Chapter 18
Viewers 4k

Ch18 - ပုပ်ပွနေခြင်း




ဖန်ချန်း စကားတစ်ခွန်းမှ မပြောရသေးခင်မှာဘဲ တံခါးက အထဲကနေတွန်းဖွင့်ခံလိုက်ရသည်။



အကြီးမားဆုံးတုံ့ပြန်လာသူမှာ ကျန်းရွေ့ပင် ဖြစ်သည်။ တံခါးဖွင့်အသံကိုကြားလိုက်ရသောအခါတွင် သူသည်တုန်လှုပ်ချောက်ချားစွာ အော်ဟစ်ပြီး အမြန်နောက်ပြန်ဆုတ်သွားခဲ့ပြီး ကောင်းချန်သည်လည်း အလန့်တကြား ထခုန်မိသွားခဲ့သည်။ ဖန်ချန်းသည် တခဏတာမျှ လှုပ်ရှားရန် မေ့လျော့သွားပြီး ရပ်နေခဲ့သည်။ ထို့နောက် သူကိုအထဲသို့ဝင်ကြည့်စေရန် တစ်ခုခုကတွန်းအားပေးနေသလိုခံစားလိုက်ရသည်။ 



အခန်းသည် အလင်းရောင်မရှိပေ။ ကော်ရစ်ဒါမှအလင်းရောင်မှိန်မှိန်ဖြင့် အခန်းတွင်းမှတုန်လှုပ်ချောက်ချားဖွယ်ရာ အရိပ်ကို ဖန်တီးထားသည်။ တံခါးဝတွင် ပုံရိပ်တစ်ခုသည် ဒူးထောက်နေကာ အနက်ရောင်ဆံပင်တို့ မျက်နှာတစ်ဝက်ကိုဖုံးကွယ်ထားသည်။ အလင်းရောင်အနည်းငယ်ဖြင့် သူ့ရဲ့ တုန်ရီနေသော လက်များကိုမြင်နေရသည်။ ရှိုက်သံအချို့က ပဲ့တင်ထပ်လာသည်။



"ပစ်လေ..ပစ် မင်းဘာကိုစောင့်နေတာလဲ?" ကျန်းရွေ့သည် နျဲ့ရှီအနောက်တွင်သူ့ကိုယ်သူကာထားပြီး ခေါင်းကိုသာ မြင်နေရသည်။



"လူဖြစ်တဲ့ပုံပဲ" ကောင်းချန်က တုံ့ဆိုင်းနေကာ သူ့လည်ပင်းကို ရှေ့တိုးလိုက်သည်.."အဲ့ဒါကလူပဲ ဟုတ်တယ်မလား"



“ကျွန်တော့်ကို ကယ်ကြပါ... ကူညီပါဦး…” ထိုလူက ကြောက်ရွံ့မှု အပိုင်းအစများဖြင့် မပီမသညည်းညူလာသည်။သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လာတာကြောင့် နျဲ့ရှီမှလွဲပြီး အားလုံး နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်သွားကြသည်။ ဖန်ချန်းကကြောက်လန့်တကြားဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။



ထိုလူရဲ့မျက်နှာကပေါ်လာပြီး နှစ်ဆယ်တောင်မပြည့်သေးတဲ့ ငယ်ရွယ်တဲ့မျက်နှာလေးကိုတွေ့လိုက်ရသည်"ကျွန်တော်.....ကျွန်တော်.. မသေချင်သေးဘူး"



ထိုအချိန်တွင် ရှဲ့ယင်းက တံခါးကိုဖွင့်လာခဲ့ရာ လူလေးယောက်စလုံးသည် ဘယ်ဘက်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး "ဒီမှာ ဘာတွေဖြစ်နေတာလဲ" ဟုမေးလိုက်သည်။

____________



ရေချိုးခန်းထဲမှ ရေနွေးအငွေ့များက အခန်းထဲပျံ့သွားပြီး တစ်ခန်းလုံး ပူနွေးလာခဲ့သည်။ ပြတင်းပေါက်ဖွင့်ရန် မည်သူမျှ မဝံ့ရဲကြဘဲ ဆံပင်များစိုစွတ်နေတဲ့ မိန်းကလေးများရှိတာကြောင့် လေအေးပေးစက်ကိုလည်း မဖွင့်သင့်ပေ။ ဝမ်ဟွေ့ဝမ်က ဆံပင်လေမှုတ်စက်ကို ပလပ်ထိုးလိုက်တာကြောင့် အသံထွက်လာခဲ့ပြီး ဆိုဖာပေါ်တွင်ထိုင်နေသော ဆံပင်အနက်ရောင်နဲ့လူငယ်လေးသည် တုန်တက်သွားသည်။ ပိတ်ပစ်ဖို့ကလွဲပြီးသူမမှာ ရွေးချယ်စရာမရှိသလိုမျိုး တခြားသူတွေနဲ့ အကြည့်ချင်းဖလှယ်သည်။



ရှဲ့ယင်းသည် ထိုလူငယ်အား ရေတစ်ခွက် ပေးသော်လည်း သူကတုန်တုန်ယင်ယင်ဖြင့်ယူထားပြီးမသောက်ပေ။ အဲဒီအစား တုန်တုန်ယင်ယင်လက်ထဲမှာ ကိုင်ထားပြီး "အားလုံးကလည်း ဒီမှာပဲနေကြတာလား" ဟုမေးလာသည်။



အားလုံးက ခေါင်းခါပြတာကိုမြင်လိုက်ရတော့ သူ့အမူအရာကရှုံ့မဲ့လာပြီး ကယောင်ကတမ်းပြောလာခဲ့သည်.... "ကျွန်တော်... အဲ့တာ..မနက်တုန်းကအထိတောင်အဆင်ပြေနေသေးတယ်.. မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီးပြန်လာတုန်းကတောင် လူတွေကိုတွေ့ခဲ့ရသေးတယ်... နောက်တော့ စားသောက်ခန်းကို မနက်စာစားဖို့သွားခဲ့တယ်..... အဲဒီမှာ ကျွန်တော်..တစ်ယောက်တည်းရှိနေခဲ့တာ....ပြီးတော့ ရုတ်တရက်ကြီး ကောင်းကင်က မှောင်သွားပြီးတော့ တစ်စုံတစ်ခုက အထဲကိုဝင်လာခဲ့တယ်...”



သူ့လက်တွေကို ပိုလို့တောင် ပြင်းထန်စွာ တုန်ခါလာပြီး လက်ထဲကရေခွတ်ထဲကရေများက နေတိုင်းကိုစင်နေတာကို သူသတိပြုမိလိုက်သည်....."ဒီအရာက ကျွန်တော့်နောက်ကို လိုက်နေတာ..ကျွန်တော့်နောက်ကို လိုက်နေခဲ့တာ!" သူစကားပိုပြောသည်နှင့်အမျှ ပိုပိုပြီး တုန်လှုပ်လာကာ ရုတ်တရက် ခေါင်းကို မြှောက်လိုက်ပြီး မျက်လုံးများသည် ပုံမှန်မဟုတ်သော တောက်ပမှုနှင့်အတူ ပြူးကျယ်လာသည်။



ဖန်ချန်းသည် သူ့ရှေ့မှာတိုက်ရိုက်ရပ်နေခဲ့ပြီး သူ့ရဲ့ရုတ်တရက် လှုပ်ရှားမှုကြောင့် လန့်ဖျပ်သွားပြီး ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားသည်။ အကြောင်းပြချက်မရှိဘဲ သူ့နှလုံးသား နစ်မြုပ်သွားခဲ့သည်။



"အဲ့ဒီအရာက ခြောက်ထပ်အထိ မင်းအနောက်လိုက်နေခဲ့တာလား" ကျန်းရွေ့က တံတွေးခက်ခက်ခဲခဲမျိုချပြီး မေးလိုက်သည်။



လူငယ်လေးက ခေါင်းယမ်းပြီး “မဟုတ်ဘူး ကျွန်တော်က ထောင့်ဘက်ကို လှည့်လိုက်တော့ အဲ့တာက ပြုတ်ကျသွားတယ်....ပြီးတော့လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ”ဟု သူ့မျက်နှာ၌ ပဟေဠိဆန်တဲ့အမူအရာတွေ ဝတ်ဆင်ထားကာပြောလာခဲ့သည်.... အားလုံးက တိတ်တိတ်ဆိတ်ဆိတ်သွားခဲ့ကြသည်။စိတ်နတ်ဆိုးက ပြုတ်ကျပြီး သူ့ဘာသာ သေသွားနိုင်တာလား..?



ဝမ်ဟွေ့ဝမ်က သူမပခုံးကိုသူမ ပွတ်သပ်လိုက်ရင်း ရှဲ့ယင်းအား တိတ်တဆိတ်ကပ်ပြောလိုက်သည် "အဲ့ ကလေးကြည့်ရတာ တော်တော်ကြောက်သွားပုံပဲ.. ဟုတ်တယ်မလား?" ထို့နောက် သူမက လူငယ်ဘက်ကို လှည့်လိုက်ပြီး “ဒီမှာက လူများတယ်...မကြောက်နဲ့တော့ မောင်လေး.. ဒါနဲ့မင်းနာမည် ဘယ်လိုခေါ်လဲ” လို့ဟု မေးလိုက်သည်။



လူငယ်က “ချောင်းယန်” ဟု မဝံ့မရဲပြောလာသည်။



"အစတုန်းက ငါတို့ကို ချောင်းကြည့်နေခဲ့တာလား?" ဖန်ချန်းက ရှဲ့ယင်းကို ပြတင်းပေါက်ပိတ်ဖို့ သတိပေးရန် သူပြန်ပြေးသွားခဲ့သည့်အချိန်ကို ရည်ညွှန်းပြီး မေးလိုက်သည်။



ချောင်းယန်က ခေါင်းညိတ်ပြလာပြီး နောက်တစ်ကြိမ် ထပ်ရှိုက်လိုက်ကာ ဖန်ချန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့ဆံပင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ့ခေါင်းကို လက်နှစ်ဖက်ထဲမှာ မြှုပ်လိုက်သည်။ "တော်ပါသေးတယ်...ကျေးဇူးပါပဲ...နောက်ဆုံးတော့ လူတွေရှိနေသေးတယ်... ကျွန်တော်...တစ်ယောက်တည်းမဟုတ်တော့ဘူး..." သူတကယ်ကြောက်နေပုံရသည်။



နာမည်များ ဖလှယ်လိုက်ကြပြီးနောက် လူတိုင်းသည် ဆာလောင်မှုကို စတင်ခံစားလာကြရသည်။ 

ကြောက်ရွံ့ထိတ်လန့်နေသော ဝိညာဉ်ငယ်လေးအတွက် စိတ်ပူဖို့ရာ အချိန်မပေးနိုင်တော့ဘဲ စာလောင်နေတဲ့ဗိုက်ကိုအရင်ဖြည့်ဖို့ ဘန်းမုန့်များနှင့်ယူလာသည့်အစားအစာများကို အရသာခံကာ စားသောက်လိုက်ကြသည်။



ဖန်ယင်းယင်းသည် သေးငယ်သော တစ်ကိုက်ကိုက်လိုက်ပြီး ဖန်ချန်းကို နောက်တစ်ကြိမ် ခိုးကြည့်ကာ နျဲ့ရှီဆီသို့ လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်အပြီးတွင် သူမသည် အမြန်အကြည့်လွှဲလိုက်ကာ သူမ၏သွားများဖြင့် ဘန်းမုန့်ကို ကိုက်လိုက်သည်။ အကြောက်တရားသည် သူမ၏နှလုံးသား အနက်ရှိုင်းဆုံးကို လွှမ်းခြုံထားလေသည်။



ချောင်ယန်သည်လည်း သူတို့အဖွဲ့နဲ့အတူ အလုတ်နည်းနည်းလောက်စားပြီး ဆိုဖာပေါ်မှာပြန်ထိုင်လိုက်သည်။



"ထပ်မစားတော့ဘူးလား?" ကောင်းချန်ကဘန်းမုန့်ပေါင်းကို ကိုင်ကာ မေးလိုက်သည်။ "မင်းရဲ့စားချင်စိတ်နဲ့တော့ မဖြစ်ဘူးပဲ... မင်းကြောက်နေရင်တောင်မှ ဗိုက်ပြည့်အောင်စားဖို့ လိုသေးတယ်လေ"



ချောင်ယန်သည် ခေါင်းငုံ့ကာ သူ့ခြေချောင်းများကို ကြည့်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။ "မဟုတ်ဘူး ကျွန်တော် မနက်က စားပြီးသွားပြီ"



"ထမင်းစားပြီးလား?" ဖန်းချန်သည် ထမင်းပေါင်းအိုးကို သတိရကာ လှည့်မေးလိုက်သည်။



ချောင်ယန်က မတ်တတ်ထရပ်လိုက်ကာ မျက်တောင်ခတ်လိုက်သည်.. "...အမ်း.."



ဖန်ချန်းသည် သူ၏ ညာဘက်မျက်ခုံးစွန်းပေါ်ကရ မှဲ့သေးသေးလေးကို သတိထားမိလိုက်သည်။မှဲ့သည် နဖူးနှင့် ချောမွေ့စွာ ရောစပ်နေသည်။ သေသေချာချာ မကြည့်ဘဲနဲ့တော့ ခွဲခြားလို့မရချေ။



စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သူ့အမြင်အာရုံက ပိတ်ဆို့ခံလိုက်ရသည်။ ဖန်ချန်း ခေါင်းကိုမော့ပြီးကြည့်လိုက်ရာ နျဲ့ရှီ သူ့ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ အကြောင်းတစ်ခုခုကြောင့် သူဆိုဖာဘက်ကို ထပ်မကြည့်ရဲတော့ပေ။ ဘန်းမုန့်ကို နှစ်ခါလောက်ကိုက်လိုက်ပြီးနောက် ဗိုက်ဆာသည်ဟု မခံစားရတော့တာကြောင့် ဖန်ချန်းကထရပ်လိုက်ပြီး "ငါတို့ ဘာဆက်လုပ်ကြမလဲ?" ဟုမေးလိုက်သည်။



နျဲ့ရှီသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေဆဲ စားနေဆဲဖြစ်သည့် လူအချို့ပေါ် ဖြတ်၍ တစ်ချက်ကြည့်လိုက်သည်.. "နေထွက်တဲ့အထိစောင့်ကြမယ်"



ညနေ ၅း၅၇ လောက်တွင် ရုတ်တရက် ပြတင်းပေါက်မှ ကျယ်လောင်သည့်ပဲ့တင်ထပ်သံကိုကြားလိုက်ရသည်။ လသာဆောင်ကိုလည်း သော့ခတ်ထားကြပြီး ကုလားကာကိုလည်း ဘယ်သူမှ ဆွဲမဖွင့်ရဲကြပေ။ ဖန်ယင်းယင်း နဲ့ ချောင်ယန် နှစ်ယောက်စလုံးက ယုန်လေးတွေလိုမျိုး ကြောက်လန့်နေကြကာ ဆိုဖာအစွန်းတစ်ဖက်မှာထိုင်နေရင်း သိသိသာသာတုန်နေကြပြီး ဖန်ချန်းက သူတို့နှစ်ယောက်ကို နောက်တစ်ခါပြန်ကြည့်လိုက်ချိန် ဖန်ယင်းယင်းက တစ်ခုခုပြောမလို့အချိန်မှာပဲ နျဲ့ရှီကသူ့ကိုခေါ်လာခဲ့သည်။



"ဖန်ချန်း"



"အမ်?" ဖန်ချန်းက သူ့အနားကို လျှောက်သွားလိုက်သည်...နျဲ့ရှီက သူ့ခေါင်းကို အနည်းငယ်ငုံ့လာကာ ဖန်ချန်၏ နားနားကို ကပ်လာခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးများကမူ ဖန်ယင်ယင်ကို လျှို့ဝှက်စွာ စူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။ "ငါ... လသာဆောင်ဘက်ကို သွားလိုက်အုံးမယ်"



ဖန်ယင်းယင်းသည် ဆိုဖာပေါ်က ချုပ်ရိုးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည် အသက်ရှုမရလုနီးပါး တင်းမာသွားခဲ့သည်။ ပါးပြင်ပေါ်ကိုလည်း မျက်ရည်များ အထိန်းအကွပ်မရှိ ကျဆင်းလာခဲ့သည်။



"သေချာလို့လား?" ဖန်ချန်းက ပြတင်းပေါက်အပြင်ဘက်မှန်မှ ကျယ်လောင်သော "ဘန်း" ခနဲအသံကိုကြားလိုက်ရတာကြောင့်ထိပ်လန့်တကြီးမေးလိုက်သည်။ သူ့မျက်လုံးများကို ပုတ်ခပ်ပုတ်ခပ်လုပ်နေရင်း ဗလာဖြစ်နေတဲ့ အမူအရာနဲ့ "မင်းတစ်ယောက်တည်း အဆင်ပြေမှာသေချာလို့လား" ဟုမေးလိုက်သည်။



"အင်း" နျဲ့ရှီက ပြန်ပြောလာပြီး ဖန်းချန်သည် သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ပြုံးပြနေတာကို မြင်လိုက်ရပေမယ့် သေချာအနီးကပ်ကြည့်တဲ့အခါမှာတော့ ပျောက်သွားခဲ့သည်။ သူ့လက်များက ဖန်ချန်း ခါးတစ်ဝိုက်ကို ရစ်ပတ်လာပြန်သည်။ နျဲ့ရှီက သူ့ခါးကို အကြိမ်အနည်းငယ် ပွတ်သပ်ခဲ့ပြီးနောက် ဓားမြှောင်ကို သူ့ခါးကအစွပ်ထဲက ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည် "ဒါကို ငှားပါရစေ.."



"ရတာပေါ့" ဖန်ချန်းက အောက်ကိုငုံ့ကြည့်လိုက်ရင်း ခြောက်ကပ်စွာ တုံ့ပြန်လိုက်သည်။



နျဲ့ရှီသည် အခြေအနေကို လွဲမှားစွာကိုင်တွယ်မိပါက အခန်းထဲကို ထိုမကောင်းဆိုးဝါးများကရက်စက်ကြမ်းကြုတ်စွာ ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် အခြားသူများက ရေချိုးခန်းထဲတွင် ခိုလှုံရန် လုပ်ခဲ့ကြသည်။ သို့သော် ရှဲ့ယင်းသည် ရဲရင့်စွာဖြင့် လိုက်ကာများကို သူမဘာသာဖွင့်လိုက်ပြီး မှန်ချပ်တွေပေါ်မှာ တွားသွားနေသည့် စိတ်နတ်ဆိုးနှစ်ခုကို ဖော်ထုတ်လိုက်သည်။



နျဲ့ရှီက လသာဆောင်ထဲကိုဝင်သွားလိုက်ပြီး မှန်ချပ်ပေါ်တွင် တွယ်ကပ်နေသည့် စိတ်နတ်ဆိုးနှစ်ကောင်ကသူ့ဆီသို့ တစ်ပြိုင်နက်ထဲ အာရုံလှည့်လာကြသည်။သူတို့က ချက်ခြင်းတိုက်ခိုက်လာမည့်အစား နှစ်စက္ကန့် သုံးစက္ကန့်လောက် စောင့်ပြီးမှ ပါးစပ်ဟကာအော်ဟစ်လာရင်း လက်များဖြင့်နျဲ့ရှီဆီလှမ်းလာကြတော့သည်။



မှန်ချပ်တွေအပေါ် တွယ်ကပ်နေသောကြောင့် နျဲ့ရှီသည် သေနတ်ကို မသုံးနိုင်ခဲ့ပေ။



သူသည် ၎င်းတို့ထဲမှ တစ်ယောက်ကို လက်ကနေ ဖမ်းကိုင်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူတို့သည် ပိန်ပါးကြပြီး နျဲ့ရှီထံမှ ပြင်းထန်သော အားဖြင့် ကိုင်ပေါက်ခံလိုက်ရသောကြောင့် ၎င်းတို့၏ အရိုးများသည် ပြတ်တောက်သွားကာ ကြမ်းပြင်နဲ့ရိုက်ခတ်သွားပြီး ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။



လက်ကျိုးသွားသောထိုမကောင်းဆိုးဝါးသည် ကြမ်းပြင်ပေါ်တွင် တွားသွားရန် ခြေထောက်ကိုသာ အားကိုးနိုင်တော့သည်။



နျဲ့ရှီက ဓားမြှောင်ကို တစ်ခြားတစ်ကောင်ရဲ့ ရင်ဘတ်ထဲကို ထိုးသွင်းလိုက်ကာ တိုးညှင်းသော အသံကထွက်လာခဲ့သည်။ ငွေရောင်ဓားဖြင့် ထိုးဖောက်ပြီး နောက်ပြန် ဆွဲထုတ်လိုက်ကာ ဓားတွင် ထူထဲသော ချည်မျှင်ကဲ့သို့ အနက်ရောင်အရာတစ်ခုက ဖုံးအုပ်လျက်ပါလာသည်။ထိုအရာများသည် အနက်ရောင်ပိုးကောင်များနှင့် ဆင်တူသည်။ ထိုပစ္စည်းသည် ဓါးသွားအစွန်းမှ စီးကျသွားပြီး လေထဲတွင်ပျောက်ကွယ်သွားသည်။



ကြမ်းပြင်ပေါ်တွင် တွားသွားနေသည့်သူက ၎င်း၏ပါးစပ်ကြီးအား ဖွင့်ဟလိုက်ပြီး အဝါရောင်သွားများ ပေါ်လွင်စေလိုက်ကာ နျဲ့ရှီ၏ ခြေကျင်းဝတ်လှမ်းဆွဲလာသည်။ထိုစဉ် တစ်ဖက်တွင် ပါးလွှာသွယ်လျသော လက်သည်းများဖြင့် လက်တစ်ခုက ဖန်ချန်းကိုဆွဲလာခဲ့သည်...။



ထိုအမျိုးသမီး၏ ချွန်ထက်သောလက်သည်းများသည် ဖန်ချန်း၏လက်ကောက်ဝတ်ထဲ မစိုက်ဝင်သော်ငြား နာကျင်မှုကြောင့် သူမျက်ခုံးပင့်သွားခဲ့ရသည်။ သူက ထိုလက်များကို ခါချဖို့ လုပ်လိုက်သည်။



"နျဲ့ရှီနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်နေပြီ" ဖန်ယင်းယင်းက သူမ၏ နောက်ဆုံးအသက်သွေးကြောကို ဆုပ်ကိုင်ထားသလိုမျိုး သူ့ကို ပြောလာသည်။ "ကျွန်မကို..ယုံပါ...သူက.. တစ်ခုခုမှားနေပြီ..."



တစ်ဖက်တွင်ရှဲ့ယင်းသည် ဝရံတာမှန်ကို ထိတ်လန့်စွာ ဆုပ်ကိုင်လိုက်ထားပြီး ချောင်ယန်ကမူ တုန်တုန်ယင်ယင်နှင့် သူ့မျက်နှာကို ဆိုဖာပေါ်တွင် မြှုပ်ထားသည်။ ကျန်တဲ့လူတွေအားလုံး ရေချိုးခန်းထဲမှာ ပုန်းအောင်းနေကြပြီး ဧည့်ခန်းလေးထဲမှာ သူတို့နှစ်ယောက်ပဲ ကျန်တော့သည်။



ဖန်ချန်းသည် သူမ၏ ဆုပ်ကိုင်မှုကြောင့် အသားများပြဲကာကြေမွတော့မလိုမျိုး ကြီးမားသော နာကျင်မှုကို ခံစားလိုက်ရသည်။



"သူက..ပုပ်နေပြီ!!..." ဖန်ယင်းယင်းသည် သူမ မျက်ရည်တွေကို ဆက်ထိန်းမထားနိုင်တော့ပေ။ သူမ ခိုအောင်းထားသမျှ အကြောက်တရားတွေ ပေါက်ကွဲထွက်သွားခဲ့သည်။ သူမသည် ထိတ်လန့်နေခဲ့သည်။ အဲဒီလူက ပုပ်ပွနေခဲ့သည်။



ဖန်ချန်းသည် သူမလက်ထဲက လွတ်မြောက်ရန်ကိုပင် မေ့လျော့သွားကာ အေးခဲသွားသည်... "မင်း ဘာတွေပြောနေတာလဲ?"



"သူက...ပုပ်နေပြီ ဝူး... သူက လူမဟုတ်ဘူး! သူက ပုပ်နေတာ ဖန်ချန်း ကျွန်မ အရမ်းကြောက်တာပဲ ဝူး" ဖန်ယင်းယင်း၏ ဆံပင်များသည် ရှုပ်ပွနေကာ သူမ၏မျက်လုံးများသည် မျက်ရည်များဖြင့် တလက်လက် တောက်ပြောင်နေသည်။



သူမ ဘယ်တုန်းက သတိထားမိတာလဲဆိုတော့...



အဲဒီလူက သူမအပေါ် အမြဲတမ်း အေးစက်နေခဲ့သည်... မဟုတ်ဘူး..အမှန်တိုင်းပြောရရင် သူက ဖန်ချန်းက လွဲပြီးတော့ လူတိုင်းအပေါ် အဆင်မပြေနေတာ... အလောင်းတွေကိုကြည့်သလိုမျိုး တခြားသူတွေကို ကြည့်တဲ့အကြည့်တွေက အအရမ်းအေးစက်နေပေမယ့် ဖန်ချန်းကိုတော့ မတူပေ။



ဖန်ယင်းယင်းသည် အမြဲတမ်းစောင့်ကြည့်နေခဲ့သည်။ ဖန်ချန်အပေါ်ကို အကြည့်များကျရောက်သွားအခါတိုင်း နျဲ့ရှီ၏အကြည့်များသည် စွဲလမ်းမှုတိမ်တိုက်များဖြင့်ဖုံးအုပ်ထားသည်။ သို့သော်လည်း တစ်ဖက်ကလူက လုံးဝ သတိမထားမိနေပေ...နျဲ့ရှီ၏ စွဲလမ်းမှုအဆင့်သည် တစ်ဖက်လူအား အပြင်းအထန်စောင့်ကြပ်ပေးဂရုစိုက်ပေးသည့်အပြင် အခြားသူများရဲ့အကြည့်ကျရောက်လာမည်ကိုပင် ခံနိုင်ရည်မရှိသည့် ရူးသွပ်မှုအဆင့်လောက်ရှိနေသည်။



အစပိုင်းတွင် ဖန်ယင်းယင်းသည် နျဲ့ရှီကို ရိုးရိုးရှင်းရှင်း ကြောက်ခဲ့တာဖြစ်သည်။ နောက်တော့ သူက ကားတံခါးကို တွန်းဖွင့်ခဲ့ပြီး စိတ်နတ်ဆိုး၏ ခြေထောက်ကို လှမ်းဆွဲခဲ့လိုက်သည့်အချိန်မှာတော့ မြင်ကွင်းကြောင့် သူမသည် သူမမျက်လုံးရှေ့ကမြင်ကွင်းကြောင့် လှိုင်းလုံးကြီးနဲ့အပုတ်ခံခဲ့ရသလို ထိပ်လန့်သွားရသည်။



ထိုအခိုက်အတန့်တွင် နျဲ့ရှီနှင့် ထိုမကောင်းဆိုးဝါးတို့သည် တညီတညွတ်တည်း မှုန်ဝါးသွားကြကာ ထို နှစ်ယောက်ကြားကို ခွဲခြားမရနိုင်တော့ပေ။ သူမအတွက် ထိုအခိုက်အတန့်သည် ထိုယောက်ျား၏လည်ပင်းက သာမန်လူအဖြစ်မှ ခရမ်းရောင်အရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး အရေပြားနှင့် အသားများ တဖြည်းဖြည်းပြောင်းလဲလာခြင်းကို မြင်လိုက်ရကြောင်း သက်သေခံသောအရေးကြီးသည့်အခိုက်အတန့်ဖြစ်သည်။ ခဏကြာတော့ သူ့လက်မောင်းမှာ အစက်အပြောက်တွေ ပေါ်လာပြီး ပုပ်ပွလာတော့သည်....



တကယ်ကြီး...သူတို့တွေက ဒီအတောအတွင်းမှာ ဘာကြီးနဲ့..ဘယ်သူကြီးနဲ့ အတူတူ နေခဲ့ရတာလဲ?



သူမသည် ထိုလူ၏ တဖြည်းဖြည်း ပုပ်ပွလာမှုကို သူမမျက်လုံးဖြင့် မြင်လိုက်ရပြီး ဖန်ချန်းကိုပြောဖို့ အနားကို ကပ်လိုက်တိုင်း သူကစောင့်ကြည့်နေခဲ့သည်။ သူမကိုကြည့်သည့် အကြည့်များထဲတွင်" နောက်ဆုတ်လိုက်! ဖန်ချန်းနဲ့ ခပ်ဝေးဝေးနေ။ သူက ငါ့အပိုင်ပဲ သူ့ကိုငါပဲပိုင်တယ်" ဆိုပြီးပြောနေသလိုပင်။



သို့သော် သူမမှလွဲ၍ ကျန်တဲ့လူတိုင်းက ၎င်းကို သတိမပြုမိသလို နျဲ့ရှီကိုပဲ ဗဟိုပုဂ္ဂိုလ်အဖြစ် သဘောထားကာ သူ၏ အရည်အချင်းများအပေါ် အလွန်အမင်း အားကိုးနေပုံရသည်။



ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ!အကယ်၍သာ သူမက တစ်ယောက်ယောက်ကိုထိုအကြောင်းပြောလိုက်ပါက မည်သူမျှ သူမကို ယုံကြလိမ့်မည်မထင်ပေ။ သူမကို ယုံကြည်မည့်သူ တစ်ယောက်ရှိပေမည်! ဖန်ချန်းပင်!ဖန်ချန်း သည် သူမအပေါ်သံသယဖြစ်မှာမဟုတ်ပေ။ ပြောရရင်... သူသည် ထိုအဆောက်အအုံတစ်ခုလုံးတွင် သူမအား နှုတ်ဆက်ရန် အစပြုလုပ်ဆောင်ခဲ့သည့် မယုံနိုင်လောက်အောင် ကြင်နာတတ်သည့်လူဖြစ်သည်။ ဖန်ချန်းသည် သူမကို ယုံကြည်မည်မှာ သေချာသည်။ သူမ... သူ့ကိုပြောပြရမည်!



ဖန်ယင်းယင်းက "သူ..သူက..တကယ်ကိုအန္တရာယ်များတယ်.. ဖန်ချန်း ကျွန်မတို့ သူ့ဆီကနေ အတူတူလွတ်မြောက်ကြရအောင်..."



ဖန်ချန်းသည် ရှင်းရှင်းလင်းလင်း ထိတ်လန့်သွားပြီး သူမ၏ စကားလုံးများကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ခဲ့ပေ။ သူသည် ပုပ်ပွနေသော လူအကြောင်းကို ဘယ်သူ့ကိုမှ တစ်လုံးတစ်ပါဒမျှ မပြောခဲ့ပေ။ ဖန်ယင်းယင်း ပြောတာသာ အမှန်ဆိုရင် နျဲ့ရှီက... သူ ရုတ်တရက် မတွေးရဲတော့ပေ။ အဲဒီညက ထိုပုတ်ပွနေတဲ့လူရဲ့ စကားသံများက သူ့နားထဲမှာ အမြဲတမ်းပဲ့တင်ထပ်နေခဲ့သည်။



သူ့အာရုံပျံ့လွင့်မှုကို အခွင့်ကောင်းယူပြီး ဖန်ယင်းယင်းက သူ့ကို ဆွဲယူပြီး အပြင်ကိုထွက်ပြေးသွားခဲ့သည်။ သူမ၏လက်သည်းများသည် ဖန်ချန်း ၏အသားထဲသို့ စူးဝင်သွားသော်လည်း သူကမူ မည်သည့်ခံစားချက်ကို လုံးဝသတိမမူမိနေပုံရသည်။ သူ့ခန္ဓာကိုယ်သည် သတိမရှိသည့် အရုပ်တစ်ရုပ်လိုမျိုး ဆွဲတာနဲ့ အလိုအလျောက် ရွေ့လျားသွားကာ လိုက်သွားခဲ့သည်။



- တံခါးက သူတို့နှစ်ယောက်နောက်မှာ ပိတ်လျက်ကျန်ခဲ့သည်။



နျဲ့ရှီက သူ့ခြေထောက်ကို မြှောက်လိုက်ပြီး သူ့ခြေကျင်းဝတ်ကို ဆွဲဖို့ကြိုးစားတဲ့ လက်နှစ်ဖက်ကိုတက်နင်းလိုက်သည်။နျဲ့ရှီ၏ခြေဖဝါးအောက်တွင် နင်းခံရပြီးနောက် ၎င်း၏သွားများသည် ကြမ်းပြင်မျက်နှာပြင်နှင့် ပြင်းထန်စွာ တိုက်မိသွားသည်။ နောက်တော့ ဓားမြှောင်တစ်ချောင်းက သူ့နောက်ကျောကနေ ထိုးဖောက်သွားခဲ့သည်။



တစ်ချိန်တည်းမှာပင် နျဲ့ရှီက သေနတ်ကို ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက်အထစ်တစ်လျှောက် ထပ်တက်လာတဲ့ နောက်တစ်ကောင်ကို ချိန်ရွယ်ကာပစ်လိုက်သည်။ ထိုကောင်ကြီး၏ဘယ်ဘက်ပခုံးကို ထိမှန်သွားသော်လည်း ပြုတ်ကျလာခြင်းမရှိပေ။ နောက်ထပ် ထပ်ပစ်လိုက်တော့မှ ရင်ဘတ်ကို တည့်တည့်ထိမှန်ခဲ့သွားခဲ့ပြီး ပြုတ်ကျသွားတော့သည်။



လသာဆောင်၏ မှန်တံခါးသည် ပွင့်သွားပြီး နျဲ့ရှီက အခန်းထဲသို့ ဝင်လာခဲ့သည်။ ရှဲ့ယင်းက တံခါးကိုကိုင်ပြီး ဝင်ပေါက်ကို မျှော်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ရေချိုးခန်းတံခါးက ပွင့်လာပြီး ကောင်းချန်ကထွက်လာကာ ခေါင်းညိတ်ပြလာသည် ။



ဆိုဖာပေါ်ရှိ ချောင်ယန်က သူ့ဒူးသူ ပွေ့ဖက်ထားရင်း နျဲ့ရှီ၏မျက်လုံးများကို စိုက်ကြည့်ရင်း ကြောက်ရွံ့ထိတ်လန့်စွာနဲ့ "အခုပဲ အမကြီး ဖန်က ချန်းကော ကို ဆွဲပြီးထွက်ပြေးသွားပြီ..."



အာ!!



သွားပြီ!! မကောင်းတော့ဘူး ဒါကဆိုးတာပဲ.....



နျဲ့ရှီကလွဲရင် အားလုံး၌ ဒီလိုအတွေးမျိုးရှိသွားကြသည်။



နျဲ့ရှီ၏ အကြည့်များသည် နက်နဲကာ မှောင်မဲလာပြီး ဆိုးရွားသော ကြမ်းတမ်းမှုဆီသို့ ပြောင်းသွားတော့သည်။