Chapter 132
Viewers 35k

💮Chapter 132 



ဝမ်ချီက ခဏကြာ ရှက်ရွံ့နေပြီးနောက် အရဲစွန့်၍ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် …”


ရှစ်ယဲ့က ဝမ်ချီ၏ အတွေးကို သတိပြုမိပုံပေါ်၏။ သူက ဖိတ်စာအား စားပွဲပေါ် လွှင့်ပစ်လိုက်ရင်း ဝမ်ချီ၏ ခါးကို အသာအယာပွေ့ဖက်ကာ ပြောလိုက်သည်။

“မင်း မသွားချင်ရင် မသွားနဲ့လေ …”


ဝမ်ချီက မသွားချင်ပေ။ သို့သော် ဖိတ်စာအား ပို့ဆောင်သူမှာ အနောက်ဆောင်၌ မျက်နှာသာပေးအခံရဆုံး ကိုယ်လုပ်တော်ရုန်ဖြစ်၏။ သူက ကိုယ်လုပ်တော်ရုန်အား လျစ်လျူရှုလိုက်လျှင် ရှစ်ယဲ့အတွက် အခက်တွေ့စေမည်ကို စိုးရိမ်နေမိသည်။


ဝမ်ချီက ခဏတွေးလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အဲလိုလုပ်ရမှာ အဆင်ပြေလို့လား …”


ရှစ်ယဲ့က ပြော၏။

“ဒီရက်တွေမှာ နန်းတော်ထဲက အာဏာက ခွဲဝေပြီးဖြစ်သွားပြီ … အဲဒီ့ ကိုယ်လုပ်တော်ရုန်မှာလည်း အားလုံးကို သူ့ဆီ မျက်နှာလာပြစေနိုင်တဲ့ အင်အားမျိုး မရှိတော့ဘူး … အဲဒီ တော်ဝင်မိသားစုစုံညီပွဲတော်ဆိုတာ ဒီအတိုင်းဖုံးကွယ်မှုတစ်ခုပါပဲ … လူတွေအများကြီး မလာလောက်ဘူး … ဒါ့ကြောင့် စိတ်မပူနဲ့ …”


ထိုသို့ပြောပြီးနောက် ရှစ်ယဲ့က ဝမ်ချီနှင့်သူ၏ လက်ချောင်းများကို ယှက်နွယ်လိုက်သည်။


သူတို့၏ အပူချိန်များက တစ်ဦးနှင့်တစ်ဦး ကူးလူးသွားကြ၏။


ဝမ်ချီက ရှစ်ယဲ့၏ အေးစက်စက် လက်ချောင်းထိပ်များကြောင့် ဖြည်းဖြည်းချင်း စိတ်သက်သာရာရသွားသည်။ သူက ရှစ်ယဲ့ကိုကြည့်ကာ ပြုံးလိုက်၏။

“ကောင်းပြီလေ … ကျွန်တော် အရှင့်သားစကားနားထောင်မယ် …”


ရှစ်ယဲ့ သူ့ကို ငုံ့ကြည့်လာသည်။ သူ့မျက်ဝန်းနက်များ၌ အဆုံးမဲ့သော နွေဦးရေကန်လေး ရှိနေသယောင်ထင်ရ၏။ အပြုံးများက သူ့မျက်ဝန်းအတွင်းမှ လျှံကျလျက်ရှိသည်။


ထို့နောက် သူက ခေါင်းငုံ့ကာ ဝမ်ချီ၏နှုတ်ခမ်းလေးကို ခပ်ဖွဖွ နမ်းလိုက်၏။

“လိမ္မာတယ် …”


ဝမ်ချီ “…”


ဝမ်ချီ၏မျက်နှာက နီရဲလာသည်မှာ မီးထတောက်တော့မည့် အလားပင်။


မိန်းမစိုးကျိုးက ထိုမြင်ကွင်းများနှင့် အသားကျနေပြီဖြစ်ရာ မျက်လွှာပင် ပင့်မလာခဲ့ပေ။ သူ၏ နှင်တံကိုသာ တည်တည်ငြိမ်ငြိမ် ကိုင်ဆောင်လျက်ရှိနေ၏။


သို့သော် မိန်းမစိုးကျိုးနံဘေးရှိ လျိုတဲ၊ လျိုရှန်နှင့် အခြားလူများအတွက်မူ ထိုသို့လုပ်ရန် ခက်ခဲလှသည်။ သူတို့က အရှင့်သားနောက်ပါးသို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သည့်တိုင်  အရှင့်သားက တစ်စုံတစ်ဦးအား ပွေ့ချီထားခြင်းကို မတွေ့ခဲ့ဖူးချေ။ သူတို့က သူတို့အရှေ့ရှိ လူမှာ "အရှင့်သား ဟုတ်ရဲ့လား"ဟုပင် သံသယဝင်မိကြ၏။


အရင်တုန်းက အရှင့်သားဆိုရင် ဒီလိုကိစ္စမျိုးကို လုပ်မယ်တဲ့လား…


လူသန်ကြီးများအဖွဲ့က ရပ်ရကောင်းနိုး၊ ထွက်သွားရကောင်းနိုးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့က တစ်ဖက်လူ၏ မျက်လုံးထဲမှ အကူအညီမဲ့မှုနှင့် အံ့အားသင့်မှုတို့ကို တွေ့လိုက်ကြရ၏။


အဆုံးသတ်တွင် သူတို့က အရှင့်သားကို မကြည့်ဝံ့ဘဲ ခေါင်းကိုငုံ့ကာ ဖုန်မှုန့်များအဖြစ် အသွင်ပြောင်းရန်သာ မျှော်လင့်နေမိတော့လေသည်။


ဝမ်ချီ ခေါင်းမော့မကြည့်သည့်တိုင် မိန်းမစိုးကျိုးမှတစ်ပါး အခြားလူများ၏ အကူအညီမဲ့မှုတို့ကို ခံစားမိနေဆဲပင်။  ထိုအခါမှသာ သူက ရှစ်ယဲ့၏ လက်မောင်းများအကြား ခွေးပေါက်လေးတစ်ကောင်နှယ် ပွေ့ပိုက်ခံထားရကြောင်း သတိရသွား၏။


အစောက ပြယ်လွင့်သွားသည့် ရှက်ရွံ့မှုများက တဖန်ပြန်လည်ရောက်ရှိလာသည်။ ဝမ်ချီက အပ်များပေါ်၌ ထိုင်နေမိသကဲ့သို့ ခံစားလိုက်ရပြီး ရှစ်ယဲ့ပစ်တင်လိုက်သည့် စားပွဲပေါ်မှ ဖိတ်စာကိုယူကာ အမြန်ထလိုက်၏။


သူထလိုက်သည်နှင့် သူ့ခါးပေါ်ရှိ ရှစ်ယဲ့၏လက်များက ပို၍ တင်းကျပ်သွားခဲ့သည်။ သူက ရှစ်ယဲ့၏ ဖိချခြင်းခံလိုက်ရပြီး ပြန်ထိုင်ချလိုက်ရ၏။


ဝမ်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး အသက်ပင် မရှူဝံ့ချေ။ သူက အတန်ကြာမှ စကားပြောနိုင်ခဲ့သည်။ 

“အရှင့်သား အလုပ်ရှုပ်နေမှတော့ ကျွန်တော်မျိုး နောက်မှပြန်လာခဲ့ပါ့မယ် …”


“ကိုယ်အလုပ်မရှုပ်ပါဘူး ….”

ရှစ်ယဲ့က ဝမ်ချီ၏ ပခုံးပေါ်သို့ မေးတင်လိုက်သည်။ သူ၏ ထွက်သက်နွေးနွေးက ဝမ်ချီ၏ နားအနောက်ဘက်၌ ရစ်ဝဲနေ၏။

“မသွားပါနဲ့ … ဒီမှာပဲ ကိုယ်နဲ့နေနော် ….”


ဝမ်ချီက ရှစ်ယဲ့၏ အနောက်ဘက်မှ ချုပ်နှောင်ခြင်း ခံလိုက်ရကာ စိတ်ရှိသလို မထနိုင်တော့ချေ။ သူက ခဏတုံ့ဆိုင်းနေပြီး ပြောလိုက်သည်။

“အရှင့်သား တစ်ခုခုဆွေးနွေးနေတာ မဟုတ်လား .. ကျွန်တော်မျိုးက အပြင်လူဖြစ်တာကြောင့် အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့ပါ …”


ရှစ်ယဲ့၏အသံက အေးခဲသွား၏။

“မင်းက ဘယ်တုန်းက အပြင်လူဖြစ်သွားရတာလဲ …”


“…”

ဝမ်ချီက ရုတ်တရက် ကပ်ဘေးဆိုက်ရောက်လာတော့မည်ဟု ခံစားလိုက်ရသည်။ သူက ခဏတွေးကာ အသက်ရှင်သန်လိုစိတ်အပြည့်ဖြင့် ပြန်ဖြေလိုက်၏။

“အရှင့်သား … ကျွန်တော်မျိုးက အရှင့်သားအခု အပြင်လူတွေနဲ့ စကားပြောနေတာဆိုတော့ ကျွန်တော်မျိုးရှိနေရင် အဆင်မပြေဖြစ်မှာ စိုးရွံ့မိရုံပါ …”


လျိုတဲ၊ လျိုရှန်နှင့် အခြား အပြင်လူများ “…”


ရှစ်ယဲ့က ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် ရုတ်တရက် စတင်ရယ်မောလာ၏။ သူ့ရင်အုပ်က ရယ်မောသံကြောင့် လှုပ်ရှားနေပြီး ဝမ်ချီ၏ခါးတစ်ဝိုက်ရှိ သူ့လက်မောင်းများသည်လည်း ပို၍တင်းကျပ်လာသည်။


သူက အချိန်အတော်ကြာ ရယ်မောပြီးချိန်အထိ ဆက်လက်ရယ်မောနေဆဲပင်။


ထို့နောက် သည်းမခံနိုင်တော့သည့် ဝမ်ချီက နောက်လှည့်ကာ သူ့ပါးစပ်ကို လက်ဖြင့်ကာလိုက်၏။


ရှစ်ယဲ့၏အသံက ချက်ချင်းရပ်သွားသည်။


ဝမ်ချီက ရွှင်မြူးခြင်း၊ စိတ်ဆိုးခြင်းတို့ဖြင့် ပြောလိုက်သည်။

“မရယ်နဲ့တော့ဆို …”


ရှစ်ယဲ့က ပြုံးလျက် ကောင်းပြီဟု ဆိုသည်။ သူ့နှုတ်ခမ်းဖျားမှ လေနွေးနွေးက ဝမ်ချီ၏ လက်ဖဝါးသို့ ရိုက်ခတ်လာ၏။ ၎င်းက သူ့နှလုံးသားကို ငှက်မွှေးကလေးဖြင့် တို့ထိဆော့ကစားနေသည့်နှယ် ခံစားရစေသည်။


ရုတ်တရက် ဝမ်ချီ၏ အသက်ရှူသံက မူမမှန်ဖြစ်လာသည်။ သူက ရှစ်ယဲ့၏ ဇာမဏီမျက်ဝန်းများကို မော့ကြည့်လိုက်သည်။ ထိုသူ၏ မျက်ဝန်းတစ်စုံက ဆန်းသစ်လနှယ် ကွေးညွှတ်နေ၏။ ထိုမျက်ဝန်းနက်များက သူ့အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။


ထိုမျက်ဝန်းထဲတွင် သူ အချိန်မရွေး ကူးခတ်နိုင်သည့် ရေကန်ကျယ်ကြီး ရှိနေသည့်အလားပင်။


ဝမ်ချီက အတွေးများကို စုစည်းကာ ရှစ်ယဲ့၏နှုတ်ခမ်းကို ကာလိုက်သည့်လက်အား အမြန်ပြန်ရုတ်လိုက်သည်။


သူတို့နှစ်ဦး ကျီစယ်နေကြစဉ် လျိုတဲ၊ လျိုရှန်နှင့် အခြားလူများကမူ သစ်သားရုပ်များကဲ့သို့ မတ်တပ်ရပ်နေကြ၏။ သူတို့က ခေါင်းမော့မကြည့်ရဲသလို စကားလည်း မဆိုဝံ့ချေ။ သူတို့ကို ကြည့်ရသည်မှာ ဆရာ၏ အပြစ်ပေးခြင်းကို စောင့်ဆိုင်းနေရသော ကျောင်းသားများနှင့်ပင် တူနေ၏။


အထူးသဖြင့် ဝမ်ချီ မမြင်ဖူးသည့် လူနည်းစုတို့ ဖြစ်ကြသည်။ သူတို့က တစ်နေ့တွင် အရှင့်သား၏ ဤသို့သော ပုံရိပ်မျိုးကို မြင်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ကြသည့်ပုံပင်။


သူတို့အားလုံး၌ ဇနီးသည်များ၊ ကိုယ်လုပ်တော်များ ရှိကြသည်။ သူတို့က နှစ်ပေါင်းများစွာ လက်ထပ်ထားပြီဖြစ်ပြီး သူတို့၏ ကလေးများပင် ပြေးလွှားကစားနေကြလေပြီ။သို့သော် သူတို့က ကိုယ်လုပ်တော်များအား ပွေ့ဖက်ကာ အရေးကြီးကိစ္စများကို ကိုင်တွယ်ခြင်းမျိုး မပြုခဲ့ကြချေ။


ရှစ်ယဲ့က ထိုသူများ မည်ကဲ့သို့ တွေးနေကြောင်း ဂရုမစိုက်ခဲ့။ သူက ဝမ်ချီအား နှစ်သိမ့်ပြီးနောက် ရုတ်တရက် အေးစက်လာသည့် အသံဖြင့် ပြောလိုက်သည်။

“ဆက်ပြော …”


လျိုတဲ၊ လျိုရှန်နှင့် အခြားလူများက ချက်ချင်းဆိုသလို ဝမ်ချီ ရောက်မလာမီက ပြောနေခဲ့သည့် အကြောင်းအရာအား ဆက်လက်လျှောက်တင်လိုက်ကြသည်။


ဝမ်ချီက ရှစ်ယဲ့ အခြားလူများနှင့် ဆွေးနွေးသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ သို့သော် သူနားမလည်သည့် အရာများစွာ ရှိနေဆဲဖြစ်၏။ ဝမ်ချီက သူနားလည်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသော ကိစ္စရပ်များကို အတန်ကြာ အာရုံစိုက်လိုက်ပြီးနောက် စတင်၍ ခေါင်းမူးလာခဲ့သည်။


အဆုံးသတ်တွင် ရှစ်ယဲ့နှင့် အခြားလူများ၏ အသံများက ဝမ်ချီအတွက် သားချော့တေးနှယ် ဖြစ်လာခဲ့သည်။ သူက မျက်ဝန်းများကို ဖြည်းညှင်းစွာမှိတ်ရင်း ကြက်စာကောက်သကဲ့သို့ ခေါင်းတညိတ်ညိတ် ဖြစ်လာ၏။


ခဏအကြာ၌ အေးစက်စက်လက်တစ်ဖက်က ဝမ်ချီ၏ နဖူးကို ထိတွေ့လာပြီး ဝမ်ချီအား မှီနိုင်အောင် နေရာချပေးလာသည်။


ဝမ်ချီက ဦးခေါင်းကို တောင့်တင်းသော ရင်အုပ်ပေါ်သို့ မှီချလိုက်သည်။ မကြာမိီမှာပင် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့၏။


ဝမ်ချီ ပြန်နိုးလာချိန်၌ ရှစ်ယဲ့နှင့် အခြားလူများ၏ အသံမှာပျောက်ကွယ်သွားလေပြီ။ စာကြည့်ခန်းတစ်ခုလုံး လူသူကင်းမဲ့နေပြီး မိန်းမစိုးကျိုးပင် မရှိတော့ချေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရနိုင်လောက်အောင် တိတ်ဆိတ်နေ၏။


“ရှစ်ယဲ့ …”

ဝမ်ချီက ရှစ်ယဲ့ ထွက်သွားမည်ဟု မထင်ထားခဲ့ပေ။ သူ့အသက်ရှူသံက တန့်သွားကာ ကျိုးကြောင်းမသင့်သည့် စိုးရိမ်မှုနှင့် ထိတ်လန့်မှုတို့က သူ့အား ရိုက်ခတ်လာခဲ့သည်။ သူက ညောင်စောင်းထက်မှ အမြန်ထလိုက်၏။

“ရှစ်ယဲ့ ဘယ်မှာလဲ…”


သူက အသိစိတ်လွတ်သွားကာ အသံကိုပင် မထိန်းနိုင်ခဲ့ချေ။ သူ့အသံက စာကြည့်ခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့၏။


ဝမ်ချီက ဤသို့သော အခြေအနေမျိုးကို အမှန်တကယ် ကြောက်ရွံ့မိသည်။ သူက ရှစ်ယဲ့ မည်သည့်စကားမှမဆိုဘဲ ထွက်ခွာသွားမည်ကို အကြောက်ဆုံးဖြစ်၏။ ရှစ်ယဲ့ သူ မသိသည့်အရာတစ်ခုကို သူ မသိသော နေရာ၌ လုပ်ဆောင်နေမည်ကို သူအစိုးရိမ်ဆုံး ဖြစ်သည်။


ထိုခံစားချက်က ဝမ်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖုံးလွှမ်းသွား၏။


ဝမ်ချီက ကြောက်ရွံ့စိတ်ကို ကြိုးစားဖိနှိပ်ရင်း ရှစ်ယဲ့အား ရှာရန် ကြံစည်လိုက်သည်။


သို့သော် နူးညံ့သောကော်ဇောပေါ်သို့ ခြေချလိုက်သည်နှင့် သန်မာသောလက်တစ်ဖက်က သူ့ခါးကို အနောက်မှ သိုင်းဖက်လာ၏။


ဝမ်ချီက သတိလက်လွတ်ဖြစ်သွားပြီးနောက် နွေးထွေးသော ပွေ့ဖက်မှုဖြင့် လွှမ်းခြုံခံလိုက်ရသည်။


“ကိုယ် ဒီမှာရှိတယ် …”

ရှစ်ယဲ့၏အသံက ဝမ်ချီ၏ နားစည်သို့ ရိုက်ခတ်လာသည်။ သူက ယခုမှနိုးလာခြင်းဖြစ်ပြီး စောင်ကို ဆွဲကာ ဝမ်ချီ၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးရင်း ချော့မော့လိုက်သည်။ 

“ကိုယ်ဒီမှာပါ …”


ဝမ်ချီ တောင့်ခဲသွားသည်။


သူက ချက်ချင်းဆိုသလို ရှစ်ယဲ့အား ရေနစ်သူတစ်ဦး ကောက်ရိုးမျှင်ကို ဆွဲကိုင်ထားသကဲ့သို့ လှည့်ဖက်လိုက်၏။ သူက ရှစ်ယဲ့၏ခန္ဓာကိုယ်တွင်းသို့ ခိုဝင်သွားချင်နေခဲ့သည်။


မူလတွင် ရှစ်ယဲ့ကအိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်သော်လည်း ဝမ်ချီ၏ အပြုအမူကြောင့် အပြည့်အဝ နိုးကြားလာရ၏။ သူက ဝမ်ချီအား ပွေ့ဖက်လိုက်သည်။

“ဘာဖြစ်လို့လဲ …”


ဝမ်ချီက အကြောင်းရင်းအချို့ကြောင့် ငိုချင်သည့်တိုင် သူ့မျက်ဝန်းများ ခြောက်သွေ့နေခဲ့သည်။


ကံကောင်းစွာဖြင့် သူက ယခင်ကဲ့သို့ ငိုရှိုက်ခြင်းမပြုခဲ့ဘဲ  ရှစ်ယဲ့၏ လည်တိုင်ကြားတွင် မျက်နှာဝှက်ကာ တိုးဝှေ့လိုက်သည်။ အတန်ကြာသည့်နောက် သူက အသက်ပြင်းပြင်းရှိုက်ကာ ပြောလိုက်သည်။

”ထွက်သွားပြီလို့ထင်နေတာ …”


ရှစ်ယဲ့က ဝမ်ချီ၏ ကျောပြင်အား ခပ်ဖွဖွပုတ်ပေးလိုက်သည်။ သူက ဝမ်ချီ၏ ခန္ဓာကိုယ်လေး တုန်ယင်နေသည်ကို ခံစားမိလိုက်သဖြင့် သက်ပြင်းချလိုက်၏။

“ဝမ်ချီ … မင်းက ဒီမှာရှိနေတာလေ … ကိုယ် ဘယ်ကိုမှ မသွားနိုင်သလို ဘယ်ကိုမှလည်း မသွားပါဘူး …”


ဝမ်ချီက ရှစ်ယဲ့ ချော့မော့နေသည့်တိုင် လုံခြုံမှုကို မခံစားခဲ့ရချေ။ သူက လေအေးများတိုက်ခတ်နေသည့် ကွင်းပြင်ထဲ၌ တစ်ဦးထဲ ရပ်နေမိသလို ခံစားနေရ၏။


သို့သော် သူ ရှစ်ယဲ့အား  ယုံကြည်ချင်မိသည်။


ရှစ်ယဲ့က ဝမ်ချီ၏ စိတ်အခြေအနေ တည်ငြိမ်လာသည်အထိ စောင့်ပေးခဲ့သည်။ ထို့နောက် သူက စိတ်ထဲကအတိုင်း ပြောလိုက်၏။

“မင်း ဘာလို့ ကိုယ်နဲ့လာမနေရမှာလဲ …”


ဝမ်ချီ ကြောင်အသွားသည်။

“နန်းတော်ထဲမှာ အဲဒီ့လို စည်းမျဉ်းမရှိဘူးမလား …”


ရှစ်ယဲ့က ပြောသည်။

“စည်းမျဉ်းတွေက ပုံသေဖြစ်နေတာ... လူတွေက သက်ရှိတွေ …”


၎င်းက မှန်ကန်သည့်တိုင် နန်းတော်အတွင်းရှိ စည်းမျဉ်းများက သူတို့အားလုံးကို လွှမ်းမိုးထားပြီး သူတို့၏ အရိုးများအထိ ချည်နှောင်ထားဆဲပင်။


ထို့အပြင် မင်းကြီးဖြစ်စေ၊ အိမ်ရှေ့စံဖြစ်စေ၊ အနောက်ဆောင်တွင်းမှ တစ်ဦးဦးနှင့် အတူနေထိုင်သည့် အဖြစ်အပျက်မျိုး ယခင်က မရှိခဲ့ဖူးပေ။ ဝမ်ချီက အိမ်ရှေ့စံမင်းသား၏ အိပ်ဆောင်သို့ ပြောင်းရွှေ့ခြင်းက နန်းတော်စည်းမျဉ်းများအား ချိုးဖောက်ရာကျမည်ကို စိုးရိမ်နေမိသည်။


ဝမ်ချီက ခဏကြာ တုံ့ဆိုင်းနေပြီးနောက် သူ့မျက်နှာသူ ရှက်ရှက်ဖြင့် ထိလိုက်၏။

“ဒါပေမယ့် စည်းမျဉ်းတွေက လူတွေကို ကန့်သတ်ထားတာ မလား …”


ရှစ်ယဲ့က မေးသည်။

“မင်း မပြောင်းလာချင်လို့လား ..”


ဝမ်ချီ ခေါင်းယမ်းကာ ပီတိဖြင့် ပြန်ဖြေလိုက်၏။

“မဟုတ်ပါဘူး… ဒီတိုင်းမေးကြည့်တာ …”


ရှစ်ယဲ့ “…”


ဤသို့ဖြင့် အဆိုပါနေ့လည်ခင်း၌ ဝမ်ချီက သေတ္တာများကို သယ်ဆောင်ကာ ရှစ်ယဲ့၏အိပ်ဆောင်သို့ သူ့လူများနှင့်အတူ ရွှေ့ပြောင်းလာခဲ့သည်။


အိမ်ရှေ့မင်းသား၏အိပ်ဆောင်က အနောက်ဆောင်အတွင်းရှိ အမျိုးသား၊ အမျိုးသမီးများ၏ သေးငယ်သော ခြံဝန်းနှင့် မည်သို့မှမသက်ဆိုင်ချေ။ အရှေ့ဘက်နှင့် အနောက်ဘက်ခြံဝန်းကပင် ဝါးပလွေအိမ်တော် သုံးခုစာခန့် ကျယ်ဝန်း၏။ ခန်းမဆောင်များမှာလည်း နှစ်ဆခန့် ပိုမိုများပြားပြီး ထိုနေရာ၌ ခစားသည့် မိန်းမစိုးနှင့် နန်းတွင်းသူများသည်လည်း ထိပ်တန်းအဆင့်များသာ ဖြစ်ကြသည်။


ရှစ်ယဲ့က အလုပ်ရှုပ်နေဆဲဖြစ်သည်။ ဝမ်ချီက ထပ်မံ၍ အိပ်ပျော်မသွားချင်ခဲ့ပေ။ ထို့ကြောင့် မိန်းမစိုးကျိုးနောက်မှလိုက်၍ အိမ်ရှေ့စံ၏ခြံဝန်းအား အသားကျအောင် လျှောက်ကြည့်နေခဲ့သည်။


ဝမ်ချီက ညစာစားချိန်အထိ ရှစ်ယဲ့အား မမြင်ခဲ့ရဘဲ သူ တစ်ဦးထဲသာ ညစာစားခဲ့ရသည်။


သူက ရှောင်ရွှမ်ကျီအား ခေါ်လိုက်သည်။

“အရှင့်သား ပြန်မလာသေးဘူးလား …”


ရှောင်ရွှမ်ကျီက ခါးညွှတ်ကာ ပြန်ဖြေလိုက်သည်။

“သခင်လေးကို လျှောက်တင်ပါတယ် … အရှင့်သားက တစ်နေ့လုံး စာကြည့်ခန်းမှာ ရှိနေတာပါ …”


ဝမ်ချီ သက်ပြင်းချလိုက်သည်။


မူလတွင် သူ ရှစ်ယဲ့၏ အဆောင်တော်သို့ ပြောင်းရွှေ့ရမည်ကို အလွန်စိတ်လှုပ်ရှားခဲ့ရသည်။ သို့သော် အချိန်နှင့်အမျှ အဆိုပါ စိတ်လှုပ်ရှားမှုများက ပြယ်လွင့်လာ၏။


ရှောင်ရွှမ်ကျီက ဝမ်ချီသက်ပြင်းချသည်ကို တွေ့လိုက်ချိန်၌ သူ့အား နှစ်သိမ့်လာသည်။

“သခင်လေး … ကိုယ်လုပ်တော်ရုန် ကျင်းပမယ့် မိသားစု စုံညီပွဲတော်က နီးကပ်လာပါပြီ… သခင်လေး သိတဲ့အတိုင်း ကိုယ်လုပ်တော်ရုန်က အရှင့်သားနဲ့ ဆန့်ကျင်ဘက်တွေပဲ လုပ်လေ့ရှိတယ်လေ … အခုလည်း သူမက သူ့ကို ကိစ္စတွေအခက်တွေ့အောင် ကြံစည်ဦးမှာပါ … ဒါ့ကြောင့် ဒီအချိန်မှာ အရှင့်သား အလုပ်များနေတာ ပုံမှန်ပါပဲ …”


မိသားစုစုံညီပွဲတော် အကြောင်း ကြားရချိန်၌ ဝမ်ချီက သူ့အား ပေးထားသည့် ဖိတ်စာကို သတိရသွားကာ ခေါင်းကိုက်လာခဲ့သည်။


ရှောင်ရွှမ်ကျီက ထိုအကြောင်း ဆက်မပြောတော့ဘဲ စကားလွှဲလိုက်၏။

“သခင်လေး … ဒီအစေခံက အရှင့်သားထံ လိုက်ပို့ဆောင်ပေးရမလား …”


“မလိုပါဘူး …”

ဝမ်ချီ လက်ဝေ့ယမ်းလိုက်သည်။ သူက ရှစ်ယဲ့အား ထပ်မံမနှောင့်ယှက်လိုချေ။

“ငါ့ဖို့ ရေနွေးပြင်ထားပေးပါ… ငါရေချိုးချင်တယ် …”



💮💮💮