🐯Chapter 44
ကြယ်တာရာခေတ်၏ နည်းပညာအဆင့် အလုံးစုံက ကုယွီမြန်၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသော်လည်း ၎င်းက အချို့နေရာများတွင် သူ့ကို မကြာခဏ ရယ်မော ငိုကြွေးစေသည်။ အဓိကအားဖြင့် ဖျော်ဖြေရေးနှင့် ဘဝနေထိုင်မှုပုံစံတို့တွင် ဖြစ်သည်။ သို့သော်လည်း အိုလီဗာအင်ပါယာက ဇာ့ဂ်များနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် လွန်ခဲ့သော အနှစ်နှစ်ဆယ်အထိ နည်းပညာစစ်ပွဲအချိန်များသာဖြစ်ပြီး စစ်ဖြစ်ဆဲကာလတွင် သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက အဓိကအားဖြင့် အကြီးစားစက်မှုလုပ်ငန်းနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများကိုသာ အာရုံစိုက်ထားခဲ့သည်။
ထိုအချိန်တွင် ပဲနို့မရှိသဖြင့် သဘာဝကျကျပင် ပဲနို့လုပ်နို့စက်လည်း မရှိပေ။
"ဒါက စိမ်ထားတဲ့ ပဲပိစပ်တွေပါ... ကျွန်တော် မနက်ကတည်းက စိမ်ထားတာဆိုတော့ ခုနစ်နာရီရှိနေပြီ…"
သူက ရေထဲမှ ကြည်လင်သော ဘဲဥပုံသဏ္ဍာန် ပဲပိစပ်များကို ကောက်ယူကာ ပြောလိုက်သည်။
"အခု ပဲက ပျော့သွားပြီဆိုပေမယ့် ပျော့ဖတ်အချဉ်ဖောက်နှုန်းကို မြှင့်တင်ဖို့ ခဏလောက်ထပ်ပြီး စိမ်ထားလိုက်ပါမယ်...”
ကုယွီမြန်က နှင်းကျားသစ်၏ လက်ဖဝါးလေးကို ကိုင်ပြီး ပျော့ပျောင်းသည့်ပဲပိစပ်ကို ထိပေးလိုက်သည်။ နှင်းကျားသစ်လေးက ကုယွီမြန်၏ပခုံးပေါ်တွင်ထိုင်ကာ ကုယွီမြန်၏လက်ကောက်ဝတ်ကို သူ့အမြီးရှည်နှင့် ရစ်ပတ်လိုက်သည်။
ပဲနို့လုပ်စက်မပါ၍ ကုယွီမြန် မူလက မြေပဲမှုန့်ကို ကြိတ်ချေရန် အသုံးပြုသည့် ကြိတ်စက်ကို တွေ့ရှိခဲ့ပြီး ပဲပိစပ်များကို ကြိတ်ချေရန် ကြိတ်စက်ထဲသို့ ထည့်လိုက်သည်။ ဤလုပ်ငန်းစဉ်က အလွန်မြန်ဆန်ကာ ပဲပိစပ်များအားလုံးကိုကြေသွားစေပြီးနောက် အဖတ်နှင့်အရည်များကို ဆေးကြောပိုးသတ်ထားသည့် ပိတ်ပါးစအဖြူထဲသို့ လောင်းထည့်လိုက်သည်။
[အဝါရောင်သစ်တော်ပန်းပွင့် : အိုး… ပဲနို့ရည်က ပဲပိစပ်ကို ကြိတ်ထားတဲ့ နို့ကို ရည်ညွှန်းချင်တာပဲ… သမိုင်းဌာနမှာရှိတဲ့ ငါ့ရဲ့အတန်းဖော်တစ်ယောက်က ရှေးခေတ်ကမ္ဘာမှာ “ပဲပိစပ်အနှစ်’လို့ ခေါ်တဲ့ ပဲပိစပ်ကိုစားဖို့ နည်းလမ်းရှိတယ်လို့ ပြောခဲ့ဖူးတယ်…]
[မီးသီး- ငါ့အမေက ပဲပိစပ်ကို ဖျော်ရည်ဖြစ်အောင် ကြိတ်ဖို့ ကြိုးစားဖူးသေးတယ်… အဲ့ဒါ တကယ့်ကို အမှောင်အစားအစာပဲ… ခါးပြီး ညှီနံ့ နံတယ်… အရသာက အရမ်းဆိုးရွားတယ်…ငါ စာတွေအများကြီးမဖတ်ဘူးဆိုပြီး ငါ့ကို မလိမ်ပါနဲ့…]
"ဒါက ပဲပိစပ်အနှစ်မဟုတ်ပါဘူး…"
ကုယွီမြန်က ရင်းနှီးသော ခေါင်းစဉ်ကို ကြားလိုက်သောအခါ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အမ် ပဲနို့ အစိမ်းဆိုရင်တော့ အရမ်းခါးတယ်… နည်းနည်းလောက် ဆူတဲ့အထိ လုံလောက်အောင် ကျိုရမယ် မဟုတ်ရင် ဗိုက်အောင့်နိုင်တယ်…"
ကုယွီမြန်က ပဲနို့စိမ်းနှင့် ပဲပိစပ်အဖတ်များကို ခွဲထုတ်ရန် အရောအနှောများထည့်ထားသည့် အဝတ်စကို ဖိညှစ်လိုက်သည်။ ထိုအချိန်တွင် ပဲနို့စိမ်း၏အနံ့က အနည်းငယ် စိမ်းဖန့်ဖန့်ဖြစ်နေပြီး ညှီနံ့လည်း အနည်းငယ်ရှိသည်။ သူက ပဲနို့စိမ်းထဲသို့ ရေအနည်းငယ်ထည့်ကာ အိုးသေးသေးလေးထဲသို့ လောင်းထည့်ပြီး မြင့်မားသော အပူချိန်ဖြင့် တိုက်ရိုက်ကျိုလိုက်သည်။
ပဲနို့ကို မိနစ်အနည်းငယ်ကြာသည်အထိ ပွက်ပွက်ဆူအောင် ကျိုပြီးနောက် သူက အပူချိန်ကို လျှော့လိုက်ပြီး အိုးထဲသို့ သကြား ဇွန်းတစ်ဝက် ထည့်ပေးလိုက်သည်။ သူ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ပဲနို့၏ အရောင်နှင့်အရသာက ပြောင်းသွားသည်ကို စိတ်အားထက်သန်နေသည့် ပရိသတ်က တွေ့ရှိခဲ့သော်လည်း သူတို့ ဂရုတစိုက် မကြည့်ရသေးမီမှာပဲ အဖုံးက ပြန်ပိတ်သွားခဲ့သည်။
နောက်ထပ်မိနစ်အနည်းငယ်အတွင်းတွင်…
"ရသွားပြီ…"
ကုယွီမြန်က အပူမလောင်စေရန်အတွက် စိတ်အားထက်သန်သော နှင်းကျားသစ်လေးကို အောက်သို့ ချလိုက်ပြီးနောက် အိုးလေး၏အဖုံးကို ဖွင့်လိုက်သည်။
“အခု ကောင်းသွားပြီ…"
အဖုံးဖွင့်လိုက်သည့်အချိန်မှာပင် ပဲနို့ပူပူလေး၏အနံ့က ထွက်လာသည်။
မူလ ပဲနို့စိမ်း၏ စိမ်းသက်သော အနံ့အရသာနှင့် ညှီနံ့တို့ မရှိတော့ဘဲ မွှေးပြီးပျစ်နှစ်နေသော ပဲနို့၏ အချိုအရသာ တစ်မျိုးတည်းသာ ကျန်တော့သည်။ ကျိုချက်ထားသောပဲနို့က နို့ကဲ့သို့ ခပ်ပျစ်ပျစ် ဖြစ်မနေပဲ ဖြူစင်ကြည်လင်သောအရောင်ရှိပြီး အရည်ပိုကျဲကာ လတ်ဆတ်ပြီး ချိုသောအရသာရှိသည်။
[နှင်းဆီရနံ့- အံ့ဩစရာပဲ… အနံ့လေးက ကောင်းလိုက်တာ… အရောင်ကလည်း အသစ်အဆန်းလေးနော်… ဘယ်တော့သောက်လို့ ရမှာလဲ…]
"ပူနေသေးတယ်၊ စိတ်မပူပါနဲ့…ပဲနို့၊ ဒိန်ချဉ်နဲ့ ကန်စွန်းဥအနှစ်တွေကို နေပူဆာလှုံတဲ့ အခန်းထဲ ယူသွားကြရအောင်…"
ကုယွီမြန်က ပြောလိုက်သည်။
ကုယွီမြန်က အိုးထဲမှ ပဲနို့ပူပူကို အဆီထုတ်လိုက်ပြီး ဘူးထဲသို့ ထည့်လိုက်သည်။ သူက ပဲနို့ဘူး၊ ထည့်သောက်ရန် ခွက်ငယ်လေးများ၊ ဒိန်ချဉ်နှင့် ကန်စွန်းဥအနှစ်များ ထည့်ထားသည့် ကြွေပန်းကန်ပြားလေးကို သယ်ဆောင်ရန် ဗန်းလေးကို ယူကာ သားပေါက်လေး နှစ်ကောင်ကိုပါ နေပူစာလှုံသည့်အခန်းထဲသို့ ခေါ်သွားလိုက်သည်။
ဗန်းကို နေပူစာလှုံခန်း၏ သစ်သားကြမ်းပြင်ပေါ်တွင် တိုက်ရိုက်ချထားလိုက်သည်။ ကုယွီမြန်က ပန်ဒါလေးနှင့် နှင်းကျားသစ်လေးတို့ကို ပွေ့ချီကာ နူးညံ့နွေးထွေးသော မွေ့ယာပေါ်သို့ လှမ်းတက်လိုက်ပြီး ထိုမွေ့ယာထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ နှင်းကျားသစ်လေးက ကုယွီမြန်လက်မောင်းထဲတွင် ဦးဆုံး နေရာယူခဲ့သည်။ ပန်ဒါလေးသည်လည်း ကုယွီမြန်၏လက်ကိုသာ ဆုပ်ကိုင်ထားနိုင်သည်။
ပဲနို့၏အပူချိန်က ယခုဆိုလျှင် အနေတော်ဖြစ်သည်။ ကုယွီမြန်က နှင်းကျားသစ်လေး နှင့် ပန်ဒါလေးအတွက် ဖန်ခွက်ထဲသို့ တစ်ခွက်ချင်းစီ လောင်းချပေးလိုက်ပြီးနောက် သူတို့ကို သောက်စေသည်။
ခဏအကြာတွင်မူ
ပန်ဒါလေး ခဏရပ်တန့်သွားပြီး ခဏအကြာတွင် ရွှင်မြူးသည့်အသံလေး ထွက်လာသည်။ သူ့ခေါင်းဝိုင်းလေးက ကုယွီမြန်၏ လက်ဖဝါးကို ပွတ်လာပြီး သူက ဖန်ခွက်ကိုကိုင်ရန် အစပြုခဲ့ပြီး ပဲနို့အနည်းငယ်ကို စသောက်ခဲ့သည်။ နှင်းကျားသစ်လေးကလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
[စမတ်ကျတဲ့ ခို : သောက်လို့ကောင်းတယ်… ပြီးတော့ လုံးဝမအီဘူး ငါက နွားနို့လို ပျစ်မယ်လို့ ထင်ခဲ့တာ… မနက်ခင်းဖြစ်ဖြစ် ညနေဖြစ်ဖြစ် အဲ့ဒါကို ငါ့ဗိုက်ထဲထည့်လို့ အဆင်ပြေတယ်…]
[ငါ့မိသားစုမှာ ငါးကန်ရှိတယ်- အရမ်းကောင်းတာပဲ… ဒီအရသာက ပေါ့ပေါ့ချိုချိုလေး…]
[တိုးရစ် 04: ညီငယ်လေးရေ ငါက ဖိုရမ်ကိုမြင်ပြီး လာကြည့်ခဲ့တာ… အစကတော့ ဒီလိုမျိုး နှေးကွေးတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးက စိုက်ပျိုးရေးလုပ်ငန်းလို ငြီးငွေ့ဖွယ်ကောင်းမယ်လို့ ထင်ခဲ့ပေမဲ့ ဘာလို့များ စိတ်ပါလက်ပါ ကြည့်နေမိရတာလဲ… စာကြွင်း ဒီပဲနို့က သောက်လို့ကောင်းတယ် QAQ]
[တိမ်လေးတစ်ခုရှိတယ် : ချိုပြီးတော့ ကောင်းတယ်၊ ပဲတွေက အရသာရှိတယ်…သောက်လို့အရမ်းကောင်းပါတယ်…]
လက်ဆောင်မျိုးစုံကြောင့် လိုင်းကျပ်သွားပြီး ဖန်သားပြင်ပေါ်၌ အထပ်ထပ်များပင် ပေါ်လာသည်။ မှတ်ချက်ပေးသူများ အများအပြားရှိသောကြောင့် မှတ်ချက်ရေးသည့် ဖန်သားပြင်က အားလုံးကို လုံး၀မပြနိုင်တော့ပေ။
အခြားအကြောင်းပြချက် မရှိဘဲ ထိုပဲနို့က သောက်၍ကောင်းလွန်းလှသည်။
ပူပူနွေးနွေး ပဲနို့က ပါးစပ်ထဲသို့ စိမ့်ဝင်သွားချိန်၌ နူးညံ့ချောမွေ့သော အရသာရှိသည်။ ၎င်းက မွှေးပြီး ပျစ်နှစ်ကာ လုံးဝ စိမ်းသက်သော အရသာမဟုတ်ပေ။ သကြားကို ပဲနို့ထဲသို့ ထည့်လိုက်သောအခါ ပဲ၏မွှေးရနံ့နှင့် နူးညံ့သိမ်မွေ့သောအလှက အဓိက ပေါ်ထွေက်လာသည်။ ထို့အပြင် ပါးစပ်အပြည့် တစ်ငုံခန့် သောက်လိုက်သည်နှင့် သက်တောင့်သက်သာရှိမှု၊ လန်းဆန်းမှုနှင့် အီလည်မှုမဖြစ်သော ခံစားမှုတို့ကို ပေးဆောင်လာခဲ့သည်။ ထိုပဲနို့က သရက်ရွက်နှင့် အစာအိမ်ကို နွေးထွေးစေပြီး အာရုံကြောများ အားလုံးကို ပြေလျော့စေသည်။
ရှေးခေတ်ကမ္ဘာတွင် နှစ်အတော်ကြာအောင် မိသားစုသောက်စရာအဖြစ် ရေပန်းစားခဲ့သည်မှာ ယုတ္တိမတန်စရာ မရှိပေ။
ထိုမျှမကသေးဘဲ ပဲနို့က သောက်ရန် လုံလောက်သည့်အပြင် နောက်ထပ် ဒိန်ချဉ်နှင့် ကန်စွန်းဥအနှစ်၏ အရသာက ပို၍ပင် အံ့သြစရာကောင်းသည်။
“တစ်ခါတည်း အများကြီးမသောက်နဲ့…"
ကုယွီမြန်က နှင်းကျားသစ်လေး၏ မေးစေ့ကို ပွတ်လိုက်သည်။
"ဒိန်ချဉ်နဲ့ ကန်စွန်းဥအနှစ်ကို စမ်းစားကြည့်ရအောင်… ငါတော့ အဲ့ဒါတွေကလည်း အရသာရှိမယ်ထင်တယ်..."
ပရိသတ်ကလည်း ဟုတ်ကဲ့ ဟုသာ ပြောကြမည်ပင်။
စတော်ဘယ်ရီနှင့် ဒိန်ခဲအလွှာတို့ကို ပူနွေးသော ကန်စွန်းဥအနှစ်အလွှာ နှင့် နို့နှစ်ရောင် ဖောက်ထွင်းမြင်ရသည့် ဒိန်ချဉ်အလွှာတို့ အပေါ်တွင် ဝန်းရံအလှဆင်ထား၍ ညအလင်းရောင်အောက်တွင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ ကုယွီမြန်က ငွေဇွန်းလေးတစ်ချောင်းကိုယူကာ ပန်းကန်ထဲမှ ဒိန်ချဉ်နှင့် ကန်စွန်းဥအနှစ်အချို့ကို ခပ်လိုက်သည်။ ပျော့ပျောင်းသော လိမ္မော်ရောင်ကန်စွန်းဥအနှစ် နှင့် ပျော့ပျောင်းသည့် အဖြူရောင်ဒိန်ချဉ်တို့က ရောစပ်သွားပြီး ချိုချဉ်သော အနံ့က သူ့နှာခေါင်းဖျားသို့ ရောက်လာသည်။
ဇွန်းက သူ့ပါးစပ်ထဲသို့ ဝင်သွားသည်။
ပထမဦးစွာ ကြည့်ရှုသူများက ဒိန်ချဉ်၏ ချိုချဉ်နူးညံ့သော အရသာကို မြည်းစမ်းကြည့်ပြီးနောက် လျှာဖျားတွင် ချည်ထားသော ကန်စွန်းဥအနှစ်၏ နူးညံ့ချိုမြိန်သော အရသာကိုပါ ရှာတွေ့နိုင်မည်ဖြစ်သည်။
ကင်၍ ကျိုထားသည့် နူးညံ့ပြီး ကြေညက်သန့်စင်ကာ စေးကပ်နေသော ကန်စွန်းဥအနှစ်၏ အရသာက ကောင်းလွန်းလှသည်။ ချိုမြိန်စေးကပ်နေသည့် ကန်စွန်းဥနှင့် အနည်းငယ် အချဉ်စူးသည့် ဒိန်ချဉ်တို့၏ ပေါင်းစပ်မှုက တစ်ခုနှင့်တစ်ခု ချို့ယွင်းချက်များကို ဖုံးအုပ်ပေးထားနိုင်သည်။
တစ်ကိုက်ခန့်စားလိုက်သည်နှင့် ထိုအရသာကို တစ်သက်လုံးမမေ့နိုင်ဟုပင် လူများထင်သွားလောက်သည်။
အဆုံးသတ်အနေနှင့် အထိအတွေ့ကမူ စတော်ဘယ်ရီသီးနှင့် ဒိန်ခဲအပိုင်းအစများကို ကန်စွန်းဥအနှစ်များက ဝန်းရံထားသည့် အရသာပင် ဖြစ်သည်။ ကြွပ်ဆတ်သည့် စတော်ဘယ်ရီနှင့် ဒိန်ခဲတို့၏ နူးညံ့သော သန့်စင်သော အရသာက ရံဖန်ရံခါ ပေါ်လာသည်မှာ လူများအတွက် စိတ်ကျေနပ်ဖွယ် အံ့အားသင့်မှု တစ်ခုပင်ဖြစ်သည်။
နှင်းကျားသစ်လေး၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားကာ သူ့အမြီးလေး လှုပ်နေသည့်အရှိန်က လည်း မြန်လာသည်။ ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်သည့် အသွင်အပြင်လေးက ကုယွီမြန်၏ ရင်ထဲတွင် ရုတ်တရက် အမြစ်တွယ်သွားစေသည်။
ဒိန်ချဉ်နှင့် ကန်စွန်းဥအနှစ်တို့ ၏အဓိကအချက်မှာ ပေါင်းစပ်ထားသည့် အရသာဖြစ်သည်။ အလွန်ရိုးရှင်းသောကြောင့် သူတို့ကိုယ်တိုင်လုပ်၍ရနိုင်သည်။
ကြည့်ရှူသူများက ထိုအချိုပွဲကို အရသာရှိမည်ဟု မထင်ကြပေ။ မျှော်မှန်းထားသည်က မမြင့်မားသော်လည်း နောက်ဆုံးရလဒ်ကတော့ မျှော်လင့်ထားတာထက်ပင် ကျော်လွန်နေခဲ့သည်။
ခဏအကြာတွင် ကြည့်ရှူသူများ ….
[ဗီဗီယန်: အားး အားးးး အားးး… ကန်စွန်းဥအနှစ်က အရမ်းကောင်းတယ်… ဒိန်ချဉ်နဲ့တွဲစားရတာ အရမ်းကောင်းပြီးတော့ တစ်ခါတစ်လေ စတော်ဘယ်ရီသီးတွေကိုလည်း စားရသေးတယ်…]
[ဂျူနီယာ ဘီ: အစ်ကိုရေ… အရသာရှိပြီး သက်တောင့်သက်သာဖြစ်အောင် မင်းဘယ်လိုလုပ်လိုက်တာလဲ… မင်းက အရမ်းကို အံ့သြစရာပဲ…]
[နှိုးစက်နာရီ မြည်သံ- လွန်ခဲ့တဲ့ နာရီဝက်လောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို စဝင်ကတည်းက ခုထိ ငါးခုမြောက် ပေါင်မုန့်ကို စားပြီးပြီ…တင်ဆက်သူ လုပ်တဲ့ဟာတွေကို ငါဘယ်လိုစားရမလဲ…]
[ချစ်စရာလေး- အခုက ကိုယ့်ကိုယ်ကို ဖျော်ဖြေဖို့ပဲ မှတ်ချက်ပေးနေရတာလို့ ငါထင်တယ် မှတ်ချက်တွေ အရမ်းများလွန်းလို့ အခု ဘယ်သူမှ မကြည့်နိုင်တော့ဘူး…]
တစ်ချိန်တည်းမှာပင် မှတ်ချက်များ နှင့် လက်ဆောင်ပစ္စည်း အရေအတွက်များစွာ ပေါက်ကွဲထွက်လာသည်။ ထို ပေါက်ကွဲမှုက မှတ်ချက်ရေးသည့် ဖန်သားပြင်ကိုပင် ကျပ်သွားစေသည်။
ကြည့်ရှုမှုကို မထိခိုက်စေရန်အတွက် စနစ်က မှတ်ချက်ဖန်သားပြင်ကို မိနစ်ဝက်ကြာသည့်တိုင် ခေတ္တပိတ်ထားလိုက်သည်။
🐯🐯🐯