Chapter 126
Viewers 35k

💮Chapter 126



ထူထဲသော နှင်းများမှာ ရက်ပေါင်းများစွာ ကျဆင်းပြီးနောက် ရပ်တန့်သွားခဲ့သည်။ ခြံဝင်းထဲရှိ မြေပြင်တစ်ခုလုံး အဖြူရောင်ကော်ဇော ခင်းထားသကဲ့သို့ ဖြူဖွေးနေပြီး သစ်ကိုင်းများပင် နှင်းများဖြင့် ဖုံးလွှမ်းနေသည်။


မနက်ဝေလီဝေလင်းစောစောတွင် အိမ်တော်ရှိ အစေခံများက ခြံဝင်းထဲရှိနှင်းများကို ဖယ်ရှားရင်း အလုပ်ရှုပ်နေကြသည်။


ယောထောင်နှင့် ယောဖန်းကလည်း ဤနေရာတွင် နေထိုင်သည်မှာ ကြာပြီဖြစ်၍ ဘေးမှ ရပ်ကြည့်မနေတော့ဘဲ ဝင်ကူ၍ နှင်းရှင်းပေးနေကြသည်။ 


ဝမ်ချီက ကူညီပေးချင်ခဲ့သော်လည်း ယခုမှ နေကောင်းခါစ ဖြစ်သောကြောင့် ရှောင်ရွှမ်ကျီ၏ အလောတကြီး တားဆီးခြင်းကို ခံလိုက်ရသည်။


ရှောင်ရွှမ်ကျီက ဝမ်ချီ ပျင်းနေသည်ဟု ထင်ပြီး နေရာတစ်ခုမှ အရုပ်သေးသေးလေးများကို ယူဆောင်လာကာ ဝမ်ချီ့ ခြေထောက်နားသို့ လာပုံပေးပြီး လက်နှစ်ဖက်ကို ပွတ်၍ ပြောသည်။

“ဝမ်သခင်လေး နှင်းရုပ် လုပ်ကြမလား…”


ဝမ်ချီက သူ့ခြေထောက်နားရှိ အရုပ်များကိုကြည့်ကာ ပြုံး၍ မေးသည်။

“မင်း နှင်းရုပ် လုပ်တတ်တာလား…”


ရှောင်ရွှမ်ကျီက သူ့ရင်ဘတ်သူပုတ်ပြီး ယုံကြည်မှု ရှိရှိဖြင့် ပြောသည်။ 

“အမှန်တိုင်း ပြောရမယ်ဆို အရင်က ကျွန်တော်မျိုး လုပ်ခဲ့တဲ့ နှင်းရုပ်တွေကိုဆို မိန်းမစိုးကျိုးကတောင် အရမ်း အသက်ဝင်တယ်လို့ ပြောတယ်…”


သူက ထိုသို့ပြောသောကြောင့် ဝမ်ချီ စိတ်ဝင်စားသွားသည်။

“တကယ်လား ဒါဆို ငါ့ကို နှင်းရုပ် လုပ်ပြ…”


ရှောင်ရွှမ်ကျီက ဝမ်ချီ နှင်းများကို ဝိုင်းရှင်းလင်းပေးမည့် စိတ်ကူး မရှိတော့သည်ကို မြင်ပြီး စိတ်သက်သာရာ ရသွားတော့သည်။


လွန်ခဲ့သော နှစ်ရက်က ဝမ်ချီက နန်းတော်သို့ ပြန်ချင်ကြောင်း ရုတ်တရက် ပြောလာသော်လည်း သူ သဘောမတူဝံ့ပေ။ ထို့ကြောင့် သူက ဝမ်ချီ့၏ စကားများကို လျစ်လျူရှုလိုက်ပြီး အချိန်တတ်နိုင်သလောက် ဆွဲထားလိုက်သည်။ ထို့နောက် သူက ဝမ်ချီ နန်းတော်သို့ ပြန်ရန် ထပ်၍ တောင်းဆိုလာမည်ကို စိုးရိမ်သောကြောင့် အခြားအရာများထံသို့ ကြိုးစား၍ အာရုံလွှဲလိုက်သည်။


ရှောင်ရွှမ်ကျီက ဝမ်ချီ့အတွက် နှင်းရုပ် လုပ်ပြရန် ယောထောင်နှင့် ယောဖန်းကိုပါခေါ်၍ နှင်းများကို စုခိုင်းလိုက်သည်။


ယောဖန်းက ရှောင်ရွှမ်ကျီတစ်ယောက် အင်္ကျီလက်များကို ခေါက်တင်၍ ပါးစပ်ကပါ အသံထွက်ပြီး ရွှင်မြူးသော အငွေ့အသက်ကို ကြိုးစား ဖန်တီးပေးနေသည်ကို မြင်လိုက်၍ သူမပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်၊

“မင်း ဒီလောက် ကြိုးစားတာ ငါအခုမှ မြင်ဖူးတာပဲ…”


ရှောင်ရွှမ်ကျီက နှင်းအပုံများကို ပုတ်ရိုက်နေကာ ယောဖန်း၏ စကားကို ကြားသောအချိန်တွင် ခုံပေါ်၌ ထိုင်နေသော ဝမ်ချီ့ဘက်ကို လှည့်ကြည့်၍ မေးသည်။

“သခင်လေး ကျွန်တော်မျိုးကို ဘယ်လို နှင်းရုပ် ပြုလုပ်စေချင်တာပါလဲ…”


ဝမ်ချီက ထူထဲစွာ ဝတ်ဆင်ထားပြီး ယောဖန်း၏ တိုက်တွန်းမှုကြောင့် အဖြူရောင်သိုးမွှေးအင်္ကျီကိုပါ လွှမ်းခြုံထားရသည်။ သူက ဝရံတာအစွန်းတွင် ထိုင်နေပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင်တင်ထားကာ မျက်နှာမှာ သိုးမွှေးအင်္ကျီ၏ ကော်လံကြားတွင် မြုပ်နေပြီး အနက်ရောင် ဗာဒံစေ့သဏ္ဍာန် မျက်လုံးနှစ်လုံးသာ ပေါ်နေ၏။


ထိုလှပပြီး အသက်ဝင်သော ဗာဒံစေ့သဏ္ဍာန် မျက်လုံးများက တဖျတ်ဖျတ် တောက်ပနေပြီး သိုးမွှေးကော်လံကြားမှ အသံခပ်တိုးတိုး ထွက်လာ၏။

“မင်း အိမ်ရှေ့စံပုံစံ နှင်းရုပ် လုပ်ပေးလို့ ရလား… အရပ်နည်းနည်းပုလည်း ရတယ်…”


ရှစ်ယဲ့၏ အရပ်အမြင့်က ၁.၉မီတာထက် ကျော်မည်ဟု သူာခန့်မှန်းလိုက်သည်။ ရှောင်ရွှမ်ကျီ မည်သို့ပင် တော်ပါစေ၊ ရှစ်ယဲ့၏ အရပ်အတိုင်း နှင်းရုပ်လုပ်ရန် ခက်ခဲပေလိမ့်မည်။


သို့သော်လည်း ရှောင်ရွှမ်ကျီက သူ့တောင်းဆိုချက်ကို ကြားပြီး သောက ရောက်သွားတော့သည်။

“ဒါက…”


ဝမ်ချီက မေးလိုက်သည်။

“ဘာလို့လဲ…”


ရှောင်ရွှမ်ကျီက ခေါင်းကုတ်၍ ဖြေသည်။ 

“အိမ်ရှေ့စံက ဥာဏ်ပညာမြင့်မား၊ ဩဇာကြီးမားပြီး ထူးကဲတဲ့သူမို့ ကျွန်တော်မျိုးရဲ့ လက်နဲ့ အိမ်ရှေ့စံရဲ့ သူရဲကောင်းဆန်တဲ့ အသွင်ပြင်ကို ဖျက်ဆီးသလို ဖြစ်မှာ ဆိုးလို့ပါ…”


ဝမ်ချီလည်း ရုတ်တရက် နားလည်သွားတော့သည်။


တွေးကြည့်လိုက်တော့ ဒီခေတ်မှာက လိုက်နာစရာ စည်းကမ်းတွေ အများကြီး ရှိတာပဲ… အိမ်ရှေ့စံက မင်းလောင်းမို့ ရှောင်ရွှမ်ကျီ ဘယ်လောက်ပဲ သတ္တိရှိရှိ ရှစ်ယဲ့နဲ့တူတဲ့ နှင်းရုပ်တော့ လုပ်ရဲမှာ မဟုတ်ဘူး… သေဒဏ်တောင် ပေးခံရနိုင်တယ်….


ထို့ကြောင့် ဝမ်ချီက တစ်ထစ်လျှော့လိုက်ပြီး ပြောသည်။

“ဒါဆို ငါနဲ့တူတဲ့နှင်းရုပ်ရော လုပ်ပေးလို့ ရတယ်မလား…”


ရှောင်ရွှမ်ကျီက အလျင်အမြန် ပြန်ဖြေသည်။

“ရပါတယ် သခင်လေး…”


ထိုသို့ ပြောပြီးနောက် သူက အနောက်ပြန်လှည့်ကာ နှင်းများကို ပြန်ပုံနေသည်။


ဝမ်ချီက ဒူးပေါ်တွင် မေးစေ့ကိုတင်၍ အနားယူနေပြီး ရှောင်ရွှမ်ကျီကို ခဏတာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ထလာကာ ဝရံတာလက်ရန်းပေါ်မှ ခုန်ဆင်းလိုက်သည်။


ယခုတွင့် ယောဖန်းနှင့် ယောထောင်တို့ ထွက်သွားပြီ ဖြစ်သောကြောင့် ဤနေရာတွင် သူနှင့် ရှောင်ရွှမ်ကျီသာ ရှိနေ၏။ ရှောင်ရွှမ်ကျီက ဝမ်ချီ ခုန်ဆင်းလိုက်သည်ကို မြင်သော အချိန်တွင် ဝမ်ချီ့အနားသို့ ရောက်လာပြီး ထိန်းပေးသည်။

“အိုင်းယား…သခင်လေး ဖြည်းဖြည်း ဆင်းပါ…”


ဝမ်ချီက တည့်တည့်ရပ်လိုက်ပြီး လက်များကို ခါ၍ ဘာမှ မဖြစ်ကြောင်း ပြောသည်။ သူက ရှောင်ရွှမ်ကျီ လုပ်နေသော နှင်းရုပ်ဘေးတွင် နှင်းပုံတစ်ပုံ ရှိနေသေးသည်ကို မြင်လိုက်ပြီး အခြား ထွေထွေထူးထူး လုပ်စရာလည်း မရှိသောကြောင့် နှင်းရုပ်သေးသေးလေး လုပ်ရန် စိတ်ကူးလိုက်သည်။ 


ရှောင်ရွှမ်ကျီ၏ လက်နှင့် ခြေထောက်များက လျင်မြန် သွက်လက်နေပြီး တိုတောင်းသောအချိန်ခဏတွင် နှင်းရုပ် မျက်နှာပေါ်လာပြီး သစ်ကိုင်းဖြင့် ခြစ်ဆွဲနေသည်။


တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုနှင်းရုပ်၏မျက်နှာက ဝမ်ချီနှင့် ဆင်ကြောင်း သိနိုင်သည်။


ရှောင်ရွှမ်ကျီ သစ်ကိုင်းကိုကိုင်ကာ နှင်းရုပ်ကို ကြည့်လိုက် ဝမ်ချီကို ကြည့်လိုက် လုပ်ပြီးနောက် ခေါင်းငုံ့၍ သူ့အင်္ကျီမှ အနီရောင် ကြယ်သီးကိုဖြုတ်ယူပြီး နှင်းရုပ်၏ မျက်ခုံးနှစ်ခုကြားတွင် ကပ်လိုက်သည်။


ရှောင်ရွှမ်ကျီက ပျော်ရွှင်စွာဖြင့် ပြောသည်။

“သခင်လေး ကြည့်… အခုလို ကပ်လိုက်မှ သခင်လေးနဲ့ ပိုတူသွာတာ…”


ဝမ်ချီ "..…"


မျက်ခုံးကြားက မှဲ့နီက အရမ်းကြီးလွန်းနေတယ်လေ…


သူက ထိုအနီရောင်ကြယ်သီးကို အချိန် ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် ထိုနှင်းရုပ်၏ မျက်နှာက ဝမ်လျန်နှင့် ပိုတူနေသည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် မှဲ့ကြောင့် ပို၍ တူနေ၏။


ဝမ်လျန်အကြောင်း ပြောရမည် ဆိုပါက သူ ဝမ်လျန်နှင့် ဝမ်မိသားစုက လူများကို မမြင်ရသည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်တွင် ဝမ်ချန်ချင်းက လူလွှတ်၍ သူ့အား ပြန်ခေါ်ဖူးသော်လည်း ယခုတွင်မူ သာသနာရေးရာဌာနများကြားက မငြိမ်မသက်မှုများကြောင့်ပင်လား မသိပေ၊ ဝမ်မိသားစုတစ်ခုလုံး ကမ္ဘာပေါ်မှ အငွေ့ပျံ့သွားကသဲ့သို့ ပျောက်ကွယ်နေသည်။


သို့သော်လည်း ထိုသံသယက ဝမ်ချီ့စိတ်ထဲတွင် ခဏတာ နေရာယူပြီး ချက်ချင်း ပြန်ပျောက်သွားသည်။ သူက ရှောင်ရွှမ်ကျီကို ဘေးမှ ကြည့်ခိုင်းလိုက်ပြီး ရှောင်ရွှမ်ကျီ အစောပိူင်းက ဆွဲသွားသကဲ့သို့ နှင်းရုပ်သေးသေးလေး၏ မျက်နှာနေရာတွင် ရှစ်ယဲ့၏မျက်နှာသွင်ပြင်ကို သစ်ကိုင်းဖြင့် ဆွဲလိုက်သည်။


ဝမ်ချီက ရှောင်ရွှမ်ကျီကဲ့သို့ မသွက်လက်ဘဲ သစ်ကိုင်းဖြင့် အချိန်ကြာမြင့်စွာ ဆွဲနေပြီးနောက် အဆုံးသတ်တွင် မျက်လုံးတစ်ဖက်နှင့် မျက်နှာကောက်ကြောင်းကိုသာ ဆွဲနိုင်ခဲ့သည်။ 


ရှောင်ရွှမ်ကျီက လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ခဏတာ ငြိမ်ငြိမ်သက်သက် ကြည့်နေပြီးနောက် နောက်ဆုံးတွင် မထိန်းထားနိုင်ဘဲ ပြောလိုက်သည်။

“သခင်လေး… ဒါက…”


ဝမ်ချီက မေးသည်။

“ဘာလို့လဲ…”


ရှောင်ရွှမ်ကျီက တွေးပြီး ပြောလိုက်သည်။

“ပါးစပ်က အရမ်း အပေါ်ကို ရောက်နေတယ်၊ အောက် နည်းနည်း ပြန်ချရမှာ…”


ဝမ်ချီလည်း ရပ်တန့်သွားပြီး ခပ်တိုးတိုး ပြောသည်။

“အဲ့ဒါ အိမ်ရှေ့စံရဲ့ မျက်လုံး…”


ထိုစကားကိုကြားပြီး ရှောင်ရွှမ်ကျီ၏ မျက်နှာက အဖြူရောင်မှ စိမ်းသွားကာ အစိမ်းရောင်မှ တစ်ဆင့် နီရဲသွားတော့သည်။ သူက ရယ်ချင်စိတ်ကို မနည်းထိန်းထားရပုံ ရပြီး နောက်ဆုံးတွင် နှင်းတောထဲသို့ ဒူးထောက်လိုက်ကာ ပြောသည်။

“ကျွန်တော်မျိုး သေသင့်ပါတယ်၊ ကျွန်တော်မျိုး အမြင်မှားသွားလို့ပါ… သခင်လေး ခွင့်လွှတ်ပေးတော်မူပါ…”


“ထလို့ရပြီ…”

ဝမ်ချီက ထိုသို့ပြောပြီးနောက် ခေါင်းငုံ့၍ နှင်းရုပ်၏ မျက်နှာကို ကြည့်လိုက်သည်။ သူကိုယ်တိုင်လည်း ထိုမျက်လုံးမှာ ပါးစပ်နှင့် ပိုတူနေသည်ဟု ခံစားရနေသောကြောင့် ရှောင်ရွှမ်ကျီ ထိုသို့ပြောသည်က အံ့ဩစရာ မဟုတ်ပေ။


ဝမ်ချီက ရှောင်ရွှမ်ကျီကို နှင်းရုပ်၏ မျက်နှာအား ပြန်၍ သန့်ရှင်းခိုင်းလိုက်ပြီး သစ်ကိုင်းကို ပြန်ကောက်ကိုင်ကာ မျက်နှာ အစိတ်အပိုင်းများကို ထပ်မံ ခြစ်ဆွဲလိုက်သည်။


ဝမ်ချီက အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သတိမထားမိဘဲ လေးလေးနက်နက်နှင့် နှင်းရုပ်၏ မျက်နှာကို ခြစ်ဆွဲနေသည်။


သူက ရှောင်ရွှမ်ကျီ၏အသံ သူ့ဘေးမှ တဖြည်းဖြည်း ဝေးကွာသွားသည်ကို သတိမထားမိလိုက်ပေ။


နောက်ဆုံးတွင် သူက မျက်လုံးတစ်စုံ ဆွဲလိုက်နိုင်ပြီးနောက် သစ်ကိုင်းကိုပြန်ချကာ နှင်းရုပ်၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ ထိုခဏတွင် သူ့ရင်ထဲ စူးစူးနစ်နစ် ခံစားလိုက်ရပြီး နှာခေါင်းထိပ်များ နီရဲလာတော့သည်။


ဝမ်ချီက ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပြီး ရှောင်ရွှမ်ကျီကို အော်ခေါ်လိုက်သော်ငြား အသံများက တုန်ယင်နေ၏။

“ရှောင်ရွှမ်ကျီ မင်း ဘယ်လိုထင်လဲ…”


သို့သော်လည်း ရှောင်ရွှမ်ကျီက မည်သို့မျှ မတုံ့ပြန်ပေ။


ဝမ်ချီက အနောက်သို့ လှည့်ကြည့်ချင်ခဲ့သော်လည်း အနောက်တွင် ရှောင်ရွှမ်ကျီရှိနေပြီး သူ့သနားစရာပုံစံကို မြင်သွားမှာကို စိုးရိမ်နေခဲ့သည်။


သူက လက်ထဲမှ သစ်ကိုင်းကို လွှင့်ပစ်လိုက်ကာ လက်ဆန့်ထုတ်ပြီး နှင်းရုပ်၏ နှာခေါင်းထိပ်ကို ထိလိုက်သည်။ သူ့လက်ဖျားများက အလွန်အေးခဲနေသော နှင်းများနှင့် ထိတွေ့လိုက်ရပြီး မခံနိုင်အောင် အေးသွားတော့သည်။


သူ့လက်ဖျားများ အအေးဒဏ်ကြောင့် နီရဲလာရန်အချိန် မကြာလိုက်ပေ။ လက်ချောင်းထိပ်များ အနည်းငယ်ပင် နာကျင်လာ၏။


လက်တွေ့တွင်မူ ဤနာကျင်မှုသေးသေးလေးက ဝမ်ချီ သည်းခံနိုင်သော ပမာဏ ဖြစ်သော်လည်း အကြောင်းရင်း မရှိဘဲ ဝမ်ချီ့မျက်လုံးထဲ မျက်ရည်များ ဝေ့လာသည်။ ထိုမျက်ရည်များကို မထိန်းလိုက်နိုင်မီတွင် မျက်ရည်ပူများ မျက်လုံးထဲမှ စီးကျလာသည်ကို သူခံစားလိုက်ရသည်။


သူက ရုတ်တရက် ကျဆင်းလာသော မျက်ရည်များကြောင့် လန့်ဖျပ်သွားပြီးနောက် ပါးပြင်ပေါ်သို့ စီးကျနေသော မျက်ရည်များကို လက်ဖြင့် အလျင်အမြန် ဖမ်းသုတ်လိုက်သည်။


သူက လက်ပေါ်ရှိ မျက်ရည်စက်များကို ငုံ့ကြည့်လိုက်ပြီး ခေတ္တမျှ အေးခဲသွားပြီးနောက် လက်ဖဝါးကို တင်းတင်းဆုပ်လိုက်ကာ လက်မြှောက်၍ ပါးပြင်ပေါ်ရှိ မျက်ရည်များကို သိမ်းကျုံးသုတ်လိုက်သည်။


ရုတ်တရက် အနောက်မှခြေသံကို ကြားလိုက်ရသည်။ နှင်းထဲ ဖြတ်လျှောက်လာသော အသံဖြစ်ပြီး ထိုအသံမှာ သူနှင့် အလွန်နီးကပ်နေ၏။ သူ့အနောက်တွင် အစတည်းက ရပ်နေသော လူတစ်ယောက် သူ့နားတိုးကပ်လာသော ခြေသံမျိုးဖြစ်သည်။


ထိုခဏတွင် ဝမ်ချီက ရှောင်ရွှမ်ကျီမှာ ထွက်မသွားသေးဘဲ သူ့အနောက်တွင် တိတ်တဆိတ် ရပ်နေခြင်းဟု နားလည်သွားသည်။


ဝမ်ချီက စိုးရိမ်တကြီး ပြောသည်။

“ရှောင်ရွှမ်ကျီ ဒီအနား မလာခဲ့နဲ့… မင်း အရင် ထွက်သွားပေးလို့ ရမလား… ငါ တစ်ယောက်တည်း နေချင်လို့…”


သို့သော်လည်း ခြေသံများက ရပ်မသွားချေ။


ဝမ်ချီက အနည်းငယ် ရှက်ရွံ့နေပြီး စိတ်ရှုပ်နေတော့သည်။ သူက သူ့၏ မျက်ရည်များဖြင့် စိုရွှဲနေသော မျက်နှာကို ရှောင်ရွှမ်ကျီ မြင်သွားမည်ကို မလိုလားပေ။ ထိုကြောင့် သူ့မျက်နှာကို လက်ဖြင့်အုပ်ပြီး ဆက်၍ တားမြစ်သည်။

“ငါ ပြောတာကို မကြားဘူးလား… ထွက်သွား…”


သူ ထိုသို့ ပြောလိုက်သည်နှင့် သူ့အနောက်ရှိ ခြေသံက ရပ်တန့်သွားသည်။


ထို့နောက်တွင် အနောက်မှ လက်တစ်ဖက် ထွက်လာပြီး မျက်နှာကိုကွယ်ထားသော ဝမ်ချီ၏လက်ကို ငြင်သာစွာ ဆုပ်ကိုင်လိုက်သည်။


ဝမ်ချီက ထိုလက်ကို ရှောင်ရွှမ်ကျီ၏ လက်ဟု ထင်၍ သူ့စိတ်ထဲ အထိမခံလိုသော စိတ်ပေါ်လာပြီး ၎င်းလက်ကို အလိုအလျောက် ဖယ်ချလိုက်သော်လည်း ထိုလက်တစ်ဖက်က ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လာသည်။


ဝမ်ချီက ခေါင်းလှည့်ပြီး ဒေါသတကြီး ပြောသည်။

“ရှောင်ရွှမ်ကျီ… မင်း…”


သူ စကားဆုံးအောင် မပြောလိုက်ရမီတွင် အေးစက်သော နှုတ်ခမ်းတစ်စုံက သူ့ပါးစပ်ကို လာရောက် ပိတ်ဆို့သည်။


ဝမ်ချီလည်း ရုတ်တရက် ထိတ်လန့်သွားပြီး ရင်ဘတ်ထဲ ဒေါသထွက်လာကာ ထိုလူ၏ ရင်ဘတ်ကို ထုရိုက်ပြီး မျက်နှာကို မော့ကြည့်လိုက်သည်။


ဤခဏတွင် သူ့ခန္ဓာကိုယ် တစ်ခုလုံး အေးခဲသွား၏။


ထိုအနမ်းက အချိန် မကြာလိုက်ဘဲ တစ်ချက် ထိကပ်လိုက်ရုံသာ ဖြစ်သည်။


ထိုလူက နှစ်ယောက်ကြားရှိ အကွာအဝေးကို ဟပြီး နောက်ဆုတ်လိုက်သည်အထိ ဝမ်ချီက မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ။


ထိုလူက သူ့၏ နီရဲနေသော နှာခေါင်းထိပ်ကို ထိပြီး ပြောသည်။

“မင်း ဘာလို့ ဘာမှ မပြောတာလဲ…”


ဝမ်ချီက မျက်တောင်ခတ်လိုက်ပြီး မေးသည်။

“ရှစ်ယဲ့လား…”


ရှစ်ယဲ့က ပြန်ဖြေ၏။

“အင်း… ကိုယ်ပါ…”


ဝမ်ချီက ရှစ်ယဲ့၏ အပြစ်အနာအဆာ ကင်းရှင်းနေသော မျက်နှာကိုစိုက်ကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ လက်မြှောက်လိုက်ကာ ရှစ်ယဲ့၏ မျက်နှာကို ထိတွေ့လိုက်သည်။ ထို့နောက် သူက ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခုကို ပြောချင်ပုံ ရသော်လည်း မည်သည့်စကားမျှ ထွက်မလာပေ။


အဆုံးတွင် သူက ပြောလိုက်သည်။

“ အရမ်း ပိန်သွားတာပဲ မှတ်တောင် မမှတ်မိတော့ဘူး…”


ယခုတွင် ရှစ်ယဲ့၏ပုံစံက အလွန်အမင်း နာမကျန်းဖြစ်ခဲ့ပြီး သေမင်းတံခါးဝမှ လွတ်လာသော သူကဲ့သို့ ဖြစ်နေသည်။ “အလှတရားက အသားထဲတွင် မတည်ရှိ၊ အရိုးထဲတွင်သာ တည်ရှိသည်” ဟူသော ဆိုရိုးကဲ့သို့ သူ့၏ အရိုးအဆစ်များက အသားအရေနဲ့ ကွက်တိဖြစ်နေဆဲ ဖြစ်ပြီး ချောမောခန့်ညားနေဆဲ ဖြစ်သည်။


ဝမ်ချီ၏ အံ့အားသင့်နေသော အကြည့်ကို ရှစ်ယဲ့က တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ပြောသည်။

“အလေးချိန် ကျသွားပေမဲ့ ကိုယ် အဆင်ပြေပါတယ်…”


သူက ထိုကဲ့သို့ ပြောပြီး ဝမ်ချီ၏မျက်လုံးများကို ထိတွေ့လိုက်သည်။


ဝမ်ချီ့ပုံစံက ငိုထားသည်မှန်း သိသာနေသည်။ သူ့မျက်လုံးများက ယုန်လေးတစ်ကောင်ကဲ့သို့ နီရဲနေပြီး နှာတရှုံ့ရှုံ့ ဖြစ်နေကော မကြာမီက ပြင်းပြင်းထန်ထန် ငိုထားသောကြောင့် မျက်လုံးများက ဖောင်းအစ်ပြီး နာကျင်နေသည်။


သို့သော်လည်း ထူးဆန်းစွာပင် သူ့မျက်လုံးကို ရှစ်ယဲ့၏ အေးစက်သော လက်ချောင်းများ လာရောက် ထိတွေ့ပြီးနောက် နာကျင်မှု အနည်းငယ် လျော့သွားသည်ကို ခံစားလိုက်ရသည်။


ရှစ်ယဲ့က နက်ရှိုင်းသော အသံဖြင့် မေးသည်။

“မင်း ငိုထားတာလား…”


ဝမ်ချီက ခေါင်းခါလိုက်ပြီးနောက် ခေါင်းပြန်ညိတ်သည်။ သူက ရှစ်ယဲ့ကို ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် မကျေနပ်မှုများနှင့် ပြည့်နှက်နေသည်။ 


ရှစ်ယဲ့ ဘာလို့ ငါ့ကို ထပ်ထားခဲ့ရလဲ ဆိုတာကို မေးချင်တယ်…  ရှစ်ယဲ့ ငါ့ကို နန်းတော် မပြန်ခိုင်းရတဲ့ အကြောင်းရင်းကို မေးချင်တယ်… ရှစ်ယဲ့ ရုတ်တရက် အရမ်း ပိန်သွားရတဲ့ အကြောင်းရင်းကိုလည်း မေးချင်တယ်…


သို့သော်လည်း ဤခဏတွင် သူက မည်သည့် မေးခွန်းမျှ မမေးချင်တော့ပေ။ ထိန်းချုပ်ထားရသော စိတ်ခံစားချက်များနှင့် ပြောချင်ခဲ့သော စကားများကို တစ်ခွန်းတည်းသာ ပြောင်းလဲပြီး ပြောလိုက်သည်။

“ ကျွန်တော် အရှင့်သားကို ထပ်မတွေ့နိုင်တော့ဘူးလို့ ထင်ခဲ့တာ…”


ရှစ်ယဲ့က ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် နှုတ်ခမ်းထောင့်များကို တွန့်ကွေးကာ နူးညံ့စွာ ပြုံးလိုက်သည်။ သူ့အပြုံးက အလွန် ကြည့်ကောင်းပြီး ဇာမဏီမျက်ဝန်းများက လခြမ်းသဖွယ် ကွေးညွတ်သွားကာ ဝမ်ချီ၏ နူးညံ့သော ဆံနွယ်များကို ထိတွေ့ပြီး တောင်းပန်စကား တိုးတိုးဆိုသည်။

“အခု မင်း ကိုယ့်ကို တွေ့နေရပြီပဲ…”


ဝမ်ချီက ညည်းညူလိုက်သည်။

“ကျွန်တော် အိပ်မက်မက်နေတယ် ထင်တာ…”


ရှစ်ယဲ့က ခဏတာ တွေးလိုက်ပြီးနောက် ဝမ်ချီ့ လက်ကို ယူကာ ဝမ်ချီ့ မျက်နှာနားသို့ ကပ်ပေးလိုက်ပြီး မချိုမချဉ် ပြောသည်။

“မင်းရဲ့လက်ကို ကိုက်ကြည့်လိုက်... နာနေရင် အိပ်မက် မဟုတ်ဘူး…”


ဝမ်ချီက လက်ကိုစောင်းကြည့်လိုက်ပြီး ပူးကိုင်ထားသော လက်နှစ်ဖက်ကို အထက်အောက်လှန်ကာ ရှစ်ယဲ့၏ လက်ကို အပေါ်သို့ အားပိုထည့်၍ ကိုက်လိုက်သည်။


တစ်ဖက်တွင် ရှောင်ရွှမ်ကျီက နှင်းများကို ဝိုင်းကူ ရှင်းပေးနေချိန်တွင် ရင်းနှီးနေသော အော်သံတစ်ခုကို ကြားလိုက်ရသောကြောင့် ထိတ်လန့်သွားပြီး လှုပ်ရှားမှုကို ရပ်လိုက်သည်။ 


ထိုအရာကို မြင်ပြီး သူ့ဘေးရှိ ယောဖန်းကလည်း ရပ်တန့်လိုက်ပြီး မေးသည်။

“ဘာဖြစ်လို့လဲ…”


ရှောင်ရွှမ်ကျီက မျက်မှောင်ကြုတ်ပြီး ပြောသည်။

“အသံတစ်ခုခု ကြားလိုက်ရသလိုပဲ…”


ယောဖန်းက ထပ်မေးသည်။

“ဘာ အသံလဲ…”


ရှောင်ရွှမ်ကျီက ပြောရန် ပြင်လိုက်ချိန်တွင် ယောဖန်း၏ တစ်ဖက်တွင် ရှိနေသော ယောထောင်က သူ့ကိုအေးစက်စက် စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ ရှောင်ရွှမ်ကျီက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး နှုတ်ခမ်းဝ ရောက်နေသော စကားလုံးများကို ပြန်မြိုချလိုက်ကာ ခေါင်းခါပြီး ပြောသည်။

“ဘာမှမဟုတ်ပါဘူး… ဘာမှမဟုတ်ဘူး…”



💮💮💮