Chapter 141
Viewers 35k

💮Chapter 141




ဝမ်ချီသည်လည်း ယောထောင်၏ အမူအရာကြောင့် ပြောစရာစကားမရှိဖြစ်သွားသည်။ သူက ခေါင်းမော့ကာ ယောထောင်အား ကြည့်လိုက်သည်။ ခဏအကြာ၌ သူက ညှိုနှိုင်းသည့်အမူအရာဖြင့် ပြောလိုက်၏။

“ဒါဆို မင်း ဆေးပန်းကန်ကို ဒီမှာထားခဲ့လိုက် … ငါ ပြီးရင်သောက်လိုက်မယ် …”

 

“မရဘူး …”

ယောထောင်က တွေးပင်မတွေးဘဲ ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။

 

ဝမ်ချီ “…”

 

“ယောထောင်… နင် ရူးနေပြီလား …”

ယောဖန်း၏မျက်နှာမှာ စက္ကူတစ်စနှယ်ဖြူလျော်နေသည်။ သူမက ယောထောင်အား အလန့်တကြား ဆွဲလိုက်၏။


“ယောဖန်း … ငါ့ကို မဖြောင်းဖျနဲ့ …”

ယောထောင်က အေးစက်စက်ပြောကာ ဝမ်ချီအား စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် လှည့်ကြည့်လိုက်သည်။

“သခင်လေးက ဆေးကို ကိုယ်တိုင်မသောက်ချင်မှတော့ ဒီအစေခံကိုယ်တိုင် တိုက်ကျွေးပေးပါ့မယ် …”

 

ထို့နောက် ယောထောင်က ခြေတစ်လှမ်းတိုးလာသည်။

 

ယောထောင်က သိုင်းပညာရှင်ဖြစ်ပြီး သူမ၏ အရှိန်အဝါကို ဖုံးကွယ်ထားသူဖြစ်၏။ သို့သော် သူမက ယခုအခါ ထိုအရှိန်အဝါအား ဖွင့်ထုတ်လာခဲ့လေပသည်။ သူမ၏ အရှိန်အဝါက ဝမ်ချီ့အပေါ် တောင်ကြီးတစ်လုံးနှယ် ဖိနှိပ်လာ၏။

 

ဝမ်ချီက အသက်ပင်မရှူနိုင်တော့ဘဲ မသိစိတ်ဖြင့် စောင်ထဲသို့ ဝင်ရန်ပြင်လိုက်သည်။

 

သို့သော် ယောထောင်၏သိုင်းပညာက ဝမ်ချီထက် များစွာ သာလွန်၏။ သူမက ဝမ်ချီ၏ရည်ရွယ်ချက်ကို သိလိုက်သည်နှင့် မျက်ဝန်းများ အေးစက်သွားသည်။ ထို့နောက် လက်ကိုဆန့်ကာ ဝမ်ချီ၏ရင်ဘတ်အား နှစ်ကြိမ်ခန့် ထိလိုက်၏။

 

ဝမ်ချီ တောင့်ခဲသွားသည်။ ယောထောင်က သူ၏ အကြောများကို ပိတ်လိုက်ကြောင်း သိလိုက်သည်နှင့် ပါးစပ်ကိုဖွင့်ကာ ယောဖန်းအား အကူအညီတောင်းရန် ပြင်လိုက်၏။

 

သို့သော် သူစကားမပြောနိုင်မီ ယောထောင်က သူ့လည်ပင်းအား နှစ်ကြိမ်ထပ်ထိလိုက်သည်။

 

သူ့ပါးစပ်ထဲမှ မပီမသံညည်းညူသံများသာ ထွက်ပေါ်လာ၏။

 

ဝမ်ချီ၏မျက်ဝန်းများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားသည်။ သူက ယောထောင်ချဉ်းကပ်လာသည်ကို ကြည့်ရင်း ဒေါသနှင့်စိုးရိမ်မှုကို တပြိုင်နက်ခံစားလိုက်ရ၏။ သူက ယောထောင်ကို သူ့အား အတင်းအကျပ်စေခိုင်းခြင်းအတွက် ဒေါသထွက်မိပြီး သူဆေးပန်းကန်အား လုံးဝမသောက်လိုသည့်အတွက် စိုးရိမ်နေခြင်းဖြစ်သည်။

 

သို့သော် လက်ရှိအချိန်၌ သူဘာမှမတတ်နိုင်တော့ပေ။

 

ယောထောင်က ယောဖန်း၏လက်ကို ဖယ်ရှားကာ ဝမ်ချီ၏ မေးကိုညှစ်လျက် ခေါင်းမော့လာစေသည်။ ဝမ်ချီ၏ တုံ့ဆိုင်းသောအကြည့်ကြောင့် ယောထောင်က တောင်းပန်စကား ခပ်တိုးတိုးဆိုလိုက်ရင်း ဆေးများကို ဝမ်ချီ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့၏။

 

ဝမ်ချီ အဆင်သင့်မဖြစ်သေးမီ ခါးသက်သော ယအရသာကို ခံစားလိုက်ရသည်။

 

သူက ထိုအရသာကို ခံနိုင်ရည်ရှိသော်လည်း ယမန်နေ့ညက တစ်ငုံချင်းမူ သောက်ယူခဲ့ရ၏။ လက်ရှိအချိန်၌ ယောထောင်က သူ ဆေးများကို ပြန်ထွေးပစ်မည်ကို စိုးရိမ်နေသဖြင့် ဆေးကို ခပ်ဖြည်းဖြည်းသာ တိုက်ကျွေးနေ၏။ အဆိုပါ မျိုချရခက်သည့် ဆေးခါးကြီးက ဝမ်ချီ၏ လည်ချောင်းထဲမှ တဖြည်းဖြည်းချင်း စီးဆင်းသွားလေသည်။

 

ဝမ်ချီက သူ့ခန္ဓာကိုယ်တစ်ခုလုံး ဆေးခါးရည်ထဲ၌ နစ်နေသကဲ့သို့ ခံစားလိုက်ရ၏။ ခါးသက်သော အရသာက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့လာသည်။

 

သူက စကားမပြောနိုင်သလို လှုပ်လည်းမလှုပ်နိုင်၍ ခေါင်းကိုမော့ကာ ပါးစပ်ဟလျက် ဆေးကို မျိုချရန်သာ တတ်နိုင်၏။

 

သူက ဆေးကိုမျိုချပြီးသည့်နောက် မရပ်မနား ချောင်းဆိုးလာခဲ့သည်။ ဆေးရည်များက သူ့ပါးစပ်ထဲမှ ပြန်ထွက်လာကာ သူ၏ နှင်းကဲ့သို့ဖြူဖွေးသော ဝတ်ရုံပေါ်သို့ ကျဆင်းသွားကြ၏။

 

ဝမ်ချီ အပြင်ထွက်သည်မှာ ရှားပါးလှသည်။ သူက ကျင်းကျိုး၌ နှစ်နှစ်သုံးနှစ်ကြာ နေခဲ့ပြီးသည့်နောက် ပိန်ကျသွားခဲ့၏။ အဆက်မပြတ် ချောင်းဆိုးမှုကြောင့် သူ့မျက်နှာက ပို၍ဖြူလျော်လာကာ သူ၏ လှပသော ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများက ပို၍ နီရဲလာကြသည်။ သူ့ကိုကြည့်ရသည်မှာ သနားစဖွယ် ကောင်းလှ၏။

 

ယောဖန်းက ဆက်လက်သည်းမခံနိုင်တော့ဘဲ ရှေ့သို့တိုးကာ ပန်းကန်လုံးကို ယူလိုက်သည်။

 

“တော်လောက်ပြီ …“ယောထောင် .. နင်အရမ်းလွန်တယ် …”

ယောဖန်းက ယောထောင်အား ဒေါသတကြီး ကြည့်လိုက်သည်။


ယောထောင်က ယောဖန်း၏ လက်တွင်းရှိ ဆေးပန်းကန်လုံးကို ကြည့်လိုက်သည်။ ထို့နောက် ဝမ်ချီ၏ အကြောများကို ပြန်ဖွင့်ပေးလိုက်၏။

 

ဝမ်ချီက ချက်ချင်း အိပ်ရာအစွန်းဘက်သို့ လဲကျသွားသည်။ သူက အပြင်းအထန် ချောင်းဆိုးကာ ပျို့အန်နေပြီး ပိန်ပါးသော ပခုံးအစုံမှာလည်း တသိမ့်သိမ့်တုန်နေ၏။

 

ယောဖန်းက ဘာလုပ်ရမည်မသိဘဲ အမြန်ရှေ့တိုးလာသည်။ 

“သခင်လေး …”

 

“မင်းတို့ အရင်သွားနှင့်ကြ …” 

ဝမ်ချီက ယောဖန်းကို အမြန်တားလိုက်သည်။

 

“ဒါပေမယ့် သခင်လေး …”

 

“ထွက်သွားကြ …”


ယောဖန်းက တစ်စုံတစ်ခုကို ပြောလိုခဲ့သည်။ သို့သော် ဝမ်ချီ၏ အခြေအနေနှင့် သူမ မည်သို့မှ မကူညီခဲ့ပုံကို ပြန်တွေးကာ ထပ်မနေဝံ့တော့ချေ။ သူမက ဝမ်ချီအား စကားအနည်းငယ်ဖြင့် တောင်းပန်ကာ ဆေးပန်းကန်ကိုသယ်၍ ထွက်သွားတော့၏။

 

ဝမ်ချီက အချိန်အတော်ကြာ ပျို့အန်နေသော်လည်း အန်ချင်စိတ်က ပြယ်လွင့်မသွားခဲ့ပေ။

 

သူက အိပ်ရာပေါ် လှဲချလိုက်ရင်း မျက်လုံးများကို မှိတ်လိုက်သည်။ သူ နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်ချိန်၌ ခုတင်နားတွင် ယောထောင် ရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။


ဝမ်ချီ၏ အကြည့်ကြောင့် ယောထောင်၏ မျက်နှာထက်တွင် ရှက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။ သူမက အမြန်ဒူးထောက်လိုက်၏။

“သခင်လေး … ဒီအစေခံရဲ့အမှားပါ … ကျေးဇူးပြုပြီး အပြစ်ပေးပါ …”

 

ဝမ်ချီက ယောထောင်ကို ကြည့်ချင်စိတ်ပင်မရှိ၍ မျက်လုံးများကို ပြန်မှိတ်ချလိုက်၏။

“ငါမင်းကို အပြစ်မပေးပါဘူး … ငါတစ်ယောက်ထဲနေချင်တယ်… ထွက်သွားတော့ …”

 

ယောထောင်က ထွက်သွားရန် စိတ်မကူးသည့်အပြင် မြေပေါ် ဒူးထောက်ချလိုက်သည်။

“ကျေးဇူးပြုပြီး ဒီအစေခံကို အပြစ်ပေးပါ .. သခင်လေး…”

 

ဝမ်ချီ ပြောစရာစကားပျောက်ရှသွားသည်။

 

ဝမ်ချီ ဘာမှမပြောနိုင်မီ ယောထောင်က ပြောလာ၏။ “သခင်လေးရဲ့ ကလေးက အရှင့်သားရဲ့ ပထမဆုံးကလေး ဖြစ်လာမှာပါ… သူသာ ယောက်ျားလေးဖြစ်ရင် အရှင့်သားရဲ့ ထီးနန်းကို ဆက်ခံရမှာပါ… ဒီတော့ သခင်လေးက သခင်လေးရဲ့ကလေး သာမက အရှင့်သားရဲ့ကလေးကို လွယ်ထားတာလို့ ပြောနိုင်ပါတယ်… ပြီးတော့ မင်းသားလေးက ဒီတိုင်းပြည်ရဲ့အနာဂတ်ပါ… အရှင့်သားက သခင်လေးနဲ့ကလေးအတွက် တိုက်ခိုက်နေတာပါ … ဒါပေမယ့် သခင်လေးက ဆေးပန်းကန်လုံးတစ်လုံးအတွက် ဒေါသဖြစ်နေတယ်တဲ့လား … သခင်လေးက ဝမ်းထဲက ကလေးနဲ့ နန်းတော်ထဲမှာ ပိတ်မိနေတဲ့ အရှင့်သားအတွက် တွေးမိရဲ့လား …”

 

ထိုသို့ပြောပြီးနောက် အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။

 

ဝမ်ချီက ယောထောင် ထိုသို့ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အလွန်ထိတ်လန့်နေပြီး ယောထောင် ဒူးထောက်နေသည်ကို ကြည့်နေ၏။

 

ယောထောင်က ဦးခေါင်းကို တွင်တွင်ငုံ့ထားသည်။ သူမ၏ ခံစားချက်များက ပြင်းထန်နေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေ၏။ သူမက တစ်စုံတစ်ခုကို ဖိနှိပ်ထားသည့်အလားပင်။

 

ယောထောင်က ရှစ်ယဲ့၏လူဖြစ်သည်ဟု ဝမ်ချီ သိခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်ရက်လုံးလုံး သူ့အပြုအမူများကြောင့် ယောထောင် စိတ်မကြည်ဖြစ်နေရသည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

 

ဝမ်ချီ မူလက အနည်းငယ် စိတ်ဆိုးနေခဲ့သည်။ သို့သော် ရှစ်ယဲ့အကြောင်း တွေးလိုက်ချိန်၌ သူစိတ်မဆိုးနိုင်တော့ပေ။

 

“ငါသိပါတယ် 

… ငါမင်းကို အပြစ်မတင်ပါဘူး …”

ဝမ်ချီက နဖူးကိုကိုင်ကာ သက်ပြင်းချလိုက်သည်။“ထပါ …”

 

သို့သော် ယောထောင်က မထဘဲ ဗလုံးဗထွေး ဆို၏။ “နောက်ပိုင်း သခင်လေး ဒီလိုကိစ္စလေးတွေကြောင့် စိတ်တိုနေခဲ့မယ်ဆိုရင် ဒီအစေခံက ဒီနည်းလမ်းကိုပဲ ကျင့်သုံးမိမှာပါ…”

 

ဝမ်ချီ  “…”

 

ယောထောင်က နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထား၏။

 

ဝမ်ချီက စိတ်ဆိုးချင်သော်လည်း စိတ်မဆိုးနိုင်ခဲ့ပေ။ ယောထောင်က သူ့အပေါ် ဆိုးဝါးသည့် ရည်ရွယ်ချက်မရှိဟု သူ့ကိုယ်သူ အာမခံလိုက်ရင်း တည်ငြိမ်အောင် ထိန်းလိုက်၏။ 

“စိတ်မပူပါနဲ့ … ငါအခုကစပြီး ဆေးသောက်တော့မှာပါ…”

 

ယောထောင်က ချက်ချင်း တိုင်ကိုဖက်တက်လိုက်သည်။ 

“အစားလည်း ကောင်းကောင်းစားရပါမယ် …”

 

(တိုင်ကိုဖက်တက်ခြင်း - ပိုင်ရှင်၏ ဆန္ဒအလျောက် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိနိုင်ရန် မှီခိုခြင်း။ နှိမ့်ချသော အသုံးအနှုန်းဖြစ်သည်။)


ဝမ်ချီက ခဏနင်သွားသည်။ ထို့နောက် အကြိမ်ကြိမ် သက်ပြင်းချလိုက်၏။

“ကောင်းပြီ … ကောင်းပြီ …”

 

ယောထောင်က ဝမ်ချီ၏ ကတိကို ရချိန်မှသာ စတင်ပြုံးလာ၏။ သူမက မြေပေါ်မှ ပြန်ထရင်း ဝမ်ချီ၏ ကိုယ်ပေါ်ရှိ အစွန်းအထင်းများကို ကြည့်လိုက်သည်။ သူမက အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။

“ဒီအစေခံ ရေဇလုံယူလာခဲ့ပေးပါ့မယ် …”

 

ဝမ်ချီက မငြင်းဆန်ဘဲ ခေါင်းကိုသာ ညိတ်လိုက်တော့သည်။

 

….

 

မမျှော်လင့်ထားစွာပင် ဆေး၏အရသာက သန်းခေါင်ယံအထိကျန်နေခဲ့သည်။

 

ဝမ်ချီက ခါးသက်သောအရသာကို ခံစားရင်း လှဲနေ၏။ သူက အိပ်ရာမှထကာ ရေတစ်ခွက်လောင်းထည့်လိုက်ပြီးနောက် တစ်ကျိုက်ထဲ မော့ချလိုက်၏။ သို့သော် ရေက ခါးသက်မှုကို ဖြေလျှော့မပေးနိုင်ခဲ့ချေ။

 

ဝမ်ချီက နောက်ထပ် ရေခွက်လေးခွက်ခန့် ဆက်တိုက် သောက်လိုက်သည်။ ထို့နောက် ခွက်ကိုချကာ အိပ်ရာပေါ် ပြန်လှဲလိုက်၏။

 

အိပ်ရာဘေးရှိမီးဖိုမှ နွေးထွေးတောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်နေသည်။ မီးသွေးလောင်ကျွမ်းသံများက တစ်ချက်တစ်ချက် ထွက်ပေါ်လာ၏။

 

ဝမ်ချီက ခေါင်းလေးသာ ပေါ်သည်အထိ စောင်ကို ဆွဲခြုံလိုက်ပြီး မီးဖိုအား မျက်နှာမူလိုက်၏။

 

ထို့နောက် မီးဖိုထဲရှိ မီးသွေးများကို စိုက်ကြည့်နေလိုက်သည်။

 

ခဏအကြာ၌ သူ့မျက်ဝန်းများက စတင်၍ ချဉ်စူးလာ၏။

 

ဝမ်ချီ မျက်တောင်ခတ်လိုက်သည်။ မူလက ကြည်လင်နေသည့် သူ၏ အမြင်အာရုံက ရုတ်တရက် ဝေဝါးသွားခဲ့သည်။ သူ၏ မျက်ရည်များက ပါးပြင်တစ်လျှောက် စတင်၍ စီးကျလာလေသည်။

 

ဝမ်ချီက သူ့ကိုယ်သူ ငိုမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ယောထောင်အား အလွန်စိတ်ဆိုးမိသော်လည်း ယောထောင်က ရှစ်ယဲ့အတွက် တွေးပေးခြင်းဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ယောထောင်အား ဤကိစ္စနှင့်ပတ်သတ်၍ အပြစ်ဆိုတော့မည်မဟုတ်ပေ။

 

သို့သော် တစ်စုံတစ်ခုအား စဉ်းစားလိုက်ချိန်၌ သူ အလိုမကျဖြစ်လာ၏။

 

ယောထောင် သူ့အား အကြောပိတ်ထားစဉ်က မှတ်ဉာဏ်မှာ သူ့စိတ်အစဉ်အား အပ်တစ်ချောင်းကဲ့သို့ စူးရှနေစေ၏။ သူက ထိုအရာအား နောက်တစ်ကြိမ် ထပ်မံမတွေ့ကြုံလိုချေ။

 

သူတွေးလေလေ၊ မှားယွင်းသည်ဟု ခံစားလာရလေပင်။ သူ့ပါးပြင်ထက်သို့ မျက်ရည်များ ကျဆင်းလာ၏။

 

အဆုံးသတ်တွင် သူက ရှိုက်ငိုရလွန်းသဖြင့် ပခုံးလေးများပင် တုန်လှုပ်လာခဲံရသည်။

 

ဝမ်ချီက အိပ်ခန်းထဲ၌ တစ်ဦးထဲရှိနေသော်လည်း ယောထောင်၊ ယောဖန်းနှင့် အစေခံများက အပြင်ဘက်၌ စောင့်နေကြ၏။ သူက သူတို့အား သူ့ငိုသံကို ကြားခွင့်မပေးနိုင်၍ မျက်နှာကိုသာ လက်ချောင်းများဖြင့် ကာထားလိုက်မိသည်။

 

သို့သော် မကြာမီ မျက်ရည်စီးကြောင်းများက သူ့လက်ချောင်းအကြားမှ စီးကျလာ၏။

 

သူ၏ အလိုမကျမှုများက ယောထောင်ကြောင့်သာ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ရှစ်ယဲ့ကြောင့်လည်း ပါ၏။

 

သူက တစ်စုံတစ်ဦးကို ဤမျှအထိ မလွမ်းခဲ့ဖူးပေ။ သူက ရှစ်ယဲ့အနီးသို့ ချက်ချင်း ပျံသန်းသွားလိုက်ချင်၏။ ရှစ်ယဲ့ သူတို့ကလေးအကြောင်း သိမသိကိုပင် သူ မသိရချေ။

 

ဝမ်ချီက အတန်ကြာ ဝမ်းနည်းနေခဲ့သည်။ သို့သော် အပြင်ဘက်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာ၏။

 

သူက နေ့ဘက်က ကြားခဲ့ရသည့် ဆူညံသံများကို သတိရသွား၍ ဆက်လက်၍ ဝမ်းနည်းမနေနိုင်တော့ဘဲ ပြတင်းပေါက်အား အမြန်ကြည့်လိုက်၏။

 

ပြတင်းပေါက်တွင် ကန့်လန့်ခံထားသည့် ခက်ရင်းမှာ ပြုတ်ကျနေပြီဖြစ်ကြောင်း သူ တွေ့လိုက်သည်။ သို့သော် မီးဖိုရှိနေသည့် အလျောက် အစေခံများက ပြတင်းပေါက်ကို စေ့ပိတ်မထားဝံ့ဘဲ ခပ်ဟဟ ထားရှိထား၏။

 

ထိုအချိန်၌ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

 

ထိုအခါမှသာ ဝမ်ချီက သူ ယောထောင်အား ပြောစရာရှိကြောင်း သတိရသွား၏။ ဆေးတိုက်သည့် လုပ်ငန်းစဉ်ကြောင့် သူမေ့သွားခဲ့ခြင်းသာဖြစ်သည်။

 

“ယောထောင် …”

ဝမ်ချီက မျက်ရည်များကို လက်ခုံဖြင့် အမြန်သုတ်ကာ အိပ်ရာပေါ်မှထ၍ ဖိနပ်ဝတ်လိုက်သည်။

“ယောထောင် ဝင်ခဲ့ဦး…”

 

“ယောထောင် …”

 

“အာ …”

အပြင်ဘက်တွင် စောင့်နေသူက ချက်ချင်း ထူးလာ၏။ ယောဖန်းက အမြန်ပြောလိုက်သည်။

“သခင်လေး … ဘာဖြစ်လို့ပါလဲ …ယောထောင်က ညတစ်ဝက်အထိ နေပြီးပြီမို့ အနားယူနေပါတယ် …”

 

ဝမ်ချီ စကားပြောတော့မည့် အချိန်၌ ပြတင်းပေါက်ကြားမှ ထွက်ပေါ်လာသည့် အဖြူရောင်အမြှီးလေးကို တွေ့လိုက်သည်။

 

သူ တောင့်တင်းသွား၏။

 

အဖြူရောင်အမြှီးလေးက လေထုထဲတွင် ယမ်းခါနေပြီး အထဲသို့ဝင်ရန် ကြိုးစားနေပုံပေါ်၏။ ရင်းနှီးနေသည့် မြေခွေးခေါင်းလေးက ပြတင်းပေါက်အဟကြားမှ ဝင်ရောက်လာသည်။ သို့သော် ဝင်မရဘဲ ခေါင်းလေးတစ်နေ၏။

 

ဝမ်ချီ “…”

 

မြေခွေးလေးက သူ့ကိုကြည့်လိုက်သည်။ သူ၏ ပဲနက်စေ့သဏ္ဌာန် မျက်ဝန်းကြီးများက သနားစဖွယ် တောက်ပလာရင်း ခပ်တိုးတိုး အီလိုက်၏။

 

ဝမ်ချီ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ သူကြားခဲ့ရသည့် အသံအားလုံးက ဤမြေခွေးငတုံးလေးထံမှ ထွက်ပေါ်လာခြင်းပင်။

 

သူက ထိုနေရာသို့ လျှောက်သွားကာ ပြတင်းပေါက်ကို ထောက်ဖြင့်ထောက်လိုက်၏။ လွတ်လပ်သွားသည့် အားကူက ပြတင်းပေါက်မှ ခုန်ချလာခဲ့သည်။ အပြင်ဘက်တွင် အေးနေ၍လော၊ သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လောမသိ၊ မြေခွေးလေးက ပြင်းပြင်းထန်ထန် တုန်လှုပ်နေပြီး ဝမ်ချီ၏ ခြေထောက်အား ခေါင်းဖြင့်တိုးဝှေ့လာ၏။

 

ဝမ်ချီက ငုတ်တုတ်ထိုင်ကာ အားကူ၏ ဦးခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

“အရူးလေး … အရှေ့တံခါးက လာတော့ ဘာဖြစ်မှာမို့လို့ ပြတင်းပေါက်က ကျော်ချလာတာလဲ …”

 

အားကူက နားရွက်ကလေးများကို ထောင်လိုက်ရင်း ဝမ်ချီ၏ လက်ဖဝါးအောက်သို့ ခေါင်းတိုးဝင်လာ၏။ သူ၏ အမွေးများက အပြင်ဘက်ရှိ အအေးဓာတ်ကို သယ်ဆောင်လျက်ရှိလေသည်။

 

ဝမ်ချီက အားကူအား ခဏကြာအောင်စနောက်နေခဲ့သည်။ ထို့နောက် သမားတော်ကျန်း သူကိုယ်ဝန်ရှိကြောင်း အတည်ပြုသွားသည့်နောက် ယောဖန်းနှင့် ယောထောင်တို့က သူ့အား အားကူနှင့် ဆော့ကစားခွင့်မပေးချင်တော့သည်ကို သတိရသွားသည်။ အကယ်၍ အားကူသာ အရှေ့တံခါးပေါက်မှ ဝင်လာပါက ယောဖန်း၊ ယောထောင်နှင့် အခြားအစေခံများက သူ့ကို ဝင်ခွင့်ပြုကြမည်မဟုတ်ပေ။

 

ဝမ်ချီက အအေးဒဏ်ကြောင့် တုန်နေသည့် အားကူကို ကြည့်ကာ သူ့နှလုံးသားလေး အရည်ပျော်သွား၏။

 

သူက အားကူကို မီးဖိုနားတွင် အနွေးဓာတ်ပေးရန်အတွက် ကောက်ပွေ့ကာ မတ်တပ်ထလိုက်သည်။

                         

သို့သော် သူလှည့်လိုက်သည်နှင့် အလျင်စလို လျှောက်လာသည့် ယောဖန်းအား တွေ့လိုက်ရ၏။

 

“သခင်လေး …အဆင်ပြေရဲ့လား …”

ယောဖန်းက မေးလာသည်။


ဝမ်ချီက ဆူဆူညံညံ လုပ်မိသည်ကို နောင်တရသွား၏။ သူက တည်ငြိမ်အောင်ထိန်းကာ ခေါင်းညိတ်လိုက်သည်။ 

“အဆင်ပြေတယ် … မင်းသွားလို့ရပြီ …”




💮💮💮