Chapter 110
Viewers 35k

💮Chapter 110



 

မိန်းမစိုးကျိုးက အခြေအနေကို ရှင်းပြပြီးနောက် မိန်းမစိုးငယ်များကို ဦးဆောင်ကာ ဝါးပလွေအိမ်တော်မှ ထွက်သွားခဲ့သည်။

 

မိန်းမစိုးကျိုး၏ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ဝမ်ချီက အသိပြန်ဝင်လာ၏။ သူက ခေါင်းငုံ့ကာ လက်တွင်းရှိစာအိတ်ကို ကြည့်လိုက်သည်။

 

ယခုအခါ ဝမ်ချီက စာအုပ်များစွာ ဖတ်ရှုခဲ့ပြီးပြီဖြစ်သည်။ သူနားမလည်သည့် စာလုံးများ ပါရှိနေသည့်တိုင်  သူ့အရှေ့ရှိစာအား ဖတ်ရန် မခဲယဉ်းခဲ့ချေ။

 

စာပါအကြောင်းအရာမှာလည်း ရိုးရှင်းလှသည်။ သာမန်ကွာရှင်းစာချုပ်တစ်ခုသာ ဖြစ်၏။

 

ယောဖန်းက တံခါးအနီးသို့ ပြေးလာချိန်တွင် တောင့်တောင့်ကြီး ရပ်နေသည့် ဝမ်ချီအား တွေ့လိုက်ရသည်။ သူမက ယောထောင်ကို ခေါ်ကာ စပ်စုချင်နေကြသည့် မိန်းမစိုးနှင့် အစေခံများကိုမူ အအဝေးသို့ မောင်းထုတ်လိုက်၏။

 

နောက်ဆုံးတွင် မိန်းကလေးနှစ်ဦးက ဝမ်ချီ့အနီးသို့ ရောက်လာကြသည်။

“သခင်လေး ဘာဖြစ်လို့လဲ… ဒါကရော ဘာများလဲ …”

ယောဖန်းက ခေါင်းလေးတိုးကြည့်လိုက်၏။ 

 

ဝမ်ချီက စာကို ဖယ်ရှားပစ်ရမည့်အစား ယောဖန်းထံ ကမ်းပေးလိုက်သည်။

 

ယောဖန်းက မျက်လုံးကျယ်ကျယ်ဖွင့်ကာ မျက်မှောင်ကြုတ်လျက် စာအိတ်ပေါ်ရှိစာများကို ဖတ်ကြည့်လိုက်၏။ ထို့နောက် သက်ပြင်းချလိုက်သည်။ 

“သခင်လေး … ဒီအစေခံက စာမတတ်ပါဘူး …”

 

“ကွာရှင်းစာချုပ်ပဲ …ဒါက ကွာရှင်းစာချုပ်ပဲ …”

 ယောထောင်က ပြောလိုက်သည်။


အဖြေရသွားသည့်နောက် ယောဖန်းက တောင့်ခဲသွား၏။ ထို့နောက် သူမက မယုံနိုင်ဟန်ဖြင့် စကားလုံးများကို ထပ်ကြည့်လိုက်သည်။ သူမက စာအိတ်ပေါ်ရှိ စာလုံးများကို အထိတ်တလန့်ကြည့်ကာ ဝမ်ချီအား ပြောလိုက်၏။

“ဒါက ဘယ်လိုဖြစ်ရတာလဲ … ကွာရှင်းစာချုပ်တဲ့လား…”

 

“အဲဒါ ကွာရှင်းစာချုပ်ပဲ …”

ယောထောင်က လောဖန့်ကဲ့သို့ ဟန်မပျက်သွားခဲ့ဘဲမျက်ခုံးများကို တွန့်ကွေးကာ ပြောလိုက်သည်။

“ဒါက အရှင့်သားကိုယ်တိုင် ရေးခဲ့တဲ့ ကွာရှင်းစာချုပ်ပဲ … အရှင့်သား ဒီလိုလုပ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး…”

 

သူမအသံက စကားမပြောနိုင်တော့သည်အထိ တဖြည်းဖြည်း တိမ်ဝင်သွား၏။

 

“မဖြစ်နိုင်တာ … မဖြစ်နိုင်တာ … အရှင့်သားက သခင်လေးကို ဒီလောက်နှစ်သက်တာ … ကွာရှင်းစာချုပ် ပေးမယ်တဲ့လား …”

ယောဖန်းက ငယ်ရွယ်သူဖြစ်ရာ တည်တည်ငြိမ်ငြိမ် မနေနိုင်ခဲ့ဘဲ သူမမျက်ဝန်းများက ချက်ချင်းနီရဲလာသည်။ သူမက ယောထောင်၏ လက်မောင်းအား ကောက်ရိုးတစ်မျှင်ကဲ့သို့ ဆွဲယူလိုက်သည်။

“ယောထောင် … မြန်မြန်ကြည့်စမ်းပါ … နင်မှားမြင်တာလား …”

 

ယောထောင်က ယောဖန်းကို ကြည့်လိုက်သည်။

“ငါ မမှားဘူး .. ဒါက အိမ်ရှေ့မင်းသားကိုယ်တိုင် ရေးထားတဲ့ ကွာရှင်းစာချုပ်ပဲ …”

 

ယောဖန်းက မယုံနိုင်ဟန်ဖြင့် စိုးရိမ်စွာ ပြောလိုက်သည်။ 

“ဒါပေမယ့် … ဒါပေမယ့် နင်က အိမ်ရှေ့စံကို အကြိမ်နည်းနည်းပဲ မြင်ဖူးတာလေ … ဒီစာက အိမ်ရှေ့စံရေးထားတယ်လို့ သိနိုင်မယ်တဲ့လား …”

 

ယောဖန်း ထိုသို့ပြောပြီးသည်နှင့် ယောထောင်က သူမ မတော်တဆ စကားချော်သွားကြောင်း သတိပြုမိသွားသည်။ သူမက ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ဘဲ ဝမ်ချီအား ကြည့်လိုက်သည်။

 

ဝမ်ချီသည်လည်း သူမအား တည်ငြိမ်စွာ ကြည့်နေသည်။ သူ့မျက်ဝန်းများက သူမအား စစ်ဆေးနေသကဲ့သို့ပင်။

 

ယောထောင်၏ မျက်နှာက ဖြူဖျော့သွားသည်။

“သခင်လေး … ဒီအစေခံက …”

 

ယောထောင်၏ အကြည့်ကြောင့် ဝမ်ချီက စကားလွှဲလိုက်၏။

“မိန်းမစိုးကျိုးက ငါကြိုက်တဲ့အချိန် ဒီက ထွက်သွားနိုင်တယ်လို့ ပြောခဲ့တယ်… ဒါပေမယ့် ငါ မိန်းမစိုးကျိုး ပြောတဲ့အတိုင်းလုပ်ဖို့ မင်းတို့ကို အကူအညီတောင်းရဦးမယ့်ပုံပဲ…”

 

ယောဖန်းက ကြောင်အသွားကာ မျက်ရည်များဖြင့် ရေရွတ်လိုက်၏။

“သခင်လေး … ကျွန်မ မိန်းမစိုးကျိုးကို သွားမေးလိုက်မယ်လေ … နားလည်မှုလွဲတာ တစ်ခုခုရှိမှာပါ …”

 

“မလိုပါဘူး …မင်းတို့ ပစ္စည်းတွေအရင်ထုပ်ပိုးကြ …”

ဝမ်ချီ ခေါင်းယမ်းလိုက်သည်။


ယောဖန်းကက ဝမ်ချီအား နှစ်သိမ့်ချင်သေးသော်လည်း တစ်ဖက်လူ၏ ပြတ်သားသောအမူအရာကြောင့် သူမက တုံ့ဆိုင်းဆိုင်းဖြင့် ထွက်သွားလေသည်။

 

ယောဖန်း ထွက်သွားချိန်၌ ယောထောင်သာ ကျန်ရှိခဲ့သည်။

 

အမှန်စင်စစ်တွင် ယောထောင်က ရှစ်ယဲ့နှင့် နီးစပ်သူတစ်ဦးဦး၏ သူလျှိုဖြစ်နိုင်ကြောင်း ဝမ်ချီ ခန့်မှန်းမိခဲ့၏။ သို့သော် သူမက ဖင်အန်းကဲ့သို့ သူ့အား အရှုပ်များမဖန်တီးပေးသလို သူ့ကိုလည်း အန္တရာယ်မဖြစ်စေခဲ့ချေ။ ထို့ကြောင့် သူက ယောထောင်အား ဤအတိုင်း ထားလိုက်၏။

 

သို့သော် ယောထောင်က ရှစ်ယဲ့၏လူဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

 

သို့သော် ၎င်းက အရေးမပါတော့ချေ။ သူက အရှေ့နန်းတော်မှ ထွက်ခွာတော့မည်ဖြစ်ရာ ရှစ်ယဲ့ ချီးမြှင့်ထားသည့် မြေစာချုပ်များမှအပ မည်သည့်အရာကိုမှ၊ မည်သူ့ကိုမှ ခေါ်ဆောင်သွားခွင့်မရှိပေ။

 

ဝမ်ချီက ယောထောင်ကို ပြောလိုက်သည်။

“မင်းလည်းသွားသင့်ပြီ … ငါစောစောသွားချင်တယ် …”

 

ယောထောင်၏ မျက်နှာကအကျည်းတန်သွားပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။

“သခင်လေး …”

 

ဝမ်ချီက စကားမဆိုဘဲ ယောထောင် စကားဆိုလာမည်ကိုသာ စောင့်ဆိုင်းနေ၏။

 

ခဏအကြာ၌ ယောထောင်က ပြောသည်။

“ဘာပဲဖြစ်ဖြစ် … ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ …”

 

ဝမ်ချီ ပြုံးလိုက်သည်။

“ကောင်းပါပြီ … မင်းလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…”

 

…..


ဝမ်ချီ ပိုင်ဆိုင်သည့်ပစ္စည်းများက အနည်းအကျဉ်းသာရှိရာ အချိန်တိုအတွင်း ရှင်းလင်းပြီးသွား၏။ ပြဿနာမှာ သူ၏ ဆုလာဘ်များကမူ သယ်ယူသွားရန် မလွယ်ကူလှပေ။ ၎င်းတို့အား နန်းတော်အပြင်ဘက်သို့ သယ်လိုပါက အားစိုက်ထုတ်ရမည်ဖြစ်၏။

 

ဝမ်ချီက ရွေးစရာမရှိတော့ဘဲ မိန်းမစိုးတစ်ဦးအား နန်းတော်ထဲတွင် ဤပစ္စည်းများ ကူသယ်ပေးနိုင်မည့်လူ ရှိမရှိ စုံစမ်းခိုင်းရတော့သည်။

 

သို့သော် ဆုလာဘ်များကို အိမ်ရှေ့စံနှင့် မင်းကြီး ချီးမြှင့်ထားသည်ဖြစ်ရာ မည်သူကမှ အလွယ်တကူ မထိဝံ့ကြပေ။ ထို့ကြောင့် ဝမ်ချီက ရှစ်ယဲ့ပေးထားသည့် အိမ်တစ်လုံးသို့သာ ဦးစွာရွှေ့ထားရန် ဆုံးဖြတ်လိုက်၏။

 

မျက်တောင်တစ်ခတ်အတွင်း အချိန်သုံးရက် ကုန်လွန်သွားသည်။

 

ခွဲခွာရမည့်နေ့၌ ဝါးပလွေအိမ်တော်ရှိ ယောဖန်းနှင့် အခြားမိန်းမစိုးများ၊ အစေခံများက မျက်ရည်ဝဲလျက် ရှိကြသည်။ ယောထောင် တစ်ဦးထဲသာ ထောင့်တစ်ထောင့်၌ ငြိမ်သက်စွာ မတ်တပ်ရပ်နေ၏။

 

“ဒီအစေခံရဲ့ စကားလုံးတွေက သခင်လေးကို ပြစ်မှားခဲ့မိတာရှိရင် ဒီအစေခံကို ခွင့်လွှတ်ပေးပါ …”


ယောဖန်းက မျက်ရည်သုတ်ကာ မိန်းမစိုးကျိုး ကွာရှင်းစာချုပ် လာပေးသည်နေ့က ပြောခဲ့မိသော စကားအတွက် သူမကိုယ်သူမ အပြစ်တင်ရင်း ရှိနေ၏။


“ဒီအစေခံသာ ကြိုသိခဲ့ရင် ဒီလိုမျိုး မပြောခဲ့ပါဘူး …”

 

ဝမ်ချီက ရယ်ရခက်ငိုရခက် ဖြစ်သွားကာ ယောဖန်းကို အချိန်အတန်ကြာ နှစ်သိမ့်လိုက်သည်။ သို့သော် ၎င်းက သူမအား ပို၍သာ ငိုလာစေ၏။

 

ဝမ်ချီက သူပြင်ဆင်လာသည့် ငွေကိုခွဲဝေပေးကာ ယောထောင်နှင့် ယောဖန်းအား ဂရုစိုက်နေထိုင်ရန် မှာကြားလိုက်၏။ ထို့နောက် မိန်းမစိုးငယ်လေး၏ အနောက်မှ လိုက်ပါလာခဲ့သည်။

 

နီးကပ်လာသည့် ဝါးပလွေအိမ်တော်ဂိတ်ဝကို ကြည့်ရင်း ဝမ်ချီက မရေရာသည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

 

သူ အိပ်မက်မက်နေသည်ဟုပင် ထင်မိ၏။

 

လွန်ခဲ့သောသုံးနှစ်၊ အရှေ့နန်းတော်ထဲသို့ လာရောက်ခဲ့စဉ်က သူ ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်ဟု ထင်ခဲ့မိသည်။ ယခုအခါ ရှစ်ယဲ့ထံမှ ထွက်ခွာလာနိုင်လေပြီဖြစ်သည်။ ရလဒ်က မည်သို့ဖြစ်နေပါစေ၊ သူက ဤလမ်းကိုသာ ရွေးချယ်မည်ဖြစ်၏။

 

ဝမ်ချီက အရှိန်တင်လိုက်သည်။

 

ငါ လွတ်တော့မယ် …

 

ငါတော့သွားပြီဟေး …

 

သူက ရှစ်ယဲ့နှင့်သူ့ကြားရှိ ချည်နှောင်မှုများကို ပယ်ဖျက်နိုင်ခဲ့ပြီဖြစ်ပြီး သူ့လမ်းသူ လျှောက်တော့မည် ဖြစ်သည်။ သူတို့က ပတ်သက်စရာအကြောင်း မရှိတော့ချေ။

 

ဝမ်ချီက အသက်ပြင်းပြင်းရှိုက်ကာ ခြေထောက်မြှောက်လိုက်သည်။

 

ယောဖန်းနှင့် ယောထောင်တို့က ဥယျာဉ်ထဲတွင်ရပ်ရင်း ရုတ်တရက် တောင့်တောင့်ကြီးဖြစ်သွားသည့် ဝမ်ချီအား ကြည့်နေကြ၏။

 

…..

 

မိန်းမစိုးက ဝမ်ချီအားကြည့်ကာ ဦးညွှတ်ရင်း မေးလိုက်သည်။

“ဝမ်သခင်လေး … တစ်ခုခုကျန်ခဲ့လို့လား …”

 

ဝမ်ချီက ထိုနေရာ၌သာ ရပ်မဲရပ်နေသည်။

 

ယောဖန်းက အငိုရပ်သွားကာ ယောထောင်ကို ကြည့်ရင်း မျက်ရည်သုတ်လိုက်၏။ ထို့နောက် သူမက ရှေ့တိုးလာသည်။

“သခင်လေး … ဘာများဖြစ်လို့လဲ …”

 

သူမ၏ စကားသံထွက်လာချိန်၌ ဝမ်ချီက ချက်ချင်းနောက်လှည့်လာသည်။ သူက အနောက်သို့ ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် ဂိတ်ဝသို့ ပြန်လျှောက်သွားလိုက်၏။ သို့သော် ဂိတ်ဝ၌ ရပ်တန့်လိုက်ပြန်သည်။

 

သူက အကြိမ်ပေါင်းများစွာ ကြိုးစားသည့်တိုင် ရလဒ်မှာမူ အတူတူဖြစ်နေဆဲပင်။

 

ဝမ်ချီက ပို၍ ဒေါသထွက်လာပြီး ယောဖန်းကမူ ပို၍ နားမလည်ဖြစ်လာ၏။ သူမက အရဲစွန့်ကာ မေးလိုက်သည်။ 

“သခင်လေး … ဘာများဖြစ်လို့လဲ …”

 

ဝမ်ချီ၏ မျက်ဝန်းများက ယောဖန်းအပေါ် ကျရောက်သွားသည်။ သူ၏ နှုတ်ခမ်းပါးများက အကြိမ်ရေအနည်းငယ်ခန့် ဖွင့်လိုက်ပိတ်လိုက် ဖြစ်သွားသည်။

“ပြီးသွားပြီ ယောဖန်း … ငါသွားလို့မရဘူး …”

 

…..

 

စာကြည့်ခန်းထဲ၌ …

 

အမှုထမ်းများက တုန်တုန်ယင်ယင် ထရပ်လိုက်ကြပြီး လိပ်များသဖွယ် ခေါင်းငုံ့ထားကြသည်။ သူတို့အားလုံးက ဖြူလျော်နေပြီး ကြောက်ရွံ့နေကြ၏။

 

မိန်းမစိုးကျိုးက အိမ်ရှေ့စံ၏ အနောက်ဘက်တွင် ရှိနေသည်။ သူက ခေါင်းမမော့ဘဲ မျက်လုံးလှန်ကာ အိမ်ရှေ့စံအား ကြည့်လိုက်၏။ သူ့အကြည့်က စားပွဲပေါ်ရှိ စာရွက်ပေါ်တွင် ကျရောက်နေသည့်တိုင် သူ့အတွေးများကမူ အခြားနေရာသို့ ရောက်နေပုံပေါ်သည်။

 

မိန်းမစိုးကျိုးက အိမ်ရှေ့စံအား နှစ်ပေါင်းများစွာ ခစားခဲ့၏။ ထို့ကြောင့် သူက အိမ်ရှေ့စံ၏ စိတ်အခြေအနေကို နားလည်လေသည်။ ထိုသူသည် ဝါးပလွေအိမ်တော်အကြောင်း စဉ်းစားနေခြင်း ဖြစ်ရပေမည်။

 

မိန်းမစိုးကျိုးက လွန်ခဲ့သော နှစ်နှစ်အတွင်း အိမ်ရှေ့စံ မည်သည့်အရာများ တွေ့ကြုံခဲ့ရကြောင်ူ မသိချေ။ သို့သော် ထိုသူ၏ စိတ်အခြေအနေက ပို၍ဆိုးဝါးလာပြီး နန်းတော်အတွင်းရှိ လူအားလုံးအား မလုံခြုံမှုကို ခံစားရစေ၏။ သူတို့က အကြောက်ကြောက်အလန့်လန့်ဖြင့် အိမ်ရှေ့စံ၏ ဒေါသကို ရင်ဆိုင်ကြရသည်။

 

သိသာစွာပင် စားပွဲရှေ့ရှိ အမှုထမ်းများ၏ အပြုအမူက အိမ်ရှေ့မင်းသားအား မပျော်မရွှင်ဖြစ်စေခြင်းပင်။

 

မိန်းမစိုးကျိုးက မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ မပြသခဲ့ပေ။ သို့သော် သူက စိတ်တွင်း၌မူ ထိုအမှုထမ်းများအား ကျိန်ဆဲနေမိသည်။

 

ခဏအကြာ၌ အိမ်ရှေ့စံက သတိပြန်ဝင်လာပုံဖြင့် အေးစက်စွာ ပြောလိုက်သည်။

“ထွက်သွားစမ်း …”

 

အမှုထမ်းများက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ အမြန်ထွက်သွားကြ၏။

 

မိန်းမစိုးကျိုးကမူ မလှုပ်မယှက်ရှိနေဆဲပင်။


မကြာမီမှာပင် အိမ်ရှေ့စံက ရုတ်တရက် ခေါ်လိုက်သည်။ “ကျိုးရှန့် …”

 

မိန်းမစိုးကျိုးက အမြန်လှမ်းလာကာ ခါးညွှတ်လိုက်၏။

“ဒီအစေခံရှိပါတယ် …”

 

အိမ်ရှေ့စံက မေးလိုက်၏။

“သူထွက်သွားပြီလား …”

 

မိန်းမစိုးကျိုးက သတိကြိီးစွာ ပြန်ဖြေလိုက်သည်။

“ဒီအစေခံက ဝမ်သခင်လေးအတွက် လူတစ်ယောက်ကို ပြင်ဆင်ပေးခဲ့ပါတယ် … ဒါပေမယ့် အဲဒီလူက ပြန်မလာသေးဘူးဆိုတော့ ဝမ်သခင်လေး အခုမှ သွားနေတုန်းဖြစ်မှာပါ …”

 

အိမ်ရှေ့စံက အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ့ကိုယ်သူ ပြောလိုက်၏။

“ထားလိုက်တော့ …”

 

ခဏအကြာ၌ သူက မိန်းမစိုးကျိုးကို ပြောလိုက်၏။

“မင်းတို့အားလုံး ထွက်သွားကြ … ခွင့်ပြုချက်မရှိဘဲ မဝင်ခဲ့ကြနဲ့ …”

 

“မှန်လှပါ …”

 

မိန်းမစိုးကျိုးက အိမ်ရှေ့စံ စိတ်အခြေအနေမကောင်းသည်က်ို သိသည့်အလျောက် အခြားလူများကိုခေါ်ကာ စာကြည့်ခန်းထဲမှ ထွက်သွား၏။

 

ရှစ်ယဲ့တစ်ဦးထဲသာ ကြီးမားသော စာကြည့်ခန်းထဲ၌ ကျန်ခဲ့သည်။ သူက လေတိုးသံကိုပင် ကြားနေရပြီး အထီးကျန်မှုကို ခံစားလိုက်ရ၏။

 

ရှစ်ယဲ့က ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက် ထိုနေရာ၌ ရှိနေခဲ့လေသည်။

 

မင်းကြီး ဖျားနာချိန်မှစ၍ သူ့၌ ကိုင်တွယ်ရမည့် ကိစ္စများ ပုံထပ်လာသည်။

 

သို့သော် ယခုမူ သူက ထိုသို့ပြုလုပ်နိုင်စွမ်း မရှိတော့ချေ။

 

ရှစ်ယဲ့က စာကြည့်ခန်းထဲ၌ တစ်နေ့လုံး ရှိနေ၏။ ကောင်းကင်က မှောင်မဲလာကာ ကြယ်ကလေးများ ဟိုတစ်လုံး သည်တစ်လုံး ထွက်ပြူလာကြသည်။ မိန်းမစိုးကျိုးက ညနေစာအား မီးဖိုခန်းထဲမှ စာကြည့်ခန်း၏ ဘေးလမ်းတစ်လျှောက် ညှင်သာစွာ သယ်ဆောင်လာခဲ့သည်။


“အရှင့်သား … အပြင်ဘက်မှာ မှောင်မဲနေပါပြီ … တစ်ခုခု စားသင့်ပါတယ် …”

မိန်းမစိုးကျိုးက ညှင်သာစွာဆိုသည်။

 

သို့သော် ရေကန်ထဲသို့ ကျဆင်းသွားသည့် ကျောက်တုံးကဲ့သို့ပင် သူ့စကားများသည်လည်း အချည်းနှီးသာဖြစ်ခဲ့ရ၏။

 

မိန်းမစိုးကျိုးက အရဲစွန့်၍ ထပ်ပြောလိုက်၏။

“အရှင့်သား … ဒီအစေခံ ညစာယူလာပါတယ် … အရှင့်သား စာကြည့်ခန်းထဲမှာ သုံးဆောင်လိုပါသလား …”

 

ရှစ်ယဲ့က ဘာမှပြန်မပြောခဲ့ပေ။

 

မိန်းမစိုးကျိုးက ခဏကြာတွန့်ဆုတ်နေ၏။ အိမ်ရှေ့စံ၏ တိတ်ဆိတ်မှုက လက်ခံခြင်းဖြစ်ရမည်ဟု သူက ယူဆလိုက်သည်။ ထို့ကြောင့် သူက စာကြည့်ခန်းအတွင်းသို့ ညစာနှင့်အတူ ဝင်ရောက်လာခဲ့သည်။ သို့သော် စားပွဲရှေ့၌ မည်သူမှ ရှိမနေခဲ့ပေ။

 

မိန်းမစိုးကျိုးက ညစာကိုချကာ အိမ်ရှေ့စံအား လှည့်ပတ်ရှာလိုက်သည်။ ထို့နောက် ပွင့်နေသည့် စာကြည့်ခန်းပြဝင်းပေါက်ကို ကြည့်ရင်း အိမ်ရှေ့စံ ထွက်သွားကြောင်း နားလည်သွား၏။

 

တကယ်ပဲ …

 

မိန်းမစိုးကျိုးက ပြတင်းပေါက်အရှေ့တွင် ရပ်ကာ ခေါင်းယမ်းလျက် သက်ပြင်းချလိုက်သည်။

 

အိမ်ရှေ့စံင စည်းလွတ်ဝါးလွတ် ဖြစ်လွန်းသည်။ နန်းတော်ထဲတွင် သွားသင့်သည့်နေရာနှင့် မသွားသင့်သော နေရာဟူ၍ ရှိ၏။ သို့သော် အိမ်ရှေ့စံမင်းသားကမူ နန်းတော်တစ်ခုလုံးကို ဈေးကဲ့သို့ စိတ်ထင်တိုင်း သွားလာနေတတ်၏။

 

သူ သိုင်းတတ်၍သာ တော်တော့သည်။ တစ်စုံတစ်ဦးသာ သူ့အား တွေ့သွားပါက အိမ်ရှေ့စံမင်းသား ဖြစ်နေသည့်တိုင် ဤအတိုင်း ကျော်သွားခွင့် ရှိလိမ့်မည် မဟုတ်ပေ။

 

…..

 

မရေမတွက်နိုင်အောင် ကြိုးစားပြီးနောက် ဝမ်ချီက လက်လျှော့လိုက်၏။ သူက ဝါးပလွေအိမ်တော်မှ ထွက်မသွားနိုင်ချေ။

 

အတိအကျဆိုရပါက အရှေ့နန်းတော်မှ ထွက်ခွာသွားမည့် စိတ်ကူးကို မစွန့်လွှတ်သရွေ့ ဤနေရာမှ ထွက်သွားနိုင်မည်မဟုတ်ပေ။ သူ့ခြေထောက်များက မြေပြင်၌ အမြစ်တွယ်နေသည့်အလားပင် သူမည်မျှ ကြိုးစားသည်ဖြစ်စေ၊ တစ်လက်မပင် ရွေ့မသွားခဲ့ချေ။ သို့သော် ဤအတိုင်း လမ်းလျှောက်ခြင်းဆိုပါက လွတ်လပ်စွာ ရွေ့လျားနိုင်၏။

 

၎င်းက ဝမ်ချီအား နှစ်ကြိမ်ခန့် ထိန်းချုပ်ခဲ့သည့်အားကို အမှတ်ရသွားစေသည်။

 

သူက ၎င်းစွမ်းအားမှာ ဝမ်လျန် စနစ်အား အသုံးပြုသည့် သက်ရောက်မှုဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် ထိုစနစ်ပါရှိသည့် ကျောက်တုံးအား စစ်သူကြီးလင်းက ယူဆောင်သွားလေပြီ။ စွမ်းအားသည်လည်း ပျောက်ကွယ်သွားသင့်၏။

 

ယခုမူ …

 

စွမ်းအားက ရှိနေဆဲပင်။

 

ဝမ်ချီက လမ်းပျောက်သလို ခံစားလိုက်ရ၏။

 

သူက တစ်နေ့လုံး အိပ်ရာထဲ၌ လူးလိမ့်နေခဲ့ပြီးနောက် ခေါင်းကို ရှင်းနိုင်လိုက်၏။ ထိုစွမ်းအားက သူ ရှစ်ယဲ့ထံမှ ထွက်ခွာမသွားနိုင်အောင် တားဆီးခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။

 

မူလက မူလဇာတ်ကြောင်း၏ လွှမ်းမိုးမှုကြောင့် ထိုစွမ်းအား ဖြစ်တည်လာခြင်းဟုလည်း သူတွေးခဲ့မိ၏။ ဝတ္ထုဇာတ်ဆောင်များက ဇာတ်ကြောင်းအား သွေဖယ်ခွင့်မရှိပေ။ တစ်ဦးဦး သွေဖယ်သွားသည်နှင့် အရာအားလုံးကို ပြင်ဆင်ရန် ကမ္ဘာကြီးက အားစိုက်ထုတ်ပေလိမ့်မည်။

 

သို့သော် ခဏကြာ စဉ်းစားပြီးနောက် ထိုအချက်မှာလည်း မှားယွင်းကြောင်း နားလည်လိုက်၏။

 

ကမ္ဘာကြီး၌ ထိုသို့သော စွမ်အားမျိုးရှိပါက မက်မွန်ပွင့်ပွဲတော်တွင် သူက ဝမ်လျန်၏ ခြေနင်းတုံးဖြစ်မည့်အပြင် ကျောက်တုံးသည်လည်း ဝမ်လျန်ထံ ပြန်ရောက်သွားပေလိမ့်မည်။ သို့သော် ကျောက်တုံးက လီဟောက်ထံမှတဆင့် စစ်သူကြီးလင်းထံသို့ ရောက်သွား၏။ ထိုအချိန်မှစ၍ ဇာတ်ကြောင်းက မြင်းရိုင်းပမာ ပြောင်းလဲနေပြီး ပြန်လည် ထိန်းချုပ်၍ မရတော့ပေ။

 

ဖြစ်နိုင်ချေများကို ဖယ်ရှားလိုက်ပါက နောက်ထပ်တစ်ခု ကျန်သေး၏။ စနစ်က အားလုံးကို ချုပ်ကိုင်နေခြင်း ဖြစ်ရပေမည်။


ဝမ်ချီက ဝမ်လျန်၏ မူလဆန္ဒမှာ ရှစ်ယဲ့နှင့် လက်မထပ်ရန် ဖြစ်ကြောင်း မှတ်မိ၏။ ထို့ကြောင့် စနစ်က ဝမ်လျန်အား မူလကိုယ်နှင့် အစားထိုးလိုက်သည်။ ဝမ်လျန်၏ ဆုတောင်းသာ ပြည့်ဝသွားပါက သူသည်လည်း ရှစ်ယဲ့အား ထားသွားနိုင်မည်မဟုတ်ပေ။

 

အဆုံးသတ်၌ ဝမ်ချီက မျှော်လင့်ချက်မဲ့မှုကိုသာ ခံစားလိုက်ရသည်။

 

သူက စနစ်အား အနိုင်ပိုင်းနိုင်စွမ်းမရှိချေ။ သို့သော် စစ်သူကြီးလင်းထံမှ ကျောက်တုံးအား ခိုးယူနိုင်သရွေ့ ဤချည်နှောင်မှုအား အပြီးသတ်နိုင်ပေလိမ့်မည်။

 

သို့သော် စစ်သူကြီးလင်း၏ တောင့်ဖြောင့်သော ခန္ဓာကိုယ်နှင့် နှစ်မီတာရှည်လျားသောအရပ်ကိုတွေးကာ ဝမ်ချီက ထိုအကြံကိုလည်း လက်လျှော့လိုက်သည်။

 

ထားလိုက်တော့ …

 

ဒီမှာပဲ စားလိုက်သောက်လိုက်နဲ့ နေတာလည်း ကောင်းတဲ့ကိစ္စပဲလေ …

 

ထို့ကြောင့် ဝမ်ချီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သို့သော် ညစာစားပြီးသည့်နောက် သူ၏ စကားနားမထောင်သော ခြေထောက်များက သူ့အား ခြံဝန်းထဲသို့ ခေါ်လာခဲ့ပြန်၏။

 

သူက မြင့်မားသော ခြံစည်းရိုးကိုကြည့်ကာ အကြံတစ်ခု ရလာခဲ့ပြန်သည်။



💮💮💮