်ယဲ့ကို မြင်ပြီး လျင်မြန်စွာ ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်သည်။

“အရှင့်သား…”


ရှစ်ယဲ့က သူမကို တစ်ချက်မျှပင်မကြည့်ဘဲ အိမ်ထဲသို့ ဝင်သွားသည်။


ယောထောင်က အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် မိန်းမစိုးနှင့် အစေခံများ ရှစ်ယဲ့နောက်မှ လိုက်သွားသည်ကို မြင်ပြီး သူမပါ အနောက်မှလိုက်ရန် ပြင်လိုက်သည်။


ရှစ်ယဲ့က လှည့်မကြည့်ဘဲ ပြောသည်။

“မင်းတို့အားလုံး အပြင်မှာ စောင့်နေကြ…”


မိန်းမစိုးနှင့် အစေခံများက ခြေလှမ်းများကို ပြိုင်တူ ရပ်လိုက်ကြပြီး ညီညွတ်စွာ နာခံလိုက်ကြသည်။


ယောထောင်လည်း ရွေးချယ်ခွင့် မရှိတော့ဘဲ ခြံဝင်းကိုသာ ဆက်၍ သန့်ရှင်းရေး လုပ်နေလိုက်ရသည်။


အိမ်တော်ကို ယောထောင်နှင့် အစေခံများက အမြဲလိုလို သန့်ရှင်းရေး လုပ်သော်လည်း ဝမ်ချီ၏ အသုံးအဆောင်များက ဝမ်ချီ ထားထားသကဲ့သို့ပင် ခြေရာလက်ရာမပျက် ရှိနေဆဲ ဖြစ်သည်။


ရှစ်ယဲ့ အိပ်ခန်းထဲသို့ တန်းဝင်သွားပြီး ကုတင်ပေါ်တွင် လှဲလိုက်ကာ စောင်ထဲသို့ မျက်နှာနှစ်မြှုပ်လိုက်ပြီး ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။


ယောထောင်က အကြိမ်ပေါင်များစွာ အိပ်ရာခင်း လဲလှယ်ထားခြင်းကြောင့် ဖြစ်မည်။ အိပ်ရာပေါ်တွင် ဝမ်ချီ့၏ အငွေ့အသက် အနည်းငယ်သာ ကျန်ရှိတော့သည်။



💮💮💮