Chapter 184
Viewers 20k

🚩Chapter -184

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 20]


_____


ညစာစားပြီးနောက် ယန်ယွီချင်း၏လည်ချောင်းမှာ အနည်းငယ်ယောင်လာသည်။ သို့သော်ငြား သူမက အဆင်မပြေမှုကို တောင့်ခံနေကာ ဘုရင်မင်းမြတ်အား ကျင်ဖန်းနန်းဆောင်တွင်အိပ်စက်စေချင်နေသည်။


 ကံမကောင်းစွာနှင့် ညစာစားပြီးသည့်အခါ စုရွေ့က စကားတစ်ခွန်းမဆိုဘဲ ဝမ်ရိနှင့်အတူထွက်သွားလေသည်။ ထို့နောက် အစေခံတို့အား ဆုလာဘ်များစွာ ပို့ဆောင်လိုက်ရန် ညွှန်ကြားလိုက်၏။ သို့သော်လည်း ထိုဆုလာဘ်များမှာ ယန်ယွီချင်းအတွက် အဓိပ္ပာယ်မရှိပေ။ 


သူမလိုချင်သည်က ဘုရင်မင်းမြတ်၏ ကိုယ်၊စိတ်၊ခန္ဓာနှင့် နှလုံးသားဖြစ်သည်။ ဤရွှေ၊ငွေနှင့် ကျောက်မျက်ရတနာများမဟုတ်ပေ။


“သခင်မ...အဆင်ပြေပါရဲ့လား”


ယန်ယွီချင်းက မျက်နှာပေါ်တွင် ဆိုးဝါးသည့်အမူအရာနှင့်အတူ ရေများသာသောက်နေသည်ကိုတွေ့သောအခါ စုဝမ်က မျက်လုံးအောက်မှ အပြုံးများကို ဖုံးကွယ်လိုက်ကာ စိုးရိမ်မှုများဖြင့်မေးလိုက်သည်။ 


“ပြေပါတယ်”


ယန်ယွီချင်းခေါင်းခါလိုက်သည်။ ဤအတွင်းဆောင်၌ လူအရမ်းများကာ အခြားလူများ၏ သူလျှိုများရောနှောရှိနေလား သူမ မသိချေ။ ယန်ယွီချင်းက ငယ်ရွယ်စဥ်ကပင် အစပ်မစားနိုင်ပေ။ သို့သော် ထိုအကြောင်းများကို လူတော်တော်များများမသိကြသလို၊ သူမကလည်း ပြောပြရန် ဆန္ဒမရှိချေ။


“စုဝမ်...အရှင်က ဒီနေ့ညစာကို အားရပါးရနဲ့ ကျေကျေနပ်နပ်သုံးဆောင်သွားတယ် ဒီနေ့ရတဲ့ ဆုလာဘ်ထဲက ကြိုက်တာကိုရွေးလို့ရတယ် ဒီညအတွက် ငါနင့်ကို ဆုချတယ်လို့သဘောထားလိုက်”


“ကျေးဇူးတင်ပါတယ် သခင်မ”


စုဝမ်က ယန်ယွီချင်းအား ဦးညွှတ်၍ ကျေးဇူးတင်လိုက်၏။ ယခုအချိန်တွင် သူမနှိမ့်နှိမ့်ချချနေလေ၊ တစ်နည်းအားဖြင့် ယန်ယွီချင်းအား နာနာခံခံနေလေ၊ ယန်ယွီချင်းက သခင်မဖြစ်ရခြင်း၏ ဘဝင်မြင့်မှုများကို ပိုခံစားရလေဖြစ်လိမ့်မည်ကို စုဝမ်သိသည်။ 


ညဘက်သို့ရောက်သောအခါ အဆင့်နိမ့်နန်းတွင်းအစေခံအချို့ကသာ အိပ်ဆောင်တွင်ကျန်ခဲ့ပြီး ပြုစုစောင့်ရှောက်ကြသည်။ စုဝမ်ကတော့ အခန်းသို့ စောစောပြန်လာ၏။ သူမက ယန်ယွီချင်း၏ လူယုံတော်အစေခံဖြစ်သည့်အတွက် သူမ၏အခန်းက ယန်ယွီချင်း၏ အိပ်ဆောင်နှင့် ကပ်ရပ်ဖြစ်သည်။ အခန်းက အသင့်အတင့်ရှိသော အခန်းကျဥ်းလေးပင်။


စုဝမ် တံခါးဖြတ်၍ဝင်လာသည်နှင့် ကုတင်ပေါ်တွင် အပြုံးနှင့်ထိုင်ကာ ဆီးကြိုနေသော စုရွေ့ကို တွေ့လိုက်ရသည်။ 


“ဇနီးလေး...ကိုယ့်ကို နှစ်သိမ့်ပေးပါဦး”


စုရွေ့က သူ၏ကြည့်ကောင်းသည့် မျက်ဝန်းများကို တဖျတ်ဖျတ်ခတ်လိုက်ရင်း စုဝမ်အား ဝမ်းနည်းမှုများနှင့် ကြည့်လိုက်သည်။ ဆိုးဝါးလှသည့်အကြံဉာဏ်အားလုံးက သူ့ဇနီးလေး၏လက်ချက်ဖြစ်ပြီး ယန်ယွီချင်းတောင်မှ သူမလက်ထဲတွင် ကစားခြင်းခံလိုက်ရသည်။ စစ်သူကြီးစု မပျော်နိုင်ဖြစ်နေ၏။


ကံကောင်းစွာနှင့် ယန်ယွီချင်းက အလိုက်သိကာ ခေါင်းမာမာနှင့် အဆက်မပြတ်ကပ်မနေပေ။ ထိုတစ်ချက်သည် ယခင်ကမ္ဘာမှ ကျန်းယိုဆိုသည့် အရူးမထက်ပိုသာသည်။ 


“သေချာတာပေါ့ ဒါကရှင့်အတွက် နာကျင်နေတဲ့နှလုံးသားလေးကို နှစ်သိမ့်ပေးဖို့...”


စုဝမ်က ကုတင်ဆီသို့ လာလိုက်ကာ ယန်ယွီချင်းဆီမှ ရလာသော ပစ္စည်းလေးကို စုရွေ့လက်ထဲသို့ ပစ်ပေးလိုက်သည်။ 


စစ်သူကြီးစု : ……


ဇနီးလေး....ဒီပစ္စည်းတွေကို ပြန်ယူမလာနဲ့လေ


“ဇနီးလေး”


စုရွေ့က စုဝမ်အားဆွဲကာ ရင်ခွင်ထဲတွင်နေစေလိုက်၏။ 


“နောက်တစ်ဆင့်ကိုဘယ်တော့လှမ်းမယ်လို့ တွေးထားလဲ အဲ့ဒီ ရွှီပင်းယွဲ့က မင်းကိုအခုထိ ချန်ရှန့်ပေရဲ့စာမပေးသေးဘူး သူမဘာကိုစောင့်နေတယ်လို့ထင်လဲ”


သူမဘာကိုစောင့်နေတာလဲ။


ရွှီပင်းယွဲ့က အခွင့်အရေးကိုစောင့်နေတာလေ...။


ထိုအကြောင်းကို စဥ်းစားရင်း စုဝမ်ကခေါင်းမော့ကာ စုရွေ့အား အပြုံးလေးနှင့် ကြည့်လာသည်။ 


“ရွှီပင်းယွဲ့က အခွင့်အရေးကိုစောင့်နေတာ...အရှင်...သူမကို ရက်ရက်ရောရာနဲ့ အခွင့်အရေး‌ပေးသင့်တယ်”


စုရွေ့ : ထပ်ပြီး ကိုယ်ပဲလား...။


စုရွေ့၏ဗလာဖြစ်သွားသည့် အမူအရာကိုကြည့်ရင်း စုဝမ်မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ 


စစ်သူကြီးစု...စစ်သူကြီးစု ရှင်က စစ်မြေပြင်ထဲမှာ မရေမတွက်နိုင်တဲ့ ရန်သူတွေနဲ့လည်း တိုက်ခိုက်အောင်မြင်ခဲ့တယ်....နန်းတွင်းညီလာခံမှာလည်း သေချာစွမ်း‌ဆောင်နိုင်တယ်...အဲ့ဒီ့အပြင် စီးပွားရေး‌လောကမှာလည်း ကျွမ်းကျင်တယ်...ဒါပေမယ့် အနောက်ဘက်နန်းဆောင်က နှလုံးသားရေးရာနဲ့ မိန်းမတွေအကြောင်း‌ကိုတော့ ရှင်နားမလည်သေးဘူးဘဲ....။


သူတို့တွေရဲ့ လက်ဖျားခါလောက်တဲ့ ဦးနှောက်လှည့်ပတ်ပုံနဲ့ စိတ်ကူးစိတ်သန်းတွေက ရှင့်တွေးထားထက် အများကြီးကျော်လွန်တယ်...။


ဒုတိယနေ့တွင်လည်း ကျင်ဖန်းနန်း‌‌ဆောင်၌ သက်ဝင်လှုပ်ရှားနေဆဲပင်...။ ယန်ယွီချင်းက မနက်ကတည်းက ဝတ်စားပြင်ဆင်ပြီး ဘုရင်မင်းမြတ်အလာကို စောင့်နေခဲ့သည်။ သို့သော် ကံမကောင်းစွာနှင့် သူမက တစ်နေ့လုံးစောင့်နေခြင်းနှင့်သာ အဆုံးသတ်သွားရကာ ‌နောက်ဆုံး၌ ဘုရင်းမင်းမြတ်က အသစ်တင်မြှောက်လိုက်သော မိန်းမလှလေးချန်ဆီသို့ ကြွချီသွားကြောင်း သိလိုက်ရသည်။ မိန်းမလှလေးချန်က သေးသွယ်ကာ လှပသည်ဟုပြောကြ၏။ နောက်ရက်အနည်းလောက်ထိ ဘုရင်မင်းမြတ်က ကျင်ဖန်းနန်းဆောင်သို့ ရောက်မလာခဲ့ပေ။ ယန်ယွီချင်းကတော့ နန်းတွင်းစားဖိုဆောင်မှပို့လာသည့် အစပ်များသော အစားအစာများကို နေ့တိုင်းစားနေရသည်။


အချိန်အချို့ကုန်လွန်သွားပြီးနောက် သူမ၏ကိုယ်တွင်းအပူများက မြင့်တက်လာကာ မျက်နှာတွင် အနီရောင်ဝက်ခြံများထွက်လာသည်။ သူမပိုပြီး ဒေါသတကြီးဖြစ်လေ၊ ဝက်ခြံတို့က ပိုထွက်လာလေဖြစ်ရာ ထိုစက်ဝန်းမှာ ဖန်တလဲလဲလည်ပတ်နေလေ၏။ 


အလှနဲ့မဟုတ်ဘဲ ဘုရင်မင်းမြတ်ကို စိတ်ကျေနပ်မှုရစေပြီး နှလုံးသားကိုကိုင်လှုပ်နိုင်အောင် ဘယ်လိုလုပ်ရမလဲ...။


ယန်ယွီချင်းက ချက်ချင်း စုဝမ်ကို နန်းတွင်းဆေးကုသဆောင်သို့သွား၍ အကောင်းဆုံးဆေးပညာ အရည်အချင်းများရှိသည့် လုမုရွှင်ကို ခေါ်ခိုင်းလိုက်သည်။


ယခုတစ်ခေါက်က စုဝမ် လုမုရွှင်ကိုတွေ့သည်မှာ ဒုတိယတစ်ခေါက်ပင်...။ နောက်ဆုံးတစ်ခေါက်တွေ့တုန်းကထက် သူကပို၍ ညင်ညင်သာသာရှိနေ၏။ ထို့အပြင် သူ၏မျက်နှာအမူအရာကလည်း ပျော်ပျော်ရွှင်ရွှင်ရှိနေကြောင်း ဖော်ပြနေသည်။ 


သူနှင့် ယန်ယွီ‌နော့ကြားတွင် အခြေအနေများ တိုးတက်မှုရှိနေသည်ဟု စုဝမ်ကောက်ချက်ချလိုက်၏။ 


အမျိုးသားဇာတ်လိုက်ကို တန်ပြန်တိုက်ခိုက်နိုင်မယ့်အခွင့်အရေးက မျက်စိအရှေ့လေးတင်မှာပဲ...အောင်မြင်ဖို့ ခြေတစ်လှမ်းအကွာလေးပဲလိုတော့တယ် ကံကောင်းပါစေ နန်းတွင်းသမားတော်လု...။


ယန်ယွီချင်းနှင့် ယန်ယွီနော့အကြားမှ ဆက်နွှယ်မှုကြောင့်ဖြစ်နိုင်သည်။ လုမုရွှင်က သူမအား သေချာဂရုတစိုက်နှင့် ကုသပေး၏။ ကုသမှုပြီးသွားပြီး ဆေးအညွှန်းများရေးပြီးသွားသည့်နောက် စုဝမ်က ဖုလုနှင့်အတူ နန်းတွင်းဆေးကုသဆောင်သို့ ‌ဆေးများလိုက်ယူရန် လူတစ်ယောက်ထည့်ပေးလိုက်သည်။ သူမကတော့ လုမုရွှင်အား လူကိုယ်တိုင် ကျင်ဖန်းနန်း‌ဆောင်၏ အပြင်ဘက်သို့ လိုက်ပို့လိုက်သည်။


“ဒီအထိဆိုရင်အဆင်ပြေပါပြီ”


လုမုရွှင်က ကျင်ဖန်းနန်းဆောင်တံခါးဝတွင်ရပ်သွားကာ စုဝမ်အား အပြုံး‌လေးနှင့် လှည့်ကြည့်လာသည်။ 


“ပြန်ပြီး သခင်မကို သေချာဂရုစိုက်ပေးလိုက်ပါ ကျွန်‌တော်ကရွှီနင်နန်းဆောင်ကိုသွားပြီး ကိုယ်လုပ်တော်လျန်ကို ကြည့်ပေးရဦးမှာ”


“အိုး...ဒါဆိုလည်း ဂရုစိုက်သွားပါ နန်းတွင်းသမား‌တော်လု”


စုဝမ်က လုမုရွှင်၏စကားများကိုကြားသောအခါ အံ့ဩမသွားပေ။ ဤမောင်းမဆောင်တွင် ကိုယ်လုပ်တော်လျန်က ငြိမ်ငြိမ်မနေသည့် ချိန်ကိုက်ဗုံးတစ်ခုလိုပင်။ သူမက ရုတ်တရက် လှုပ်ရှားပြုမူကာ စုဝမ်၏ အစီအစဥ်များကို နှောင့်ယှက်လာနိုင်သည်။ သူမကိုင်တွယ်နိုင်သည့် အလုံခြုံဆုံးနည်းလမ်းက အချိန်နှင့် စွမ်းအင်တို့ အကုန်မခံဘဲ သူမကိုနေမကောင်းဖြစ်စေကာ အိပ်ရာပေါ်တွင် လဲနေစေသည့်နည်းသာဖြစ်သည်။ 


နန်းတွင်းသမားတော်လုရဲ့ ဆေးပညာအရည်အချင်းတွေက တော်ပါတယ် ဒါပေမယ့် သမားတော်စီရဲ့ ဆေးပညာအရည်အချင်းတွေကိုတော့ မှီပါ့မလား...။


ကြီးမြတ်သည့်ရှမင်းဆက်ကမ္ဘာတွင် သူမက သမားတော်စီထံမှ အဆိပ်အသုံးပြုပုံ၊ အသုံးချပုံများအကြောင်းသင်ယူခဲ့ရပြီး အဆိပ်နှင့်ပတ်သက်သည့် သူမ၏အရည်အချင်းများက ချွင်းချက်မရှိဖြစ်လာခဲ့သည်။ ထိုအရည်အချင်းကို အသုံးပြုနိုင်သည့်အကြောင်းအရင်းက ရောက်ရှိနေသည့် ကမ္ဘာ၏နောက်ခံချင်းတူနေ‌သောကြောင့်ဖြစ်သည်။ အဆိပ်ပြင်းလေ၊ ပါဝင်သည့်ပစ္စည်းများပိုလိုအပ်လေပင်...။ စုဝမ်က အရောင်မဲ့၊ အရသာမဲ့ကာ အာနိသင်ပြသည့်အရှိန်နှေးသည့် အဆိပ်မဖော်စပ်နိုင်ခင် ဝမ်ရိအား ရက်တော်တော်ကြာ နန်းတွင်းသိုလှောင်ရုံသို့သွား၍ ပါဝင်ပစ္စည်းများကို ရှာခိုင်းခဲ့သည်။ နောက်ဆုံးတွင် ထိုအဆိပ်ကို ကိုယ်လုပ်တော်လျန်အပေါ်တွင် အသုံးပြုခဲ့သည်။


စုဝမ်က ဤကမ္ဘာမှလူအားလုံးအား အထင်သေး၊ လျှော့တွက်လိမ့်မည်မဟုတ်ပေ။ 


“ချောင်ပိတ်နေသည့်ယုန်တောင် ပြန်ကိုက်တတ်သည်” ဆိုသည့်စကားပင်ရှိသည်မဟုတ်လား...။ အသက်ရှိကာ အသိဉာဏ်မြင့်မားသည့် လူဆိုလျှင်တော့....။


ဇာတ်ကြောင်းနှင့် ရင်းနှီးပြီးသား အချို့အေးဂျင့်များတောင်မှ တာဝန်ကျကမ္ဘာမှ အခြားသူများ၏ ဇာတ်ကြောင်းကြောင့် တစ်ခါတရံတွင် ကမောက်ကမဖြစ်တတ်ကြသည်။ စုဝမ်က ထိုကဲ့သို့ မကြုံဖူးသေးသော်လည်း အလွန်ဂရုတစိုက်နှင့် ပြုမူဆောင်ရွက်ကာ သူမကိုယ်သူမ အန္တရာယ်ထဲသို့ အရောက်ခံမည်မဟုတ်ချေ။


ယခုအချိန်အတောအတွင်းတွင် အနောက်ဘက်နန်းဆောင်က အေးအေးချမ်းချမ်းမရှိပေ။ ကိုယ်လုပ်တော်ယွီ၏ ကြေကွဲဖွယ်သေဆုံးခြင်းနှင့်အတူ ကိုယ်လုပ်တော်ရှုအသတ်ခံလိုက်ရခြင်းက ‌မောင်းမဆောင်ထဲရှိ မိန်းမများကို ကြောက်ရွံ့တုန်လှုပ်နေစေ၏။ ရက်တော်တော်ကြာအောင် ဘုရင်မင်းမြတ်က အိပ်ရာထဲတွင်ခစားရန် မည်သူ့ကိုမှ ဆင့်ခေါ်မလာခဲ့သောကြောင့် အားလုံးက စိတ်လှုပ်တရှားနှင့် အခြေအနေတို့ကို စောင့်ကြည့်နေခဲ့ကြသည်။ မည်သူကမှ ရဲတင်းစွာ အရှေ့သို့မတိုးရဲကြချေ။ အထူးသဖြင့် မယ်တော်ကြီး ရှီနင်းနန်းဆောင်တွင် အကျယ်ချုပ်အချခံရပြီးနောက်ပိုင်း၌ အနောက်ဘက်နန်းဆောင်မှ လေထုက သိသိသာသာသိပ်သည်းလာလေသည်။ 


ယန်ယွီချင်း မိန်းမလှလေးဘွဲ့ ပေးအပ်ခံရချိန်တွင် လူတိုင်းနှလုံးသားထဲ၌ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ 


ယန်ယွီချင်း၏ ရာထူးမြင့်သွားသည်နှင့်အတူ အခြားလူသစ်အတော်များများက မိန်းမလှလေးများနှင့် နန်းတွင်းကိုယ်လုပ်တော်ဘွဲ့များ အသီးသီးပေးအပ်ခြင်းခံရသည်။ ထိုလူများက သာမန်မိန်းကလေးများဖြစ်ကာ အချို့မှာ နန်းတွင်းအစေခံများဖြစ်သည်။ သို့သော် သူတို့အားလုံးက ဘုရင်မင်းမြတ်၏ မျက်နှာသာပေးအလိုလိုက်ခြင်းခံကြရ၏။ အသစ်ရောက်ရှိလာသည့်မိန်းကလေးများက ငယ်ရွယ်ကာ မရင့်မှည့်သေးသော အရွယ်များဖြစ်ကြသည်။


ဘုရင်မင်းမြတ်က အကြိုက်များပြောင်းသွားတာလား...။ 


အတွင်းဘက်နန်းဆောင်မှ အစေခံများက ထိုကိစ္စနှင့်ပတ်သက်၍ ခန့်မှန်းဆွေးနွေးနေကြချိန်၌ ယန်ယွီနော့နှင့် ရွှီပင်းယွဲ့တို့က ရှန့်ဖူနန်းဆောင်တွင် နားချိန်ရသည့်အခွင့်အရေးကိုယူ၍ ကျင်ဖန်းနန်းဆောင်သို့လာကာ ယန်ယွီချင်းဆီသို့ အလည်ရောက်လာကြ၏။


ထိုအချိန်တွင် ယန်ယွီချင်းက မျက်နှာပေါ်၌ ဝက်ခြံအနည်းငယ်သာကျန်တော့သော်လည်း အသားအရေကတော့ ဆိုးဝါးနေဆဲပင်။


ယန်ယွီနော့နှင့် ရွှီပင်းယွဲ့တို့ရောက်လာသည်ကိုကြည့်ရင်း ယန်ယွီချင်းက စုဝမ်အား သူတို့နှစ်ယောက်ကို နွေးထွေးစွာ ဧည့်ခံခိုင်းလိုက်သည်။ ထို့အပြင် ညစာအတူစားသွားရန်လည်း ပြောလိုက်သည်။ 


ယခုက ယန်ယွီချင်း မိန်းမလှလေးအဖြစ် ရာထူးတိုးသွားပြီးနောက်ပိုင်း ညီအစ်မလေးယောက် ထမင်းအတူစားသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ 


ညစာစားနေစဥ်တွင် ရွှီပင်းယွဲ့က စုဝမ်ထံသို့ တိုးသွားကာ ဝတ်ရုံကြားထဲမှ စာကိုထုတ်ပေးလိုက်သည်။ 


“အစ်မရှောင်ဝမ်…ဒါဘာလို့ထင်လဲ”


“ဒါက…”


ရွှီပင်းယွဲ့၏လက်ထဲတွင်ကိုင်ထားသောစာကိုကြည့်ရင်း စုဝမ်၏မျက်လုံးများ တောက်ပသွားသည်။


 “ဒါက ချန်…”


“ရှူး…”


ရွှီပင်းယွဲ့က တိတ်တိတ်နေရန် အမူအရာပြကာ ပြုံးလျက် စာကို စုဝမ်လက်ထဲသို့ ထည့်ပေးလိုက်၏။ 


“မင်းတို့နှစ်ယောက် ဘာတွေတိုးတိုးပြောနေတာလဲ စုဝမ်...နင့်လက်ထဲကကိုင်ထားတာဘာလဲ”


မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ယန်ယွီချင်းက ရွှီပင်းယွဲ့၏ မူမမှန်သည့် အမူအရာကို သတိထားမိ၏။ သူမက အလွန်လျှို့လျှို့ဝှက်ဝှက်နှင့် ပြုမူနေသောကြောင့် သံသယတို့ တိုးပွားလာရာ မဆိုင်းမတွဘဲ မေးလိုက်သည်။ 


သူမ၏မေးခွန်းကိုကြားသောအခါ ရွှီပင်းယွဲ့၏မျက်နှာပေါ်တွင် ကျေနပ်နေသည့်အမူအရာအချို့ဖြတ်ပြေးသွား၏။ စုဝမ်က တွန့်ဆုတ်စွာနှင့် ချန်ရှန့်ပေ၏စာကို ထုတ်ပြလာသည်။ 


“ဒါက စုဝမ်အတွက်စာပါ ဒါက…စုဝမ်ရဲ့ စေ့စပ်သတို့သားလောင်းရေးထားတာပါ”


“ဟင်”


ယန်ယွီချင်းနှင့် ယန်ယွီနော့တို့က စုဝမ်ကို တအံ့တဩနှင့်ကြည့်လာကြသည်။ သူတို့နှစ်ယောက်က ထိုသတင်းကြီးကြောင့် အံ့ဩသွားကြမှန်း သိသာလှသည်။ 


“စုဝမ်…ငါတို့ဆီကနေဖုံးထားရတာ တော်တော်ခက်ခဲခဲ့မှာပဲနော်… ငါတို့သိသွားတာတောင်မှ သေချာပြောမပြသေးဘူးလား”


အစတွင် ယန်ယွီချင်းက ရွှီပင်းယွဲ့သည် စုဝမ်ကို ကျော်နင်းရန်ကြိုးစားနေသည်ဟု ထင်လိုက်သော်လည်း ထိုသို့ဖြစ်ပုံမရချေ။ 


မည်သည့်နေရာမှ ပေါ်လာမှန်းမသိသည့် စုဝမ်၏ စေ့စပ်သတို့သားလောင်းနှင့် ပတ်သက်၍ ယန်ယွီနော့လည်း အလွန်စိတ်ဝင်စားနေသည့်ပုံပေါ်နေ၏။ လူတိုင်း၏အကြည့်များအောက်တွင် စုဝမ်က ရွေးချယ်စရာမရှိဘဲ သူမနှင့် ချန်ရှန့်ပေကြားမှ ဇာတ်လမ်းကို ပြောပြလိုက်ရသည်။


ရှုပ်ထွေးလှသည့် ဇာတ်လမ်းကိုကြားပြီးနောက် ယန်ယွီချင်း သက်ပြင်းချလိုက်မိ၏။ 


“စုဝမ်…နင်က အရမ်းကံကောင်းပါတယ် နင်နဲ့မေတ္တာမျှနေတဲ့ နန်းတွင်းအစောင့်တပ်ခေါင်းဆောင်ချန်က လူကောင်းတစ်ယောက်ပဲ”


“ဟုတ်တယ်”


ယန်ယွီချင်း၏စကားများကိုကြားပြီးနောက် ရွှီပင်းယွဲ့လည်း သက်ပြင်းချလိုက်သည်။


“ဒီတစ်ခေါက် အစောင့်စစ်တန်းလျားကို အလုပ်လုပ်စရာရှိလို့သွားတော့ အစ်ကိုကြီးချန်နဲ့တွေ့ခဲ့လို့ ကံကောင်းသွားတာ… မဟုတ်ရင် တခြားလူသာဆို ကျွန်မ သေနေလောက်ပြီ အစ်ကိုကြီးချန်က ငယ်ရွယ်ပြီး အလားအလာတွေရှိနေတဲ့ လူတစ်ယောက်…ပြီးတော့ ရဲရင့်ပြီးထက်မြက်တယ် အစ်မရှောင်ဝမ်နဲ့လည်း တကယ်ကိုလိုက်ဖက်တယ် ကျွန်မသာ အဲ့လို ခင်ပွန်းတစ်ယောက်ရမယ်ဆိုရင် အထက်တန်းကိုယ်လုပ်တော်နေရာကို ပေးလာရင်တောင်မှ လုံးဝစိတ်ပြောင်းပစ်မှာမဟုတ်ဘူး” 


“မင်း…ဒီကောင်မလေးတော့”


ရွှီပင်းယွဲ့၏စကားများကို ကြားပြီးနောက် စုဝမ်က ရှက်ရွံ့နေသည့်အမူအရာလေးပြကာ တီးတိုးပြောလာသည်။ 


“အစ်ကိုချန်က မင်းပြောသလို ဘယ်လိုလုပ်ကောင်းပါ့မလဲ”


“ဘာလို့မကောင်းရမှာလဲ”


စုဝမ်၏စကားများကိုကြားသောအခါ ရွှီပင်းယွဲ့၏မျက်လုံးများက တောက်ပသွားကာ စနောက်သည့်သဘောယောင်ဆောင်ကာ ပြောလာသည်။ 


“တကယ်လို့ အစ်မရှောင်ဝမ် သူ့ကိုမလိုချင်ဘူးဆိုရင် ကျွန်မသူ့ကိုလိုချင်တယ် ဒီလိုယောက်ျားကောင်းမျိုးကို လိုက်ရှာရင်တောင်ရှာမတွေ့နိုင်ဘူး”


“ဒီကောင်မလေး…အဓိပ္ပာယ်မရှိတာတွေပြောနေပြန်ပြီ”


ရွှီပင်းယွဲ့၏စကားများကိုကြားပြီးနောက် စုဝမ်၏မျက်နှာက ပို၍ပင် ရှက်သွေးဖြာလာကာ လက်ထဲမှ ချန်ရှန့်ပေ၏စာကို တင်းကြပ်စွာကိုင်လိုက်သည်။ 


ယန်ယွီနော့က ၎င်းသည် ညီအစ်မများကြားမှ စနောက်မှုဟုထင်လိုက်သောကြောင့် နှလုံးသားထဲအထိ အတည်မယူလိုက်ပေ။ ထိုအစား ယန်ယွီချင်းကတော့ စုဝမ်နှင့် ရွှီပင်းယွဲ့တို့၏ တုံ့ပြန်မှုများနှင့် အမူအရာများကို ဂရုတစိုက်နှင့် သတိထားကြည့်နေလေ၏။


ချန်ရှန့်ပေ…အဲ့လူက အဲ့လောက်တောင်ကောင်းတာလား…။


____

🚩