Chapter 271
Viewers 22k

Volume 12 : ရူပဗေဒဌာန


Chapter 271 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၂၃)

ယွဲ့ရှင်းဝမ်၏ခန္ဓာကိုယ်သည် လေထဲတွင် ပျံတက်သွားပြီး သူ့စိတ်ထဲတွင် တန်ပြန်အစီအစဥ်များကို လျင်မြန်စွာ တွေးတောနေမိသည်။

ဤသတ္တဝါသည် အဆင့်မြင့်တီကောင်ဗားရှင်းကဲ့သို့ သက်ရှိပုံစံအသစ်များအဖြစ်ပွားနိုင်ပြီး ထို့ကြောင့် ခွဲစိတ်ဓားနှင့် တြိဂံကဲ့သို့သော ချွန်ထက်သောကိရိယာများသည် ၎င်းအပေါ် သက်ရောက်မှုမရှိပါ။

ကျိုဖုန်း၏လျှပ်စီးကြောင်းသည် ပိုးကောင်ငယ်များကို လောင်ကျွမ်းစေနိုင်သောကြောင့် သီအိုရီအရ ထိုကဲ့သို့သော ပိုးကောင်ကြီးများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း အသုံးဝင်သင့်ပါသည်။

သို့သော် ဤအရာသည် ခေါင်းသုံးလုံးရှိပြီး ၎င်း၏အနံ့အာရုံ၊ အမြင်အာရုံနှင့် အကြားအာရုံတို့သည် အလွန်စူးရှသော အရာဖြစ်သည်။ လက်ရှိတွင် ၎င်းကို မလှုပ်ရှားနိုင်အောင် မရပ်တန့်သရွေ့ တိကျစွာ ဓာတ်လိုက်နိုင်မည်မဟုတ်ပေ။

ဒါကို စဉ်းစားရင်း ယွဲ့ရှင်းဝမ်က ကျိုဖုန်းကို ချက်ချင်းကြည့်လိုက်သည်။ "စီနီယာအစ်ကို၊ ကျွန်တော် ဒီအကောင်ကို ရပ်တန့်လိုက်မယ်၊ စီနီယာအစ်ကို ဓာတ်လိုက်အောင်လုပ်လိုက်!"

ဤအချိန်တွင် သူတို့သည် ရှင်းယန်၏ဖန်ပုလင်းထဲမှာ ထိုင်နေကြပြီး ပိုးကောင်ကြီး၏ဟိန်းသံကြောင့် နားအူနေကာ ယွဲ့ရှင်းဝမ်ပြောနေတာကို ကြားရန်ခက်ခဲသော်လည်း ကျိုဖုန်းက သူ့အမူအရာမှ သူဘာကိုဆိုလိုသည်ကို သဘောပေါက်ကာ ခေါင်းညိတ်ပြလိုက်ပြီး စွမ်းရည်ကိုထုတ်လွတ်ဖို့ ပြင်ဆင်လေသည်။

ယွဲ့ရှင်းဝမ်၏ညာလက်သည် ကျောက်ပတ်တီးစည်းထားပြီး သူသည် ဘယ်လက်ဖြင့် “ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ”ကိုဖွင့်ကာ စာကြောင်းကို အမြန်ဖတ်လိုက်သည်။ "ငါလိမ္မော်သီး သွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…"

ရင်းနှီးသောလိမ္မော်သီးသည် ယွဲ့ရှင်းဝမ်၏လက်ဖဝါးတွင်ပေါ်လာပြီး ဤပြင်းထန်သောထိန်းချုပ်ရေးစွမ်းရည်၏ အကျိုးသက်ရောက်မှုက သူသတ်မှတ်ထားသောပစ်မှတ်ကို ချက်ချင်းမလှုပ်မယှက်ဖြစ်စေသည်။

တခြားကျောင်းသားများက အစတွင် မတုံ့ပြန်နိုင်ခဲ့ကြဘူး။ သူတို့ကိုလိုက်ဖမ်းနေသော ဧရာမပိုးကောင်ကြီးသည် ဘာကြောင့် ရုတ်တရက် ရပ်သွားတာလဲ။ ယွဲ့ရှင်းဝမ်၏လက်ထဲတွင် လိမ္မော်သီးကို တွေ့လိုက်သောအခ် လူတိုင်း ရုတ်တရက် သဘောပေါက်သွားသည်။

ကျန်းဖျင်စစ်သည် ဖော်မြူလာကို ချက်ချင်းပြန်လည်ပြင်ဆင်ပြီး လေထဲတွင် ဧရာမပိုးကောင်ကြီးတစ်ဝိုက်မှာ စက်ဝိုင်းပုံပြုလုပ်ရန် လူတိုင်းကို တောင်းဆိုခဲ့သည်။

ကျိုဖုန်းသည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖဝါးမှ မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်ကာ ကြီးမားသော လျှပ်စစ်ဓာတ်ကြိုးတစ်ခုအဖြစ် ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတာ တွေ့လိုက်ရသည်။

ဧရာမပိုးကောင်ကြီးသည် ကျယ်လောင်စွာဟိန်းလိုက်ရာ ဗို့အားမြင့်လျှပ်စီးကြောင်းကြောင့် ဦးခေါင်းသုံးလုံးသည် ချက်ချင်း မည်းနက်သွားလေသည်။

ရွှေရောင်လျှပ်စီးကြောင်းသည် ၎င်း၏လူးလွန့်နေသောခန္ဓာကိုယ်တစ်လျှောက် အောက်ဘက်သို့ လျင်မြန်စွာ စီးဆင်းသွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အောက်ခြေမရှိသောတွင်းထဲသို့ စီးဆင်းသွားခဲ့သည်။

နားထဲတွင် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ဓာတ်လိုက်ခံရသော ခန္ဓာကိုယ်သည် ပျက်စီးနေသော အဆောက်အဦးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် လူတိုင်း သက်ပြင်းချနိုင်ခဲ့သည်။

ခယ်ရှောင်ပင်းက ပြုံးလျက်ပြောသည်။ "သေချာပေါကိ ရူပဗေဒဌာနမှာရှိတဲ့ သင်တန်းတွေကို ရူပဗေဒနည်းတွေနဲ့ ဖြေရှင်းရမှာပဲ။ ဒီသားရဲတွေက လျှပ်စစ်စီးကြောင်းကို ကြောက်ကြတယ်။ ရှင်းဝမ်နဲ့ စီနီယာအစ်ကိုက ပူးပေါင်းပြီး ဒီအကောင်ကို တစ်ခါတည်းဓာတ်လိုက်ပစ်တယ်!"

ကျန်းရှောင်နျန်သည် ရုတ်တရက် တိတ်ဆိတ်နေသော မြေပြင်ကို ငုံ့ကြည့်ကာ သံသယစိတ်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။ "ပိုးကောင်ကြီးသေသွားတာနဲ့ ပိုးကောင်လေးတွေက မလှုပ်ရှားတော့ဘူး။ ဒီ Boss ရဲ့ အမိန့်အတိုင်း သူတို့လှုပ်ရှားတာထင်တယ်။"

ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။ "မြန်မြန်သတ္တုရိုင်းရှာဖို့ တွင်းထဲကိုသွားကြမယ်။"

ကျန်းဖျင်စစ်သည် လူတိုင်းကို စတင်ဆင်းသက်ရန် ထိန်းချုပ်ခဲ့ပြီး နက်ရှိုင်းသောတွင်းအစွန်းသို့ ဆင်းသက်သောအခါတွင် မြေကြီးကွဲအက်သွားစေသည့်ဟိန်းသံက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့၏ နားများကို အူသွားစေခဲ့သည်။

လူတိုင်း၏ မျက်လုံးများသည် အံ့အားသင့်၍ ပြူးကျယ်သွားကာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ပြီး ခေါင်းသုံးလုံးရှိသောသားရဲသည် ဒဏ်ရာကင်းမဲ့စွာ ပြန်ပေါ်လာပြီး လျှပ်စီးလက်သလိုအရှိန်ဖြင့် သူတို့ဆီသို့ ပြေးလာသည်။

ကျန်းဖျင်စစ်သည် လူတိုင်း၏ ဆင်းသက်မှုကို ထိန်းချုပ်ရန် ဖော်မြူလာကို အသုံးပြုနေပြီး အပြောင်းအလဲများ ပြုလုပ်ရန် နောက်ကျနေပြီဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် “ရွှေပုစဉ်းရင်ကွဲခွံ”စွမ်းရည်ကို ဆောလျင်စွာ အသက်သွင်းပြီး သူ့အဖွဲ့ဝင်များကို အဝေးသို့ အတင်းခေါ်သွားခဲ့သည်။ နောက်အခိုက်အတန့်မှာတော့ ကျန်းဖျင်စစ်သည် ဖော်မြူလာကို ပြတ်ပြတ်သားသား ပြန်လည်ပြင်ဆင်ပြီး သူ့အဖွဲ့ဝင်များကို လေထဲကို ခေါ်သွားပြန်သည်။

သူတို့နှစ်ဦး၏ စွမ်းရည်များသည် နီးကပ်စွာ ချိတ်ဆက်နေပြီး သူတို့သည် ပိုးကောင်ကြီး၏ အလစ်ဝင်တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည်။

ခယ်ရှောင်ပင်းက အံ့အားသင့်သွားသည်။ "Boss တွေအများကြီးရှိတာလား။"

ကျိုဖြန်းက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။ "တွင်းထဲမှာ ကြည့်လိုက်၊ ဒီအကောင်က ပြတ်သွားတဲ့ ခြေလက်တွေကနေ ပြန်ထွက်လာတာ!"

သူသည် တွင်းနက်ကြီးထဲသို့ အလင်းလုံးကို ပစ်ချလိုက်ပြီး တွင်းထဲရှိ အမြင်အာရုံကို လင်းလက်စေခဲ့သည်။ လူတိုင်းသည် ကောင်းကင်ကနေ ငုံ့ကြည့်လိုက်ရာ အခုလေးတင် မီးကျွမ်းထားသောခန္ဓာကိုယ်အစိတ်အပိုင်းကို ၎င်းက “စွန့်ပစ်”လိုက်တာ သူတို့မြင်လိုက်ရသည်။ ဒီဧရာမပိုးကောင်သည် IQ အလွန်မြင့်မားပြီး သေရေးရှင်ရေးနဲ့ ကြုံလာရသောအခါ ၎င်း၏ခြေလက်အင်္ဂါများကို ဖြတ်တောက်ပြီး ၎င်း၏အသက်ကို ထိန်းထားခဲ့သည်။

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ရွှီယိရှန်း၏ဦးရေပြားက ထုံကျင်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ဒီသားရဲကို လျှပ်စီးကြောင်းနဲ့ သတ်လို့မရဘူး။ လျှပ်စီးကြောင်းရဲ့ စီးဆင်းမှုက အချိန်ကြာတယ်။ ဒီအကောင် လုံးဝမလောင်ကျွမ်းသေးသရွေ့ ကျန်ရှိနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲထုတ်ပြီး အသက်ကို ထိန်းထားနိုင်သေးတယ်။"

ခယ်ရှောင်ပင်း၏မျက်နှာက ဖြူဖျော့သွားသည်။ "ငါတို့ဘာလုပ်ကြမလဲ။ ဒီဟာကိုရှင်းပစ်ဖို့ အမြစ်ကနေနှုတ်ပစ်ရမှာလား။"

ကျန်းဖျင်စစ်သည် မျက်မှောင်ကြုတ်ပြီး တွင်းအောက်ခြေကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ ခဏငြိမ်သက်ပြီးနောက် သူက ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ဒီအကောင်မှာ အားနည်းချက်ရှိရမယ်။ အားနည်းချက်ကို ချောက်နက်ကြီးရဲ့အောက်ခြေမှာ ဝှက်ထားတယ်လို့ ငါသံသယဖြစ်မိတယ်။"

လျှိုကျောက်ချင်းက ဆိုသည်။ "အဲဒါရဲ့အာရုံကြောဗဟိုက ခေါင်းထဲမှာ သေချာပေါက်မရှိဘူး၊ မဟုတ်ရင် ကျိုဖုန်းက ဒီအကောင်ရဲ့ခေါင်းကို လောင်ကျွမ်းဖို့ လျှပ်စီးကြောင်းကို အသုံးပြုခဲ့ပြီး အရင်ကတည်းက သေဆုံးသွားလောက်ပြီ!"

ရွှီယိရှန်းက ခေါင်းညိတ်ပြီး ပြောသည်။ "ဂျူနီယာညီလေးဖျင်စစ်ရဲ့ အကြံဥာဏ်ကိုလည်း ငါလည်းထောက်ခံတယ်။ ဒီအကောင်က အရမ်းဉာဏ်ကောင်းတဲ့ အဆင့်မြင့်သတ္တဝါဖြစ်နိုင်တယ်။ ဒီအကောင်ရဲ့ခန္ဓာကိုယ်ထဲက အာရုံကြောဗဟိုကို ချောက်နက်ကြီးအောက်မှာ ဝှက်ထားလောက်တယ်။ ဒီအကောင်ရဲ့ခြေလက်တွေကို တိုက်ခိုက်တာက အသုံးမဝင်ဘူး၊ အာရုံကြောဗဟိုကို ဖျက်ဆီးပစ်တာက လုံးဝရှင်းလင်းနိုင်လိမ့်မယ်!"

လင်းမန့်လော်: "မြေဆီလွှာထဲမှာ နစ်မြုပ်နေတဲ့ အပင်ရဲ့အမြစ်စနစ်နဲ့ ဆင်တူတယ်။ အမြစ်စနစ် အသက်ရှင်နေသရွေ့ ကျိုးနေတဲ့အကိုင်းအခတ်တွေ ပြန်ပေါက်လာနိုင်တယ်။ အမြစ်စနစ်ကို ဖျက်ဆီးလိုက်မှ လုံးဝသေမှာမလား။"

ယွဲ့ရှင်းဝမ်သည် ဒါကို သေသေချာချာတွေးပြီး ဤထင်မြင်ချက်က အလွန်ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသည်။ ဒီသားရဲ၏ခန္ဓာကိုယ်ကို ချောက်နက်ကြီး၏အောက်ခြေမှာ မြုပ်နှံထားပြီး ဘယ်လောက်ရှည်သလဲဆိုတာကို မမြင်နိုင်ပေမဲ့ အပေါ်ယံရှိ ခန္ဓာကိုယ်သည် အဆုံးမသတ်နိုင်သော နွယ်ပင်များလို ဆန့်ထုတ်နိုင်ပြီး သူတို့နောက်ကိုလိုက်နေကာ ၎င်းကမီးလောင်ကျွမ်းရင်တောင် ချက်ချင်း အသက်ပြန်ရှင်နိုင်သည်။

အမြစ်ကို အမှန်တကယ် ဖျက်ဆီးပစ်ဖို့ လိုပါသည်။

သို့သော် ၎င်း၏ "အမြစ်" သည် အဘယ်မှာရှိသနည်း။ ဘယ်လိုရှာရမည်နည်း။

ခယ်ရှောင်ပင်းသည် သူတို့နောက်သို့ လိုက်နေသည့် သူ့ခြေထောက်အောက်မှ သားရဲကို ကြည့်လိုက်ရာ ရုတ်တရက် ရဲရင့်သော အတွေးတစ်ခု ရှိလာသည်။ "ဒီကောင်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို တွားသွားပြီး ဒီကောင်ရဲ့ဗဟိုချက်ကို ငါတို့ရှာတွေ့နိုင်တယ်မလား။*

ယွဲ့ရှင်းဝမ်က သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ "မင်းဆိုလိုတာက ဒီကောင်စားတာခံပြီးတော့ အတွင်းကနေရှာဖွေပြီး ဒီကောင်ကို လုံးဝသတ်ပစ်ဖို့လား။"

ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ပြီး ဖြူဖျော့သောမျက်နှာဖြင့် ပြောသည်။ "ငါမှန်းဆတာပါ၊ ဒါ့အပြင် ငါတို့အခုပဲ အပြင်ကနေ ကြိုးစားကြည့်လိုက်ပေမဲ့ ဒီကောင်ကို ငါတို့ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူးဆိုတော့ ဒီကောင်ရဲ့အားနည်းချက်က ခန္ဓာကိုယ်ထဲမှာ ဖြစ်နိုင်တယ်။"

ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ၎င်းမျိုချတာခံရခြင်း၏ အကျိုးဆက်ကို မှန်းဆရန် ခက်ခဲသည်။ ၎င်း၏ခန္ဓာကိုယ်ထဲမှာ အလွန်အဆိပ်ပြင်းသော အစာအိတ်အက်စစ်အများအပြားရှိနေပြီး မျိုချလိုက်သော ‘အစာ’ကို ချက်ချင်း ချေဖျက်နိုင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့တွေ ဒီလိုစွန့်စားဖို့တန်ရဲ့လား။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "စမ်းကြည့်မယ်၊ ဒီထက်ကောင်းတဲ့ နည်းလမ်းမရှိတော့ဘူး။ ဒီသားရဲရဲ့ခန္ဓာကိုယ်ထဲကို ဝင်ပြီးရင် ငါတို့ကို အစာမချေဖျက်ဘူးဆိုတာ သေချာစေဖို့အတွက် ရှင်းယန်က ငါတို့ကို တိုက်စားမှုခုခံခြင်းသတ္တုနဲ့ ဖုံးအုပ်ထားနိုင်တယ်။*

ရွှီယိရှန်းသည် အစပြုကာ သူ့လက်ကိုမြှောက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "ငါ mitosis နဲ့ ပြေးနိုင်တယ်။ မတော်တဆ ငါသေသွားရင်တောင် ငါ့အမွေကို အမွေဆက်ခံဖို့ ရှောင်ရွှီကို ခေါ်နိုင်သေးတယ်။ ဒီတာဝန်ကိုလုပ်ဆောင်ဖို့ ငါကအသင့်တော်ဆုံးလူပဲ။"

သူသည် အပေါ်ယံတွင် စိတ်အေးလက်အေး ဟန်ဆောင်နေသော်လည်း ထိုကဲ့သို့သော အန္တရာယ်ရှိသည့်အလုပ်သည် ဘယ်တော့မှ ပြန်မလာနိုင်တာမျိုးလည်း ဖြစ်သွားနိုင်တာကို လူတိုင်းသိကြသည်။ ဘယ်သူကမှ အသက်နဲ့ လောင်းကြေးမထပ်ချင်ပါဘူး။ သို့သော် အခက်အခဲများနဲ့ ရင်ဆိုင်ရသောအခါ နောက်ပြန်ဆုတ်တတ်သော သူရဲဘောကြောင်သူများအဖြစ် သူတို့တွေ ပို၍ပင်မဖြစ်ချင်ကြဘူး။

ကျန်းဖျင်စစ်က ဆက်လက်၍ တည်ငြိမ်စွာ ပြောသည်။ "လူတစ်ယောက်က မလုံလောက်ဘူး၊ ဒီသားရဲက ခန္ဓာကိုယ်သုံးခုရှိတယ်။ အနည်းဆုံး ငါတို့အဖွဲ့သုံးဖွဲ့ခွဲပြီး ဒီအကောင်ရဲ့ပါးစပ်ကြီးသုံးခုကနေ ဝင်ရမှာ။"

ရှင်းယန်က ပေါ့ပါးစွာ ပြောလိုက်သည်။ "ငါလည်းသွားနိုင်တယ်၊ အတွင်းထဲကနေ ဒီကောင်ရဲ့ခန္ဓာကိုယ်ကို တိုက်စားအောင် အားပြင်းတဲ့အက်စစ်ကို လောင်းချလို့ရတယ်။"

ကျိုဖုန်း: "ငါ့ကိုကောထည့်လိုက်ပါ၊ ငါမပါရင် ရူပဗေဒဌာနသင်တန်းက ဘယ်လိုဖြစ်သွားမလဲ။"

ချင်လုနှင့် ချင်မြောင်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချင်လုက လေးနက်စွာ ပြောလိုက်သည်။ "ငါတို့ညီအစ်မတွေလည်း ကူညီပေးနိုင်တယ်။ ငါ့ရဲ့“ဆိုက်ဘေးရီးယားအအေးလှိုင်း”နဲ့ ငါ့အစ်မရဲ့“မီးလောင်တပ်ရင်း”နှစ်ခုစလုံးက AOE စွမ်းရည်တွေပဲ။"

စေတနာ့ဝန်ထမ်းလုပ်သူ အများအပြားရှိပြီး မတ်တတ်ရပ်ရန် အစပြုခြင်းမရှိသော တခြားသူများသည် သူတို့၏စွမ်းရည်များက မသင့်လျော်လို့ပဲဖြစ်၏။ 

ပိုးကောင်ကြီးသည် ဆာလောင်ပြီး သူတို့နောက်လိုက်ကာ ကိုက်နေစဉ် ကျန်းဖျင်စစ်သည် လူတိုင်းကို ဆက်လက်မြင့်တက်စေရန် ကြိုးကိုင်နေသေးသည်။

ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။ "ရှင်းယန်နဲ့ စီနီယာအစ်ကိုရွှီက ဘယ်ဘက်ကို သွားမယ်၊ ငါနဲ့ဖျင်စစ်က အလယ်၊ ချင်လုနဲ့ချင်မြောင်က ညာဘက်ကို သွားပြီး စီနီယာအစ်ကိုကျိုက သတ္တုရိုင်းကိုရှာဖွေဖို့ တာဝန်ယူမယ်! တခြားသူတွေက အပြင်ကနေ အစွန်အဖျားပိုင်းက ပိုးကောင်တွေကို ထိန်းချုပ်ထားကြပါ။" 

ရှင်းယန်: "ခဏစောင့်ဦး၊ လူတိုင်းအတွက် တိုက်စားမှုခုခံခြင်းအကာအကွယ်ကို ငါချက်ချင်း လုပ်လိုက်မယ်။"

ခယ်ရှောင်ပင်းက လူတိုင်းကို ထိတ်လန့်စွာ ကြည့်နေသည်။ "အားလုံးရဲ့တည်နေရာကို ငါ ရှောင်ထူကို စောင့်ကြည့်ခိုင်းထားမယ်။ မင်းတို့သတိထားကြနော်!"

ကျန်းရှောင်နျန်က လေးပင်စွာ ပြောလိုက်သည်။ "ဒီနေရာမှာ ကျွန်တော် အထပ်မြင့်အဆောက်အဦးဆောက်လိုက်မယ်။ အပြင်ကနေလူတွေ ပိုးကောင်တွေကိုက်စားတာကို ရှောင်ရှားဖို့ ခေါင်မိုးပေါ်မှာ ခေတ္တရပ်လို့ရတယ်။"

လန်ယာရုန်က လေးနက်စွာ ပြောသည်။ "ငါ့ရဲ့“မမျှတတဲ့ပြိုင်ဆိုင်မှုတိုက်ဖျက်ရေးဥပဒေ”က အစွန်အဖျားက ပိုးကောင်တွေရဲ့ တိုက်ခိုက်မှုကို ရပ်တန့်နိုင်တယ်။ ဒါပေမဲ့ ထိန်းချုပ်ချိန်က အကန့်အသတ်ရှိတယ်။ အားလုံး ကောင်းကောင်းလုပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်။"

ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးနောက် ယွဲ့ရှင်းဝမ်သည် သူ့အဖွဲ့ဝင်များအား လက်ပြလိုက်သည်။

ကျန်းရှောင်နျန်၏ အထပ်မြင့်အဆောက်အဦးကြီးသည် တခဏချင်း ခုန်တက်လာပြီး တာဝန်မလုပ်ဆောင်ရသော ကျောင်းသားများအားလုံးက ခေါင်မိုးပေါ်တွင် ပုန်းနေလိုက်သည်။

တစ်ချိန်တည်းမှာပင် လန်ယာရုန်၏လက်ထဲမှ ဥပဒေစာအုပ်ကို ဖွင့်လိုက်သည်။ ပြိုင်ဘက်၏ပစ်မှတ်သည် မိမိထက် 1.5 ဆ ပိုနေသောအခါ တရားမျှတမှုမရှိသော ပြိုင်ဆိုင်မှုတိုက်ဖျက်ရေးဥပဒေ အသက်ဝင်ခဲ့ပြီး တိုက်ခိုက်မှုကို အတင်းအကျပ်ရပ်တန့်ခဲ့သည်။ လင်းမန့်လော်၏ အမှိုက်အမျိုးအစားခွဲခြင်းကိုလည်း ခေါင်မိုးပေါ်တွင် ကြိုတင်ပြင်ဆင်ထားသည်။ ပိုးကောင်များ တက်လာသည်နှင့် သူမသည် အဆိုပါ ပိုးကောင်ငယ်များကို အန္တရာယ်ရှိသော အမှိုက်အဖြစ် ချက်ချင်းထည့်နိုင်သည်။

ချင်လု၊ ချင်မြောင်၊ ရွှီယိရှန်း၊ ရှင်းယန်၊ ကျန်းဖျင်စစ်၊ ယွဲ့ရှင်းဝမ်နှင့် အလင်းလုံးနှင့် သံလိုက်ကို ကိုင်ထားသော ကျိုဖုန်းတို့သည် ကျန်းဖျင်စစ်၏ ထိန်းချုပ်မှုအောက်တွင် လေထဲသို့ ခုန်ဆင်းခဲ့သည်—

နောက်အခိုက်အတန့်မှာတော့ ဧရာမပိုးကောင်သည် ၎င်း၏သွေးသံတရဲရဲပါးစပ်ကို ဖွင့်လိုက်ပြီး လူခြောက်ယောက်ကို ၎င်း၏အစာအိမ်ထဲသို့ တိုက်ရိုက် မျိုချလိုက်သည်။

တစ်ဖက်တွင် ကျိုဖုန်းသည် "ဆွဲငင်အား" စွမ်းရည်ကို ဖွင့်လိုက်ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ချောက်ထဲသို့ ပြုတ်ကျသွားသည်။ သူသည် သူ့လက်ထဲရှိ သံလိုက်များစွာကို ပစ်ချလိုက်ပြီး နောက်ဆုံးသတ္တုရိုင်းအပိုင်းအစကို အာရုံခံစားလိုက်ရသည်။

အထပ်မြင့် အဆောက်အဦးထိပ်မှာ ရပ်နေသော ကျောင်းသား များက ထိတ်လန့်သွားသည်။ သူတို့အဖွဲ့ဝင်များ မျိုချခံလိုက်ရသောပုံကို သူတို့ပြန်လည်မစဉ်းစားဘူး။ သူတို့အတွက် ဘာမှမဖြစ်စေရန် သူတို့စိတ်ထဲတွင် တိတ်တိတ်လေးသာ ဆုတောင်းနိုင်ခဲ့သည်။

လေလုံသော သတ္တုအကာအကွယ်အဖုံးအတွင်းတွင် ယွဲ့ရှင်းဝမ်သည် သူ၏ခါးတစ်ဝိုက်တွင် လက်တစ်ဖက်က တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားတာကို သတိပြုမိပြီး ထိုရင်းနှီးသောခွန်အားက သူ့ကို စိတ်ချစေခဲ့သည်။

ဧရာမပိုးကောင်၏ အစာပြွန်သည် ငယ်စဉ်က သူထိုင်လေ့ရှိသော လျှောများကဲ့သို့ အလွန်ကျယ်ဝန်းသည်။

သူနှင့် ကျန်းဖျင်စစ်တို့သည် တစ်လမ်းလုံး လိမ့်ဆင်းလာသည့်အကျိုးသက်ရောက်မှုကြောင့် မူးဝေသွားခဲ့သည်။ ရှင်းယန်၏ အမြင်အာရုံပြတင်းပေါက်မှတစ်ဆင့် သားရဲ၏ခန္ဓာကိုယ်ရှိ ထူးဆန်းသောပျော်ဝင်မှုသည် မိုးသည်းထန်စွာရွာသွန်းသကဲ့သို့ သူတို့၏သတ္တုအကာအကွယ်ပေါ်တွင် သွန်းလောင်းနေတာကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်လေသည်။ 

ဤတိုက်စားမှုခံခုခြင်းသတ္တုအလွှာမရှိလျှင် ဒီအချိန်မှာ သူတို့သည် သွေးအိုင်ထဲသို့ အရည်ပျော်သွားပေလိမ့်မည်။

ယွဲ့ရှင်းဝမ်သည် သူ၏ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်းဖျင်စစ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။

စာကြည့်တိုက်ကို ရောက်ကတည်းက ဤအရာသည် သူတို့ကြုံတွေ့ခဲ့ရသော အန္တရာယ်အရှိဆုံး အခြေအနေဖြစ်သည်။ သူတို့ ဒီနည်းနဲ့ သားရဲကို သတ်နိုင်မလားဆိုတာ သူမသိသလို စီနီယာအစ်ကိုကျိုက သတ္တုရိုင်းကို အောင်မြင်စွာ ရှာတွေ့နိုင်မလားဆိုတာလည်း သူမသိဘူး။

သူတို့တွေ ဘာမှမတတ်နိုင်တာကြောင့် စမ်းကြည့်ရုံသာရှိသည်။

သို့သော် ယွဲ့ရှင်းဝမ်၏စိတ်ထဲတွင် လုံးဝစိတ်မပူနေတာက အလွန်ထူးဆန်းပါသည်။

ကျိုဖုန်းသည် အလင်းလုံးကို သူ့အားပေးခဲ့ကာ နွေးထွေးသော အလင်းရောင်တစ်ခုထုတ်လွတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာများကို တောက်ပစေသည်။ ဧရာမသားရဲ၏ ခန္ဓာကိုယ်ထဲတွင် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ အမည်မသိ ချောက်နက်ကြီးထဲသို့ လိမ့်ဝင်သွားကြသည်။

ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် ဒီတစ်ကြိမ်မှာ သူတကယ်သေဆုံးသွားလျှင်ပင် သူဘာမှကြောက်စရာမရှိဘူးဟုပင် ထင်မှတ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းဖျင်စစ်က သူနှင့်အတူ အမြဲရှိနေသောကြောင့်ဖြစ်သည်။

အတိတ်နဲ့ အနာဂတ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို သူတို့တွေ အတူတူရင်ဆိုင်ကြမှာဖြစ်သည်။ 

TK Team