🚩Chapter -123
Arc_6 . တိသမီးပြန်လာခြင်း [ 15 ]
____
စုရွေ့ ပြောနေရင်း ချင်ဟောင်ကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် မဟော်ဂနီရောင် စားပွဲတစ်ခုရှိသည်။ စုရွေ့ အသံဆုံးသွားသောအခါ၊ ခံနိုင်ရည်ရှိဖို့ ခက်ခဲပြီး ပြင်းထန်သော လူသတ်ငွေ့က သူ့မျက်နှာအား ရိုက်ခတ်သွားတာကို ချင်ဟောင် ခံစားလိုက်ရသည်။သူ စုရွေ့၏စကားကို နည်းနည်းမှ သံသယ မဝင်မိပေ။
ဧကရာဇ်ထီးနန်းကိုဆိုပါလား၊ သူ့အရှေ့က နံပါတ်ကိုး ဦးရီးတော်မှာ ခါတိုင်းလိုမဟုတ်ဘဲ ထူးဆန်းနေ၏။
"ပထမလမ်းကို ရွေးချင်ပါတယ်"
စုရွေ့၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်အောက်တွင် ချင်ဟောင်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။
"ကောင်းတယ်"
စုရွေ့က အပြုံးလေးဖြင့် မတ်တပ်ရပ်လိုက်ပြီး မေးစေ့ကို အနည်းငယ် ချီကာ မျက်လုံး မှိတ်ထားသည်။
"ကဲ၊ ငါတို့ တခြားကိစ္စတစ်ခုကို ဖြေရှင်းသင့်ပြီထင်တယ်"
တခြားကိစ္စ...
ချင်ဟောင်သည် စုရွေ့၏ စကားကိုနားမလည်နိုင်ဖြစ်နေချိန်မှာပင် သူ့မျက်လုံးများ အမှောင်အတိကျသွားသည်ကို ခံစားလိုက်ရ၏။နောက်မကြာမီ၊ သူ့ဝမ်းဗိုက်မှာလည်း မခံနိုင်အောင် အကန်ခံရလေသည်။
ချင်ဟောင် အရှိန်ဖြင့် တစ်ပတ်လိမ့်သွားပြီး စာကြည့်ခန်းတံခါးကို တိုက်မိကာ တံခါးချပ်မှာ ပြုတ်ထွက်သွားသည်။ဤသို့ဖြင့် ချင်ဟောင်သည် ကျင်းချင်ဝမ်အိမ်တော်၏ ခြံအလယ်အထိ ဒလိမ့်ခေါက်ကွေးရောက်သွားလေတော့သည်။
ခြေတလှမ်းသာ ကန်ရသေးသည်၊ ချင်ဟောင်ခမျာ အဝေးသို့ ပျံသွားရုံသာမက ဝမ်းဗိုက်ကိုလည်း နာကျင်စွာ ဖိထားရင်း သွေးများလည်းအန်ကာ မြေကြီးပေါ်တွင် လဲလျောင်းနေရသည်။
ဒီမြင်ကွင်းက အိမ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေတာပဲ.....
ဘေးနားက၊ ကျွေးဖုန်းသည် အလိုလို သူ့ဝမ်းဗိုက်ကို ထိလိုက်မိသည်။ ကံကောင်းထောက်မစွာ၊ သူသည် သခင်မလေးစုကို စိတ်မချမ်းသာအောင် မလုပ်ခဲ့ပေ။
မဟုတ်ရင် သူလည်းပဲ ကျွတ် ကျွတ် ကျွတ်...သူ့ရှေ့က အနာဂါတ်ဧကရာဇ်၏ ယခုပုံစံက သူ့ကြုံတွေ့ရမည့်ကံကြမ္မာ၏ သရုပ်ဖော်ပုံပင်။
“နံပါတ်ကိုး ဦးရီးတော်….”
ချင်ဟောင်သည် ဗိုက်နာသည့်ဒဏ်ကို ခံနိုင်ရည်ရှိအောင် နေရင်းပေါ့ပေါ့ပါးပါး လမ်းလျှောက်လာနေသူ နံပါတ်ကိုး ဦးရီးတော်ကို ငေးစိုက်ကြည့်နေမိသည်။ ဤအခိုက်အတန့်လေးတွင် သူသည် ဦးရီးတော်၏ သရုပ်မှန်ကို အမှန်တကယ် ခံစားလိုက်ရ၏။
ကုသမရတဲ့ရောဂါ...နေမကောင်းဘူးဆို...လခွီးပဲ၊ကိုယ်ခံပညာကျွမ်းကျင်တဲ့သူကို ဖျားနာနေသူက သွေးအန်တဲ့အထိ လွင့်ထွက်သွားအောင် ကန်နိုင်သတဲ့လား..
" နံပါတ်ကိုး ဦးရီးတော်၊ ဦးရီးတော်"
စုရွေ့က သူ့ရှေ့ရောက်နေတာကို မြင်လိုက်ရသည်နှင့် ချင်ဟောင်၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားပြီး သူ့အသံမှာလည်း ထပ်ခါထပ်ခါ တုန်ခါနေသည်။
ဧကရာဇ်နန်းတော်ရှိ အရပ်ရပ်မှ စစ်သည်များ၏ တိုက်ခိုက်ခြင်းကို ခံရသောအခါက၊ ဧကရာဇ်တရားရုံး၏ ရဲမက်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသောအခါကတောင်၊ သူ လုံးဝကြောက်လန့်ခြင်းမရှိပေ။ သို့သော်လည်း သူဘာကြောင့်မှန်းမသိ၊ စုရွေ့ ကိုမြင်လိုက်သည်နှင့် အရိုးတွင်းထိ နက်ရှိုင်းသော ခံစားချက်တစ်မျိုး ဖောက်ဝင်လာသလိုပင် သူ့ကိုတုန်လှုပ်သွားစေသည်။
စုရွေ့ လက်ကို မြှောက်ပြီး ဝတ်ရုံအစကို သေချာသိမ်းကာ ချင်ဟောင် အရှေ့မှာ ဖြည်းညှင်းစွာ ထိုင်ချလိုက်၏။
"နာသလား"
နူးညံ့သိမ်မွေ့ပြီး အေးဆေးသည့် လေသံဖြစ်သော်လည်း၊ကြားရသူအဖို့ ဆံပင်များပင် ထောင်ရလောက်အောင် ကြက်သီးမွှေးညှင်းထစရာကောင်းသည်။
“နံပါတ်ကိုး ဦးရီးတော်……”
ချင်ဟောင် ဘယ်လိုပြန်ဖြေရမှန်းမသိသဖြင့် နံပါတ်ကိုး ဦးရီးတော်ဟုသာ ဆက်ပြီးခေါ်နေမိသည်။ထိုသို့ခေါ်နေမှ သူ့စိတ်ထဲ အကြောက်ပြေသလိုရှိ၏။
ဒီလူက နံပါတ်ကိုး ဦးရီးတော်ပဲ၊ သူက ငါ့ကို တကယ်သတ်မှာ မဟုတ်ဘူးမလား၊ အာ့ သိပ်တော့ မသေချာဘူး..
ချင်ဟောင်၏ ကြောက်လန့်နေသော မျက်လုံးများကို ကြည့်လိုက်ရင်း စုရွေ့သည် ရွှမ်ယွမ်ယဲ့ နှင့် အရင်က တွေ့ကြုံခဲ့ရသော ရှေးခေတ်မစ်ရှင်ကမ္ဘာများကို တနည်းတဖုံ တွေးကြည့်မိသည်။ ထိုဧကရာဇ်များအားလုံးသည် သေခါနီးအချိန်တိုင်း ယခုလိုပင် ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် သူ့ကိုကြည့်နေတတ်ကြသည်။
တကယ်ကို ပျင်းစရာကြီးပဲ...
ထို့နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး မတ်တပ်ပြန်ရပ်လိုက်သည်။
"ကျွေးဖုန်း ၊ သူ နေပြန်ကောင်းလာဖို့အတွက် တခြားခြံတစ်ခုမှာ နေခိုင်းလိုက်၊ပြီးရင် ဘယ်သူ့ကို နှောင့်ယှက်လို့ မရဘူးဆိုတာကိုလည်း ပြောပြလိုက်"
“ဟုတ်ကဲ့”
ကျွေးဖုန်းသည် ချင်ဟောင်ထံ ချက်ချင်း ပြေးသွားပြီး အခြား ခြံဝင်းတစ်ခုဆီသို့ သွားဖို့ကူညီပေးလိုက်သည်။ မကြာခင်မှာပဲ ကျင်းချင်ဝမ်အိမ်တော်၌ရှိသည့် သမားတော်မှာအမြန်ပြေးလာခဲ့၏။ ထို့နောက် သမားတော်က ချင်ဟောင်၏ ဒဏ်ရာများကို စစ်ဆေးကြည့်သည့်အခါ ကျွေးဖုန်း တုန်လှုပ်သွားရသည်။
တစ်ချက်ကန်ရုံနှင့် နံရိုး 3ချောင်းကို ချိုးပစ်လိုက်သည်က သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံသာ ထုတ်သုံးထားပုံပင်။သူ့ခွန်အားကို အပြည့်သုံးပြီး ကန်လျှင် ချင်ဟောင် အသက်တောင် မှီမှာမဟုတ်တော့။
ယခုအချိန်တွင် ချင်ဟောင်သည် ကုတင်ပေါ်တွင် လှဲနေပြီး မျက်နှာမှာလည်း အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း နာကျင်မှုကြောင့် တစ်စက်ကလေးမှ မူးဝေခြင်း မရှိပေ။ဒုက္ခများစွာကို တွေ့ကြုံခံစားခဲ့ရပြီး ငယ်စဉ်ကတည်းက ပခုံးပေါ်၌ အမုန်းတရားများ သယ်ဆောင်လာခဲ့သည့် တော်ဝင်သွေးနွယ် မိဘမဲ့ကလေးငယ်လည်း ဖြစ်၍ ခံနိုင်ရည်ရှိနေသည်။ သူ့မျက်နှာက ရှုပ်ထွေးနေပြီး ဘာအမှားလုပ်မိမှန်း မသိသေးသလိုဖြစ်နေ၍ ကျွေးဖုန်းက တိုးတိုးပြောလိုက်သည်။
"အိမ်ရှေ့မင်းသား၊ မင်းဧကရာဇ်တရားရုံးရဲ့ လိုက်ဖမ်းခံနေရတုန်းက တွေ့ခဲ့တဲ့ မိန်းကလေးကို မှတ်မိသေးလား"
မိန်းကလေး...
ချင်ဟောင် ၏အကြည့်များသည် ယခုထက်ထိ ရှုပ်ထွေးနေသော်လည်း၊ ကယောင်ကတမ်းဖြင့် သူ ခေါင်းညိတ်မိဆဲပင်။
မှတ်မိတာပေါ့၊
ထိုအချိန်တွင် ထိုမြင်းလှည်းမျိုးသည် ဧကရာဇ်မြို့တော်၏ အရာရှိများ၊မှူးမတ်များပိုင်မှန်းသိတာကြောင့်၊မြင်းလှည်းပိုင်ရှင်ကို ဓားစာခံအဖြစ် ပြန်ပေးဆွဲကာ မြို့တော်မှ လွတ်မြောက်ရန်ကြိုးစားဖို့ပြင်သော်လည်း၊သူ့အကြံကို ချက်ချင်းထုတ်သုံးလိုက်သော်လည်း အထမမြောက်လိုက်ပေ။
ချင်ဟောင်၏ အကြည့်က ရုတ်တရက် တောက်ပသွားပြီး သူ့ကုတင်ဘေးက ကျွေးဖုန်းကို ဆတ်ခနဲ ကြည့်လိုက်မိသည်။
"ဟုတ်တယ်"
“အရှင့်သားကို လျှို့ဝှက်လက်နက်နဲ့ ဒဏ်ရာရစေခဲ့တဲ့သူက ကျွန်တော်ပါပဲ၊ အဲဒီမိန်းကလေးဟာ ကျွန်တော်တို့ဦးရီးတော်ရဲ့ ကြင်ယာတော်ဖြစ်လာမှာပါ၊ပြောရမယ်ဆိုရင် အရှင့်သားလုပ်ရပ်က ကျွန်တော်တို့ ဦးရီးတော်ရဲ့ ချစ်သူကို နာကျင်လုနီးပါး ဖြစ်သွားလို့ အရှင့်သားကို ခြေထောက်နဲ့ကန်တာပါ"
ချင်ဟောင်: …….
သူမကို ပြန်ပေးဆွဲဖို့ ရည်ရွယ်ထားသော်လည်း၊ ရိုးရိုးသားသားပြောရလျှင် သူမ စကတ်၏အစွန်းနားလေးကိုတောင် မထိခဲ့ပေ။
ဤအခြင်းအရာကို တွေ့ကြုံလိုက်ရခြင်းကြောင့် ချင်ဟောင်သည် ဘဝ၏အမှန်တရားများထဲမှ တစ်ခုကို နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်။ဤကိစ္စမှာ သူ့ဘက်က မှန်နေသော်လည်း နံပါတ်ကိုး ဦးရီးတော်အား အကြောင်းပြချက်ပေး၍ ရှင်းပြရန် မကြိုးစားသင့်ပေ။ဆတ်ဆတ်ထိမခံဖြစ်နေသော ဦးရီးတော်ကို သူ ရှင်းမပြဝံ့ပေ။
ယနေ့ညတွင် ချင်ဟောင်သည် ဘဝအမှန်တရားကို တွေ့ကြုံပြီးနောက် ဦးရီးတော်နှင့် ပဍိပက္ခ နောက်ဆိုမဖြစ်ရလေအောင် ရှောင်ဖို့ တွေးမိလေတော့၏။
*****
ကျင့်နင်မြို့စားမင်းအိမ်တော်တွင်၊
လျိုရှစ်သည် မေ့မြောရာမှ နိုးလာချိန်၌ နောက်တစ်နေ့ မနက်သို့ ရောက်နေပြီဖြစ်သည်။သူမ၏ ခင်ပွန်းဖြစ်သူသည် တရားရုံးအ၀တ်အစားများ ၀တ်ဆင်ကာ တရားရုံးသို့သွားရန် ပြင်ဆင်နေတာကို မြင်လိုက်ရသဖြင့် လျိုရှစ်မှာအိပ်ယာမှ ရုတ်တရက်ထကာ စုယွင်၏ အင်္ကျီစကို လှမ်းဆုပ်ကိုင်လိုက်သည်။
"မိန်းမ နိုးပြီလား"
စုယွင်က လျိုရှစ်ကို စိုးရိမ်စိတ်များနှင့် ကြည့်လိုက်၏။
"မင်းရဲ့ ခန္ဓာကိုယ်က အခု အဆင်ပြေနေပြီလား၊မင်း ဘယ်လိုဖြစ်ပြီး မူးလဲသွားတာလဲ"
အစေခံက လျိုရှစ် မူးလဲရသည့် အကြောင်းရင်းကို စုယွင်အား မပြောထားပေ။ဤသည်က သခင်မ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည့်အတွက် အစေခံမှာ ပြောသင့်မသင့် သိနေတာကြောင့် ထုတ်မပြောခြင်းသာ။
“ကျွန်မ……”
လျိုရှစ် ဘယ်ကစရပြောရမှန်း မသိတော့သဖြင့် စုယွင်၏ အနီရောင် တရားရုံးဝတ်စုံကို စိုက်ကြည့်ရင်း "ယောက်ျား ဒီနေ့ ရုံးတက်တဲ့အခါ ကျင်းချင်ဝမ်ဆီကို သွားရမှာလား"
"နံပါတ်ကိုး မင်းသားဆီကိုလား"
စုယွင် ခဏတာမင်တက်သွားသည်။သူသည် တရားရုံးအရာရှိဖြစ်ခဲ့သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သော်လည်း၊ ချင်မူယန်နှင့် မရင်းနှီးသေးပေ။
"အရှင့်သားက တရားရုံးကို လာခဲတယ်လေ၊ ရာသီဥတုကလည်း အေးနေပြီမလား၊ အရှင့်သားရဲ့အရိုးတွေကလည်း အရမ်း အားနည်းတယ်လေ၊ သူ့အိမ်မှာပဲနေရင်တော့ သက်သာတာပေါ့"
စုယွင် စကားကို ကြားသည့်အခါ လျိုရှစ် မျက်နှာထားက ပိုမိုပျက်ယွင်းလာသည်။
" ယောက်ျား ၊ ဝမ်အာကလေ.. သူမက ချမ်အိမ်တော် နဲ့ စေ့စပ်ထားတာကို ဖျက်ပစ်ချင်တယ်တဲ့"
"ဘာ"
လျိုရှစ် စကားကိုကြားလျှင် စုယွင် နေရာတွင် အေးခဲသွားသည်။ဤအိမ်ထောင်ရေးကို ရှေ့မတိုးခင်မှာပင် အများကြီးစဉ်းစားထားသော်လည်း၊ယခုမူ သမီးဖြစ်သူက စေ့စပ်ကြောင်းလမ်းခြင်းကို ဖြတ်ပစ်ချင်သည်ဟု ဆိုလာ၏။
“မိုက်လိုက်တာ…ကိုယ် တရားရုံးကနေ ပြန်လာမှ သမီးနဲ့ စကားကောင်းကောင်းပြောရဦးမယ်၊ ဒီကလေးက တကယ်ကို ပိုပိုပြီး အတင့်ရဲလာပါလား၊ စေ့စပ်ထားတဲ့ အိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ကို ဘာလို့ လွယ်လွယ်လေး ပြောထွက်တာလဲ၊ ဝမ်အာရဲ့ အသက်က မငယ်တော့ဘူး၊ အဲဒါကို ဖျက်လိုက်ရင် အချိန်တိုအတွင်းမှာ သူမနဲ့ လိုက်ဖက်သင့်တော်တဲ့ သတို့သားကို ဘယ်လိုရှာမလဲ၊ပြီးတော့ မြို့တော်က သခင်လေးတွေထဲမှာ ဘယ်သူကများ ချန်ယွီရှုနဲ့ ယှဉ်နိုင်လို့လဲ"
စုယွင် စကားကိုကြားလျှင် လျိုရှစ်က သက်ပြင်းချပြီး "ဒါတင်မကဘူး၊ သူမက... ကျင်းချင်ဝမ် ကို ချစ်မိသွားပြီး ကျင်းချင်ဝမ်ရဲ့ ကြင်ယာတော် ဖြစ်ချင်သတဲ့"
"ကြင်ယာတော်၊ ဒီကလေး ဘာပြောလိုက်တာလဲ…”
စုယွင်၏ အမြဲတမ်း အေးချမ်းပြီး ပြေပြစ်သော မျက်နှာပေါ်တွင် ပထမဆုံး အံ့အားသင့်ထိတ်လန့်နေသည့် အမူအရာမျိုး ထွက်ပေါ်လာ၏။
"မင်း နားကြားမမှားဘူးဆိုတာ သေချာလား၊ ဝမ်အာ ပြောခဲ့တဲ့သူက နံပါတ်ကိုး ဦးရီးတော်တဲ့လား"
"တစ်တိုင်းပြည်လုံးမှာ ကျင်းချင်ဝမ်ကတစ်ယောက်တည်း ရှိတာလေ၊ကျွန်မလည်း နားကြားမှားပါစေလို့ပဲ အစက ဆုတောင်းခဲ့တာ"
ထို့နောက် လျိုရှစ် ခေါင်းမူးနောက်လာပြန်သည်။ဤသည်မှာ အပြစ်တစ်ခု ကျူးလွန်ခြင်းပင်။ သမီးဖြစ်သူသည် ချင်းချွမ်မြို့စားမင်းအိမ်တော်မှာ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု ကြုံခဲ့ရပြီးဖြစ်သည်။ ယခုလည်း သူမကိုယ်တိုင် သဘောတူထားသည့် အိမ်ထောင်ရေးကို မလိုလားတော့ဘဲ ကျင်းချင်ဝမ်ကိုသာ သေလာမြောပါးလက်ထပ်ချင်သည်ဟု ပြောလာပြန်၏။သူမ ဆီမီးနံ့သာတိုင်ထွန်းရန် ဟွမ်းကြွယ်ဘုရားကျောင်းသို့သွားပြီး ရှေ့ဖြစ်ဟောဆရာတစ်ယောက်နှင့်လည်း တွေ့သင့်သည်ဟု တွေးမိသည်။
ယခုအချိန်တွင် စုယွင်၏ မျက်နှာအမူအရာမှာ အရောင်အသွေးစုံလင်လှသည်။ အရပ်ဘက်အရာရှိတစ်ဦးအနေဖြင့် သူသည် ကျင်းချင်ဝမ်ကို အမှန်တကယ် လေးစားသော်လည်း ကျင်းချင်ဝမ်၏ကျန်းမာရေးညံ့ဖျင်းသည့်ကိစ္စအား သာမန်လူများကပင် သိရှိပြီးဖြစ်ကြသည်။ယခင်က ကျင်းချင်ဝမ်အား သမီးများနှင့် လာရောက်စပ်ဟပ်ကြသည့် မိဘများ ရှိသော်လည်း၊ ကျင်းချင်ဝမ်က သွယ်ဝိုက်သောနည်းဖြင့် သူ့ခန္ဓာကိုယ်ကို အကြောင်းပြကာ ငြင်းဆိုခဲ့သည်။
ယခုမူ....
“ဒီကိစ္စကို သမီးကိုယ်တိုင်ပြောတာလား၊ဒါမှ မဟုတ် ကျင်းချင်ဝမ်က လာပြောတာလား"
“အဲ့…..”
လျိုရှစ်သည် ခင်ပွန်းဖြစ်သူ၏ စကားကို ကြားသောအခါ ရုတ်တရက် အေးခဲသွားသည်... ဒါကိုတောင် သူမ မေ့သွားသည်ပဲ။
သူမ၏ သမီးလေးက ချန်ယွီရှုကို ပထမဆုံး လက်ထပ်ချင်သည်ဟု ပြောလာစဉ်တွင်၊သူမနှင့် လက်ထပ်မည့်လူက ချန်ယွီရှုသာ မဟုတ်လျှင် သတ်သေမည်ဟု ခြိမ်းခြောက်ခဲ့သည်။ယခုဆိုလည်း ဩဇာတက္ကမကြီးသည့် ချန်အိမ်တော်နှင့် ရွှေလမ်းငွေလမ်းဖောက်ရေးကိုမျက်ကွယ်ပြုကာ စေ့စပ်ပွဲအား ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်၏။မျက်စိတစ်မှိတ်အတွင်း ကျင်းချင်ဝမ် နှင့် လက်ထပ်ချင်သည်ဟု ဗလောင်းဗလဲဆိုလာခြင်းပင်။
ဒီတစ်ခါတော့ သူမ ဖက်က ဆန္ဒရှိပေမယ့် ဟိုဘက်က ဆန္ဒမရှိတာမျိုး ထပ်မဖြစ်သင့်တော့ဘူး မဟုတ်လား...
_
🚩