ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၉)
နောက်တစ်နေ့၌ အပြင်ထွက်ရန် ကျွန်မ ပြင်ဆင်တော့သည်။
"ငါ့အဝတ်အစားတွေထဲက သိပ်မသိသာတဲ့ တော်ရုံတန်ရုံအဝတ်အစားတွေ ယူပေး"
"ရှင်"
အိုင်ရင်းသည် အံ့ဩစွာဖြင့် မေးသည်။
ထိုသို့ တုံ့ပြန်မည်ကို ကျွန်မ မျှော်လင့်ထားသဖြင့် ကျွန်မ စကား၏နောက်တွင် အရိပ်အမြွက်အနည်းငယ် ထည့်၍ ပြန်ဖြေလိုက်သည်။
"ငါ အပြင်ခိုးထွက်မလို့။ဒါကြောင့် ငါ့အနေနဲ့ ထင်သာမြင်သာ မရှိတဲ့ အဝတ်အစားတွေ ဝတ်ဖို့လိုတယ်။နင်လဲ ငါနဲ့ လိုက်လာလို့မရဘူး။နင် ဒါကို သိဖို့ လိုတယ်။"
"အာ၊ဟုတ်ကဲ့၊မှန်ပါတယ် ရှင်။ထပ်ပြီးတော့ ကျွန်မ ..."
"ထပ်ပြီးတော့ ဘာလဲ"
"ဘ ...ဘာမှ မဟုတ်ပါဘူး။"
သူမ၏လေသံနှင့် အပြုအမူထဲမှ တွန့်ဆုတ်နေမှုက ကျွန်မအတွက် ထူးဆန်းနေသည်။ကျွန်မ မျက်လုံး ကျယ်ကျယ်ဖွင့်ပြီး သူမ၏မျက်လုံးထဲသို့ တည့်တည့် စိုက်ကြည့်လိုက်သည်။
"ငါ့ကို ပြောစမ်း"
"ဒါပေမဲ့ ..."
"မြန်မြန်"
အိုင်ရင်းသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်၍ ကျွန်မကို ကြည့်သည်။
"မဒမ်က ကောင့်မြို့စားကတော်ဖလဲရ်ရဲ့ပုံစံနဲ့ တူအောင် ရိုးရှင်းတဲ့အဝတ်အစားတွေ ဝတ်လေ့ ရှိပါတယ်။ဒါကြောင့် ကျွန်မက မဒမ် ဒီလို ထပ်ပြီး ဝတ်မလို့လားဆိုတာကို သိချင်တာပါ။"
အိုင်ရင်းသည် ထိုစကားများကို ရေရွတ်ရင်း ကျွန်မက သူမကို ရိုက်မည်အထင်နှင့် မျက်လုံးကို အတင်းအကြပ် မှိတ်ထားခဲ့သည်။
"နင့်မျက်လုံးတွေကို ဖွင့်လိုက်ချေ။ငါ နင့်ကို ရိုက်စရာအကြောင်း မရှိပါဘူး။"
"တကယ်လား"
အိုင်ရင်း၏မျက်နှာသည် မယုံနိုင်ဟန်ဖြင့် ဖြူဖျော့နေသည်။ကျွန်မ လုပ်ရယ် ရယ်လိုက်ရသည်။
"ငါက အခြားသူတွေကို ဒီလိုကိစ္စလေးနဲ့ ရိုက်နှက်တတ်တဲ့သူနဲ့ တူလို့လား။"
"ဟုတ်ကဲ့ ... ကျွန်မ ဆိုလို ...မတူပါဘူး။"
"နင့် နှလုံးသား အောက်ခြေက အဖြေတစ်ခုကို ငါတော့ ကြားလိုက်ရတယ် ထင်တာပဲ။"
အိုင်ရင်းသည် သူမ၏ပါးစပ်ကို လက်ဝါးဖြင့် ပိတ်ပြီး နောက်သို့ ဆုတ်သွား၏။သူမက ထပ်ပြီး ရိုက်နှက်ခံရမည်ကို ကြောက်နေသည့်ပုံပင်။
အိုဖီလီယာ၊ နင်က တကယ့်အံ့ဖွယ်ပဲ။နင် လုပ်ခဲ့တဲ့ကိစ္စအတွက် သူများတွေကို လိုက်ရိုက်နေတာလား။
အိုင်ရင်းကို ရိုက်ရမည့်အစား ကျွန်မ၏နဖူးကိုသာ နှိပ်နယ်နေရင်း သက်ပြင်းချလိုက်ရသည်။
"ငါ နင့်ကို မရိုက်ဘူး။ပြီးတော့ နင် အပါအဝင် နောက်ထပ် ဘယ်သူ့ ကိုမှလဲ မရိုက်တော့ဘူး။ငါ့နာမည်နဲ့ ကျိန်ပြီး ကတိပေးတယ်။"
အိုင်ရင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"မဒမ် နေမကောင်းဘူးလား။"
သူမက ကျွန်မအပေါ် စိုးရိမ်သွားသဖြင့် ကျွန်မ၏ အသားအရောင်ကို စစ်ဆေးကြည့်နေ၏။
"ကျွန်မ တကယ်... ကျွန်မ ဒီလို မေးရတာက မဒမ်ကို တကယ် စိတ်ပူနေလို့ပါ။အာ၊ပြန်တွေးကြည့်ရင် စံအိမ်တော်ကို ဒီဇိုင်နာတွေ ခေါ်လိုက်တဲ့ အချိန်ထဲက မဒမ်က ထူးထူးဆန်းဆန်း ပြုမူနေခဲ့တာ။အဲ့ဒီ အချိန်ထဲက ကျွန်မ သိသင့်ပါတယ်။"
သူမက ကျွန်မကို မှီတွယ်လိုက်သည်။
"မဒမ်က မတော်တဆများ သေခါနီး ရောဂါရနေလို့ သေရတော့မှာလား ဟင်။"
"မဟုတ်ဘူး"
ကျွန်မ အော်ဟစ်လိုက်သည်။
မဟုတ်ဘူး၊မဟုတ်ဘူး၊မဟုတ်ဘူးလို့။ နင် ဒီလို ပြောလို့မရဘူးလေ။ အသက်ဝဝ ရှူပြီး စိတ်ကို လျှော့လိုက်။
"ငါ နေမကောင်းမဖြစ်ဘူး၊ငါက အကောင်းကြီးပဲ။ငါ့ရဲ့စိတ်ကို ပြုပြင်ပြောင်းလဲပြီး ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်သွားမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ရုံပါ။"
"ဒါက မှန်ပါတယ်..."
ကျွန်မ၏စကားများကို တွေးနေသော အိုင်ရင်းက သူမ၏ ပါးစပ်ကို ဂရုတစိုက် ဖွင့်လိုက်သည်။သူမက ကျွန်မ၏ ခံစားချက်များကို နားလည်သွားပြီဟု ကျွန်မ ထင်လိုက်သည်။သို့သော်
"မဒမ် ဆရာဝန်နဲ့ ပြဖို့ မလိုဘူးဆိုတာ သေချာရဲ့လားရှင်။"
ကျွန်မ သိသွားသည်။
သူမက နားမလည်နိုင်ပေ။
ကျွန်မ အတော်လေး ကြိုးစားဖို့ လိုအပ်သေးသည်ဟု တွေးမိသဖြင့် သက်ပြင်းမောကြီး ချလိုက်မိပါသည်။
*
ကျွန်မ အိုင်ရင်းကို သာမန်အဝတ်အစားများသာ ဝတ်ဆင်ပေးရန် ဖျောင်းဖျပြောဆိုလိုက်ပြီး ဦးထုပ်တစ်လုံးပါ ဆောင်းလာခဲ့သည်။ပထမဆုံး ခြေလှမ်းအဖြစ် မြို့ထဲသို့ သွားရမည်။လမ်းပေါ်တွင် ကလေးများ ပြေးလွှားနေကြသဖြင့် ကျွန်မ ရှာဖွေနေသည့် ကောင်လေးကို တွေးမိသွားသည်။
သူ့နာမည်က ဘာပါလိမ့်။
"သီယို"
သီယို ဆိုသော ကောင်လေးသည် ဓါးစွမ်းရည်ပိုင်ရှင်တစ်ယောက် ဖြစ်လာရန် လုံလောက်သည့် အလားအလာရှိသူ ဖြစ်သည်၊သူသည် ကလေးဟူသော အရွယ်ထက် အနည်းငယ် အသက်ပိုကြီးသည်။သို့သော် ကျွန်မက သူ့အသက်ကို အဓိကမထားဘဲ ရှာဖွေရမည်။အစိမ်းရောင်ဆံပင်နှင့် အသားညိုညိုက သူ ပိုင်ဆိုင်သော သွင်ပြင်လက္ခဏာများဖြစ်သည်။ထိုအသွင်အပြင်မျိုးက အင်ပါယာတွင် သိပ်တွေ့ရလေ့မရှိပေ။သီယိုက အသက် ၁၅နှစ် ဝန်းကျင်ခန့် ဖြစ်လိမ့်မည်။ကျွန်မ၏ မှတ်ဥာဏ်များက မရှင်းလင်းသဖြင့် အတိအကျတော့ မပြောနိုင်ပေ။မည်သို့ပင် ဆိုစေကာမူ သူက ကျွန်မထက် အသက်ငယ်သည်။ဝတ္ထုထဲတွင် ထိုကောင်လေးသည် မုန့်တိုက်တစ်ခုမှ ပေါင်မုန့်ခိုးနေသည်ကို ဖလဲရ်က တွေ့ရှိသွားပြီး ထိုကောင်လေး ရင်ဆိုင်ကြုံတွေ့နေရသည့် သနားစဖွယ်အခြေအနေကို နားထောင်ပြီးနောက် မိဘမဲ့ဂေဟာ တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ကောင်လေးကို ထိုသို့ မတော်တဆ ဆုံတွေ့ခဲ့ရခြင်းက သူမအတွက် ကောင်းမွန်ခဲ့သည်။
ကျွန်မ ဘေးပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်ရှုနေမိသည်။လမ်းများပေါ်တွင် လူများ ဆူညံရှုပ်ထွေးစွာ သွားလာနေကြသည်။ထိုသို့ ကြီးမားသော လူအုပ်ထဲတွင် သီယိုကို ရှာရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာရသကဲ့သို့ပင်။ထို့ကြောင့် သီယိုကသာ ကျွန်မကို လာရှာစေရန် လုပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ရသည်။
မိဘမဲ့ဂေဟာကို အရင်ဆုံး ဖွင့်ရမယ်။
မိဘမဲ့ဂေဟာ ဆောက်ရန် နေရာရှာရခြင်းက အရေးကြီးသည်။စာအုပ်ထဲတွင် မိဘမဲ့ဂေဟာ ဆောက်ခဲ့သည့် နေရာကို အတိအကျ ရေးသားဖော်ပြထားခြင်း မရှိပေ။ထို့ကြောင့် ကျွန်မကိုယ်တိုင် နေရာတစ်ခု ရှာရမည် ဖြစ်သည်။လူသွားလူလာ များသော လမ်း မဖြစ်ရသလို ဝေးကွာလွန်းသည့် နေရာလည်း မဖြစ်သင့်ပေ။
မည်သို့ပင် ဖြစ်စေ မည်သူကမှ ကျွန်မကို မမှတ်မိသောကြောင့် အတော်လေး စိတ်သက်သာရာရမိသည်။အိုဖီလီယာ၏ အမှတ်သင်္ကေတဖြစ်သေ ငွေဖြူရောင် ဆံနွယ်များကို သေချာစွာ စည်းနှောင်ပြီး ဦးထုပ်အတွင်းသို့ ထိုးသိပ်ထည့်ထားရသည်။ကျွန်မ၏ မျက်နှာကိုတော့ ဦးထုပ်အနားသတ်ကို ငိုက်ငိုက်ချထားပြီး ဖုံးကွယ်ထားရသည်။ကျွန်မက အိုဖီလီယာဖြစ်သည်ကို လူတိုင်းက သတိထားမိသွားပါက အိမ်ရှေ့စံမင်းသား၏အမိန့်ကို လွန်ဆန်ပြီး လမ်းမပေါ် ရောက်နေသည့်အတွက် ကျွန်မ အကြီးအကျယ် ဒုက္ခရောက်မည် ဖြစ်သည်။အဖမ်းခံရသည်ကို ရှောင်ရှားရန် တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်နှင့် လှည့်ပတ်သွားလာရမည်ဖြစ်ပြီး အမြန် ပြန်ရမည် ဖြစ်သည်။
"အား"
"ဘုရားသခင်!"
လမ်းပေါ်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ကျွန်မ ကမန်းကတမ်း လှည့်ကြည့်မိလျှင် အလျင်စလို လာနေသော ရထားလုံး၏ ရှေ့တွင် လဲကျနေသော ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။သူက ဒဏ်ရာရသွားပုံဖြင့် ထပင် မထနိုင်ပေ။
ဘုရားရေ
ငါ့အနေနဲ့ စိုးရိမ်ပေးရုံနဲ့ကို လုံလောက်ပြီ။ရထားလုံးရဲ့ ရှေ့ကို ငါက အတင်းပြေးဝင်ပြီး သူ့ကို ကယ်စရာ ဘာအကြောင်းမှ မရှိ...
"သီယို လား"
အစိမ်းရောင် ဆံပင်နှင့် အသားညိုညို။သူက သီယို ဖြစ်သည်။ကျွန်မ၏ ခြေထောက်များ ရွေ့လျားသွားပြီး တခြားသူတွေထက် မြန်မြန် ပြေးသွားမိသည်။
"ငါ့လက်ကို လှမ်းဆွဲလိုက်"
ကျွန်မ သီယို၏ ဆန့်ထွက်လာသော လက်ကို လှမ်းဆွဲလိုက်ပြီး လမ်းပေါ်တွင် တစ်ပတ်လိမ့်လိုက်သဖြင့် ရထားလုံးကို ရှောင်ရှားနိုင်ရုံလေးပင်။မြင်းများက ရုတ်တရက် လန့်ဖျပ်ပြီး ပတတ်ရပ်ကုန်ကြသည်။ကျွန်မ ဟောဟဲလိုက်နေပေမဲ့ ပြဿနာတစ်စုံတစ်ရာ မဖြစ်ခဲ့ပေ။ဤမျှ သက်လုံကောင်းနေသည်ကိုက ကျွန်မအတွက် အလွန်ကံကောင်းသည်။ကျွန်မ အသက်ရှူမှန်အောင် ထိန်းလိုက်ပြီး သီယိုကို ကြည့်လိုက်သည်။
"နင် အဆင်ပြေရဲ့လား။"
သီယိုသည် အကြိမ်များစွာ မျက်တောင်ခတ်လိုက်သည်။သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။သူက သေလုနီးပါး အခြေအနေမှ ပွတ်သီကပ်သီ လွတ်မြောက်လာသည် ဖြစ်ရာ ထိုသို့ ထိတ်လန့်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ။သူ ပြန်ဖြေသည်ကို ကျွန်မ စောင့်နေရင်း သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ကျွန်မ ထင်သည့်အတိုင်း သူ့ခြေထောက်တွင် ဒဏ်ရာရသွားခဲ့သည်။သူ့ခြေကျင်းဝတ်နေရာတွင် သွေးများ အိုင်ထွန်းနေ၏။
အဖိုးတန် ဓါးစွမ်းရည်ပိုင်ရှင်ရဲ့ ခြေထောက်က ဒဏ်ရာရသွားပြီပဲ။
ကျွန်မလည်း လက်ကိုင်ပဝါကို အလျင်အမြန် ထုတ်ယူလိုက်ပြီး သွေးထပ်မထွက်စေရန် စည်းနှောင်ပေးထားလိုက်သည်။
"ဆရာဝန် သွားပြရအောင်။နင် ဒီအတိုင်း ထားလိုက်ရင် ပိုဆိုးလာလိမ့်မယ်။"
ကျွန်မ အိတ်ကပ်ထဲမှ ငွေဒင်္ဂါးတစ်ပြား ထုတ်ယူလိုက်ပြီး သူ့ကို ကမ်းပေးလိုက်သည်။
"ယူလိုက်လေ"
သီယိုက ယူလိုက်ပြီး မျက်မှောင်ကြုတ်ထားသည်။
"ကျေး..ကျေးဇူးတင်ပါတယ်။"
"မဟုတ်တာပဲ။ ငါကသာ နင့်ကို ကယ်တင်ခွင့်ရလို့ ပိုပြီး ကျေးဇူးတင်ရမှာပါ။"
ယခုကဲ့သို့ သီယိုကို ကယ်တင်နိုင်ခဲ့သည်က တကယ်ပင် ကံကောင်းလှသည်။အကယ်၍ ကျွန်မသာ သူ့ကို မကယ်တင်ခဲ့လျှင် သူက သေလျှင်သေ၊ မသေလျှင် ဒုက္ခိတ ဖြစ်သွားလောက်သည်။ထိုသို့ ဖြစ်ခဲ့ပါက အင်ပါယာ၏ အထူးချွန်ဆုံး ဓါးစွမ်းရည်ပိုင်ရှင်က ဘယ်တော့မှ ပေါ်ထွက်လာမည် မဟုတ်ပေ။သို့သော် ကျွန်မက ထိုသို့ ဆိုးရွားသော အနာဂတ်ကို ပြောင်းလဲလိုက်နိုင်သည်။အစကတည်းက ကျွန်မက ကြင်နာတတ်သည်။
ငါတို့ အချင်းချင်း ပိုရင်းနှီးလာမှာ အသေအချာပဲ။
ကျွန်မက ဓါးစွမ်းရည်ပိုင်ရှင် ဓါးသမား ဖြစ်လာမည့် ပါရမီအပြည့်ရှိသည့် ကောင်လေးနှင့် နီးကပ်လာနိုင်ခဲ့ပြီ ဖြစ်သည်၊ထိုသို့ ဖြစ်လာချိန်တွင် အိမ်ရှေ့စံမင်းသားအနေဖြင့် ရွေးချယ်စရာ မရှိဘဲ ကျွန်မကို အသိအမှတ်ပြုပေးရလိမ့်မည်။ဒါတွေ အားလုံးက အသေအချာတွက်ချက်ပြီးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
"အိုး ၊မဖြစ်သင့်တာပဲ၊ အမျိုးသမီးငယ်လေးရယ်။"
"မင်း ဒဏ်ရာရသွားပြီ။"
လူများထံမှ ဝမ်းနည်းစွာ ပြောဆိုသံများ ထွက်လာကြသည်။ထိုအချိန်မှသာ ကျွန်မ၏လက်မောင်းမှ သွေးများ စိမ့်ထွက်နေသည်ကို သတိထားမိတော့သည်။
"အိုး ဘုရားရေ"
ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။၎င်းက လုံးဝ မနာပေ။သို့သော် ထိုအနာလေးတစ်ခုကြောင့် ကျွန်မ၏ ခန္ဓာကိုယ်က ချက်ချင်း မပြိုလဲသွားသည့်အတွက် ကျွန်မ အံ့ဩနေမိသည်။အတိတ်က ခန္ဓာကိုယ်ကဲ့သို့ ခံစားချက်မျိုးကို ကျွန်မ စိတ်ကူးယဥ်ကြည့်၍ပင် မရတော့ပေ။၎င်းက ကျွန်မကို ခံစားချက် ပိုကောင်းစေသည်။
"ခင် ...ခင်ဗျား ဒီလက်ကိုင်ပဝါကို မသုံးတော့ဘူးလား။"
သီယိုသည် လက်ကိုင်ပဝါကို ကျွန်မဆီ လှမ်းပေးသည်။
ကျွန်မ ခေါင်းခါလိုက်သည်။
"နင်ပဲ သုံးလိုက်တော့။ငါက အိမ်ပြန်ပြီး ဆေးကုသမှု ခံယူမှာပါ။"
ထို့နောက် ကျွန်မ၏လက်ကို သူ့ပခုံးပေါ် တင်လိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ငါ လက်ကိုင်ပဝါကို ပြန်လိုချင်တယ်။ငါတို့ မနက်ဖြန် နေ့လည် ဒီနေရာမှာ ဘာလို့ ပြန်မတွေ့ရမှာလဲ။"
"ဟု...ဟုတ်ကဲ့"
သီယိုက နာခံတတ်သော ခွေးပေါက်လေးကဲ့သို့ ခေါင်းငြိမ့်ပြသဖြင့် ကျွန်မကို ပြုံးရယ်လာအောင် လုပ်နေတော့သည်။အရာအားလုံးမှာ အစီအစဥ်တကျ ဖြစ်လာခဲ့သည်။ကျွန်မ စိတ်ထဲတွင် ရယ်မော ပျော်ရွှင်နေသည်မှာ ကြမ်းတမ်းခက်ထန်သော အသံတစ်သံကို မကြားရခင် အထိဖြစ်သည်။
"သေစမ်း၊ငါ့ရထားလုံးကို ရပ်သွားအောင် ဘယ်လိုဟာက အတင့်ရဲပြီး လုပ်ရဲတာလဲ"
ရထားလုံးပေါ်မှ ယောကျ်ားတစ်ယောက် ဆင်းလာသည်။ထိုသူဝတ်ထားသည့် ဈေးကြီးသော အဝတ်အစားများက သူ့ကို မင်းဆွေစိုးမျိုးတစ်ယောက် ပုံစံဖြစ်အောင် လုပ်ပေးနေသည်။
"မင်းလား ဒါမှ မဟုတ် မင်းကလား။"
ထိုသူ၏ အဝတ်အစားက ဖိုသီဖတ်သီ ဖြစ်နေပြီး ကိုယ်မှ အရက်နံ့ တထောင်းထောင်းထနေသဖြင့် ဘေးပတ်ဝန်းကျင်မှ လူများအတွက် အော့ကြောလန်စရာ ဖြစ်နေသည်။ထို့နောက် ရုတ်တရတ် ကျွန်မတို့၏ မျက်လုံးများ ဆုံတွေ့သွားသည်။
"အော် မင်းလား။"
သူက ကျွန်မဆီ အပြေးအလွှား လာတော့သည်။
"မင်းလို သောက်ခွေးမကများ ငါ့ရထားလုံးကို ရပ်သွားအောင် လုပ်ရဲတယ်ပေါ့လေ။"
ဖြန်း
နင်က ငါ့ကို ရိုက်လိုက်တာလား။
*
"အိုး!"
လူများသည် အံ့ဩထိတ်လန့်စွာဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်၍ ပင့်သက်ရှိုက်ကုန်ကြသည်။ဆိုးသွမ်းသည့် အထက်တန်းလွှာတစ်ယောက်က ကောင်လေးကို ကယ်တင်ခဲ့သည် သူရဲကောင်းမလေးကို ရိုက်လိုက်သည်။မည်သို့ သူရဲကောင်းမျိုးနည်းဟု သင် မေးမည်လော။ကောင်လေးတစ်ယောက်ကို ကယ်တင်ရန် သူမကိုယ်သူမ ရထားလုံးရှေ့ ပြေးဝင်လာသည့် သူရဲကောင်း ဖြစ်ပြီး "နင့်ကို ကယ်တင်ခွင့်ရလို့ ကျေးဇူးတင်ရမယ်" ဟု ဆိုခဲ့သူပင်။
ထိုအပြင် သူမက ဆေးရုံသွားရလောက်သည့် ဒဏ်ရာရနေသော်လည်း သူမကိုယ် သူမထက် ထိုကောင်လေးကို ပို၍ ဂရုစိုက်နေခဲ့သည်။ဤသို့ သူရဲကောင်းကို ယခုလို ဆက်ဆံလိုက်သဖြင့် လူတိုင်းက တုန်လှုပ်ချောက်ချားသွားတော့သည်။
ရူးသွပ်မိုက်မဲနေတဲ့ မင်းဆွေစိုးမျိုးတစ်ယောက်ပဲ။
သို့သော် မည်သူကမှ ဆန့်ကျင်ဟန့်တားနိုင်စွမ်း မရှိချေ။
သူတို့နားရှိ လူတိုင်းမှာ သာမန်အရပ်သားများသာ ဖြစ်ကြသည်။သူတို့သည် မင်းဆွေစိုးမျိုးတစ်ယောက်ကို မဆင်မခြင် ဆက်ဆံခဲ့ပါက သူတို့၏လည်ပင်းများကို နှုတ်ဆက်ကြရမည် ဖြစ်သည်။အရိုက်ခံရသည့် အမျိုးသမီးလေးသည် မလှုပ်မယှက် ရှိနေဆဲပင်။သူမဝတ်ထားသည့် အဝတ်အစားများကို ကြည့်ရလျှင် သူမကလည်း သာမန်အရပ်သားတစ်ယောက်နဲ့ တူသည်။ထို့ကြောင့် လူတိုင်းအတွက် သူမသည်လည်း မင်းဆွေစိုးမျိုးတစ်ယောက်ကို ဆန့်ကျင်ဖို့ မတတ်နိုင်ဟု ထင်မြင်သွားကြသည်။ထို့ကြောင့် လူတိုင်းက သူမကို သနားစွာဖြင့် ကြည့်နေကြသည်။သူမက ပြန်မတိုက်ခိုက်ခင်အထိ ဖြစ်သည်။
"ဒီရူးနေတဲ့ အယုတ်တမာကောင်ကတော့"
သူမသည် ဘာကိုမှ ဂရုမစိုက်ပဲ စတင်ဆဲဆိုတော့သည်။
"နင်က ငါ့ကို တကယ်ကြီး ရိုက်ရဲတယ်ပေါ့လေ။ငါ့ဘဝမှာ ငါ့အမေတောင် ငါ့ကို မရိုက်ဖူးဘူးဟဲ့။"
အမျိုးသမီးသည် ထိုသူကို ကန်ထုတ်ပစ်လိုက်ရာ ထိုသူကို သူမထက် နှစ်ဆခန့် နာကျင်သွားစေသည်။
"အား"
အရိုက်ခံရသော အထက်တန်းလွှာလူက ခုန်ထပြီး အမျိုးသမီး၏ ခေါင်းကို လှမ်းဆွဲလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ မင်း သိလား။ငါက အီလ်ဘတ် ရိုက်ဒ်။ ရိုက်ဒ် မိသားစုရဲ့ ဒုတိယသား ကွ။"
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အသက်ပင် ရဲရဲ မရှူဝံ့တော့ပေ။
ရိုက်ဒ် မိသားစု။နောက်ဖေးလမ်းကြားများ၏အုပ်စိုးသူ အရှင်သခင် နာမည်ကျော် ရိုင်ဇန်မိသားစု၏ လက်အောက်ခံမိသားစု တစ်ခု ဖြစ်သည်။ယခု ထိုမိန်းကလေးတော့ သေရတော့မည်။
လူတိုင်းက သူတို့၏ မျက်လုံးများကို ပိတ်ထားခဲ့သည်။
TK Team
++++++++