Chapter 162
Viewers 35k

💮Chapter 162



 

ဝမ်ချီက ယောဖန်းလက်ထဲရှိ အရာများကို ကြည့်လိုက်သည်။

 

ယောဖန်းက ပန်းချီကားလိပ်နှင့် ကျောက်တုံးတစ်တုံးအား ကိုင်ထား၏။ သူမက ပန်းချီကားကို စိတ်ဝင်စားပုံမရဘဲ ကျောက်တုံးကိုသာ ဂရုတစိုက် စပ်စုနေခဲ့သည်။

 

ထိုကျောက်တုံးကို ရှစ်ယဲ့က ဝမ်ချီအား ပေးခဲ့ခြင်းဖြစ်၏။

 

သို့သော် ဝမ်ချီက အဆိုပါကျောက်တုံးကို ဗီရိုထဲ၌ သိမ်းထားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိထား၏။

 

ယောဖန်းနှင့် အစေခံများက အခန်းတံခါးကို အချိန်ပြည့် စောင့်ကြပ်နေတတ်သည်။ ရှောင်ရွှမ်ကျီနှင့် အခြားလူများသည်လည်း ရောက်လာတတ်၏။ ရှစ်ယဲ့မှတစ်ပါး မည်သူကမှ အခန်းထဲသို့ ဝင်မလာနိုင်ချေ။

 

ထိုသို့ဆိုပါက သူ့နံဘေးတွင် ကျောက်တုံးနှင့် ပန်းချီကားကို ထားခဲ့သူမှာ ရှစ်ယဲ့သာ ဖြစ်ပေလိမ့်မည်။

 

ဝမ်ချီက ရှစ်ယဲ့အဘယ့်ကြောင့် ဤပစ္စည်းနှစ်ခုကို ထားခဲ့ရခြင်းဖြစ်ကြောင်း ပုံမဖော်နိုင်ခဲ့ဘဲ လက်ကို ဆန့်လိုက်သည်။

“ယောဖန်း … ပန်းချီကားကို ပေးပါဦး…”

 

ယောဖန်းက သူ့လက်ထဲရှိ ပန်းချီစာလိပ်ကို အမြန်ကမ်းပေးလိုက်၏။

“ဒီမှာပါ … သခင်လေး …”

 

ဝမ်ချီ စာလိပ်ကို ဖွင့်ကြည့်လိုက်ချိန်၌ ရင်းနှီးနေသည့် မျက်နှာအား တွေ့လိုက်ရသည်။

 

ပန်းချီကားထဲရှိ အမျိုးသားက ဝမ်ချီနှင့် အလွန်တူလှ၏။

 

ထို့အပြင် ဤစာလိပ်သည်လည်း ဝမ်ချီနှင့် ရင်းနှီးလေသည်။ သူ့ ခန့်မှန်းချက် မမှားပါက အဆိုပါ ပန်းချီစာလိပ်မှာ ရှောင်ရွှမ်ကျီမှတစ်ဆင့် ရှိနေကြောင်း သိခဲ့ရသည့် စာလိပ်ဖြစ်ပြီး ရှစ်ယဲ့၏ စာကြည့်ခန်းထဲ၌ သူတွေ့ခဲ့သည့် စာလိပ်လည်းဖြစ်၏။

 

ပန်းချီကားထဲရှိ လူက ယခင်အတိုင်းသာ ရှိနေသည်။

 

ထိုသို့ဆိုပါက ရှစ်ယဲ့သည် အဘယ့်ကြောင့် ဤစာလိပ်ကို သူ့အား ပေးခဲ့ရသည်ကို သူ မတွေးတတ်အောင်ဖြစ်သွားသည်။

 

ဒါမှမဟုတ် ရှစ်ယဲ့က ငါ စာကြည့်ခန်းကို မွှေနှောက်ခဲ့တဲ့ကိစ္စကို အမှတ်ရစေချင်တာများလား …

 

ထိုဖြစ်နိုင်ချေအား ဝမ်ချီက ချက်ချင်းပယ်ချလိုက်သည်။

 

သူက ခေါင်းယမ်းလိုက်၏။ ရှစ်ယဲ့က ထိုသို့ပြုလုပ်မည့် လူမျိုးမဟုတ်ပေ။

 

ထို့နောက် ယောဖန်းက ဝမ်ချီ အတန်ကြာ ငြိမ်ကျသွားကြောင်း သတိပြုမိသွားသည်။ သူမက ရှေ့သို့တိုးလာကာ ပန်းချီကားကို ကြည့်လိုက်၏။ သူမက ပန်းချီကားကိုတစ်လှည့်၊ ဝမ်ချီ့ကို တစ်လှည့်ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် ဆိုသည်။

“အရှင့်သားက တကယ့်ကို အတွေးအမြင်ရှိတာပဲ… သခင်လေးရဲ့ ရုပ်သွင်ကို တကယ့်ကို အသက်ဝင်အောင် ဆွဲနိုင်တယ် …”

 

ဝမ်ချီက စာလိပ်ကို ပိတ်ကာ တိတ်ဆိတ်နေမိ၏။ ထို့နောက် ပြောလိုက်သည်။

“ဒီပန်းချီကားထဲကလူက ငါမဟုတ်ဘူး …”

 

“အာ ...”

ယောဖန်းက ရေရွတ်လိုက်သည်။

“သခင်လေး … ဘာတွေပြောနေတာလဲ … ပန်းချီကားထဲက လူက သခင်လေးပါ … တခြားဘယ်သူရှိနိုင်ဦးမှာလဲ …”

 

ဝမ်ချီသည်လည်း ထိုအချက်ကို သိချင်လှ၏။

 

ဘယ်သူက ငါနဲ့ ချွတ်စွပ်တူနေခဲ့တာလဲ...


ငါနဲ့ရှစ်ယဲ့မတွေ့ခင်မှာ ဘယ်သူက ရှစ်ယဲ့ကို တွေ့ခဲ့တာလဲ...

 

 

ဝမ်ချီ မည်သို့မှ မခံစားရပါဟု ပြောလျှင် ညာရာကျပေလိမ့်မည်။ သူက နှလုံးသားထဲတွင် စတင်၍ ချဉ်စူးလာခဲ့၏။

 

ဝမ်ချီက တွေးပင်မတွေးဝံ့တော့ပေ။ သူတွေးလေလေ၊ ပို၍ ရှုပ်ထွေးလာလေပင်။ ယခုအခါ ရှစ်ယဲ့က ထိုစာလိပ်ကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိတော့ပုံဖြင့် ထုတ်ပြလာခဲ့သည်။

 

သူက ရှစ်ယဲ့အား ဤအကြောင်း သွားမေးရပေလိမ့်မည်။

 

ထိုအတွေးပေါ်လာသည်နှင့် ဝမ်ချီက ၎င်းကို ထိန်းချုပ်၍မရတော့ပေ။

 

ဝမ်ချီက စာလိပ်နှင့် ကျောက်တုံးတို့ကို သိမ်းဆည်းကာ ယောဖန်းမှတဆင့် ရှောင်ရွှမ်ကျီအား လာရောက်ခိုင်းလိုက်သည်။

 

ယောဖန်းက ဝမ်ချီ၏ အမူအရာကို ကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွား၏။ သူမက ထပ်မမေးဝံ့တော့ဘဲ ရှောင်ရွှမ်ကျီကိုသာ သွားခေါ်လိုက်လေသည်။

 

ယမန်နေ့က ဖြစ်ရပ်ကြောင့် ရှောင်ရွှမ်ကျီအား မိန်းမစိုးကျိုးက အပြစ်ပေးထားခဲ့၏။ သူက ဝမ်ချီ့အရှေ့တွင် မည်သည့်စကားကိုမှ မဆိုဝံ့ချေ။ သူရောက်လာသည့်အခါ ခေါင်းကိုသာငုံ့လျက် ဝမ်ချီ၏ အမိန့်အား စောင့်ဆိုင်းနေခဲ့၏။

 

ဝမ်ချီက ချုံပုတ်ကို ရိုက်မနေတော့ဘဲ တိုက်ရိုက်သာ ပြောလိုက်သည်။

“မိန်းမစိုးကျိုးကို ပြောလိုက် … ငါ အိမ်ရှေ့စံနဲ့တွေ့မယ်လို့…”

 

ဝမ်ချီက ထိုအခါမှသာ ဤနေရာ၌ ဖုန်းများရှိမနေခြင်းကို မုန်းတီးလာခဲ့သည်။ သူက တစ်ဦးနှင့်တစ်ဦး ကြိုးများဖြင့် မဆက်သွယ်နိုင်သည့်အလျောက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလေ့ရှိသည်။ တစ်ခါတစ်ရံ ရှောင်ရွှမ်ကျီက မိန်းမစိုးကျိုးအား ရှာမတွေ့သည့်အခါမျိုးတွင် ဝမ်ချီက အိမ်၌ စောင့်ဆိုင်းရုံမှအပ ရွေးချယ်စရာမရှိချေ။

 

အား ….

 

ဖုန်းတွေက တကယ့်ကို ကြီးမားတဲ့တီထွင်မှုပဲ …

 

ငါ့မှာသာ ဖုန်းရှိနေရင် ရှစ်ယဲ့နဲ့ wechat ကတစ်ဆင့် ပြဿနာကို ရှင်းနိုင်မှာ …

 

ဝမ်ချီက သက်ပြင်းချလိုက်၏။ ထို့နောက် အခက်တွေ့နေဟန်ပေါ်သည့် ရှောင်ရွှမ်ကျီအား ကြည့်လိုက်သည်။

 

“ဒါက ….”

ရှောင်ရွှမ်ကျီက ဝမ်ချီအား တည့်တည့် မကြည့်ဝံ့ချေ။ သူက သတိကြီးစွာ ပြောလိုက်သည်။

“သခင်လေးကို လျှောက်တင်ပါတယ် … မိန်းမစိုးကျိုးက အထူးတလည် မှာကြားခဲ့ပါတယ် … အရှင့်သားက နန်းတက်ပွဲနဲ့ အလုပ်များတော့မှာ ဖြစ်တာကြောင့် သခင်လေး ပြောစရာရှိရင် အရှင့်သား ပြန်လာတဲ့အထိ စောင့်ပေးဖို့ပါ…”


ဝမ်ချီက နန်းတက်ပွဲအကြောင်း အားလုံးပြောနေကြသည်ကို ကြားမိလေသည်။ သို့သော် ရှောင်ရွှမ်ကျီက ပြောလာသည့်အခါ ယမန်နေ့က ရှစ်ယဲ့ပြောခဲ့သည့် ခရီးတိုမှာ နန်းတက်ပွဲအား ရည်ညွှန်းခြင်းပေလောဟု တွေးမိလာ၏။

 

ပုံမှန်အားဖြင့် ဝမ်ချီက ရှောင်ရွှမ်ကျီ ထိုသို့ ပြန်ဖြေလာသည့်အခါ နှုတ်ဆိတ်နေမိပေလိမ့်မည်။ သူက အဖြေထုတ်ရန် အလျင်လိုခြင်းမရှိတတ်ချေ။

 

သို့သော် လက်ရှိအချိန်၌ သူက ထပ်မံ၍ မစောင့်လိုတော့ပေ။ သူက ရှစ်ယဲ့ စတင်ဝန်ခံလာမည်ကို ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရ၏။ ထို့ကြောင့် ယခုအခါ သူ့ဘက်က စတင်၍ မေးမြန်းရပေတော့မည်။

 

“ဒါဆို ငါ့ကို နန်းတော်လိုက်ပို့ပါ …အရှင့်သားက ငါ့ကို မတွေ့နိုင်ဘူးဆိုရင် ငါက သွားတွေ့လည်း ပြဿနာမရှိဘူးမဟုတ်လား …” ဝမ်ချီက ပြောလိုက်သည်။


ရှောင်ရွှမ်ကျီက ဒူးထောက်လိုက်ပြီး သူ့မျက်နှာပေါ်၌ ချွေးအေးများ စီးကျလာသည်။

“မဖြစ်နိုင်ပါဘူး … သခင်လေး …”

 

ဝမ်ချီ :  “ဘာလို့လဲ …”

 

“ဘာလို့လဲဆိုတော့ … ဘာလို့လဲဆိုတော့ … မိန်းမစိုးကျိုးက အထူးမှာကြားခဲ့ပါတယ် …”

ရှောင်ရွှမ်ကျီက တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ အမြန်စကားရပ်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ ဆက်ပြော၏။

“ဘာ့ကြောင့်လဲဆိုတော့ သခင်လေးက ကိုယ်ဝန်ရှိနေတာကြောင့် ဒီအစေခံအနေနဲ့ သခင်လေးကို လွယ်လွယ်ပေးမလွှတ်ဝံ့ပါဘူး… သခင်လေး တစ်ခုခုဖြစ်သွားရင် ကျွန်တော်မျိုးမှာ အသက်ပေါင်းတစ်ရာရှိရင်တောင် ပြန်ပေးဆပ်ဖို့ မဖြစ်နိုင်ပါဘူး ..”

 

သို့သော် ဝမ်ချီ မည်မျှ တုံးအသည်ဖြစ်စေ၊ ရှောင်ရွှမ်ကျီက သူ့အား တားဆီးလိုခြင်းသာဖြစ်ကြောင်း ခံစားမိလေသည်။

 

သူက ရှောင်ရွှမ်ကျီ အဘယ့်ကြောင့် သူအပြင်ထွက်မည်ကို ထိုမျှ ကြောက်ရွံ့စိုးရိမ်နေမှန်း မသိပေ။ သို့သော် ယမန်နေ့က ထိုသူပြောခဲ့သည့် စကားများကို ပြန်တွေးလိုက်ရင်း ပြောစရာစကားမရှိဖြစ်သွားရသည်။

“မင်း မနေ့ကပြောတော့ ငါက အရှင့်သားနဲ့ နီးနီးကပ်ကပ်နေသင့်တယ်ဆို … ကလေးပိုမွေးလိုက်ရင် ပိုကောင်းမှာဆို…”

 

ဝမ်ချီက နောက်ဆုံးတစ်ကြောင်းကိုပြောရင်း ရှက်၍ပင်သွားလေသည်။

 

မမျှော်လင့်ထားစွာပင် ရှောင်ရွှမ်ကျီက အမြန်ခေါင်းယမ်းကာ ပြောလိုက်သည်။

“သခင်လေး … အားလုံးက ဒီအစေခံရဲ့အမှားတွေပါ… ဒီအစေခံက ကိုယ့်အမှားကိုယ်သိပါပြီ … ဒီအစေခံ နောက်ထပ် သခင်လေးရှေ့မှာ အဓိပ္ပာယ်မရှိတဲ့စကားမျိုး မပြောဝံ့တော့ပါဘူး…”

 

မူလက ဝမ်ချီ၌ ပြောစရာစကားများ ရှိနေခဲ့သည်။ သို့သော် ရှောင်ရွှမ်ကျီ၏ တုံ့ပြန်မှုကြောင့် ထိုစကားများက သူ၏ လည်ချောင်းဝ၌သာ ပျောက်ရှသွားရ၏။

 

ဝမ်ချီက တိတ်ဆိတ်သွားသည်။ သို့သော် ယောဖန်းက မကျေမနပ် ရေရွတ်လိုက်၏။

“သခင်လေးက အရမ်းကို ကြင်နာတတ်တာ … သူ မနေ့က ရှင့်ရဲ့ ကျန်းမာရေးအတွက် ပစ္စည်းတချို့ ပြင်ဆင်ပေးလိုက်ဖို့တောင် ကျွန်မကို ပြောနေခဲ့သေးတယ် … ရှင်က ဘယ်လိုလုပ်ပြီး သခင်လေးကို စည်းခြားနိုင်ရတာလဲ …”

 

ရှောင်ရွှမ်ကျီ “…”

 

ရှောင်ရွှမ်ကျီ၏ မျက်နှာက နီတစ်လှည့်ဖြူတစ်လှည့် ဖြစ်သွားသည်။ သူက သူမည်မျှရှင်းပြသည်ဖြစ်စေ၊ အသုံးမဝင်ကြောင်း သိထား၏။ ထို့ကြောင့် ကြမ်းပေါ်၌သာ ဝပ်တွားရင်း တိတ်ဆိတ်နေခဲ့သည်။

 

ဝမ်ချီက ရှောင်ရွှမ်ကျီအား ဆက်လက်၍ အခက်မတွေ့စေတော့ချေ။ သူက ထိုသူ့အား ထွက်သွားခွင့်ပေးလိုက်၏။

 

ညစာစားပြီးနောက် ဝမ်ချီက အိပ်ခန်းထဲ၌ ထိုင်နေခဲ့သည်။ သူက စာလိပ်နှင့် ကျောက်တုံးအား ငေးကြည့်နေ၏။

 

ထိုစဉ် ယောဖန်း လမ်းလျှောက်ဝင်လာခဲ့သည်။

 

ယောဖန်းက တီးတိုးဆို၏။

“သခင်လေး … ကျန်းသခင်လေးက ကျူးရှန်စားသောက်ဆိုင်ကို လာရောက်ဖို့ တစ်ယောက်ယောက်နဲ့ ဖိတ်ခိုင်းလိုက်ပါတယ် …”

 

ကျူးရှန်စားသောက်ဆိုင်သက ကျန်းသခင်လေးနှင့် ဝမ်ချီတို့ ဌာပနာမုန့်လုပ်ခဲ့သည့် နေရာဖြစ်သည်။ ထိုနေရာက ကျန်းသခင်လေး သူငယ်ချင်းများနှင့် သီးသန့်တွေ့ဆုံသည့် နေရာဖြစ်ပုံပင်။

 

ဝမ်ချီက အပြင်သို့ ထွက်လိုစိတ်မရှိပေ။ သို့သော် နောက်တစ်ကြိမ်တွေးလိုက်ပြီးသည့်နောက် သူက အိမ်၌နေလျှင် ထိုစာလိပ်နှင့်ကျောက်တုံးအကြောင်း ဆက်လက်တွေးနေမိမည်ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက အပြင်ထွက်၍ လမ်းလျှောက်ရန် စဉ်းစားလိုက်၏။

 

ဤသို့ဖြင့် ဝမ်ချီက ကျန်းသခင်လေး၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။

 

ထိုနေ့နေ့လည်၌ ဝမ်ချီက ကျူးရှန်စားသောက်ဆိုင်သို့ ရထားလုံးနှင့် သွားရောက်ခဲ့၏။

 

ကျန်းသခင်လေးက ယမန်နေ့ကကဲ့သို့ပင် စိတ်ရှည်လက်ရှည် ပြုမူနေသည်။ သူက ဝမ်ချီအား ကြိုဆိုရန် အောက်ထပ်သို့ပင် ဆင်းလာခဲ့ပြီး လမ်းလျှောက်ရ အဆင်ပြေမပြေပင် မေးလိုက်သေး၏။

 

ဝမ်ချီက ကျန်းသခင်လေးနှင့်အတူ ဒုတိယထပ်သို့ လိုက်ပါလာခဲ့သည်။ သူက ထိုနေရာ၌ လှပစွာ ဝတ်ဆင်ထားသည့် အမျိုးသားအမျိုးသမီးများကို တွေ့လိုက်ရ၏။

 

ထိုသူများအားလုံးသည်လည်း ကိုယ်ဝန်နှင့် ဖြစ်ကြသည်။ သူတို့က ကျန်းသခင်လေး ပြောခဲ့သည့် သူငယ်ချင်းများ ဖြစ်နိုင်၏။

 

ထိုသူများက ဝမ်ချီ၏ ဂုဏ်ဒြပ်ကို သိကြပုံရသည်။ ထို့ကြောင့် ဝမ်ချီ သူတို့အနီးသို့ မရောက်မီမှာပင် သူတို့အားလုံးက သူ့အား ကြိုဆိုရန် မတ်တပ်ရပ်လိုက်ကြ၏။ ထို့နောက် သူတို့ကိုယ်သူတို့ မိတ်ဆက်ပေးလိုက်ကြသည်။

 

ဝမ်ချီက သူတို့တစ်ဦးချင်းစီကို ပြန်လည် နှုတ်ဆက်လိုက်၏။

 

ကျန်းသခင်လေးက ရှေ့တက်လာကာ သူ့အား သူတို့နှင့် ဝေးကွာစေလိုက်သည်။ ထိုအခါမှသာ ဝမ်ချီက အသက်ရှူချိန်ရတော့၏။


ဝမ်ချီက သူတို့နှင့် စကားစမြည်ပြောရင်း အဆိုပါ အမျိုးသား၊ အမျိုးသမီးငယ်လေးများမှာ မိသားစုကြီးများမှ ဆင်းသက်လာကြောင်း သိလိုက်ရသည်။ သူ့ကဲ့သို့ အရှိန်အဝါမရှိတော့သည့် မိသားစုမှ လာရောက်ကြသူများ မပါဝင်ကြချေ။ ထို့အပြင် သူကလည်း ရှစ်ယဲ့၏ ကိုယ်လုပ်တော်သာ ဖြစ်၏။

 

သို့သော် သူက ကိုယ်လုပ်တော် ဖြစ်သည့်တိုင် ရှစ်ယဲ့၏ ပထမဆုံးသားကို မွေးဖွားပေးမည့်လူလည်း ဖြစ်ပေသည်။

 

ထို့ကြောင့် အားလုံးက ဝမ်ချီ့အကြောင်းကိုသာ ပြောဆိုနေကြသည်။ သူ အရှေ့နန်းတော်သို့ သူ့အစ်ကို၏ အစားထိုးအဖြစ် ဝင်ရောက်ခဲ့သည်မှ စ၍ သူ့အပြစ်အား ကပ်ဘေးကို‌ ကူညီကျော်လွှားပေးခြင်းဖြင့် ဆေးကြောခဲ့ပုံ၊ အစရှိသည်တို့အား အားလုံးက စိတ်ဝင်တစားဖြင့် သူ့ထံ မေးမြန်းကြလေသည်။

 

သူတို့က မခွဲခွာမီ ဝမ်ချီ့အကြောင်း ဘာမှပြောစရာ မကျန်တော့သည်အထိ ဖြစ်သွားခဲ့သည်။

 

ပထမဆုံးအနေဖြင့် ဝမ်ချီက ဝံပုလွေများအကြား ကျရောက်သွားသည့် ကိတ်မုန့်တစ်တုံးကဲ့သို့ ခံစားလိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် အချို့မေးခွန်းများက သူ့အား အတန်ကြာသည်အထိ ပြောစရာစကားမရှိ ဖြစ်သွားစေခဲ့သည်။

 

ဝမ်ချီက ပြဿနာတက်မည်စိုး၍ စကားပင် များများမပြောဝံ့ချေ။ ရှောင်ရွှမ်ကျီ သူ့အား လာခေါ်သည့်အခါ သူက ကယ်တင်ရှင်အား တွေ့သကဲ့သို့ ခံစားလိုက်ရသည်။ သူက အားလုံး၏ ဆက်လက်နေစေချင်သေးသော စိတ်ဆန္ဒများကို လျစ်လျူရှုက အမြန်ပြန်ခဲ့လေသည်။

 

ကျန်းသခင်လေးက သူ့အား အောက်ထပ်သို့ လိုက်ပို့ပေးခဲ့သည်။


“စိတ်မကောင်းပါဘူး … ကျွန်တော်က သူတို့ကို သခင်လေးရဲ့ ပူပန်မှုကို လျှော့ချစေချင်ခဲ့တာ … သူတို့ဒီလောက်ထိ ရိုင်းမယ်လို့ မျှော်လင့်မထားခဲ့ဘူး …”

ကျန်းသခင်လေးက ဝမ်ချီအား တောင်းပန်လိုက်သည်။

 

ဝမ်ချီက ကသိကအောက်ဖြင့် ပြန်ဖြေလိုက်၏။

“ရပါတယ် … ကျွန်တော်က လူတွေနဲ့မတွေ့ဖြစ်တာများတော့ အသားမကျဘဲ တွေ့ဆုံမှုကို ဖျက်ဆီးမိသလို ဖြစ်သွားခဲ့တယ် …”

 

ကျန်းသခင်လေးက ပြုံးလိုက်သည်။

“ဒီနေ့တော့ထားလိုက်တော့ ဝမ်သခင်လေး … စိတ်ချပါ … ကျွန်တော်သူတို့ကို နောက်တစ်ခါမခေါ်တော့ပါဘူး …”

 

ဝမ်ချီက ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ …”

 

ပြန်ရောက်ပြီး မကြာမီတွင် ဝမ်ချီက ထိုလူများ၏ အစေခံများမှတစ်ဆင့် ပို့ပေးလိုက်သည့် လက်ဆောင်များကို လက်ခံရရှိခဲ့၏။ လက်ဆောင်တစ်ခုချင်းစီက ကောင်းမွန်စွာ ပြင်ဆင်ထားပြီး လက်ဆောင်ပေးသူ၏ အားစိုက်ထုတ်မှုကို သိရှိနိုင်လေသည်။

 

လက်ဆောင်များက တစ်ချိန်ထဲ ရောက်ရှိလာခဲ့ကြ၏။ သို့သော် ကျန်းသခင်လေး၏ လက်ဆောင်မပါရှိချေ။ ထိုသူများက သူ့အား သံလွင်ခက်ကမ်းလိုခြင်းသာ ဖြစ်ကြသည်။

 

ဝမ်ချီက လက်ဆောင်များကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

 

သူက အင်တာနက်ပေါ်တွင် တွေ့ခဲ့ဖူးသည့် “အဆောင်မှာ လူခြောက်ယောက်ပဲ ရှိပေမယ့် သီးသန့်စကားပြောခန်းကတော့ ရှစ်ခုရှိတယ်” ဟူသော ဟာသတစ်ခုကို သတိရလိုက်၏။

 

ကျန်းသခင်လေးက သူတို့အား သူနှင့် မိတ်ဆက်ပေးခဲ့သည်။ သို့သော် ကျန်းသခင်လေး၏ နောက်ကွယ်၌ ထိုသူများက လှုပ်ရှားလာကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

 

ယောဖန်းက ဝမ်ချီ၏ အမူအရာကြောင့် တစ်စုံတစ်ခုကို နားလည်သွား၏။

“သခင်လေး … ဒီလက်ဆောင်တွေက ….”

 

“သူတို့လာတဲ့နေရာကို ပြန်ပို့ပေးလိုက် … ငါ့သဘောထားကို သိပါစေ …”

 

ယောဖန်းက နောက်ထပ် မေးခွန်းတစ်ခုမှ မမေးပဲ ခေါင်းညိတ်လိုက်သည်။

“မှန်လှပါ …”

 

ထိုနေ့က ဝမ်ချီ ညဉ့်နက်သည်အထိ စောင့်ခဲ့သည်။ သို့သော် သူအိပ်ပျော်သွားချိန်အထိ ရှစ်ယဲ့အား မတွေ့ခဲ့ရချေ။

 

နောက်တစ်နေ့၌ ဝမ်ချီ နိုးလာချိန်တွင် လစ်လပ်နေသော အိပ်ရာအား ကြောင်ငေးလျက် ကြည့်နေခဲ့မိသည်။ သူက မည်မျှကြာအောင် ကြည့်နေမိသည်မသိ၊ ယောဖန်း၏ ခြေသံကြားမှသာ သတိဝင်လာခဲ့၏။

 

“သခင်လေး … ကျန်းသခင်လေးက တစ်ယောက်ယောက်ကို လွှတ်လိုက်ပါတယ် …”

 

ဝမ်ချီက ယောဖန်း၏ အကူအညီဖြင့် ထထိုင်လိုက်သည်။ သူက နာကျင်နေသော နဖူးကို ဖိနှိပ်ကာ ခေါင်းယမ်းလိုက်၏။

“ငြင်းလိုက်ပါ …”

 

ယောဖန်းက ပြောသည်။

“နားလည်ပါပြီ …”

 

ဝမ်ချီက ခဏတွေးပြီးနောက် ပြော၏။

“နောက်ပိုင်း သူ့လူတွေကို လက်မခံနဲ့ …”

 

ယောဖန်း ကြောင်အသွား၏။

“သခင်လေး … နောက်ပိုင်းမှာ ကျန်းသခင်လေးနဲ့ အဆက်အဆံမလုပ်တော့ဘူးလား …”

 

ဝမ်ချီက နှာမှုတ်လိုက်သည်။

 

ထိုသူများက ယမန်နေ့က သူ့အား အရေးကြီးသည့် ကိစ္စတစ်ခုကိုမှ မမေးခဲ့ချေ။ သို့သော် သူတို့၏ မျက်နှာများအား ပြန်လည်မြင်ယောင်လာသည်ကပင် သူ ကြောက်စိတ်ဝင်မိ၏။

 

သူက သူငယ်ချင်းလိုချင်သည့်တိုင် ထိုသို့သော အသိုင်းအဝိုင်းမျိုးနှင့် မိတ်မဖွဲ့လိုပေ။ သူတို့က မိမိတို့၏ ကိုယ်ကျိုးအတွက် အတူတကွ စုရုံး၍ လက်ဖက်ရည်သောက်၊ စကားစမြည်ပြောကြသည့် ပလတ်စတစ် ဆက်ဆံရေးများသာ ဖြစ်ကြ၏။

 

ထိုသို့ဆိုပါက သူ ရှစ်ယဲ့အား စောင့်ဆိုင်းရင်း အိမ်တွင်သာ အေးအေးဆေးဆေး နေလိုသည်။

 

ဝမ်ချီက စိတ်သက်သာရာရသွား၏။

 

သို့သော် ကျန်းသခင်လေးက လက်မလျှော့ခဲ့ပေ။ သူက ဒုတိယနေ့နှင့် တတိယနေ့များတွင်လည်း အစေခံကို စေလွှတ်ကာ ဖိတ်ကြားခဲ့ပြီး သူပြုလုပ်ထားသည့် သရေစာများကိုပင် ပို့ဆောင်ပေးခဲ့၏။

 

သို့သော် ဝမ်ချီက စိတ်မယိမ်းယိုင်ခဲ့ပေ။

 

ဆယ်ရက်အကြာ၌ ကျန်းသခင်လေးလည်း လက်လျှော့သွားတော့၏။


လွန်ခဲ့သော ဆယ်ရက်အတွင်း ဝမ်ချီက အိမ်အပြင်သို့မထွက်ဘဲ နေခဲ့သည်။ သို့သော် ထိုအတောအတွင်း ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့ကြသည်။

 

ရှစ်ကျင်းက နယ်စပ်သို့ နယ်နှင်ဒဏ်သင့်ခဲ့၏။

 

ကိုယ်လုပ်တော်ရုန်နှင့် တော်ဝင်မင်းသမီးကြီးတို့က တစ်ဦးပြီးတစ်ဦး ဆွဲကြိုးချကာ သတ်သေသွားကြသည်။ သူတို့အား ရှာတွေ့ချိန်၌ သူတို့၏ ခန္ဓာကိုယ်များပင် အေးစက်နေလေပြီ။

 

နတ်ရွာစံသည့် အခမ်းအနားကို စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့၏။ ရှစ်ယဲ့က အခမ်းအနားကို မတက်ရောက်ခဲ့ချေ။ စစ်သူကြီးလင်း၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့သာ အခမ်းအနား၌ ရှိနေခဲ့ကြ၏။

 

ထီးနန်းကို ဆက်ခံရမည့် မင်းကြီးကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ ဤတိုင်းပြည်၌ ထိုသို့သော အခြေအနေမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးချေ။

 

အမတ်များက ပွင့်ပွင့်လင်းလင်း‌ မပြောဝံ့ကြသည့်တိုင် နားထောင်၍ မကောင်းသော စကားများက ပျံ့နှံ့နေဆဲဖြစ်၏။

 

အမတ်တွေနဲ့ မင်းသားနှစ်ပါးကို ကိစ္စအားလုံး လက်လွှဲပြီး မင်းကြီးက ဘာ့ကြောင့်များ ပျောက်ကွယ်သွားနိုင်ရတာလဲ…

 

ဒါက တကယ့်ကို မဖြစ်သင့်တာပဲ …

 

ဝမ်ချီက ထိုစကားများကို တစ်ခုပြီးတစ်ခု ကြားသိခဲ့ရသည်။ သူက ဝန်မခံချင်သော်လည်း ရှစ်ယဲ့ ပျောက်နေကြောင်း ဝန်ခံရပေလိမ့်မည်။

 

ရှစ်ယဲ့၏ သတင်းကို အစအနပင် မကြားရချေ။

 

ထိုအသိစိတ်က ဝမ်ချီအား ကြိုးတစ်ချောင်းနှယ် ရစ်ပတ်ထားခဲ့၏။ သူက ပို၍ပို၍ စိုးရိမ်စိတ်ဝင်လာခဲ့သည်။ သူက ညဘက်တွင် အိပ်စက်နိုင်ခြင်း မရှိသလို၊ အစားလည်းမစားနိုင်ချေ။ ရှစ်ယဲ့ပြန်လာမည်ကိုသာ သက်ရှိိကျောက်တုံး တစ်ခုနှယ် တစ်နေ့လုံး စောင့်ဆိုင်းနေခဲ့၏။

 

ထိုမျှသာမကသေး၊ သူက အိပ်မက်ဆိုးများကိုလည်း မြင်မက်သေးသည်။

 

ရှစ်ယဲ့ သူ့ရှေ့၌ အကြိမ်ပေါင်းများစွာ သေဆုံးနေသည်ကို သူ အိပ်မက်မက်ခဲ့၏။

 

အိပ်မက်ထဲတွင် ရှစ်ယဲ့က သူ့ထံသို့ လက်ဆန့်တန်းလျက် ရှိနေခဲ့သည်။ သူက ရှစ်ယဲ့၏ လက်အား ကိုင်ဆောင်ရန် ကြိုးစားခဲ့သော်လည်း မကိုင်နိုင်ခဲ့ပေ။

 

ထို့နောက် ရှစ်ယဲ့က သွေးတစ်လုတ်အန်ကာ မြေပေါ်သို့ လဲကျသေဆုံးသွားတော့၏။

 

“မဟုတ်ဘူး ...”

ဝမ်ချီက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

“ရှစ်ယဲ့ ...”

 

“သခင်လေး …” 


ယောဖန်း၏ စိုးရိမ်တကြီး အော်သံကို သူကြားလိုက်ရသည်။ သူ့ပခုံးထက်သို့ လက်တစ်ဖက်က ခပ်ဖွဖွ ကျရောက်လာ၏။


“သခင်လေး … နိုးနေတာလား …”




💮💮💮