Chapter 1
Viewers 1k

🐯Chapter 1



နိုဗာပြက္ခဒိန်၏ ၂၄၅ ခုနှစ်၊ နွေဦးရာသီ အစောပိုင်းကာလ။


ကုယွီမြန်က လက်ပတ်ကွန်ပျူတာမှ ညွှန်ကြားချက်အတိုင်း လျှောက်လှမ်းပြီးနောက် အဆုံးတွင် ကြယ်မျှော်စင်ရှိရာသို့ ရောက်ရှိသွားပြီး သူ့ခေါင်းပေါ်မှ ဆိုင်းဘုတ်ကြီးအား မော့ကြည့်လိုက်သည်။ ကြီးမားလှသော ပိုစတာပေါ်တွင် ရေးထိုးထားသည်မှာ [နွေရူး တသုန်သုန် တိုက်ခိုက်ပြီးနောက် ကြယ်တာရာများ အိုဟောင်းသွားခြင်းမရှိ။]


အာ... ဟုတ်ပြီ... ဒီနေရာပဲ...


ကုယွီမြန် ခန်းမအတွင်းသို့ လျှောက်လှမ်းကာ ဝင်သွားလိုက်သည်။


ပြောင်လက်တောက်ပနေသည့် မှန်တံခါးများအား ဖြတ်သန်းပြီးနောက် အလွန်အမင်း ခမ်းနားကြီးကျယ်ကာ အလင်းရောင်များ ထွက်ပေါ်နေသည့် ခန်းမအတွင်းသို့ ရောက်ရှိသွားသည်။ ဟက်စကီးလူသားတစ်ဦးက လက်ဆွဲအိတ်ကိုင်ကာ ကုယွီမြန်နံဘေးမှ အလျင်စလို ဖြတ်ပြေးသွားသည်။ မျက်မှန်တပ်ထားသော ရုံးအလုပ်သမား အမျိုးသမီးတစ်ဦး၏ ဦးခေါင်းပေါ်တွင် ဟမ်းစတားနားရွက်တစ်စုံ ရှိနေသည်။ အရှေ့မျက်နှာစာ၏ ဧည့်ကြိုစားပွဲမှ တာဝန်ရှိကြောင်က သူမ၏ လက်သည်းများဖြင့် ကီးဘုတ်အား တတောက်တောက် ရိုက်နှိပ်လျက်ရှိသည်။


ခန်းမထဲ၌ ကုယွီမြန်အား စောင့်ဆိုင်းနေသော အမျိုးသမီးတစ်ဦးရှိသည်။


သူမ၏အမည်မှာ ခီရီ ဖြစ်ပြီး စတားလိုက်ဖ် တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းမှ ဝန်ထမ်းတစ်ဦးဖြစ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် တင်ဆက်သူများနှင့် ဆက်သွယ်ရန် အဓိကတာဝန်ရှိသူ ဖြစ်သည်။ သူမ၏ လက်ပတ်နာရီအား ငုံ့ကြည့်လိုက်ပြီးနောက် တံခါးအား ကြည့်လိုက်သည်။ ချိန်းဆိုထားချိန် နီးကပ်လာပြီး ဖြစ်သော်လည်း မစ္စတာကု ရောက်မလာသေး၍ သူမ အနည်းငယ် စိတ်မရှည် ဖြစ်လာမိသည်။


အဲဒါကြောင့် လူသားတွေကို သဘောမကျတာပေါ့...

ခီရီ စိတ်ထဲမှ ပြောလိုက်သည်။

အချိန် မလေးစားဘူး... သဘောထားသေးတယ်... အမြင်ကျဉ်းတယ်... လူသားတွေ တဖြည်းဖြည်း မျိုးသုဉ်းလာတာ လုံးဝ အံ့ဩစရာကို မရှိဘူး... ဒါက ဒဏ္ဍာရီလာ သဘာဝတရားကြီးရဲ့ ချိန်ညှိမှု ဆိုတာများလား...


ခီရီမှာ လူမျိုးရေးခွဲခြားသူတစ်ဦး မဟုတ်ဘဲ ဗီဇလက္ခဏာအရ အလိုအလျောက် တွေးတောမိခြင်းသာ ဖြစ်သည်။


လွန်ခဲ့သောနှစ်များစွာက ရှေးဟောင်းကမ္ဘာ၌ ကြီးမားသော ကပ်ဘေးတစ်ခု ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ကပ်ဘေးအတွင်း၌ တိရစ္ဆာန်များက ဝိညာဉ်စွမ်းအင်နှင့် စွမ်းရည်များ နိုးထလာကြပြီး အသိဉာဏ်ရည်လည်း မြင့်မားလာကြသည်။ လူသားများမှာမူ နဂိုမူလအတိုင်း ပြောင်းလဲသွားခြင်း မရှိပေ။ ထို့ကြောင့် ရလဒ်အနေဖြင့် ယခုအခါ လူသားများနှင့် တိရစ္ဆာန်များမှာ အဆင့်အတန်းတူများ ဖြစ်လာကြသည်။


သိမ်မွေ့သော ငြိမ်းချမ်းရေးမှာ ကြာရှည်မခံလိုက်ချေ။ ကပ်ဘေးကြီး ပြီးဆုံးသွားပြီးနောက် လူသားများနှင့် တိရစ္ဆာန်များအကြား အရင်းအမြစ်ပြဿနာများကြောင့် ရာစုနှစ်များစွာ စစ်ဖြစ်ခဲ့ကြသည်။ အဆုံးတွင် ထိုစစ်ပွဲ၌ တိရစ္ဆာန်များ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း စစ်ပွဲမှ ဖြစ်တည်လာသည့် အမုန်းတရားများမှာ ပျောက်ကွယ်မသွားခဲ့ဘဲ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည်။


ယနေ့ လူသားတင်ဆက်သူတစ်ဦးနှင့် စာချုပ်ချုပ်ဆိုရန် ဆွေးနွေးရမည်ကို သိရှိထားသော ခီရီ၏ လုပ်ဖော်ကိုင်ဖက်များက သူမအား စာနာသနားမိကြသည်။


“လူသားတွေက အနံ့အသက်မကောင်းဘူးလို့ ကြားဖူးတယ်... နင် သူနဲ့ နီးနီးကပ်ကပ် မနေနဲ့ဦး... မဟုတ်ရင် အန်ချမိလိမ့်မယ်...”


“လူသားတွေ ရှိနေတုန်းပဲလား... ဘုရားရေ ခီရီရယ်... နင့်အတွက် လွယ်မှာမဟုတ်ဘူးနော်...”


“လူသားတွေက ဉာဏ်နီဉာဏ်နက်များပြီး အမြင်လည်း ကျဉ်းသေးတယ်... တို့တော့ လူနှစ်ယောက်နဲ့ စာချုပ်ချုပ်ဖို့ ဆွေးနွေးဖူးကတည်းက လုံးဝ လက်လန်သွားတာပဲ...”


“...”


လုပ်ဖော်ကိုင်ဖက်များ၏ အလွန်အမင်း ချဲ့ကားပြောဆိုမှုများကြောင့် ခီရီက တင်ဆက်သူနှင့် တွေ့ဆုံရခြင်း မရှိသေးသည့်တိုင်အောင် စိုးရိမ်ပူပင်ကာ နောင်တရလာသည်။ သူမ  တစ်မိနစ်အတွင်း ငါးကြိမ်မြောက်အဖြစ် တံခါးပေါက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်မှာပင် သူမ၏မျက်လုံးများ တောက်ပလာသည်။


လူငယ်တစ်ဦးက ပြောင်လက်တောက်ပနေသော မှန်တံခါးအား ဖြတ်သန်းပြီး အရှေ့မျက်နှာစာမှ ဧည့်ကြိုစားပွဲသို့ လျှောက်လှမ်းလာသည်။ ထိုလူက အဖြူရောင်လီနင်ရှပ်အင်္ကျီအား ဝတ်ဆင်ထားပြီး ခြေတံရှည်များ ရှိသည်။ နှုတ်ခမ်းဘေးတစ်ချက်စီတွင် အပြုံးသေးသေးလေးများ ပါရှိကာ မျက်လုံးတစ်စုံမှာလည်း တလက်လက် တောက်ပလျက်ရှိသည်။


သူ၏မျက်ဆံများမှာ အညိုဖျော့ရောင်ဖြစ်ပြီး အာရှမျိုးနွယ် လူသားများအတွက် ပုံမှန်ပင် ဖြစ်သည်။ သို့သော်လည်း ပျားရည်ကဲ့သို့ နွေးထွေးကာ ပျော်ဝင်စေပြီး နူးညံ့မှုနှင့် နှစ်လိုဖွယ်ခံစားမှုအား ပေးစွမ်းလေသည်။ ထိုလူငယ်မှာ ပျိုတိုင်းကြိုက် နှင်းဆီခိုင်မျိုး ဖြစ်သည်။


“မင်္ဂလာပါ...”

ကုယွီမြန်က ခီရီထံသို့ လျှောက်လှမ်းလာရင်း ပြုံးကာ နှုတ်ဆက်လိုက်သည်။


“မစ္စခီရီ ဟုတ်တယ်နော်...ကျွန်တော် တောင်းပန်ပါတယ်... ဒီနေရာနဲ့ မရင်းနှီးလို့ နည်းနည်းနောက်ကျသွားရတာ စိတ်မရှိပါနဲ့...”


သူ့အသံမှာ နူးညံ့သာယာမှု၊ ကြည်လင်ပြတ်သားမှုနှင့် သိမ်မွေ့ညင်သာမှုတို့ ရောစွက်နေသည်။


“ရပါတယ်... ကိစ္စမရှိပါဘူး...”

ခီရီက အသိစိတ်ပြန်ကပ်သွားပြီးနောက် ထိုလူနှင့် လက်ချင်းဆွဲ နှုတ်ဆက်လိုက်သည်။ ကုယွီမြန်၏ လက်ချောင်းများမှာ ရှည်သွယ်သည်။ လက်ဖဝါးသည်လည်း နွေးထွေးလှပြီး လက်ဆွဲနှုတ်ဆက်သည့်အခါ အလွန်အမင်း သက်သောင့်သက်သာရှိသော ခံစားမှုအား ပေးလေသည်။ 


မိနစ်ဝက်ခန့်ကြာပြီးသောအခါ နှစ်ဦးကြားတွင် ကိုးရိုးကားယားနိုင်စွာ တိတ်ဆိတ်သွားလေသည်။


ကုယွီမြန်က သူ၏လက်အား ယခုထိတိုင် လွှတ်ပေးခြင်း မရှိသည့် ခီရီအား ကြည့်လိုက်သည်။ သူက အားတောင့်အားနာဟန်ဖြင့် ယဉ်ကျေးစွာ ပြုံးလိုက်သည်။

“မစ္စခီရီ...”


“အိုး... အားနာလိုက်တာ...”

ခီရီက မလိုလားစွာဖြင့် လက်လွှတ်ပေးလိုက်သည်။ သူမ တုန်လှုပ်နေဆဲဖြစ်ကာ ဦးနှောက်မှာလည်း ပုံမှန်မလည်ပတ်နိုင်သေးချေ။


ကုယွီမြန်အား မြင်တွေ့လိုက်စဉ်မှာပင် သူမ၏ မျက်လုံးထဲတွင် မီးရှူးမီးပန်းလေးများ တဖွားဖွား ပွင့်လန်းလာသလို ထင်မြင်မိသည်။ ၎င်းက ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်ခြင်း မရှိသည့် ဖြူစင်သန့်ရှင်းသော ပျော်ရွှင်မှုမျိုး ဖြစ်သည်။ သူမက မူလသဏ္ဌာန်သို့ ပြောင်းလဲကာ ကုယွီမြန်၏ လက်ဖဝါးထဲ၌သာ အိပ်စက်ချင်နေမိတော့သည်။


ဒါပေမဲ့ အားလုံးက လူသားတွေကို မုန်းနေကြတာ မဟုတ်ဘူးလား...


၎င်းက ခီရီ၏ ကမ္ဘာကြီးအပေါ် အမြင်အား များစွာသက်ရောက်သွားလေသည်။ 


ဘာလဲ... ငါတို့တွေ ကလေးဘဝတည်းက အလိမ်ခံခဲ့ရတာလား... 


မဖြစ်နိုင်ချေ။ ဤသည်မှာ ခီရီ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် လူသားအား မြင်တွေ့ဖူးခြင်း မဟုတ်ပေ။ သူမ အလုပ်သင်ကာလအတွင်း လူသားအချို့နှင့် ဆုံတွေ့ဖူးသည်။ ထိုစဉ်က လူသားများအား နှလုံးသားထဲမှနေ မုန်းတီးခဲ့သည်။


သို့သော်လည်း ကုယွီမြန်မှာမူ လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

“အထဲဝင်ပြီးမှ စကားပြောတာပေါ့...”


ခီရီအနေဖြင့် လက်ရှိလုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စအား ပြန်လည်အမှတ်ရရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ သူမ၏ဆံပင်အား လက်ဖြင့်သပ်လိုက်သော်လည်း ခေါင်းပေါ်တွင် ကြောင်နားရွက်လေးများ ထွက်နေသည်ကို သိလိုက်ရသည်။


ခီရီ : “...”


သူတို့အားလုံး လူသားအသွင်ဖြင့် အလုပ်လုပ်ရန် လိုအပ်ပြီး အမှန်တကယ် စိတ်လှုပ်ရှားမှု မရှိမချင်း အသွင်သဏ္ဌာန်ပြောင်းလဲရာ၌ ကျွမ်းကျင်ပိုင်နိုင်ကြသည်။ ခီရီက ရှက်ရွံ့စွာဖြင့် သူမနားရွက်လေးများအား အတွင်းသို့ ပြန်ထည့်လိုက်သည်။ လော်ဘီမှ ခြေလှမ်းအနည်းငယ် ဝေးသည့်နေရာတွင် စက်လှေကားရှိသည်။ ခီရီက ယဉ်ကျေးမှုမရှိသည့် အပြုအမူများအား လျစ်လျူရှုကာ ကုယွီမြန်ကိုသာ ကြည့်နေပြီး တစ်စက္ကန့်မျှ အကြည့်လွှဲမိလျှင်ပင် ဆုံးရှုံးမှု ကြီးမားနိုင်သည်ဟု တွေးနေမိသည်။


သို့သော်လည်း ကုယွီမြန်မှာ အခြားသူများ၏ စိတ်အားထက်သန်မှုအပြည့်ဖြင့် စိုက်ကြည့်ခံရခြင်းအား နေသားမကျသည့်အတွက် မေးရုံသာ ရှိတော့သည်။

“မစ္စခီရီ... ဘာများဖြစ်လို့လဲ...”


“ရှင်က တကယ် ထူးခြားတာပဲ မစ္စတာကု...ရှင်က.. တကယ်ကို တခြားလူတွေနဲ့ မတူဘူး...”

ခီရီက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေသည်။


ကုယွီမြန် : “...”


ကြယ်တာရာခေတ်တွင် ‘လူသား’ ဟူသော စကားလုံးမှာ ရိုင်းစိုင်းနိမ့်ကျသည့် အသုံးအနှုန်းဖြစ်သည်။ ထို့ကြောင့် ခီရီ၏ ပြောစကားအား ချီးကျူးခြင်းဟု ယူဆရမည်ပင်။


ကုယွီမြန်က နှေးကွေးစွာဖြင့် ပြန်ဖြေသည်။

“ကျေး... ကျေးဇူး တင်ပါတယ်...”


တုန်လှုပ်ပြီးနောက် ခီရီ စတင်အံ့အားသင့်လာမိသည်။ 


ကုယွီမြန်ကဲ့သို့သော ထူးခြားသည့် လူသားတစ်ဦးအား သူမ တစ်ခါလေးမျှပင် မြင်တွေ့ဖူးခြင်း မရှိသည်မှာ အံ့ဩဖွယ်ရာပင်။ ထိုသူသာ ထိပ်တန်းတင်ဆက်သူတစ်ဦး ဖြစ်လာမည်ဆိုပါက ကောင်းပေမည်။ အနာဂတ်တွင် သူမတို့၏ ပလက်ဖောင်းသို့ ကုယွီမြန် ယူလာပေးမည့် အကျိုးအမြတ်များမှာ တိုင်းတာ၍ ရလိမ့်မည် မဟုတ်ပေ။ 


ခီရီက ကုယွီမြန်အား စက်လှေကားအတွင်းသို့ ခေါ်ဆောင်သွားသည်။ စက်လှေကားအတွင်း၌ ညွှန်ကြားရေးဌာနမှ လိမ္မော်ရောင်ကြောင်တစ်ကောင် ရှိသည်။ ဤလိမ္မော်ရောင်ကြောင်က လူသားများအား မုန်းတီးသူဖြစ်ပြီး မည်သည့်လူသားနှင့်မျှ စက်လှေကားတစ်ခုတည်း၌ အတူမစီးလိုချေ။


“သူတို့က လူသားတင်ဆက်သူနဲ့ စာချုပ်ချုပ်လိုက်တယ်လို့ တို့ကြားထားတယ်...”


လိမ္မော်ရောင်ကြောင်မှ သူမ၏ လုပ်ဖော်ကိုင်ဖက်များအား ပြောဆိုနေသည်။

“လူသားတင်ဆက်သူ ဟုတ်လား... ဘုရားရေ... သူတို့ ဘာတွေ တွေးနေကြတာလဲ... သူတို့ ပိုက်ဆံမလိုချင်တော့ဘူးလား... လူသားတွေက ဘယ်လိုလုပ်ပြီး နာမည်ကျော်လာမှာတုန်း...”


ကုယွီမြန် စက်လှေကားအတွင်း ခြေချလိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် ရုတ်တရက် တိတ်ဆိတ်သွားသည်။


လိမ္မော်ရောင်ကြောင်က လူသားအား မြင်လိုက်သည်နှင့် စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ရှိနေပြီး စက်လှေကားအတွင်းမှ ထွက်သွားချင်သည်။ သို့သော်လည်း ကုယွီမြန်နံဘေးမှ ဖြတ်သွားသည်နှင့် ရပ်တန့်သွားသည်။ ထို့နောက် ခေါင်းတဖြည်းဖြည်းချင်း လှည့်ပြီး ကုယွီမြန်အား အထက်အောက်စုန်ဆန် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက တဖြည်းဖြည်း ထူးဆန်းလာသည်။ သူမ တစ်ဦးတည်းသာ မကဘဲ စက်လှေကားအတွင်းရှိ တိရိစ္ဆာန်အားလုံး ထိုသို့ဖြစ်သွားခြင်းပင်။


စက်လှေကားအတွင်း၌ ရုတ်တရက် ဝန်းရံခံရကာ စူးစိုက်ကြည့်နေကြသူများအကြားမှ ကုယွီမြန် : “...”


သူ့အား ဝိုင်းစိုက်ကြည့်နေကြသော ထို “လူ” များမှာ အမှန်တွင် တိရစ္ဆာန်များ ဖြစ်ကြသည့်အကြောင်း တွေးမိသောအခါ ကုယွီမြန် ရှက်ရွံ့မှုနှင့် ဝမ်းနည်းမှုအား ခံစားရသည်။


အတိတ်ဘဝတွင် ကုယွီမြန်မှာ တိရစ္ဆာန်ရုံ၌ အလုပ်လုပ်ခဲ့ရသည်။


ဟုတ်တယ်… အတိတ်ဘဝ…


ကုယွီမြန်က ဤလူများ ခေါ်ဆိုကြသော ‘ရှေးဟောင်းကမ္ဘာ’ မှ လာသူဖြစ်သည်။ ထိုစဉ်က ကမ္ဘာပေါ်တွင် အာကာသယာဉ်များ၊ မက်ခါများနှင့် လက်ပတ်ကွန်ပျူတာများ ရှိရန်မဆိုနှင့်  5G ကွန်ရက်ပင် မပေါ်သေးပေ။ 


သူ့အိမ်မှ တိရစ္ဆာန်ဆေးရုံသို့ ပြေးသွားခဲ့သည်။ သူ ပထမဆုံး သင်ယူခဲ့သည့်အရာမှာ ကြောင်ပေါက်လေးအား မည်သို့ ဂရုစိုက်ရမည်နည်း ဆိုသည်ပင်။ ကုယွီမြန် ငယ်စဉ်မှစကာ တိရစ္ဆာန်လေးများအား အလွန်အမင်း နှစ်သက်သဘောကျခဲ့ပြီး တိရစ္ဆာန်လေးများသည်လည်း သူ့အား သဘောကျနှစ်သက်ကြသည်။ မည်မျှရိုင်းစိုင်းသော ခွေးများ၊ ကြောင်များ ဖြစ်နေပါစေ ကုယွီမြန်နှင့် တွေ့ဆုံသည့် စက္ကန့်ပိုင်းအတွင်းမှာပင် နာခံရိုကျိုးသွားလေ့ရှိသည့်အပြင် သူတို့အား ပွတ်သပ်ပေးရန်ပင် တောင်းဆိုကြလိမ့်မည်။


ကုယွီမြန်က တက္ကသိုလ်တွင် တိရစ္ဆာန်သိပ္ပံအား လေ့လာကာ ဘွဲ့ရပြီးနောက် မြို့ပေါ်မှ တိရစ္ဆာန်ရုံတစ်ခု၌ အလုပ်ဝင်ခဲ့သည်။ သူ၏အလုပ်မှာ ပန်ဒါကြီးများအား စောင့်ရှောက်ရန် ဖြစ်သည်။ သို့သော်လည်း တိရစ္ဆာန်ရုံအတွင်းရှိ တိရစ္ဆာန်များအားလုံးမှာ ကုယွီမြန်အား သဘောကျနှစ်သက်ကြသည်။ ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များက မကြာခဏဆိုသလို သူတို့တာဝန်ယူထားရသည့် တိရစ္ဆာန်များအား အစာကျွေးကာ ပြုစုစောင့်ရှောက်ပေးရန် ကုယွီမြန်ကို တောင်းဆိုလေ့ရှိကြသည်။


ကုယွီမြန်က နာမည်ကြီးကျောင်းတစ်ခု၌ တက်ရောက်ခဲ့ပြီး ထူးချွန်ထက်မြက်သူ ဖြစ်သည်။ သူက အန္တရာယ်များသည့် တိရစ္ဆာန်များအား ကုသရေး၌ ပါဝင်ခဲ့ဖူးသည်။ တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သော်လည်း အားလပ်ချိန်များတွင် ဆောင်းပါးများစွာ ထုတ်ဝေခဲ့ဖူးသည်။ ထို့ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တိရစ္ဆာန်များနှင့် ပတ်သက်သည့် လောက၌ နာမည်ကျော်တစ်ဦး ဖြစ်လာသည်။


မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ပြီး နိုးထလာသည့်အခါ ကုယွီမြန်မှာ ကြယ်တာရာခေတ်မှ ကုယွီမြန် ဖြစ်လာသည်။


ကုယွီမြန်က ရုပ်ရှင်များ၊ ဝတ္ထုများ၌သာ မကြာခဏ ပါလာတတ်သော ဝိညာဉ်ကူးပြောင်းသွားသည်ဟူသည့် အဖြစ်အပျက်ကြီးမှာ သူ့ထံ၌ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားမိချေ။


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ သူနှင့် မျိုးရိုးတူသည့်အပြင် ရုပ်ရည်သွင်ပြင်မှာလည်း အလွန်ဆင်တူလှသည်။ မူလပိုင်ရှင်က ကျောင်းမတက်ဘဲနှင့် တစ်ကိုယ်တည်းနေထိုင်ကာ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်း ဟူ၍ မရှိပေ။ အကြောင်းအရင်းအချို့ကြောင့် မူလပိုင်ရှင်မှာ မိမိကိုယ်ကိုယ် သတ်သေခဲ့သည်။ ကုယွီမြန်က လက်ကောက်ဝတ်၌ နက်ရှိုင်းသောအမာရွတ်နှင့်အတူ ရေချိုးခန်းအတွင်း၌ နိုးထလာခဲ့ခြင်း ဖြစ်သည်။


ကြုံတွေ့ရသော ပြဿနာများနှင့်နှိုင်းစာလျှင် ကုယွီမြန်အား ဦးဆုံး စိတ်အနှောင့်အယှက်ပေးသော အရာမှာ အစားအစာနှင့် အဝတ်အထည်ဖြစ်သည်။


မူလပိုင်ရှင်၏ အကောင့်အတွင်း၌ ကြယ်ဒင်္ဂါး ၂၄၅ ပြားသာရှိပြီး ယွမ် ၃၀၀ ခန့်ဖြစ်သည်။ (၄၃.၂၅ ဒေါ်လာ)


ကုယွီမြန်က သူ၏ယခင်အလုပ်ဖြစ်သော တိရစ္ဆာန်ရုံမှူးအဖြစ် ပြန်လည်လုပ်ကိုင်လိုသော်လည်း များမကြာမီမှာပင် ဤသည်မှာ သူတွေးထားသလို လွယ်ကူခြင်းမရှိကြောင်း သိလိုက်ရသည်။


ဤခေတ်လူနေမှုစနစ်၏ အဓိကအဖွဲ့ဝင်များမှာ တိရစ္ဆာန်များ ဖြစ်ကြသည်။ သမိုင်းမှ ပြဿနာအကြွင်းအကျန်များကြောင့် ဤတိရစ္ဆာန်များက လူသားများအား မုန်းတီးကြသည်။ ထိုသို့ဆိုလျှင် လူသားတစ်ယောက်၏ ပြုစုစောင့်ရှောက်မှုအား ခံယူချင်စရာအကြောင်း မရှိပေ။ ဤခေတ်ကာလ၌ တိရစ္ဆာန်ရုံမှူးများသာမကဘဲ တိရစ္ဆာန်ဆရာဝန်များနှင့် ဇီဝဗေဒပညာရှင်များအပြင် တိရစ္ဆာန်များနှင့် ပတ်သက်သည့် အလုပ်အကိုင်ဟူသ၍ မရှိချေ။


ကုယွီမြန်က သူ၏ ဘဝနေထိုင်မှုအတွက် ဝင်ငွေရှာရန် စဉ်းစားနေစဉ်မှာပင် စတားလိုက်ဖ် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှ စာချုပ်ချုပ်ဆိုရန် ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။


ထို့ကြောင့် မူလပိုင်ရှင် သတ်သေမှုမပြုမီ စတားလိုက်ဖ်နှင့် စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ထားသည်ကို သိလိုက်ရသည်။ ဤနှစ်များတွင် ဖျော်ဖြေရေးနယ်ပယ်၌ တိုက်ရိုက်ထုတ်လွှင့်ခြင်းများမှာ အကျော်ကြားဆုံးဖြစ်ပြီး စတားလိုက်ဖ်က ထိုနယ်ပယ်၌ အကြီးဆုံးသော ပလက်ဖောင်းတစ်ခုဖြစ်သည်။ ထိပ်တန်းအဆင့်ရှိ တင်ဆက်သူတစ်ဦး၏ နာမည်ကျော်ကြားမှုမှာ ထိပ်တန်းအဆင့်ကြယ်ပွင့်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိပြီး မကြာခဏဆိုသလို ကြေညာထောက်ခံချက်များ ရရှိတတ်သည်။


သို့သော်လည်း ကုယွီမြန်မှာ ထိပ်တန်းအဆင့် တင်ဆက်သူတစ်ဦး မဖြစ်လိုချေ။ ငယ်စဉ်ကတည်းက နူးညံ့သော စရိုက်လက္ခဏာရှိသူ ဖြစ်သောကြောင့် ထိုကဲ့သို့သော အရာမျိုးမှာ သူ၏စရိုက်နှင့် ကိုက်ညီမှုမရှိချေ။ လူများ၏ အာရုံစူးစိုက်မှုအား ဆွဲဆောင်လိုစိတ်လည်း မရှိပေ။


သို့သော်လည်း စာချုပ်ပေါ်တွင် “သတ်မှတ်ထားသောခိုင်မာသည့် လစာ” တစ်ခု ပါရှိသည်ကို မြင်တွေ့လိုက်ရသည်။ ပရိသတ်နှင့် ကြည့်ရှုမည့်သူ မရှိသည့်တိုင် တိုက်ရိုက်ထုတ်လွှင့်မှု ပြုနေသည်နှင့်အမျှ ပုံသေလစာတစ်ခု ရရှိမည် ဖြစ်သည်။


လစာမှာ များပြားခြင်းမရှိသော်လည်း အစားအသောက်နှင့် ဝတ်စရာအတွက် လုံလောက်ပေသည်။ ဝင်ငွေတစ်ခု ရှိမှသာ နောက်ထပ် အစီအစဉ်များ ပြုလုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် ဂြိုလ်ပေါ်ရှိ စတားလိုက်ဖ် ပလက်ဖောင်း၏ ရုံးခွဲသို့ သွားရန်ပြင်လိုက်သည်။


...


တိရစ္ဆာန်များ၏ ထူးဆန်းသော အကြည့်များမှာ ကုယွီမြန်နှင့် ခီရီ၏နောက်သို့ လိုက်ပါလာကြသည်။ 


“မစ္စတာကု... ကျွန်မတို့ ရောက်ပါပြီ...”

စက်လှေကားမှ ‘တင်’ ခနဲ အသံထွက်ပေါ်လာသည့်အခါ ခီရီက ကုယွီမြန်အား သတိပေးလိုက်သည်။


စက်လှေကားမှ ထွက်လိုက်သည်နှင့် သူတို့အနောက်ရှိ တိရစ္ဆာန်များအကြားမှ လေဖိအားက ရုတ်တရက် နိမ့်ဆင်းသွားသည်။


သူတို့၏ ခံစားချက်အား ခီရီ အပြည့်အဝ နားလည်သည်။


အစည်းအဝေးစားပွဲ၌ ထိုင်ပြီးနောက် ခီရီက သူမပြင်ဆင်ထားခဲ့သော စာချုပ်အား ထုတ်ယူလိုက်သည်။ စာချုပ်မှာ စာရွက်စာတမ်းနှင့် အီလက်ထရောနစ် ပုံစံနှစ်မျိုးနှင့် ဖြစ်ပြီး ခီရီမှ ရှင်းပြလာသည်။

“မစ္စတာကုက တိုက်ရိုက်ထုတ်လွှင့်မှု အတွေ့အကြုံမရှိဘူးဆိုတော့ ကြည့်ရှုသူတွေက လူသားတင်ဆက်သူကို လက်ခံမလားဆိုတာ ကျွန်မတို့ မသိသေးဘူး... အဲဒါကြောင့် အနိမ့်ဆုံးဖြစ်တဲ့ E အဆင့် စာချုပ်ကိုပဲ ကျွန်မတို့ ပေးနိုင်ပါတယ်...”


E အဆင့် စာချုပ်မှာ အနိမ့်ဆုံးဖြစ်သော်လည်း တစ်လလျှင် ကြယ်ဒင်္ဂါးတစ်ထောင် ပုံမှန်ရရှိမည် ဖြစ်သည်။ ထပ်ပေါင်းပြောရလျှင် ဆုကြေးများ၊ အမျိုးမျိုးသော ကြေညာထောက်ခံချက်များနှင့် မူပိုင်ခွင့်ဝင်ငွေများအပြင် ပလက်ဖောင်းမှ တင်ဆက်သူအပေါ် အကျိုးခံစားခွင့်များ ပါရှိသေးသည်။


“ရှင့်အနေနဲ့ တိကျတဲ့ ကြည့်ရှုသူအရေအတွက် ရှိလာပြီဆိုရင်တော့ အကြံပြုချက်ပေးတဲ့နေရာ ရှိလာမှာပါ... တင်ဆက်သူအသစ်အတွက် သီးသန့်အကြံပြုချက်ရှိမှာဖြစ်ပြီး ကျော်ကြားမှုအလိုက် အဆင့်စီထားမှာပါ... နေ့စဉ်နေ့တိုင်းမှာလည်း အချိန်နဲ့အမျှ စိတ်ဝင်စားဖွယ် အစီအစဉ်နဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကိုလည်း ပေးသွားဦးမှာပါ...”


စတားလိုက်ဖ်က တင်ဆက်သူအသစ်များအတွက် အလွန်ကောင်းမွန်သည့် အကျိုးအခွင့်အလမ်း များစွာရှိ၍ ကုယွီမြန် ဂရုတစိုက်နှင့် နားထောင်ကာ ခေါင်းညိတ်လိုက်သ်ည။ နောက်ထပ်အဆင့်များမှာ ချောချောမောမော ပြီးဆုံးသွားခဲ့သည်။ ကုယွီမြန် စာချုပ်အားဖတ်ကြည့်ပြီးနောက် အကျိုးအကြောင်း မသင့်ခြင်းများ မရှိသည့်အတွက် လက်မှတ်ထိုးလိုက်သည်။


ယနေ့က ပုံမှန် တည်ငြိမ်သောနေ့တစ်နေ့ ဖြစ်သော်လည်း လွှမ်းမိုးမှုအရှိဆုံးဖြစ်လာမည့် စာချုပ်တစ်ခုအား ချုပ်ဆိုခဲ့ခြင်း ဖြစ်လေသည်။


ခီရီက ကုယွီမြန်အား စက်လှေကားရှိရာသို့ ပို့ဆောင်ပြီးနောက် ရုံးခန်းသို့ ပြန်လာသည်။ နေ့လယ်စာ စားချိန်သို့ ရောက်ပြီဖြစ်သောကြောင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များမှာ စကားစမြည်ပြောဆိုလျက်ရှိပြီး သူမအား နှုတ်ဆက်ကြလေသည်။

“ဟေး ခီရီရေ... ဘာဖြစ်လို့လဲ... နင်လာတာ နောက်ကျတယ်နော်...”


“တို့ အခုပဲ လူသားတင်ဆက်သူတစ်ယောက်နဲ့ စာချုပ်ချုပ်ခဲ့တာလေ...”


ကုယွီမြန်အား တွေးမိသည့်အခါ ခီရီ ပြုံးလိုက်သည်။

“နင်တို့လည်း သူ့ကိုမြင်ရင် သဘောကျမှာ သိလား... တကယ် ဆွဲဆောင်မှုရှိတယ်...”


“...”


“ဒါက...”


ခီရီ၏ လုပ်ဖော်ကိုင်ဖက်များက သူမအား ဆန့်ကျင်ပြောဆိုခြင်း မရှိကြသော်လည်း ထိုအရာနှင့် ပတ်သက်၍ အလွန်အထင်အမြင် သေးကြသည်။ လူသားများမှာ ရှားပါးသော်လည်း ဤနှစ်များအတွင်း သူတို့အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးခဲ့သည်။ 


လူသားများအား သဘောကျနှစ်သက်ပါသည်ဟု သူတို့ မပြောခဲ့ဖူးပေ။ လူသားများနှင့် တွေ့ဆုံသည့်အခါတိုင်း ရိုက်နှက်ခြင်း မပြုမိစေရန် ထိန်းချုပ်ရသည်မှာ အလွန်ခက်ခဲလှသည်။


“ဒါနဲ့ စကားမစပ်...”

စကားအသွားအလာ အနည်းငယ် လေးလံလာသည့်အတွက် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ခီရီရေ... နင်မရှိခင် ခေါင်းဆောင်ရောက်လာပြီး လတ်တလော တိုက်ရိုက်ထုတ်လွှင့်တဲ့ အကြောင်းအရာအတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးရမယ်လို့ ပြောသွားတယ်...”


ခီရီ ပြန်မေးလိုက်သည်။

“ဟမ်... ဘာလို့ အဲလောက်တောင် တင်းကြပ်ရတာတဲ့လဲ...”


“ငါကြားတာက အရှင်မင်းကြီးက ငါတို့ ဂလက်ဆီကို လာမှာတဲ့လေ...”

အမျိုးသမီးလုပ်ဖော်ကိုင်ဖက်မှ ခပ်တိုးတိုး ပြန်ဖြေသည်။


ထိုသို့ပြောပြီး သူမတစ်ကိုယ်လုံး တုန်ယင်လာကာ ချောမွေ့သော လည်တိုင်တွင် အဖြူရောင် အမွေးဖွားဖွားတစ်လွှာ ပေါ်လာသည်။


သူမကြောက်ရွံ့သွားမိသည်။


ထိုအာဏာရှင်ကြီးအကြောင်း တွေးမိသည့်အခါ အားလုံး တိတ်ဆိတ်သွားပြီးနောက် တုန်ယင်လာကြသည်။

 



🐯🐯🐯