Chapter 25
Viewers 4k

Ch25 လူ့နယ်ပယ်


ညသည် တိတ်ဆိတ်နေဆဲပင်...

ဖန်ချန်း တံခါးဖွင့်လိုက်သည်။စင်္ကြံသည် လင်းနေရမည့်အစား အမှောင်ထုထဲတွင်နစ်မြုပ်နေပြီးခပ်ဝေးဝေးတစ်နေရာကမီးလုံးတစ်ခုသာ အထီးကျန်စွာမှိတ်တုပ် မှိတ်တုပ်ဖြင့် အလင်းနဲ့အမှောင်ကြား အပြန်အလှန်ကူးလူးနေလေသည်။

သူ မစွန်းစားသင့်ပေ...

 ဒီအတွေးက သူ့စိတ်ထဲရှိနေသည့်တိုင်အောင် ဖန်ချန်းသည် သူ့နောက်မှ တံခါးကိုပိတ်လိုက်ပြီး အမှောင်ထုထဲ ရှေ့သို့ ဆက်တိုးခဲ့လိုက်သည်။

ဟိုတယ်အခန်းအားလုံးသည် တစ်ပုံစံတည်းပင်ဖြစ်ကာ အခန်းနံပါတ်တွင် "6" ဖြင့် စသော တံခါးများနောက်ကို လိုက်လာခြင်းဖြင့်သာ သွားရမည့်နေရာကို အတည်ပြုနိုင်မည်ဖြစ်သည်။ သူမြင်ခဲ့ရသော မှိတ်တုပ်မှိတ်တုပ်မီးလင်းနေသည့် အခန်းနံပါတ် 601 သို့ ရောက်သည့်တိုင်အောင်လျှောက်လာခဲ့ပြီးရပ်လိုက်သည်။ 

တဖျပ်ဖျပ်ခတ်နေသော အလင်းရောင်သည် သူ့အရိပ်ကို ဆွဲဆန့်ပြီး ဆန့်ကျင်ဘက်ရှိမှန်ဘောင်ပေါ်တွင် ပေါ်နေစေသည်... တူညီစွာပဲ သူနှင့်ဆန့်ကျင်ဘက်ရှိ လူတစ်ယောက်၏ မှိန်ဝါးဝါးပုံရိပ်သည်လည်း မှန်ထဲတွင်အရိပ်ထင်နေလေ၏။

"ကလင်.."

အားပျော့သော ခေါင်းလောင်းသံတစ်ခုသည် လေထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။

သူ လူတစ်ယောက်ကို တွေ့လိုက်ရပြီး သူနှင့် ကပ်လျက်တွင် စိတ်နတ်ဆိုးကရှိနေခဲ့သည်။

အားနည်းသော မကောင်းဆိုးဝါးသည် လူငယ်၏ ဆုပ်ကိုင်မှုကြားကနေ မျှော်လင့်ချက်မဲ့စွာ ပြန်တိုက်ခိုက်နေခဲ့ပြီး ၎င်း၏ လက်သည်းများက ဖျော့တော့သော အင်အားဖြင့် ပြတင်းပေါက်မှန်ကို တဒုန်းဒုန်းထုနေခဲ့သည်။ ဖန်ချန်း၏ မျက်စိရှေ့မှာတင် ချောင်ယန်သည် နာကျင်မှုကြောင့်လွန့်လူးနေသော မကောင်းဆိုးဝါးအား အနိုင်ယူလိုက်သည်။ သူက လျင်မြန်သော ရွေ့လျားမှုဖြင့် မည်းမှောင်နေသော ရင်ဘတ်ထဲသို့ သူ့လက်ကို ထိုးသွင်းလိုက်ပြီး မကောင်းဆိုးဝါး၏ နှလုံးနေရာကို ထိုးဖောက်ဝင်ရောက်သွားသည့်အသံတစ်ခုကထွက်လာခဲ့သည်။

ချောင်ယန်က ခေါင်းကို လှည့်လိုက်ပြီး ဖန်ချန်း၏ နီမြန်းသော မျက်နှာကို ငေးကြည့်လာခဲ့သည်။ သူက မျက်တောင်နှစ်ချက်ခတ်လိုက်ပြီး လျင်မြန်စွာ ပြုံးပြလာကာ ရွှင်မြူးစွာနှုတ်ဆက်လာခဲ့သည်။

 "ဖန်ချန်းကော~" 

စိတ်နတ်ဆိုးသည် သူ့လက်ထဲ၌ပင် ပျောက်ကွယ်သွားကာ အနက်ရောင်အပျစ်အချွဲများက သူ့လက်ချောင်းထိပ်မှ ကြမ်းပြင်ပေါ်သို့ကျဆင်းလာတော့သည်။ ချောင်ယန်၏လက်ရှိအမူအရာအသစ်သည် အရင်က ရှက်ရွံ့ပြီးကြောက်တတ်သောလူငယ်နှင့် အတိအကျပင်ဆန့်ကျင်ဘက်ကြီးဖြစ်နေသည်။

ချောင်ယန်က စိမ်ပြေနပြေ ခြေလှမ်းများဖြင့် သူ့ဆီကိုတည့်တည့်လျှောက်လာခဲ့သည်။ 

တုံ့ပြန်မှုတစ်ခုအနေနဲ့ ဖန်းချန်သည် ချက်ခြင်းနောက်တစ်လှမ်းပြန်ဆုတ်မိသွားပြီး သူ့စိတ်ထဲမှာ ဗလာကျင်းသွားခဲ့သည်။

ချောင်ယန်က သူ့ခေါင်းကိုငဲ့စောင်းလိုက်သည်...ထို့နောက် တဖြည်းဖြည်းချင်း ပုပ်စပြုလာခဲ့သည်။ ဖန်ချန်းသည် သူ၏မျက်နှာ...ထို့နောက် သူ၏လည်ပင်းမှ နောက်ဆုံးတွင် တစ်ကိုယ်လုံး တဖြေးဖြေးယိုယွင်းပျက်စီးလာကာ ဆိုးရွားပြီး ကိုးရို့ကားရားနိုင်သောအသွင်ပြောင်းမှုတစ်ခုလုံးကို မြင်တွေ့လိုက်ရသည်။

သူက နျဲ့ရှီလိုပဲ.....

ဖန်ချန်း အံ့အားသင့်နေခဲ့သည်။ သူ့ခြေထောက်များက ရွေ့လျားရန်ငြင်းဆင်းနေကာ ထိုနေရာတွင်သာ အေးခဲစွာရပ်နေခဲ့မိတော့သည်။

ဖန်ချန်း၏ မျက်လုံးများထဲက ထိတ်လန့်မှုကို ရပ်မိဟန်ဖြင့် ချောင်ယန်၏ နှုတ်ခမ်းများက ခပ်ဟဟဖြစ်သွားခဲ့သည်။ထို့နောက် သူကနှုတ်ခမ်းကိုကိုက်လိုက်ပြီး "အိုး..ဟုတ်သားပဲ....ကောက..ကျွန်တော့်ကိုမမှတ်မိတော့ဘူးပဲ..." 

သူက ရှေ့ဆက်ကိုဆက်တိုးလာခဲ့ပြီး မှိတ်တုတ်မှိတ်တုတ်အလင်းရောင်အောက်များက သူ့အပေါ်၌ အဆက်မပြတ်ကျနေကာ အရိပ်များထင်ဟပ်နေစေခဲ့သည်။ ချောင်ယန်က သူ့နောက်ကျောကို ဖြောင့်ဖြောင့်တန်းတန်း မတ်ထားပြီး ဖန်ချန်ထက် အရပ်ရှည်နေကာ.. ဖိနှိပ်ထားနိုင်သည့် ခံစားချက်မျိုး ရနေခဲ့သည်။

"ဟမ်း မှတ်မိနေသင့်တာကို.." ချောင်ယန်ကပြောလိုက်ပြီး သူ့နှုတ်ခမ်းများကအောက်စိုက်သွားခဲ့သည်။ တစ်ချိန်က ရွှင်မြူးနေခဲ့သည် အမူအရာသည် မှိန်ဖျော့သွားခဲ့ပြီးခေါင်းမာစွာ ထပ်ပြောလာခဲ့သည်။

"ကျွန်တော်တို့အရင်ကတွေ့ဖူးတယ်" 

ဖန်ချန်း၏နှလုံးသည် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ ခုန်နေခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ဝက်သည် နံရံကို မှီနေ၏။ နောက်သို့ထပ်ဆုတ်လိုက်ပြီး လှမ်းကြည့်လိုက်ရာ ဘာမှမတွေ့ရဘဲ တံခါးနံပါတ်-601 ကိုသာ မြင်လိုက်ရသည်။

ဖန်ချန်းအေးခဲသွားမိသည်။

ချောင်ယန်၏ အမူအရာက အနည်းငယ် မှောင်မဲလာပြီး
"ကော ကျွန်တော့်ကို မမှတ်မိဘူးလား?"

ခြောက်ထပ်က....

သူတို့နေထိုင်ခဲ့သည့် အဆောက်အအုံထဲမှာ ရှိနေစဉ်တုန်းက ဖန်ချန်းသည် ချောင်ယန်နှင့် အတူဓာတ်လှေကားတစ်ကြိမ်စီးဖူးခဲ့သည်။ တက္ကသိုလ်ကျောင်းသားဖြစ်ပုံရတဲ့ အဲ့တုန်းကလူက ချောင်ယန်ပင်!...ဖန်ချန်းကတောင် ဘယ်အထပ်မှာနေတာလဲလို့မေးခဲ့ချိန်တွင် ချောင်ယန်၏ အဖြေမှာ "ခြောက်ထပ်" ဖြစ်ခဲ့သည်...

ဖန်ချန်း၏အကြည့်များကြောင့် ချောင်ယန်ထံမှ ရွှင်လန်းသော အာမေဋိတ်သံတစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။

"သတိရသွားပြီလား?"

ကြောက်ရွံ့မှု အရှိန်အဟုန်က သူ့နှလုံးသားကို လာရိုက်ခတ်သွားပြီး ဖန်ချန်းသည် တံခါးကိုမှီကာ လျှောကျသွားတော့သည်။

ချောင်ယန်၏ အပြုံးက နောက်တစ်ကြိမ် ထပ်ပျောက်ကွယ်သွားပြီး နှုတ်ခမ်းများအောက်စိုက်ကာ လေးလံနေသော အကြည့်များဖြင့် အစားထိုးလာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အသားစများက အဖတ်ဖတ်လန်ကျလာပြီး မျက်နှာတစ်ခြမ်းမှ ကျန်ရစ်ခဲ့သောအရိုးများကို ပေါ်လာစေခဲ့သည်။ သို့သော် သူ့အသံသည် ကလေးတစ်ယောက်၏ အပြစ်ကင်းစင်သောအသံမျိုးကို ထိန်းထားဆဲဖြစ်သည်။ သူက ခေါင်းယမ်းလိုက်ကာ ဖန်ချန်းထံ ချဉ်းကပ်လာခဲ့ပြီး
 "မမှတ်မိသေးဘူးလား?"

"ဒါပေမယ့် ရပါတယ်.." ချောင်ယန်၏မျက်နှာပေါ်တွင် ကြီးမားသောအပြုံးကပေါ်လာခဲ့ပြီး... "အဟင်း မကြာခင်မှတ်မိလာရလိမ့်မယ်..."

သူတို့နောက်တွင် တစ်စုံတစ်ခု ပုန်းလျှိုးကွယ်လျှိုးရှိနေခဲ့သည်... လှေကားလက်ရန်းပေါ်တွင် စိတ်နတ်ဆိုးနောက်တစ်ကောင်က ပေါ်လာခဲ့ပြီး တစ်ဝက်ပြောင်သော ခေါင်းတစ်ခြမ်းဖြင့် ကုန်းကွနေကာ သူတို့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

ချောင်ယန်က ဖန်ချန်းအား "ရှူး"ဆိုတဲ့အမူအရာပြလိုက်ကာ ရက်စက်ကြမ်းကြုတ်သော ခွေးတစ်ကောင်လိုမျိုးလျင်မြန်စွာ လျှောက်သွားလိုက်ပြီး စိတ်နတ်ဆိုး၏ ခေါင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ စူးစူးဝါးဝါးအော်သံများထွက်လာပြီး သူက ထိုအသံများကိုလျစ်လျူ ရှုကာနားကန်းနေသည့်ပုံပေါက်ဖြင့်မကောင်းဆိုးဝါး၏မည်းနက်နေသော ရင်ဘတ်ထဲသို့ သူ့လက်ကို စိတ်အားထက်သန်စွာ ထိုးသွင်းကာ ယခင်လှုပ်ရှားမှုအတိုင်း နှလံုးကိုထိုးသွင်းလိုင်သည်။ သူက လက်သီးဆုပ်လိုက်ပြီး အနက်ရောင်အချွဲအပစ်များဖြင့် အုပ်ခံထားရသည့် သူ၏ဖြူဖြူဖျော့ဖျော့ သွယ်လျသောလက်ချောင်းများကို ဆွဲထုတ်လိုက်သည်။ စိတ်နတ်ဆိုးက ပျောက်ကွယ်သွားပြီး ချောင်ယန်ကို အနက်ရောင်ပြာမှုန့်များဖြင့်ချန်ထားခဲ့တော့သည်။

သူတို့ သတိမပြုမိသည့်လှေကားတစ်နေရာပေါ်တွင် အဖြူအမည်းဖြင့်ကြောင်တစ်ကောင်သည် မတ်တပ်ရပ်နေခဲ့သည်။ ၎င်း၏မျက်လုံးများသည် အမှောင်ထဲတွင် တောက်ပနေပြီး အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"မင်း...မင်းတို့က တကယ်ပဲဘာတွေလဲ?" အရာအားလုံးက ကသောင်းကနင်းဖြစ်နေသည်... ဖန်ချန်းသည် နျဲ့ရှီကသာ သူတို့ထဲတွင် တစ်ဦးတည်းသောထူးဆန်းတဲ့ကိစ္စရပ်ဖြစ်သည်ဟု ယုံကြည်ခဲ့မိသည်။ သူသည် နျဲ့ရှီကို သူတို့ဘက်တွင် ရှိနေသည်ဟု အမြဲယူဆထားသော်လည်း ထိုသည်ကအမှန်ပင်ဟုတ်သည်လား? နျဲ့ရှီက... သူကရော..ဘာလို့ သူတို့ကြားထဲမှာ ပေါ်လာရတာလဲ..

"အင်း..ကျွန်တော်တို့ကဘာတွေလဲ?" ချောင်ယန်က ထပ်ခါတလဲလဲရေရွတ်လာခဲ့သည်... သူက ခေါင်းငုံ့ထားပြီး သူ့မျက်နှာပေါ်မှ အသားများ က တဖြေးဖြေးကွာကွာကျလာခဲ့သည်။

 "ဟင်း...ကျွန်တော်တို့က ဘာတွေပါလိမ့်...ခဏလေး စဉ်းစားကြည့်ရအောင်" သူက "ငါတို့" ဟုသုံးသွားခဲ့သည်။

ချောင်ယန်က ရှေ့ကိုနောက်တစ်လှမ်းတိုးလာပြီး ဖန်ချန်းသည် အသက်ရှူရန် ခက်ခဲလာခဲ့သည်...သူက ခြေလှမ်းတစ်လှမ်းချင်း ရှေ့ဆက်တိုးလာခဲ့သည်။

ချောင်ယန်ကလည်း နျဲ့ရှီကဲ့သို့ ပုပ်ပွနေခဲ့ပေမယ့် အနည်းဆုံးတော့နျဲ့ရှီသည် သူ့ကို ဒုက္ခမပေးပေ....သို့သော် ဒါက ချောင်ယန်သည်လည်း တူညီလိမ့်မည်လို့မဆိုလိုပေ....နားမလည်နိုင်သည့် နျဲ့ရှီအပေါ်ထားသည့် ဖန်ချန်း၏ ယုံကြည်မှုသည် ဤအခိုက်အတန့်တွင် ထင်ထင်ရှားရှား ပေါ်လွင်လာခဲ့သည်။

ချောင်ယန်က ပြုံးနေပြီး "အိုး...ဖန်ချန်ကော အခုတုန်နေတာလား..? ကျွန်တော့်ကို မကြောက်ဘူးဆိုတာသေချာရဲ့လား ဟင်?"

နျဲ့ရှီလိုပဲ သူ့ရှေ့ကလူငယ်လေးသည် လူသားမဟုတ်ပေ...

ဤအချက်ကို သူအသိအမှတ်ပြုလိုက်သည်နှင့် လူသားပုံစံက ရပ်တန့်သွားပြီး ဆိုးဆိုးရွားပုပ်ပွလာတော့သည်။ သူတို့ကို ပိုကြောက်လေလေ သူတို့၏ ပျက်စီးမှုနှုန်းက ပိုမြန်လေပင်...

ဒါက..ဘယ်လိုဖြစ်တာလဲ?

"ဟုတ်ရဲ့လား.." ချောင်ယန်က တဖြေးဖြေး သူ့အနား နီးကပ်လာသည်နှင့်အမျှ ဖန်ချန်း၏ အကူညီမဲ့မှုကကြီးထွားလာပြီး သူ့ခါးက ဓားမြှောင်ကို လက်ဖြင့်လှမ်းကိုင်လိုက်သည်။ လူငယ်လေးသည် အသက်ရှင်နေသောလူတစ်ဦးကို အခုမှပထမဆုံးအကြိမ်မြင်ရသကဲ့သို့ စူးစူးစိုက်စိုက် စူးစူးရဲရဲစိုက်ကြည့်လာကာ သူ့မျက်လုံးများက တဖျပ်ဖျပ်နေခဲ့သည်။သူက သူ့ကိုယ်သူထိပ်လန့်နေပုံတောင်မပေါ်ပဲပြောလာခဲ့သည်..

"ဘာမြင်ရလို့လဲ?...အဲ့တာက ကျွန်တော်သေတုန်းက ပုံစံနဲ့တူရဲ့လား" 

"သူသေတုန်းက?" လို့ဆိုလိုက်တာက... သူကအသက်မရှိတော့ဘူးပေါ့...?

တုန်တုန်ယင်ယင်ဖြင့် ဖန်ချန်းသည် ဓားကိုအလျင်အမြန်ဆွဲထုတ်လိုက်ပြီး လူငယ်လေး၏ ခန္ဓာကိုယ်ထဲ ဓားမြှောင်ကို ထိုးသွင်းပစ်လိုက်သည်။ ချွန်ထက်သော ဓားသည် သူ့အသားကို ဖောက်ဝင်သွားကာ အရေပြားပေါ်သို့ သွေးပူများ ထွက်ကျလာသည်။

ရုတ်တရတ် တိုက်ခိုက်မှုကြောင့် အံ့သြသွားပြီး လူငယ်လေး၏အမူအရာက ပြောင်းသွားကာ မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားသည်။

ဖန်ချန်းသည် သူ့လက်ပေါ်ကိုကျလာခဲ့သည့် အနီနက်ရောင်သွေးများကို မြင်လိုက်ရသောအခါတွင် သူ့စိတ်ထဲတွင် မြူခိုးများကအုပ်ဆိုင်းလာပြီး တွေးတောသွားမိသည်- လူသေတွေက သွေးထွက်နိုင်လို့လား?... သူတို့က ဘာလို့နာကျင်မှုကိုခံစားနိုင်နေတာလဲ?

ဒီလူသေက တခြားလူသေတွေလိုလည်း အရမ်းမကြမ်းကြုတ်နေသလိုပဲ...

ချောင်ယန်က နာကျင်စွာ ညည်းညူနေရင်း သူ့ဗိုက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ မြေပြင်ပေါ်တွင် တွန့်လိမ်နေခဲ့သည်။ ထို့နောက် ရုတ်တရတ် ရပ်သွားပြီးမပီမသအသံဖြင့်ဆိုလာခဲ့သည်.. "အားးးးအရမ်းနာတာပဲဗျာ..."

ဘာလဲ?

လူငယ်က နာကျင်နေသည့်ပုံရှိမနေပဲ ခေါင်းမော့ကာ ဖန်ချန်းကို စိုက်ကြည့်လာခဲ့သည်..

"ဖန်..ချန်း~ကော ကျွန်တော် အရမ်းနာတာပဲ"

ဖန်ချန်းသည် သူအခုချက်ချင်းသေးသေးလေးဖြစ်ပြီးပျောက်ကွယ်သွားပါစေ ဟုသာဆုတောင်းလိုက်မိတော့သည်။

စောနကအထိ ချောင်ယန်သည် သူ့လက်မောင်းထဲသူ ခေါင်းကိုအပ်ထားပြီး ကြောက်ရွံ့နေသည့် အမူအရာဖြင့်ရှိနေခဲ့သည်.. ဒါပေမယ့် အခုတော့... သူက ရယ်နေခဲ့သည်။ နူးညံ့သော ရယ်မောသံများက သူ့နှုတ်ခမ်းများမှ ထွက်ကျလာခဲ့သည်။ သူက လုံလောက်စွာ ရယ်မောပြီးနောက် ဖန်ချန်းကို ကြည့်ရန် ခေါင်းကို ထပ်မော့လိုက်သည်။

စောနက သူ့မျက်နှာကို လက်နှစ်ဖက်ထဲ မြှုပ်လိုက်တာက သူ့ရယ်ချင်နေတာကို ဖုံးကွယ်ခဲ့လိုက်တာများလား?

ခြုံပြောရရင် သူ့ရယ်မောသံသည် လူတွေကိုစိတ်မသက်မသာဖြစ်စေသည့်ခြောက်ခြားစရာရယ်သံဖြစ်သည်...

"မင်း ဘာဖြစ်ချင်နေတာလဲ?" ဓားမြှောင်ကို နှိမ့်ချလိုက်ရင်း ဖန်ချန်း၏ စိတ်ထဲတွင် ဗလာကျင်းသွားခဲ့သည်။ ချောင်ယန်၏ဗိုက်ပေါ်ရှိ ဒဏ်ရာသည် တဖြည်းဖြည်း ပြန်စေ့သွားသည်ကို သတိပြုမိသောကြောင့် ကြက်သွေးရောင်သွေးများကိုပင်အာရုံ မစိုက်နိုင်တော့ပေ...

"ကျွန်တော်က?ဘာဖြစ်ချင်နေတာလဲ?" လူငယ်၏ မျက်လုံးထဲ၌ လျှပ်တစ်ပြက်လျှပ်စီးလက်နေသလို စိတ်လှုပ်ရှားမှုတွေ ချက်ချင်းတောက်ပလာခဲ့သည်။ သူက လေးဘက်ထောင် တွားသွားလာကာ ဖန်ချန်း၏ အနားကို တစ်ချက်ချင်း ကပ်လာခဲ့သည်။ ဖန်ချန်း၏ နှာဖျားနှင့် ချောင်ယန်၏မျက်နှာကြားတွင် နေရာလွတ်အနည်းငယ်ပဲရှိတော့ပြီး လူငယ်လေး၏ မျက်နှာပေါ်ရှိ ပုပ်နေသောအသားများသည် မကြာမီပင် သူ့နှင့် ရောလာတော့မလို ခံစားလိုက်ရသည်။

ချောင်ယန်က ဝမ်းသာအားရ ရယ်မောလာခဲ့သည်။
"မင်းတို့အားလုံးကို သေမင်းတမန်ဆီကို ငါခေါ်သွားပေးမယ်!!"

သူ့နှုတ်ခမ်းမှ ထိုစကားထွက်လာသည့်အချိန်၌ပင် ရုတ်တရက်နောက်ကနေဆောင့်ဆွဲခံလိုက်ရသည်။ ဖန်ချန်း၏မြင်လွှာတွင် နောက်ထပ်လူတစ်ယောက်ပေါ်ထွက်လာခဲ့ပြီး ချောင်ယန်ကို ကော်လာဖြင့်ဆွဲချသွားကာ ပြင်းထန်သောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

အဲ့တာကနျဲ့ရှီပင်...

မြေပြင်ပေါ်ရှိလူက ကုန်းရုန်းထရန်ကြိုးစားလိုက်သော်လည်း နျဲ့ရှီက သူ့ခေါင်းပေါ်ကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် တက်နင်းထားပြီး ဖန်ချန်းသည် တစ်ခုခုအက်ကွဲလာသည့် အသံကိုပင် ကြားလိုက်ရသည်။

သို့သော် ချောင်ယန်ကမူ အမူအရာကင်းမဲ့သော မျက်နှာဖြင့် ရယ်မောနေဆဲပင်...

နျဲ့ရှီသည် ပို၍ပင် ဖိနင်းချလိုက်သည်။ ထိုမှသာ ချောင်ယန်က နောက်ဆုံးတွင် နာကျင်စွာ အော်ဟစ်လာခဲ့သည်။

နျဲ့ရှီက မျက်မှောင်ကြုတ်လိုက်ပြီး ချောင်ယန်ကို အေးစက်စွာစိုက်ကြည့်ကာပြောလိုက်သည် "မင်း စကားကို ကြည့်ပြော"

ချောင်ယန်က တခစ်ခစ်ရယ်လိုက်ရင်း "ဟီးဟီး မင်း သူ ဝေဒနာခံစားရမှာကို မြင်ရတာ မခံစားနိုင်ဘူးမလား... ဒါပေမယ့် သူသာ ဝေဒနာမခံစားရရင် ငရဲကိုဘယ်တော့မှမှတ်မိမှာမဟုတ်ဘူး...မင်း သူ့ကို ထာဝရ ကာကွယ်နိုင်မှာ မဟုတ်ဘူး!"

နျဲ့ရှီက ချောင်ယန်၏လက်မောင်းကို ပြင်းထန်စွာဖြဲဆုတ်ကိုင်လိုက်ပြီး ဖန်ချန်း၏ မျက်လုံးရှေ့တွင် သွေးများ ပြန့်ကျဲသွားတာမြင်လိုက်ရသည်။

ချောင်ယန်က နာကျင်စွာ အော်ဟစ်လာပြီး ဖန်ချန်းသည် ကြည့်နေရင်းပင် သူပါလက်မောင်းအတွင်းထဲကို ဆုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သွေးများ လျင်မြန်စွာ စိမ့်ထွက်နေသော်လည်း ချောင်ယန်ကထပ်မံမအော်တော့ပေ... စက္ကန့်အနည်းငယ်မျှသာ ခံစားခဲ့သည်။

ဖန်ချန်း၏ စိတ်တည်ငြိမ်မှုသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

"ဒီနေရာက တကယ်ပဲ အတိအကျဘာလဲ" သူကလှည့်ပတ်ကြည့်လိုက်ရင်း မျှော်လင့်ချက်မဲ့စွာ မေးလိုက်သည်။

ချောင်ယန်ကသွေးများ စိုရွှဲနေသည့် ခေါင်းကို လှည့်လာခဲ့ပြီး သူ့ပုံစံသည် အလွန်အမင်း ဆိုးရွားနေခဲ့သည်။ ဖန်ချန်းက ဒီမေးခွန်းကိုမေးလာရန် စောင့်ဆိုင်းနေသကဲ့သို့ သူ့မျက်လုံးများတွင် အပြုံးအရိပ်အယောင်များ လင်းလက်လာတော့သည်။

"ဒါက လူ့ဘုံပဲ!" သူက ခေါင်းညိတ်ပြလိုက်ပြီးပျော့ပျောင်းသော အသံဖြင့်ဆက်ပြောလိုက်သည်.. "ကြိုဆိုတယ်နော်" 

ညသည် လုံးဝမည်းမှောင်နေသည်...

ဖန်ချန်းသည် နျဲ့ရှီ ချောင်ယန်ကို မည်သို့ပြုလုပ်ခဲ့သည်ကို မမှတ်မိတော့ပေ..ကြည့်ရတာတော့သူက ဒေါသကိုနှိမ့်ချပြီး ချောင်ယန်ပြတင်းပေါက်ကနေ လွှင့်ပစ်ခဲ့လိုက်ပုံရသည်။

သူပြုတ်ကျသွားပြီးသေသွားမှာလား?

သူမသေလောက်ပါဘူးနော်?ဟုတ်တယ်မလား?

နျဲ့ရှီက ဖန်ချန်းနားကို ချဉ်းကပ်ချင်ပေမယ့် ဖန်ချန်းက သူ့ကို ကြောက်နေပြီး အတိအကျပင် ကြောက်စိတ်က သူ့မျက်လုံးထဲရှိ နျဲ့ရှီ၏အသွင်အပြင်ကို ပြောင်းလဲစေခဲ့သည်။

ဖန်ချန်းသည် ပြောချင်တာတွေ အများကြီးရှိ‌နေပုံပေါက်ပေမယ့် မှန်ကန်တဲ့စကားလုံးတွေကို ရှာတွေ့ဖို့ ရုန်းကန်နေခဲ့ပြီး ယဉ်ကျေးပုံမပေါက်သည့်စကားလုံးများကိုပြောလိုက်သည် "မင်းက သေပြီးသား.." 

မင်းက ဘာလို့သေခဲ့တာလဲ?

ဖန်ချန်း၏ နှလုံးသားသည် ကွဲကြေသွားသလို အဆက်မပြတ်ကွဲထွက်နေခဲ့သည်။ ဓားမြှောင်ပေါ်ရှိ သွေးများသည် စိတ်နတ်ဆိုးများကဲ့သို့ပင် ပျောက်ကွယ်သွားကာ ဘာမှမကျန်ခဲ့ပေ။

ဖန်ချန်းသည် တံခါးလက်ကိုင်ကို ကိုင်ထားရင်း မှီထားကာ နောက်ကိုထပ်ဆုတ်လိုက်သည်။ သူ့လည်ချောင်းတွေ တဆတ်ဆတ်တုန်နေပြီး အဆစ်အမြစ်များ နာကျင်ကိုက်ခဲနေသည့် ဝေဒနာကြောင့် မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာတော့သည်။

နျဲ့ရှီက သူ့ကို တစ်ကြိမ်မျှ ဝင်စွတ်ဖက်မလာဘဲ နောက်ကို ခြေတစ်လှမ်းဆုတ်ပေးလိုက်သည်။ ဖန်ချန်းကို အချိန်ကြာမြင့်စွာ စေ့စေ့ကြည့်ရှုနေပေးခဲ့ပြီး စင်္ကြံမှ မီးရောင်များ လင်းလာကာ ပတ်ဝန်းကျင်က ကောင်းစွာလင်းလက်တောက်ပလာသည့်အချိန်တွင် သူလှည့်ထွက်သွားခဲ့သည်။

ဖန်ချန်းသည် ထိုနေရာတွင်သာ မိုးလင်းသည်အထိ ထိုင်နေခဲ့သည်။ တစ်ညလုံး အပေါ်ထပ်နှင့် အောက်ထပ်မှ ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း စိတ်နတ်ဆိုးတွေက သူ့အနား တစ်ချက်မျှ မပေါ်လာခဲ့‌ပေ။ မမြင်ရသောလက်တစ်စုံက ကြိုးကိုင်နေသကဲ့သို့ နေ့အလင်းရောင်က အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့ပြီး သူတို့၏မျက်နှာပေါ်တွင် ထူးထူးခြားခြား ကျရောက်လာခဲ့သည်။

ကောင်းကင်၌ တိမ်တိုက်များက တရွေ့ရွေ့ လွင့်နေပြန်သည်။

ရှဲ့ယင်းသည် စင်္ကြံတွင် ပေါ်လာခဲ့ပြီး အပြင်ဘက်တွင် ထိုင်နေသော ဖန်ချန်းကို စိုက်ကြည့်လာခဲ့သည်။ သူမသည် ချက်ချင်းမချဉ်းကပ်ဘဲ အသက်ပြင်းပြင်းရှူကာ ဖန်ချန်းရှေ့သို့ ပြေးလာပြီး ထိုင်ချလိုက်သည်။ သူ့လက်ထဲကို တစ်စုံတစ်ခုကို တွန်းထည့်လိုက်ရင်း သူမလက်တွေက တုန်နေခဲ့သည်။

"ဖန်ချန်း ငါ့စကား နားထောင်!"

ဖန်ချန်း၏ မျက်လုံးများကမှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။

"ဖန်ယင်းယင်း...သူမ...သူမက သူမအခန်းဖော်ကို ကိုယ်ဝန်ဖျက်ဆေးတွေတိုက်ခဲ့တယ်" ရှဲ့ယင်း၏ မျက်လုံးများထဲတွင် ပျက်ယွင်းနေသော အမူအရာတစ်ခုရှိနေသည်...

"သူမက အမှားလုပ်ခဲ့တယ်!! သူမက တစ်ယောက်ယောက်ကို သတ်ခဲ့တာ... အဲ့ဒါကြောင့် သူမ အခုလိုသေသွားရတာပဲ..."

"မင်းတို့အားလုံးကို သေမင်းတမန်ဆီကို ငါခေါ်သွားပေးမယ်!!"

ချောင်ယန်၏ စကားများသည် ဖန်ချန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ရှဲ့ယင်း: "ငါတို့အားလုံး အပြစ်တွေကို ကျူးလွန်ခဲ့ကြတယ် ငါတို့လုပ်ခဲ့မိတဲ့အမှားတွေကြောင့် ငါတို့အားလုံး သေခြင်းတရားကို ရင်ဆိုင်ကြရမှာပဲ... "

သူမက အသက်ပြင်းပြင်းရှိုက်နေပြီး သူမ၏ နီမြန်းတဲ့ လက်သည်းနီတွေက ဖန်ချန်း၏ ပခုံးကို ထိုးဖောက်လုနီးနီးဖြစ်လာခဲ့သည်။

"မြန်မြန်ထွက်ပြေးတော့... မြန်မြန် ပြေး...မြန်မြန် လွတ်မြောက်အောင်လုပ်‌... ရှင်ပြေးနိုင်သမျှ တတ်နိုင်သလောက် ဝေးအောင်ပြေး!"

ဖန်ချန်းက စကားပြောတော့မည့်အချိန်မှာပဲ တစ်ဖက်‌နေရာရှိတံခါးကရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး ကောင်းချန်၏အော်ဟစ်သံကြားလိုက်ရသည် .. "သေစမ်း ညီလေးရေ မြန်မြန် ထတော့ အခန်းထဲမှာ ဘယ်သူမှမရှိဘူး... သောက်ကျိုးနည်းသေမလိုကြောက်သွားတာပဲ! “

ရှဲ့ယင်းက သူ့ကိုခံစားချက်ပေါင်းများစွာကို ထင်ဟပ်နေသော မျက်လုံးများဖြင့်ကြည့်လာခဲ့သည်။ ထို့နောက် ကောင်းချန် ရောက်လာသည်အထိကို မစောင့်တော့ဘဲ ဖန်ချန်း၏လက်ကို လွှတ်ပေးလိုက်ပြီး မတ်တပ်ထရပ်ကာ အောက်ထပ်သို့ ပြေးသွားခဲ့သည်။

"ရှဲ့ယင်း? ရှဲ့ယင်း!" ဖန်ချန်းက မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်ပေမယ့် သူ့ခြေထောက်တွေ ထုံကျင်နေပြီး အောက်ကို ပြန်လဲကျသွားသည်။ ရှဲ့ယင်းက သူ့လက်ထဲကို ထည့်ခဲ့သည်မှာ ကားသော့ဖြစ်ကြောင်းသိလိုက်ရပြီး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားမိတော့သည်။

ရှဲ့ယင်းပြောခဲ့သလိုပင်...ဒီမှာရှိသည့်လူတိုင်းက အပြစ်တွေကြောင့် ချုပ်နှောင်ခံခဲ့ရတာဖြစ်ပေမယ့် သူ့အပြစ်က ဘာကြီးလဲ?

သူ မမှတ်မိနိုင်ပေ.....