Chapter 131
Viewers 4k

🚩Chapter -131

 Arc_6 . တိသမီးပြန်လာခြင်း [ 23 ]


____


အနီရောင် နဂါးနှင့်ဖီးနစ်ပုံ ဖယောင်းတိုင်များ ထွန်းညှိထားသည့် သတို့သမီးအခန်းတွင် စုရွေ့သည် ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ပျိုနီပန်းများနှင့် ချယ်လှယ်ထားသော ရွှေရောင် ကန့်လန့်ကာကို သိမ်းတင်လိုက်သည်။ထိုအခါ စုဝမ်သည် နဂါးရုပ်နှင့်ဖီးနစ်ရုပ်များ ထွင်းထားသော ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ ဖီးနစ်သရဖူကို ဖြုတ်ထားသောကြောင့် သူမ၏ဆံပင်ရှည်များသည် အနည်းငယ် ပွယောင်းနေကာ အနီရောင်ချည်သားခေါင်းအုံးပေါ်တွင် ဟိုတစ်စ၊ ဒီတစ်စ တင်ကျန်နေသည်။ထို့အပြင် မင်္ဂလာဝတ်စုံမှာလည်း အနည်းငယ် လန်နေ၍ စိမ်းပြာရောင်အောက်ခံ ဂါဝန်တစ်ထပ်ကလည်း အထင်းသားပေါ်နေကာ၊အောက်ရှိ ဖြူစွတ်သော အသားအရေကို ပေါ်လွင်သွားစေသည်။


စုရွေ့ ကုတင်ပေါ်ထိုင်ပြီး သူမကို တိတ်တဆိတ်ကြည့်မိသည်။သူမ၏ လှပပြီး နူးညံ့သိမ်မွေ့ကာ အိပ်မောကျနေသော မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိသည်။


သူ ခဏကြာကြည့်ရင်း ရုတ်တရက် ငုံ့ကာ သူမ၏ နှုတ်ခမ်းပေါ်သို့အနမ်းတစ်ပွင့်ခြွေလိုက်သည်။ယနေ့ သူမနှုတ်ခမ်းမှာ ဘာဆိုးထားမှန်းမသိ၊သူ့ နှာခေါင်းထဲကို မွှေးပျံ့သည့် ရနံ့လေး စိမ့်ဝင်သွား၏။ သူ အသက်ပြင်းပြင်းရှူပြီး သူမ နှုတ်ခမ်းကို ထပ်မံ နမ်းရှိုက်လိုက်သည်။


နှုတ်ခမ်းပေါ်မှ ထုံကျဉ်ပြီး ထူးဆန်းသည့် ခံစားချက်ကြောင့် စုဝမ် အိပ်ပျော်နေရာကနေ နိုးထလာခဲ့သည်။သူမနှင့် ရင်းနှီးပြီး ဘေးကင်းလုံခြုံသော ရောင်ဝါတစ်ခု  သူမ ဘေးတွင် ပျံဝဲနေသလို ခံစားရသည်။ သူမရဲ့မျက်တောင်များမှာ တစ်ချက်နှစ်ချက် လှုပ်ခတ်သွားပြီး နောက်ဆုံးတွင် ဖြည်းညှင်းစွာပွင့်လာသည်။ထိုအခါ စုရွေ့၏ လေးနက်သော အကြည့်နှင့် ထိတွေ့လိုက်ရတော့၏။


 "ပြန်လာပြီလား"


 “အင်း”


စုရွေ့က ခေါင်းညိတ်လိုက်ပြီး သူမ ကိုယ်ပေါ်ကို စိုက်ကြည့်ရင်း "ပင်ပန်းနေပြီလား"


 "ရှင်က ဘယ်လိုထင်လို့လဲ"


အဖြေကိုသိနေပြီးဖြစ်လျက် လာမေးနေတာကြောင့် စုဝမ် သူ့ကို မျက်ခုံးပင့်ကာ ရန်စောင်သလို ကြည့်လိုက်သည်။ ဤမျှလေးလံသောသရဖူနှင့် ရတနာများချယ်လှယ်ထားသော ဝတ်ရုံကို ၀တ်ဆင်ထားပြီး နာရီပေါင်းများစွာကြာအောင် ရာထူးအပ်နှင်းခြင်းအခမ်းအနား ပြီးမြောက်ရန် သူနှင့်အတူ လိုက်နေခဲ့ရတာကြောင့် သူမ ဘယ်လိုမှ မပင်ပန်းဘဲ မနေနိုင်တော့ပေ။


“အို”


စုဝမ်၏ ပင်ပန်းနေသော မျက်နှာထားကြောင့် စုရွေ့ အကြည့်တို့က တောက်ပလာသည်။ 


“ဒါဆို မင်္ဂလာဝိုင်ကို မသောက်နဲ့တော့၊ပင်ပန်းရင်လည်း အိပ်တော့လေ"


 “အင်း”


စုဝမ် သည် ဤကမ္ဘာ၏ဓလေ့ထုံးတမ်းများကို သိပ်ဂရုမစိုက်သောကြောင့် စုရွေ့ စကားကို ကြားသောအခါ ခေါင်းညိတ်ကာ ပျင်းရိစွာ ကိုယ်ကို တစ်ဖက်လှည့်လိုက်သည်။


သို့သော်လည်း၊သူမ တစ်ဖက်လှည့်ပြီးသည်နှင့် ချက်ချင်း စုရွေ့က သူမတစ်ကိုယ်လုံးကို အတင်းပြန်ဆွဲလိုက်ပြီး "မင်း မအိပ်ခင် အင်္ကျီကို ချွတ်သင့်တယ်မလား၊မင်း ပင်ပန်းနေတာဆိုတော့ ကိုယ် မင်းကို ရေချိုးပြီး အဝတ်အစားလဲပေးမယ်"


အယ်...


စုဝမ် မငြင်းဆန်နိုင်တော့၊သူမ ခန္ဓာကိုယ်ကို ကုတင်ပေါ်မှ ပွေ့ကာ သူက ချီပြီး ရေချိုးခန်းထဲသို့ ခေါ်သွားခဲ့သည်။


 ရေချိုးခန်းထဲမှာ လေထုက ရေငွေ့များဖြင့် ပြည့်နေသည်။သတို့သမီးအခန်းအတွက် ရေနွေးပြင်ဆင်ရန် အိမ်တော်မှ အစေခံများသည် သစ်ခွပန်းအမြစ်များကို ပြုတ်ပြီး ထိုရေနွေးထဲအား အနောက်တိုင်းဒေသများမှလာသည့် ရေမွှေးများ ထည့်ခဲ့ကြသည်။ သို့ဖြစ်၍၊ယခုအချိန်တွင် ရေကန်တစ်ခုလုံးသည် မွှေးရနံ့များဖြင့် ပြည့်နှက်နေပြီး ရေငွေ့ရေခိုးများ အုံ့ဆိုင်းနေပေ၏။


စုရွေ့က စုဝမ်ကို ရေချိုးခန်းဘေးမှ ကျောက်တုံးဖြူပေါ်မှာ တင်ထားလိုက်သည်။ထို့နောက် သူမ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်မင်္ဂလာဝတ်စုံကို သွက်သွက်လက်လက် ချွတ်လိုက်၏။ထိုအခါ အနီရောင်တောက်တောက် ပိုးထည်ဝတ်စုံသည် ကျောက်စိမ်းကြမ်းပြင်ပေါ်တွင် ပုံကျနေပုံက၊ ထူးထူးခြားခြား ဆွဲဆောင်မှုရှိသွားစေသည်။


ယခုအချိန်တွင် စုဝမ်သည် စိမ်းပြာရောင်အောက်ခံအင်္ကျီပါးပါးကို ၀တ်ဆင်ထားခြင်းဖြစ်၍ ပါးလွှာသောအဝတ်အောက်တွင် ဖုံးကွယ်ထားသည့် ခန္ဓာကိုယ် အရှိုက်အဝန်းများက အနည်းငယ် မြင်နေရလေ၏။ စုရွေ့ ၏အကြည့်များက အလိုအလျောက် စူးရှသွားပြီး အသက်ရှုလည်း မြန်လာသည်။


အေးစက်သော သူ့လက်ချောင်းများက စုဝမ်၏ လည်ပင်းအား ထိလိုက်သဖြင့် စူးရှထုံကျင်သောခံစားချက်က သူမ ရင်ဘတ်တစ်ခုလုံး တုန်လှုပ်သွားစေသည်။


 "စု၊ စုရွေ့ ကျွန်မ...ကျွန်မ"


စုဝမ်သည် စုရွေ့၏ လက်ကို စိတ်မရှည်စွာ တွန်းထုတ်ချင်သော်လည်း၊သူက သူမလက်ကို အတင်းချုပ်ကိုင်ကာ သူမ တစ်ကိုယ်လုံးကိုလည်း သူ့ရင်ခွင်ထဲတွင် အတင်းဖက်ထားရင်း ရေနွေးကန်ထဲသို့ ခုန်ဆင်းလိုက်သည်။ထိုအခါ ရနံ့ထုံသင်းသော ရေများကလည်း အငွေ့တို့ထောင်းကနဲထသွားလေသည်။


မွှေးကြိုင်သောရနံ့များအား သိုလှောင် ထားသော ရေနွေးများသည် စုဝမ်၏ အာရုံကြောများကို တဖျပ်ဖျပ်ထိခတ်လေသည်။ခဏအကြာတွင် စုရွေ့ သည် သူမ၏ နားရွက်နားကို ကပ်ပြီး တိုးတိုးလေး ပြောလာသည်။


"ရှောင်ဝမ်၊ကိုယ် မင်းကို ချစ်တယ်” 


 မင်းကိုချစ်တယ်တဲ့...


ရိုးရှင်းသော စကားလုံး ၃ လုံး၊ သို့သော် ဤစကားလုံး ၃ လုံးသည် ကမ္ဘာပေါ်တွင် အလှပဆုံးစကားလုံးများဖြစ်၏။


စုဝမ် သူမ၏ မျက်လုံးအရှေ့ရှိ ရင်းနှီးပြီး ချစ်စရာကောင်းသော သူ့မျက်နှာကို ကြည့်လိုက်သည်။ထို့နောက် သူ့မျက်နှာကို လက်ညိုးဖြင့် ညင်သာစွာ ပွတ်ဆွဲလိုက်သည်။


 "စုရွေ့၊ ကျွန်မလည်း ရှင့်ကို ချစ်တယ်"


ချက်ချင်း သူမ၏ တုံ့ပြန်စကားကို စုရွေ့က အနမ်းများဖြင့် လွှမ်းခြုံလိုက်လေတော့၏။


ဤသို့ဖြင့် တိမ်လို ပျော့ပျောင်းနူးညံ့သော ဆံကေသာကြားမှ ရွှေရောင်ပန်းပွင့်လေးတစ်ပွင့်က သူတို့နှစ်ယောက်၏ နွေဦးညကို နွေးထွေးစေလေတော့သည်။


 နွေဦးညသည် ခါးသီးလှပြီး တိုတောင်းသောကြောင့် နေထွက်လာချိန်တွင် ဧကရာဇ်၏ နံနက်ညီလာခံကို သူတို့ ဇနီးမောင်နှံနှစ်ယောက် တက်ချိန်မရလိုက်ပေ။


စုဝမ် အိပ်ရာက နိုးလာသောအခါ နံနက်လင်းနေပြီဖြစ်ကာ ကုတင်ဘေးမှာလည်း နေရာလွတ်ကြီးဖြစ်နေသည်။ စုရွေ့ စောစောထသွားပုံရ၏။


မယ်တော်ဧကရီအား ဂါရဝပြုဖို့ မနက်စောစော နန်းတော်ထဲ ဝင်ရမည် ဆိုတာကို သတိရပြီး စုဝမ် ချက်ချင်းထဖို့လုပ်သော်လည်း စုရွေ့၏ ရက်စက်မှုကြောင့် နာကျင်ကိုက်ခဲနေရ၍ အနည်းငယ်မျှသာ လှုပ်ရှားနိုင်သည်။ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းရှိ တစ်နေရာရာက မခံနိုင်အောင် နာကျင်လျက်ရှိသည်။


 “ စုရွေ့”


သူမ မထိန်းနိုင်ဘဲ ဒေါသရိပ်များပြည့်နှက်နေသည့်အသံဖြင့် သူ့ကို အော်ခေါ်လိုက်၏။ 


 "ချစ်ဇနီးလေး နိုးပြီလား"


အတွင်းခန်းမှ လှုပ်ရှားမှုများ ထွက်ပေါ်လာသည်ကို ကြားသောအခါ ရေချိုးခန်းထဲတွင် ရေချိုးနေသော စုရွေ့သည် ချက်ချင်းပင် အ၀တ်,ဝတ်ကာ ထွက်လာခဲ့သည်။ရေချိုးပြီးချိန်ဖြစ်‌၍၊သူ့တစ်ကိုယ်လုံးက မွှေးရနံ့များ သင်းပျံ့နေသည်။ရင်းနှီးသောရနံ့ကြောင့် စုဝမ်သည် မနေ့ညက ရေချိုးခန်းထဲမှ မြင်ကွင်းတစ်ခုကို မှတ်မိသွားရကာ မျက်နှာကြီးနီးမြန်းလျက် ချက်ချင်း အောက်ကိုငုံ့မိလိုက်၏။


 "ကျွန်မကို ဘာလို့မနှိုးတာလဲ၊ဒီမနက်စောစော နန်းတော်ထဲကို ဝင်ရမှာ မဟုတ်ဘူးလား”


" နန်းတော်ထဲကို မဝင်နိုင်ဘူးလို့ လူလွှတ်ပြီး ပြောခိုင်းပြီးပြီ"


စုရွေ့ ကုတင်ဘေးတစ်ဝိုက်ကို လှမ်းကြည့်လိုက်ပြီး တစ်ဖန် စုဝမ်အား ငုံ့ကြည့်ကာ ပြုံးပြရင်း "ကျင်းချင်ဝမ်က မနေ့ညက အရမ်းပင်ပန်းနေထားလို့ ဒီမနက် အိပ်ရာက မထနိုင်တော့ဘူးလို့ လေ"


စုဝမ်: ……


မောပန်းနွမ်းနယ်နေပြီလို့ ပြောပေမယ့် ရှင်က သူများတွေထက် အဆပေါင်းများစွာ သန်စွမ်းပြီး တက်ကြွနေတာ မဟုတ်လား..


သို့သော်၊ ဧကရာဇ်မင်းနဲ့ ဧကရီက ဤအကြောင်းပြချက်ကို ယုံမှာ သေချာသည်။ 


ယခုမှပင် စုဝမ်အား စောစောက အနှောင်အယှက်ပေးနေသည့် စိတ်မှာ တစ်နည်းတစ်ဖုံ တည်ငြိမ်သွားပြီဖြစ်သည်။ သူမ အကြောဆန့်ရန် လက်ကို မြှောက်လိုက်သော်လည်း နာကျင်မှုကြောင့် အသက်ပြင်းပြင်းရှူမိကာ မျက်နှာလည်း ဖြူဖျော့သွားရသည် ။


စုဝမ်၏ စိတ်မကောင်းစရာ အခြေအနေကိုမြင်လိုက်ရလျှင် စုရွေ့ အကြည့်ကစူးရှသွားပြီး သူမ လက်နှစ်ဖက်ကို ဆွဲထူပေးလိုက်၏။


 “မလှုပ်နဲ့၊ကိုယ် မင်းကို ရေချိုးပြီး အဝတ်အစားလဲပေးမယ်"


 “ဟင့်အင်း”


စုဝမ် ထိတ်လန့်တကြား အော်လိုက်ပြီး ရှက်သွားသဖြင့် ခေါင်းကို တစ်ဖက် လှည့်လိုက်သည်။ထိုအခါ၊စုရွေ့က ညင်သာစွာ ရယ်မောရင်း သူမ နဖူးကို ငုံ့နမ်းလိုက်သည်။


"မနေ့ညက ကိုယ်...စိတ်မထိန်းနိုင်ဖြစ်သွားတာပါ၊  စိတ်မပူပါနဲ့၊အခုကစပြီး အဲ့ဒီလိုမလုပ်တော့ဘူး၊ စိတ်မဆိုးပါနဲ့နော်"


သူ၏ နူးညံ့သော စကားတို့ကြောင့် စုဝမ် အကြည့်က အနည်းငယ် စိတ်ချသွားဟန်ရှိသော်လည်း၊သူမ၏အဖြစ်က သနားစရာကောင်းလှသည်။ သူမသည် ဤအိမ်ထောင်ရေးရာ ကိစ္စရပ်များတွင် ဗဟုသုတနည်းပါးနေသေးသည်။ သူမ တစ်ချက်မှ နားမလည်ခဲ့သည်က၊ အိပ်ယာပေါ်က ယောက်ျားတစ်ယောက်၏ စကားကို ယုံ၍မရဘူးဆိုတာပင်။အိပ်ယာပေါ်က ဆင်းပြီးနောက် ပြောသည့်စကားများကလည်း ပို၍ပင် မယုံရချေ။


 မွန်းတည့်ချိန်မှသာ စုဝမ်သည် ဝမ်ယွဲ့ အကူအညီဖြင့် သတို့သမီးအခန်းကို လှည့်ပတ်သွားလာနိုင်ခဲ့သည်။ ထိုအချိန်တွင်၊ ကျွေးယွဲ့သည် ကျင်းချင်ဝမ်အိမ်တော်၏ အစေခံများကို ဧကရာဇ်နန်းတော်မှ ပေးအပ်ထားသည့် ပစ္စည်းအားလုံးအား အပြင်ဘက်ခန်းမသို့ ရွှေ့ပြောင်းခိုင်းစေခဲ့သည်။စုဝမ်က ထိုပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ရှုသည်။


 မိန်းကလေးတစ်ယောက် အိမ်မှာနေရင်း သုံးနိုင်သည့် ရွှေငွေလက်ဝတ်ရတနာများအပြင်၊ဧကရာဇ်မင်းမြတ်နှင့် မယ်တော်ဧကရီက ပေးအပ်သည့် ကျန်ပစ္စည်းများက ရှားရှားပါးပါး ဆေးဖက်ဝင်အစားအသောက်များပင်။ 


ကျောက်ကပ်ကို ပြုပြင်ပေးပြီး လိင်စိတ်ခွန်အားကို အားကောင်းစေသော ဆေးများပင်။ ထိုအရာအားလုံးသည် စင်စစ် အဓိပ္ပါယ်မရှိပေ။ အားဆေးများအပြည့်တင်ထားသော စားပွဲကိုကြည့်ရင်း စုဝမ်၏မျက်နှာမှာ မည်းမှောင်သွားရသည်။


 "ဝမ်ဖေး ကျေးဇူးပြုပြီး ဒါတွေကို ကြည့်ပါ၊ပြီးရင် မီးဖိုခန်းကို ပြင်ခိုင်းလိုက်ရမလား..."


စုဝမ် ပုံစံက သိပ်ပြီးဒေါသဖြစ်နေပုံမပေါ်၍ ကျွေးယွဲ့သည် သူမနောက်ကိုလိုက်လာရင်း အသံလျှော့ကာ မေးလိုက်သည်။


 "လွှင့်ပစ်လိုက်၊အားလုံးကို ပစ်လိုက်”


ယခု သူမသည် ဆေးဝါးများကို မြင်ရသောအခါ ဒေါသစိတ်တို့က တောက်လောင်လာသည်။


ကျောက်ကပ်ကို အာဟာရဖြည့်ပေးပြီး လိင်စိတ်စွမ်းအားကို မြှင့်တင်ပေးသတဲ့… အရှင့်သားသာ ဒီဆေးဝါးတွေ၊အစားအသောက်တွေ စားလိုက်ရင် ကောင်းကင်ပေါ်တောင် တက်သွားလိမ့်မယ်...သူမ အသက်ရှင်နေလျက် အိပ်ယာထဲမှာ မသေချင်သေးပါဘူးနော်...


ကျွေးယွဲ့ ချက်ချင်း ခေါင်းညိတ်ပြီး လက်ဝတ်ရတနာများနှင့် အဆင်တန်ဆာများကို ချန်ထားခဲ့ရန် အစေခံများအား ညွှန်ကြားခဲ့သည်။ သူကတော့ ဧကရာဇ်ပေးထားသည့် ဆေးဝါးအားလုံးကို လက်ထဲမှာ ကိုင်ပြီး ထွက်လာခဲ့လိုက်၏။


စုဝမ်၏ ခြံဝင်းထဲက ထွက်လာမိလျှင် ကျွေးယွဲ့ သက်ပြင်းချလိုက်ကာ  စျေးကြီး ရှားပါးဆေးများကို ငုံ့ကြည့်မိ၏။ထို့နောက် သူ တုံ့ဆိုင်းနေသော်လည်း ခဏစဉ်းစားပြီးနောက် စုရွေ့၏ စာကြည့်ခန်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။



___~~~

🚩