Chapter 128
Viewers 35k

💮Chapter 128




ရှောင်ရွှမ်ကျီ၏မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေပြီး ဆေးဘူးနှင့် ပတ်တီးကိုင်ထားသော လက်များပင် အနည်းငယ် တုန်ရီနေ၏။


ဝမ်ချီနှင့် ရှစ်ယဲ့တို့ တစ်ပြိုင်နက်တည်း သူ့ကို ခေါင်းလှည့်ကြည့်လိုက်သောအချ်ိန်တွင် ရှောင်ရွှမ်ကျီက အိပ်မက်မှ နိုးထသွားကသဲ့ကို့ ကြောက်လန့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။

“အရှင့်သား… ဝမ်သခင်လေး… ကျွန်တော်မျိုး ဆေးဘူး ယူလာပါပြီ…”


ရှောင်ရွှမ်ကျီက မြေပြင်ထဲ ခေါင်းဝင်လုနီးပါး ငုံ့ထားသော်လည်း ဝမ်ချီ့ပါးပြင်က ရှက်ရွံ့မှုကြောင့် နီရဲလာသည်။ သူက ရှစ်ယဲ့ပေါင်ပေါ်မှ အလျင်အမြန် ထလိုက်ပြီး ရှောင်ရွှမ်ကျီထံသို့ လက်လှမ်းလိုက်ကာ ပြောသည်။

“ငါ့ကိုပေး…”


ဝမ်ချီ့စကားကို ကြားပြီးနောက် ရှောင်ရွှမ်ကျီက ရှေ့သို့ တိုးလိုက်ကာ ဆေးဘူးနှင့် ပတ်တီးလိပ်တို့ကို ဝမ်ချီထံသို့ ဂရုတစိုက် ကမ်းပေးသည်။


ဝမ်ချီက လှမ်းယူလိုက်ပြီး နောက်ပြန်မလှည့်မီ ရှောင်ရွှမ်ကျီ၏ ကြောက်ရွံ့နေသော အမူအရာကို လှမ်းကြည့်လိုက်သည်။ သူက အနည်းငယ် ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရပြီးတစ်ပြိုင်နက် ရှောင်ရွှမ်ကျီကို ကိုယ်ချင်းစာစိတ်လည်း ဖြစ်ပေါ်သွားသည်။ သူလည်း ယခင်က ရှစ်ယဲ့ရှေ့တွင် ကြောက်လန့်ခဲ့ရဖူးသည်။


ဝမ်ချီက ပြောလိုက်သည်။

“ကောင်းပြီ… မင်း ထွက်သွားလို့ရပြီ…”


အိမ်ရှေ့စံ၏အရေးကိစ္စကို မတော်တဆ ဝင်နှောင့်ယှက်မိသလို ဖြစ်သွားသောကြောင့် အိမ်ရှေ့စံ၏ အပြစ်ပေးခြင်း ခံရလိမ်မ့ည်ဟု ရှောင်ရွှမ်ကျီက ထင်ထားပြီး ယခုကဲ့သို့ အလွယ်တကူ လွှတ်ပေးလိုက်လိမ့်မည်ဟု မတွေးမိပေ။


သူက အလွန်အံ့အားသင့် ပျော်ရွှင်သွားပြီး မြေပြင်ပေါ်မှ အလျင်အမြန်ထကာ ဦးညွှတ်ရင်း အမြန် ထွက်သွားလိုက်သည်။


ဝမ်ချီက အနောက်ပြန်လှည့်လိုက်ပြီး ရှစ်ယဲ့ရှေ့တွင် ထိုင်ချလိုက်သည်။ ထို့နောက် အကိုက်ခံထားရသော ရှစ်ယဲ့၏ လက်ကိုကိုင်တာ ဂရုတစိုက်ကြည့်လိုက်ပြီး ၎င်းအနာ ပြန်မသက်သာသေးသည်ကို တွေ့လိုက်ရသည်။


ထိုအနာက အလွန် မနက်သော်လည်း မနာဘဲ မနေပေ။


ဝမ်ချီက ရှစ်ယဲ့၏လက်ကို ပတ်တီးစည်းပေးလိုက်ပြီးနောက် အလွန်နောင်တရနေသည်။


သူကြိုသိခဲ့လျှင် ယခုကဲ့သို့ အားထည့်ပြီး ကိုက်ခဲ့မည် မဟုတ်ပေ။ သူက ဤရက်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပြီး အလွန်အမင်း ထိန်းချုပ်ခဲ့ရသဖြင့် စိတ်မထိန်းနိုင်ဘဲ ကိုက်ခဲ့မိ၏။


ဝမ်ချီက အားထုတ်ကြိုးပမ်း၍ ပတ်တီးစည်းပြီးသွားသော်လည်း ကံမကောင်းစွာဖြင့် သူက ပတ်တီးစည်းရာတွင် မကျွမ်းကျင်သောကြောင့် ပတ်တီးနှင့် ပတ်ခံထားရသော ရှစ်ယဲ့၏လက်မှာ ဖက်ထုပ်ဖြူလုံးကဲ့သို့ ဖြစ်နေသည်။


ဝမ်ချီက ပတ်တီးနှင့် ကတ်ကြေးကို အောက်ပြန်ချပြီး ရှစ်ယဲ့ကိုကြည့်ရန် ပြင်လိုက်သောအချိန်တွင် သူ့လည်ပင်းမှ တစ်စုံတစ်ခု တွဲလောင်းကျနေသည်ကို ခံစားလိုက်ရသည်။


သူ ကြောင်အသွားပြီး အောက်ငုံ့ကြည့်လိုက်ရာ ကြိုးအနီနှင့် ချိတ်ဆွဲထားသော ကျောက်တုံးလေးက သူ့ရင်ဘတ်နား တွဲလောင်းကျနေသည်။


ဒါက…


ဒါက ဝမ်လျန် ဝတ်ခဲ့ဖူးတဲ့ မှော်ကျောက်တုံး မဟုတ်ဘူးလား…


ဝမ်ချီက တုန်လှုပ်သွားပြီး စိတ်များ ခဏတာ သတိလက်လွတ် ဖြစ်သွားခဲ့သော်လည်း ချက်ချင်း သတိပြန်ကပ်သွားပြီး ကျောက်တုံးကိုဆွဲဖြုတ်ရန် လက်လှမ်းလိုက်သည်။


သို့သော်လည်း ရှစ်ယဲ့က သူ့အတွေးကို ကြိုသိပုံရပြီး သူ ကျောက်တုံးကို ဆွဲမဖြုတ်မီတွင် သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲကာ ရပ်တန့်လိုက်သည်။


ရှစ်ယဲ့က သူနာကျင်မည်ကို စိုးရိမ်သောကြောင့် လက်ထဲတွင် အားမထည့်ထားပေ။

“မဖြုတ်လိုက်နဲ့… က်ိုယ် မင်းကိုပေးတာ…”


ဝမ်ချီက တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောသည်။

“ဒါက ဟွားအိမ်တော်က ယူလာတဲ့ မှော်ကျောက်တုံး မဟုတ်ဘူးလား… ကျွန်တော် ယူဖို့ မသင့်တော်ပါဘူး…”


ရှစ်ယဲ့က ယုံကြည်မှု အပြည့်ဖြင့် ပြောသည်။

“ကိုယ် ဟွားအိမ်တော်က လုယူလာပြီးပြီမို့ ဒါက ကိုယ့်ပစ္စည်းပဲ… ကိုယ်ပိုင်တဲ့အရာကို ပေးချင်တဲ့သူကို ပေးမှာပဲ…”


ဝမ်ချီ "..…"


ဒါ ဓားပြအတွေးအခေါ်ပဲ…


ရှစ်ယဲ့က ထိုသို့ပြောသော်လည်း ထိုရတနာပစ္စည်းက ဟွားမိသားစု ပိုင်ဆိုင်သောအရာဖြစ်သောကြောင့် ဝမ်ချီက လိုချင်စိတ် မရှိပေ။ ဝမ်လျန် ယခင်က ဝတ်ဆင်ဖူးသောကြောင့်လည်း သူက ထိုကျောက်တုံးကို ထိချင်စိတ် မရှိပေ။ ဝမ်လျန်၏စနစ်က ၎င်းကျောက်တုံးထဲ ရှိနေသေးမည်လားကို မည်သူမျှ မသိနိုင်ပေ။


“ဒါပေမဲ့ ကျွန်တော်ယူထားလည်း အသုံးဝင်မှာမှ မဟုတ်တာ…”


“တစ်နေ့နေ့ကျ အသုံးဝင်လာလိမ့်မယ်…”

ရှစ်ယဲ့က ဝမ်ချီ၏စကားကို ဖြတ်ပြောလိုက်ပြီး သူ့သဘောထားက ပြတ်သားနေသည်။ ဝမ်ချီ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားသော လက်များ ဖြည်းညှင်းစွာဖြေလျှော့သွားပြီး ဝမ်ချီ့ရင်ဘတ်နားသို့ ရွေ့လာကာ  ထိုကျောက်တုံးအပေါ်သို့ လက်ညှိုးဖြင့် နူးညံ့စွာ ဖိလိုက်ပြီး ခပ်တိုးတိုး ဆိုသည်။

“ဒါက တစ်နေ့ကျ မင်း အသက်ကို ကယ်ပေးလိမ့်မယ်…”


ဝမ်ချီလည်း ထိုစကားကိုကြားပြီး ငြင်းဆန်ခြင်း မပြုတော့သော်လည်း ၎င်းကျောက်တုံးမှာ လူအများ တိုက်ခိုက်လုယူနေကြသောရတနာ ဖြစ်သောကြောင့် လည်ပင်းတွင် ပေါ်ပေါ်တင်တင် ဆွဲထားရန် မသင့်တော်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူက နန်းတော်သို့ ပြန်ရောက်သောအချိန်တွင် နေရာတစ်ခုခုရှာ၍ ဖွက်ထားရန် ဆုံးဖြတ်လိုက်သည်။


ဆောင်းညက စောစီးစွာရောက်ရှိလာပြီး ကောင်းကင်က ဖြည်းဖြည်းချင်း မှောင်မည်းသွားသည်။


ညစာစောစောသုံးဆောင်ပြီးနောက် ဝမ်ချီက ရေချိုးသန့်စင်ပြီး အိပ်ရာဝင်လိုက်သည်။


အိမ်တော်က တောင်ခြေနေရာတွင်ဖြစ်ပြီး လူသွားလမ်းလည်း မရှိသောကြောင့် လူနေသောနေရာသို့ ရောက်ရန် ကြာမြင့်စွာ လမ်းလျှောက်ရမည် ဖြစ်သည်။ အနီးဆုံး ရွာသို့ သွားချင်ပါက အနည်းဆုံးနာရီဝက်နီးပါး မြင်းစီးရမည် ဖြစ်သည်။


ဝမ်ချီလည်း ဤနေရာတွင် အချိန် အတန်ကြာ နေထိုင်ခဲ့ပြီး ပျင်းလွန်း၍ အရည်ပင်ထွက်လုနီးပါး ဖြစ်သောကြောင့် စောစော အိပ်ရာဝင်သည့် အကျင့်ရသွား၏။


ယခင်ညများက အိပ်ရာပေါ် လှဲလိုက်သည်နှင့် အိပ်ပျော်သွားသော်လည်း ဤညတွင်မူ အိပ်ရာထဲတွင် ရုတ်တရက် လူတစ်ယောက် ထပ်တိုးလာသောကြောင့် ဝမ်ချီ အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူက ရှစ်ယဲ့ခါးကို ဖက်တွယ်လိုက်ပြီး ရှစ်ယဲ့၏ရင်ခွင်ကြားထဲ မျက်နှာဝှက်ထားသည်။ ရှစ်ယဲ့၏ ပြင်းထန်နေသော စီးချက်ကျကျ နှလုံးခုန်သံကို သူ ကြားနေရသည်။ 


ထိုခဏတွင် သူလက်လှမ်းမီနိုင်သော နေရာအကွာအဝေးအတွင်း ရှစ်ယဲ့တည်ရှိနေကြောင်း ခံစားလိုက်ရသည်။


ရှစ်ယဲ့၏ ခန္ဓာကိုယ်အလေးချိန် အလွန် ကျဆင်းသွားမှုကို သူဖက်လိုက်သော အချိန်တွင် ထင်ထင်ရှားရှား ခံစားနေရသည်။


ဝမ်ချီ့က ထိုခံစားချက်ကြောင့် မသက်မသာခံစားလိုက်ရပြီး ဝမ်းနည်းသွားကာ ရှစ်ယဲ့ကို ပို၍တင်းကြပ်စွာ ဖက်ရင်း သက်ပြင်းတိုးတိုးချလိုက်သည်။


ထိုခဏတွင် သူ့ကို ပြန်လည်ဖက်တွယ်ထားသော လက်မောင်းကပါ တင်းကြပ်သွားပြီး ဝမ်ချီ့ခေါင်းထက်မှ ရှစ်ယဲ့၏ စိုးရိမ်ပူပန်သော အသံထွက်လာသည်။

“အိပ်မပျော်သေးဘူးလား…”


ဝမ်ချီက ရှစ်ယဲ့လည်း နိုးနေမည်ဟု မထင်မှတ်ထားပေ။ သူက ရှစ်ယဲ့လက်မောင်းပေါ်မှ ခေါင်းမော့လိုက်ပြီး သူ့နဖူးက ရှစ်ယဲ့၏ မေးစေ့ကို ထိသွားသည်။


အခန်းတွင်းရှိ အလင်းရောင်က အလွန်မှိန်နေသောကြောင့် ဝမ်ချီက ရှစ်ယဲ့၏အမူအရာကို သေသေချာချာ မမြင်ရသော်လည်း ရှစ်ယဲ့အကြည့်များ သူ့ထံကျရောက်နေပြီး သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။


ဝမ်ချီက ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး ခပ်တိုးတိုး ပြောသည်။ 

“အရှင့်သားခန္ဓာကိုယ်ထဲက အဆိပ်က…”


ရှစ်ယဲ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၏။ 

“အဆင်ပြေပါတယ်… ကိုယ့်မှာ အစီစဉ် ရှိပြီးသားမို့ မင်း စိတ်မပူနဲ့နော်…”


ရှစ်ယဲ့ထံမှ ထိုကဲ့သို့ စကားကို ကြားလိုက်ရသောကြောင့် ဝမ်ချီက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


သူတို့ အိပ်ရာမဝင်မီတွင် အိမ်ပြင်၌ နှင်းများ သည်းထန်စွာ ကျဆင်းနေပြီး ညလေနှင့်အတူ ပြတင်းပေါက်ကို လာရောက် တိုက်ခတ်နေသောကြောင့် ကြောက်စရာကောင်းပြီး ထူးဆန်းသောအသံများ ထွက်ပေါ်နေခဲ့သော်လည်း ယခုတွင်မူ ထိုအသံများကို မကြားရတော့ပေ။


ဝမ်ချီက ခေါင်းမော့ပြီး ပြတင်းပေါက်ရှိရာကို လှမ်းကြည့်လိုက်သော်လည်း သူ့အမြင်များ ဝါးနေသောကြောင့် သေသေချာချာ မမြင်ရပေ။


ဝမ်ချီက ပြောသည်။

“အပြင်မှာ နှင်းကျတာ ရပ်သွားပုံပဲ…ဒီနှစ်ရက်မှာ ရာသီဥတုက သိပ်မအေးတော့ဘူး… ဆောင်းတွင်း ကုန်တော့မှာများလား…”


ရှစ်ယဲ့က နူးညံ့စွာ ရယ်လိုက်သည်။

“အခုမှ အစပဲ ရှိသေးတာ…”


ဝမ်ချီ နားမလည်လိုက်ပေ။

“ဘာကိုလဲ…”


သို့သော်လည်း ရှစ်ယဲ့က ထပ်မပြောတော့ဘဲ ခေါင်းကိုငုံ့ကာ ဝမ်ချီနှင့် နဖူးချင်းထိလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။


သူတို့နှစ်ယောက် ရှူထုတ်လိုက်သော လေက အလွန်ပူနေခြင်းကြောင့်ပေလား ဝမ်ချီ မသိသော်လည်း သူ့အနီးတစ်ဝိုက် အပူချိန်မြင့်တက်လာပြီး ရင်ဘတ်ထဲတွင် သမင်တစ်ကောင် ပြေးလွှားခုန်ပေါက်နေသကဲ့သို့ ခံစားနေရသည်။


ဝမ်ချီက အနည်းငယ် နေရခက်နေသော်လည်း အနောက်သို့ မဆုတ်လိုက်ချင်ပေ။ သူက ပါးစပ်ဟလိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နေချိန်တွင် ရှစ်ယဲ့၏နှုတ်ခမ်းက သူ့ကိုတင်းတင်းကြပ်ကြပ် ဖိကပ်လာ၏။


ရှစ်ယဲ့က ဝမ်ချီ့ကို အသက်ရှူခွင့်ပင် မပေးဘဲ အတင်းအကြပ် နမ်းနေသည်။ လျှာထိပ်ဖြင့် ဝမ်ချီ့သွားများကို ထိတွေ့လာပြီး ပါးစပ်ထဲတိုးဝင်လာသည်။


ဝမ်ချီက ရှစ်ယဲ့၏ ကြမ်းတမ်းသောအမူအရာကြောင့် ထိတ်လန့်သွားပြီး လက်ဆန့်ထုတ်ကာ ရှစ်ယဲ့ပခုံးကို တွန်းရန် ကြိုးစားသော်လည်း သူ့လက်များက ရှစ်ယဲ့ပခုံးကို ထိသောအချိန်တွင် မထိန်းနိုင်ဘဲ ရှစ်ယဲ့၏လည်ပင်းကို ဖက်တွယ်လိုက်မိသည်။


ရှစ်ယဲ့က ဝမ်ချီ့ သူ့ကိုလိုက်လျောလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူက အနည်းငယ် တုံ့ဆိုင်းသွားပြီး အခြေအနေကို နားလည်သွားသော အချိန်တွင် နက်နက်နဲနဲ နမ်းရှုံ့လိုက်သည်။ သူ့အရေပြားနှင့် အသက်ရှူသံများက ပူလောင်နေပြီး ဝမ်ချီ့ကို လောင်ကျွမ်းမတတ် ဖြစ်စေသည်။


ဝမ်ချီက အစပိုင်းတွင် အနည်းငယ် ဦးဆောင်သော်လည်း နောက်ပိုင်းတွင်မူ ရှစ်ယဲ့ ပြုနုသမျှ ခံနေရ၏။ သူက ရှစ်ယဲ့၏ လည်ပင်းကို ချိတ်တွယ်ထားပြီး ရှစ်ယဲ့၏ အနမ်းမုန်တိုင်းများကို တောင့်ခံနိုင်ရန် ခေါင်းမော့ထားရ၏။


ထိုခဏတွင် ဝမ်ချီက မုန်တိုင်းကြား ယိမ်းခါနေသော လှေငယ်လေး တစ်စင်းကဲ့သို့ ဖြစ်နေသည်။ လှိုင်းလုံးများ ပြင်းထန်စွာ ရိုက်ခတ်နေသဖြင့် ဦးတည်ရာ ရှာမရ ဖြစ်နေ၏။


သူ ရှစ်ယဲ့၏အုပ်မိုးခြင်း ခံလိုက်ရသည်။


ရှစ်ယဲ့က လက်မြှောက်ကာ အိပ်ရာတစ်ဖက်တစ်ချက်စီတွင် ချိတ်ထားသော ခန်းစီးလိုက်ကာကို ချလိုက်ပြီး အိပ်ရာပေါ်က မြင်ကွင်းကို ဖုံးလိုက်သည်။


-----


နောက်တစ်ရက်တွင်…


ဝမ်ချီ မျက်လုံးများဖွင့်လိုက်ပြီး ယမန်နေ့ညက အလွန်အကျွံ ဖြစ်သွားသောကြောင့် သူ့တစ်ကိုယ်လုံး နာကျင်နေကာ အထူးသဖြင့် ခါးမှာ ပြင်းပြင်းထန်ထန် ဆွဲရမ်းခံထားရသောကြောင့် ကျိုးလုနီးပါး ဖြစ်နေသည်။


ဝမ်ချီက အိပ်ရာတစ်ဖက်ကို လက်ဖြင့်စမ်းကြည့်လိုက်သော်လည်း တစ်ယောက်မှ ရှိမနေပေ။ အိပ်ရာက အေးစက်နေပြီး ရှစ်ယဲ့ မည်သည့်အချိန်တည်းက ထွက်သွားခြင်းကို သူ မသိပေ။


ဝမ်ချီက အိပ်ရာပေါ်မှထထိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်သော်လည်း အနောက်ဘက်မှ မခံမရပ်နိုင်သည်အထိ နာကျင်လာသည်။ သူက အပင်ပန်းခံနိုင်သည့် လူစားမျိုး မဟုတ်သောကြောင့် မကြိုးစားတော့ဘဲ ပြန်လှဲလိုက်သည်။


ခဏအကြာတွင် တစ်စုံတစ်ယောက် တံခါးဖွင့်ပြီး ဝင်လာသံကို ကြားလိုက်ရသည်။


ဝမ်ချီက ငြိမ်သက်စွာ အသက်ရှူနေပြီး မျက်လုံးများ မဖွင့်ပေ။


ရှောင်ရွှမ်ကျီက သူ့ကိုသန့်စင်ပေးရန် ရေယူလာခြင်း ဖြစ်ပေမည်။ ယခင်ကဆိုလျှင် ရှောင်ရွှမ်ကျီက သူအိပ်နေသည်ကိုတွေ့ပါက ရေခွက်ကို အိပ်ရာဘေးရှိ သစ်သားစင်ပေါ်တွင်သာ တင်ပေးခဲ့ပြီး တံခါးအပြင်တွင် သူနိုးထလာမည့်အချိန်ကို စောင့်လေ့ရှိသည်။


သို့သော်လည်း ယနေ့တွင်မူ ရှောင်ရွှမ်ကျီက အိပ်ရာနားသို့ လျှောက်လာပြီး ရပ်နေသည်။


ခဏအကြာတွင် ရှောင်ရွှမ်ကျီက အိပ်ရာဘေးတွင် ဝင်ထိုင်လိုက်၏။


ဝမ်ချီက အိပ်ယာအစွန် နိမ့်သွားသည်ကို ထင်ထင်ရှားရှား ခံစားလိုက်ရသောကြောင့် ထိတ်လန့်သွားပြီး မျက်လုံးဖွင့်လိုက်ရာ လက်တစ်ဝါးအကွာတွင် ရှိနေသော ခံ့ညားသည့် မျက်နှာနှင့် ဆုံလိုက်ရသည်။ ထိုလူက ရှည်လျားပြီး ကျဉ်းမြောင်းသော ဇာမဏီမျက်လုံးများနှင့် သူ့ကို စိုက်ကြည့်နေသည်။ ရှည်လျားသော မျက်တောင်များက အနက်ရောင် မျက်ဝန်းထဲရှိ မျက်ဆံတောက်တောက်လေးကို ကွယ်ထားသည်။ 


ရှစ်ယဲ့က ဝမ်ချီ ရုတ်တရက် မျက်လုံးဖွင့်လာသည်ကို မြင်ပြီး အံ့အားသင့်သွားကာ နှုတ်ခမ်းထောင့်များ တွန့်ကွေး၍ ပြုံးသွားလေသည်။ သူက လက်ချောင်းများဖြင့် ဝမ်ချီ့မေးစေ့ကို ပင့်လိုက်ပြီး နှုတ်ခမ်းကို ငုံ့နမ်းလိုက်သည်။

“ထဖို့ အချိန်ရောက်ပြီ…”


ဝမ်ချီ့က သူ့အရှေ့ရှိ မျက်နှာကို စိုက်ကြည့်နေသည်။ မျက်နှာက ပိန်ပါးသော်လည်း ချောမောခံ့ညားလေသည်။ သူ အနီးကပ်ကြည့်ပြီးနောက် ရှစ်ယဲ့၏အသားအရေက အပြစ်အနာအဆာကင်းသော ကျောက်စိမ်းနှင့် တူကြောင်း နားလည်သွားတော့သည်။


သူက ပါးစပ်ဟပြီး စကားပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး ပါးစပ် အမြန် ပြန်ပိတ်လိုက်ကာ မှုန်ကုပ်ကုပ်မျက်နှာနှင့် ခေါင်းခါလိုက်သည်။


ရှစ်ယဲ့က ရယ်မောလိုက်ပြီး ဝမ်ချီ့မျက်နှာကို ထိကာ ပြောသည်။ 

“လည်ပင်း အဆင်မပြေလို့လား… ရေယူပေးရမလား…”


ဝမ်ချီက ဆက်ပြီး ခေါင်းခါနေ၏။


ရှစ်ယဲ့လည်း နားမလည်နိုင် ဖြစ်သွားသည်။

“ဒါဆို ဘာလို့ စကား မပြောတာလဲ…”


ဝမ်ချီက နောက်ဆုံးတွင် အေးစက်စက် ပြောလိုက်သည်။

“တောင်းပန်ပါတယ် အရှင့်သား.. နိုးနိုးချင်းဆို ခံတွင်းအနံ့ ဆိုးရှိလို့ပါ…”


ရှစ်ယဲ့က ခေတ္တမျှ ကြောင်အသွားပြီးနောက် ကျင်းကျိုးတွင် ဖြစ်ခဲ့သောကိစ္စများကို ပြန်တွေးလိုက်သည်။


ငါ ဝမ်ချီရဲ့ ခံတွင်းအနံ့ကို မကြိုက်ဘူးလို့ ပြောခဲ့မိတာများလား… အဲ့တုန်းက ဝမ်ချီ့ပါးစပ်က အနံ့ထွက်လို့လား… တကယ်လို့ နံနေရင်တောင်မှ ငါ့အတွက် ဘာမှ မဖြစ်ပါဘူး…


သူက ထိုကဲ့သို့ စကားများ ပြောခဲ့မိသည်ကို ရှက်သွားတော့သည်။


၎င်းကို ပြန်တွေးပြီး ရှစ်ယဲ့က အနည်းငယ် စိတ်ညစ်သွားကာ နောင်တရသွားပြီး တစ််ချိန်တည်းမှာပင် ရယ်လည်း ရယ်ချင်သွားသည်။


ရှစ်ယဲ့က ခံစားချက်မျိုးစုံကြား စိတ်မထိန်းနိုင်ဘဲ အော်ရယ်လိုက်မိသည်။


သူ စိတ်လွတ်သွားသည်ကို သတိထားမိသွားပြီး ပြန်ထိန်းလိုက်ကာ ဝမ်ချီ့ကို စေ့စေ့ကြည့်လိုက်သည်။ ဝမ်ချီက သူ့အား ဝမ်းနည်းသောအကြည့်များနှင့် ကြည့်နေပြီး မျက်လုံးထဲမှာ မျက်ရည်များ ကျလုနီးပါး ဖြစ်နေသည်။


ဝမ်ချီက ပြော၏။

“ရယ်စရာ ကောင်းလို့လား…”


ရှစ်ယဲ့က နှုတ်ခမ်းများကို စေ့လိုက်ပြီး ချောင်းဟန့်လိုက်သည်။

“ရယ်စရာ မကောင်းပါဘူး…”


ဝမ်ချီက မေးသည်။

“ဒါဆို ဘာလို့ ရယ်နေတာလဲ…”


ရှစ်ယဲ့က သက်ပြင်း ခပ်တိုးတိုးချလိုက်ပြီး ဝမ်ချီ့ခါးကို သိုင်းဖက်ကာ သူ့နားသို့ ဆွဲခေါ်လိုက်ပြီး ခေါင်းငုံ့၍ ဝမ်ချီ့နှုတ်ခမ်းကို ထပ်နမ်းလိုက်သည်။ ထို့နောက် ဝမ်ချီ့မျက်လုံးများကို စိုက်ကြည့်ကာ လေးလေးနက်နက် ပြောသည်။

“ကိုယ့်ရဲ့ ခရင်းနှစ်ခွလို လျှာအကြောင်း တွေးမိပြီး ရယ်ချင်သွားလို့ပါ…”


(ခရင်းနှစ်ခွလိုလျှာ - ပါးစပ်မှ ထောက်ခံပြီး စိတ်ထဲတွင် ငြင်းဆန်နေမှု)


ဝမ်ချီက ရှစ်ယဲ့၏ စကားကို နားမလည်သောကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။


ရှစ်ယဲ့က ဝမ်ချီ၏ အူကြောင်ကြောင်အမူအရာလေးကို ကြည့်ကာ နှလုံးသားလေး နူးညံ့သွားသည်။ သူက စိတ်မထိန်းနိုင်ဘဲ ဝမ်ချီ့နှုတ်ခမ်းကို ထပ်နမ်းလိုက်သည်။

“အနံ့က မွှေးနေတာပဲကို…”


ဝမ်ချီ "..…."


သွားပြီ…


နှလုံးသားထဲ ဓာတ်လိုက်ခံရသလိုပဲ…




💮💮💮