Chapter - 16
(လာဘ်ကောင်လေး 'ကျောင်း' )
နောက်ဆုံးတွင် ကျောင်းမြန်သည်သူ့ကိုယ်သူသာ အားကိုးရန်ဆုံးဖြတ်လိုက်ပြီး လက်ထဲက ထမင်းထုပ်ကို မြှောက်ပြလိုက်ပြီး
"ကျွန်တော် ဗိုလ်ချုပ်ကြီးအတွက်စားစရာလာဝယ်တာ ပြီးရင်သူ့ဆီ ပို့ပေးရဦးမှာ သူအခုထိဘာမှမစားရသေးလို့" ဟု ပြောလိုက်သည်။
"အိုး.....! ဗိုလ်ချုပ်ကြီးအတွက်ဆို ဘာမှစိတ်မပူပါနဲ့၊ သူက သိပ်မစားတတ်ဘူး"
"မှန်တယ်၊ မင်ရန်ပြောတာကြားဖူးတယ်....သူ က ပုံမှန်ဆိုလည်း အဆာပြေစာလောက်ပဲစားတာတဲ့ အဲ့ဒါက အခုဆိုရင် အကျင့်တောင်ဖြစ်နေပြီတဲ့"
"ဟုတ်တယ်၊ ငါတို့က သူ့ကိုတစ်ခုခုစားဖို့ သွားပြောရင် နှင်ထုတ်ခံရလိမ့်မယ်.....ငါကြောက်တယ်”
ဒီလူတွေက အဲ့ဒီ့အချက်ကို လက်ခံထားကြသည်။
ကျောင်းမြန်၏ နှလုံးသားများကွဲကြေသွားတော့သည်။
စီဆဲလ်သည် တော်ရုံ အရသာမရှိသည့်အရာကို စားတာ ရှားပါသည်။
ကျောင်းမြန်သည် စီဆဲလ်စားသည့် အစားအသောက်တိုင်းသည် ကျန်မာရေးနှင့်ညီညွတ်ကာ သပ်ရပ်သန့်ရှင်းသည်ဟူသော လွဲမှားသည့် အထင်အမြင်များ ရှိနေခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူ ဒီကိုရောက်လာကတည်းကစီဆဲလ်ကသူ့အား ဆိုင်အမျိုးမျိုးသို့ခေါ်သွားကာ အများကြီးစားခဲ့ကြသောကြောင့်ဖြစ်သည်။
ဒါဆို...အရင်တုန်းက ဒီလိုပုံစံ မဟုတ်ဘူးလား?
အခုလိုလုပ်တာ သူ့အတွက်လား?
ကျောင်းမြန် အံ့သြသွားသည်။
စီဆဲလ်တွင် ဒီလိုမျိုး နူးညံ့တဲ့ပုံစံရှိလိမ့်မယ်လို့ သူမမျှော်လင့်ထားပေ.....
"ဆရာ......ဆရာ..."
အခြားသူများ၏ခေါ်သံကြောင့် ကျောင်းမြန်သည် အာရုံပျံ့လွင့်နေရာမှ ချက်ချင်း အသိပြန်ဝင်လာခဲ့သည်။ စားဖိုမှူးက ပန်းကန်ပြားကြီးတစ်ချပ်ကို ယူလာပြီး ကျောင်းမြန်ရှေ့တွင် ချ ထားလိုက်ပြီး
"ဒါက Mr. အတွက် စားဖိုဆောင်က အထူးသီးသန့်ချက်ထားတဲ့ ဟင်းပွဲပဲ၊ Mr. .....မြန်မြန်လေးစားကြည့်လိုက်ပါ!"
ကျောင်းမြန်က စိုက်ကြည့်နေလိုက်ကာ...
သူ့ရှေ့က ပန်းကန်ပြားထဲတွင် တစ်မျိုးစီကို ပန်းကန်အသေးလေးထဲတွင်ထည့်ထားသော သူတစ်ခါမှ မမြင်ဖူးသော အရသာမျိုးစုံနှင့် ပြည့်နှက်နေသည်။
ကြည့်ရတာ အရသာရှိမယ့်ပုံပဲ.....
ကျောင်းမြန်က ဘေးကိုလှည့်ကြည့်လိုက်ပြီး
"ကျွန်တော့်ဟာ.....?" ဟုမေးလိုက်သည်။
"ဒါက Mr. အတွက် သီးသန့်လုပ်ထားတာ!
ဒါကို 'ဗိုလ်ချုပ်ကြီးရဲ့ချိုမြိန်တဲ့ အချစ်တွေနဲ့ပြည့်နေသော ဟင်းပွဲ' လို့ခေါ်ပါတယ်"
"......." ဒါက အရသာရှိလွန်းတယ်!!
ကျောင်းမြန်က အရမ်းပျော်နေသောကြောင့် သူ့နှုတ်ခမ်းများက ပြုံးနေကာ ဘယ်ကစစားရမှန်း မသိဖြစ်နေသည်။
"ဒါနဲ့ ဆရာက ရေခဲမြစ်မြို့တော်ကလာတာလား?"
"ဟုတ်တယ်"
ကျောင်းမြန်က တွန့်ကွေးနေသော မျက်ခုံးလေးများဖြင့် ပြောသည်
"ကျွန်တော်တို့ဆီမှာ ဒီထဲမှာပါတဲ့ပစ္စည်းတွေ တစ်ခုမှမရှိဘူး"
ရေခဲမြစ်စနစ်သည် တစ်နှစ်ပတ်လုံး အေးခဲနေသောကြောင့် စိုက်ပျိုးနိုင်သော အစားအစာများမှာ အကန့်အသတ်ရှိသည်။
"ဒါဆို မြန်မြန်စား!"
"ဆရာ....မြန်မြန်လေးစားပါလား.....ကျွန်တော်တို့ဓါတ်ပုံတွဲရိုက်ချင်လို့.."
..........
"ဟမ်..."
"တင်း....တောင်"
စီဆဲလ်သည် သူစစ်ဆေးနေသောစာရွက်စာတမ်း၏ ညာဘက်အောက်ခြေတွင် လက်မှတ်ထိုးနေစဥ် မင်းသားထံမှ စာတိုတစ်စောင် ရရှိခဲ့သည်။
မင်းသားအယ်လန်: ဘာဖြစ်တာလဲ? မင်းရဲ့ရည်းစားလေးက ထွက်ပြေးသွားပြီလား?
စီဆဲလ် အံ့အားသင့်သွား၏။
အင်ပါယာ၏ အချောဆုံးဗိုလ်ချုပ်ကြီး : ???
အင်ပါယာ၏ အချောဆုံးဗိုလ်ချုပ်ကြီး : "စကားကိုဆင်ခြင်ပြောပါ..."
မင်းသားအယ်လန် လည်းရှင်းပြရမှာ ပျင်းနေသောကြောင့် ဓါတ်ပုံတစ်ချို့နှင့် လင့်ခ်တစ်ချို့အား စီဆဲလ် ဆီသို့ပို့ပေးလိုက်တော့တယ်။
စီဆဲလ်ဟာ အချိန်အကန့်အသတ်များကြောင့် အင်တာနက်ကို သိပ်မသုံးဖြစ်ခဲ့ပေ။ တခါတရံမှာ သူအားသည့်အချိန်မှသာ ဖက်ဒရယ်ပြည်ထောင်စုရှိ ပြည်သူများ၏ချီးကျူးဂုဏ်ပြုမှုများကို အင်တာနက်မှတဆင့် ရှာနိုင်လေသည်။ သို့သော် သူသည် ထိုသို ရှာဖွေမှုအဝင်နှင့်အထွက်ကို နားလည်ရန်ပင် အချိန်အနည်းငယ် ယူခဲ့ရသည်။
ဒီနေ့၏ hot search များ:
#ဗိုလ်ချုပ်ကြီးက သူ့ချစ်သူလေးကို စစ်ရုံးကိုခေါ်လာခဲ့တယ်....
#မင်းအနံ့က သူ့ကိုယ်ပေါ်မှာရနေတယ်...#ကုတ်အင်္ကျီ #ဗိုလ်ချုပ်ကြီးရဲ့ကုတ်အင်္ကျီ #အချစ်ဝန်ခံချက်နဲ့ ပိုင်ဆိုင်လိုမှု
#စစ်ရုံးက စားသောက်ဆိုင်က လာဘ်ကောင်လေး
ရှာဖွေမှု ဘာတန်း၏ ပထမနှင့် ဒုတိယနေရာများတွင် ကျောင်းမြန်၏ ဓာတ်ပုံများဖြင့် ပြည့်နေလေသည်။
ကျောင်းမြန် ဝတ်ထားသည့်ကုတ်အင်္ကျီကလည်း ဓါတ်ပုံထဲတွင်ပါနေသောကြောင့် မြင်ကွင်းချဲ့ကြည့်လိုက်လျှင် ထိုအင်္ကျီသည်စီဆဲလ်၏အင်္ကျီဖြစ်ကြောင်းကို လူတိုင်းတွေ့မြင်နိုင်သည်။
ဓာတ်ပုံထဲတွင် ကျောင်းမြန်သည် လူအများ၏ဝန်းရံခြင်းကိုခံနေရပေမယ့် သူက ဘေးတွင် ညင်သာစွာထိုင်နေပြီး စားဖိုမှူးက သူ့အတွက်ပြင်ဆင်ပေးထားသည့် ပန်းကန်ပြားအကြီးကြီးထဲမှ အရာများကို ငြိမ်ငြိမ်လေး စားနေဆဲဖြစ်သည်။
အသုံးပြုမှုများက လျင်မြန်စွာ တိုးလာသောကြောင့် တတိယမြောက် ရှာဖွေမှု တက်ဂ်သည်ရှေ့သို့ တက်လာလေသည်။
XXX: ဒီနေ့ စီဆဲလ်ရဲ့ အချစ်လေးက စားသောက်ဆိုင်မှာ ညစာစားရင်း ပျော်ရွှင်နေတယ်!!!ပြုံးနေတယ်!!!!
ပူးတွဲပါသည့်ပုံမှာ ဘေးတွင်ထိုင်နေသည့် ကျောင်းမြန် ၏ဓာတ်ပုံဖြစ်ပြီး သူ၏မျက်နှာတစ်ဝက်ကို ကင်မရာထဲသို့ အတင်းညှစ်ထည့်ခံထားရသည်။
Chen XX- ငါ ဒီနေ့ သူနဲ့တွေ့ခဲ့တယ်၊ ဓာတ်ပုံထဲကထက် အပြင်မှာပိုလှတယ်၊ သူ့ကြောင့် ရေခဲမြစ်အင်ပါယာကို မမုန်းတော့ဘူး။
နောက်တစ်ပုံကိုလည်း တွဲတင်ထားသည်။
အပူရှိန်က တဖြေးဖြေးတက်လာသည်။
စီဆဲလ်သည် ရယ်ရမလား ငိုရမလား မသိတော့သဖြင့် တစ်စုံတစ်ယောက်အား ကယ်တင်ရန်အတွက် အောက်ထပ်သို့ဆင်းရန် ဆုံးဖြတ်ခဲ့သည်။
မြေညီထပ်ရှိ စားသောက်ဆိုင်တွင်ဆူညံနေလေသည်။
လူအများ၏အလယ်တွင်ထိုင်နေသော ကျောင်းမြန်သည် ပန်းကန်ပြားထဲရှိအစားအစာများကို တဖြေးဖြေးနှင် ကုန်စင်အောင်စားနေလေသည်။
လူအားလုံးသည် ကျောင်းမြန်၏ နူးညံ့ညင်သာသည့်ပုံစံဖြင့် သူ၏စားနိုင်သည့်စွမ်းရည်ကိုမြင်သော် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ဒါ ကောင်းတယ်!! အရမ်းကောင်းတယ်!!
ကောင်းကောင်းစားနိုင်တာ ကောင်းတယ်မလား!!! ကောင်းကောင်းစားနိုင်တယ်ဆိုရင် မျိုးဆက်ပြန့်ပွားနိုင်စွမ်းလည်း မြင့်မှာပဲမလား??
"ကျောင်းမြန်"
ခပ်နိမ့်နိမ့် ယောက်ျားအသံကို ကြားလိုက်သောအခါ ကျောင်းမြန်သည် လွတ်ငြိမ်းချမ်းသာခွင့်ကို ရလိုက်သကဲ့သို့ ပျော်သွားပြီး ခေါင်းကို လှည့်ကာကြည့်လိုက်စဥ် သူမျှော်လင့်ထားသည့်အတိုင်း စီဆဲလ်သည် သူ့နောက်တွင် ရပ်နေပြီး သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။
စီဆဲလ်က ပြုံးလိုက်ပြီး "မင်း မားစ်ကို စားစရာဝယ်ဖို့သွားတာမဟုတ်ဘူးလား?"
.......!!!
ကျောင်းမြန်သည် စီဆဲလ်အတွက် စားစရာထုပ်ကို ယူလိုက်ပြီး "ဗိုလ်ချုပ်ကြီး...."
စီဆဲလ်သည် ရှေ့သို့ လှမ်းလာပြီး လက်တစ်ဖက်ဖြင့် ထမင်းထုပ်ကို ယူလိုက်ပြီး ကျန်လက်တစ်ဖက်ကို ကျောင်းမြန်၏ ပခုံးပေါ်သို့ တင်ကာ
"တက်ကြရအောင်" ဟု ပြောလိုက်သည်။
စီဆဲလ်ရောက်လာချိန်တွင် သူ့အား မည်သူမျှမတားရဲပေ။
သူတို့သည် မျက်လုံးနှစ်လုံးကို ကျယ်လောင်စွာပြူးထားပြီး *ဘယ်ဘက်မျက်လုံးဖြင့် ရှစ်ကိုရေးနေပြီး ညာဘက်မျက်လုံးဖြင့် ဆဌဂံကိုရေးနေသည်။
(T/N - တစ်ဖက်က ကျောင်းမြန်ကိုကြည့်ကာ တစ်ဖက်က စီဆဲလ်ကို ကြည့်နေသည်။)
"အားလုံး စိတ်မပူကြပါနဲ့ ကျောင်းမြန်က သိပ်မကြာခင် မင်းတို့နဲ့ပြန်လာတွေ့ပါလိမ့်မယ်"
စီဆဲလ်က ကျောင်းမြန်၏ ပုခုံးကို ပွတ်သပ်ကာ ပြုံးပြလိုက်ပြီး
"မနက်ဖြန် နှစ်ကုန်အစည်းဝေးမှာ ကျောင်းမြန်က ငါနဲ့အတူ တက်မှာ.....လက်ထပ်မှတ်ပုံတင်နဲ့အတူ လူတိုင်းရဲ့ရှေ့မှာ တရားဝင်လက်မှတ်ထိုးကြမှာ...."
စီဆဲလ်က ပုံမှန်အတိုင်းပြောနေသော်လည်း..ကျောင်းမြန်၏ပါးနှင် နားရွက်တို့က နီရဲလာ၏။
ကျန်သူများ : ????
ဒါ ဘယ်လိုငရဲလဲ????
ဒီသတင်းအချက်အလက်က မကြီးလွန်းဘူးလား.....?
လူတိုင်းက အံ့သြနေကြသည်။
ဒါနဲ့.....ဗိုလ်ချုပ်ကြီးက သူ့ကို ..ကျောင်းမြန် လို့ခေါ်လိုက်တာလား??
ကျောင်းမြန်သည် အင်တာနက်အသုံးပြုသူများထံမှ သူ၏ နီရဲနေသည့်အသွင်အပြင်အား ပုံကြီးချဲ့ကာ မည်ကဲ့သို့ ဖမ်းစားခံလိုက်ရကြောင်းအား အင်တာနက်ဇာတ်လမ်းတစ်ပုဒ်အဖြစ်ဖန်တီးကြမည့် အပါအဝင် ယခုချိန်တွင်ဖြစ်ပျက်နေသောမြင်ကွင်းအကြောင်းကိုပါ မသိတော့ဘဲ စီဆဲလ်က သူ့အား ဓာတ်လှေကားထဲသို့ ခေါ်မသွင်းခင်အထိ သူ့အာရုံတွေ ပြန်မလာတော့ဘူး။
စီဆဲလ် က မျက်ခုံးပင့်လိုက်ပြီး
"အိုင်း..... ဗိုလ်ချုပ်ကျောင်းမြန် က ဒီလိုမျိုး အရေပါး လိမ့်မယ်ဆိုတာ ကိုယ်မသိခဲ့ဘူး.."
ကျောင်းမြန်က ခေါင်းယမ်းလိုက်ကာ
"ဒါ......ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ပဲ"
စီဆဲလ်က ရပ်လိုက်ပြီး
"... ရေခဲမြစ်စနစ်မှာ အရင်က မင်းကို ရေခဲမြစ်ကလူတွေ အရမ်းကြိုက်လိမ့်မယ်လို့ ကိုယ်ထင်တာ"
သူ့လိုမျိုး ကျောင်းမြန်သည် ရေခဲမြစ်ရဲ့ သူရဲကောင်းတစ်ဦးဖြစ်ကြောင်း စီဆဲလ်က ခံစားခဲ့ရသည်။
"ကျွန်တော် ...မသိဘူး"
ကျောင်းမြန်က အောက်သို့ငုံ့ကာ..
"ရေခဲမြစ်စနစ်က....တကယ်အေးတယ်" ကျောင်းမြန်၏စကားက နည်းနည်းလွဲနေပေမယ့် စီဆဲလ်သည် ဒီ "အေးတယ်" ဆိုသည့် အဓိပ္ပါယ်ကို နားလည်ပါသည်။
ကျောင်းမြန်က ပြောလိုက်သည်။ "ပထမအချက်က ရေခဲမြစ်စနစ်က အတော်လေးတင်းကြပ်ပြီး ရေခဲမြစ် စတားကွန်ရက်က အထက်လူကြီးတွေအကြောင်း ကို မဖော်ပြကြဘူး.....ဒုတိယအချက်က၊ ကျွန်တော် ရေခဲမြစ်စနစ်မှာမှာရှိနေတုန်းက လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်မရခဲ့ဘူး......တနှစ်လုံး စစ်စခန်းမှာပဲ နေခဲ့ရတာ...."
သူ့ဘဝတစ်လျှောက်လုံး.....စီဆဲလ်နဲ့တိုက်ခိုက်တယ်.... ဇာစ့်တွေကိုတိုက်တယ်...ပင်လယ်ဓားပြတွေကိုတိုက်တယ်....စစ်ပွဲမရှိသောအချိန်ဆို စစ်တန်းလျားများတွေမှာအိပ်တယ်..... ဒီလိုမျိုးဖြတ်သန်းလာခဲ့သည်။
ဓါတ်လှေကားက အပေါ်သို့ဆက်တက်နေဆဲပင်......
"ကျောင်းမြန်" စီဆဲလ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ တင်းမာစွာပြောလိုက်သည်။
"မင်း... လူတွေကို ကြောက်နေတာလား?"
"ဟင်?" ကျောင်းမြန်က စီဆဲလ်အား လှည့်ကြည့်လိုက်သည်။
ဘာရယ်......
"ကိုယ့်အထင်လေ....ဒီနေ့ မင်း လူအုပ်ကြီးကို ခံနိုင်ရည်ရှိပုံမရလို့..."
"မဟုတ်ပါဘူး" ကျောင်းမြန်က ပြုံးပြီး "ကျွန်တော် အဲဒါကို အသားမကျသေးလို့ပါ" ဟု ပြောလိုက်သည်။
စီဆဲလ်သည် သူ့နောက်တွင် တိတ်တဆိတ်ချထားသော ကျောင်းမြန်၏လက်ကို တစ်ချက်ကြည့်လိုက်ပြီး တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး တောင်းဆိုလိုက်သည်။
"တင်း....တောင်!"
ဓါတ်လှေကားသည် အပေါ်ထပ်သို့ရောက်လာလေပြီ။
စီဆဲလ်က ပြုံးပြီး
"ရေခဲမြစ်စနစ်မှာ အေးစက်နေပေမယ့် ဒီမှာတော့ပူတယ်..... ဒီညကြည့်ကြည့်လိုက် စတားကွန်ရက်မှာ သေချာပေါက် အိုးနဲ့ကို ကြော်လိမ့်မယ်"
ကျောင်းမြန်က ခေါင်းယမ်းလိုက်ပြီး
"ကြော်ဖို့ အိုးဘယ်နှစ်အိုးလောက် လိုမှာလဲ"
သေးငယ်သော ဆူပူမှုကပင် ကြီးမားလွန်းလှသည်။
"ဟမ်......အဲဒါကောင်းတယ်လေ ...ကိုယ်....သူတို့အိုးနဲ့ကြော်တာကို ကြည့်ရတာ ကြိုက်တယ်။"
စီဆဲလ်သည် ကျောင်းမြန်နှင့်အတူ ဆိုဖာပေါ်တွင်ထိုင်ကာ ထမင်းထုပ်ကိုဖွင့်လိုက်ပြီး အသီးအရွက်ချဉ်များကိုကိုက်ကာ
"လူတွေက အတင်းအဖျင်းပြောနေသေးတယ်ဆိုရင် အနည်းဆုံးတော့ အဖွဲ့ချုပ်က အေးချမ်းနေသေးလို့ပဲ မဟုတ်ရင် သူတို့ တစ်ဘဝလုံး ဇာစ့်တွေနဲ့ ပင်လယ်ဓါးပြတွေကြောင့် သူတို့အသက်တွေပြင်းပြင်းထန်ထန် ဆုံးရှုံးခဲ့ရတယ်ဆိုတာ သက်သေပြနေသလိုဖြစ်ပြီး ကြောက်ရွံ့နေကြလိမ့်မယ် "
ကျောင်းမြန်က အံ့ဩသွားပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.."
စိတ်မကောင်းစွာဖြင့်.......
သက်မချလိုက်သည်။
ရေခဲမြစ် မြို့တော်သည် အေးချမ်းသည်ဟု ထင်ရသော်လည်း ၎င်းသည် တော်ဝင်မိသားစု၏ သစ္စာဖောက်များကို မဖယ်ရှားနိုင်သေးသောကြောင့် လွဲမှားနေသော ငြိမ်းချမ်းရေးတစ်ခုသာဖြစ်သည်။။ မည်သို့ပင်ဆိုစေကာမူ စစ်မှန်သော ငြိမ်းချမ်းရေး မဟုတ်ပေ။
ကျောင်းမြန်တွေးနေတာတွေကို စီဆဲလ်က သိနေသောကြောင့် တည်ငြိမ်တဲ့အသံနဲ့
"အမှတ် ၁၂တပ်ဖွဲ့က အထောက်အထားတွေရှာနေတာ.....သူတို့ရခါနီးနေပါပြီ"
ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။
"မနက်ဖြန်ညကျရင် မင်းနဲ့ဈေးဝယ်ထွက်မယ်၊ နေ့ခင်းဘက် စစ်တန်းလျားကိုသွားရမယ်။"
စီဆဲလ်က ဆိုသည်။
"အတူတူသွားကြမလား?စစ်ရုံး နဲ့ စစ်တန်းလျားတွေက တစ်နေရာတည်းမှာရှိတယ်၊......အမ်... မင်း မြင်နေရတဲ့......"
စီဆဲလ်က ပြတင်းပေါက်အပြင်ဘက်မှာ တောင်ပေါ်ကို ညွှန်ပြပြီး
"ကိုယ်တို့စစ်တပ်အဆောက်အဦးရဲ့ နောက်က တောင်က စစ်စခန်းပဲ....."
"အဆင်ပြေပါ့မလား?" ကျောင်းမြန်က မေးလိုက်သည်။
နောက်ပိုင်းတွင်၊ စစ်တပ်စခန်းသည် စစ်ရုံးနှင့် ကွဲပြားသည်။ တစ်ခုမှာ ပြင်းထန်ပြီး သန်မာသော ရှေ့တန်းစစ်သည်များ ရှိပြီး နောက်တစ်ခုတွင် ရာထူးကြီးသော စီမံခန့်ခွဲမှုဌာန ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် အနည်းဆုံး ရေခဲမြစ်စနစ် တွင်၊ ကျောင်းမြန်လက်အောက်ရှိ စစ်စခန်းသည် ပြင်ပလူများနှင့် နိုင်ငံခြားသားများကို မကြိုဆိုဘဲ စစ်ရုံးထက်ပင် ပိုမိုပြင်းထန်သည်။
"သင့်တော်သည်ဖြစ်စေ မသင့်တော်သည်ဖြစ်စေ ကိုယ် မင်းကိုခေါ်သွားအချိန်ကျရင် မင်းကို ကိုယ်ကာကွယ်ပေးမယ်..."
စီဆဲလ်က သူ့လက်တွေကို ဖြန့်လိုက်သည်။
"ဒါက မင်းရဲ့ဆန္ဒပေါ်မှာပဲ မူတည်တယ်။ စကားမစပ်. မင်းသား အယ်လန်ဆီက မင်ရန်ကို ပစ္စည်းတစ်ခုယူလာခိုင်းထားတယ်..."
စီဆဲလ်က ကျောင်းမြန်ကို သတ္တောတစ်လုံးကိုပေးလိုက်ကာ အထဲမှာ ဘာရှိလဲဆိုတာ စစ်ဆေးပေးဖို့ အကူအညီတောင်းလိုက်သည်။
ကျောင်းမြန်က ဖွင့်ကြည့်ပြီးနောက် တိတ်ဆိတ်သွားသည်။
...........
"စီဆဲလ်...."
"ဟင်?" စီဆဲလ်သည် ခေါ်သံအား လျစ်လျူရှုကာ ခေါက်ဆွဲဆက်စားနေဆဲဖြစ်သည်။
"ဗုန်း!" ထို့နောက် သူသည် သတ္တောနှင့် ခေါင်းကိုရိုက်ခံလိုက်ရသည်။
_________________________________________