Chapter 59
Viewers 4k

🚩 Ch 59

Arc 3.22 အစားထိုးခံချစ်သူ 



ကုသဆောင်ထဲ၌ ရှောင်းကျင်မော့သည် အထင်အမြင်သေးသည့်မျက်နှာအမူအရာဖြင့် အုပ်ထိန်းသူတစ်‌ယောက်ကဲ့သို့ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေရင်း စုရွေ့ကို ကြည့်နေသည်။ စုရွေ့သည်လည်း စု၀မ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည် ။


" ဖန်းကျစ်မု "


စု၀မ်မှာ သူမ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားပုံရပြီး ဖြည်းညှင်းစွာ ပြောလာသည်။ " ကျူးလွန်သူ ယာဉ်မောင်းကို ရှင်ခိုင်းစေခဲ့ပြီး ရှင့်ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက လည်း အတုတွေ၊ အစကတည်းက ရှင် ကျွန်မကို လှည့်စားခဲ့တာမလား "


စကားတစ်ခွန်းပြောတိုင်း စု၀မ်၏အမူအရာမှာ ပို၍ပို၍ ဝမ်းနည်းကြေကွဲလာသည်။ စကားဆုံးသွားချိန်၌ သူမ၏မျက်လုံးများက နီရဲနေလေပြီ။


နက်နက်ရှိုင်းရှိုင်း ယုံကြည်ရသူ၏ လှည့်စားခံရခြင်းမှ  အင်အားမဲ့ခြင်းနှင့် စိတ်ပျက်ခြင်းများကို  သူမ ခံစားနေရသည်။


" ရှောင်၀မ် မင်းဘာတွေပြောနေတာလဲ "


စုရွေ့က စု၀မ်ကို အနည်းငယ် နားမလည်နိုင်စွာ ကြည့်လိုက်ပြီးနောက် ရှောင်းကျင်မော့ဘက်သို့ ခေါင်းလှည့်ကာ ပြင်းထန်စွာ  ကြည့်လိုက်ပြီး " ရှောင်းကျင်မော့ မင်း သူမကို ဘာပြောလိုက်တာလဲ "


" ငါ စုံစမ်းစစ်ဆေးပြီး မြင်ခဲ့ရတဲ့ အဖြစ်မှန်တွေကို ပြောပြခဲ့ရုံပဲ "


ရှောင်းကျင်မော့၏လေသံက အလွန်ငြိမ်သက်‌ နေလေသည်။ " ဒီအခြေအနေကို ရောက်နေပြီ။ ဖန်းကျစ်မု မင်း သရုပ်ဆောင်နေတာကို ရပ်လိုက်သင့်ပြီ "


" အဖြစ်မှန်လား မင်းက ဘာကြောင့် အဖြစ်မှန်တွေလို့ ပြောနိုင်ရတာလဲ "


ဆေးရုံခုတင်ပေါ်ရှိ စုရွေ့က အေးစက်စွာပြုံးလိုက်ပြီး " မင်းစုံစမ်းထားတဲ့အချက်အလက်တွေက တကယ့်အဖြစ်မှန်တဲ့လား။ ငါက အဲဒီယာဉ်မောင်းကို လာဘ်ထိုးတယ်ဆိုတဲ့သ‌ဘောလား။ ဒါဆို ငါ့ကို ချောက်ချဖို့ မင်းကလာဘ်ထိုးခဲ့တာလို့ ငါ့ဘက်ကလည်းပြောမယ်။ ရှောင်းကျင်မော့ မင်းနဲ့ စု၀မ်က လမ်းခွဲပြီးသားပါ။ ငါက အခု  စု၀မ်ရဲ့ချစ်သူ။ မင်း ဒီလောက်ထိ မနှောက်ယှက်လို့ မရဘူးလား၊ ငါတို့ကြားက ကိစ္စတွေကို  အပြင်လူ မင်းက မျက်စိစုံမှိတ်ပြီး ဝင်မစွက်ဖက်ပါနဲ့လား "


အပြင်လူလား။


ဤစကားတစ်ခွန်းသည် ယခုအချိန်တွင် အထူးတလည် စူးရှထိုးဖောက်နေပုံရသည်။


ထို့ကြောင့်  စုရွေ့၏စကားကိုကြားသောအခါ ရှောင်းကျင်မော့၏မျက်နှာသည် မြင်မ‌ ကောင်းရှုမကောင်းလောက်အောင်ပင် ဖြစ်သွားသည်။


 " ဖန်းကျစ်မု မင်းက  နှစ်ပေါက်တစ်ပေါက်ရိုက်နေတာပဲ။ မင်းသာ ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုရင် မင်းခြေထောက်က ပတ်တီးကိုဖွင့်ပြီး ငါတို့ကိုပြရဲလား "


"မင်း ငါ့ကိုဖွင့်ခိုင်းတာနဲ့  ငါကဖွင့်ပြရမယ်။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ "


‌စုရွေ့က ထေ့ငေါ့စွာ ပြန်ပြောသည် ။ ယခုအချိန်၌ စု‌၀မ်နှင့်ရှောင်းကျင်မောတို့ နှစ်ယောက်လုံးက တံခါးဝကို ကျောခိုင်းရပ်နေ သောကြောင့် အပြင်ဘက်မှာ လူတစ်‌ယောက်အပိုရှိနေသည်ကို သတိမပြုမိကြချေ။


သို့သော် စုရွေ့က လော့ချူးချူးကို မြင်တွေ့ရပြီး သူ၏မျက်လုံးထဲတွင် လှောင်ပြောင်မှုများ ပို၍ပြင်းထန်လာသည်။


" ရှောင်းကျင်မော့ မင်းက ရည်းစားရှိပြီးသားလူတစ်ယောက်ဆိုတာကို မေ့သွားပြီလား။ အကယ်၍ မင်းနောက်ပြန်လှည့်ပြီး စု၀မ်နဲ့အတူပြန်ရှိချင်တယ်ဆိုရင် အနည်းဆုံးတော့ လော့ချူးချူး ကို အရင် စွန့်ပစ်သင့်တယ်။ ဒီလိုမျိုး ငါတို့ကိစ္စတွေကို ၀င်နှောက်ယှက်ချင်နေသေးတာ မင်းကိုယ်မင်း အရမ်းအရှက်မရှိဘူးလို့ မထင်မိဘူးလား"


" မင်းကသာ အရှက်မရှိတဲ့သူကွ "


စုရွေ့၏ ကောက်ကျစ်သော ငြင်းခုံမှုများနှင့် ချီတုံချတုံဖြစ်နေပုံရ‌သော ဘေးနားရှိ စု၀မ်ကို  မြင်လိုက်ရသောအခါ ရှောင်းကျင်မော့သည် တခဏချင်း ဒေါသထွက်သွားလေသည်။ သူက သူ၏ လူကြီးလူကောင်းဆန်သည့် အပြုအမူကို ထိန်းမထားနိုင်တော့ဘဲ စုရွေ့၏ ဆေးရုံကုတင်ဆီသို့ ရုတ်တရက် သွားကာ စုရွေ့ခန္ဓာကိုယ်ပေါ်ရှိ ခြုံစောင်ကို လှန်လိုက်‌သည်။သူ၏လက်နှစ်ဘက်က ဒဏ်ရာရနေသည့်ခြေထောက်ကို ချိန်ရွယ်ကာ ပတ်တီးများကို အားဖြင့် ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲလိုက်ခေသည်။


သွေးများ အဆက်မပြတ် စီးကျလာ‌သည်။ ရုတ်​တရက် ထိတွေ့ခြင်းကြောင့်​ မူလက​ သက်သာခါစ ပြုနေသောဒဏ်​ရာများ ပွင့်​ထွက်သွားလေသည်​။ သွေးများအဆက်မပြတ်ထွက်လျက်ရှိသည့် ဒဏ်ရာမှာ အတွင်းထဲရှိ အဖြူရောင်ခြေထောက်ရိုးများကိုပင် မြင်ရနိုင်သည်။


အရိုးကိုပင် မြင်နိုင်သော နက်ရှိုင်းသည့် ဒဏ်ရာအစစ်အမှန်များပင်။


ရှောင်းကျင်မော့ နေရာတွင်ပဲ မှင်တက်နေမိသည်။


စုရွေ့၏ အမူအရာမှာ မပြောင်းလဲဘဲ ရှောင်းကျင်မော့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး " နောက်ဆုံးတော့ ဘယ်သူက မကောင်းတဲ့ရည်ရွယ်ချက်တွေ ပုန်းအောင်းနေတာလဲ။ ရှောင်းကျင်မော့ ငါ မှတ်မိတဲ့အတိုင်းဆိုရင်၊ မတော်တဆမှု ဖြစ်ခဲ့တဲ့နေ့မှာ မင်းလည်း အခင်းဖြစ်နေရာမှာ ရှိနေခဲ့တာ။ မင်း လမ်းကဖြတ်သွားရင်းနဲ့ကြုံသွားတာလို့တော့ လာမပြောနဲ့ ။ မင်းက စု၀မ်ကို အမြဲ‌တမ်း နှောင့်ယှက်နေခဲ့တာ၊ မင်း ဘာလိုချင်တာလဲ၊ မင်းဒီလိုလှေနံနှစ်ဖက်နင်းချင်နေတာကို မင်းအိမ်က စင်ဒရဲလားလေးရော သိရဲ့လား "


" ငါ......ငါ......"


ခဏမျှကြာသည်အထိ ရှောင်းကျင်မော့မှာ  စကားပြောနိုင်စွမ်းမရှိသကဲ့သို့ ဆွံ့အနေလေသည်။


စုရွေ့ခြေထောက်ရှိ သွေးများကြောင့် ထိတ်လန့်သွားပုံရသည့် စု၀မ်က ပျာယာခတ်သွားပြီး တံခါးဆီသို့ လှည့်လိုက်ကာ ချက်ချင်းပြေးထွက်သွားသည်။ " ကျွန်မ ဆရာဝန်သွားခေါ်လိုက်မယ် "


ကုသဆောင်တံခါးကို သတိမပေးဘဲ ဖွင့်လိုက်ပြီး စု၀မ်သည်  တံခါးဝတွင် စကားမဆိုဘဲ မှင်တက်စွာ မတ်တပ်ရပ်လျက်ရှိသော လော့ချူးချူးကို တွေ့လိုက်သည်။


" လော့....."


စု၀မ်က တစ်ခုခုပြောလို‌သော်လည်း သူမရှေ့ရှိ လော့ချူးချူးက ပြုံးရုံမျှ ပြုံးပြရင်း " ကျွန်မအချိန်အခါမှားပြီးလာမိသွားပုံရတယ်။ ရှင့်တို့ကို အနှောင့်အယှက်ဖြစ်‌စေမိပြီ "


ပြောပြီးသည်နှင့် လော့ချူးချူးက သူမ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ကာ ထွက်ခွာသွားသည်။ စု၀မ်သည်လည်း စုရွေ့၏တာဝန်ခံဆရာဝန်ကို ခေါ်ရန်အတွက် တွန့်ဆုတ်ခြင်းမရှိ ထွက်သွား‌သည်။


" ဘာလို့လိုက်မသွားတာလဲ "


စုရွေ့၏ခြေထောက်မှာ သွေးထွက်နေဆဲဖြစ်သော်လည်း သူက ၎င်းကို လျစ်လျူရှုထားပုံရသည်။ မလှုပ်မယှက်ဖြစ်‌‌နေသော ရှောင်းကျင်မော့ကို ခနဲ့စွာ ကြည့်လိုက်ပြီး " မင်း လိုက်မသွားဘူးဆိုရင် မင်းရဲ့စင်ဒရဲလားလေး ထွက်ပြေးသွားလိမ့်မယ် "


" မင်း သူမကို လာခိုင်းခဲ့တာလား "


ရှောင်းကျင်မော့သည် နောက်ဆုံး၌ သူ၏ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီး ဖန်းကျစ်မု၏အစီအစဥ်၌ ကနဦးအစတည်းက ပါဝင်ကစားခဲ့မိကြောင်း နားလည်သွား‌သည်။


" ငါ သူမကို လာ‌ဖို့ ခေါ်ခဲ့တာ "


ရှောင်းကျင်မော့‌မေးသောအခါ စုရွေ့က အလွန်ရိုးရိုးစင်းစင်း ၀န်ခံလိုက်ပြီး " ရှောင်းကျင်မော့ မင်း လော့ချူးချူးနဲ့အတူ ရှိပြီးကတည်းက မင်းတို့ နှစ်ယောက် ကောင်းမွန်တဲ့ဘ၀တစ်ခုအဖြစ် မနေကြတာလဲ။ စု၀မ်ရဲ့အတွေးကို ငါနားမလည်နိုင်‌ပေမဲ့ ငါ့နှလုံးသားကို ငါ သေသေချာချာ နားလည်တယ်။ ငါလိုချင်တာကို ငါသိတယ်။ ငါသူ့ကိုချစ်တယ်ဆိုတာလည်း ငါသိတယ်။ လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက မင်းသူ့ကို စွန့်လွှတ်ခဲ့ပြီးပြီမို့ ရှစ်နှစ်ကြာပြီးတဲ့‌နောက် သူမနဲ့ငါ့ရဲ့ခံစားချက်တွေကြားထဲ ဒီနေ့လိုမျိုး အနှောင့်အယှက်ပေးနေဖို့  မင်းမှာ ဘာအရည်အချင်းတွေရှိလို့လဲ "


ဘာအရည်အချင်းတွေရှိလို့လဲ။


ရှောင်းကျင်မော့၏ မျက်လုံးများက  တဖြည်းဖြည်း မည်းမှောင်သွားသည်။


ဟုတ်ပေသည်၊ သူ့ထံတွင် မည်သည့်အရည်အချင်းများရှိလေသနည်း။


လက်ရှိသူသည် စု၀မ်ခွင့်လွှတ်မှုကို မျှော်လင့်နိုင်သည့် အရည်အချင်းပင် မရှိချေ။


သို့သော်......


စု၀မ်က ဤလူလိမ် ဖန်းကျစ်မု၏ လှည့်စားခြင်းခံ‌နေရသည်ကို သူ တကယ်ပင် ကြည့်နေလိုသည်လား။


သူသည် ထိုမျှခန့် လျစ်လျူမရှုနိုင်ချေ။


သို့သော် သူမက စု၀မ်။ သူ့အတွက် အရာအားလုံးကို ပေးဆပ်ခဲ့ပြီး မိုက်မဲစွာ နင့်နင့်နဲနဲ ဆက်ချစ်နေခဲ့သူဖြစ်သည်။


" ဖန်းကျစ်မု "


နောက်ဆုံး၌ ရှောင်းကျင်မော့သည် စိတ်ပိုင်းဖြတ်လိုက်သကဲ့သို့ ကုတင်ပေါ် ရှိလူကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။


 " စု၀မ်ကို ငါပြန်လိုက်မယ်။ သူမကို မင်းဆီ ဘယ်တော့မှ မပေးဘူး "


အပြစ်ရှိစိတ်ကြောင့်ဖြစ်‌စေ သူ့နှလုံးသားထဲမှာ ကယ်တင်လိုစိတ်ဖြစ်စေ ရှောင်းကျင့်မော့သည် လက်ရှိ၌  ဤနည်းလမ်းတစ်ခုကို တွေးနိုင်လေသည်။ စု၀မ် ဖန်းကျစ်မု၏ ညင်သာသောထောင်ချောက်မှ လွတ်မြောက်ရန် ဤနည်းလမ်းကို အသုံးပြုနိုင်မည်ဟု သူတွေးလိုက်သည်။


စုရွေ့ကို ပတ်တီးအသစ်လဲပေးရန်အတွက် ဆရာဝန်နှင့်အတူ စု၀မ် ပြန်ရောက်လာသောအခါ ရှောင်းကျင်မော့က ထွက်ခွာသွားပြီးဖြစ်သည်။


ဒဏ်ရာကို ဆေးထည့်ကာ ပတ်တီးအစားထိုးပြီးနောက် ဆရာဝန်နှင့် သူနာပြုများလည်း ထွက်ခွာသွားကြပြီး ကုသဆောင်ထဲတွင် စု၀မ်နှင့် စုယွေ့တို့ နှစ်ယောက်သာလျှင် ကျန်ရှိသည်။ စု၀မ်က ကုတင်ရှေ့တွင် ငြိမ်သက်စွာ ထိုင်ရင်း စုယွေ့ကို အေးအေးဆေးဆေး ကြည့်‌ နေသည်။


စုယွေ့သည်လည်း စကားမပြောချေ။ သူတို့နှစ်ဦးကြားရှိ လေထုသည် ထူးဆန်းနေသော်လည်း လိုက်ဖက်ညီနေသည်။


နံရံပေါ်ရှိ နာရီ ၉ နာရီသို့ ရောက်သောအခါ စုဝမ်က စကားမပြောဘဲ မတ်တပ်ထရပ်လိုက်ပြီး ထွက်ခွာလုနီးပါးဖြစ်သည်။


" ရှောင်းကျင်မော့က မင်းကို ပြန်ရချင်တယ်လို့ ပြောခဲ့တယ် "


စုရွေ့သည် စု၀မ်၏ နောက်ကျောဘက်သို့ညှိုးငယ်သောအသံဖြင့် ရုတ်တရက်ပြောလိုက်သည်  " ဒီလိုလူမျိုး၊ ဘယ်သူက သူ့ကို အဲ့လိုမျက်ကန်းယုံကြည်မှုပေးခဲ့တာလဲ "


သူက တစ်ခုခုကို မလိုချင်လျှင် သူ့ထံ၌ ရှိနေစရာမလို၊ အစားထိုးခံတစ်ယောက်လိုလျှင် တစ်ယောက်ရှာလိုက်ပြီး တစ်စုံတစ်ရာကို ပြန်ရလိုသည်ဆိုသည်နှင့်  ပြန်ယူနိုင်သည်ဟုတွေးနေခြင်းက ကမ္ဘာကြီးသည် သူ့တစ်‌ယောက်ထဲကိုသာ လှည့်ပတ်နေသည်ဟု ထင်မြင်နေသည်လား။


ကောင်းပြီ၊ သူက ဤကမ္ဘာ၏ မျက်နှာသာပေးခံရသော အမျိုးသားဇာတ်လိုက်ဖြစ်သော်ငြားလည်း အဘယ်ဖြစ်သနည်း။


စုရွေ့သည် ယခုအချိန်အထိ တီဗီဒရာမာနှင့် ဝတ္ထုပေါင်း ၁၀၀ ထက်မနည်း ကြည့်ရှုခဲ့သော်လည်း အမျိုးသားဇာတ်လိုက်များ၏ ခံစားချက်ကို နားမလည်နိုင်သေးပေ။


ချစ်သူအတွက် အစားထိုးရှာသည့် ဤကဲ့သို့ လူမျိုးကို အချစ်ရူးဟု သူ မထင်ချေ။ သူသာ အမှန်တကယ် စွဲလန်းသည်ဆိုလျှင် သူ ချစ်သည့်အမျိုးသမီးအတွက် သူ့ကိုယ်သူ ကျောက်စိမ်းကဲ့သို့ ဖြူစင်အောင် ထိန်းသိမ်းထားသင့်ပေသည်။


ဇာတ်ကောင်များ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နှိပ်စက်ညှင်းပန်းပြီး မုန်းတီးကြသော်လည်း အံ့ဖွယ်ကောင်းသော ပျော်ရွှင်ဖွယ် အဆုံးသတ်အား ရရှိအောင် စွမ်းဆောင်နိုင်သည့် အချစ်ဇာတ်လမ်း၀တ္ထုများကို သူ တကယ် နားမလည်နိုင်ပေ။


အချစ်ဆိုသည် ဖြူစင်သည့်အချစ် ဖြစ်ရမည်။ အညစ်အကြေး အနည်းငယ်မျှပင် မပါဝင်သင့်ဘဲ အခြားသူများကို လှည့်ဖြားရန် သို့မဟုတ် ထိခိုက်နစ်နာစေရန် တစ်စုံတစ်ဦးကိုမှ အသုံးပြုခြင်းလည်း မဖြစ်သင့်ပေ။


အဘယ့်ကြောင့်ဆိုသော် ဤ 'ချစ်တယ်' ဆိုသည့် စကားလုံးလေးသည် လက်တွေ့မှာ အလွန်နုနယ်လွန်းသောကြောင့်ဖြစ်သည်။


လူနှစ်ယောက်ကြားတွင် ဒဏ်ရာဒဏ်ချက်များစွာရှိခဲ့သည်နှင့် ယခုအချိန်တွင် တစ်ယောက်ကိုတစ်ယောက် ချစ်နိုင်လျှင်တောင်မှ တစ်ယောက်ကို တစ်ယောက် တစ်သက်လုံး ထာ၀ရ ချစ်မိသွားမည့် ကံကြမ္မာမရှိချေဖြစ်။


ကျိုးပဲ့နေသည့် မှန်တစ်ချပ်ကို ပြန်လည်‌ ပေါင်းစပ်နိုင်မည်ကို သရဲတစ္ဆေတစ်ကောင်များကသာ ယုံကြည်ပေလိမ့်မည်။

[T/N - လမ်းခွဲပြီးသားစုံတွဲတွေ ပြန်ပေါင်းထုတ်တာကို ပြောတာပါ]


"ဒီလိုလူမျိုး၊ ဘယ်သူက သူ့ကို ဒီလို မျက်ကန်းယုံကြည်မှုပေးခဲ့တာလဲ "


စုရွေ့ ခုနက ပြောခဲ့သည့် စကားများသည် စု၀မ်၏နားထဲ၌ ပဲ့တင်ထပ်နေ‌လေသည်။


ဟုတ်တယ်။ ရှောင်းကျင်မော့ ဘယ်သူက ရှင့်ကို  အဲ့လိုယုံကြည်မှု ပေးခဲ့တာလဲ။


ရှင့်အတိတ်က ချစ်သူကို  ကယ်တင်‌နေတယ်လို့ ထင်နေတာလား။


ဒါဆို လော့ချူးချူးကိုရော ရှင်ဘယ်မှာထားမှာလဲ။


ရှင်က ရှင့်ကိုယ်ရှင် ချစ်မှုရေးရာကျွမ်းကျင်သူလို့ထင်လား။ အဲဒါက မိန်းမနှစ်ယောက်ကို ထပ်ပြီး နာကျင်အောင်လုပ်တာကလွဲလို့ ဘာမှဖြစ်‌စေတာ မဟုတ်ဘူး။


စု၀မ်က အမူအရာကင်းမဲ့နေသော်လည်းရက်စက်မှုက သူမမျက်လုံးထဲကို လင်းလက်သွားခဲ့သည်။


ဤကမ္ဘာကို အဆုံးသတ်ရမည့်အချိန် ရောက်လာပြီဖြစ်သည်။


သူမ ဤနေရာတွင် အချိန်များစွာ ကုန်ဆုံးခဲ့သည်။


အဆုံးသတ်မှာ  ဘယ်အရာကို သူမ မျှော်လင့်နေသနည်း။


ကုသဆောင်ဝင်ပေါက်ဆီသို့ လျှောက်လှမ်းရင်း စု၀မ် ခေတ္တခဏ ရပ်တန့်လိုက်ပြီး " လော့ချူးချူးကို မထိခိုက်စေနဲ့ "


ထိုစကားကိုချန်ထားခဲ့ပြီး တံခါးကို အမြန်ဖွင့်၍ ထွက်သွားလေသည်။


" မင်းဆန္ဒအတိုင်းပါ "


စုရွေ့ တင်းတင်းကြပ်ကြပ်ပိတ်ထားသည့် တံခါး‌ကို ကြည့်‌ရင်း အနက်ရောင် မျက်လုံးများတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။


စု‌၀မ်နှလုံးသားနှင့် အနည်းငယ် နီးကပ်လာသည်ကို သူသိသည်။


ဤကမ္ဘာက အခက်အခဲတစ်ခု ထိုးဖောက်ကျော်လွှားနိုင်သကဲ့သို့ပင်။


ရှောင်းကျင်မော့၊လော့ချူးချူး။


စု၀မ်၏ပျော့ပျောင်းသည့် ချဉ်းကပ်မှုနှင့်ထိုက်တန်ရန် ဤနှစ်ယောက်မှာ မည်သည်များ ထူးခြားနေသည်ကို သူ မသိချေ။


စု၀မ်က ကမ္ဘာတွင် အကြာကြီးမနေရသေးသော်လည်း သူမ၏နည်းလမ်းများက တကယ်ပင် နူးညံ့လွန်းသည်။ ၎င်းသည် ဒဏ္ဍာရီလာ ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့သော ကမ္ဘာဖျက်ဆီးသူ နံပါတ်သုံးနှင့် မတူညီနေပေ။


လော့ချူးချူးကို အဘယ့်ကြောင့် သက်ညှာလို နေသနည်း။


အဘယ့်ကြောင့် ထိုကဲ့သို့နည်းလမ်းကို အသုံးပြုပြီး ရှောင်းကျင်မော့ကို အခွင့်အရေးပေးလိုရသနည်း။


ထိုအဖြေကို စုဝမ်တစ်ယောက်သာလျှင် သိ‌ရှိပေမည်။




🚩